Total Pageviews
Wednesday, December 9, 2015
ဂငယ်တသတ် ဂတ်ကြစို့ 
အမြင်မတော်တဲ့မြန်မာစာလုံးပေါင်းသတ်ပုံတွေကို စာဖတ်ရင်းတွေ့ ပြီး ပြင်ဆင်သင့်ကြောင်း အလျဉ်းသင့်သလို တင်ပြလာခဲ့တယ်။ ဥပမာ- ခရစ်ယန် (ခရစ်ယံ) ကို ယပက်လက်မှာ ရေးချနဲ့ ခရစ်ယာန် လို့ ရေးတာ၊ အစ္စလမ်ကို လမှာရေးချနဲ့ အစ္စလာမ်လို့ ရေးတာ။
အခုလည်း စုံထောက်ဝတ္ထုဖတ်ရင်းတွေ့ မိပြန်တယ်။ "ဂါတ်တဲ" ....ဆိုတဲ့စကားလုံး။ ဒီဂါတ်တဲ..ဟာ "ဂါတ" ဆိုတဲ့ ပါဠိကနေဆင်းသက်လို့ ဂငယ်မှာ ရေးချနဲ့  ဂါတ်တဲလို့ ရေးတာလား။ သံသယရှိတာနဲ့  မြန်မာ-အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ကြည့်ပါတယ်။
*ဂါတ်
**ဂါတ်တဲ
***ဂါတ်ဗိုလ်..... လို့  တည်ပုဒ် ၃ ခုတွေ့ ပါတယ်။
ဂါတ်...ဆိုတဲ့ မူလစကားဟာ "ဂါတ" ပါဠိမဟုတ်ဘဲ "Guard" ဆိုတဲ့အင်္ဂလိပ်ဝေါဟာရဖြစ်နေတယ်။  ကြံဖန်ကာကွယ်ချင်တော့ D ရှေ့ မှာရှိတဲ့ R သံထွက်အောင် ဂတ်...လို့ မရေး ၊ "ဂါတ်" လို့ ရေးတယ် ပြောရင်ပြောမယ်။ ဒီလိုဆိုရင် တဝမ်းပူသံမထွက်စေဘဲ ဒဒွေးသံထွက်အောင် (ဒ်) အသတ်ပြ လို့ ပြောရမှာပဲ။
ဒီအတိုင်း "ဂါဒ်" လို့ ရေးပြန်လည်း "ဂါဒ" ကနေ "ဂါဒ်" ဖြစ်လာသလား ဆက်တွေးသူတွေ တသီတတန်းပေါ်မယ်။ အရှင်းဆုံးကတော့ ဂငယ်တသတ် "ဂတ်"တာ အဆီလျော်ဆုံးပါ .. မြန်မာစာအဖွဲ့ ဆရာ။
အမရဒီပ
Saturday, April 4, 2015
ဘာရက် အိုဘားမား
၄၄ ဦးမြောက် အမေရိကန်ပြည်ထောင်စုသမ္မတ ကိုယ်ရေးကောက်ကြောင်း
အမည်အပြည့်အစုံ…းး ဘာရက် ဟူစိန် အိုဘားမား (Barack Hussein Obama)
မွေး…းး သြဂုတ် ၄ -၁၉၆၁ ၊ ဟိုနိုလူလူ ၊ ဟာဝိုင်ယီပြည်နယ်
မိဘ…းး စတန်လေ အန် ဒွန်ဟန် အိုဘားမား ဆိုတီယို နှင့် ဘာရက် အိုဘားမား
အိမ်ထောင်ဖက်..းး မီရှဲလ် လာဗောဂ် ရော်ဘင်ဆင် အိုဘားမား (မွေး-၁၉၆၄ ၊ လက်ထပ်-၁၉၉၂)
ရင်သွေး..းးမလီယာ အန် (၁၉၉၈) ၊ နာတာရှာ (ခ) ဆာရှာ (၂ဝဝ၁)
ယုံကြည်ရာဘာသာ..းး ပရိုတက်စတင့်
ပညာရေး…းး အော်စီဒန်တယ်ကောလိပ်၊ လော့စ်အိန်ဂျလိစ့် (၁၉၇၉-၈၁)၊ ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်မှ ဘီအေဘွဲ့  (၁၉၈၃) ၊ ဟားဗတ်တက္ကသိုလ်မှ  ဂျူရီဒေါက်တာဘွဲ့ (၁၉၉၁)
အစိုးရတာဝန်…းး ပြည်နယ်လွှတ်တော်အမတ် ၊ အမေရိကန်ပြည်သူ့ လွှတ်တော် အီလီနွိုင်းပြည်နယ်အမတ်
နိုင်ငံရေးပါတီ…းး ဒီမိုကရက်
သမ္မတဖြစ်ရက်စွဲ…းး ဇန်နဝါရီ ၂ဝ ၊ ၂ဝဝ၉
သမ္မတတာဝန်ယူစဉ်ကအသက်…းး ၄၇ နှစ်
၂ဝဝ၈ ဒီမိုကရက်တစ်သမ္မတကိုယ်စားလှယ်လောင်း ဘားရက် အိုဘားမားက အမေရိကန်ပြည်သူတို့ အား မျှော်လင့်ချက်လှိုင်း နှင့် အပြောင်းအလဲဆိုင်ရာယုံကြည်ချက်အသစ်ဖြင့်လှုံ့ ဆော်လိုက်သည်။ သည်လှုံဆော်ချက်က သမ္မတ ကနေဒီ၏ နုပျိုမှု နှင့် အတွေးအခေါ်ကို ပြန်လည် အမှတ်ရစေသည်။
          အမေရိကန်နိုင်ငံ၏ ပထမဆုံး အာဖရိကန်-အမေရိကန်သမ္မတကို ကနေဒီအစိုးရ၏ အပြောင်းအလဲစပ်ကူးမတ်ကူးကာလ သြဂုတ် ၄ ရက် ၊ ၁၉၆၁ ခုနှစ် တွင် လွန်ခဲ့ပြီး ၂ နှစ်၏စောစောကလေးကမှ အမေရိကန်နိုင်ငံ၏ ၅ဝ မြောက် ပြည်နယ်ဖြစ်လာသော ဟာဝိုင်ယီပြည်နယ်မှာ မွေးသည်။ မိဘများမှာ ကင်းဆက်ပြည်နယ်မှ လူဖြူမိခင် နှင့် ကင်ညာနိုင်ငံသား လူမည်းဖခင်တို့ ဖြစ်
ကြပြီး ၁၉၆ဝ က အရဲစွန့် လက်ထပ်ခဲ့ကြသည်။ လူမျိုးချင်းမတူဘဲလက်ထပ်ခြင်းသည် အပြစ်တရပ်ဖြစ်သည်ဟု တနိုင်လုံးရှိ
လူထက်ဝက်ကျော်လောက်က ယူဆခဲ့ချိန်ဖြစ်သည်။
          အိုဘားမား၏သမ္မတလောင်းအမည်စာရင်းတင်သွင်းမှုနောက်သို့  သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်ကလည်း ထပ်ကြပ်မကွာ အပြိုင်အဆိုင်လိုက်ပါလာသည်။ ကလင်တန်၏ ကျစ်လစ်သော အများစုထောက်ခံမဲအတားအဆီး…..၊ အိုးဘားမား၏ သမ္မတလောင်းအဖြစ်ရေပန်းစားမှုတည်းဟူသော ဤသမိုင်းဝင်အားပြိုင်မှုက အမေရိကန်ပြည်သူများစွာကို အိပ်မက်ပမာခံစားရစေသည်
ရှေးယခင့်ယခင်ကာလများကအတိုင်းဆိုလျှင် ကျွန်ုပ်တို့ သက်တမ်းအတွင်း အမျိုးသမီး သို့ မဟုတ် အာဖရိကန်-အမေရိကန်တဦး ကို ဘဲဥပုံရုံးခန်းမှာ ရုံးထိုင်နေသည့်မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်ဖို့ ပင် ခက်ခဲနေခဲ့ပါသည်။ကနေ့ အခါမှာတော့ အဲသည်အိပ်မက် တကယ်လက်တွေ့ ဖြစ်လေပြီ။ 
အမရဒီပ
မတ်လ ၄ ၊ ၂ဝ၁၅
Wednesday, April 1, 2015
လူ့ ဘဝဖြူဆွဖို့ မလွယ်
လူ့ ဘဝဖြူဆွဖို့ မလွယ်
        “ဆိုးလိုက်တဲ့ရှင်ရယ်…ရှင့်ကိုယ်ရှင့် ဈာန်အဘိညာဉ်ရသေ့တပါးဆိုတာ မေ့နေပြီလား“
အိမ်ဆိုးအိမ်ညစ်တလုံးကို ပြုပြင်သန့် ရှင်း၊ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း၊ ရေချိုးခန်းအိမ်သာအထွေ
ထွေလိုအပ်ရာအသုံးအဆောင်တို့ ကို မင်းထံတောင်းတန်တောင်း ၊ ကိုယ်တိုင်လုပ်တန်လုပ်ဖြင့်  တနေ ကုန်တနေခမ်းမမောတမ်းမနားတမ်းဗျာများနေခဲ့ရသည်။ ညနေစောင်း ရေမိုးချိုး ၊ စားသောက်ပြီး ၊ တူနှစ်ကိုယ်ကမ္ဘာဘုံတည်ဆောက်မည့် ချစ်ကမ္ဗလာအခင်းလွှမ်းပေါ်ဝယ် သည်းဖိုတုန်လှိုက် ရင်တထိတ်ထိတ်အတွေးဖြင့် ဟရိတစရသေ့ဟောင်းခမျာ ထိုင်မိရုံရှိသေး ….သည်အကွက်ကို ဗျူဟာချစောင့်စားနေမည့် မုဒုလက္ခဏဒေဝီက ရသေ့ဟောင်းကြီး၏ မုတ်ဆိတ်ဖွားဖွားကို မနာ့တနာဆုပ်ကိုင်ကာ အထက်ပါအတိုင်း အကျင့်ကောင်းဖို့ စကားလောင်းနိဒါန်းအဖွင့် ပြောလိမ့်မည်ဟု ယူဆပါသည်။ 
ဟရိတစခမျာ ချက်ကောင်းထိသွားရှာသည်။
          သည်လိုချက်ကောင်းထိသောကြောင့်သာလျှင် ဟရိတစ  သတိပြန်လည်လာရ၏။ ကိလေသာ
ဇောကပ်ပြီး ပညာမျက်စိကန်း ၊ ဆင်ခြင်တုံကင်း ကာမအရူးဇာတ်ခင်းနေသည့် သူ့ ကိုယ်သူ ပြန်မြင်လာ
သည်။ မူလဇာတ်အဋ္ဌကထာပါဠိတွင်ကား ဖွယ်ဖွယ်ရာရာမဆိုချေ။ သို့ သော်ကဗျာဆရာတွင်းသင်းမင်း
ကြီးကတော့ ရသေ့ကြီးသတိရပြီး တရားဆင်ခြင်ခန်းကို ပီပီပြင်ပြင်ကဗျာဖွဲ့ လေသည်။ မုဒုလက္ခဏပျို့  တွင် 
ပုဒ်ရေ ၆၆ မှ ၇၆ အထိမှာ ရသေ့ကြီး၏သံဝေဂယူခန်းပင် ဖြစ်ပါသည်။
          အဆိုပါသံဝေဂါကာရခန်းလာ ပိုဒ်ရေ ၇၂ တွင် ကဗျာဆရာကြီးက ဤသို့ ဖွဲ့ ဆိုပြပါ၏။
ထင်းခွေရေခပ် ၊ ဆန်ဖွပ်မောင်းနင်း
ညှဉ်းပန်းခြင်းလည်း ၊ မကင်းဆူလှယ်
လူတို့ ဝယ်ကား ၊ ကုန်သွယ်လယ်လုပ်
မြဲချုပ်ဆီးတား ၊ ကျွဲနွားမိုးမြေ
ရွှေငွေအလို ၊ ဆိုသည်မုသား
ဒဏ်အားထိုက်လျောက် ၊ ရောက်သည်ပြစ်ဆာ
ပြုသူသာလျှင် ၊ ဃရာဝါသ
ကိစ္စပြီးတိုင်
မတတ်နိုင်သော် ၊ စပ်ဆိုင်လူ့ တမ်း
မှုမပြွမ်းခဲ့ ………။ (၇၂)
          လူ့ ဘဝ ၊ လူ့ လောကဟူသည် ပြေးရင်ပြေး ၊ မပြေးရင်လိုက်ရမည့်လောကဖြစ်သည်။ တတောတတောင်ထဲ အတူတူနေကြသည့် ကျား နှင့်သမင်ကဲ့သို့ ဖြစ်သည်။ မနက်ရောက်လျှင် သမင်ကို ဘယ်လိုချောင်းမြောင်းကိုက်သတ်ရကောင်းမလဲ ဟု ကျားကတွေးသည်။ မနက်ရောက်လျှင် ကျားလက်ကဘယ်လိုလွတ်အောင်ပြေးရ၊ ပုန်းရှောင်ရကောင်းမလဲဟု သမင်ကတွေးသည်။ ကျား ရော သမင်ရောနှစ်ကောင်လုံးသည် အသက်ရှင်ရပ်တည်ရေးကို ဦးတည်တွေးကြ ၊ လုပ်ကြသည်။ ကိုယ့်ဘဝ၊ ကိုယ့်ဝန်းကျင်ရပ်တည်နိုင်အောင်ရုန်းကန်လှုပ်ရှားနေကြသည်။ တကွက်တလေပင် အမှားမခံနိုင်…။ လူ့ ဘဝဆိုတာလည်း ထိုနည်းနှင်နှင် ကျားလိုတွေးသူတွေး ၊ သမင်လိုတွေးသူတွေးသည်။
 အတွေးပြီးတော့ အပြော၊ အလုပ်ဆိုတာ ဆက်တိုက်ကပ်ပါလာသည်။ တိုက်စစ်ဘယ်လိုဆင်
မည်၊ ခံစစ်ဘယ်လိုကာမည်တွေးပြီဆိုမှတော့ ကိုယ်စိတ်ဆင်းရဲညှဉ်းပန်းခြင်းတွေ ပါလာမည်။ ပြစ်ဒဏ်တွေပါလာမည်။
          လယ်တောမှာ လယ်ထွန်သည်ပဲထား…။ နွားကို အတင်းအဓမ္မခိုင်းစေမှု ဖြစ်လာသည်။ မြေကြီးကို ထွန်ယက်တူးဆွသောကြောင့် ပုရွက်ဆိတ်၊ တီကောင်တို့ လို သတ္တဝါတွေ အစုလိုက်အပြုံလိုက် 
ဆင်းရဲဒုက္ခရောက်ကြ၊ ပျက်စီးသေကြေကြသည်။ ဘယ်မှာ အပြစ်လို့ လဲ။ မြင်းလှည်းမောင်း၊
 နွားလှည်းမောင်းတော့ရော ဘာထူးသနည်း။
          ကိုယ်တိုင်ကငွေကြေးပြည့်စုံသူဖြစ်လျှင် မပြည့်စုံသူတွေက ချေးကြ၊ ငှါးကြမည်။ ထိုအခါ ရှိပေငြား မရှိဟု လိမ်ရ၊ ညာရတာ ရှိပေမည်။ ချေးသမျှ၊ ငှါးသမျှသာ ထုတ်ပေးနေရလျှင် လောက်ငှမည့် ကိစ္စလည်းမဟုတ်လေတော့ သည်လိုပြောရတာ ရှိပါမည်။ ချေးငှါးပြီး ပြန်မရလို့ အကျယ်အကျယ်မငြိမ်းဖွယ် ဖြစ်တာတွေလည်း ရှိမည်။
 အို…ဒါတွေဒါတွေကို ကြည့်တော့ ချောက်တန်ချောက်၊ မြှောက်တန်မြှောက်၊ နဂါးမှန်းသိအောင်
အမောက်ထောင်ပြသင့်ပြ လုပ်မှသာ လူ့ ဘဝ ဆိုတာ အဆင်ပြေသည်။ သည်လိုမလုပ်လို့ ကတော့ 
လူရာမဝင်၊ ခံဖက်ကချည်း ဖြစ်ပေမည်။ သည်သဘောကို တွင်းသင်းမင်းကြီးက ကဗျာဖွဲ့ ထားသည်။
          တွင်းသင်းမင်းကြီးဆိုလိုသည်ကား လူ့ ဘဝဆိုတာ ကိုယ်ကျင့်သီလနှင့်ပြည့်စုံအောင် နေနိုင်
ဖို့ မလွယ်ရေးချမလွယ်။ ကိုယ်ကျင့်တရားမပြည့်စုံလျှင် အပြစ်မကင်း၊။ အပြစ်ကင်းအောင်နေလျှင်
လည်း လူ့ ကိစ္စ လူ့ ဘဝတွေ အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ..ဟူ၏။
          ဤအတွေးဤအမြင်တို့ သည်တွင်းသင်းမင်းကြီး၏ပင်ကိုထွက်အတွေးအမြင်ဖြစ်ပါလျှင်
 နောင်လာနောက်သားစာဖတ်သူတဦးအနေဖြင့် မှတ်သားသုတပွားစရာစကားအဖြစ် သတ်မှတ်လိုပါ၏။ ပိဋကတ်ကိုမွှေ နှောက်ပြီး ဆိုင်ရာဆိုင်ရာတို့ ကို အဆီအနှစ်အဖြစ်စုစည်းသည့်အနေဖြင့် တနေရာမှ 
စကားတရပ်ကို ဤမုဒုလက္ခဏကဗျာတွင် ထည့်သွင်းစပ်ဆိုထားလျှင်လည်း မင်းကြီးကိုးကားသည့်
မူရင်းစာကို သိမှီအောင် ကြိုးစားသင့်သည်ဟု သဘောရပါသည်။
          ဇာတကအဋ္ဌကထာ၊ ဒုကနိပါတ်၊ဥပါဟနဝဂ်၊ ဝစ္ဆနခဇာတ်တော်တွင် မင်းကြီး၏ လူ့ ဘဝအမြင်
ယူဆချက်နှင့် တူမျှသော အမြင်တခုကို တွေ့ ရပါသည်။  ဝစ္ဆနခရသေ့သည် ဟိမဝန္တာမှ ဗာရာဏသီ သို့ ခေတ္တကြွလာပြီး မင်းဥယျာဉ်တွင် နေသည်။ ဗာရာဏသီသူဌေးတဦးသည် ဝစ္ဆနခရသေ့ကို ရသေ့ သူတော်အဖြစ်ကြည်ညိုသည်။ ရွယ်တူဖြစ်၍ ညီအကိုပမာလည်း ချစ်ခင်မြတ်နိုးသည်။ ရသေ့ ရဟန်း
ဘဝဟူသည် သူတပါးပေးစာကမ်းစာကိုမှီကာအသက်ရှင်ရပ်တည်ရသောကြောင့် ဆင်းရဲပင်ပန်းသည်။
 ဝစ္ဆနခကို လူဝတ်လဲစေပြီး သူ့ စည်းစိမ်တဝက်ကို ခွဲပေးမည်။ ဝစ္ဆနခကိုလည်း ကုန်သွယ်ကုန်ရောင်း စီးပွားရှာပုံအကြောင်းသင်ပေးမည်၊ နှစ်ယောက်အတူ ပျော်ရွှင်ချမ်းသာစွာ ဘဝစည်းစိမ်ကို ခံစားစံစား
မည်ဟု ဗာရာဏသီသူဌေး အတွေး ပေါက်ကာ ဝစ္ဆနခရသေ့ကို တိုင်ပင်သည်။
          ထိုအခါ ဝစ္ဆနခရသေ့ပြန်ပြောသောစကားမှာ----------------၊
"အမြဲမပြတ် လယ်ထွန်၊ နွားကျောင်း၊ စီးပွားရှာစသောအလုပ်ဖြင့် ကြိုးစားအားထုတ်မှုမပြုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ လယ်ယာ-ဥစ္စာ-ရွှေငွေဓနစသည်အကျိုးစီးပွားအကျိုးငှါ မုသားမဆိုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ သူတပါးနှိပ်စက်ညှဉ်းပန်းခြင်းကို မခံလိုသူ-မခံနိုင်သူ၏အိမ်သည်လည်း မတည်မြဲနိုင်၊  သူတပါးတို့ အား မနှိပ်စက် မညှဉ်းပန်းလိုသူ၏အိမ်သည်လည်း မတည်မြဲနိုင်၊ဤသို့ အကုသိုလ်ဖြစ်စရာ
 အပေါက်အလမ်းများစွာရှိသော၊ ကုသိုလ်ဖြစ်ဖို့ ခက်ခဲသော သဘောရှိသော အိမ်ကို ဘယ်သူက စိုးမိုးအုပ်ချုပ်နေချင်မှာလဲ"…….ဟူ၏။
          တွင်းသင်းမင်းကြီး နှင့် ဝစ္ဆနခရသေ့ပြောသည့်စကားမှာ သဘောထားတူညီကြောင်း တွေ့ ရပါ
သည်။ လူ့ ဘဝ လူ့ လောကဟူသည် ကုသိုလ်စိတ်အဖြစ်နည်းသည်။ အကုသိုလ်စိတ်အဖြစ်များသည်။ ဖြူဆွဖို့ မလွယ်ပါတည်း…။
အမရဒီပ
ဧပြီ ၂၊ ၂ဝ၁၅
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် (နောက်ဆက်တွဲ)
နောက်ဆက်တွဲ
        ယခုနှစ်(၂ဝဝ၃) တွင် ဘုန်းကြီး၏ ၇၅ နှစ်မြောက် မွေးနေ့ ပွဲ ကျင်းပပြီးခဲ့ပြီ။ ဘုန်းကြီးဘဝကို သမင်လည်ပြန်ကြည့်မိသည်။ အံ့သြစရာပါတကား..။ 
လွန်ခဲ့သော ၇၅ နှစ်က ဘုန်းကြီးသည်အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းလေးတကျွန်းပေါ်တည်ရှိသော
 တောကြိုအုံကြားတောရွာကလေးတွင် ခြေထောက်ဗလာနှင့် ကောင်လေးတယောက်ဖြစ်ပြီး သဲသောင်ပြင်ပေါ်မှာ 
တုတ်တချောင်းနှင့် ပုံများ ရေးခြစ်နေခဲ့သည်။ ယနေ့ တွင် ဘုန်းကြီးသည် ဒေါက်တာဘွဲ့ ရ ပညာတတ်ရဟန်းတပါးဖြစ်နေပြီ။
 ပြီးတော့ ခရီးဆောင်အိတ်ထဲမှာ ပါဝါဘုတ်ဂျီဖိုးအိတ်ဆောင်ကွန်ပြူတာထည့်ဆောင်ပြီး လေယာဉ်ဖြင့် မိုင်ထောင်ချီခရီးသွားနေရပြီ။
(ပါဝါဘုတ်ဂျီဖိုးအိတ်ဆောင်ကွန်ပြူတာမှာ အဲလ်ပဲမှ ၂ဝဝ၁-၂ဝဝ၆ နှစ်ကြားမှာ ထုတ်လုပ်သည်။)
          ကမ္ဘာတဝှမ်းလုံးမှာ ဘုန်းကြီး၏မိတ်ဆွေများ၊ တပည့်များ ရှိနေပါသည်။ အန္တာတိကတိုက်တခုတည်းသာ
 ဘုန်းကြီးမမြင်ဖူးသေးပါ။ ဘုန်းကြီး၏ပထမဦးဆုံးစာအုပ် "အင်္ဂလိပ်လိုသတိပဋ္ဌာန်" ကို တရုတ်၊ ကိုရီးယား၊ စပိန်၊ အီတာလျံ ၊ ဂျာမန်၊ ပြင်သစ်ဘာသာပြန်ဆိုထားပြီးလည်း ဖြစ်ပါသည်။
          ဘုန်းကြီးကြွားလုံးထုတ်နေခြင်းမဟုတ်ပါ။ ကုသိုလ်ကံနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ဆုပ်ကိုင် လိုက်သောအခါ ပုဂ္ဂိုလ်တယောက် မည်မျှဝေးဝေးရောက်အောင်သွားနိုင်သည်ကို ကောက်ကြောင်း ဆွဲပြခြင်းမျှသာ ဖြစ်ပါသည်။ အတိတ်ဘဝကုသိုလ်ကံများကြောင့် ဘုန်းကြီး၏များစွာသော စွန့် စားခန်းများ ၊ အောင်မြင်မှုများ ဖြစ်ပေါ်လာရသည်ဟု 
မမှိတ်မသုန်ယုံကြည်ပါ၏။
          သို့ ပါသော်လည်း နောက်တဆင့်ဆီဆက်လက်ရွှေ့ လျားဖို့ ကိုလည်း မောင်းနှင်အားများအောက် ဘုန်းကြီး အမြဲတစေ
 ကျရောက်ခဲ့ရပါသည်။ ဘဝနောက်ကြောင်းကို ပြန်လှည့်ကြည့်မိလေတိုင်း ပထမဦးစွာ ခံစားရသည်မှာ ဘုန်းကြီးသည် 
လမ်းလျှောက်ဖို့ ခက်ခဲနေသူတဦးပမာဖြစ်နေကြောင်း ခံစားရပါသည်။ ယင်းနောက်သူသည် ခြေလှမ်းအနည်းငယ်လှမ်းဖို့ နှေးကွေး
ခက်ခဲစွာ လေ့လာခဲ့ရသည်။ ခြေထောက်ပေါ်ခိုင်ခိုင်မတ်မတ်ရပ်နိုင်သောအခါ မျက်နှာမော့ကြည့်မိတော့ ပေပေါင်းတရာ
လောက်မြင့်သော တောင်ကုန်းကိုမြင်ရသည်။ သို့ နှင့် ယင်းတောင်ကုန်းကို သူတက်ကြည့်သည်။ ပြီးနောက်  ပိုမြင့်သည့် ပေနှစ်ရာတောင်ကုန်းတခုကို ထပ်တွေ့ ရပြန်သည်။ ယင်းတောင်ကုန်းကိုလည်း သူတက်ရောက်လိုက်ပြန်၏။
          အရင်တွေ့ ခဲ့ရသမျှတောင်ကုန်းများထက် ပို၍ပို၍မြင့်မားသောတောင်ကုန်းများသာ ပေါ်လာကြသည်။ သူကလည်း တက်မြဲတက်နိုင်ခဲ့သည်မှာ တခုပြီးတခုဖြစ်ပေတော့၏။ နောက်ဆုံး သူတွေ့ မြင်ဖူးသမျှတောင်များအနက် အမြင့်ဆုံးတောင်
          တောင်ထိပ်တွင် ဟိုဟိုသည်သည်ကြည့်လေရာ အခြားတောင်ထွတ်များကို မြင်ရပြန်၏။ နောက်ဆုံးတွင် သူနားလည်မိသည်ကား တောင်တက်ဖို့ ရာ သူသည်အိုမင်းလွန်းလှချေပြီ ဟူ၏။
          ယခု ဘုန်းကြီးသည် အသက်ရှစ်ဆယ်အတွင်းရောက်နေပါပြီ။ နောက်နှစ်အနည်းငယ်နေရပါဦး
မည်ဟု ထင်ပါသည်။ နောက်ထပ်တောင်မြင့်ကြီးများ ဆီတက်နိုင်ဖို့ အရေး နောက်ဘဝအထိ ဘုန်းကြီး စောင့်ဆိုင်းရပါဦးမည်။
          စင်စစ် အကြီးတကာ့အကြီးဆုံးတောင်တခုဆီ ဘုန်းကြီးဆက်တက်ရပေဦးမည်။ ရှေ့ တွင် တည်ရှိနေသည့် ဧရာမတောင်ထွတ်ကြီးနှင့်နှိုင်းယှဉ်လျှင် ဘုန်းကြီးရရှိထားပြီးသည့်အောင်မြင်မှုတို့ မှာ မပြောပလောက်သောအရာများဖြစ်ကြ၏။ ဧရာမတောင်ထွတ်ကြီးဟူသည် ပြီးပြည့်စုံသော ၊ အနှိုင်းမဲ့သော သဗ္ဗညုတဉာဏ်တော်ပင်ဖြစ်ပါ၏။
                    ဤဘဝဤသက်တမ်းအတွင်းမှာပင် စိန်ခေါ်မှုများအတော်အတန်ရှိနေပါသည်။ ဘုန်းကြီး၏ဆောင်ရွက်လုပ်ကိုင်ရမည့်ကိစ္စများအနက်တခုမှာ ယခုလူ့ ဘဝလူ့ လောကမှာ သက်ရှိ
နေထိုင်စဉ်အတွင်း ရဟန်းတပါး၏ဝိနည်းစည်းကမ်းကို ထိန်းသိမ်းစောင့်စည်းနိုင်ရေးပင် ဖြစ်ပါ၏။
          တခါတရံ ဘုန်းကြီးခရီးသွားလျှင် လူဝတ်ကြောင်များက  နန်းတော်တမျှအသုံးအဆောင်
များနှင့် ဘုန်းကြီးကို နေရာချပေးထားသည်။ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးများ ၊ အိပ်ခန်းကျယ်ကြီး
များဖြင့်ဖွဲ့ စည်းတည်ဆောက်ထားပြီး ရေကူးကန်လည်းပါသည့် အထက်တန်းစားအိမ်ကြီးအိမ်ကောင်း
များမှာ ဘုန်းကြီးကို သီတင်းသုံးစေကြ၏။ ဓနအင်အား  ကြွယ်ဝပြည့်စုံသူများသည် သူတို့ ၏ ဘန်တလေကားအမျိုးအစား ၊ ပိုးချေးကားအမျိုးအစားများဖြင့် ဘုန်းကြီးအားတင်ခေါ်ကာ ဟိုနားသည်နား ပို့ ပေးကြသည်။ 
တခါကများဆိုလျှင် အမိုးခေါက်ရိုးရွိက်စ်ကားဖြူကြီးဖြင့် လာကြိုဖူးသည်။ နောက်တကြိမ်တွင်မူ ကိုယ်ပိုင်ဟယ်လီကော်ပတာဖြင့် ကြိုဆိုကြပြန်သည်။
          ဤဒကာ ၊ ဒါယိကာများတို့ သည် ဘုန်းကြီးကို ကြည်ညို့ပူဇော်ကြသည်ဆိုသော်ငြားလည်း
သည်လိုဇိမ်ခံကိစ္စများနှင့်ပတ်သက်၍မူ ဘုန်းကြီးမှာ အပြစ်တခုကို ကျူးလွန်မိသည်ဟု ခံစားရပါသည်။
 ရဟန်းဟူသည် ရိုးစင်းသော နေထိုင်မှုရှိရပေမည်။ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်မှုအတိုင်း
အတာဘောင်ကိုကျော်လွန်သော ဇိမ်ခံမှု ၊ ပကာသနဇာချဲ့ မှုကင်းရှင်းရပေမည်။ ဖောင်းကားကြွရွနေ
သည့်အိပ်ရာကုတင်နှင့်မကြာခဏကြုံရသော်လည်း ဧည့်ဝတ်ပြုသူများမရိပ်မိလေအောင်
စောင်တထည်ကို သိုသိပ်စွာယူကာ ကြမ်းပြင်ပေါ် ဖြန့် ခင်းပြီး ယင်းအပေါ်မှာသာအိပ်စက်ခဲ့ပါသည်။
          ဘုန်းကြီး၏ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည် သီရိလင်္ကာမှာ နေထိုင်နေဆဲပင်ဖြစ်
သည်။ ဘုန်းကြီး၏ငယ်ဘဝကဲ့သို့ ပင် သူတို့ သည် နွားချေးလိမ်းကျံထားသည့် ကြမ်းပြင်ညစ်ညစ်ပေပေ
ပေါ်တွင် လမ်းလျှောက်နေကြသည်။ လေယာဉ်ပေါ်ရှိ ပထမတန်းနေရာ သက်သာချောင်ချိသောနေရာ
တွင် ထိုင်မိစဉ် ယင်းအကြောင်းများ အတွေးဝင်လာလျှင် ဘုန်းကြီးမျက်ရည်ကျမိပါသည်။
          လွန်ခဲ့ပြီးနှစ်အနည်းငယ်ကပင် ကမ္ဘာ့ဒေသအသီးသီးမှ တရားဟော၊ တရားပြပင့်လျှောက်သည့် ဓမ္မဒူတခရီးစဉ်များကို အကျဉ်းချုံ့ ထားခဲ့သော်လည်း ကနေဒါ ၊ ဘရာဇီးလ်၊ မလေးရှား၊ စင်္ကာပူ ၊ သြစတေးလျ ၊ စကင်ဒီနေးဗီးယား နှင့် ဥရောပသို့ မူ နှစ်စဉ်လိုလို ကြွနေရဆဲပင် ဖြစ်ပါ၏။ နိုင်ငံကူးလက်မှတ်ရှိ ဗီဇာစာမျက်နှာများသည်ပင် နေရာလွတ်ဟူ၍ မရှိချေပြီတည်း…။
          ၁၉၇၇ ခုနှစ်တွင် ဘုန်းကြီး အမေရိကန်နိုင်ငံသား ဖြစ်လာသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် ဘုန်းကြီး၏အိမ်ပေတည်း။ တကမ္ဘာလုံးကျယ်ပြန့် စွာ အများစုသုံးစွဲနေသည့် ဘာသာစကားဖြင့် တရားဓမ္မသင်ကြားရေးဟူသည့် ဘုန်းကြီး၏ရည်ရွယ်ချက်ကိုလည်း နားလည်လာပါသည်။
          ဘာဝနာရိပ်သာမှာလည်း  လာတလှည့် မလာတလှည့် အလှုများ၊ ပုဂ္ဂိုလ်ရေးဝိရောဓိများ ၊ လှည့်ပတ်သွားလာနေသောဟစ်ပီများ၊ နေခွင့်တောင်းပြီးနောက် ဘဏ်ချက်စာအုပ်ကိုဖြစ်စေ၊ အသင်းအဖွဲ့ ပိုင်ကားကိုဖြစ်စေ အလစ်သုတ်ခိုးပြေးသူ ..ဟူသည့် အခက်အခဲများစွာ ရှိပါသည်။ 
မည်သို့ ပင် ဖြစ်စေကာမူ ဘုန်းကြီးတို့ ဒါရိုက်တာအဖွဲ့ ဝင်များ ကျေနပ်ဝမ်းမြောက်ကြပါသည်။ ၁၉၉၇ ခုနှစ်တွင် အလွန်တင့်တယ်သော ကမ္မဋ္ဌာန်းခန်းမဆောင်တခုကို ဘုန်းကြီးတို့ တည်ဆောက်ခဲ့ကြသည်။ 
အများဆုံးအလှုငွေဒေါ်လာ တသိန်းငါးသောင်းရအောင် စုစည်းပေးနိုင်သော အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ထိုင်းအလှုရှင်များအား ကျေးဇူးတင်မဆုံးဖြစ်ရပါသည်။
          ကမ္မဋ္ဌာန်းခန်းမဆောင်မှာ နှစ်သက်ဖွယ်ကောင်းလှသည်။ ဝေလငါးကြီးတကောင်၏ နံရိုးများလို အဝါရောင်ထင်းရူးယက်မတန်းများယက်ရှယ်ကာအခုံးပြုလုပ်တည်ဆောက်ထားပြီး ဘုရားရှိခိုးကျောင်းကြီးတခုအလား
 ဖြစ်နေသည်။ လေးလံကြီးမားသော ပေါင်ခုနစ်ရာရှိ ဗုဒ္ဓရုပ်ပွားတော်တဆူက ရောင်စုံမှန်ပြူတင်းပေါက်အောက်ရှိ ပလ္လင်မြင့်ပေါ်မှာ သီတင်းသုံးစံပယ်တော်မူနေသည်။ ပြူတင်းပေါက်မှာ သဗ္ဗညုတဉာဏ်တော်ရတော်မူမည့်ညတွင် တရားအားထုတ်ထိုင်တော်မူရာ
ဗောဓိညောင်ရိပ်ကို ကောင်းစွာအမှတ်ရစေနိုင်သော အလှုဖြစ်သော ဗောဓိညောင်ရွက်တရွက်ပုံစံသရုပ်ဖော်ထားသည်။
 ဤအပြင်အဆင်က ဤဌာနသို့ လာရောက်တရားကျင့်သူတို့ အား အားပေးလှုံဆော်မှုပေးလိမ့်မည်ဟု ဘုန်းကြီးမျှော်လင့်ပါသည်။
          ကမ္မဋ္ဌာန်းခန်းမဆောင်တွင် လောကသဘာဝမျှတနေထိုင်နိုင်ရေးကိုလည်း ပိုမိုထည့်သွင်းလှုဒါန်းထားသည်။
 အနောက်ဗာဂျီးနီးယားပြည်နယ်၏ ရိုးတွင်းခြင်ဆီအထိခိုက်အောင်အေးမြသော ဆောင်းရာသီအတွင်းမှာပင် တရားကျင့်သူများသည် ကမ္မဋ္ဌာန်းခန်းမကြမ်းပြင်အောက်ရှိ ရေပူပိုက်များကြောင့် နွေးထွေးစွာနေနိုင်ကြပေမည်။
 သင်္ကန်းဝတ်နှင့်မြဲသူလည်းမြဲသည်။ မမြဲသူလည်း မမြဲပါ။
          ရိပ်သာဧရိယာပိုင်နက်ရှိသစ်တောအတွင်း ကုဋိ ခေါ် ကျောင်းငယ်ကလေးများကို ပြင်တန်ပြင် ၊
အသစ်ဆောက်တန်ဆောက် ပြုလုပ်ထားပါသည်။ ယောဂီဆောင် ၉ ခုထားရှိပါသည်။ ညအိပ်ဧည့်သည်ပေါင်း
 ၆ဝ အထိ လက်ခံထားနိုင်ပါပြီ။
          နောက်ဆုံးတွင် နောက်ဆုံးလက်ကျန်အချိန်များအတွက် မျှော်မှန်းထားခဲ့သော ဘဝတခုကို အထိုင်ချပြီးပြီဟု ဘုန်းကြီးခံစားမိသည်။ ရေပိုင်ပြင်ခြင်း ၊ နံရံအတွင်းသို့ အပူအအေးကာပစ္စည်းအင်ဆူလေးရှင်းမှုတ်သွင်းခြင်း
၊ မြက်ရိတ်ခြင်းကို ဘုန်းကြီးလုပ်စရာမလိုတော့ပြီ။ ကားမောင်းစရာလည်းမလိုတော့ပြီ။ 
ဘဏ်ချက်လက်မှတ်စာအုပ်လည်း ကိုင်စရာမလိုတော့ပြီ။ ထိုအလုပ်များကို ဘုန်းကြီးးအနီးမှာ ရှိသူတွေ လုပ်ကြပေမည်။
          ကျမ်းစာအုပ်များမှရအပ်သောငွေများ၊ တရားစခန်းများမှလှုကြသောအလှုငွေများသည် ဘာဝနာရိပ်သာ
ဘဏ်စာရင်းသို့ သာ ရောက်သည်။ ဘုန်းကြီးမွေးနေ့ မှာဖြစ်စေ၊ အခြားရက်မှာဖြစ်စေ ဆွေမျိုးများနှင့် မိတ်ဆွေများက ဘုန်းကြီးအား ငွေချက်လက်မှတ်ပေးလှုကြသည်။ လျှောက်ထားကြသည်။
          "အရှင်ဘုရား…ဒီအလှုငွေကို အရှင်ဘုရားကိုယ်ရေးကိုယ်တာအတွက်သုံးပါ၊ ဘာဝနာရိပ်သာ အတွက် မထည့်ပါနဲ့ "
          ဘုန်းကြီး ပြုံးရုံသာပြုံးနေလိုက်သည်။ ထိုအလှုရှင်များကို ကျေးဇူးတုံ့ ပြန် မေတ္တာပို့ သည်။ ပြီးနောက် ချက်လက်မှတ်ကို ဘာဝနာရိပ်သာဘဏ်စာရင်းထဲထည့်ပါသည်။ သည်ကိစ္စသည်လိုသာ ဖြစ်သင့်ပါသည်။ ဘုန်းကြီးသည် ရဟန်းတပါးဖြစ်သည်။
 ငွေကြေးချမ်းသာစရာမလိုပါ။ မည်သည့်ပိုင်ဆိုင်မှုမျှမရှိဘဲ မွေးဖွားလာသလို မည်သည့်ပိုင်ဆိုင်မှုမျှမပါဘဲ သေဆုံးရဦးမည်။ မည်သူမဆို ပိုင်ဆိုင်သောအရာအစစ်အမှန်မှာ ကိုယ်ပိုင်ကံတရားသာဖြစ်ပါသည်။
          တရားဓမ္မကိုသင်ပေးနိုင်သောရဟန်းဘဝကလွဲပြီး အခြားမည်သည့်ဘဝကိုမျှ ဘုန်းကြီး မမျှော်မှန်းခဲ့ပါ။ သည်အလုပ်ကိုလုပ်ဖို့ ဘုန်းကြီးမွေးဖွားလာသည်။ သည်အခွင့်အရေးကိုပေးခြင်းအတွက်လည်း ဘုန်းကြီးဝမ်းသာမဆုံးဖြစ်ရပါသည်။
          ဆင်းရဲသူတို့ တွင် အဆင်းရဲဆုံးသူ ၊ ချမ်းသာသူတို့ တွင် အချမ်းသာဆုံးသူ၊ ကျော်ကြားသူ ၊ ဒွန်းစဏ္ဍား ၊ သူတော်ကောင်း ၊ ကောက်ကျစ်သူတို့ နှင့် ဘုန်းကြီး အပေါင်းအဖက်ပြုခဲ့ပါသည်။ ကျွန်ုပ်တို့ ဝန်းကျင်ရှိအရာအားလုံးအနက် သစ္စာ ၄ ပါးတရားကို သိနားလည်သည်ကလွဲ၍ အခြားအရေးကြီးသောအရာမရှိဟု ထိုသူအားလုံးတို့ ထံမှပင် ဘုန်းကြီးလေ့လာသိမြင်ခဲ့ရပါသည်။
          အလိုရမ္မက်(လောဘ)၊ အမျက် (ဒေါသ) နှင့် အမိုက် (မောဟ) တို့ က လူ့ ဘဝကို စိုးမိုးခြယ်လှယ်ထားကြသည်။ 
ကိုယ်စိတ်ဆင်းရဲများပယ်ရှားလိုလျှင် စိတ်အညစ်အကြေးများကို ကျော်လွှားနိုင်သော အလုပ်ကို လုံ့ လအားစိုက် ကြိုးစားထိုက်ပါ၏။
          ဆိုးရွားသောမုန်တိုင်းကြားတွင် ဓမ္မသည် ဘုန်းကြီး၏ ဒိုင်းဖြစ်ခဲ့ပါ၏။ ထီးဖြစ်ခဲ့ပါ၏။
ယခုလည်း ဓမ္မသည် ဘုန်းကြီး၏ ဒိုင်းဖြစ်ပါ၏။ ထီးဖြစ်ပါ၏။
          ရှင်းလင်းပီပြင်စွာသတိထားနိုင်ပါလျှင် ဓမ္မသည် အားလုံးအားကိုးနိုင်သော ခိုလှုံရာဌာန ဖြစ်ပါသည်။ စာဖတ်သူများလည်း ဘဝမှာ ခိုလှုံရာနေရာတွေ့ နိုင်ပါစေဟု ဘုန်းကြီး မျှော်လင့်ပါသည်။
ဘန္တေဟန်နေပေါလ ဂုဏရတန
ဟိုင်းဗျူး ၊ အနောက်ဗာဂျီးနီးယား
နွေဦးရာသီ ၊ ၂ဝဝ၃ ခုနှစ်
(Journey to the Mindfulness မှ Afterword ကို ပြန်ဆိုသည်။)
အမရဒီပ
ဧပြီ ၁၊ ၂ဝ၁၅
Saturday, March 28, 2015
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
ပြီ။ “ပျို့ “ဟု ကဗျာဆရာတွင်းသင်းမင်းကြီးကိုယ်တိုင်အမည်ပေးသည်တော့မဟုတ်ပါ။ သူ၏ပရိသတ်က ပေးလိုက်သောအမည်ပညတ်သာဖြစ်လေသည်။ တွင်းသင်းမင်းကြီးကိုယ်တိုင်ကမူ သူ၏ကဗျာကျမ်းတို့ ကို “စာ“ဟုလည်းကောင်း၊ “ကျမ်း“ဟုလည်းကောင်း၊ “လင်္ကာ“ဟုလည်းကောင်း အမည်ပေးပါသည်။
တွင်းသင်းမင်းကြီးကိုယ်တိုင်ပြုစုစပ်ဆိုခဲ့သော ဝိဓူရတွင်……..“ဓမ္မမြတ်စစ်၊ ဤကျမ်းသစ်“ ဟူသောစ
ကား ၊ မုဒုလက္ခဏတွင်…..“သံသရာပစ္စုပ္ပန်၊ နှစ်တန်ကျိုးကြီး ၊ ပြီးစီးလေရှာ ၊ ဤငါ့စာ“..ဟူသောစကား ၊ ဘလ္လာတိယတွင်…..“သုတ္တန်မြတ်စစ်၊ ဤကျမ်းသစ်ကား“…ဟူသောစကား ၊ မဟာဇနကတွင် …
လင်္ကာစီပြစ် ၊ ဖော်ထုတ်လှစ်သည် ၊ နားသွင်းစေငှါ ၊ အလင်္ကာဖြင့်“….ဟူသောစကားတို့ ကို ကြည့်ရှု
ထောက်ဆခြင်းပြုကာ “ပျို့ “သည် မင်းကြီး၏ မူလပေးရင်းအမည်မဟုတ်ကြောင်း ဆိုရပါသည်။
          မြန်မာစာပေကို လက်လှမ်းမှီသလောက်လေ့လာမိရာ မြန်မာစာတွင်လည်း ဘုန်းကြီးကျောင်း
ပါဠိသဒ္ဒါကျမ်းသင်နည်းကဲ့သို့ “ရုပ်တွက်“ရှိကြောင်း တွေ့ ရပါသည်။ “ရုပ်တွက်“ဟူသည် ပါဠိဝေါဟာရ
တခုမည်သို့ မည်ပုံတည်ဆောက်ထားကြောင်း ရှင်းပြခြင်းဖြစ်သည်။ စက်ဘီးတစီးကို တစစီဖြုတ်ပြီး စနစ်တကျပြန်လည်တပ်ဆင်သည်နှင့်တူပါသည်။ ဝေါဟာရတခုကိုလည်း တစစီဖြုတ်ပြီး ပြန်တပ်သည် ကို ရုပ်တွက်ခေါ်ပါသည်။
ခုခါမြတ်ဝယ်
ဘယ်နတ်စီမံ
ဘယ်ကံစီရင်
ပြင်ပါလိမ့်နည်း…..။ (၆)
လိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ လိမ့် ကို လေအံ့ ဟုခွဲ ၊ လေတွင် သဝေထိုး (ဧ)ကို ဣ ပြု (လိ)ဖြစ်၊ အံ့တွင် အသရကိုချေဖျက် ၊သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ လိကို မ့်သို့ ကပ် (လိ+မ့်) လိမ့်ဖြစ်၏။
နောက်တပုဒ်ကြည့်ပါဦးမည်။
ဤယခုဝယ်
သဗ္ဗညုဘုန်းခေါင်
ငါးမာရ်အောင်၏
ပြောင်ပြောင်ဝင်းဝါ
သာသနာကို
ဘယ်မှာနှစ်သိမ့်
တတ်နိုင်ချိမ့်အံ့……။(၅)
ချိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ချိမ့်ကို ချေအံ့ ဟုခွဲ ၊ ချေတွင် သဝေထိုး (ဧ)ကို ဣပြု  (ချိ)ဖြစ်၊ အံ့တွင် အသရကိုချေ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ ချိကို မ့်သို့ ကပ်၊ (ချိ+မ့်) ချိမ့် ဖြစ်၏။
ပျော်ပျော်စုဝေး
ယခုမေး၍
အရေးပစ်ခွါ
မလွှဲသာခဲ့
ခြင်းရာဟုတ်တိုင်း
မဆုတ်ဆိုင်းလျှင်
ပိုင်းပိုင်းပြတ်ပြတ်
မှတ်မှတ်သားသား
စကားမထောင့်
ရောင့်ရောင့်ရင်းရင်း
သားချင်းဟူသည်
အမှတ်ရည်၍
တမည်မကျန်
ကျွန်ုပ်ပြန်ပိမ့် ……။ (၁ဝ)
ကျွန်ုပြန်ပိမ့်“ ဟူသောပဒတွင် “ပိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ပိမ့် ကို ပေအံ့ဟုခွဲ ၊ ပေတွင် သဝေထိုး (ဧ)သရကို ဣပြု (ပိ)ဖြစ် ၊ အံ့တွင် အသရကိုချေ ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ ပိကို မ့် သို့ ကပ် (ပိ+မ့်) ပိမ့်ဖြစ်၏။
          “လိမ့် ၊ ချိမ့် ၊ ပိမ့်“ တို့ မှာ မူလအားဖြင့် “လေအံ့ ၊ ချေအံ့ ၊ ပေအံ့“ ဟူသော စကား ၂ လုံး ၊ အသံ ၂ သံထွက်သော စကားလုံးတို့ ဖြစ်ကြသည်။ ယင်းတို့ ကို စကား ၁ လုံး ၊ အသံ ၁ သံပြုလိုက အထက်ဖော်ပြပါနည်းများအတိုင်း မြန်မာရုပ်တွက်၊ ရုပ်ပြီးရကြောင်း တွေ့ ရပါသည်။
(ဤဆောင်းပါးအတွက် ဦးမောင်မောင်ကြီး(မဟာဝိဇ္ဇာ)၏ နေမိဘုံခန်းနိဒါန်း နှင့် ပညာအုပ်ဦးဖိုးစိန်၏ ဂမ္ဘီသာရပျို့ ဋီကာကို အားကိုးသမှုပြုပါသည်။)
အမရဒီပ
မတ်လ ၂၈၊ ၂ဝ၁၅