Total Pageviews

Saturday, April 5, 2014

ဆောင့်ကြောင့်ထိုင်သုတေသန

 
၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ထုတ် ကြေးမုံသတင်းစာမှာ "သန့် စင်ခန်းအတွင်း နှလုံးသွေးလျှံ
 ၍ သေဆုံး" ခေါင်းစဉ်နဲ့ သတင်းတပုဒ် ဖတ်ခဲ့ရတယ်။  သန့် စင်ခန်း (အိမ်သာ)ဝင်သွားတဲ့ လူဝဝကြီး
တယောက် မြန်မာအိမ်သာတက်တဲ့ ဆောင့်ကြောင့်ထိုင်ပုံစံနဲ့ ကြာကြာထိုင်ရတော့ တံကောက်ကွေး
(ဒူးနဲ့ ပေါင်အဆက်နေရာ)ကို ကွေးထားရတာ သွေးလည်ပတ်မှုကို ညှစ်ထားသလိုဖြစ်နေတဲ့အတွက်
နှလုံးသွေး "အင့်" ရာကနေ အသက်သေဆုံးတဲ့အထိ ဖြစ်သွားရတာပါပဲ။ ဆောင့်ကြောင့်ထိုင်အိမ်သာ
စနစ်ဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဝလွန်သူတွေအတွက် အန္တရာယ်ရှိတယ်၊ သည်လို ဖြစ်နေသူ
များအတွက် ဘိုထိုင်အိမ်သာက သင့်လျော်တယ်လို့ လည်း အကြံပြုထားပါတယ်။

ကြေးမုံသတင်းစာပါ သတင်းကနေ ထေရဝါဒဗုဒ္ဓဘာသာမှာလည်း ဆောင့်ကြောင့်ထိုင်ဆိုတာကြီးက ပါဝင်
နေတာ သတိမရဘဲ မနေနိုင်ဘူးဖြစ်လာတယ်။ ပါဠိစာတွေမှာ "ဥက္ကုဋိကံ နိသီဒိတွာ= ဆောင့်ကြောင့်ထိုင်
၍" လို့ မြန်မာပြန်ကြတယ်၊ ဟာသအရွှန်းဖောက်ချင်တဲ့စာသင်သားတွေက "(ဝါ) အီးအီးပါသလို" ဆိုပြီး
မျက်စိထဲကွင်းကွင်းကွက်ကွက်ပေါ်လာအောင် အနက်ပြန်လေ့ရှိတယ်။ 

သင်္ကြန်ရက်နားနီးလာလို့ သင်္ကြန်အကြောင်းပြောကြရင် "ဟိုအဒေါ်ကြီး ဆောင့်ကြောင့်ထိုင်၊ မော်လမြိုင်က
နှင်းဆီပွင့်ကြီး" ဆိုတဲ့ သံချပ်တပိုဒ်ကို ပြောပြောပြီး ရယ်တတ်ကြပြန်တယ်။ ဒီမှာလည်း ဆောင့်ကြောင့်ထိုင်
က ပါနေတာပဲ...။

ဗုဒ္ဓသာသနာမှာ ရဟန်းတော်များ သိမ်တွင်း ဥပုသ်ကံပြု၊ ၊ရဟန်းခံသိမ်တက်၊ ကမ္မဝါရွတ်ဖတ်၊ ရှင်ပြု ဆိုတာ
တွေမှာ ဆောင့်ကြောင့်ထိုင်ကြရတယ်။ ဝဝတုတ်တုတ် ရှင်လောင်း၊ ရဟန်းလောင်းတွေပါလာရင် သူတို့ 
ခမျာ ပင်ပန်းတကြီး ဆောင့်ကြောင့်ထိုင်ရတာ မြင်မြင်နေရတော့ သနားစရာပါပဲ။ မိတ်ဆွေတယောက်ကဆို
"ကျွန်တော် ဒုလ္လဘရဟန်းဝတ်ချင်တယ်၊ ဆောင့်ကြောင့်မထိုင်နိုင်ဘူး၊ တင်ပါးချပြီး သက်သက်သာသာ ထိုင်လို့ မဖြစ်ဘူးလား၊ ဆောင့်ကြောင့်ထိုင်ရတာ ဒီခန္ဓာကိုယ်ကြီးနဲ့ အဆင်မပြေဘူးလေ" လို့ ပြောဖူးတယ်။
အဲသည်မိတ်ဆွေကလည်း အဝလွန်သူတယောက်ပေပဲ...။

တိပိဋကပါဠိ-မြန်မာအဘိဓာန်ပါ "ဥက္ကုဋိက = ဆောင့်ကြောင့် ၊ ဆောင့်ကြောင့်ဖြစ်သော ၊ ဆောင့်ကြောင့်
ထိုင်သော ။  ။ (ဆောင့်ကြောင့်ထိုင်ပုံကို -မိုးရွာသောအခါ သစ်ခေါင်းတွင်း၌ မျောက်များထိုင်ကြသကဲ့သို့ 
ထိုင်ကြ၏) ဟု ဥပမာပြသည်" ဆိုတဲ့ ဖော်ပြချက်ကို တွေ့ တဲ့ မိတ်ဆွေတယောက်က ဆိုးလိုက်တဲ့ ဥပမာ
ဗျာ၊ ရဟန်းတော်တွေကလည်း ဘာကြောင့် ဆောင့်ကြောင့်ထိုင်ကြတာလဲဗျာ ၊ ကျန်းမာရေးအရကော ၊
အခုပြောခဲ့တဲ့ ဥပမာအရကော အဆင်မပြေတဲ့ ထိုင်နည်းကြီးများ --လို့  မေးတာရော၊ ဝေဖန်တာရော ပါတဲ့
စကားတခုပြောပါတယ်။

ကမ္မဝါဖတ်၊ ဥပုသ်ပြု၊ ၊ ဘုရားရှိခိုး၊ လူကြီးသူမဆရာသမားမိဘရှိခိုးတာတွေကို ပြုတဲ့အခါ သူတပါးကို
လေးစားသမှုပြုတဲ့အနေနဲ့ ဆောင့်ကြောင့်ထိုင်တယ်လို့ ဆိုကြတယ်။ ကမ္မဝါစာဆိုတာ ဘုရားရှင်ရဲ့
ပညတ်တော်ပဲ။ ဘုရားရှင်ရဲ့ ပညတ်တော်ကို လေးစားသောအားဖြင့် ကမ္မဝါစာဖတ်တဲ့အခါ ဆောင့်ကြောင့်
ထိုင်ပါတယ်။

ဥပုသ်ပြုရာမှာ ဆောင့်ကြောင့်ထိုင်တာ၊ ဘုရားရှိခိုး ၊ ဂါရဝထားထိုက်သူတွေကို ရှိခိုးတဲ့အခါမှာလည်း
သူတပါးကို လေးစားသောအားဖြင့် ဆောင့်ကြောင့်ထိုင်ပါတယ်။

တင်ပျဉ်ခွေထိုင်တယ်ဆိုတာကတော့ မိမိကိုယ်ကို အလေးအမြတ်ထားတာ ဖြစ်ပါတယ်။ ဆွမ်းစား၊ တရား
ထိုင်၊ အပူဇော်ခံတဲ့အခါ တင်ပျဉ်ခွေထိုင်သင့်တယ်လို့  ဆရာသမားတွေက ဆိုကြပါတယ်။ 

အမရဒီပ
ဧပြီ ၅၊ ၂ဝ၁၄

အညွှန်း။ ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေများ ၊ ၄၊ ၅၄-၅၅။
            ထီးချိုင့် မြို့ ၊ တည်တောဆရာတော်။