နဝဒေးရယ်… နတ်သျှင်နောင်ရယ်…ပြီးတော့
တွင်းသင်းမင်းကြီးရယ်
မင်းသုဝဏ်က တွင်းသင်းမင်းကြီးပခုံးကို
မှီထားကြောင်း ရှေးတွင် ဆိုခဲ့ပြီ။ တွင်းသင်းမင်းကြီး
ကိုယ်တိုင်လည်း သူ
့ရှေ့ က ထင်ရှားခဲ့သော နဝဒေးနှင့်
နတ်သျှင်နောင်တို့ ပခုံးကိုမှီးကြောင်း ယခုတင်ပြလိုပါသည်။
နဝဒေးမှာ ပြည်ဇာတိဖြစ်သည်။
ဖွားသက္ကရာဇ်အတိအကျမတွေ့ ရပါ။နဝဒေးသည် ပြည်ဘုရင် နရပတိ (သက္ကရာဇ် ၈၉၄
နန်းတက်)၏ယောက်ဖတော်မင်းဘစော၏အထိန်းတော်ဖြစ်သည်။နဝဒေး
ကြီးသည် အသက် ၉ဝ
ကျော်မှ ကွယ်လွန်သည်ဟု မှတ်တမ်းရှိသည်။
တောင်ငူခေတ်ကဗျာသမိုင်းစာ
မျက်နှာတွင်
ရှေးကျသူဖြစ်ပြီး နတ်သျှင်နောင်သည်ပင် နဝဒေး၏ နည်းနိဿယစာဆိုပုံနှင့် မကင်းပါ
ချေ။
နတ်သျှင်နောင်ကို မြန်မာသက္ကရာဇ် ၉၃၉
(မြန်မာစာပေသမိုင်းအဆို သက္ကရာဇ် ၉၄ဝ)
မှာ ဖွားမြင်သည်။ မြန်မာသက္ကရာဇ် ၉၇၄ မှာ
လွန်သည်။ လွန်စဉ်က သက်တော် ၃၅ နှစ်သာ ရှိသေး
သည်။
တွင်းသင်းတိုက်ဝန်မဟာစည်သူဘွဲ့ ခံ ဦးထွန်းညိုမှာ မြန်မာသက္ကရာဇ် ၁ဝ၈၈ ဖွားဖြစ်သည်။
နတ်သျှင်နောင်သည်
မြန်မာကဗျာကောင်းကင်မှာ အများမော်ကြည့်ခံရသော ဂြိုဟ်ပြာတစင်း (Blue Planet)
ဖြစ်လို့ အထူးမိတ်ဆက်ပေးစရာမလိုပါ။ မလိုအပ်ဟု ထင်ပါသည်။
တွင်းသင်းမင်းကြီးသည် မုဒုလက္ခဏပျို
့တွင် မိဖုရားအလှကို တမျိုးပြီးတမျိုးမရိုးရလေအောင် စာဖွဲ့ ပါသည်။
ဗာရာဏသီရေမြေ့ရှင်ဒကာတော်က ဟရိတစရသေ့အား မိဖုရားပေးလှုခန်းကို ကြည့်ပါဦး။
ရွှင်အားထပ်လှောက်
ဝမ်းတော်မြောက်လော့
ခြောက်ယောက်နောက်မွေး
ရှင်ထွေးနတ်တု
မုဒုလက္ခဏ
မယ်လျကိုထား
ပွင့်ထားထီးဝန်း
ရွှေပြည်နန်းကို
စံခန်းဘုန်းလူ
လိုတော်မူက
လှုဝံ့မည်ချည်း…….။
(၅၇)
မိဖုရားဆိုတာတော့
မပြောပလောက်၊ အရှင်ရသေ့ဆရာလိုတော်မူလျှင် ထီးနန်းစည်းစိမ်ကိုပင်လျှင် လှုဝံ့ပါသည်ဟု
ဘုရင်ကလျှောက်ထားပါသည်။ "မယားထိ ဓားကြည့် "ဆိုသူစာရင်းမှာ သည်ဘုရင်
မပါဘူးဟု ထူးဆန်းကာ ဇာတ်ပေါင်းခန်းကြည့်လိုက်တော့ အရှင်အာနန္ဒအလောင်းဖြစ်နေလေ၏။
ထားတော့….။ အနောက်တိုင်းစာပေသမားတွေက
ပြောသည်။ “Books are made of words, စာအုပ်ကို စကားလုံးများဖြင့်ပြုလုပ်သည်”……တဲ့။
စာတအုပ်၊ စာတပုဒ်ကို နားလည်နိုင်ရေးအတွက် အခြေခံမှာ စကားလုံးများကို
နားလည်ရန်ပင်ဖြစ်သည်။ တနည်းအားဖြင့် စာအုပ်ကို စကားလုံးများဖြင့် ပြုလုပ်ထားသည်၊ စကားလုံးကို
လုံးစေ့ပတ်စေ့နားမလည်လျှင် စာအုပ်ကိုနားလည်သည်ဟု မဆိုနိုင်ပါ။
ပါဠိသဒ္ဒါငယ်ဆရာတွေကလည်း
အလားတူစကားမျိုးမိန့် ဆိုကြသည်။ အနောက်တိုင်းပညာရှိ
တွေထက်ပင် ပုဒ်၊ ဝါကျ၊ စာအုပ်အဆင့်ဖြစ်ပေါ်ပုံကို
အသေးစိတ်တိကျစွာဆိုသည်။
အက္ခရသမူဟော ပဒံ=
အက္ခရာအစုအပေါင်းသည် ပုဒ် (ဥပမာ- နေ၊ လ၊ အိမ်၊ လူ)
ပဒသမူဟော ဝါကျံ =
ပုဒ်အစုအပေါင်းသည် ဝါကျ (ဥပမာ- နေ ထွက်သည်၊ လသာသည်)
ဝါကျသမူဟော ဂန္ထော=
ဝါကျအစုအပေါင်းသည် စာအုပ်၊ ကျမ်း။ (သံပေါက်၊ လင်္ကာ၊ ရတုတပုဒ်-ဟု လည်း
ယူဆနိုင်ပါသည်။)
ဖော်ပြပြီးသော မိဖုရားလှုခန်းကဗျာမှာလည်း
အက္ခရာပေါင်းစပ်မှု၊ ပုဒ်ပေါင်းစပ်တွေပါနေသည်။ ဝါကျပါသည်။
အက္ခရာပေါင်းစပ်မှုမှာအခြေခံအပိုင်းဖြစ်၍ အထူးပြောစရာမလို၊ နားလည်ပြီးဖြစ်သည်။
ဝါကျဆိုလိုချက်မှာလည်း မိဖုရားမဆိုထားနဲ့ ၊ ထီးနန်းကိုပင်လှုနိုင်သေးသည်ဟု
နားလည်သည်။ စဉ်းစားဖွယ်ရှိသည်ကား ………၊
" ခြောက်ယောက်နောက်မွေး
ရှင်ထွေးနတ်တု
မုဒုလက္ခဏ"
အင်္ဂလိပ်ဘာသာသုံး Phrase သည်
ပုဒ်အစုအဝေးအဆင့်မျှသာဖြစ်သည်။ ကတ္တား၊ကြိယာ
မပါဝင်ချေ။ သို
့ဖြစ်လေရာ ပါဠိသဒ္ဒါသုံး "သမာသ်ပုဒ်"နှင့် သဘောသွားတူညီသည်။
မြန်မာသဒ္ဒါမှာ
လည်း
"ခြောက်ယောက်နောက်မွေး ၊ ရှင်ထွေးနတ်တု"သည် မြန်မာသမာသ်ပုဒ်၊ သို့ မဟုတ်
Myanmar Phrase တခုဖြစ်လေသည်။ ဝါကျအဆင့်မဟုတ်ချေသေး….။စကားတွေရှည်နေရော့မည်၊
ဆိုလိုရင်း မှာ တွင်းသင်းမင်းကြီး၏ မြန်မာသမာသ်ပုဒ်ကို ရုတ်တရက်
နားမလည်နိုင်ပါ..ဟုပင် ဖြစ်ပါ၏။
စာ၊ ကဗျာဖတ်သည်ဆိုသည်မှာလည်း
ပါရမီဖြည့်သလိုပါလားဟု မနှိုင်းကောင်း နှိုင်းကောင်း
တွေးဖူးသည်။
ပါရမီပြည့်အောင် ဥုံဖွမန်းလို့ မရ၊ ကိုယ်တိုင်ဖြည်းဖြည်းချင်းတည်ဆောက်ယူရသည်။
ထိုနည်းတူစွာ စာ၊
ကဗျာဉာဏ်ရင့်သန်ရေး၊ နားလည်ရေးကလည်း ဖြတ်လမ်းမရှိ၊ တပွဲတိုးစမအင်းမရှိ ၊
အသက်ရှည်သမျှ (မသေမချင်း) ဖတ်မှတ်၊ စုဆောင်း၊ တွေးကြံလုပ်ယူရသည်။
ဤနည်းဤပုံဖြတ်သန်း
လျက်ရှိသော
တချိန်တွင် နတ်သျှင်နောင်ရတုတပုဒ်ကို ဤသို့ ဖတ်ရပါသည်။ ဖြန့် ဝန်းစကြာချီ-ကျိုက်ခေါက် ဘုရားတိုင်မယ်ဘွဲ့ ရတု၊ ပိုဒ်ရေ ၃
ဖြစ်ပါသည်။
ခန့် မှန်းသက်သာ ၊
ချစ်သူမှာနှင့်
လွမ်းတာမဝေး ၊
ပြည့်မည်ရေးကား
ကြူးအေးမစ ၊
မပြမိုးသား
နည်းများညိုစင် ၊
မဆင်ခင်ဝယ်
ရှင်ပင်တေဇာ ၊
ထွန်းဉာဏ်ဝါဖြင့်
မေတ္တာရှေးရှု ၊
ဖြည့်တော်မူလော့
ဇမ္ဗူနဒ ၊
ဝေဘူမြနှင့်
သိင်္ဂတဝက် ၊
သွန်း၍ယှက်သို့ 
မွတ်ညက်ပြာဝင်း ၊
သွယ်နွဲ့ ရှင်းကို
လူချင်းဝယ်သော် ၊
မူးမော်ပန်းကာ
မရသာတည့် ၊
စကြာရှေ့ မည်
ရောက်တိုင်းလည်လည်း
၊ နှစ်မည်မထောက်
စံဖြစ်လောက်သည်
ခြောက်ယောက်နှောင်းမြင့်နတ်ပင်သော…။
မှာခဲ့ရက်လျှင်-ချီ မယ်ဘွဲ့ ရတု ပိုဒ်ရေ ၁ မှာလည်း
အလားတူအဖွဲ့ အနွဲ့ ကို တွေ့ ရပြန်၏။
မှာခဲ့ရက်လျှင် ၊
ဆောင်းထက်မယွန်း
နေံမဆန်းတည့် ၊
မပန်းလေပြည်
မီလမည်ဟု ၊
ဆိုသည်နှင့်ညီ
ရောက်တန်ပြီဟု ၊
လွမ်းသည်ရစ်ခွေ
မဆင့်လေဘဲ ၊
ဖျော်ဖြေစရာ
စစ်မြေတာဝယ် ၊
ပစာပျော်ဘွယ်
ပျော်ကြောင်းချယ်၍
၊ မယ့်ဝယ်ဆွတ်ဆွတ်
မေ့ကျန်တတ်ဟု ၊
ချစ်ထွတ်တင်သည်
လေးပင်စံမြောက် ၊
နတ်နှင့်ထောက်သည်
ခြောက်ယောက်နတ်နှောင်း ၊ ပြာနွဲ့ နှောင်းသည်
တပေါင်းရောက်လျှင်မှတ်လိမ့်မည်…။
နတ်သျှင်နောင်သည်ပင်
ရေးဖွဲ့ သည့်……
ခြောက်ပါးအစွန်း ၊ လှပန်းပန်းကို
ဖြေဆန်းဗျာပါ ၊
ဖြေသည်သာတည်း….ဟု လည်း ရှိသေးသည်။ ဆိုလိုချက်တူဖြစ်မည်။
တောင်ငူဆိုရတုအဖြေများရေးသားပြုစုကြသည့်ဆရာတော်အရှင်ဥက္ကံသမာလာ
နှင့် ဦးရွှန်းတို "ခြောက်ယောက်နတ်နှောင်း"
ကို အဖြေတမျိုးစီ ထုတ်ကြသည်။ ဇင်းမယ်ပဏ္ဏာသကျမ်း၊ ဇာတ်အမှတ် ၁၄၅ သုမနုဇာတ်လာ
ကေလာသတောင်ထိပ် (ငွေတောင်ပြည်) ဒုမမင်းကြီး၏သမီးတော် ကိန္နရီမ
ခုနစ်ဖော်ထဲက
အထွေးဆုံး၊ အငယ်ဆုံး မနော်ဟရီမင်းသမီးကို ရည်ရွယ်သည်ဟု ဆရာတော်က အဖြေထုတ်သည်။
ဦးရွှန်းကမူ
ယင်းသို့ မယူဆပါ။ စာတုမဟာရာဇ် ၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊
ပရနိမ္မာနဝသဝတ္တိ--ဟူသော နတ်ပြည်ခြောက်ထပ်က နတ်သမီးအချောဆုံးအလှဆုံးတယောက်စီ
ရွေးကောက်ရမည်။ ထိုနတ်သမီးအစစ် ခြောက်ယောက်ကို အမကြီးအရာထားပြီး စာဆိုခံ(ကဗျာဖွဲ
့ခံ) လူမင်းသမီးကို ညီမအထွေးဆုံး၊ အငယ်ဆုံးနေရာထားပါ--ဟု အဖြေထုတ်သည်။ နောက်ဆရာတို
့က ဦးရွှန်း၏အဖြေမှာ တိကျပြတ်သားသည်၊ အားကောင်းခိုင်မာသည်ဟု သဘောတူကြသည်။
တွင်းသင်းမင်းကြီးကလည်း
ဦးရွှန်းနည်းတူ အကောက်အယူအတူတူကြံဆသည်ဟု နားလည်မိပါ၏။
ကြည့်လေ။
“ခြောက်ယောက်နောက်မွေး“….ဟု
ဆိုလိုက်၏။ နတ်ပြည်ခြောက်ထပ် တဌာနစီကလာသည့် နတ်သမီး ၆ ယောက်နောက်မှမွေးဖွားသူဟု
ဆိုလိုသည်။ ပြီးတော့….၊
“ရှင်ထွေး“……ဟု
ဆိုပြန်၏။ နတ်သမီး ၆ ယောက်အမကြီးတို့ ၏ အထွေးဆုံး၊ အငယ်ဆုံးဟု ဆိုထား
ပြန်၏။ သို့ သော်
အငယ်အထွေးကလေးသည် အမကြီးတို့ ကဲ့သို့  နတ်သမီးအစစ်မဟုတ်ကြောင်း “နတ်တု“….ဟု
ဖော်ပြပြန်၏။ မုဒုလက္ခဏဒေဝီသည် နတ်သမီးအတုပါ၊ သို့ သော် အမကြီး ၆ ယောက် ဟူသည့်
နတ်သမီးအစစ်သဖွယ် တင့်တယ်လှပသောအဆင်းရူပါရုံကို ပိုင်ဆိုင်ပါသည်ဟူ၏။
နတ်သျှင်နောင်၏
“ခြောက်ယောက်နှောင်းမြင့်၊ ခြောက်ယောက်နတ်နှောင်း“ စကားကိုလိုက်ပြီး
တွင်းသင်းမင်းကြီးသည် မုဒုလက္ခဏဒေဝီကို “ခြောက်ယောက်နတ်မွေး၊ ရှင်ထွေးနတ်တု“ဟု
အတုယူ ကဗျာဖွဲ့ လိုက်သည်။ သို့ ရာတွင် “ရှင်ထွေးနတ်တု“ကတော့
နတ်သျှင်နောင်ဆီက ယူသည်မဟုတ်၊ နဝဒေးဆီက ယူသည်ဟု ယူဆပါသည်။ နဝဒေးက ဤသို့ ဆိုထားသည်။
နှောင်ချည်ချစ်၍ ၊
ပတ်ရစ်လည်တွင်
ကြင်ဦးကြင်သား ၊
ဘခင်-သားချင်း
မိမင်း-မောင်ကြီး၊
ဦးရီးတော်ရင်း
နားတော်သွင်း၍ ၊
တော်မင်းတို့ အား
နှုတ်ချိုပျားနှင့်
၊ တဖြားယောင်းယောင်း
ချစ်ခွင်းတောင်းမှ
၊ မျိုးပေါင်း-တကာ
ညီညာစုဝေး ၊ ထိမ်းမြားပေးသည့်
ရှင်ထွေးနှောင်းမြင် ၊ ညက်မြစင်….။ (၈၃)
ထပ်လွှမ်းထည်များ ၊
ထွေထွေခြား၍
ပျံ့ ရှားကြိုင်မြဲ
၊ သုံးဖန်လဲသား
ပန်းကြဲပတ်ကုံး ၊
မွေ့ ရာအုံးဝယ်
ထွေးဆုံးပျိုနု ၊ စံနတ်တုမူ
ငယ်သူ့ ဘာသာ ၊
တရံခါမျှ
မကွာလှည့်ချင် ၊
ရွှေမွမ်းဖျင်နှင့်
ပြန်လျင်စေသား ၊
ဆုများဆောက်တည်
ရည်၍လက်အုပ် ၊
လှခေါင်ချုပ်သည်
လွှမ်းရုပ်တထွေဆင်လိမ့်မည်….။
(၁၁၅)
နဝဒေးရတုပေါင်းချုပ်ရတုအမှတ်
၊ ၈၃ နှင့် ၁၁၅ မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ တွင်းသင်းမင်းကြီး
သည် နဝဒေးကြီး၏
ဤသို့ သောစာ၊ ဤသို့ သောကဗျာမှ “ရှင်ထွေးနတ်တု“စကားလုံးကို ရယူခဲ့ဟန် ပေါ်ကြောင်း
ထင်မြင်မိပါသည်။ မင်းကြီးသည် နဝဒေး၊ နတ်သျှင်နောင်တို့ ၏ စာပေအမွေအနှစ်ကို ယူကာ
မုဒုလက္ခဏဒေဝီကို အလှဆင်ပေးသည်ဟု ယူဆပါသည်။
နောင်အခါတွင်ကား မန်လည်ဆရာတော်ကဲ့သို
့သော ကုန်းဘောင်ခေတ်နှောင်းစာဆိုတို့ သည် “နတ်တု“ကို
လူတင်မကတော့ဘဲ နေရာဌာနနှင့်ပါ တွဲစပ်သုံးသည်ကို လေ့လာတွေ့ မိပါသည်။
တဆစ်ထို့ နောက် ၊
မြစ်အောက်ဒိသာ
မြစ်ညာကုရု ၊
ချမ်းသာစုသား
နတ်တုကျွန်းနေ ၊ ပဒေသာသုံး
လူတို့ ထုံး….။
(မဃဒေဝလင်္ကာသစ်၊ ၄၇ဝ)
ရှေးလူတို့ စာကို နောက်လူတို
့ယူသုံးသည့်အလေ့အထကား မြန်မာစာပေမှာသာ ရှိသည်
မဟုတ်၊
အနောက်တိုင်းစာပေမှာလည်း ရှိသည်။ လော့ (ဂ်ျ) (Lodge) ၏ ရော့ဇလင်း(ဒ်) (Rosalynde)
ကဗျာကိုမှီးကာ ရှိတ်စပီးယားက “As you like it” ပြဇာတ်ကို ရေးသည်။ သည်လိုပုံစံမျိုး
တခြား
ဆရာကြီးတွေလုပ်ခဲ့ကြပုံလည်း
ကမ္ဘာမှာရော မြန်မာမှာပါ များစွာရှိသည်။
လုပ်ကြပါစေ..။ ရှေးလူတွေလမ်းထွင်သွားလို
့လမ်းဖြစ်လျှင် နောက်လူတွေ လျှောက်ကြပေ
မည်။ သည်လို
နားလည်မှုပေးဖို့ အရှင်မဟာရဋ္ဌသာရဆရာတော်က အမြော်အမြင်ကြီးစွာ သတိပေး
ခဲ့သည်။
“ရှေးကလူမျိုး
၊ ဆိုလမ်းရိုး ၊ စာခိုးမဆိုသာ။“အမရဒီပ
မတ်လ ၁၂ ၊ ၂ဝ၁၅
No comments:
Post a Comment