Total Pageviews

Saturday, September 14, 2013

တကြိမ်သာကျင်းပဖူးတဲ့ မြန်မာပြည်က သာသနာပိုင်ရွေးကောက်ပွဲ



မြန်မာရှေးဘုရင်များလက်ထက်မှာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်ပြီး ဘုရင်ကိုအကြံဉာဏ်ပေးဖို့ ၊
သာသနာကို စောင့်ရှောက်ပေးဖို့ ဆရာတော်တပါးပါးကို သာသနာပိုင် (သံဃရာဇာ) အဖြစ် ခန့် အပ် တာဝန်ပေးတယ်။ အချို့ မင်းလက်ထက်မှာ သာသနာပိုင်အဖွဲ့  ( ၄ ပါး၊ ၈ ပါး၊ ၁၂ ပါး
သာသနာပြုဆရာတော်) ဆိုပြီး ထားလေ့ရှိတယ်။ များသောအားဖြင့် နေထွက်ဘုရင် မင်းသားငယ်ဘဝက ပညာသင်ပေးတဲ့ဆရာတော်က သာသနာပိုင်ဖြစ်တယ်။

 ဒီတော့ သာသနာပိုင်ဆိုတာ ဘုရင်က ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဘုရင်က သာသနာပိုင်ဆရာတော်ကို မရွေးချယ်တဲ့ ကာလများမှာ ရဟန်းသံဃာတော်များက သဘောဆန္ဒညီတဲ့ ရဟန်းတော်တပါးကို သာသနာပိုင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ ရဟန်းသံဃာက ရွေးကောက်တင်တဲ့သာသနာပိုင်ကို သမ္မုတိသာသနာပိုင်လို့ ခေါ်ပါတယ်။

သမ္မုတိသာသနာပိုင်အဖြစ်ကနေ သာသနာပိုင်ဖြစ်ဖို့ မဲပေးရွေးချယ်ပွဲတခု မြန်မာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ သို့ သော် မဲအများဆုံးရတဲ့ဆရာတော်က သာသနာပိုင်မဖြစ်လိုက်ဘူး။ ပျံလွန်တော်မူသွားတယ်။ ဒုတိယမဲအများဆုံးရတဲ့ ဆရာတော်က သာသနာပိုင်ဖြစ်သွားတယ်။

"ရခိုင်ရာဇဝင်သစ်ဆရာနဲ့  သမ္မုတိသာသနာပိုင်များ" ဆောင်းပါးမှာ သီပေါမင်းလက်ထက် သာသနာပိုင် တောင်တော်ဆရာတော်ပျံလွန်ပြီးနောက် မန္တလေးလေးပြင်လေးရပ်သံဃာတော်
များက ပုခန်းဆရာတော်ကို သမ္မုတိသာသနာပိုင်တင်မြှောက်ကြတယ်၊ ပုခန်းဆရာတော်က ၁၂၆၂ (အေဒီ ၁၉ဝဝ ပြည့်နှစ်) မှာ လွန်တော်မူပြန်တယ်။

ပုခန်းသမ္မုတိသာသနာပိုင်လွန်ပြီးနောက် "သုဇာတာဘိသိရီဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာ
ဇဂုရု"ဘွဲ့ တံဆိပ်တော်ရ မန္တလေးတောင်ပြင်မိုးတားဆရာတော်ကို "သမ္မုတိသာသနာပိုင်"အ
ဖြစ်တင်မြှောက်ကြပြန်တယ်။ မိုးတားဆရာတော်က သမ္မုတိသာသနာပိုင်အဖြစ် ၂ နှစ်ခန့် 
ဆောင်ရွက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရတင်မြှောက်တဲ့ တောင်ခွင်သာသနာပိုင်ပေါ်လာ
လို့  သမ္မုတိသာသနာပိုင်ရဲ့အခန်းကဏ္ဍမှေးမှိန်သွားရတယ်လို့  ရေးခဲ့ပါတယ်။

နောက်ထပ်လေ့လာတွေ့ ရှိချက်များအရ ဒီအဆိုကို ချဲ့ သင့်တာချဲ့ ၊ ပြင်သင့်တာပြင်ရပါလိမ့်
မယ်။
ပုခန်းသမ္မုတိသာသနာပိုင်ပြီးတော့ မိုးတားဆရာတော် သမ္မုတိသာသနာပိုင် ဖြစ်ပါတယ်။
အေဒီ ၁၉ဝ၁ ၊ ၁၉ဝ၂ အထိ သက်တမ်း ၂ နှစ် ရတယ်။ သက္ကရာဇ် ၁၂၆၃ ခုနှစ် တပေါင်းလ
(မတ်လ၊ ၁၉ဝ၂) မှာ မိုးတားဆရာတော် လွန်တော်မူသွားတယ်။

၁၂၆၃ ခုနှစ် နယုန်လပြည့်ကျော် ၂ ရက်  (ဇန်နဝါရီ ၂ ၁၉ဝ၁)  ကင်းဝန်မင်းကြီးအိမ်မှာ သာသနာပိုင်အသစ်တင်မြှောက်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်တယ်။ သီပေါမင်း
လက်ထက်က မှုးမတ်များ၊ မန္တလေးမြို့ နေ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်
တယ်။

၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (အောက်တိုဘာလ ၂၂ ၊ ၁၉ဝ၁)
မန္တလေးမြို့ မှာ  သာသနာပိုင် ရွေးပွဲလုပ်တယ်။ ကျောင်းထိုင်ဘုန်းကြီးများက မဲပေးရတယ်။ အဲဒီ သာသနာပိုင်ရွေးကောက်ပွဲမှာ…

၁- မိုးတားဆရာတော် ၃၉၆ မဲ
၂- တောင်ခွင်ဆရာတော် ၁၉၅ မဲ
၃-  ဒုတ်လှမ်းဆရာတော် ၈၆ မဲ
၎- ဝဇီရာရာမဆရာတော် ၃၄ မဲ
၅- လှထွေဆရာတော် ၂၃ မဲ
၆- ဒီပဲယင်းဆရာတော် ၂၂ မဲ
၇- လင်္ကာရာမဆရာတော် ၁၁ မဲ
၈- ခေါတောဆရာတော် ၄  မဲ
၉- ကျောက်ပန်းတောင်းဆရာတော် ၃ မဲ
၁ဝ- မိုးကောင်းဝေယံဘုံကျော်ဆရာတော် ၂ မဲ
၁၁- ဝေဠုဝန်ဆရာတော် ၁ မဲ
၁၂- အကောက်ဝန်ဆရာတော် ၁ မဲ
၁၃- မဟာဝိသုဒ္ဓါရုံဆရာတော် ၁ မဲ
၁၄- သင်္ဂဇာဆရာတော် ၁ မဲ
တို့ မဲအသီးသီးရကြတယ်။ မဲအရေအတွက် စုစုပေါင်း ၇၈ဝ။
ဘုရင်နဲ့ မိဖုရား ၂ ဦးတည်း ကိုယ်ကြည်ညိုတဲ့ကိုယ်တော်သာသနာပိုင်ခန့် စတမ်းမဲခွဲတော့ ၁ မဲစီမျှနေလို့  သာသနာပိုင်မခန့် ဖြစ်တဲ့ ကာလတုန်းကလိုတော့ မဟုတ်ပြီ (မင်းတုန်းမင်းနဲ့ 
စကြာဒေဝီ) ။  မဲစာရင်းက သိသိသာသာ အဖြထွက်ပါတယ်။


သမ္မုတိသာသနာပိုင်လည်းဖြစ်၊ ၁၉ဝ၁ သာသနာပိုင်ရွေးကောက်ပွဲမှာ မဲအများဆုံးရသူလည်း
ဖြစ်တဲ့ မိုးတားဆရာတော်ဟာ သာသနာပိုင်မခန့် ရသေးခင် သက္ကရာဇ် ၁၂၆၃ ခုနှစ် တပေါင်းလ (မတ်လ၊ ၁၉ဝ၂) မှာ လွန်တော်မူသွားတယ်။ ဒါကြောင့် ရှေးဆောင်းပါးမှာ ရေးခဲ့သလို တောင်ခွင်သာသနာပိုင်ပေါ်လာလို့  သမ္မုတိမိုးတားဆရာတော်မှေးမှိန်သွားတယ်
ဆိုတဲ့စကားကို ပြင်ပါတယ်။

ဒုတိယမဲအများဆုံးရတဲ့ တောင်ခွင်ဆရာတော်ကို ၁၂၆၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်  (နိုဝင်ဘာ ၁၃ ၁၉ဝ၃) မှာ ဗြိတိသျှကိုလိုနီလက်အောက်ခံမြန်မာပြည်ရဲ့
သာသနာပိုင်ဆရာတော်အဖြစ် ခန့် ထားပါတယ်။

(ဒေါက်တာသန်းထွန်းက ညွန့် ညွန့် ဝေ ရဲ့ တောင်ခွင်သာသနာပိုင်လက်ထက်အရေးအခင်းများ
(၁၉၃ဝ- ၁၉၃၈) ပုံမနှိပ်ရသေးတဲ့ မဟာဝိဇ္ဇာဘွဲ့ ယူစာတမ်း-ကို ညွှန်းဆိုဖူးတယ်။ အဲဒီစာတမ်း
ကို ဆက်လက်ရှာဖွေလေ့လာကြဖို့ စိတ်ဝင်စားသူ၊ ဆက်လက်လေ့လာသူများအတွက် ထပ်ဆင့်လက်ဆင့်ကမ်းပါတယ်။)

၁၂၉၉ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် (မတ်လ ၁၇၊ ၁၉၃၈) မှာ တောင်ခွင်သာသနာ
ပိုင်ပျံလွန်တော်မူပါတယ်။ သာသနာပိုင်တာဝန်ထမ်းသက်တမ်း ၃၅ နှစ်။

၁၉၃၈ မှ ယခုနှစ် ၂ဝ၁၃ ခုနှစ် ၇၅ နှစ်သက်တမ်းအတွင်းမှာတော့ တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ၊ နိုင်ငံအုပ်ချုပ်ရေးပိုင်း (အစိုးရအဖွဲ့ ) အနေနဲ့  သာသနာပိုင်ဆရာတော်အဖြစ်ရွေး
ကောက်တင်မြှောက်တာမျိုး မရှိတော့ပါဘူး။

၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (အောက်တိုဘာလ ၂၂ ၊ ၁၉ဝ၁) သာသနာပိုင်
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံထေရဝါဒသာသနာအတွက် ပထမဆုံးနဲ့ နောက်ဆုံး
ရွေးကောက်ပွဲတခု ဖြစ်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာ (အစိုးရခန့် )သာသနာပိုင်ဆိုတာ ရာဇဝင်ထဲမှာ ရှိခဲ့လေတဲ့ ရာထူးတခုသာ ဖြစ်သွားလေတော့တယ်။

အမရဒီပ
စက်တင်ဘာ ၁၄၊ ၂ဝ၁၃

ကိုးကားစာအုပ်။ နေရင်းဦးကောဝိဒမြန်မာပြန်၊ ဗုဒ္ဓသာသနာဝင်။ စိတ်ကူးချိုချိုစာပေ၊
                   ရန်ကုန်။




Thursday, September 12, 2013

သာသနာတော်ဆိုင်ရာ ဂျပန်ခေတ်ရက်စွဲများ


၂၇ မေ ၁၉၅၂                  မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်တွင် မြန်မာစစ်ဗိုလ်များနှင့် ဂျပန်စစ်
ဗိုလ်များအား ကြိုဆိုပွဲကျင်းပသည်။

၁၁ ဇွန် ၁၉၄၂                  ညောင်ရမ်းဆရာတော်ကြီးက ကြေညာချက်တရပ်ထုတ်ပြန်ရာတွင်
 မြန်မာနိုင်ငံရှိ တကျိပ်နှစ်ပါးဂိုဏ်း၊ သာသနာပိုင်ဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဘုရားကြီးဂိုဏ်းမှ
ဆရာတော်များဆွေးနွေး၍ ဗုဒ္ဓသာသနာပြုအဖွဲ့ ကြီးအမည်ဖြင့် သာသနာတော်ကို
 စောင့်ရှောက်ရန် အဖွဲ့ ကြီးဖွဲ့ စည်းပြီးဖြစ်ကြောင်း ။

၂၅ ဇွန် ၁၉၄၂                  မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်တွင် မြန်မာပြည်သာသနာ
အစည်းအရုံး တည်ထောင်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးအား ဂုဏ်ပြုချီးကျူးပွဲ ကျင်းပသည်။

၁၉ နိုဝင်ဘာ ၁၉၄၂            ဗုဒ္ဓသာသနာအစည်းအရုံးဗဟိုဌာနအထွေထွေတာဝန်ဆောင်မှူးချုပ် ဦးတိလောကဉာဏက ဗုဒ္ဓသာသနာအစည်းအရုံး၏အဓိကရည်ရွယ်ချက်မှာ သာသနာရေး နှင့် ဘာသာရေးဖြစ်၍ မိစ္ဆာအင်္ဂလိပ်တို့ လက်ထက်ကကဲ့သို့ နိုင်ငံရေးနှင့် လုံးဝမပတ်သက်သည့်
အပြင် အစည်းအရုံးရည်ရွယ်ချက် (ဃ) အရ မြန်မာပြည်နှင့်တကွ အာရှတိုက်ကြီး၏ ကောင်း
စားရေးကိုမူကား ဘုရားတရားတော်နှင့်မဆန့် ကျင်သော အချက်ဟူသမျှ ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ကြေညာသည်။

၁ ဖေဖော်ဝါရီ ၁၉၄၃                   ဗြိတိသျှလေယာဉ် ၇ စင်း ရန်ကုန်မြို့ ပေါ်လာရောက်ဗုံးကြဲရာ ဆူးလေစေတီတော်ပေါ်သို့ တိုက်ရိုက်ဗုံးကျသွားသဖြင့် မုခ်တခု ပျက်စီးသွားသည်။

၂၃ ဖေဖော်ဝါရီ ၁၉၄၃                 ဗြိတိသျှလေယာဉ်တို့ က ရွှေတိဂုံစေတီတော်၏ တစိတ်တဒေ
သဖြစ်သောနေရာကို ဗုံးကြဲသွားသည်။

အမရဒီပ
စက်တင်ဘာ ၁၂၊ ၂ဝ၁၃

စာကိုး။  ဂျပန်ခေတ်ရက်စွဲသမိုင်း၊ ကျော်ငြိမ်း ၊ ညွန်ကြားရေးမှူး၊ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန။


Tuesday, September 10, 2013

သာသနာတော်ဆိုင်ရာမန္တလေးရက်စွဲများ


ဒေါက်တာသန်းထွန်းရေးတဲ့ နယ်လှည့်ရာဇဝင် ၃ စောင်တွဲကို ဖတ်ပြီးနောက် မရေးရမနေနိုင်
ဖြစ်လို့  ဒီဆောင်းပါးကို ရေးပါတယ်။ မန္တလေးအကြောင်းတွေအပြည့်နဲ့ ဒုတိယတွဲဟာ ဒီဆောင်းပါးရဲ့ အသက်ပေါ့။

၁၂၁၉ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၅ ရက် (17 Sept 18, 1857 ) သာသနာပြုဆရာတော်ကျောင်း ပန္နက်ချ။

၁၂၂ဝ ပြည်နှစ် နယုန်လဆန်း ၄ ရက် (15 May, 1858) မြို့ အရှေ့ မြောက် စံကျောင်းပြီးလို့  စန္ဒိမာဘိသီရိဓဇပဝရမဟာဓမ္မရာဇာဂုရုကို ကျောင်းတင်။

၁၂၂၁ ခုနှစ် နယုန်လဆန်း ၁၄ ရက် (14 June, 1859) သီဟိုဠ်စွယ်တော်ပွားရောက်။

၁၂၂၁ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် (26 Oct 1859) ပိဋကတ်တော်ကျောက်ထက်
အက္ခရာတင်။ (ပဉ္စမသင်္ဂါယနာ)
၁၂၂၁ ခုနှစ်  တပေါင်းလပြည့်ကျော် ၁ ရက် (7 Mar 1860) စွယ်တော်ပွားကို လောကမာရဇိန်
ဘုရားမှာ ဌပနာ။ တောင်အရပ်မှာ မဟာဗောဓိပင်စိုက်။ မန္တလေးတောင်ဗျာဒိတ်ပေးဘုရားကြီး
စထု။

၁၂၂၂  ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၆  ရက် (5 Oct 1860)  ဗောဓိပင် နောက်ထပ်စိုက်။

၁၂၂၃ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၃ ရက် (19 July, 1861) ခုနှစ်ဌာနအဝင်သိမ်တော်ပြီးလို့ 
ရေစက်ချ။
၁၂၂၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (13 Oct 1861) ခုနစ်ဌာနအဝင် မြို့ အရှေ့ 
မြောက် ယွန်းစေတီဌာပနာ။
၁၂၂၄ ခုနှစ် ဝါဆိုလပြည့်ကျော် ၉ ရက် (19 July 1862) ခုနစ်ဌာနအဝင် လောကမာရဇိန်ဘု
ရားထီးတင်။
၁၂၂၅ ခုနှစ် တပို့ တွဲလ (Jan 1864) အမရပူရက ပိဋကတ်တော်တွေကို ပင့်ပြီး ခုနစ်ဌာန
အဝင် မန္တလေးတောင်ခြေက ပိဋကတ်တိုက်မှာသွင်း။

၁၂၂၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက် (19 Aug 1864) ကျောက်တော်ကြီးကို ပလ္လင်ပေါ်ရောက်အောင်တင်။
၁၂၂၆ ခုနှစ် (1864) တကြိမ်ပုံနှိပ်ရင်ပါဠိတော်ဂုဏ်အင်္ဂါ (၇၂) အင်္ဂါပြီးစီးအောင် ပုံနှိပ်နိုင်တဲ့ စက်ကိရိယာကို ဘယင်ဂျီခင်ကြီး  ဘီဂင်ဒတ်မှာပေးလို့ ပုံနှိပ်စက် မန္တလေးရောက်။
၁၂၂၆ ခုနှစ် တပေါင်းလဆန်း ၁၅ ရက် (1 March 1865)  ပိဋကတ်တော်ရေးပြီး။

၁၂၂၇ ခုနှစ် ကဆုန်လဆန်း ၁၅ ရက် (9 May 1865)  ကျောက်တော်ကြီးဝင်းအတွင်း အရှေ့ 
မြောက်ထောင့်မှာ ဗောဓိပင်စိုက်။
၁၂၂၇ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက် (16 May 1865) မဟာသကျမာရဇိန်ကျောက်တော်
ကြီး မျက်နှာတော်ဖွင့်။
၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (11 July 1865) ကျောက်တော်ကြီးဝင်းအ
တွင်း  အနောက်တောင်ထောင့်မှာ ဗောဓိပင်စိုက်။
၁၂၂၇ ခုနှစ် တပို့ တွဲလဆန်း ၁၂ ရက် (27 Jan 1865) သာသနာပြုဆရာတော် ဉေယျဓမ္မဘိမုနိဝရကိတ္တိ သီရိဓဇဓမ္မသေနာပတိ မဟာဓမ္မရာဇဂုရု ဘဝပြောင်း။ ခံကုန်းသင်းချိုင်းပို့ ။

၁၂၃ဝ ပြည့်နှစ် ကဆုန်လဆန်း ၁၄ ရက် (4 May 1868) ပိဋကတ်တော်ကျောက်ထက်
အက္ခရာတင်ပြီး၊ ကျောက်ချပ် ၇၂၉။
၁၂၃ဝ ပြည့်နှစ် တပို့ တွဲလ (Jan 1869) ပညာသာမိ သီရိကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု (မောင်းထောင်းဆရာတော်) ပျံလွန်။

၁၂၃၁ ခုနှစ် နယုန်လပြည့်ကျော် ၈ ရက် (26 Dec 1869) ရန်ကုန်ရွှေတိဂုံဘုရားထီးတင်စေ 
အမိန့် တော်၊ (၁၂၃၂ ခုနှစ် ကဆုန်လဆန်း ၈ ရက် (7 May 1870) ထီးစလုပ်။ ၁၂၃၃ ခု သီတင်းကျွတ်လပြည့်ကျော် ၄ ရက် (2 Oct 1871) ပြီး။ ၁၂၃၃ ခု နတ်တော်လဆန်း ၁၅ ရက် 
(26 Nov 1871) ထီးတင်ပြီး။)

၁၂၃၃ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက် (15 Apr 1871) ပဉ္စမသင်္ဂ်ါယနာတင်ပွဲစ။ ၁၂၃၃ ခု တော်သလင်းလပြည့်ကျော် ၁၄ ရက် (12 Sept 1871) ပြီး။

၁၂၄ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော်  ၆ ရက် (14 Nov 1878) သာသနာပြုဆရာ
တော် ၁၂ ပါး ခန့် ။( သီပေါမင်းလက်ထက်)
၁၂၄ဝ ပြည့်နှစ် တပေါင်းလဆန်း ၆ ရက် (25 Feb 1878) အနောက်ပြင်မီးလောင်၊ အိမ် ၂ဝဝ ကျော်၊ ရွှေရေးဆောင်ကျောင်းတိုက်နဲ့ မဟာမုနိအနောက်စောင်းတန်းပါ ပြာကျ။

၁၂၄၁ ခုနှစ် ကဆုန်လဆန်း ၄ ရက် (23 Apr 1879) မာရ်အောင်ရတနာစေတီပြီး။

၁၂၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၅ ရက် (18 Apr 1881) တံဆိပ်တော်ရ ဆရာတော်တွေနဲ့ ၊
စာချလေးဆယ်တို့ ကို ရှစ်ဌာနဝေပြီး သာသနာပြုလွှတ်။
၁၂၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက် (19 May 1881) လငပုပ်ဖမ်းပြီး ပြန်လွှတ်ချိန်မှာ တမြို့ တဂူရွှေပုထိုး တပြိုင်တည်း ဌာပနာစေ။
၁၂၄၃ ခုနှစ် သီတင်းကျွတ်လ (Oct 1881) ဘုရင့်မယ်တော်နတ်ရွာစံပြီးနောက် အိမ်ဖြူတော်
ကို ဖျက်ပြီးကျောင်းဆောက်၊ အပြီးမသတ်။
၁၂၄၃ ခု တပေါင်းလဆန်း ၁ဝ ရက် (26 Feb 1882) မဟာဝိဇယပုည (မဟာတုလွတ်ဝေယံ)
 ကျောင်းတင်ပွဲ။

၁၂၄၄ ခုနှစ် တပေါင်းလဆန်း ၃ ရက် (8 Feb 1883) မြို့ အရှေ့ တောင်ထောင့် ဇမ္ဗူမျက်ရှင်ရပ် မင်းနံသင့် လောကရန်နှိမ်ဘုရား၊ အရှေ့ မြာက်ထောင့် မိဖုရားနံသင့် ရတနာတန်ဆောင်းဘုရား
နှစ်ဆူကို ၇ ရက်နဲ့ အပြီးတည်။
၁၂၄၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက် (16 Feb 1883) နံသင့်ဘုရားနှစ်ဆူထီးတင်၊
 တောင်တော်ဆရာတော်ကို သာသနာပြုအပ်။ (သာသနာပိုင်ခန့် )

၁၂၄၅ ခုနှစ် နယုန်လဆန်း ၁၃ ရက် (18 May 1883) သာသနာပြုဥပဒေ ၃၂ ချက် အတည်ပြု။
၁၂၄၅ ခုနှစ် ပထမဝါဆိုလဆန်း ၇ ရက် (11 June 1883) အိမ်ကျွန်တွေကို ငွေချေပြီး ကျွန်ကနုတ်၊ ရဟန်းခံစေ အမိန့် တော်။
၁၂၄၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၈ ရက် (27 June 1883) သာသနာပိုင်နဲ့  လယ်ကိုင်းမြို
စား သေနတ်ဝန်ကြီးတို့ က သာသနာစည်ပင်အောင် ဆောင်ရွက်စေ။
၁၂၄၅ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၉ ရက် (28 June 1883) ညောင်ရွှေစော်ဘွားအခစား
ဝင်၊ ရှင်တထောင်ပြုစေ။
၁၂၄၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက် (8 Apr 1883) ရွာဟိုင်းဈေးရပ်မီးလောင်၊ မဟာမုနိဘုရားပြာသာဒ်ကြီးပါလောင်။
၁၂၄၅ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၅ ရက် (10 Apr 1884) မီးဘေးကယ်ဆယ်ရေး ၁ အိမ်
 ငွေ ၂ ကျပ်၊ ဆန် ၁ စိတ်၊ မဟာမုနိကစီးကျတဲ့ ရွှေအချိန် ၅၄၅ဝိ ကျော်။
(ရခိုင်ကရောက်တဲ့ နှစ်တရာပြည့်နေ့ မှာ မီးလောင်တယ်။)

၁၂၄၆ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (17 May 1884) မဟာမုနိအာရုံခံနဲ့ ပြာသာဒ်
ဆောက်ပြီး။
၁၂၄၆ ခုနှစ် နယုန်လပြည့်ကျော် ၁ဝ ရက် (18 June 1884) သာသနာရေး သာသနာမှုကို 
မင်းကိုယ်တိုင် သာသနာပိုင်ကို လျှောက်။
၁၂၄၆ ခုနှစ် နယုန်လပြည့်ကျော် ၁၃ ရက် (21 June 1884) မဟာမုနိရွှေသင်္ကန်းကပ်ဖို့ ရွှေပု
ဇွန်ခွံပို့ ။
၁၂၄၆ ခုနှစ် ဝါဆိုလဆန်း ၁၃ ရက် (5 July 1884) မဟာမုနိမျက်နှာတော်ဖွင့်။
၁၂၄၆ ခုနှစ် တော်သလင်းလ (Sept 1884) ဆရာတော်တွေကို ဆက်ကပ်တဲ့ဘွဲ့ ကို ငါးဆင့်ခွဲ။
၁။       မာလာလင်္ကာရ အတုလဓိပတိ သီရိပဝရဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု 
ဘွဲ့ က သာသနာပိုင်အတွက် (အမြင့်ဆုံး)
၂။       ဒုတိယအဆင့်မှာ  အတုလ၊ ဓိပတိ၊ ပဝရ၊ ဓဇ လေးချက်ပါစေ။
၃။       တတိယအဆင့်မှာ အတုလကို နုတ်ပြီး ကျန်သုံးချက်ပါစေ။
၎။       စတုတ္ထအဆင့်မှာ အတုလ၊ ဓိပတိကို နုတ်ပြီး ကျန်နှစ်ချက်ပါစေ။
၅။       ပဉ္စမအဆင့်မှာ အတုလ၊ ဓိပတိ၊ ပဝရကို ကျန်တချက် (ဓဇ)ပါစေ။

၁၂၄၆ ခုနှစ် နှောင်းတန်ခူးလ (Apr 1885) မိဖုရားကုသိုလ် မြတောင်ကျောင်းဆောက်လုပ်ပြီး
စီး၊ ကျောင်းတင်။
၁၂၄၇ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၁ ရက် (1) Apr 1885) မဟာသကျသီဟပင့်ဖို့ 
အစီအစဉ်တွေ ပြင်ဆင်ပြီး၊ လူ ၃၅ဝဝ နဲ့ စဆွဲ၊ ရွှေမြို့ တော်ဝန် ယင်းတော်မြို့ စားကြီး သီရိ
မဟာဇယဂါမဏိက အုပ်ချုပ်။
၁၂၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက် (30 Apr 1885) မဟာသကျသီဟ မန္တလေးရောက်
။ ကုန်ခဲ့တဲ့နှစ် အလှူတော်ငွေ  ၄ သန်းကျော်ကုန်သမျှကို စာရင်းလုပ်၊ ဖတ်ကြား၊ ရေစက်ချ။
၁၂၄၇ ခုနှစ် နယုန်လဆန်း ၈ ရက် (21 May 1885) မဟာသကျသီဟ ပလ္လင်တော်ပေါ်ရောက်
၁၂၅၅ ခုနှစ် တပေါင်းလပြည့်ကျော် ၈ ရက် (28 March 1894) ပထမရွှေကျင်ဆရာတော်ပျံ
လွန်။
၁၂၅၆ ခုနှစ် (1895) တောင်တော်သာသနာပိုင်လွန်။
၁၂၅၈ ခုနှစ် (1896) မလွန်ဆန်လှူသင်းတည်ထောင်။

၁၂၆၃ ခုနှစ် နယုန်လပြည့်ကျော် ၂ ရက် (2 June 1901) ကင်းဝန်မင်းကြီးအိမ်မှာ သာသနာပိုင်အသစ်တင်မြှောက်ဖို့ ပထမဆုံးအကြိမ် အစည်းအဝေးလုပ်။
၁၂၆၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက် (22 Oct 1901) သာသနာပိုင် ရွေးပွဲလုပ်။
(မိုးတားဆရာတော် ၃၉၆ မဲ၊ တောင်ခွင်ဆရာတော် ၁၉၅ မဲ၊ တုတ်လန်းဆရာတော် ၈၆ မဲ။)
၁၂၆၃ ခုနှစ် တပေါင်းလ (March 1902) မိုးတားဆရာတော်လွန်။

၁၂၆၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (13 Nov 1903) တောင်ခွင်ဆရာတော်
ကို သာသနာပိုင်ခန့် ။
၁၂၆၈ ခုနှစ် တပေါင်းလ (March 1907) မန္တလေးတောင်ကို ဦးခန္တီ စပြီး ပြုပြင်။
၁၂၉၇ ခုနှစ် ဦးတန်ခူးလပြည့်ကျော် ၄ ရက် (21 Apr 1935)  မန္တလေးရွှေရေးဆောင်ဆရာ
တော် ဦးအာဒိစ္စရံသီ ပျံလွန်။
၁၂၉၉ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် (17 Mar 1938) တောင်ခွင်သာသနာပိုင်ပျံလွန်။

၁၃၁ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၁၄ ရက် (27 Jan 1949) မန္တလေးတောင်ကို အခု
အခြေအနေမြင်ရအောင် ပြုပြင်တဲ့ ရသေ့ဦးခန္တီလွန်။
၁၃၁၃ ခုနှစ် တော်သလင်းလပြည့်ကျော် ၇ ရက် (22 Sept 1951) ကဗျာ့ကြေးမုံ၊ ပိဋကတ်
ကြေးမုံ ကျမ်းပြုဆရာတော် ဦးနိဂြောဓလွန်။
၁၃၁၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက် (11 Nov 1956) မန္တလေးဘုန်းကြီးအဓိကရုဏ်း
မှာ ဦးစန္ဒာသီရိနဲ့ ဦးကေသဝတို့ လွန်။
၁၃၂၄ ခုနှစ် ဝါခေါင်လဆန်း ၆ ရက် (6 Aug 1962) ဦးကလျာဏာဘိဝံသပျံလွန်။
၁၃၂၆ ခုနှစ် ဝါခေါင်လဆန်း ၁ဝ ရက် (18 Aug 1964) မန္တလေး အနောက်ပြင် ခင်မကန်
တိုက် စံကျောင်းဆရာတော်ပျံလွန်။
၁၃၂၇ ခုနှစ် ဝါခေါင်လဆန်း ၈ ရက် (5 Aug 1965) ရွှေမန်းဆရာတော် ဦးကေသရ ပျံလွန်။

၁၈၅၇ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ သာသနာတော်ဆိုင်ရာမန္တလေးရက်စွဲကိုဖတ်ပြီးနောက် ၆၅ ကနေ ၂ဝ၁၃ အထိ မန္တလေးရက်စွဲကို ပြုစုကြပေတော့လို့ သတိပေးနေသလိုပါပဲ။

အမရဒီပ
စက်တင်ဘာ ၁ဝ၊ ၂ဝ၁၃

Thursday, September 5, 2013

ရခိုင်ရာဇဝင်သစ်ဆရာနဲ့  သမ္မုတိသာသနာပိုင်များ


                                                   (၁)

ရခိုင်သမိုင်းလေ့လာရင် " ရခိုင်ရာဇဝင်သစ်ကျမ်း" ၂ တွဲဟာ မဖြစ်မနေဖတ်သင့်တဲ့ ရခိုင်သမိုင်း
စာအုပ်စာရင်းမှာ ပါဝင်တယ်။ ဒီကျမ်း ၂ တွဲကို ရမ်းပြည့် (ရမ်းဗြဲ) တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ပြုစုတယ်။

တောင်ကျောင်းဆရာတော်ရဲ့ ရခိုင်ရာဇဝင်သစ်ကျမ်းကို အွန်လိုင်းစာကြည့်တိုက်တခုမှာ ဖတ်ခွင့်ကြုံလို့ ဖတ်ကြည့်တယ်ဆိုရင်ပဲ ဆရာတော်နဲ့ သမ္မုတိသာသနာပိုင်အကြောင်း သတိပြု
မိလာလို့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ သမ္မုတိသာသနာပိုင်အကြောင်းဟာ မြန်မာဗုဒ္ဓသာ
သနာသမိုင်းမှာ မှတ်တမ်းရှိနေပေမယ့် လူပြောသူပြောမများလှပေဘူး။ တောင်ကျောင်းဆရာ
တော်ရဲ့ ထေရုပ္ပတ္တိကို ဖတ်ကြည့်မိမှ သက်ဆိုင်ရာမှတ်တမ်းတွေကို ဖြန့် ကျက်လေ့လာမိပါ
တယ်။

ရခိုင်ရာဇဝင်သစ်ဆရာတောင်ကျောင်းဆရာတော်လောင်းလျာကို မြန်မာ ၁၂၂၃ (အေဒီ
 ၁၈၆၁) နှစ်မှာ ရမ်းပြည့် (ရမ်းဗြဲ) မြို့ ၊ ရွာပုလဲရွာမှာ မွေးဖွားတယ်။ မိဘနှစ်ပါးကတော့ ဦးအောင်ကျော်ဇောနဲ့  ဒေါ်လှဝင်းဖြူ တို့ ဖြစ်ကြပါတယ်။

မွေးချင်း ၃ ဦးအနက် ဆရာတော်က အငယ်ဆုံး…။ အကိုကြီး ကျော်ဇံလှ၊ အမကြီး ယောင်သာ
မေ တို့ ရှိကြတယ်။ ဆရာတော်ရဲ့ငယ်မည် ကျော်ဇောအောင်….။ အဖေ့အမည်က စာလုံးတွေ
ချည်းပဲ..။

မြန်မာနှစ် ၁၂၃၉ (အေဒီ ၁၈၇၇) အသက် ၁၆ မှာ ကျော်ဇောအောင် ရှင်သာမဏေဝတ်တယ်။
လူအမည် ကျော်ဇောအောင်က ရှင်စန္ဒမာလာလင်္ကာရ ဖြစ်လာတယ်။ ၁၂၄၂ (အေဒီ ၁၈၈ဝ ) မှာ ရဟန်း ဖြစ်တယ်။

ခေတ်ကာလဆိုင်ရာအုပ်ချုပ်ရေးကိုကြည့်ရင်-----
-ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (အေဒီ ၁၈၂၄)
-ဒုတိယအင်္ဂလိပ်-မြန်မာစ်ပွဲ (အေဒီ ၁၈၅၃) တွေဖြစ်ပြီးလို့  ဗြိတိသျှတို့  အောက်မြန်မာနိုင်ငံကို စိုးမိုးထားနိုင်ပါပြီ။

ရဟန်းဖြစ်ပြီးနောက် ၃ နှစ်အကြာ ၁၂၄၅ (အေဒီ ၁၈၈၃) မှာ ဦးစန္ဒမာလာလင်္ကာရ သရက်မြို့ 
သို့ စာသင်ကြွပါတယ်။ သရက်မြို့ မှာ ဆရာတော်သီတင်းသုံးနေခိုက် ၁၂၄၇ (အေဒီ  ၁၈၈၅) မှာ ကုန်းဘောင်မင်းဆက်နောက်ဆုံးဖြစ်တဲ့ သီပေါမင်း ဗြိတိသျှလက်ပါတော်မူပါတယ်။
၁၂၅ဝ (အေဒီ ၁၈၈၈) ပြည့်မှာ သရက်ကနေ ဇာတိ ရမ်းပြည့်(ရမ်းဗြဲ) သို့ ဆရာတော် ပြန်ကြွ တယ်။ သူ့ အရပ်မှာ ရှင်၊ရဟန်းငယ်တွေကို စာချ၊ တဖက်ကလည်း အထက်တန်စာပေကို ကိုယ်တိုင်လေ့လာတယ်။

ရဟန်းဝါ ၁၆ (၁၇) ရပြီးဖြစ်တဲ့ ဆရာတော်ဟာ ၁၂၅၇ (အေဒီ ၁၈၉၅) မှာ မန္တလေး စာသင်
ကြွပြန်တယ်။ အရှေ့ ခင်မကန်တိုက်မှာ နေတယ်။ ကျောင်းနေသက် ၂ လ ၃ လလောက်
ကြာတော့ ခင်မကန်တိုက်ဆရာတော်ကြီးက ဦးစန္ဒမာလာကို သူ့ ဆီလာဖို့ အခေါ်လွှတ်တယ်။
အကြောင်းက ညပိုင်းမှာ အာဂုံနုတ်တက်ရသမျှစာတွေကို တတွတ်တွတ်ပြန်ဆိုလေ့ကျင့်နေသံ
ကို ခင်မကန်ဆရာတော်ကြီး သတိထားမိသွားတာကြောင့်ပါပဲ။

ဦးစန္ဒမာလာရောက်လာတဲ့အခါ ဆရာတော်ကြီးက စာပေဆိုင်ရာမေးခွန်းအမျိုးမျိုး
တွေကို မေးမြန်းတယ်။ မေးသမျှကိုလည်း မဆိုင်းမတွဖြေနိုင်လို့ ဆရာတော်ကြီးက ဦးစန္ဒမာလာကို နှစ်သက်သဘောကျတယ်။
"မောင်စန္ဒ….မင်းပိဋကတ်အိုးဖြစ်နေပြီ၊ ပရိယတ္တိပိုင်းဆိုင်ရာ ပြည့်စုံနေပြီပဲ၊
တို့ အနေနဲ့  မောင်စန္ဒ ရခိုင်ပြည်ပြန်ပြီး သာသနာပြုစေချင်တယ်။ တို့ က သမ္မုတိသာသနာပိုင် ပခန်းဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး စာချွန်တော်နဲ့ တံဆိပ်တော်တွေတပါတည်းချီးမြင့်လိုက်မယ်၊
 ဘယ့်နှယ်သဘောရလဲ"
လို့  ခင်မကန်ဆရာတော်ကြီးက ဦးစန္ဒမာလာကို မိန့် ကြားပါတယ်။

ခင်မကန်ဆရာတော်ကြီးနဲ့  သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကြီးစတဲ့ မန္တလေးဆရာ
တော်ကြီးများက ဦးစန္ဒမာလာနဲ့ တိုင်ပင်ပြီး ရမ်းပြည့်(ရမ်းဗြဲ) က အခြားဆရာတော် ၂ ပါး ကို ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်ခန့် တယ်၊ ဦးစန္ဒမာလာကို ဂိုဏ်းထောက်ခန့် တယ်။ ခန့် စာနဲ့ တံဆိပ် တော်တွေကို ဦးစန္ဒမာလာကို ပေးအပ်လိုက်ကြပြီး ရခိုင်ပြည်ပြန်လွှတ်လိုက်တယ်။

(၂)

ဒီနေရာမှာ "သမ္မုတိသာသနာပိုင်" ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ တွေးစရာဖြစ်လာတယ်။
မန္တလေးမြို့ တည်နန်းတည် မင်းတုန်းမင်း (နန်းတက်အေဒီ ၁၈၅၃- နတ်ရွာစံအေဒီ ၁၈၇၈)
လက်ထက်မှာ သာသနာပိုင်ဆရာတော်က ဦးဉေယျ ဖြစ်ပါတယ်။ မင်းတုန်းမင်းလက်ထက် သာသနာပိုင်ဦးဉေယျ သက်တော် (၆၆) ဟာ ၁၂၂၇ (အေဒီ ၁၈၆၅ /၁၈၆၆) မှာ ပျံလွန်တော်မူ
တယ်။ အဲဒီနောက် သာသနာပိုင်အသစ်ခန့် ထားခြင်းမပြုတော့ဘဲ သာသနာပြုဆရာတော် ၈ ပါး
ခန့် ထားပြီး သာသနာရေးကိစ္စကို ဖြေရှင်းဆောင်ရွက်တယ်။
အရှင်သံဝရာဘိဝံသပြုစုတော်မူတဲ့ ဗုဒ္ဓနိုင်ငံတော်၊ ၃၊ စာမျက်နှာ ၁၉၉ မှာတော့ မင်းတုန်းမင်းလက်ထက်သာသနာပိုင်ဦးဉေယျဆရာတော်ပျံလွန်တဲ့နှစ်ကို ၁၂၃၇ လို့ ပြထား
တာတွေ့ ရပါတယ်။
ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၁၉၉ မှာပဲ "မင်းတုန်းမင်းလက်ထက် သာသနာပိုင်ဆရာတော်ဦးဉေယျလွန်
ပြီးနောက် သာသနာပိုင်မမြှောက်၊ သံဃာ့ဆန္ဒနဲ့ လွန်တော်မူသာသနာပိုင်ကလွှဲခဲ့တဲ့ ပခန်း
ဆရာတော်ကပဲ "သမ္မုတိသာသနာပိုင်" တာဝန်ကို ယူထားရတယ်။ သီပေါမင်းလက်ထက် သာသနာပိုင်အသစ်ခန့် ထားတော့မှ ပခန်းဆရာတော် သမ္မုတိသာသနာပိုင်အဖြစ်မှ အနားယူ
တယ်"လို့ ဖော်ပြတာတွေ့ ရပါတယ်။ ဒီအတိုင်းဆိုရင် သာသနာပိုင်ဆရာတော်ဦးဉေယျအလွန်
ကာလတွေမှာ သာသနာပြုဆရာတော် ၈ ပါးကပဲ သာသနာရေးကိစ္စကို စီစဉ်ဆောင်ရွက်တာ
လား၊ သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကပဲ ဦးဆောင်ပြီး သာသနာရေးကိစ္စဆောင်ရွက်
တာလား အတွေးပွားစရာဖြစ်ပါတယ်။ တိကျတဲ့အဖြေအတွက် ဆက်လက်လေ့လာရပါလိမ့်
မယ်။

(၃)

၁၂၄၁ (အေဒီ ၁၈၇၈) မှာ မင်းတုန်းမင်းနတ်ရွာစံပြီး သီပေါမင်းသား ဘုရင်ဖြစ်လာတယ်။ သီပေါဘုရင်က သာသနာပိုင်ဆရာတော်အဖြစ်----
(၁) မာလာလင်္ကာရ သာသနဓဇ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု တောင်တော်ဆရာတော် (သီပေါမင်းသားက ဒီဆရာတော်ဆီမှာ ဗုဒ္ဓစာပေသင်ယူခဲ့တယ်။)
(၂) ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု ရွှေကျင်ဆရာတော် တို့ ကို (ပူးတွဲ) သာသနာပိုင်ခန့် ထားပါတယ်။ သို့ သော် ရွှေကျင်ဆရာတော်က သာသနာပိုင်
တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲတော်မူလို့  တောင်တော်ဆရာတော်ဦးမာလာကိုသာ သာသနာပိုင်လို့ အသိများကြပါတယ်။

အေဒီ ၁၈၈၅ မှာ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပြီးနောက် မြန်မာတနိုင်ငံလုံး ဗြိတိသျှကိုလို
နီလက်အောက်ခံဖြစ်သွားတယ်။ သီပေါမင်းလည်း အင်္ဂလိပ်လက်ပါရရှာတယ်။

သီပေါမင်းပါတော်မူပြီး ၁၁ နှစ်အကြာ ၁၂၅၆ (အေဒီ ၁၈၉၆) မှာ သာသနာပိုင်တောင်တော်
ဆရာတော် ပျံလွန်တော်မူပါတယ်။

တောင်တော်သာသနာပိုင်ဆရာတော်လွန်ပြီးနောက် "နန္ဒာဘိဓဇ သီရိသဒ္ဓမ္မဓိပတိ မဟာဓမ္မ
ရာဇာဓိရာဇဂုရု" ဆိုတဲ့ မင်းတုန်းမင်းဆက်ကပ်တဲ့ဘွဲ့ တံဆိပ်ခံ ပခန်းဆရာတော်ကြီးကို မန္တလေးလေးပြင်လေးရပ်ဆရာတော်များက သာသနာပိုင်ဆရာတော်အဖြစ် ကျေနပ်သဘော
တူပြီးသမ္မုတိပေး ရွေးချယ်ကြလို့ "သမ္မုတိသာသနာပိုင်ပခန်းဆရာတော်"ရယ်လို့ ဖြစ်လာပါ
တယ်။

ရခိုင်ပြည်၊ ရမ်းပြည့်(ရမ်းဗြဲ) ကစာသင်ကြွလာတဲ့ ဦးစန္ဒမာလာနဲ့ အေဒီ ၁၉ဝ၇ မှာ တွေ့ ခဲ့တဲ့ သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ဟာ သီပေါမင်းလက်ထက်သာသနာပိုင်တောင်တော်
ဆရာတော်အလွန်ကာလမှာ သမ္မုတိသာသနာပိုင်ဖြစ်တဲ့ဆရာတော်ဖြစ်ပါတယ်။
သမ္မုတိသာသနာပိုင်ပခန်းဆရာတော်ကြီးဟာ ၁၂၆၂ (အေဒီ ၁၉၁၂) မှာ ပျံလွန်တော်မူခဲ့
ကြောင်း သိရပါတယ်။

(၄)

ပခန်းသမ္မုတိသာသနာပိုင်လွန်ပြီးနောက် "သုဇာတာဘိသိရီဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာ
ဇဂုရု"ဘွဲ့ တံဆိပ်တော်ရ မန္တလေးတောင်ပြင်မိုးတားဆရာတော်ကို "သမ္မုတိသာသနာပိုင်"အ
ဖြစ်တင်မြှောက်ကြပြန်တယ်။ မိုးတားဆရာတော်က သမ္မုတိသာသနာပိုင်အဖြစ် ၂ နှစ်ခန့် 
ဆောင်ရွက်ပြီးနောက် ဗြိတိသျှကိုလိုနီအစိုးရတင်မြှောက်တဲ့ တောင်ခွင်သာသနာပိုင်ပေါ်လာ
လို့  သမ္မုတိသာသနာပိုင်ရဲ့အခန်းကဏ္ဍမှေးမှိန်သွားရတယ်။

(ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၂ဝ၁။ မှာတော့ သမ္မုတိသာသနာပိုင်မိုးတားဆရာတော် ၁၂၆၂ မှာ ပျံလွန်
တယ်လို့ ဆိုထားပါတယ်။ သမ္မုတိပခန်းသာသနာပိုင်ပျံလွန်တဲ့နှစ်ဖြစ်နေတာမို့ ဒီအဆိုဖြစ်နိုင်
ဖို့ နည်းပါးကြောင်း တွေ့ ရပါတယ်။သမိုင်းပညာရှင်တွေရဲ့အကူအညီနဲ့ ဒွိဟပွားစရာအဆိုတွေ
ကို အမှန်ပြင်သင့်ပါတယ်။)

၁၂၆၅ ၊ တန်ဆောင်မုန်းလဆန်း ၁ဝ (အေဒီ ၁၉ဝ၃ ၊ နိုဝင်ဘာ ၁၃ မှာ ဗြိတိသျှကိုလိုနီ
မြန်မာနိုင်ငံဘုရင်ခံ ဆာ ဟယူ ရှာကီးစပီးယား ဘန်းစ် (Sir Hugh Shakespaer Barnes) က
 မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်မှာ အခမ်းအနားကျင်းပပြီး တောင်ခွင်ဆရာတော် ဦးဝိသုဒ္ဓ
ကို "အထက်မြန်မာနိုင်ငံသာသနာပိုင်"အဖြစ် ခန့် ထားပါတယ်။

တောင်ခွင်သာသနာပိုင်ဆရာတော်ဟာ "ဝိသုဒ္ဓသီလာစာရ သိရီပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု" ဆိုတဲ့ မြန်မာဘုရင်ရဲ့ဘွဲ့ တံဆိပ်တော်၊ "ဝိသုဒ္ဓသီလာစာရ သိရီပဝရဓမ္မသေနာပတိ မဟာသံဃ
ရာဇာ" ဆိုတဲ့ အင်္ဂလိပ်အစိုးရဘွဲ့ တံဆိပ်တော်တို့ ကို ဆက်ကပ်ခံရတဲ့ ဆရာတော်ဖြစ်ပါတယ်။

တောင်ခွင်ဆရာတော်သာသနာပိုင်ဖြစ်လာချိန်နဲ့  မဖြစ်ခင်ကတည်းက သီပေါမင်းလက်ထက်
 တောင်တော်သာသနာပိုင်ရဲ့လွှဲအပ်ချက်အရ ဖွဲ့ စည်းထားခဲ့တဲ့ သံဃအဖွဲ့ အစည်းတခုလည်း ရှိနေတယ်။

ဗုဒ္ဓနိုင်ငံတော်၊ ၃၊ ၂ဝ၂ မှာ "တောင်ခွင်ဆရာတော်ကို အင်္ဂလိပ်ဘုရင်ခံက သာသနာပိုင်အဖြစ်
အသိအမှတ်ပြုပေမယ့် တကျိပ်နှစ်ပါးသံဃာတော်များက သဘောတူကြောင်းဆန္ဒမပေးခဲ့ကြ
ဘူး၊ ဒါကြောင့် သီးခြားအဖွဲ့ ဖွဲ့ စည်းပြီး သာသနာရေးကိစ္စလုပ်ဆောင်တယ်"လို့  ဖော်ပြပါ
တယ်။

ဆရာတော် ၁၂ ပါးပါဝင်ဦးစီးလို့ အဲဒီအဖွဲ့ ကို "တကျိပ်နှစ်ပါးဂိုဏ်း" ခေါ်ပါတယ်။ တကျိပ်နှစ်ပါး အမည်စာရင်းကတော့ ဟောသည်အတိုင်းပါပဲ။
(၁) မြို့ ပြင်ကြီးဆရာတော်
(၂) မိုးကောင်းမဟာဝေယံဘုံကျော်ဆရာတော်
(၃) အကောက်ဝန်ဆရာတော်
(၄) ရွှေပြည်ဆရာတော်
(၅)  မြို့ သာဆရာတော်
(၆) ပေါင်းလောင်းဂူဆရာတော်
(၇) မောက်ကျိုးဆရာတော်
(၈) တိုင်တားတိုက်အုပ်ဆရာတော်
(၉) အရှေ့ တိုက်တော်ဆရာတော်
(၁ဝ) ဆင်ဖြူကျွန်း ဦးနရိန္ဒဆရာတော်
(၁၁) မေဃဝတီဆရာတော် ဦးကလျာဏ (အဂ္ဂမဟာပဏ္ဍိတ)
(၁၂) မိုးကောင်းတိုက်စာချ ဦးနန္ဒိယဆရာတော် (ပထမကျော်)

ဒီတော့ မြန်မာဘုရင်လက်ထက်တော်က သုဓမ္မာဇရပ်မှာ ရုံးထိုင်ခဲ့ကြတဲ့ ရဟန်းတော်များဟာ
- တောင်ခွင်ဂိုဏ်း
-တကျိပ်နှစ်ပါးဂိုဏ်း
လို့ အုပ်စု နှစ်စုဖြစ်လာတယ်။ ဒီဂိုဏ်းနှစ်ခုဟာ သက်ဆိုင်ရာဂိုဏ်းဝင်များအတွက် ဝါဆိုဝါကပ်
အမိန့် ဆင့်စာထုတ်ပြန်ကြတယ်။ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်ခန့် ထားတာမျိုး လုပ်ကြ
တယ်။ ဝိနိစ္ဆယခုံရုံးဖွဲ့ ပြီး တရားဆုံးဖြတ်ကြတယ်။

သည်လိုဂိုဏ်းဂဏ ၂ စုဖြစ်နေပေမယ့် ဝိနည်းဆိုင်ရာသံဝါသ၊ သမ္ဘောဂမကွဲပြားကြဘူး၊ သံဃာ့ကံကို အတူတကွညီညွတ်ဆောင်ရွက်ကြတယ်လို့ မှတ်တမ်းတင်ထားတာရှိပါတယ်။

(၅)

တောင်ခွင်ဂိုဏ်းကို အထက်မြန်မာပြည်သာသနာပြုလို့ သတ်မှတ်ထားပေမယ့် တကျိပ်နှစ်ပါး
ဂိုဏ်းကိုတော့ ထက်/အောက်မြန်မာပြည်သာသနာပြုလို့ ခွဲခြားသတ်မှတ်ထားတာမျိုး
မရှိခဲ့ပါဘူး။
အဲသည်ဂိုဏ်း ၂ ခုအပြင် အထက်မြန်မာတခွင်မှာ ရွှေကျင်ဂိုဏ်း၊ အောက်မြန်မာပြည်တခွင် ဒွါရဂိုဏ်းလို့ လည်း သူ့ အစုနဲ့ သူသာသနာရေးဆောင်ရွက်ကြတယ်။

(၆)

၁၂၅၇ (အေဒီ ၁၈၉၅) မှာ သမ္မုတိပခန်းသာသနာပိုင်ဆရာတော်ကြီးကို ဖူးမြော်ပြီး ရမ်းပြည့်(ရမ်းဗြဲ) ပြန်ကြွလာတဲ့ မန္တလေးပြန်ဦးစန္ဒမာလာလင်္ကာရဟာ ၁၂၇၄ (အေဒီ ၁၉၁၂) မှာ တောင်ကျောင်းကျောင်းထိုင်ဆရာတော် ဖြစ်လာတယ်။

တောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရဟာ ဘဝတသက်တာအတွင်း
ရခိုင်ရာဇဝင်သစ်ကျမ်း ၂ တွဲအပါအဝင် ကျမ်းပေါင်း ၂၁ ကျမ်း ပြုစုခဲ့တယ်။ နှစ်ပရိစ္ဆေဒများစွာ ကြာလာသည်နှင့်အမျှ ပျက်စီးပျောက်ကွယ်သွားကြလေတာမို့  ယခုအခါ (၁၈) ကျမ်းမျှသာ ရှာဖွေတွေ့ ရှိရတော့တယ်လို့ ဆိုကြပါတယ်။

သမ္မုတိသာသနာပိုင်ပခန်းဆရာတော်က ဦးစန္ဒမာလာလင်္ကာရကို ပေးအပ်လိုက်တဲ့ တံဆိပ်
တော်ကို အစိုးရပြတိုက်မှာထားမယ်ဆိုပြီး ဗိုလ်မှုး (တင့်လွင်)ဆိုသူက တောင်းယူသွားလို့ 
ဆရာတော်ရဲ့ မူရင်းကျောင်းမှာ ပုံတူပွားထားတဲ့တံဆိပ်တော်သာ ရှိတော့တယ်လို့ 
ထေရုပ္ပတ္တိက ဆိုပါတယ်။

သမ္မုတိသာသနာပိုင်ဆရာတော်ရဲ့ စာချွန်တော်နဲ့ စာချွန်တော်ထည့် ကျောက်စီရွှေချဘူးလည်း ဂျပန်ခေတ်စစ်အတွင်းပျောက်ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

ရခိုင်ရာဇဝင်သစ်ဆရာတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရဟာ ၁၂၉၂ ၊ 
(အေဒီ ၁၉၃ဝ) တန်ဆောင်မုန်းလကွယ်၊ အင်္ဂါ၊ နံနက် ၈ နာရီမှာ တဘဝခန္ဓာငြိမ်းတော်မူကြောင်း
ထေရုပ္ပတ္တိမှာ ဖတ်ရပါတယ်။

(၇)

သာသနာပိုင်၊ သမ္မုတိသာသနာပိုင် ၂ မျိုးကို ခွဲခြားရရင် အုပ်ချုပ်သူ (ဘုရင်၊ အစိုးရ) က သာသနာရဲ့အကြီးအကဲအဖြစ်ခန့် ထားရင် "သာသနာပိုင်" ဆိုရပါတယ်။

အုပ်ချုပ်သူ ( ဘုရင်၊ အစိုးရ)သဘောထားမပါဘဲ ရဟန်းသံဃာကကျေနပ်သဘောတူလို့ ဆန္ဒ
ပေးပြီး သာသနာရဲ့အကြီးအကဲအဖြစ်တင်မြှောက်ခန့် ထားရင် "သမ္မုတိသာသနာပိုင်" ဆိုရ
ပါတယ်။

ယနေ့ ခေတ် ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်းစသည်တို့ မှာ တင်မြှောက်ထားကြတဲ့ "သာသနာပိုင်" ဆရာတော်များဟာ အုပ်ချုပ်သူ (ဘုရင်၊ အစိုးရ) ကရွေးချယ်တင်မြှောက်တာမဟုတ်ဘဲ ဂိုဏ်းဝင်သံဃာတော်များက ရွေးကောက်တင်မြှောက်တာမို့ "သမ္မုတိသာသနာပိုင်"
များ ဖြစ်ကြပါတယ်။ (ယနေ့ ခေတ်မှာ ဘုရားစေတီပြုပြင်လို့ ၊ ပရဟိတဆောင်ရွက်လို့ စတဲ့
စတဲ့ အကြောင်းပြနဲ့ လူဝတ်ကြောင်နောက်လိုက်တစုက သူရို့ ဆရာကို သာသနာပိုင်ရာထူး ပေးနေကြသူများ ဒီထုံးတမ်းစဉ်လာကိုသတိပြုကြစေလိုပါတယ်။ ဘုရားတည်ရုံ၊ လမ်းဖောက်ရုံ
နဲ့  သာသနာပိုင်၊ သမ္မုတိသာသနာပိုင် ၂ မျိုးလုံးမဖြစ်နိုင်ကြောင်း သတိပညာဖြင့် ဆင်ခြင်စဉ်း
စားသင့်ပါတယ်။)

အမရဒီပ
စက်တင်ဘာ ၅၊ ၂ဝ၁၃

ကိုးကားကျမ်းစာရင်း

၁။ ရခိုင်ရာဇဝင်သစ်ကျမ်း၊ တောင်ကျောင်းဆရာတော်အရှင်စန္ဒမာလာလင်္ကာရ။
၂။ သာသနာ့ဗဟုသုတပ္ပကာသနီ၊ ဘုရားဖြူဆရာတော်။
၃။ ဗုဒ္ဓနိုင်ငံတော်၊ တတိယတွဲ၊ အရှင်သံဝရာဘိဝံသ။
5.   http://en.wikipedia.org/wiki/Rakhine_Razawin_Thit

Thursday, August 29, 2013

The Eastern Frontier of British India 1784- 1826 By A.C. Banerjee

The Eastern Frontier of British India-1784-1826 by Veeramani Mani

မြန်မာ့သမိုင်း ၊ ရခိုင်သမိုင်းလေ့လာသူများအတွက် အထူးရည်ရွယ်ပါသည်။

Saturday, August 17, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၅

နောက်တနေ့ …. ဇွန်လ ၂၅ ရက်တွင် ကန္ဒီမြို့ သို့  ဘုန်းကြီးတို့ သွားကြသည်။ ရဟန်းခံပွဲကို သျှာမနိကာယဌာန
ချုပ်မဟာသိမ်တော်ကြီး၌ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထိုနေ့ တွင် ဘုန်းကြီးအပါအဝင်ရဟန်းလောင်း ၂၆ ယောက်ကို ရဟန်းခံရန် စီးစဉ်ထားသည်။

ဘုန်းကြီး၏ဆွေမျိုးမိတ်ဆွေများနှင့် သဒ္ဓါကြည်လင်စေတနာရှင်များတို့ သည် သိမ်တော်အတွင်းရောက်နေနှင့်ကြ
ပြီးဖြစ်သည်။

ဘုန်းကြီးစိုးရိမ်သည့်အတိုင်း အရှင်သုမနတိဿသည် ဤပွဲကို အသာတကြည် "လွှတ်ပေး" လိမ့်မည်မဟုတ်ချေ။
သူသည်မလံဒေနီယရွာကျောင်းထိုင်ဆရာတော်ဖြစ်သောကြောင့် ဘုန်းကြီး၏ရဟန်းခံပွဲကို ကန့် ကွက်ကြောင်း တရားဝင်စောဒနာလွှာတစောင် တင်သွင်းလာသည်။ ထိုစောဒနာလွှာအရ ဘုန်းကြီး၏ဆရာအရှင်သောဏုတ္တရ
သည် ရဟန်းပွဲမှတ်တမ်းလွှာတွင် သူ၏အမည်ကို "ကျောင်းထိုင်ဆရာတော်အဖြစ် "လက်မှတ်ထိုးပိုင်ခွင့်မရှိ၊ အရှင်သောဏုတ္တရအနေဖြင့် "ကျောင်းနေရဟန်း"အဖြစ်သာ လက်မှတ်ထိုးပိုင်ခွင့်ရှိကြောင်း ဆရာတော်အရှင် သုမနတိဿက တဖက်သတ်တင်ပြလာသည်။

ဘုန်းကြီး၏ဆရာတော်အရှင်သောဏုတ္တရသည် စာပေကျမ်းဂန်မတတ်ကျွမ်းသူဖြစ်ပြီး စကားပြောဆိုရာတွင်
လည်း လိမ္မာပါးနပ်သူမဟုတ်ပြန်ချေ။ သူ့ ထက်သိက္ခာဝါကြီးသူရဟန်းများကို အတိုက်အခံဆန့် ကျင်ဘက် မလုပ်ဝံ့ချေ။ ထို့ ထက်အရေးကြီးသည်ကား ဤအငြင်းပွားမှုကြောင့် ဘုန်းကြီ၏ရဟန်းခံပွဲအခွင့်အရေး
မပျက်စီး စေလိုခြင်းပင် ဖြစ်သည်။

ကိုယ့်ဆရာကို စော်ကားသောကြောင့်လည်းကောင်း၊ ဘုန်းကြီးဘဝမှာအရေးအကြီးဆုံးရက်ကို ဖျက်ဆီးရန် ကြိုးစားမှုကြောင့်လည်းကောင်း အရှင်သုမနတိဿကို ဘုန်းကြီးဒေါသထွက်ခဲ့သည်။

စိတ်ပျက်ဖွယ်လိလိဖြစ်ရပ်တခုလုံး၏ရင်းမြစ်မှာ "နိုင်ငံရေး"ဖြစ်ကြောင်း ဘုန်းကြီး နားလည်သိမြင်လာသည်။
သို့ ဖြစ်စေကာမူ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဘုန်းကြီးလုပ်နိုင်စွမ်းသော အရေးအရာကား လုံးဝမရှိ နတ္ထိ…။

ဘုန်းကြီး၏ဆရာတော်သည် သူ့ အမည်ဘေးတွင် "ကျောင်းနေရဟန်း"ဟူသော စကားလုံးဖြင့် အရှင်သုမနတိဿ တောင်းဆိုချက်အတိုင်း အငြင်းအခုံလုပ်မနေတော့ဘဲ ရဟန်းခံမှတ်တမ်းလွှာပုံစံတွင် လက်မှတ်ထိုးပေးလိုက်လေ၏။
                                                            +++++++++++  

အခမ်းအနားမစမီ နာရီအနည်းငယ်ကြိုတင်ပြီး ဆရာတော်နှစ်ပါးက ဘုန်းကြီးကို အဖြူရောင်ဝတ်စုံ ဆင်မြန်းပေး
သည်။ ဦးခေါင်းတွင်လည်း သရဖူလို ခေါင်းဆောင်းတခု ဆောင်းစေသည်။

ရဟန်းလောင်း၏ ဆွေမျိုးများ၊ ထောက်ပံ့သူများမှာ ပြည့်စုံကြွယ်ဝသူဖြစ်ကြလျှင် ကြီးကျယ်ခမ်းနားမှုနှင့် အဆင့်အတန်းသင်္ကေတပုံဆောင် ဆင်ယာဉ်စီးနိုင်သည်။ ဆင်နောက်မှာ စည်တော်၊ ခရုသင်း နှဲပုလွေတီးဝိုင်း၊ ကပြသူများ၊ လူရာဂဏန်းလောက် လိုက်ပါတတ်သည်။ ဘုန်းကြီး၏မိသားစုမှာ ဆင်းရဲနွမ်းပါးသောကြောင့် အခမ်းအနားမှာ သာမန်မျှသာ ဖြစ်သည်။

ဘုန်းကြီးကို အဝတ်အစားဆင်မြန်းပေးနေခိုက် ဘုန်းကြီး၏အမျိုးများနှင့် ဆရာများသည် ရဟန်းခံရာတွင်ပါဝင်ကြ
မည့် ကာရကသံဃာတော်များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းလင်ဗန်းများ ပြင်ဆင်ကြရသည်။ လင်ဗန်းတိုင်းမှာ ကွမ်းယာနှင့်ကွမ်းသီး၊ ဆေးရွက်ကြီး၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာတောင့်၊ သွားတိုက်ဆေး၊ ဒန်ပူ (သစ်သားချောင်း
သွားပွတ်တန်) နှင့် မုန့် သေတ္တာဗူးတို့  ပါဝင်ကြသည်။

ရဟန်းခံပွဲသို့ ထိပ်တန်းသံဃာတော် အပါး နှစ်ဆယ်တက်ရောက်သည်။ သျှာမနိကာယဂိုဏ်းချုပ်ဆရာတော်ကြီး၊ ဒုတိယဂိုဏ်းချုပ်နှစ်ပါး၊ အတွင်းရေးမှုးဆရာတော်နှင့် အခြားဆရာတော် တဆဲ့ခြောက်ပါးတို့ ဖြစ်ကြ၏။ ရဟန်းလောင်းသည် ထိုဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ ကျောင်းငယ်များသို့ ဝါစဉ်ကြီးငယ်အလိုက် သွားရောက်ကန်တော့ကြရသည်။ လှူဖွယ်ပစ္စည်းတင်ထားသည့် လင်ဗန်းကိုလည်း လှူဒါန်းသည်။ ဤအခမ်းအနားမှာ တနာရီခန့် ကြာသည်။

အမရဒီပ
သြဂုတ်လ ၁၇၊ ၂ဝ၁၃

Wednesday, August 14, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၄

အခန်း ၆၊ ရဟန်းဖြစ်ခြင်း

သီရိလင်္ကာနိုင်ငံရှိ ထေရဝါဒဗုဒ္ဓသာသနာတော်တွင် အဓိကဂိုဏ်းကြီး ၃ ရပ်ရှိသည်။ သက်တမ်းအကြာမြင့်ဆုံးနှင့် အင်အားအများဆုံးမှာ "သျှာမနိကာယ" (သျှမ်းဂိုဏ်း)ဖြစ်သည်။ ဘုန်းကြီးက ဤဂိုဏ်းဝင်ဖြစ်သည်။ ဤဂိုဏ်း
သည် ဘုန်းကြီးကျောင်းအရေအတွက်နှင့် ရဟန်းသံဃာအရေအတွက် အခြားဂိုဏ်းထက် ပိုများသည်။
 နိုင်ငံ၏ ရှေးအကျဆုံးကျောင်းတိုက်များသည်လည်း ဤဂိုဏ်းအတွင်းမှာ အများဆုံးရှိသည်။

"သျှာမနိကာယ" အမည်ရပုံကား ဤသို့ ဖြစ်၏…..။
အတိတ်ကာလတုန်းက စီလုံကျွန်းကို နယ်ချဲ့ ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဒတ်ခ်ျ နှင့် ပေါ်တူဂီသာသနာပြုအဖွဲ့ များကြောင့်လည်းကောင်း ရဟန်းသံဃာအရေအတွက် တဖြည်းဖြည်း လျော့ပါးကျဆင်းခဲ့ရလေသည်။

ရှင်သာမဏေအရေအတွက် တိုးတက်များပြားလာသည်။သို့ သော် ၂၂၇ သွယ်သိက္ခာပုဒ်ကိုထိန်းသိမ်းပြီး သာမဏေများကိုရဟန်းဖြစ်အောင် ဥပသမ္ပဒကံဆောင်ပေးနိုင်သူ ရဟန်းတော်တပါးတလေမျှ သီရိလင်္ကာတခွင် မကျန်ရစ်တော့ချေ။

ဆင်ဟာလီစ်လူမျိုးရှင်သာမဏေတပါးသည် (ပါဠိဘာသာဖြင့် သျှာမ) "ထိုင်းလန်း" ဟုယခုခေါ်တွင်သည့် "ဆီယမ်"သို့ ရဟန်းခံရန် ထွက်ခွါသွားခဲ့ရသည်။ ယင်းနောက် သူသည် စီလုံကျွန်းသို့ ပြန်ကြွလာသည်။ ၁၇၅၃ ခုနှစ်တွင် ရဟန်းအစုအဖွဲ့ ကို ပြန်လည်အခြေချပေးခဲ့သည်။

စီလုံကျွန်းတွင် "ဂေါယီဂါမ"ဟုခေါ်သည့် ဇာတ်မြင့်မိသားစုဝင်များကိုသာ သျှာမနိကာယအတွင်း ရဟန်းခံခွင့်ပြု
ထားသည်။ ဘုန်းကြီး၏မိသားစုသည် ဆင်းရဲနွမ်းပါးသော်လည်း ဂေါယီဂါမဇာတ်မြင့်အနွယ်ဝင်များ ဖြစ်ကြသည်။
စီလုံကျွန်းတွင် ဇာတ်အဆင့်အတန်းသည် ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ  မျိုးရိုးစဉ်ဆက်အပေါ်မှာသာ အခြေခံသည်။

နှစ်ပေါင်းများကြာပြီးနောက်တွင် ဂေါယီဂါမဇာတ်ဝင်မဟုတ်သူ ရှင်သာမဏေတစုသည် မြန်မာနိုင်ငံ၊ အမရပူရမြို့ 
တော်သို့ သွားရောက်ကာ ရဟန်းခံကြသည်။ ထိုအစုအဖွဲ့ စီလုံကျွန်းသို့ ပြန်လည်ရောက်လာသောအခါ ၁၈ဝဝ ပြည့်နှစ်တွင် "အမရပူရနိကာယ"ကို ထူထောင်လိုက်ကြသည်။

မြန်မာနိုင်ငံ၊ ရာမညဒိစတြိက်သို့ သွားရောက်ခဲ့ကြသော ရဟန်းတော်များက ၁၈၁ဝ ခုနှစ်တွင် တည်ထောင်လိုက်
သော တတိယမြောက်ဂိုဏ်းမှာ "ရာမညနိကာယ" ဖြစ်လာသည်။ 

မူလကနဦးက ဂိုဏ်းများအကြားတွင် အားပြိုင်မှုအကြီးအကျယ်ရှိခဲ့သည်။ ဂိုဏ်းတခုစီက အခြားဂိုဏ်းများသည် ဝိနည်းစည်းကမ်းကို ပြန်ဆိုယူဆကြရာတွင် လောက်လောက်လားလား တိကျမှုမရှိဟု ယူဆခဲ့ကြသည်။ ဥပမာ-
သျှာမနိကာယဝင်ရဟန်းတို့ သည် ဦးခေါင်းဆံပင်ရိတ်သလို မျက်ခုံးမွှေးလည်း ရိတ်ပယ်ကြသည်။ အခြားနိကာယ
ဝင်ရဟန်းတို့ ကမူ မျက်ခုံးမွှေးမရိတ်ကြပေ။

အခြားတဖက်တွင် သျှာမနိကာယဝင် ရဟန်းတို့ သည် ကျောင်းတိုက်ပြင်ပသို့ သွားလာကြလျှင် သင်္ကန်းမရုံဘဲ သင်္ကန်းကို ပခုံးတဖက်ဖော်ဝတ်ကာသာ သွားလာကြသည်။ အခြားဂိုဏ်းဝင် ရဟန်းတော်များသည် ပခုံး
နှစ်ဖက်လုံး လုံခြုံစေလျက် သင်္ကန်းရုံကာ သွားလာကြသည်။

ဘုန်းကြီး၏ဆရာရင်း ဆရာတော်အရှင်သောဏုတ္တရသည် သျှာမနိကာယဝင်ရဟန်းတပါးဖြစ်သည်။ သူ၏ဆရာ
တော်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒန္တ ဖဟမုနေသုမင်္ဂလ၏ တပည့်ကြီးတပါးဖြစ်သည်။

အရှင်သောဏုတ္တရ အသက် ၂၅ နှစ်အရွယ် ၁၉၁၁ ခုနှစ်တွင် သူ၏ဆရာတော်က မလံဒေနီယရွာတွင်
 ကျောင်းသစ်ဖွင့်ရန် စေလွှတ်လိုက်သည်။ မမျှော်လင့်ဘဲ ရွာနီးစပ်ချင်း ကေဘိလိတီဂေါဓရွာကျောင်းထိုင်နှင့်
 ပြဿနာတက်သည်။ အရှင်သောဏုတ္တရ မလံဒေနီယရွာသို့ မရောက်ခင် ဆယ်နှစ်လောက်စောပြီး ကေဘိလိတီ
ဂေါဓရွာကျောင်း တည်ထားနှင့်ပြီးဖြစ်သည်။ ထိုသို့ ပင်ဖြစ်စေကာမူ ကေဘိလိတီဂေါဓရွာ ဆရာတော်သည် ဆရာတော်အရှင်သောဏုတ္တရကို မနာလိုဖြစ်ကာ ကျောင်းသစ်၏ပစ္စည်းပိုင်ဆိုင်ခွင့်ကို တရားတဘောင်စွဲဆိုရင်
ဆိုင်ခြင်း ပြုလုပ်လာခဲ့သည်။

ယင်း၏အကျိုးဆက်အဖြစ် ဘုန်းကြီး၏ဆရာတော်သည် ကေဘိလိတီဂေါဓရွာဆရာတော်၏ လက်အောက်ခံဖြစ်
သွားပြီး အရိုအသေပြုရန် နေ့ စဉ်သွားနေရသည်။

အတိုချုပ်လိုက်လျှင် ကေဘိလိတီဂေါဓရွာဆရာတော်ဟူသည် ဘုန်းကြီးအသက် ၁၃ နှစ်သားအရွယ် ရှင်ပြုစဉ်က ဥပဇ္ဈယ်ပေးသော ဆရာတော် အရှင်သုမနတိဿ ဖြစ်သည်။ ထိုအချိန်က သူသည် ဘုန်းကြီးကို သူ့ "တပည့်
လက်သား" အဖြစ်တောင်းဆိုခဲ့သည်။ သို့ သော် သူတောင်းဆိုတိုင်း မရရှိခဲ့ချေ။ ဤနေရာတွင် ဘုန်းကြီးသည် သီးခြားအပေးအယူလုပ်ခြင်းခံထားရသူ ကိုရင်တပါးဖြစ်မည်မဟုတ်ဟု ယူဆပါသည်။

ဘုန်းကြီးကျောင်း ၂ ကျောင်းအကြားတွင် ရန်ငြိုးအာဃာတဖွဲ့ မှု တအုံနွေးနွေးဖြစ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေဒ များစွာကြာမြင့်ခဲ့ပြီ။ ဘုန်းကြီးရဟန်းခံမည့် ၁၉၄၇ ခုနှစ်ရောက်သောအခါ ဘုန်းကြီးကိုယ်တိုင်ပင် အငြင်းပွားမှု
ပြဿနာတုံးကြီးကို တရှိန်ထိုး တိုးတိုက်မိပါတော့သည်။

ထုံးတမ်းစဉ်လာအရ ကိုရင်တပါး ရဟန်းခံခါနီးလျှင် ရဟန်းခံအခမ်းအနားအကြောင်းကြေညာချက်ကို မိတ်ဆွေများ၊ဆွေမျိုးဉာတိများ၊ကျောင်းကပ္ပိယများနှင့် ကိုရင်နေထိုင်ခဲ့ရာ အခြားကျောင်းတိုက်များသို့ 
ဝေငှလေ့ရှိသည်။ ယင်းကြေညာချက်ကို ဈေးနှုန်းချိုသာသည့် စာရွက်များဖြင့် ပုံနှိပ်ပြီး စာတိုက်မှဖြစ်စေ၊ လက်ဆင့်ကမ်း၍ဖြစ်စေ ဖြန့် ဝေကြသည်။

စာသင်တိုက်ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးအတွက်ကြေညာချက်တစောင် ရေးပေးသည်။ ထုံးစံအရ ထိုကြေညာချက်ကို ဘုန်းကြီး၏ဆရာတော်ထံ လက်မှတ်ထိုးရန် ယူဆောင်လာခဲ့သည်။ အကြောင်းကြောင်းများ ကြောင့် ဆရာတော်အရှင်သောဏုတ္တရသည် မလံဒေနီယရွာကျောင်းထိုင်အဖြစ် လက်မှတ်ထိုးရေးအတွက် လေးတွဲ့  ဆုတ်ဆိုင်းနေခဲ့သည်။

ဘုန်းကြီးက ဆရာတော့်ကို လျှောက်ထားသည်။
"ဒီကျောင်းကို ၁၉၁၁ မှာ အရှင်ဘုရား စတည်ထောင်တယ်။ အရှင်ဘုရားပဲ ဒီကျောင်းကို ဆောက်ခဲ့တာ။ ဒီကျောင်းမှာ နေ-နေတဲ့ ဘုန်းကြီးဆိုတာလည်း အရှင်ဘုရားပဲ အမြဲတမ်းနေတာပဲ။ ဒီကျောင်းရဲ့
 ကျောင်းထိုင်ဘုန်းကြီးဆိုတာ အခြားဘယ်သူ ဖြစ်ရဦးမှာလဲ"

ဆရာတော်အရှင်သောဏုတ္တရက ဘာမျှပြန်မပြော…။ နောက်ဆုံးတွင် စာရွက်ပေါ် သူ့ လက်မှတ်ထိုးပေးလိုက်
သည်။ စာရွက်ကို မိတ္တူထပ်ပွားကာ ပထမတစောင်ကို ရွာနီးချင်းကျောင်းရှိ ဘုန်းကြီး၏မူလဥပဇ္ဈယ်ဆရာ အရှင်သုမနတိဿ ထံတော်သို့ ကိုယ်တိုင်သွားရောက် ဆက်ကပ်သည်။ တဖက်ရွာ၏ကျောင်းထိုင်ဘုန်းကြီးအဖြစ် အရှင်သောဏုတ္တရ၏လက်မှတ်ကို မြင်လျှင်မြင်ချင်း သူဒေါသပုန်ထလေသည်။

"မလံဒေနီယကျောင်းထိုင်က ဦးသောဏုတ္တရမဟုတ်ဘူးကွ၊ ငါပဲကွ…။ ဒီစာရင်းထဲမှာ မင်းဆရာသမားအဖြစ်
တောင် ငါမပါဘူး…"
သူက မိုးခြိမ်းသလို ကြိမ်းမောင်းပြောဆိုသည်။

ဆရာတော်အရှင်သုမနတိဿသည် ကန္ဒီမြို့ ရှိ သျှာမနိကာယဌာနချုပ်သို့ အချိန်မဆိုင်းတော့ဘဲ ကြွသွားကာ ဘုန်းကြီး၏ရဟန်းခံပွဲကို ဖျက်သိမ်းပေးရန် တောင်းဆိုလျှောက်ထားသည်။ ဆရာတော်အရှင်သောဏုတ္တရနှင့် ဘုန်းကြီးတို့ အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။ သို့ သော် အငြင်းပွားမှုကို တနည်းတဖုံနှင့်
 ဖြေရှင်းနိုင်မည်ဟု မျှော်လင့်လျက် ရဟန်းခံပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါသည်။

ရဟန်းခံပွဲမတိုင်ခင် အကြိုညတွင်မလံဒေနီယရွာသူရွာသားများသည် ထုံးတမ်းစဉ်လာအတိုင်း စီတန်းလှည့်လည်
ခြင်း၊ ကျောင်းတွင် ပူဇော်ပွဲ၊ ကြိုဆိုဧည့်ခံပွဲများ စီစဉ်ခင်းကျင်းကြသည်။

ဆရာတော်အရှင်သုမနတိဿက စီတန်းလှည့်လည်ပွဲမလုပ်ဆောင်ရန်ခြိမ်းခြောက်သော်လည်း ပြဿနာ
တစုံတရာ မပေါ်ဘဲ ကျင်းပနိုင်ခဲ့ကြသည်။

အမရဒီပ
သြဂုတ်လ ၁၄၊ ၂ဝ၁၃