Total Pageviews

Showing posts with label အတွေ့ အကြုံ. Show all posts
Showing posts with label အတွေ့ အကြုံ. Show all posts

Friday, February 8, 2013

ဘူရိဒတ်လင်္ကာလာ လိပ်ရေချအမတ်နှင့် မျက်မှောက်ခေတ်သူ၏အနွယ်တော်များ-၁



ဘူရိဒတ်ဇာတ်အစကို အကျဉ်းသံခိပ်မျှကို အချိတ်အဆက်မိအောင် ပြောလိုပါသည်။ ဗြဟ္မဒတ်မင်းသည် သားတော်အကြီးအား အိမ်ရှေ့ အရာကိုပေးထားသော်လည်း သားတော်၏အခြံအရံများတိုးပွားလာမှုကြောင့်
သူ၏ထီးနန်းကိုလုပ်ကြံလေမည်လားဟု သံသယဝင်လာ၏။ ထို့ ကြောင့် သားတော်ကို သူကွယ်လွန်မှ တိုင်းပြည်ကို အုပ်ချုပ်လေ၊ ယခုအခါ တော်ရာနေလေဆိုကာ တိုင်းပြည်မှနှင်ထုတ်လိုက်သည်။

မင်းသားသည် ရသေ့အသွင်ယူကာ ယမုနာမြစ်ကမ်းဘေးတနေရာတွင် နေရာစီစဉ်၍ နေထိုင်၏။ ယင်းနောက် နဂါးမတယောက်နှင့် သင့်မြတ်ကာ သား ၁ ၊ သမီး ၁ ဖွားမြင်၏။ သားကို သာဂရ၊ သမီးကို သမုဒ္ဒဇာ အမည်ပေး၏။

မင်းသား၏ခမည်းတော်ကွယ်လွန်၏။ မုဆိုးတဦးက မင်းသားနှင့် တိုင်းပြည်ရှိမှုးမတ်များအကြား ဆက်သွယ်ပေး၏။ နဂါးမကမူ သူ့ အနေဖြင့် လူတို့ နှင့်မရောပြွမ်းလို၊ နဂါးပြည်သို့ သာပြန်ပါမည်၊ သားနှင့်သမီးမှာမူ ရေမျိုးဖြစ်၍ နေပူမခံရအောင်ဂရုစိုက်ရန်မှာကြားလေ၏။ မင်းသားသည် တိုင်းပြည်သို့ ပြန်
ရောက်ကာ မင်းအဖြစ်ခံယူ၏။သားနှင့်သမီးအတွက် ရေကန်ဖန်တီးပေး၏။ သားနှင့်သမီးလည်း ရေကန်ဝယ် အမြဲမပြတ် ရေကစားကြ၏။
သာဂရမင်းသားနှင့် သမုဒ္ဒဇာမင်းသမီးတို့ ရေကန်တွင်းရေကစားရင်း မှတ်သားဖွယ်ရာဖြစ်ရပ်တခု ပေါ်ပေါက်လာ၏။

ဤဆောင်းပါးပါလင်္ကာများမှာ အရှင်မဟာရဋ္ဌသာရ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆ တွင် ရေးစီသော ဘူရိဒတ်လင်္ကာကြီးမှ ကောက်နုတ်ချက်များဖြစ်သည်။

တေ နိဗဒ္ဓံ တတ္ထ ကီဠိံသု။

-မောင်နှင့်နှမ ၊ တူကွမပြား
သားတော်များလည်း ၊ ပျော်ပါးချစ်ဘွယ်
ထိုကန်ဝယ်၌ ၊     ၊ မြူးရယ်နိစ္စကစားကြ၏။  (ပိုဒ်ရေ-၇၄။)

-ထိုရော်အကြိုက် ၊ တနေ့ ၌လျှင်
ပြိုက်ပြိုက်ညီညွတ် ၊ မှုးမတ်ကျေးစား
ဗိုလ်ပါအားဖြင့် ၊  ရေများခပင်း
ကန်တော်တွင်းသို့ ၊ သွင်းသောခါဝယ်
မြစ်မကျယ်မှ ၊ လိပ်ငယ်တခု
လူမှုလိမ်မာ ၊ ဝင်လတ်လာ၍
ထွက်ရာမမြင် ၊ ရေကန်ပြင်ထက်
ဝပ်တုံလျက်လျှင် ၊ ဝမ်းထွက်တူပေါက်
နှစ်ယောက်တူကွ    မောင်နှမအား
ကစားသရော် ၊ ဦးခေါင်းမော်၍
နှစ်ဘော်မပြား ၊ မင်းသားများကို
မျက်ဝါးဝဝ ၊ ကြည့်ပြီးမှတည့်
ခဏဆောလျင် ၊ ရေတွင်တဖန်
ငုပ်တုံပြန်သည် ၊      ၊ သဏ္ဌန်ကြောက်ရုပ်ကြောက်ဝါတည်း။ (ပိုဒ်ရေ-၇၅။)

တေ တံ ဒိသွာ ဘီတာ ပိတုသန္တိကံ ဂန္တွာ "တာတ ပေါက္ခရဏီယံ ဧကော ယက္ခော အမှေ တာသေသီ" တိ အာဟံသု။
-ထိုသို့ မူဟန် ၊ လိပ်သဏ္ဌန်ကို
အမှန်ထင်ထင် ၊မြင်လတ်ရကား
သတို့ သားတို့  ၊ တည်ကြားမရ
ထိတ်လန့် ကြ၍ ၊ ချစ်ဘမင်းဖျား
စောတရား၏ ၊ ထံပါးလျင်စွာ
ပြေးဝင်လာ၍ ၊ ရှုရှာသက်လုံ
ဆိုလတ်တုံခြင်း၊  မွေးဘမင်း……
စင်းလျင်းမချာ ၊ ရေကန်သာ၌
မကွာပျော်ပါး ၊ ကစားမြူးထူး
ရွှင်ပျံ့ ဖြူးရှင့် ၊ ဘီလူးတယောက်
တို့ ကိုချောက်၍ ၊ လန့် ကျောက်ပြင်းဟုန်
ဖိန့် ဖိန့် တုံမျှ ၊ ခုန်ခုန်ဆင်းဆင်း
ပြန်လတ်လျှင်းသည် ၊          ၊ ဆိုခြင်းမသက်မသာတည်း။ (ပိုဒ်ရေ- ၇၆။)

ရာဇာ "ဂစ္ဆထ နံ ဂဏှာထာ"တိ ပုရိသေ အာဏာပေသိ။

-ဗြဟ္မဒတ္တ၊ မည်တော်ရသား
မွေးဘရွယ်လူး ၊စောရန်ငူးလည်း
ဘီလူးငဆ ၊ ထိုယက္ခကို
ဆီးစပြွမ်းပြွမ်း ၊ ဖမ်းလျင်ချေဟု
အုပ်ထွေသောင်းသောင်း၊ အပေါင်းကျွန်တော်
တစုခေါ်၍ ၊  ၊ ထိုရော်ခပ်သွတ်စေဘိလတ်၏။ (ပိုဒ်ရေ-၇၇။)

တေ ဇာလံ ခိပိတွာ ကစ္ဆပံ အာဒါယ ရညော ဒေဿသုံ။

-ဤသို့ မင်းမြတ် ၊ စေလတ်သရော်
ထိုကျွန်တော်တို့ ၊ ဖျော်ဖျော်ဖြဖြ
ရံဆီးစလျက် ၊ ခဏချက်ချင်း
ကွန်ပစ်လျင်း၍ ၊ အယင်းလိပ်ငယ်
အကြံကျယ်ကို ၊ အကယ်ဖမ်းပြီး
မင်းစောထီးအား ၊ ထင်ရှားလည်းပြ
ဆက်ကုန်ကြသည်၊     ၊ ဖြင်မျှတအုပ်တအာတည်း။ (ပိုဒ်ရေ၊ ၇၈။)

ကုမာရာ တံ ဒိသွာ "ဧသ တာတ ပိသာစော"တိ ဝိရဝိံသု။

- ဤသို့ ပြပေ ၊လိပ်တဇ္ဇေကို
မြင်လေထင်ရှား ၊မင်းကြီးသားတို့ 
ခန့် ညားရွံ မူ၊ ဟူလတ်တုံခြင်း
တန်ခိုးပြင်းသည်၊ ရန်နှင်းပြည့်ရှင်
မွေးဘခင် …….၊ ပျော်ရွှင်နေ့ ည
ရေကန်ဝ၌ ၊ မကစားသာ
ခြိမ်းချောက်လာသည် ၊ မိစ္ဆာကြမ်းကြုတ်
ဘီလူးယုတ်ကား ၊ အဟုတ်ဧကန်
ချင်းလျင်မှန်ဟု ၊ တဖြန်လဲလဲ
မျက်ရည်ရွှဲနှင့် ၊  ဝမ်းထဲယူးယူး
ကြောက်မူးကြောက်မော် ၊ မည်ရည်ခေါ်၍
ဟစ်ကျော်ပြေးခုန်၊ မြည်တမ်းကုန်လျက်
တုန်တုန်လဲ့လဲ့ ၊ ကြက်သီးပြဲ့သည်
ချဲ့ ချဲ့ ခြေခါလက်ခါတည်း ။ (ပိုဒ်ရေ- ၇၉။)

ရာဇာ ပုတ္တသိနေဟေန ကစ္ဆပဿ ကုဇ္ဈိတွာ "ဂစ္ဆထဿ ကမ္မကရဏံ ကရောထာ"တိ အာဏာပေသိ။

- တဆယ့်နှစ်ယူဇနာ ၊ ပြည်သာသခင်
ဖြစ်ထကျင်သား ၊ နတ်ရှင်မင်းစစ်
စောရန်လှစ်ကား ၊ ရန်နှစ်ဖော်စုံ
သားကြေးမုံကို ၊ ချစ်တုံလွန်ပြင်း
မြတ်နိုးခြင်းဖြင့် ၊ ဝမ်းတွင်းပြောင်းပြန်
မျက်တော်သန်၍ ၊ တိရစ္ဆာန်လိပ်ငယ်
သူမုန်းဘွယ်ကို ၊ နှိပ်နှယ်ညှဉ်းဆဲ
ဆင်းရဲခံမှု၊ သည်းစွာပြုလျက်
ယခုအသေ ၊ သတ်လျှင်းလေဟု
ပြောထွေဝန်းလျား၊ မှုးမတ်များကို
ထင်ရှားတဖန် ၊ စေလိုက်ပြန်သည်
တမန်ထပ်ခါထပ်ခါတည်း။ (ပိုဒ်ရေ- ၈ဝ။)

သက္ကရာဇ် ၁၁၄၈ တွင်စီရင်သော ဆရာတော်အရှင်နန္ဒမေဓာ၏ လင်္ကာဆိုင်ရာဘူရိဒတ်ဇာတ်တော်စကားပြေကား
ဤသို့ ဖြစ်၏။

-ပြည်တွင်း၌ ထိုမင်းသားတို့ ၏ကစားရာ ပေါက္ခရဏီရေကန်ကိုပြု၏။ မင်းသားတို့ သည်လည်း ထိုရေကန်၌ ကစားကုန်၏။ တနေ့ သောအခါဝယ် ပေါက္ခရဏီရေကန်သို့ ရေသွင်းလတ်သော် လိပ်တကောင်သည် ဝင်လေ၍ ထွက်အံ့သောအရပ်ကို မမြင်သဖြင့် ရေကန်တွင်း၌ ဝပ်လျက်နေလေ၏။ 

မင်းသားမင်းသမီးတို့ သည် ရေကစားလတ်သော် ထိုလိပ်သည် ဦးခေါင်းကိုဖော်၍ကြည့်လျက် တဖန်ငုပ်ပြန်၏။ မင်းသား မင်းသမီးတို့ သည် ထိုလိပ်ကိုမြင်၍ ကြောက်လန့် တကြားရေကန်မှတက်၍ ခမည်းတော်မင်းကြီးအား ဤသို့ လျှောက်၏။

"အရှင်မင်းကြီး…ရေကန်တွင်း၌ ဘီလူးတကောင်သည် အကျွန်ုပ်တို့ အား ခြောက်သည်"ဟု လျှောက်၏။ " မင်းကြီးလည်း မင်းချင်းတို့ ကိုခေါ်၍ "ထိုလိပ်ကိုဖမ်းချေ"ဟု စေတော်မူ၏။ မင်းချင်းတို့ လည်း ကွန်ဖြင့်ပစ်၍ လိပ်ကိုဖမ်းပြီးလျှင် မင်းကြီးအားဆက်၏။ မင်းသားတို့ လည်း ထိုလိပ်ကိုမြင်လျှင် "ခမည်းတော်မင်းကြီး၊ အကျွန်ုပ်တို့ ကိုခြောက်သည်ကား ဤဘီလူးပင်တည်း"ငိုမြည်တမ်း၏။ မင်းကြီးသည် သားတော်-သမီးတော်တို့ ကို ချစ်ခြင်းဖြင့် အမျက်ထွက်၍ "အမှုနှင့်လျော်စွာစီရင်ကုန်"ဟု မိန့် တော်မူ၏။

ဆက်လက်ဖော်ပြပါမည်။

အမရဒီပ
ဖေဖော်ဝါရီ ၈၊ ၂ဝ၁၃

Sunday, June 24, 2012

မြောင်းမြဆရာတော်အရှင်ဉာနိက၏ ဘဝနှင့် သာသနာရေးအတွေ့ အကြုံ

Myaung Mya Sayadaw by Bbc u Nay Win မူရင်းစာအုပ်---ဘီဘီစီ ဦးနေဝင်း (လန်ဒန်)၏ ဆရာတော်ကြီးများနှင့်တွေ့ ဆုံမေးမြန်းမှုများ

Tuesday, February 21, 2012

ပစ်စာတစောင်ရောက်လာတယ်


အမရဒီပ၏ "ပိဋကနှင့်နိကာယ်ကိုသရုပ်မကွဲသော အဘိဓမ္မာဆရာ (စင်္ကာပူ၊ အဘိဓမ္မာအသင်းကြီးသို့ ) " ဆောင်းပါးကိုအကြောင်းပြု၍ရေးထားသောစာဟုယူဆဖွယ်ရှိသောပစ်စာတစောင်ကို မိတ်ဆွေတဦးမှတဆင့်
လက်ခံရရှိပါသည်။"ပစ်စာ"ဟုသုံးစွဲရခြင်းမှာရေးသူအမည်ကိုမဖော်ပြဘဲ"ပုဆိုးခြုံထဲကလက်သီးပုန်း"ပြသည့်
အနေဖြင့်မကျေမချမ်းဖြစ်ကာပေါက်ကွဲထွက်သောစကားလုံးများ၊စာရေးသူဆွေးနွေးပြသည့်
အချက်အလက်များနှင့်မသက်ဆိုင်ဘဲ ပုဂ္ဂိုလ်ရေးအရစိန်ခေါ်သောစကားလုံးများပါဝင်နေသောကြောင့်ဖြစ်ပါသည်။

အနှီ ပစ်စာသည် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ များကို ကိုယ်စားပြုသည့်အသွင် လုံးဝမဆောင်ပါ။ 
အမရဒီပကို တိုက်ခိုက်ချေမှုန်းလိုသည့်အသွင်ကိုသာ ဆောင်ကြောင်း အလေးအနက်ယူဆပါသည်။အမရဒီပ နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အကြား အထင်အမြင်လွဲစေရန်၊ ချစ်ခင်လေးစားမှုပျက်စေရန် အလိုဆိုးရှိသူ
တဦးဦးက ကုန်းချောရန်တိုက်ပေးသော "ပိသုဏဝါစာပစ်စာ"ဖြစ်သောကြောင့် ပစ်စာနှင့်ပတ်သက်၍ တုံ့ ပြန်
ရေးသားလိုစိတ် အလျဉ်းမရှိပါ--။ အားလုံးသည် သူ့ သဘောသူဆောင်ကြ၏ ဟုသာ ယုံကြည်ပါသည်။ စာရေးသူ၏ အမြင်ကိုရေးသားတင်ပြပြီးနောက်တွင်လက်ခံသင့်သည်ထင်ကလက်ခံ၍ပယ်သင့်သည်ထင်ကလည်း 
ပယ်ရန်အရေးမှာ စာဖတ်သူတို့ ၏ အလုပ်သာဖြစ်လေသည်။

"ပစ်စာ"တွင် "မိမိ"ဟုလည်းကောင်း၊ "မိမိနှင့်တကွ အသင်းသူအသင်းသားများ"ဟုလည်းကောင်း သုံးစွဲထား
သော်လည်း ပစ်စာပါအရေးအသားအတွက် အလေးဂရုပြုထိုက်သည်ဟု မယူဆပါ။ ပစ်စာတွင် အသင်းမှတဆင့်
ဆက်သွယ်ပါ--ဟု ဆို၏။ ဒီစကားလောက်တော့ လူတိုင်းပြောတတ်တာပ--ကိုယ့်လူ--ဟု ပြောရပေမည်။

"ပစ်စာ"သည် တရားဝင်စာမဟုတ်သောကြောင့် အရေးမပါလှချေ။ ဖတ်ပြီးမေ့ပစ်ရန်သာဖြစ်သည်။ အမှိုက်ပုံးထဲ
ပစ်သွင်းရန်သာဖြစ်သည်။ အလေးအနက်ထားမည်မဟုတ်ပါ။ ပစ်စာအရေးအသားကို ကြည့်လိုသူတို့ ကြည့်ရန်
တင်ပြထားပါသည်။

အမရဒီပ၏ဆောင်းပါးသည် ရေးသောအကြောင်းအရာနှင့်ပတ်သက်၍ မြင်သမျှတင်ပြခြင်းသာဖြစ်၏။ သက်ဆိုင်သူတို့ ၏အကျိုးစီးပွားကို မလိုလားခြင်း၊ပျက်စီးစေလိုခြင်း အလျဉ်းကင်းရှင်းပါသည်။ 
အမရဒီပ၏ဆောင်းပါးသည် ဗုဒ္ဓသာသနာတော်၏အကျိုးစီးပွားအတွက် ပြောဆိုရေးသားခြင်းဖြစ်ပါသည်။ ပစ်စာရေးခံရသောကြောင့် စိတ်ဆိုးဒေါသထွက်ခြင်း၊ တုန်လှုပ်ပူပန်ခြင်းဖြစ်မည်မဟုတ်ပါ။

အမရဒီပအတွက် ရောက်လာသောပစ်စာကို အောက်တွင် ရေးသူ၏စာလုံးပေါင်းအတိုင်း တင်ပြပါသည်။ တချိန်ကအမရဒီပဆောင်းပါးအပေါ်ဟစ်တိုင်အွန်လိုင်းသတင်းဌာနအယ်ဒီတာပြုမူခဲ့သလိုခွဲစိတ်ဖြတ်တောက်
ပြုပြင်ခြင်း လုံးဝမလုပ်ထားကြောင်း ပစ်စာရှင်အား အသိပေးပါ၏။


အမရဒီပ
၂-၂၁-၂ဝ၁၂

အမရဒီပ - သို့
အမရဒီပ ဆိုသူသည် လူလော၊ နတ်လော၊ ဘုန်းကြီးလေ လော ဟု မိမိအနေဖြင့် ကွဲကွဲပြားပြား မသိစေကာမူ အကျိုးလိုလားသည့် မေတ္တာစိတ်ထားဖြင့် ဝေဘန်ထောက်ပြလာပါက မည်သည့်ပုဂ္ဂိုလ်၏ ဝေဘန်ချက်ကိုမဆို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ ၀န်ခံခြင်း၊ ပြန်လည်ရှင်းပြခြင်း၊ နောင်အခါ သတိကြီးစွာထား၍ ဆောင်ရွက်ခြင်းတို့ကို မိမိအနေဖြင့် မဖြစ်မနေ ပြုလုပ်မည်သာ ဖြစ်ပါသည်။
မိမိမှာ ပြန်လည်ရှင်းပြစရာ အချက်အလက်များ ရှိနေပါသော်လည်း အမရဒီပ ဆိုသူ၏ စာနှင့်ပတ်သက်၍-
၁။  ခေါင်းစဉ်စာသားမှာပင် မေတ္တာ စေတနာ ရနံ့ ကင်းမဲ့သည်ဟု ခံစားရခြင်း။
၂။ ကာယကံရှင်နှင့် ဆွေးနွေးလျှင် ပြီးနိုင်သည့်ကိစ္စတစ်ခုကို လူအများစိတ်အနှောက်အယှက်ဖြစ်အောင် ဖန်တီးသည်ဟု သဘောရခြင်း။
၃။ စာ အစ အဆုံးကို ဖတ်ကြည့်သည့်အခါ သူတော်ကောင်းဓာတ်ခံ နည်းပါသည်ဟု သုံးသပ်မိခြင်း။
၎။ အွန်လိုင်းပေါ်တွင် စာတတန် ပေတတန်ဖြင့် တကူးတက ရှင်းပြရလောက်အောင် စာပေအရည်အချင်း၊ စိတ်ဓာတ်  အရည်အချင်း(၂) မျိုးလုံး ပြည်စုံသူဟု  မိမိအနေဖြင့် မယူဆခြင်း တို့ကြောင့် မိမိ၏ တန်ဘိုးရှိသော အချိန်များကို အကျိုးမဲ့ မဖြစ်စေတော့ပါ။

သို့သော် အမရဒီပဆိုသူ ကိုယ်တိုင် အဘက်ဘက်က ပြီးပြည့်စုံသူဟုလည်ကောင်း၊ မိမိနှင့်တကွ အသင်းသားများပေါ် မေတ္တာ စေတနာ ရှိသူဟုလည်းကောင်း  ယုံကြည်ယူဆပါလျှင် အဘိဓမ္မာအသင်းကြီးမှ တဆင့် မိမိအား လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း၊ ဖြစ်စေ ဆက်သွယ်၍ ဝေဘန်အကြံပြု ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။
အခွင့်သာပါကလည်း မိမိတို့ အဘိဓမ္မာအသင်းကြီးတွင် ပြည့်စုံသည် ဆရာတစ်ဦးအဖြစ် သင်တန်များ လာရောက်ပို့ချပါလျှင် မိမိနှင့်တကွ အသင်းသူ အသင်းသားများမှ ၀မ်းမြောက်စွာ ကြိုဆိုနေမည် ဖြစ်ပါသည်။
မှတ်ချက်။ ။  နောင်အခါ အလားတူစာမျိုးကို ရေးသားမည်ဆိုပါက အတ္ထသံဟိတ နှင့် မေတ္တစိတ္တ အချက် ၂ချက်ကို ရင်ဘတ်ထဲအရင်ထည့်ပြီးမှ ရေးလျှင် အများလေးစားဖွယ် ဖြစ်ပါလိမ့်မည် ဟု အမရဒီပ ၏ အကျိုးကို လိုလားစွာဖြင့် အကြံပြုပါသည်။

Wednesday, February 1, 2012

အမရဒီပဘလော့ဖြစ်ပေါ်လာခြင်း အကြောင်းရင်း


စာရေးသူများထုံးစံအတိုင်း မိမိသည် စောစောပိုင်းက စာဖတ်ဝါသနာကြီးသူဖြစ်၏။ စုဆောင်း
မိသမျှစာအုပ်တွေဖတ်သည်။ ကျောင်းစာကြည့်တိုက် ပိဋကတ်စာအုပ်ပါဠိ နှင့် မြန်မာပြန်တွေ ဖတ်သည်။ နောက်ပိုင်းချယ်ရီသစ္စာအွန်လိုင်းစာကြည့်တိုက်ပေါ်လာတော့ အမည်မျှသာကြားဖူး
ခဲ့ရသောစာအုပ်စာတမ်းတွေကို ပျော်ပျော်ပါးပါးကြီး ရသခံစားခွင့်ရခဲ့သည်။ အွန်လိုင်းသတင်း
စာတွေဖတ်သည်။ ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်ပြိုင် (ခုတော့ နားသွားပြီ)၊ ယနေ့ မြန်မာ၊ မိုးမခ တို့ 
ကို အားပေးခဲ့သည်။ ဒေါက်တာလွဏ်းဆွေ ဘလော့ပေါ်လာတော့ သူက သတင်းပေါင်းချုပ်
စုစည်းထားတတ်လေရာ သူ့ ဆီပင်တိုင်သွားဖတ်သည်။ ချယ်ရီသစ္စာပျက်သွားပေမယ့် နောက်ပေါ်မြန်မာအွန်လိုင်းမြန်မာစာကြည့်တိုက်တွေ အင်တိုက်အားတိုက်ပေါ်လာလို့ ဝမ်းသာကျေးဇူးတင်မိပါသည်။

၂ဝ၁၁ ခုနှစ်နှစ်စပိုင်းလောက်မှာ စာရေးချင်စိတ်ပေါ်တာနဲ့ ဘာသာရေး၊နိုင်ငံရေးဆောင်းပါး
လေးတွေ ရေးစမ်းပြီး ဘယ်ဆီပို့ရမလဲ တွေးသည်။ မိမိရေးထားတဲ့ ဘာသာရေးဆိုင်ရာဆောင်း
ပါးလိုဟာမျိုးတွေ ဟစ်တိုင်အွန်လိုင်းသတင်းဌာနစာမျက်နှာမှာ မြန်မာမှုမြန်မာဓလေ့ကဏ္ဍဖြင့် တင်ပေးသည်ကို တွေ့ ရသည်။ ပြီးတော့ ဟစ်တိုင်ဆောင်းပါးအောက်ခြေတိုင်းမှာပါတတ်သည့် သဘောထားကိုလည်း တွေ့ ရသည်။ သဘောထားမှာ အောက်ဖော်ပြပါအတိုင်း-------။

"မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း
ဖြစ်ပါ သည်။ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး
ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား
ပေးပို့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။
 ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင်
တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး
 နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊
 ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော
တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို
စုစည်း တင်ဆက်ပေးနေပါသည်။"

ဆောင်းပါးကို ပို့ ကြည့်သည်။ ဟစ်တိုင်အယ်ဒီတာထံမှ ဟစ်တိုင်မှာ တင်လိုက်ပြီဖြစ်ကြောင်း၊
နောင်လည်း ဆောင်းပါးစသည်ရေးသားပို့ စေလိုကြောင်း စာပြန်လာ၏။
 "ပေးပို့ လာသည့် စာမူကို ဟစ်တိုင်တွင် မြန်မာမှု မြန်မာ့ဓလေ့ ဏ္ဍ၌င်ထားပြီး ပြီ
 ဖြစ်ပါသည်။ထပ်မံပြီး ပေးပို့ ရန်လည်း ပန် ကြားပါသည်။ ဟစ်တိုင် မှ အလွန်ကျေးဇူး
တင်ပါသည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို
စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး  ဆင်ခြင် တွေးတောနိုင်ကြစေရန်
ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး
နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊
 ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော
တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။"
ဟစ်တိုင်၏ပြန်ကြားချက်ကို ရရှိသည့်အတွက် ဝမ်းသာအယ်လဲဖြစ်ခဲ့ပါသည်။ သို့တိုင်ဟစ်တိုင်အယ်ဒီတာမည်သူမှန်း မိမိမသိပါ။ ထို့ အတူ အမရဒီပဆိုတာ မည်သူမှန်းလည်း ဟစ်တိုင်အယ်ဒီတာတို့ မသိခဲ့ပါ။ စာရေးသူ နှင့် အယ်ဒီတာကြားမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာသိကျွမ်း ခြင်းလုံးဝမရှိခဲ့ပါချေ----။ ပုဂ္ဂိုလ်ရေးသိကျွမ်းခြင်းလိုအပ်သည်ဟုလည်းမယူခဲ့ပါ။ မိမိဆောင်းပါးကို ရေးပြီး အီးမေး(လ်)ပို သည်။ အယ်ဒီတာကလည်း သူအဆင်ပြေမည့်ဆောင်းပါးမျိုးကိုသူအုပ်ချုပ်သည့်စာမျက်နှာပေါ်
တင်သင့်၊ မတင်သင့်ဆုံးဖြတ်ပြီးတင်သည်။ တခါတလေလည်း မတင်ချေ--။ မိမိကလည်း တင်ခြင်း၊ မတင်ခြင်းသည် အယ်ဒီတာကိစ္စ--။ စာရေးခြင်း၊ မရေးခြင်းသည် စာရေးသူကိစ္စသဘောထားသည်။ သို့ ကြောင့် မိမိနှင့် ဟစ်တိုင်အဖွဲ့ ကြားမှာ အီးမေး(လ်)ချင်းသာ အဆက်အသွယ်ရှိသည်။ ထို့ ထက်မပိုခဲ့ချေ---။
ဦးရွှေအောင်၏ ဘာသာရေး-နိုင်ငံရေးအမြင် ဆောင်းပါးတို့ ကို ရေးသားပေးပို့ ခဲ့သည်။ ဟစ်တိုင်အယ်ဒီတာတို့ ကလည်း တင်ပေးခဲ့သည်။ ယင်းစဉ်တွင် ဟစ်တိုင်၏ ကလောင်ရှင်ဖြစ်ဟန်တူသူ နေရဗန် (ကမ္ဘာ့မြောက်ခြမ်း) ဆိုသူက မြင်းမိုရ်ကိုလည်း မဖွနှင့် ၊ ကျောက်ဖျာကိုလည်းမမနှင့်http://www.hittai.net/?show=rm&fileid=92&t=home12&id=23   ဆောင်းပါးဖြင့် တုံ့ ပြန်ရေးသားလာသည်။ အဆိုပါပုဂ္ဂိုလ်၏ မိုးကုတ်ဆရာတော်ကြီးနှင့်        ပတ် သက်သည့်မဟုတ်မမှန်သုံးစွဲနေမှု နှင့် ဘာသာရေးအချက်အလက်မှားယွင်းမှု၊ ဘာသာရေးစာ ပေအားနည်းချို့တဲ့မှု၊ လူကြော်ငြာဆောင်းပါးတွေရေးသား မှုတို့ ကို တုံ့ပြန်ဝေဖန်သည့်ဆောင်းပါး သာဝကအကြောင်းတစေ့တစောင်း ကို ရေးပို့ ခဲ့ပါသည်။ ဟစ်တိုင်က မိမိရေးသားချက်အတိုင်း ပင် ဖော်ပြပေးခဲ့ပါသည်။ နေရဗန် (ကမ္ဘာ့မြောက်ခြမ်း)ကလည်း ကျောက်ဖျာကိုလည်း မမနှင့် မြင်းမိုရ်ကိုလည်း မဖွနှင့် (ဒုတိယပိုင်း)  http://www.hittai.net/?show=rm&fileid=95&t=home12&id=23 ဖြင့် တုံ့ပြန်လာသည်။ ယင်းဆောင်းပါးကို ထပ်ဆင့်တုံ့ပြန်သောအားဖြင့် မိမိက "ရှာလတန်၊အယူအဆဘောလုံးပွဲနှင့် သိကျင့်ပေါင်းစပ်မှု"ဆောင်းပါးကို ဟစ်တိုင်သို့ ပေးပို့ ခဲ့ပါသည်။ ဟစ်တိုင်က မိမိဆောင်းပါးကို အွန်လိုင်းစာမျက်နှာပေါ်သို့ တင်ပေးပါ၏။ ဟစ်တိုင်ပါမိမိ၏ဆောင်းပါးကို ဤသို့ တွေ့ ရပါ၏။ ရှာလတန်၊ အယူအဆဘောလုံးပွဲ နှင့် သိကျင့်ပေါင်းစပ်မှု http://www.hittai.net/?show=rm&fileid=96&t=home12&id=23
မိမိဆောင်းပါး၏အောက်ခြေတွင် တာဝန်ခံအယ်ဒီတာဆိုသူ၏ မှတ်ချက်ကိုလည်း ဖော်ပြပါအတိုင်း ဖတ်ရှုရပါ၏။
 "အပြန်အလှန်ချေပ တိုက်ခိုက်ခြင်းသည် ဆုံးခန်း တိုင်မည် မဟုတ်ဟု ယူဆပါသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ် စာပိုဒ်များ ဖြုတ်ချ ထားပြီး သုတ ဖြစ်မည် များသာ ဖော်ပြလိုက် ပါသည်။ "
(တာဝန်ခံ အယ်ဒီတာ)
စာရေးသူတဦး၏စာကို အယ်ဒီတာအနေဖြင့် မပြင်ရဟု မိမိမပြောလိုပါ။ ပြင်ခွင့်ရှိပါသည်။ ပြင်နိုင်သည်။အယ်ဒီတာပြင်မှ လှပတောက်ပြောင်သွားသောစာတွေအများကြီးရှိသည်။မိမိ၏ ဆောင်းပါးမှာမူ စာပိုဒ်များဖြုတ်ချခံလိုက်ရခြင်းအတွက် ဆောင်းပါးခေါင်းစဉ်မှာပါသည့် "ရှာလတန်"ဆိုတာ ဘာဆိုလိုမှန်းပင်မသိတော့---။ တဖက်လူ၏အာဘော်ကို မိမိအာဘော်ဖြစ် အောင်စာပိုဒ်တွေ ဖြတ်ထုတ်ပစ်၏။ တဖက်လူအဓမ္မဝါဒ၊အဓမ္မဝါဒီကိုထောက်ခံနေကြောင်း မိမိဖော်ထုတ်သမျှကို ဖြုတ်ပစ်လိုက်၏။ တကယ်ကိုရုပ်ပျက်ဆင်းပျက်ဖြင့် မိမိဆောင်းပါးကို မြင်လိုက်ရ၏။ အယ်ဒီတာအနေဖြင့်မိမိဆောင်းပါးကို ပြင်ဆင်မည်၊ မသင့်တာကို ဖြုတ်မည် ဟုအကြောင်းကြားပါက အဘယ်မျှကောင်းလိုက်ပါမည်နည်းဟု ဆန္ဒဖြစ်မိပါ၏။ မိမိ၏ မူရင်း ဆောင်းပါးကို ဖတ်ကြည့်ပါ။ 
သည်နောက် ဟစ်တိုင်သို့ မိမိအီးမေး(လ်)တစောင်ပို့ လိုက်သည်။ ခေါင်းစဉ်မှာ "ဟစ်တိုင်သို့  နုတ်ဆက်ကျေးဇူးတင်စကား"
သို့ 
ဟစ်တိုင်

ဟစ်တိုင်ဝိုင်းတော်သားတစုနှင့် လူချင်းမသိသော်လည်း ဟစ်တိုင်၏မူဝါဒကို သဘောကျ၍ ဘာသာရေး၊နိုင်ငံရေးဆောင်းပါးများအလျဉ်းသင့်သလို
ဝင်ရောက်ရေးသားခဲ့ပါသည်။ အမရဒီပ၏ဆောင်းပါးများကို ဖော်ပြပေးခဲ့သော ဟစ်တိုင်ကို ကျေးဇူးအထူးတင်ပါသည်။
ယခုအခါ နုတ်ဆက်စကားပြောဆိုပြီး ခွဲခွါရန်အချိန်ရောက်ပြီဟု ယူဆပါသဖြင့် ဟစ်တိုင်သို့ ဝါသနာအရဆောင်းပါးရေးသားပို့ နေခြင်းကိုရပ်နားတော့မည်ဖြစ်ပါကြောင်း ဝမ်းနည်းစွာ အကြောင်းကြားလိုက်ပါသည်။ အရင်ပို့ ထားပြီး ဟစ်တိုင်မှာမဖော်ပြရသေးသော ဆောင်းပါးများကိုလည်းဖော်ပြခြင်းမပြုတော့ရန် မေတ္တာရပ်ခံလိုပါသည်။

လေးစားစွာဖြင့်
အမရဒီပ
ဟစ်တိုင်အယ်ဒီတာကလည်း ပြန်စာပို့ ပါ၏။ အောက်ပါအတိုင်း----။
"အမရဒီပ ဟူသော အမည်ကို ကြည့်၍ ရဟန်းသံဃာတော် တစ်ပါးဟု သတ်မှတ်ပါသည်။
ဟစ်တိုင်မူဝါဒသည် ချစ်စ ရှည်စေ၊ မုန်းစတိုစေ၊ လူအများလည်း သုတ ရစေဟူသော ရည်ရည်ချက်ဖြင့်နိဗာန်ဆော် ပညာ ဒါန တာဝန် ထမ်းဆောင်ခြင်းသာ ဖြစ်ပါသည်။
ကိုယ်တော် ဆောင်းပါး တည်းဖြတ်မိ၍ စိတ်ဆိုးကာ ရပ်တန့် သည်ဆိုလျှင် စိတ်ဆိုးပြေသည့် အချိန်အထိ ကြိုနေပါသည် အရှင်ဘုရား။
တပည့်တော် နိုင်ငံရေး မှုဖြင့် ထောင်ထဲတွင် (၂) ကြိမ် နှစ်ရှည် ကျခံရစဉ် မေဒိနီ ဆရာတော်၊ ရွှေဘုန်းပွင့် ဆရာတော်၊ ကမ္ဘာအေး ရှိ ဦးသုမင်္ဂလ ကျောင်းမှ စာချဆရာတော်များ။ ကျမ်းတတ်ဆရာတော်ကြီးများဖြင့် အတူနေထိုင်ကာ နှစ်ရှည် ဆွေးနွေး ခြင်း၊ ဘာသာရေး အသိပညာများ သင်ယူ ဆည်းပူးရာ-အများအကျိုးဆောင်။ ကောင်းမှုကို လုပ်၊ စိတ်ကို ဖြူစင်အောင်ထား။ မေတ္တာသည်သာ  အရာရာ စွမ်းဆောင်ရာ ဟု ဆုံးမထားပါသဖြင့် ဆရာတော်ကြီးများ အဆုံးအမဖြင့် စိတ်ရှည်ရှည်ဖြင့် စောင့်ပါမည်ဘုရား။ "

ထိုအယ်ဒီတာက မိမိစိတ်ဆိုးသည်ဟုပြောပြော၊ စိတ်တိုသည်ဟုပြောပြော မိမိအနေဖြင့် ယင်းကဲ့သို့ လက်လွတ်စပယ်ထင်ရာမြင်ရာလုပ်ပစ်တတ်သော သတင်းဌာနတခုသို့  သတင်း
၊ ဆောင်းပါးပေးပို့ ဖို့ ဆိုတာ မစဉ်းစားရဲတော့ပြီ။ မိမိဟစ်တိုင်မှာ စာရေးတာ အကျိုးအမြတ်၊ အခကြေးငွေ၊ အထောက်အပံ့တစုံတရာအတွက်မဟုတ်ပါ။ မိမိသိသမျှကို ပြန်လည်မျှဝေခြင်း၊ ဝါသနာပါသည့်စာရေးခြင်းအလုပ်မှာ ပျော်မွေ့ ခြင်းတို့ ကြောင့် စာရေးခြင်းဖြစ်သည်။ တစုံတရာ ငဲ့ကွက်ထောက်ထားစရာလည်းမလိုအပ်-----။  ဒီအခြေအနေအောက်မှာကိုယ်ပြောချင်တာကိုလွတ်လပ်ပွင့်လင်းစွာပြော နိုင်ဖို့ အတွက် အမရဒီပ ဆိုတဲ့ ဘလော့လေးတခုကို အတတ်ပညာချို့ တဲ့ဆင်းရဲသည့်ကြားမှအားထုတ်ဖန်တီး   နိုင်ခဲ့သည်။
မိမိ၏ဘလော့တွင် မိမိသည်ပင်အယ်ဒီတာ၊ မိမိသည်ပင် စာရေးသူ-- စိတ်နှလုံးချမ်းမြေ့စွာ ရေးသားနိုင်သည်။ ပျော်ရွှင်ဖွယ်ဘလောဂါဘဝ----------။
အမရဒီပ                                                                                                      ၂-၁-၂ဝ၁၂