Total Pageviews
Friday, June 14, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၂၁
အခန်း ၅၊  စာသင်တိုက်
ဘုန်းကြီးသတိပြန်ရသောအခါ မြစ်ကမ်းဘေးမြေပေါ်တွင် လဲလျောင်းလျှက်သားဖြစ်နေလေသည်။
ဘုန်းကြီး၏အပေါ်မှာလည်း လူတယောက်ဒူးထောက်ကာ ခွထား၏။ ရေများကို ပြန်အန်ထုတ်သည်။ လူများအနားသို့ ဝိုင်းလာပြီးဘုန်းကြီးကို ကြည့်ကြသည်။
ဘုန်းကြီးနှင့်ရေအတူကူးသော ကိုရင်လေးသည် ဘုန်းကြီးကို မကယ်နိုင်တော့။ ဘုန်းကြီးက ကြောက်အား
လန့် အားဖြင့် သူ့ ကိုယ်ဝတ်သင်းပိုင်ကို စုတ်ပြဲအောင် လုပ်လိုက်မိသည်။ ကိုယ်တုံးလုံးကျွတ်နှင့် ကိုရင်လေးသည်မြစ်ကမ်းစပ်ခါးတဝက်လောက်ရေနက်သည့်နေရာမှရပ်ကာ အော်ဟစ်အကူအညီ
တောင်းသည်ဟု နောင်တွင် ဘုန်းကြီးကို ပြောပြသည်။
ဘူတာရုံအနီး လက်ဖက်ရည်ဆိုင်မှ လူတယောက် အပြေးထွက်လာပြီး အကျိုးအကြောင်းမေးသည်။ 
ကိုရင်လေးက ဘုန်းကြီးရေနစ်သည့်နေရာကို ညွှန်ပြပြီး အော်ပြောသည်။
"အခု သူသေပြီထင်တယ်"
လက်ဖက်ရည်ဆိုင်မှလူသည် အဝတ်အစားမချွတ်အားတော့ဘဲ ရေထဲခုန်ချပြီး ရေအောက်မှာ ဘုန်းကြီးကို ရှာသည်။ မြစ်ကြမ်းပြင်တွင် သတိလစ်နေသည့် ဘုန်းကြီးကို တွေ့ သည့်အခါ ကမ်းပေါ် ဆွဲတင်ပြီး ပါးစပ်ချင်းတေ့
မှုတ်ကာ အသက်ပြန်ရှုနိုင်အောင် ပြုစုပေးသည်။ ထိုအချိန်မှာ လူများ ဝိုင်းအုံလာကြသည်။
အသက်ပြန်ရှုပြီး ချောင်းဆိုးကာ ရေပြန်အန်ထွက်သည်။ ဘုန်းကြီးသည် အနည်းငယ်ကတုန်ကယင်ဖြစ်နေသည်။ သို့ သော် စိုးရိမ်ဖွယ်မရှိပြီ။
ကိုရင်လေးက သူ့ ဆရာတော်ကို ပြေးပင့်ခေါ်သည်။ ယင်းနောက် ဘုန်းကြီးတို့ သည် ကျောင်းသို့ အတူ
 ပြန်လာကြသည်။ မြစ်ကမ်းနှင့် ကျောင်းမှာ ငါးဆယ့်ငါးကိုက်လောက်ဝေးသည်။ ယင်းဆရာတပည့်တို့ က ဘုန်းကြီးအား သကြားများများနှင့် ကော်ဖီပူပူတခွက်တိုက်သည်။ သင်္ကန်းတစုံပေးသည်။ ဘုန်းကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ကျောင်းထိုင်ဆရာတော်မှာ အလွန်သနားတတ်သည်။ ဘုန်းကြီး၏အမည်နှင့် သွားမည့်နေရာကို မေးသည်။
ဆရာတော်မေးသမျှကို ဘုန်းကြီး  ဖြေဆိုပြီးနောက် ကပ္ပိယတယောက်အား ဘုန်းကြီးအတွက် ဂမ်ပဟာသို့  ရထားလက်မှတ်အဝယ်လွှတ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် ဘုန်းကြီး ခရီးပြန်ထွက်ခဲ့သည်။ ဂမ်ပဟာရှိ စာသင်တိုက်သို့ ရောက်သောအခါ ဘုန်းကြီးနှင့် ပထမဦးစွာစကားပြောသူက အဘယ်ကြောင့် ရေနစ်ထားသူလို အသံမျိုးဖြစ်နေရသနည်း ဟု မေးပါသည်။ 
"အအေးမိနေလို့ ပါ"ဟုဖြေခဲ့သည်။ အမှန်အတိုင်းပြောရမှာ ဘုန်းကြီး ရှက်မိပါသည်။
သို့ သော် နောက်တနေ့ စီလုံရှေ့ ဆောင်သတင်းစာ မျက်နှာဖုံးတွင် ဝေယံဂေါဓဘူတာရုံအနီး မြစ်ထဲမှာ ရေနစ်သော ဆယ်ကျော်သက်ကိုရင်တပါးအကြောင်းသတင်းရေးသားချက်နှင့်အတူ ဘုန်းကြီးဓာတ်ပုံပါလာသည်။
စာသင်တိုက်ရှိ ဘုန်းကြီး၏သူငယ်ချင်းများသည် ထိုအကြောင်းကို နှစ်အတော်ကြာတိုင်အောင် စကြနောက်ကြ
လေသည်။
စာသင်တိုက်တွင် ပညာသင်ရေးမှာ အခမဲ့ဖြစ်သော်လည်း ဘော်ဒါဆောင်နေကြေး တလလျှင် ငါးရူပီး လှူရသည်။ ကံဆိုးသည်မှာ ဘုန်းကြီးတွင် ပေးလှူရန်ငွေတပြားမှမရှိသည့်အတွက် အများမနေသည့် တင်းကုပ်ကလေးတခုမှာ အိပ်စက်ရသည်။ကြမ်းခင်းမှာ ဖုံအလူးလူး၊ ၄ အမြင့် တဝက်တပျက်နံရံ နှင့် တံခါးမရှိသော တဲကုပ်ဖြစ်၏။ ဂုန်နီအိတ်များ၊ ဝါးခြမ်းများ၊ ကြိုးများရှာဖွေကာ တံခါးပေါက်နှင့် ပြူတင်းပေါက်အကာအကွယ်များကို အကြမ်းဖျင်း ပြင်ဆင်တန်ဆာဆင်ထားလိုက်သည်။ အလင်းရောင်အတွက် အုန်းဆီထည့်ကာထွန်းရသည့်
 မြေမီးခွက်တလုံးရှိသည်။ ဤသည်မှာ ဘုန်းကြီး၏ ပထမဦးဆုံး "ကုဋီ"ဖြစ်သည်။
 "ကုဋီ"ဟူသည် ရဟန်းတော်များနေသည့် တခန်းဖွဲ့ တဲပင် ဖြစ်သည်။ ဤကုဋီကို ရသည့်အတွက်
 ဘုန်းကြီး ကျေနပ်ဝမ်းသာမိပါသည်။
ကုဋီအတွင်းမှာပင် လေ့လာသင်ကြားများစွာကို ဘုန်းကြီး လုပ်ဆောင်ခဲ့သည်။ မကြာမြင့်မီ ကျောင်းမှာ အတော်ဆုံးကျောင်းသားအဖြစ် ဘုန်းကြီးကို လူသိများလာသည်။ "ကံကောင်းခြင်းလက်ဆောင်"ဟု ဆိုရမည့် ဓာတ်ပုံရိုက်သလိုမှတ်မိသော ပုံရိပ်ထင်မှတ်ဉာဏ်မျိုး ဘုန်းကြီးမှာ ရှိကြောင်း ကိုယ်တိုင်သိလာသည်။ ဆယ်မိနစ်အတွင်း အကြောင်းအရာရှည်လျားစွာရေးသားထားသော စာအုပ်ကြီးကို ဖတ်ပြီး အချက်အလက်
အားလုံးကို မှတ်ထားလိုက်နိုင်သည်။ မှတ်ဉာဏ်၏ မှတ်ပုံမှတ်နည်းလုပ်ဆောင်ပုံကို ဘုန်းကြီးကိုယ်တိုင် မသိပါ၊ သို့ သော် စာမျက်နှာတိုင်းသည် ဓာတ်ပုံတပုံလို စိတ်ထဲမှာ စွဲမြဲသွားသည်ကိုသာ ဘုန်းကြီးသိသည်။
ဘုန်းကြီး၏လက်ဆောင်အတွက် ဘုန်းကြီး အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိသည်။သူငယ်ချင်းများအားလည်း စာအုပ်များမှ မေးခွန်းထုတ်ပြီး ဘုန်းကြီးကို မေးနိုင်ကြောင်း စိန်ခေါ်ခဲ့သည်။ မေးခွန်းတခု၏ စာမျက်နှာနံပတ်၊ စာတကြောင်း၏ အဖြတ်အတောက်ပုဒ်ထီး၊ ပုဒ်မများကိုပင် ဘုန်းကြီး ဖြေဆိုနိုင်ခဲ့သည်။
ဤအချက်ကြောင့်ပင်လျှင် ကျောင်းအုပ်ဆရာတော်က ဘုန်းကြီးကို အလွန်သဘောကျသည်။ သူ၏လက်ထောက်အဖြစ် ဘုန်းကြီးကို ခန့် အပ်ထားသည်။ ထို့ ပြင် ဘုန်းကြီးသည် ကျောင်းဘဏ္ဍာစိုးလည်း
 ဖြစ်သည်။ သင်္ကန်း၊ ဆေးဝါး၊ အိမ်သာသုံးပစ္စည်းများစသည့် လှူဖွယ်ပစ္စည်းများရောက်လာလျှင် နေရာချ၊ သိမ်းဆည်းထားခြင်းကို ဘုန်းကြီးတာဝန်ယူထားရသည်။ ယင်းနောက် စာသင်သားများ လိုအပ်သည့်အချိန်တွင်
ထိုပစ္စည်းများကို လိုသလောက် ထုတ်ပေးရသည်။
ဘုန်းကြီး၏အခွင့်အရေး နှင့် လုပ်ပိုင်ခွင့်များကြောင့် စာသင်ဖက်အများစုသည် ဘုန်းကြီးအပေါ် မနာလို ဖြစ်လာ
ကြ၏။ သူတို့ မနာလိုသဝန်တိုနေရုံမျှဖြင့် စာသင်သားများ၏အပြစ်ကျူးလွန်မှုများအား ကျောင်းအုပ်ဆရာတော်ထံ
သို့ သတင်းပို့ နေသည်ကို ရပ်တန့် ပစ်မည်မဟုတ်ပါချေ။ အတိုချုပ်ဆိုရလျှင် ဘုန်းကြီးသည် သစ္စာဖောက်တ
ယောက်ဖြစ်၏။အခြားစာသင်သားများ၏ အပြစ်များကို အသေးစိတ်မှတ်သားကာ တခုပြီးတခု သတင်းပို့ ခဲ့သည်။ သူများ၏အပြစ်ကို ရှာဖွေကြည့်ရှုခြင်းထက် မိမိ၏ကိုယ်ပိုင်အပြုအမူအတွက်သာ ပို၍ ကြောင့်ကြစိုက်မှုရှိသင့်
ကြောင်း ဘုန်းကြီးသိပါသည်။ သို့ သော် ဘုန်းကြီးသည် ကျောင်းအုပ်ဆရာတော်၏ အသိအမှတ်ပြုမှုကို ပိုရယူလိုသူ ဖြစ်ခဲ့သည်။
ဗုဒ္ဓဘုရားရှင်၏စကားတော်ကို ဘုန်းကြီးမလိုက်နာမိခြင်းမှာလည်း အလွန်ဆိုးရွားလွန်းခဲ့သည်။ ဓမ္မပဒကျမ်းတွင် ဤသို့ ဆိုထားပါသည်။
"သူတပါးအပြစ်ကို မြင်လွယ်သည်။ ကိုယ့်အပြစ်ကို မြင်ခဲသည်။ သူများ၏အပြစ်များကို စပါးလှေ့ သည့်အခါဝယ် စပါးခွံ ဖွဲကြမ်းအဖျင်းတို့ ကို လွှင့်ထုတ်သကဲ့သို့ လွှင့်တတ်၏။ မိမိ၏အပြစ်ကိုမူ ကောက်ကျစ်သူငှက်မုဆိုးသည် မိမိကိုယ်ကိုသစ်ခက်ဖြင့် ဖုံးထားဘိသကဲ့သို့ ဖုံးကွယ်ထားတတ်၏။
သူတပါးအပြစ်ကိုသာ ကြည့်ရှုနေ၍ အမြဲတစေ သူတပါးကို ကဲ့ရဲ့ပြစ်တင်လိုသူမှာ အာသဝေါတရားများ တိုးပွားလာကုန်၏။ ထိုသူသည် အာသဝေါတရားတို့ ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ်ဉာဏ်မှ ဝေးကွာရတော့၏။"
အမရဒီပ
ဇွန်လ ၁၄ ၊ ၂ဝ၁၃
Thursday, June 13, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် -၂ဝ
နောက်နှစ်ရက်အကြာ သာမန်အခမ်းအနားလေးတခုအပြီး ဘုန်းကြီးသည် လိမ္မော်ရောင်သင်္ကန်းကို
 ပြန်လည်ဝတ်ရုံထားပြီးဖြစ်သည်။ ဤအကြိမ်တွင် ဘုန်းကြီး မည်သည့်အခါမှ သင်္ကန်းများကို ချွတ်
ပစ်တော့မည်မဟုတ်ပေ။
ဆရာတော်အရှင်သောဏုတ္တရသည် ဆရာတော်အရှင်သီယမ်ဗလံဂမုဝေ ဓမ္မက္ခန္ဓ ဘွဲ့ မည်တော်တွင်သည့် ဆရာတော်တပါးကိုဆက်သွယ်သည်။အရှင်သီယံဗလံဂမုဝေမှာ ဂမ်ပဟာခရိုင်တွင် ရှင်ရဟန်းများအတွက် အခြေခံပညာရေးကျောင်းငယ်တခုကို စီမံကွပ်ကဲနေသော ဆရာတော်ဖြစ်သည်။  ဘုန်းကြီးနေထိုင်သည့်ကျောင်း
မှ မိုင်ပေါင်း ၆ဝ ခန့် ဝေးသည်။ ဆရာတော်အရှင်သီယံဗလံဂမုဝေနှင့် ဘုန်းကြီး၏ဆရာတော်မှာ မိတ်ဆွေချင်းဖြစ်
သောကြောင့် ဘုန်းကြီး၏လျှောက်လွှာကို အလွယ်တကူလက်ခံသည်။ ဘုန်းကြီး ပြန်လည်ရှင်ပြုပြီးတလအကြာ ၁၉၄၄ ခုနှစ် ဧပြီလတွင် တရားဝင်ဘုန်းတော်ကြီးကျောင်းပညာရေးကို စတင်သင်ခဲ့ရ၏။ ဘုန်းကြီးသည် "ဝိဇ္ဇသေခရပရိဝေဏ" မှာ ကျောင်းတက်ရသည်။ "ဝိဇ္ဇသေခရ"မှာ "သင်ယူခြင်းသရဖူ"ဟု အဓိပ္ပါယ်ဆိုလိုပြီး
"ပရိဝေဏ"မှာ "ရှင်ရဟန်းအတွက်ကျောင်း"ဟု အဓိပ္ပါယ်ဆိုလိုသည်။ ကိုရင်အရေအတွက် အပါးနှစ်ဆယ်
လောက်နှင့် ဆရာတော် သုံးပါး ထိုစာသင်တိုက်မှာ နေထိုင်ကြသည်။ ဘုန်းကြီးတို့ သည် စီလုံသမိုင်းနှင့် အဂုင်္တ္တရနိကာယ်၊ မဇ္ဈိမနိကာယ်တို့ လို အရေးပါမည့် ဒေသနာတော်များကို သင်ယူရသည်။ ဆင်ဟာလီ၊ တမီးလ်၊
ဟိန္ဒီ ၊ အင်္ဂလိပ်၊ သက္ကတတို့ လို ဘာသာစကားများစွာကိုလည်း သင်ယူကြရသည်။
ရွယ်တူဆယ်ကျော်သက်ကိုရင်များကြားမှာနေထိုင်ရပြီး သင်ယူလေ့လာခြင်းဖြင့် အချိန်ကုန်လွန်
ရသောကြောင့် ကျောင်းအသစ်မှာ အတိုင်းထက်အလွန် ဘုန်းကြီးပျော်မိ၏။ သို့ သော် ဘုန်းကြီးသည် စာသင်တိုက်မှာ ကြာကြာ မနေလိုက်ရပြန်။ ဆရာတော်အရှင်သီယံဗလံဂမုဝေမှထံမှာ မေတ္တာရပ်ခံချက်တခု ဘုန်းကြီးထံ ရောက်လာ၏။
နပဂေါဓရွာနေ ကျောင်းထိုင်ဘုန်းကြီး လူဝတ်လဲသွားသည့်အတွက် ကျောင်းတိုက်ကို အစောင့်အရှောက်မဲ့ ထားပစ်ခဲ့သည်။
ဘုန်းကြီး နပဂေါဓရွာသို့ သွားရောက်ပြီး ကျောင်းတိုက်ကို စီမံစောင့်ရှောက်နိုင်မည်လားဟု ဆရာတော်က မေးသည်။ ထိုကိစ္စမှာ ခေတ္တယာယီသာဖြစ်မည်၊ ရက်သတ္တပတ်အနည်းငယ်ကြာအောင် ထိုကျောင်းမှာ နေပြီး နောက်တွင် စာသင်တိုက်သို့ ပြန်လာရလိမ့်မည်ဟု ထင်တားမိသည်။ ထို့ ကြောင့် ဆရာတော် မေတ္တာရပ်ခံသည်
ကို သဘောတူလက်ခံလိုက်၏။
အတိုချုပ်ပြောရလျှင် ထိုကျောင်းတွင် ရှစ်လကြာအောင် ဘုန်းကြီးနေခဲ့ရသည်။
တရားဒေသနာ သို့ မဟုတ် ပါဠိသင်ယူရမှုလုံးဝမရှိ။ ကျောင်းဝေယျာဝစ္စနှင့်သာ နပမ်းလုံးရသည်။ 
မပြီးနိုင်မစီးနိုင်သည့် အလုပ်ကြမ်းတို့ ကြောင့် ပင်ပန်းနွမ်းချိကုန်သည်။
တနေ့ ကျောင်းမှာ စားသောက်ဖွယ်လုံးဝမရှိဖြစ်နေသည်။ ဘုန်းကြီးနှင့် ရွယ်တူလောက်ပင်ရှိမည့် ဘုန်းကြီးကျောင်းသားကို ရွာထဲရှိ ဆိုင်တဆိုင်မှာ ပေါင်မုန့် ဝယ်ခိုင်းလိုက်သည်။ သူမသွား။ ဘုန်းကြီး
 သူ့ ကို ထပ်ခိုင်းပြန်သည်။ သူကလည်း ထပ်ပေကပ်နေပြန်၏။ ဘုန်းကြီး သူ့ ကို ပြောလိုက်သည်။
"ငါ  နောက်တယောက်ကို စားစရာဝယ်ခိုင်းလိုက်မယ်။ မင်းကို ငါ မကျွေးဘဲ ထားမယ်"
သူက ဘုန်းကြီးကို ပြန်ဆဲသည်။ ဘုန်းကြီး သူ့ ကို ခြေထောက်နှင့် အကြိမ်ကြိမ် ကန်ပစ်လိုက်သည်။
ထိုနေ့ နှောင်းပိုင်းတွင် ဘုန်းကြီးတို့ နှင့် တခဏအတူနေခဲ့ဖူးသူ ရဟန်းတပါး ကျောင်းသို့  ပြန်ကြွလာ၏။ သူသည် ကျောင်းသား၏ အကိုကြီးဖြစ်ပုံရသည်။ သူက ဘုန်းကြီးကို ဘာဖြစ်ကြသနည်း၊ ဘာကြောင့် ကျောင်းသား ကျောင်းမှာ မရှိတော့သနည်း မေးသည်။ ဘုန်းကြီးပြောသည်ကိုနားထောင်ပြီးနောက် သူစိတ်ဆိုးလေသည်။
"အေး….ငါတို့ ကို ဝေယျာဝစ္စလုပ်ပေးတဲ့ ကျောင်းသားကို မင်းမောင်းထုတ်လိုက်တယ်ဆိုတော့ 
အခုအချိန်ကစပြီး အုန်းပင်တက်တာ မင်းအလုပ်ဖြစ်သွားပြီ။ ကိုရင်..ငါ့အတွက် အုန်းသီးတလုံး သွားဆွတ်စမ်း"
ဘုန်းကြီး ထိုရဟန်းခိုင်းသည်ကို ငြင်းလိုက်သည်။
"ရှင် ရဟန်းဆိုတာ အပင်မတက်ရဘူး။ အပင်တက်တာ ဝိနည်းနဲ့ မညီဘူး။ ဒါ့အပြင် တပည့်တော်ဆရာက အုန်းပင်တက်ဖို့ ၊ အုန်းသီးဆွတ်ဖို့  ဒီကျောင်းကို လွှတ်လိုက်တာ မဟုတ်ဘူး"
ဘုန်းကြီးက အချက်ကျကျ ထောက်ပြလိုက်သည်။
ယင်းသို့ အကျိုးစီးပွားမဲ့အလဟသကိစ္စ၊ အချေအတင်ငြင်းခုံနေရသည့်ကိစ္စများဖြင့်သာ ခုနှစ်လတာကာလ
ကုန်လွန်ပြီးနောက် စာသင်ချင်သည့်စိတ်ကြောင့် ဘုန်းကြီး နေမထိထိုင်မသာ ဂဏာမငြိမ်ဖြစ်လာပြီး ဆရာတော်ထံသို့ စာရေးသည်။ "တပည့်တော်ကို သနားသောအားဖြင့် စာသင်တိုက်ကို ပြန်လွှတ်ပါဘုရား"ဟု ဘုန်းကြီး တောင်းပန်လိုက်သည်။
ဆရာတော်အရှင်သီယမ်ဗလံဂမုဝေထံတော်မှ ပို့ စကတ်တစောင်ကို မကြာမီ ဘုန်းကြီး ရရှိသည်။
"အေး…တပည့်၊ မင်းကျောင်းကို ပြန်လာလို့ ရပြီ"ဟု ဆိုထားသည်။ ဘုန်းကြီး အပျော်ကြီး ပျော်သွားသည်။
အချိန်မဆိုင်းတော့ဘဲ လေးမိုင်ဝေးသည့် ဝေယံဂေါဓရှိ မီးရထားဘူတာရုံသို့ သွားရန် နွားလှည်းတစီး ငှားလိုက်
သည်။ ဘုန်းကြီးကား ဂမ်ပဟာသို့ ပြန်ပြီး ကျောင်းသားစာရင်းသွင်းရန် အချိန်မဆိုင်းနိုင်တော့ပြီ။
ဘူတာရုံသို့ ဘုန်းကြီး ရောက်သည့်အခါ ဂမ်ပဟာသို့ သွားမည့်ရထားမှာ ထွက်ဦးမည်မဟုတ်၊  ငါးနာရီလောက်
ဘူတာရုံမှာ ဆိုက်ထားဦးမည်ဟု သိရသည်။ ထို့ ကြောင့် ဘူတာရုံအနီးရှိ ဘုန်းကြီးကျောင်းတကျောင်းသို့ 
အလည်အပတ် သွားရန် ဘုန်းကြီး ထွက်လာလိုက်သည်။
ထိုကျောင်းတွင် အသက် ရှစ်နှစ် ကိုးနှစ်အရွယ် ဘုန်းကြီးကိုခင်မင်သည့် ကိုရင်လေးတပါးရှိသည်။ သူက ဘုန်းကြီးကို သူနှင့်အတူ ဘူတာရုံဘေးရှိ  မြစ်ဆိပ်မှာရေကူးခေါ်သည်။ ဘုန်းကြီး အင်တင်တင်ဖြစ်သွားသည်။
အသက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း ဘုန်းကြီးရေမကူးတတ်ပါ။ ရေမကူးတတ်ကြောင်း ကိုရင်လေးကို ပြော
ပြဖို့ ရန်လည်း "မာန်ခံ"နေပြန်၏။ မပြောချင်။ မတတ်ဘဲတတ်သလိုလို လူတတ်ကြီးလုပ်ချင်သည့် မာနက မကြာမီ ဘုန်းကြီးအသက်ကို ခြိမ်းခြောက်လာခဲ့လေသည်။
ဗုဒ္ဓဒေသနာတော်အဆိုအရ "မာန "ဟူသည် အထက်မဂ်တရားကို မျက်မှောက်ပြုသူတဦးအနေဖြင့်ပယ်သတ်
နိုင်သော အထက်သံယောဇဉ် ၅ ပါးအနက် နောက်ဆုံးလက်ကျန်ဖြစ်သည်။ ပယ်သတ်သင့်သော  စိတ်အညစ်
အကြေး ၂၇ ပါးကို ဗုဒ္ဓဘုရားသတိပေးညွှန်ပြရာတွင် မာနသည် တပါးအပါအဝင်ဖြစ်သည်။ ငါတလူလူမင်းမူ  "မွှန်ထူ "နေမှုများကို ကျော်လွှားနိုင်စေရန် အောက်ပါဆင်ခြင်မှုများကို ပြုသင့်ကြောင်း ဗုဒ္ဓဘုရားရှင် ညွှန်ပြထား ပေသည်။
"ငါသည် အိုခြင်းသဘောရှိ၏ ၊ အိုခြင်းသဘောကို မလွန်မြောက်နိုင် "
"ငါသည် နာခြင်းသဘောရှိ၏ ၊ နာခြင်းသဘောကို မလွန်မြောက်နိုင် "
"ငါသည် သေခြင်းသဘောရှိ၏ ၊ သေခြင်းသဘောကို မလွန်မြောက်နိုင် "
"ပိုင်ဆိုင်သမျှအရာများ၊ ချစ်ခင်မြတ်နိုးသူများသည် ပြောင်းလဲပျက်စီးခြင်းသဘောရှိပါ၏ "
"ကံသာလျှင် မိမိဥစ္စာ၊ ကံသာလျှင် အမွေခံ၊ ကံသာလျှင်အကြောင်း၊ ကံသာလျှင် အဆွေအမျိုး၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ဖြစ်၏။ ကံကောင်းကို ပြုသည်ဖြစ်စေ၊ ကံဆိုးကိုပြုသည်ဖြစ်စေ ထိုကောင်းကံ၊ ဆိုးကံ၏ ကောင်းမွေ ဆိုးမွေကို ခံစားရပေလိမ့်မည်။ "
မြစ်ကမ်းပါးတွင် ကိုရင်လေးသည် ဧကသီကိုယ်ရုံသင်္ကန်းကို ချွတ်လိုက်ပြီး မြစ်ရေထဲသို့ ဝုန်းကနဲခုန်ဆင်းသွား၏။
ငါးတကောင်နှယ် ရေကူးသွား၏။ သူ၏သေသပ်လှပသော ခြေလက်ယက်ကန်လှုပ်ရှားမှုများကို လေးစားအားကျ
ရင်း မြစ်ကမ်းပါးမှာ တောင့်တောင့်ကြီးရပ်နေခဲ့သည်။ ရေကူးခြင်းမှာ အခက်ကြီးဟုတ်ဟန်လည်းမရှိပါလား။ နောက်ဆုံးတွင် ရွှံ့ ထူ အနံ့ ဆိုးသည့် မြစ်ရေထဲသို့  ဒိုင်ဗင်ထိုးချချင်စိတ်ပေါက်လာတော့၏။
မြစ်ကမ်းပေါ်တွင် တွန့် ဆုတ်တွန့် ဆုတ်ဖြစ်နေသည့်ဘုန်းကြီးကို ကိုရင်လေးမြင်ပြန်ရာ သူနှင့်အတူ ရေကူးဖို့ ခေါ်
ပြန်၏။ ဘုန်းကြီးသည် လေးတိလေးကန်ဖြင့် အပေါ်ရုံဧကသီသင်္ကန်းကို ချွတ်လျှက် ကျွတ်ထွက်မသွားစေရန်
သင်းပိုင်းအခေါက်နှင့်တွဲကာ ထုံးချည်လိုက်သည်။ ယင်းနောက် အသက်ရှုလိုက်ပြီး ဒိုင်ဗင်ပစ်ချလိုက်တော့၏။
တစက္ကန့် အတွင်း ဘုန်းကြီး ပြဿနာတက်တော့၏။
ဘုန်းကြီးသည် မြစ်ကြမ်းပြင်အထိ ရောက်သွား၏။ ရွှံ့ ညွှန်ပျောင်းအိအိကို ထိမိသည်။ မတ်တပ်ရပ်ရန် မြေအမာ လုံးဝမရှိပါချေ။ ရေနစ်နေချေပြီ ။ တကိုယ်လုံးကို လှုပ်ရှားရုန်းကန်ကြည့်သည်။ ဓာတ်လိုက်သလို ခန္ဓာကိုယ်တွင်း
မှာ အထိတ်တလန့် ဖြစ်မှုများ ဖြစ်ပွားလာသည်။ ခြေထောက်နှင့်လက်များကို လှုပ်ကြည့်သည်။ အသက်ရှုလိုက်
တိုင်း မြစ်ရေနောက်ကျိကျိကို မျိုချနေမိသည်။
ကိုရင်လေးက ဘုန်းကြီး ဝူးဝူးဝါးဝါးဖြစ်နေသည်ကိုကြည့်ပြီး အကူအညီပေးရန် ကြိုးစားသည်။ ဘုန်းကြီးရှိသည့်နေရာသို့ ရေကူးလာကာ ရေမျက်နှာပြင်ထက်ပေါ်နေသည့် ဘုန်းကြီး၏နားရွက် ၊ ဦးခေါင်းကို ဆွဲ
သည်။ အလိုလေး…..မလွယ်ချေတကား…။ သူ့ အင်အားနှင့် ဘုန်းကြီးကို ရေပေါ်ရောက်အောင် မဆွဲနိုင်ပါ။ ဘုန်းကြီးသည်လည်း ကြောက်ကြောက်လန့် လန့် ဖြင့် သူ့ သင်္ကန်းစကို ဆွဲထားမိ၏။ တခဏတွင်းမှာပင် သင်္ကန်းစ လွတ်သွားပြန်၏။
ဘုန်းကြီးကို ကယ်ဆယ်လိုကယ်ဆယ်ငြား ထိုသင်္ကန်းကိုကိုင်လျက် ရေအောက်သို့  ဘုန်းကြီး သုံးကြိမ်ရောက်၏။ အပေါ်ပြန်တက်လာသည့် သုံးကြိမ်တိုင်တိုင်အခါများတွင် အကူအညီကို ရှာသည်။
နောက်ဆုံးအချီတွင် ဘုန်းကြီး၏မြင်ကွင်းတခုလုံး အနီရောင်သာ လွှမ်းမိုးထားတော့၏။
ဘုန်းကြီး သတိလစ်သွားသည်။
အမရဒီပ
ဇွန်လ ၁၃ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
Wednesday, June 12, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၉
အခန်း ၄ ၊ တကျော့ပြန်ကိုရင်
လမ်းဘေးတနေရာမှာ သူငယ်ချင်းဂုဏဝါဒေနက ဘုန်းကြီးကို  ဗြုန်းစားကြီး စွန့် ခွါသွားခဲ့ပြီး တနာရီလောက်
အကြာ တယောက်တည်းယောက်ယက်ခတ်ကာ ဘုန်းကြီး ထိုနေရာမှာ ထိုင်နေခဲ့သည်။ ဘုန်းကြီးကျောင်းမှ
ထွက်ပြေးကာ မဟာစွန့် စားခန်းခရီးအဖြစ် စတင်ခဲ့သောအရာသည် ကြောက်မက်ဖွယ် ဒုက္ခသုက္ခ
္ခဖြစ်နေနေပြီ။ မြွေကိုက်ခံရ၍ ယောင်ကိုင်းနာကျင်နေသော ခြေထောက်ပြဿနာလည်း ရှိနေ၏။ ဆာလောင်နေသည်။ ဘုန်းကြီးသိသမျှ ခရီးသွားဖော်ကလည်း အပြီးအပိုင် စွန့် သွားခဲ့ပြီ။ 
 ထိုစဉ်ကလောက် နိမ့်ပါးကျဆင်းမှုကို ဘုန်းကြီးဘဝတလျှောက်လုံး လုံးဝမတွေ့ မကြုံဖူးခဲ့ပါချေ။
နောက်ဆုံးတွင် ဘုန်းကြီး၏ခန္ဓာကိုယ်ထဲမှတခုခုက မတ်တပ်ရပ်ရန် အမိန့် ပေးသည်။
"ဆက်လျှောက်" ဟု ပြောနေပုံပေါ်သော အသံ….။
သို့ နှင့်ပင် ခြေထောက်ကို အားယူပြီး ကန္တာရလမ်းတလျှောက်လုံး ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြင့် စလျှောက်လှမ်းခဲ့သည်။ နာရီပေါင်းများစွာကြာအောင်လျှောက်လာပြီး သစ်ပင်ရိပ်အောက် မိန်းကလေးတယောက် ထိုင်နေသည့်နေရာသို့ ဘုန်းကြီးရောက်လာခဲ့သည်။ မိန်းကလေးမှာ သစ်သီး၊ သစ်စေ့ ၊ ပေါင်မုန့် ၊ လက်ဖက်ရည် နှင့် ဟင်းသီးဟင်းရွက်ရောင်းနေခြင်းဖြစ်သည်။ ဘုန်းကြီးက ခပ်ကြမ်းကြမ်း ခုံတန်းပေါ်
ထိုင်လိုက်သည်။
"ဘာလို့ ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြစ်နေတာလဲ"
မိန်းကလေးက မေးသည်။
တမြန်နေ့ ညက ခြေထောက်ကို မြွေကိုက်သည့်အကြောင်း ဘုန်းကြီး သူ့ ကို ရှင်းပြသည်။ နာမည်ဘယ်လို
 ခေါ်လဲ၊ ဘယ်ကလဲ ၊ တယောက်တည်း ဘာလို့ ခရီးသွားနေတာလဲ ဟူ၍လည်း မိန်းကလေးက ထပ်ဆင့်
မေးလာသည်။ ဖြစ်ကြောင်းကုန်စင်အလုံးစုံကို ဘုန်းကြီး ပြောပြလိုက်သည်။
သူက ဘုန်းကြီးကို ပေါင်မုန်တချပ်၊ ပဲတောင့်ရှည်သီးဟင်းတခွက်၊ ရေနွေးကြမ်းကျကျတခွက် ပေးသည်။ အစားအသောက်ကို ကျေးဇူးတင်ဝမ်းမြောက်စွာ ဘုန်းကြီး လက်ခံခဲ့ပါသည်။
သူ၏တဲအိမ်ကျဉ်းကျဉ်းလေးအတွင်းဖက်သို့ ဝင်သွားပြီး ပြန်ထွက်လာသည့်အခါ သံပုရာသီးတစိတ် လက်ထဲကိုင်လာသည်။ ဘုန်းကြီး၏ပေါင်ပေါ်ကဒဏ်ရာကို သံပုရာခြမ်းဖြင့် ပွတ်ပေးပြီးနောက် ဆီတမျိုးကို ဒဏ်ရာအတွင်းသို့ လိမ်းပေးသည်။ သူ၏ဖခင်အလုပ်မှပြန်လာသည့်အထိအိမ်မှာ နေပါဟု ဘုန်းကြီးကို ပြောသော်
လည်း လဝမဟာပယမှာ ပြန်ဆုံကြဖို့ ပြောထားသည့်အတွက် သွားရမည်ဖြစ်ကြောင်း ပြန်ပြောခဲ့ရသည်။ တကယ်လည်း ဂုဏဝါဒေနသည် လဝမဟာပယမှာ စောင့်နေလိမ့်မည်ဟု ဘုန်းကြီး မျှော်လင့်နေမိပါသည်။
ထော့နဲ့ နဲ့ ဖြစ်နေသည့်ကြားမှပင် ဘုန်းကြီးသည် လမ်းပေါ်သို့ ပြန်တက်ရသည်။ အနုရာဓပူရမြို့ သို့  မကြာမီ ရောက်သွားသည်။  ပထမဦးဆုံးမြင်ရသော အဆောက်အဦးမှာ သီယသီရိအမည်ရှိ ဟိုတယ်တခုဖြစ်သည်။ (ထိုခေတ်အခါက စားသောက်ဆိုင်ကို ဟိုတယ်ဟု ခေါ်ကြသည်။) မန်နေဂျာက ဘုန်းကြီးကို နုတ်ဆက်ပြီး
 ခြေထောက်ထော့နဲ့ နဲ့ ဖြစ်ရပုံအကြောင်း မေးနေပြန်၏။ ခြေထောက်ကို မြွေကိုက်သည့်အကြောင်း ပြန်ဖြေလိုက်
သည်။ သူက တယောက်တည်းဖြစ်နေခြင်းအကြောင်းကို မေးပြန်၏။ ဘုန်းကြီးသည် ခရီးသွားဖော်နှင့်အတူ မလိုက်နိုင်သည့်အကြောင်းနှင့် ခရီးသွားဖော်က လဝမဟာပယသို့ ကြိုတင်သွားနှင့်ကြောင်း ပြောလိုက်သည်။
"ဒီမြို့ ကို ဖြတ်သွားတဲ့သူတိုင်း ဒီဟိုတယ်ကို ရောက်ကြတာပဲ။ မင်းဒီမှာ နေလိုက်ဦး။ မင်းခရီးဖော်တွေ ဒီမြို့ ကို ဖြတ်တဲ့အခါ သူတို့ ရောက်လာရင် သူတို့ နဲ့  မင်းတွေ့ လိမ့်မယ်ပေါ့"
မန်နေဂျာက ပြောသည်။
ဘုန်းကြီး သူပြောသည်ကို လက်ခံလိုက်သည်။ တနေရာမှာ ထိုင်စောင့်နေလိုက်သည်။ 
ည ၁၁ နာရီ တွင် အိပ်ငိုက်လာသည်။ မန်နေဂျာကလည်း ဘုန်းကြီးပင်ပန်းနေမှန်း မြင်ပေလိမ့်မည်။
"မင်းဒီမှာ ညအိပ်လိုက်တော့"
သူက ပြောပြီး ခင်းအိပ်ရန် ကောက်ရိုးဖျာတချပ် ပေးသည်။
ထိုမှစ၍ နောက်တနေ့ နံနက် ရှစ်နာရီအထိ ဘုန်းကြီး နောက်ဆုံးသိလိုက်သည်မှာ သူကောက်ရိုးဖျာပေးသည်မျှ
ကိုသာ ဖြစ်သည်။
ဘုန်းကြီးအိပ်ရာနိုးနိုးချင်း ဂုဏဝါဒေန ရောက်လာသလားဟု မန်နေဂျာကို မေးသည်။ "ဟင့်အင်း" ဟု ဦးခေါင်းခါရင်း သူပြန်ဖြေသည်။
"မင်းကိုလာရှာတဲ့သူ တယောက်မှမရှိဘူး။ ဒါပေမယ့် မင်းဒီမှာ နေလို့ ရပါတယ်။ ငါ မင်းအတွက် အလုပ်အကိုင်ပေးပါ့မယ်"
ဘုန်းကြီး ဘာဆက်လုပ်မှန်းမသိ။ ဘယ်ဆက်သွားရမှန်းလည်းမသိတော့ပါပြီ။ ထို့ ကြောင့် မန်နေဂျာပေးသည့် အလုပ်ကို လက်ခံလိုက်သည်။
ဤနည်းဖြင့် ဘုန်းကြီးသည် အနုရာဓမြို့ ရှိ သီယသီရိဟိုတယ်မှာ စားပွဲထိုးဖြစ်လာသည်။ စားပွဲထိုးအလုပ်ကား ပျော်စရာကောင်းပါသည်။ စားသောက်ဆိုင်မှာ အခြားလူငယ်များနှင့်အတူ အလုပ်လုပ်ရသည်။ ဘုန်းကြီးတို့ အားလုံး သင့်သင့်မြတ်မြတ်ဖြစ်ပြီး အဆင်ပြေလှသည်။ ဖောက်သည်များကို ဘုန်းကြီးစောင့်ရသည်။ စားပွဲများကိုသန့် ရှင်းရေးလုပ်ရသည်။ ပန်ကန်ဆေးရသည်။
သီတင်းပတ်များစွာ ကြာသွားပြန်သည်။ တနေ့ တွင် ဘုန်းကြီးငှက်ဖျားရောဂါဖြစ်လာသည်။ နေထိုင်မကောင်း၍ အလုပ်မလုပ်နိုင်။ အနားယူနေရခိုက်ဘုန်းကြီးရောက်နေသည့်နေရာကို အသိပေးရန် မိခင်ထံသို့  စာတစောင် ရေးသည်။ ဘုန်းကြီးကျောင်းမှ ထွက်ပြေးသည့်အကြောင်း မိခင်သိနှင့်ပြီးလောက်ပြီ၊ ဘုန်းကြီးအတွက် မိခင်ခမျာ အလွန်အမင်း စိတ်သောကရောက်ရှာတော့မည်ကို နားလည်လာပြီး နောင်တရမိသည်။
ရက်အနည်းငယ်အကြာ အလုပ်ပြန်ဝင်သည်။ စားသောက်ဆိုင်အတွက် ရေခပ်ရန် အနီးအနားရှိ ရေတွင်းသို့ လာခဲ့
သည်။အခြား ကောင်လေးတယောက် ရေတွင်းသို့ ရောက်နေ၏။သူ့ ဆီက ရေပုံးကိုငှါးပြီး ရေဆွဲတင်ကာ ရေပုံးထဲထည့်သည်။ ပြီးနောက် ပုံးပိုင်ရှင်သို့ ရေပုံးကို ပြန်ပေးသည်။ ပုံးပိုင်ရှင်က ရေပုံးကို ရေတွင်းသို့ လွှတ်ချရာပုံးရော ကြိုးပါ ရေတွင်းထဲသို
ရေနွေးသောက်ရန် စားသောက်ဆိုင်မှာ စောင့်ဆိုင်းနေကြမည့် ဖောက်သည်များကလည်းတဖက်ရှိနေသေးရာ ဘုန်းကြီးမှာ အလျင်စလိုဖြစ်နေ၏။ သို့ နှင့် ရေပုံးပိုင်ရှင်ကောင်လေးအား ငါ စားသောက်ဆိုင်ကို ရေပုံးပြန်ပို့ လိုက်
ဦးမည်၊ ပြီးလျှင် ပြန်လာပြီး သူ့ ရေပုံးကို ပြန်လာဆယ်ပေးမည်ဟု ဘုန်းကြီးပြောထားခဲ့သည်။
ရေအပြည့်နှင့်ရေပုံးကိုသယ်ကာ စားသောက်ဆိုင်တွင်းသို့ အဝင် ဘုန်းကြီး၏အကိုအကြီးဆုံး "တိကိရိဘဏ္ဍ" သည် ဆိုင်ပေါက်ဝမှာ မတ်တတ်ရပ်နေလေသည်။ ဘုန်းကြီးကို သူမြင်မြင်ချင်း သူနှင့်အတူ ပြန်လိုက်ရမည်ဟု ပြော၏။ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးထွက်ပြေးသည့်သတင်းကို ကြားပြီကတည်းက မိခင်ကြီးသည် မရပ်တမ်းငို နေကြောင်း သူပြောပြ၏။ 
အကိုကြီးကိုလည်း ဖခင်လိုပင် ဘုန်းကြီးကြောက်နေရ၏။ သူ့ အမိန့် ကို ကလန်ကဆန်မလုပ်ရဲ။
သူ့ ရေပုံးကိုဆယ်ယူပေးရန် အကူအညီပေးမည့်ဘုန်းကြီးကို ရေတွင်းမှာ စောင့်မျှော်နေရော့မည့် သနားစရာ
ကောင်လေးကို ဘုန်းကြီး မေ့ပစ်လိုက်ရသည်။  ဘဝပြန်စနိုင်အောင် အကူအညီပေးခဲ့သော စိတ်ကောင်းရှိသည့် စားသောက်ဆိုင်မန်နေဂျာကိုလည်း ဘုန်းကြီးမေ့ပစ်လိုက်ရသည်။
"ငါအခု ဆိုင်လေးတဆိုင် ဖွင့်ထားတယ်။ ငါနဲ့ လိုက်ပြီး ဆိုင်မှာ ကူလုပ်ပေါ့"
 အကိုကြီးက ဘုန်းကြီးကို ပြောသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့  ဘုန်းကြီးကျောင်းမှထွက်ပြေးပြီးနောက် ဖြစ်ပျက်သမျှကိုလည်း ဘုန်းကြီးသိရပါ၏။
ဆရာတော်အရှင်သောဏုတ္တရသည် ဘုန်းကြီးတို့ ပျောက်ဆုံးသွားကြောင်း ပုလိပ်များသို့ အကြောင်းကြားသည်။ ဖခင်ကြီးသည်လည်း ဘုန်းကြီးကျောင်းသို့ သွားကာ ဘုန်းကြီးကို ပြန်ရှာပေးပြီး အိမ်ပြန်ပို့ ပေးရန်  ဆရာတော်
အား အပြင်းအထန် တောင်းဆိုသည်။ ဘုန်းကြီးကျောင်း၏ ပြဿနာမှာ ဘုန်းကြီး၏ ထောင့်မကျိုး ပုံစံမဝင်မှုတခု
တည်းကြောင့်မဟုတ်ဘှဲ ဆရာတော်အရှင်သောဏုတ္တရသည်လည်း  ဒေါသကြီးပြီး ကြမ်းတမ်းသူ ဖြစ်ကြောင်း
ထိုအချိန်တွင်မှ ဖခင်ကြီး နားလည်သည်ဟူ၏။ ဆရာတော်အရှင်သောဏုတ္တရက ဘုန်းကြီးကို ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာသည်ဟူသည်မှာလည်း ဘုန်းကြီး လိမ်ညာပြောခြင်းမဟုတ်ကြောင်း ဖခင်ကြီး သိလာ၏။ သို့ ရာ
တွင် သိခြင်းသည် နောက်ကျလေပြီ။ ဘုန်းကြီးသည် ဘုန်းကြီးကျောင်းမှ ပြေးလေပြီ။ ဤတကြိမ် အိမ်သို့ ပြန်ပြေး
လာခြင်းလည်း မဟုတ်တော့ပြီ။
ထိုအချိန်တွင် ပုလိပ်အရာရှိများသည် ဘုန်းကြီးကို တောနယ်တဝိုက် ပိုက်စိပ်တိုက်ရှာဖွေကြသည်ဟူ၏။
ထိုနောက်တွင် အနုရာဓပူရမှ ဘုန်းကြီးစာ ရောက်လာသည်။ စာရလျှင်ရချင်း မိခင်နှင့်ဖခင်တို့ သည် ဘုန်းကြီးကို ပြန်ခေါ်ရန် အကိုကြီးကို စေလွှတ်လိုက်ကြသည်။
မသေမပျောက်သက်ရှိထင်ရှား ကောင်းမွန်စွာ ဘုန်းကြီးပြန်တွေ့ ရသည့်အတွက် မိဘများ အထူးသဖြင့်မိခင်ကြီး
မှာ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရှာသည်။ သို့ သော် စိတ်စနိုးစနောင့်ဖြစ်စရာကား အိမ်မှာ ကြုံ ရပြန်သည်။ ဘုန်းကြီးကို အိမ်နီးချင်းအားလုံးက "ကိုရင်လူထွက်"ဟု ခေါ်ကြသည်။ ဤသို့ ခေါ်ခြင်းသည် အပြင်းအထန် ရိုင်းပျစော်ကားခြင်းတမျိုးဖြစ်၏။ ဖခင်သည်  "မျက်နှာပန်းမလှသည့်သား"ကို သူ့ ပတ်ဝန်းကျင်မှာ ရှိစေလိုပုံမရချေ။ ဘုန်းကြီးကို ကိုရင်ပြန်ဝတ်ခိုင်းသည်။
ဘုန်းကြီးသည်လည်း ဖခင်နှင့် စကားများများမပြောလိုသောကြောင့် ဖခင်နှင့် ဝေးနိုင်သမျှဝေးအောင်
 နေသည်။ ပေါ့ပေါ့ပါးပါးအလုပ်ကိုပင် ရေးကြီးခွင်ကျယ်လုပ်ကာ အလုပ်များဟန်ပြသည်။ ဟန်ပြအလုပ်များအနက်တခုမှာ ဘုန်းကြီးတို့ အိမ်အနီးရှိ ရာဘာခြံအတွင်း ရေနုတ်မြောင်း
တူးဖော်ခြင်းအလုပ်ဖြစ်သည်။
ထိုရာဘာခြံကို ကုမ္ပဏီကြီးတခုက လုပ်ကိုင်သည်။ လစာနည်းနည်းပေးပြီး အလုပ်မှာ သေလောက်အောင် ပင်ပန်းသည်။ ဘုန်းကြီးက ပုံးထဲ မြေကြီးထည့်ပေးပြီးအမျိုးသမီးများဆီ လက်ဆင့်ကမ်းရသည်။ 
အမျိုးသမီးများကမြေကြီးပုံးကို မြေစုပုံရမည့်နေရာသို့ သယ်သွားရသည်။ တကြိမ်တွင် ဂေါ်ပြားကိုင်သည့် ဘုန်းကြီးလက်မှာ ရေကြည်ဖုကြီးများ ထနေသည်ကို အမျိုးသမီးတဦးမြင်သွားသည်။ သူကဘုန်းကြီးနှင့် အလုပ်ချင်းလဲလိုက်ကာ သူက မြေကြီးတူး၊ ဘုန်းကြီးက မြေကြီးပုံး သယ်သည်။
ထိုအလုပ်ပြီးနောက်တွင် လက်ဖက်ရွက်ခူးသည့်အလုပ်ကိုလည်း ဘုန်းကြီးလုပ်ခဲ့သေးသည်။ အလုပ်ကြမ်းပင်ဖြစ်
သည်။ ထိုအလုပ်မှာ အပြောင်းအလဲမရှိ၍ ငြီးငွေ့ ဖွယ်ဖြစ်သည်။ အကိုကြီး၏ဆိုင်အလုပ်ကိုကားဘုန်းကြီးနှစ်သက်
သည်။ သို့ သော် ဆိုင်ဖွင့်ပြီးနောက် လအနည်းငယ်အကြာ ဆိုင်ပိတ်လိုက်ရသည်။ ရွာသားများမှာ အလွန်ဆင်းရဲ
ကြလေရာ သူ့ ဆိုင်ကို အထောက်အပံ့မပြုနိုင်ကြချေ။  အများစုမှာ ရိုးရိုးစားသောက်ကုန်များကိုပင် မဝယ်နိုင်ကြပါ
အားလပ်ချိန်အများစုကို အမကြီးအိမ်မှာပင် ကုန်လွန်စေခဲ့သည်။ အမကြီးမှာ ဘုန်းကြီးငယ်စဉ်က ဘုန်းကြီးကို နို့ 
တိုက်ပေးခဲ့သူဖြစ်ပြီး ဘုန်းကြီးက သူ့ ကို "ဒုတိယအမေ"ဟု ခေါ်သူပင်ဖြစ်သည်။ အမခင်ပွန်းမှာ ကွယ်လွန်သွား
သောကြောင့် အိမ်မှာ အားကိုးအားထား ယောက်ျားသားမရှိချေ။ အမနှင့် မွေးကင်းစသားတယောက် နှင့် သမီးတယောက်တို့ သာ ရှိကြသည်။ အမ၏သမီး ဘုန်းကြီးတူမမှာ ဘုန်းကြီးထက် ငါးလအသက်ကြီးသည်။
အမမိသားစုသည် ဘုန်းကြီးအပေါ် အလွန်ကြင်ကြင်နာနာရှိလှသည်။ မိဘရင်းအိမ်ထက် သူတို့ အိမ်မှာ ပိုပျော်ပိုက်သည်။ မိဘအိမ်ပြန်လာပြီးနောက် ရက်သတ္တပတ်အတန်ကြာလျှင် အမအိမ်သို့ ဘုန်းကြီးပြောင်းလာခဲ့
တော့သည်။ ပြောင်းလာခြင်းက ပိုပြီးငြိမ်းချမ်းသော အစီအစဉ်ဖြစ်သည်။ သို့ သော် အိမ်နေလူသားတယောက်
အဖြစ်ကား ဘုန်းကြီးအတွက် တကယ်တမ်း အထိုင်မကျလှသေးပေ။  ဖြစ်ခဲ့ပြီးသမျှအရာအားလုံးသည်
 ဖြစ်ခဲ့လင့်ကစား ဘုန်းကြီးတပါးဖြစ်လိုသော ဆန္ဒကား ရင်ထဲမှာ လောင်မြိုက်ဆဲပါတည်း။
ဘုန်းကြီး၏ဆရာတော်နှင့် ထွက်မပြေးခင် ငါးလလောက်ကနေထိုင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအကြောင်း တစတစတွေးမိလာသည်။ ထွက်ပြေးခဲ့သည့်အတွက် နောင်တရသည်။ ဘုန်းကြီး၏ ဆရာတော်အရှင်သောဏုတ္တ
ရအပေါ်ထားသော စိတ်သဘောများ နူးညံ့ပျော့ပျောင်းလာသည်။ သူ၏ကောင်းကွက်များကို သတိရမိလာသည်။ အနည်းဆုံး ဆရာတော်ဘုရားကို ဘုန်းကြီးတောင်းပန်သင့်သည်ဟု တွေးမိပါသည်။
အမကြီးသည် ကွယ်လွန်လေပြီး သူ့ ခင်ပွန်းသည်၏အမျိုးများထံသို့ ခရီးသွားနေခိုက် တနေ့ တွင် ဆရာတော့်ကို တိတ်တဆိတ် သွားရောက်ဖူးတွေ့ ရန် ဘုန်းကြီးဆုံးဖြတ်လိုက်သည်။ ခရီးဝေးသည့်အတွက် တညအိပ်တော့ ကြာမည်။  သို့ သော် အမကြီး ပြန်မရောက်ခင် ဘုန်းကြီးအလျင်ကြိုရောက်ရပေမည်။ ဆရာတော်ဘုရားထံသွား
သည်ကို အမကြီးကြိုက်မည်မဟုတ်မှန်း ဘုန်းကြီးသိသည်။  အမကြီးသည် ဘုန်းကြီးအနေဖြင့် ဘုန်းကြီးဖြစ်ချင်
သည့် အိပ်မက်ကိုစွန့် လွှတ်ပြီး သူ့ အိမ်မှာ အမြဲတမ်းနေသွားစေလိုသူဖြစ်သည်။
 ဘုန်းကြီး ခရီးထွက်ရန် ပြင်ဆင်နေစဉ်  တူမ ဖြစ်သူသည် ငိုယိုကာ မသွားရန် ပြောတော့သည်။ ဘုန်းကြီးက သူ့ 
ကို စိတ်မပူရန် နှင့် နောက်တနေ့ ပြန်လာမည်ကို ပြောထားခဲ့သည်။ ဘုန်းကြီးက ဘုန်းတော်ကြီးကျောင်းဖက် ခြေဦးလှည့်လိုက်စဉ်မှာပင် တူမသည် အငိုမရပ်၊ ငိုနေရစ်၏။
ဘုန်းကြီးကို ဆရာတော်အရှင်သောဏုတ္တရ မြင်လိုက်သောအခါ သူအသက်ရှုချောင်သွားရ၏။ သူသည် အမြဲတစေ နူးညံ့ချိုသာလေ့ရှိသော ဆရာတပါးမဟုတ်သော်ငြား ဘုန်းကြီးက မိမိကိုယ်မိမိ ဘုန်းတော်ကြီးဖြစ်ချင်
သလို ဆရာတော်ကလည်း ဘုန်းကြီးကို ဘုန်းတော်ကြီးဖြစ်စေလိုသည်။ ကျောင်းမှထွက်ပြေးခြင်း ဘုန်းကြီးက
 တောင်းပန်စကားလျှောက်ထားပါသည်။ ဆရာတော်က သင်္ကန်းပြန်ဝတ်ဖို့ အဆင်သင့်ဖြစ်ပလားဟု မေးတော့
သည်။
"မှန်ပါဘုရား"
ဘုန်းကြီး၏ဆန္ဒအတိုင်း ဖြေလိုက်ပါသည်။ 
"ဒါပေမယ့် ကိုရင်တပါးဖြစ်ရုံလောက်နဲ့  ဘုန်းကြီးကျောင်းမှာ မနေချင်ပါဘူး ဘုရား။ တပည့်တော် စာသင်တိုက်သွားချင်ပါတယ် ဘုရား"
ဆရာတော်က မဆိုင်းမတွ သဘောတူသည်။
အမရဒီပ
ဇွန်လ ၁၂၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
Tuesday, June 11, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၈
လှသူဇာပျို နှင့် ဘုန်းကြီးတို့ ၏ ရေတွင်းနားက အရှိန်ယူစ နှလုံးသားရေးရာကိစ္စကို ဆရာတော် အရှင်သောဏုတ္တ
ရ ဖြတ်တောက်ပစ်ပြီးနောက် ဘုန်းကြီးကျောင်းနှင့်ဆိုင်ရာ စိတ်အလိုမကျမှုများ ဘုန်းကြီးမှာ မြင့်မားလာခဲ့သည်။
ဘုန်းကြီးကား ဤဆရာတော် သင်ပြပေးနေသည်ထက် ပိုပြီးစနစ်ကျသော ပညာရေးမျိုးကို ကိုယ့်သဘော ကိုယ့်အလိုဆန္ဒအမှန်အတိုင်း လိုချင်သူ ဆယ်ကျော်သက်တဦးဖြစ်ပါသည်။ကိုရင့်ဘဝနှင့်ဆက်လက်နေချင်သည်။
သို့ သော် လှေကြီးထိုးရိုးရိုးသွားဆရာတော်၏ အချုပ်အချယ်အောက်မှာ နေချင်သည်မဟုတ်။  ဤပြဿနာအတွက် ဖြေရှင်းနည်းမှာ ထွက်ပြေးခြင်းမှတပါး အခြားမရှိချေ။ ဟုတ်ပြီ။ မည်သည့်အရပ်သို့ 
ပြေးမည်နည်း…။
အိမ်ပြန်ပြေးခြင်းမှာ အလုပ်မဖြစ်မှန်း ဘုန်းကြီးသိသည်။ နောက်တကြိမ်လူထွက်လာပြန်လျှင် မိဘများ အကြီးအကျယ် စိတ်ဆင်းရဲကြလိမ့်မည်။ မိဘမျက်နှာ အိုးမည်းသုတ်သည့်အလုပ်မျိုး ဘုန်းကြီးမလုပ်သင့်တော့ပြီ။
ထိုကာလတွင် သားအဖနှစ်ယောက် ဘုန်းကြီးကျောင်းမှာ လာနေကြသည်။ သားဖြစ်သူ၏
အမည်မှာ ဂုဏဝါဒေန ဖြစ်သည်။ ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့ အလွန်ခင်မင်ကြသည်။ သူကဤကျောင်းထက်ပိုကောင်းသောနေရာကို သိသည်ဟု ပြောလေ့ရှိသည်။
 ထို့ ကြောင့် တနေရာသို့ အတူတူထွက်ပြေးကြဖို့ တိတ်တဆိတ်အစီအစဉ်ဆွဲထား
ကြသည်။ ဤတကြိမ် ထွက်ပြေးလျှင် မည်သူမျှရှာမတွေ့ နိုင်သည့်နေရာသို့ ပြေးမည်ဟု
ရည်ရွယ်ထားသည်။
ထွက်ပြေးကြမည့်ရက်တွင်  ခါတိုင်းသွားနေကျ ရွာဆိုင်သို့  ကတုံးတုံးရန် ထွက်လာခဲ့သည်။
တနေ့ လုံး မျှော်လင့်ချက်ကြောင့် လှုပ်ရှားနေသည်။ဂုဏဝါဒေနလည်း ဘုန်းကြီးကဲ့သို့ ဖြစ်ပေလိမ့်မည်။ ညဆယ့်တနာရီ ဘုန်းကြီး အိမ်သာသွားပြီးအပြန် ကျောင်းရှေ့ တံခါးကို အသာကလေးဟထားပစ်ခဲ့သည်။
ညဆယ့်နှစ်နာရီခွဲခန့် တွင် ဆရာတော့်ဟောက်သံကို ဘုန်းကြီးတို့ ကြားရသည်။ ဖယောင်းတိုင်များကို စုကိုင်ပြီး ဆွမ်းချက်ဆောင်သို့ လျှောက်ခဲ့ကြသည်။ ဆွမ်းချက်ဆောင်မှာ သင်္ကန်းများချွတ်၊ လုံချည်နှင့် အင်္ကျီလဲဝတ်သည်။
ကျောင်းပြင်အရောက် အရင်တခေါက်ထွက်ပြေးခဲ့ကြသည့်အရပ်နှင့်ဆန့် ကျင်ဖက်ဆီ တူရူ
ဦးတည်လိုက်ကြသည်။ နှစ်မိုင်ခန့် ဝေးသည့် လမ်းမကြီးသို့ ရောက်နိုင်ရေးအတွက် လယ်ကွင်း
စပါးခင်းများကိုဖြတ်ကာ အစွမ်းကုန် သုတ်ခြေတင်ကြသည်။ ပတ်ဝန်းကျင်တဝိုက် ညဥ့်ငှက်အော်သံ၊ 
ဖားအော်သံ၊ ပရစ်အော်သံ နှင့် အဝေးဆီမှ ခွေးဟောင်သံများကို ကြားနေရသည်။
လမ်းမကြီးသို့ ရောက်သည့်အခါ အရှိန်လျှော့ကာ လမ်းလျှောက်ရုံလျှောက်ကြသည်။ မကြာမီ မီးအိမ်ကိုင်စွဲကာ ဘုန်းကြီးတို့ ထံမျက်နှာချင်းဆိုင် လျှောက်လာသူ နှစ်ဦးကို မြင်ကြသည်။ ထိုအချိန်က ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းကာလဖြစ်သည်။ စီလုံတကျွန်းလုံး နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားသည်။
ဂုဏဝါဒေနသည် အထိတ်တလန့် ဖြင့် ဘုန်းကြီးကို ပြောလေသည်။ သူက ဘုန်းကြီး၏ ကိုရင်ဘွဲ့ ကိုမခေါ်၊ လူအမည်ကို ခေါ်သည်။
"ဟေ့…ဥက္ကုဘဏ္ဍ ၊ အဲဒါ ပုလိပ်တွေဟ ၊ ဒီလူတွေ ငါတို့ ကို စစ်လားဆေးလားလုပ်တော့မယ်။ ငါတို့ ဘယ်လို ပြောကြမလဲ.. "
အချိန်တိုအတွင်း လံကြုတ်ထိုးဇာတ်တပုဒ်ကို ဘုန်းကြီးဖန်တီးလိုက်သည်။
" မနေ့ က ငါ့အမေ ဆုံးသွားတယ်လို့ ပြောမယ်ကွာ ၊လူတယောက်က ဘုန်းကြီးကျောင်းလာပြီး သတင်းပေးလို့  နာရေးအသွား ဘတ်စ်ကား မမှီဘူးဖြစ်သွားတယ်။ ဒါနဲ့ အခု လမ်းလျှောက်နေရတာပဲ၊ မနက်ကျရင် သွားမယ့် ဘတ်စ်ကား နောက်တစီးကို မှီလိုမှီငြားသဘောထားပြီး လမ်းလျှောက်လာတာပဲ…."
ပုလိပ်များ ဘုန်းကြီးတို့ နှစ်ဦးထံ ရောက်လာကြ၏။ သံသယအကြည့်ဖြင့် ဘုန်းကြီးတို့ ကို ကြည့်သည်။ လက်ကိုင်ပုဝါတထည်ကို ဘုန်းကြီး၏ ကတုံးပြောင်ပြောင်မှာ စည်းနှောင်ထား၏။ နောက်တထည်ကိုမူ လည်ပင်းမှာ စည်းထားသေး၏။ ခါးပတ်မရှိသောကြောင့် လုံချည်မြဲအောင် ခါးမှာလည်း လက်ကိုင်ပုဝါတထည် စည်ထားရပြန်၏။ လက်ထဲရှိ ဖယောင်းတိုင်များကိုလည်း လက်ကိုင်ပုဝါဖြင့်ပင် ထုပ်ထားရပြန်၏။ ပုလိပ်တယောက်က
 ပြောသည်။
"ဒီငနဲလေးကို ကြည့်စမ်း…..။ သူ့ တကိုယ်လုံးမှာ  လက်ကိုင်ပုဝါတွေချည်းပဲ….။"
ပုလိပ်နှစ်ယောက်က ဘုန်းကြီးတို့ နှစ်ယောက်ကို ဆယ်ကိုက်အကွာလောက်မှာ ခွဲနေစေပြီး
 "ညဥ့်နက်သန်းခေါင် ဘယ်သွားကြမလဲ"ဟူသော မေးခွန်းတမျိုးတည်းကို တယောက်စီအား မေးလေသည်။
ဘုန်းကြီးတို့ နှစ်ယောက်လုံး၏ နုတ်ထွက်စကားချင်းတူညီသောကြောင့် ပုလိပ်တို့ က သွားခွင့်ပြုလိုက်သည်။ နေဝင်မီးငြိမ်းအမိန့် အကြောင်းကိုပင် မပြောပြချေ။ လမ်းလျှောက်သွားစဉ် ဖယောင်းတိုင်မီးထွန်းသွားဖို့ ကိုသာ ပုလိပ်နှစ်ယောက်လုံး ပြောကြသည်။
နှစ်နာရီအတွင်း ဘုန်းတော်ကြီးကျောင်းမှ ဆယ့်တမိုင်ခန့် ဝေးမည့် ကုရုနေဂလအရပ်သို့ ဘုန်းကြီးတို့ ရောက်သွား
သည်။ ယခုမှပင် စိတ်အေးချမ်းသွားသည်။ ဤမျှဝေးလျှင် ဘုန်းကြီးတို့ နောက်သို့ ဆရာတော်အရှင်သောဏုတ္တရ လိုက်မလာနိုင်သည်မှာ အလွန်သေချာပါပြီ။
အလင်းရောင်သန်းစပြုလာချိန်တွင် ဘုန်းကြီးတို့ သည် လမ်းဘေးတဲတလုံးအနားရောက်လာကြ၏။ 
၎င်းမှာဘုရားဖူးများ နားခိုသည့်နေရာတခုဖြစ်ဟန်တူသည်။ တဲ၏နံရံအကာများကား ခပ်နိမ့်နိမ့်၊
 ကောက်ရိုးအမိုးနှင့် ဖြစ်သည်။ ညစ်ပေနေသည့်ကြမ်းပြင်ပေါ် ကောက်ရိုးခင်းကာ လဲလျောင်းနိုင်သည်။ များသောအားဖြင့် ဤရှေးဆန်ဆန် မြေစိုက်တဲများမှာ တဲရိပ်မှာအနားယူနေသော ခရီးသွားများနှင့်
 တောင်းရမ်းရသမျှကို ချက်ပြုတ်နေကြသည့် သူတောင်းစားများ နေရာယူထားတတ်ကြသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့  ကံကောင်းကြပါပေသည်။ ဤတဲစခန်းမှာ ထိုမနက်က နေရာယူထားသူများမရှိကြ။
အားရဝမ်းသာစွာ မြေကြီးပေါ်လှဲချလိုက်ကြသည်နှင့် မြန်မြန်ဆန်ဆန် အိပ်ပျော်သွားကြသည်။
နာရီများစွာကြာပြီးနောက် အိပ်ရာနိုးလာကြသည်။ ရေတွင်းမှရေအေးအေးနှင့် မျက်နှာသစ်ကြသည်။ ပြီးနောက်
မည်သည့်နေရာသို့ သွားကြမည်ဟု မသိဘဲ လမ်းဆက်လျှောက်ကြသည်။ လျှောက်မည့်သာ လျှောက်နေရပါ
သည်။
မြင်ကွင်းများ  တရိပ်ရိပ် ပြောင်းလဲလာသည်။ အုန်းခြံ၊ ရာဘာခြံ၊ လယ်ကန်သင်းရိုး၊ ငှက်ပျောခင်း၊ ဟင်းသီးဟင်းရွက်ခင်းနှင့် အစောင့်တဲများကို ဖြတ်သန်းခဲ့ကြသည်။ ခွေးလေခွေးလွင့်များလည်း နေရာအနှံ့ တွေ့ ရ
သည်။ ခွေးအများစုမှာ အမွှေးလုံးဝပြောင်အောင်ကျွတ်နေသည်။ ခွေးချင်းကိုက်၍ရသောဒဏ်ရာ နှင့် လူများရိုက်
လိုက်၍ရသောဒဏ်ရာများလည်း ကိုယ်အနှံ့ ဗရပွပြည့်နှက်နေကြသည်။
သစ်ပင်ပေါ်မှာ တွဲလောင်းခို သို့ မဟုတ် မြေကြီးပေါ်ပြေးလွှားနေကြသော မျောက်ရိုင်းများကိုလည်း မကြာခဏ တွေ့ ကြသည်။ အဝေးဆီမှ ဆင်အော်သံများကိုလည်း မပြတ်တမ်းဆိုသလို ကြားကြရသည်။
ကားများ၊ ကုန်ကားများ၊ ဘတ်စ်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ လံခြားများ တခါတခါ ဖြတ်သွားသည်။ ၄င်းယာဉ်များသည် လမ်းသွားလမ်းလာများနှင့် လမ်းအနီးထိုင်နေသူများကို သတိပေးရန် ဟွန်းတီးကြသည်။
သို့ သော် ဖြတ်ကနဲဖြတ်ကနဲ တွေ့ ခဲ့သည်မှာ လူအများစု ဖြစ်သည်။ ယောင်္ကျား၊ မိန်းမနှင့် နွားကျောင်း ၊ ကြက်ကျောင်းနေသော သို့ မဟုတ် သူ့ ကိစ္စနှင့်သူသွားနေကြသော ကလေးများကို ဖြတ်ကျော်ခဲ့ကြသည်။ အချို့ 
လူများမှာ နွားဆွဲသည့်ခေတ်ဟောင်းသစ်သားလှည်းများကို စီးနင်းသွားကြသည်။
ဘုန်းကြီးတို့ သွားရာလမ်းတလျှောက်လုံး ဈေးဆိုင်အဖြစ်သုံးကြသည့်နေရာမှာ ရွှံ့ တဲအသေးလေးများဖြစ်သည်။ လူတို့ သည် ကွမ်းယားဝါးလျှက်၊ လဘက်ရည်သောက်လျှက်၊ အတင်းအဖျင်းပြောလျှက် ရွှံ့ တဲရှေ့ မှာ ထိုင်နေကြ
သည်။ ခရီးသွားများသည် ထိုတဲအိမ်များမှာ ရပ်နားကြပြီး လက်ဖက်ရည်၊ ပေါင်မုန့် ၊ ကွမ်းသီး၊ ငါးကြော်၊ အုန်းဆံ
ကြိုးနှင့် တခါတလေ သကြား၊ ဆား၊ ဆန်၊ ပဲတောင့်ရှည်၊ ရေနံဆီတို့ လို အခြေခံစားကုန်များကိုဝယ်ခြမ်းနိုင်သည်။
ခရီးသွားအများစုမှာ ဆေးလိပ်သောက်ကြသည်။ တခါဝယ်လျှင် စီးကရက် တလိပ်စ နှစ်လိပ်စ ဝယ်သူလည်း ဝယ်ကြသည်။ သို့ မဟုတ် ဗီဒီလို ဆင်းရဲသားသောက်ဆေးလိပ်တလိပ်ကိုလည်းဝယ်ကြသည်။ ဗီဒီတလိပ်တန်ဖိုး
မှာ ငါးပြားစေ့တစေ့ကို ငါးပုံပုံ တပုံမျှသာ ဖြစ်သည်။ ဗီဒီဆေးလိပ်တွင် ဆေးရွက်ကြီးအစအနများကို အရွက်ခြောက်များနှင့် ရောနှောထားသည်။ ဆေးရွက်ကြီးနည်းသည်။ သို့ သော် အလုပ်ဖြစ်ပါသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးမှာ ကျောင်းမှထွက်မပြေးခင် ဆရာတော်အရှင်သောဏုတ္တရ၏အခန်းထဲမှ ခိုးယူခဲ့သော ငွေကြေးအနည်းငယ် ပါလာသည်။ ထိုငွေဖြင့် ပေါင်မုန့် ဝယ်လိုက်ကြသည်။ လမ်းတဖက်ရှိ
 ခြံထဲတွင် အုန်းသီးပုံတွေ့ ရာ ယင်းမှ အုန်းသီးတလုံး ခိုးခဲ့သည်။ 
အုန်းသီးကို မြေကြီးနှင့် တိုက်ခွဲလိုက်ကြသည်။ အုန်းသီးနှင့် ပေါင်မုန့် သည် ဘုန်းကြီးတို့ ခရီးစဉ်၏
 ပထမဦးဆုံးသော ထမင်းတနပ်ဖြစ်ပါသည်။
ထိုနေ့ က နှစ်ဆယ့်ငါးမိုင်ခရီးကို ဘုန်းကြီးတို့ လမ်းလျှောက်ခဲ့ကြသည်။ ညနေပိုင်းတွင် ဒံဘူလမြို့ သို့ ရောက်ကြ
သည်။ ဘုရားဖူးတို့ ခိုနားရာ အိမ်အလွတ်တလုံးကို တွေ့ ရပြန်သည်။ ယင်းအိမ်တွင် ကြမ်းပြင်ပေါ် ထန်းရွက်အချို့ 
တွေ့ ရာ လှဲအိပ်ခဲ့ကြသည်။ ဘုန်းကြီးတို့ ပင်ပန်းနွမ်းနယ်နေကြပါပြီ…။
နောက်တနေ့ နံနက်တွင် သဲယင်ကောင်များ၊ မွှားများခန္ဓာကိုယ်ပေါ် တဝီဝီအုံဖွဲ့ ဖုံးလွှမ်းခံရရင်းအိပ်ရာနိုးကြသည်။
တဲအိမ်အနီးရှိ ရေတွင်းသို့ သွားကြသည်။ ချုံဖုတ်တခုမှ  သစ်သားတုတ်ချောင်းတစ ချိုးဖဲ့ယူပြီး သွားတိုက်ကြ
သည်။
ရဟန်းတပါးသည် ဘုန်းကြီးကို အသေအချာကြည့်ကာ အနီးသို့ ချဉ်းကပ်လာသည်။ ဘုန်းကြီးက ထိုရဟန်းကို မသိကျိုးကျွံ ပြုနေဖို့ ကြိုးစားပါသည်။
"မင်း ကိုရင်ဝတ်ခဲ့တာလားကွ…"
သူက ဘုန်းကြီး၏ ဆံပင်ပြန်မပေါက်သေးသည့် ဦးခေါင်းပြောင်ကိုကြည့်ကာ မေးခွန်းမေးသည်။
"မဟုတ်ပါဘူး၊ တပည့်တော် နေမကောင်းဘူး။ မနေ့ ကမှ ဆေးရုံက ဆင်းလာတာ"
ပြီးစလွယ် ဘုန်းကြီး လိမ်ညာလိုက်သည်။
"မင်း နေမကောင်းတဲ့ပုံလဲ မရှိပါဘူးကွာ။ ငါထင်တာ မင်းဟာ ကိုရင်တပါးပဲကွ။ငါနဲ့ လိုက်ခဲ့။
 ငါ့ကျောင်းမှာ မင်းကို ကိုရင်ပြန်ဝတ်ပေးမယ်"
ထိုရဟန်းက ပြောသည်။
ထိုရဟန်းတော်၏ ကမ်းလှမ်းချက်ကို ဘုန်းကြီးစဉ်းစားပါသည်။ ဘုန်းကြီးတပါးဖြစ်ချင်သည့်စိတ်ဆန္ဒ နက်နက်ရှိုင်းရှိုင်း ဘုန်းကြီးမှာ ရှိနေဆဲဖြစ်သည်။ ဆရာတော်အရှင်သောဏုတ္တရအလွန်အမင်းကြမ်းတမ်းလွန်း
သောကြောင့်သာလျှင် ဘုန်းကြီးသင်္ကန်းချွတ်ပစ်ခဲ့ရသည်။ ယခုဤရဟန်းမှာ ကြင်နာသနားတတ်ပုံပေါ်သည်။ သို့ 
ဖြစ်လင့်ကစား သူငယ်ချင်းကို မတိုင်ပင်ဘဲ လိုက်မသွားသင့်ချေ။
ဂုဏဝါဒေနဖက်သို့  ဘုန်းကြီးလှည့်လိုက်သည်။
"မင်း ဘယ်လိုသဘောရလဲကွာ။ တကယ်တမ်း ငါသင်္ကန်းချွတ်ချင်တာ မဟုတ်ဘူးကွ။ 
ငါ ကိုရင်ပြန်ဝတ်ဖို့ အခွင့်ကောင်းပဲ…ကိုယ့်လူ"
ဘုန်းကြီး သူ့ ကို မေးလိုက်သည်။
ဂုဏဝါဒေန ဘုန်းကြီးကို ပြန်ပြောသည်။
"မင်း ရူးနေသလား။ ငါတို့ ဆရာတော်က ငါတို့ ကို ဘာလုပ်သလဲ မင်းမမှတ်ဘူးလား။ ဘုန်းကြီးတိုင်း အတူတူနဲ့ 
အနူနူတွေချည်းပဲကွ။  ဘုန်းကြီးတွေဟာ အသည်းနှလုံးမရှိဘူး။ ဒီဘုန်းကြီးတွေသိတာ ဝိနည်းစည်းကမ်း၊ ဝိနည်းစည်းကမ်း ဆိုတာလောက်ပဲရှိတာ။ မင်း အရူးမထစမ်းနဲ့ ..။ လာ--သွားကြစို့ "
ထိုရဟန်းတော်က သူ၏ကမ်းလှမ်းချက်ကို တမျိုးပြောင်းပြောပြန်၏။ ဤမြို့ အနီး စစ်တပ်လေယာဉ်ကွင်းမှ
 ဗြိတိသျှအရာရှိများနှင့် သူသိကျွမ်းသည်။ သူက ဂုဏဝါဒေနကို လေယာဉ်ကွင်းမှာ အလုပ်ရှာပေးမည်ဟု ကတိပေးသည်။ ဘုန်းကြီးတို့ နှစ်ယောက်လုံး သူ့ ကျောင်းမှာ နေနိုင်သည်။ ဂုဏဝါဒေန လေယာဉ်ကွင်းမှာ အလုပ်လုပ်စဉ် ဘုန်းကြီးက ကိုရင်ဝတ်ပါဟု ဆိုပြန်၏။
ဂုဏဝါဒေနကား မည်သည့်စကားကိုမျှ နားမဝင်ချေ။ ဘုန်းကြီးသည်လည်း သူငယ်ချင်းကို စွန့် ခွါမပစ်လိုပါ။
သို့ နှင့် ဘုန်းကြီးတို့ သည် ထိုရဟန်းတော်နှင့် လမ်းခွဲခဲ့ကြသည်။ လမ်းလျှောက်ခြင်းကို ပြန်စတင်လိုက်ကြ၏။
နောက်တနေ့ အရပ်သားကန်ထရိုက်လုပ်ငန်းရှင်တယောက်အတွက် အလုပ်လုပ်နေသူလူတယောက်နှင့် ရင်ဆိုင်တွေ့ ရာမှ ဘုန်းကြီးတို့ ကို ပြောလာသည်။
"မင်းတို့ အလုပ်လုပ်ချင်ရင် ငါနဲ့ လိုက်ခဲ့ကြ၊ ငါတို့ မှာ အလုပ်တွေအများကြီးရှိတယ်"
ဘုန်းကြီးတို့ ထိုလူနှင့်အလုပ်လုပ်ရန် သဘောတူလိုက်ကြသည်။
ဘုန်းကြီးတို့ အလုပ်မှာ အလုပ်ကြမ်းအလုပ်ဖြစ်သည်။ ဘုန်းကြီးတို့ ကို ဂေါ်ပြားနှစ်ချောင်း၊ ဝါးခြင်းတောင်းနှစ်လုံး
ပေးသည်။ ချောင်းငယ်တခု၏အောက်ခြေကြမ်းပြင်မှ သဲများကျူံးပြီး တနေရာမှာ စုပုံထားရသည့်အလုပ်ဖြစ်သည်။
ဘုန်းကြီးအပါအဝင်လူငယ်လူရွယ်နှစ်ဆယ်လောက်သည် သဲကျူံးသည့်လုပ်ငန်းခွင်တွင် လပေါင်းများစွာ လုပ်ကိုင်ခဲ့ကြ၏။  နံနက် ၇ နာရီမှ ည ၇ နာရီအထိ အလုပ်လုပ်ကြရသည်။ တနေ့ တာ လုပ်ခမှာ အမေရိကန်သုံး
ငွေ ၅၅ ပြားနှင့်ညီမျှသည့် ရူပီးငွေကို ရရှိကြသည်။ လစာထဲမှ ထမင်းစရိတ်၂၅ ပြားကို အလုပ်ရှင်က နုတ်ထား
သည်။ နံနက်စာမှာ သကြားပါသည့်လက်ဖက်ရည်တခွက် ဖြစ်ပြီး ညစာမှာ ထမင်းနှင့် ပဲတောင့်ရှည်သီးဟင်းတို့ 
ဖြစ်ကြသည်။ အိပ်စက်သည့်အခါ သစ်ပင်နှစ်ပင်ကြားတွင်  ဂုန်နီအိတ်များကို ပူးချည်ထားသည့်  ကြိုးပုခက်ကို ဆင်ကာ အိပ်ကြသည်။
ခြင်အလွန်ပေါများသည့် တောနက်ဖြစ်လေရာ ဘုန်းကြီးတို့ မှာ နေ့ ရော ညပါ ခြင်ကိုက်ခံရသည်။ မကြာမီ ဂုဏဝါဒေန ငှက်ဖျားရောဂါဖြစ်လာသည်။ အပြင်းအထန်ဖျားပြီး အလုပ်မလုပ်နိုင်တော့ပြီ။ ဂုဏဝါဒေနကိုပြုစုရန် အလုပ်ရှင်ထံ ဘုန်းကြီး အလုပ်နားခွင့်  နှစ်ရက်တောင်းသည်။ အလုပ်ရှင်က ခွင့်မပြု။
" ကျွန်တော်တို့ ခင်ဗျားဆီအလုပ်လုပ်တာလဲ ကြာပြီပဲဗျာ။ တပတ်မှာ ခုနှစ်ရက်၊တရက်မှာ ခုနှစ်နာရီလုပ်နေတာ
ပဲ။ ကျွန်တော်လိုချင်တာ တရက်၊နှစ်ရက်လောက်နားခွင့်လိုချင်တာပဲဗျာ…။"
ဘုန်းကြီးအလုပ်ရှင်ကို ပြောသည်။ သူက ငြင်းပြန်သည်။ဘုန်းကြီး အလုပ်ဆက်လုပ်လျှင်လုပ် သို့ မဟုတ် ဘုန်းကြီးကော ဂုဏဝါဒေနပါ အလုပ်ထွက် တခုခုလုပ်ရုံသာ ရှိတော့သည်။
"ဒါဆိုလဲ ကောင်းပြီလေ။ ကျန်တဲ့ကျွန်တော်တို့ လစာတွေသာ ပေးပါတော့…။"
အလုပ်ရှင်က ဘုန်းကြီးတို့ လစာလက်ကျန်ကို ထုတ်ပေးသည်။ ပြီးနောက် ဘုန်းကြီးတို့  အလုပ်မှ အပြီးထွက်ခဲ့ကြ
သည်။
ဤသို့ ဖြင့် သူတောင်းစားများလို ဘုန်းကြီးတို့  ဘဝစတင်ကြပြန်၏။ နေ့ ဖက်မှာ ဖုန်ထူထူလမ်းတလျှောက် ရောက်ရာပေါက်ရာ လျှောက်ကြသည်။ ညဖက်တွင် လမ်းဘေးတဲအိမ်များသို့ ဝင်ကာ အချိန်ဖြုန်းရန်ရယ်စရာမောစရာပြောရင်း၊ သီချင်းဆိုရင်း၊ ကခုန်ရင်း သူတောင်းစားများထံမှာ ထမင်းနည်းနည်းစီ တောင်းစားကြသည်။
ရက်သတ္တပတ်များစွာကြာအောင် ဘုန်းကြီးတို့ ရေမချိုးကြ..။ အဝတ်အစားများမှာ ကြေးအထပ်ထပ်နှင့်အနံ့ အ
သက်မှာလည်း ဆိုးရွားလာသည်။ နံနက်တိုင်း အခြားသော သူတောင်းစားများ "အလုပ်ခွင်"သို့ သွားကြသည်။ ဘုန်းကြီးတို့ ကိုလည်း ယနေ့ မည်သည့်နေရာတွင် တောင်းရမ်းဖို့  စိတ်ကူးထားပါနည်းဟု မေးကြသည်။
"မသိဘူး"မှာ ဘုန်းကြီးတို့ လက်သုံး အဖြေစကားဖြစ်သည်။ အမှန်တကယ်လည်း ဘုန်းကြီးတို့  တောင်းမစားခဲ့ကြ
ပါ။ အခြားသူများ ပေးကမ်းသမျှကို စားရုံသာစားခဲ့ကြသည်။ ဘုန်းကြီးတို့ သည် "သူတောင်းစားငပျင်းများ" ဖြစ်ကြ၏။
ဂုဏဝါဒေန၏ငှက်ဖျားရောဂါမှာ ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းလာသည်။ ထူထူထောင်ထောင်ပြန်ဖြစ်
လာသည်။ သို့ သော် ကြုံရပြန်သည်ကား နံနက်အခါတခုတွင် ညာဖက်ခြေထောက် ပြင်းထန်စွာ နာကျင်သည့်
အတွက် အိပ်ရာမှ ဘုန်းကြီးနိုး၏။ အဖျားတက်သလိုလည်း ခံစားရ၏။ ခြေထောက်ကို အသေအချာကြည့်သောအ
ခါ ဒူးခေါင်းအထက် လေးလက်မအကွာ ပေါင်ပေါ်တွင် အနီအကွက်တခုကို တွေ့ ရ၏။ ဘုန်းကြီးတို့ နေသည့်တဲမှ သူတောင်းစားတယောက်က ဒဏ်ရာကို အနီးကပ်ကြည့်ရှုပြီး မြွေကိုက်သည်ဟု ပြောသည်။ နာချက်ကား အလွန်အမင်း ပြင်းထန်ခံခက်ဖြစ်၏။ ခြေထောက်ကို အနိုင်နိုင် မနေရသည်။
သူတောင်းစားများ ထွက်သွားသည့်အခါ ဂုဏဝါဒေန နှင့် ဘုန်းကြီးတို့ သာ တဲမှာ ကျန်ရစ်သည်။ နှစ်နာရီလောက်
ကြာပြီးနောက်တွင် ခြေထောက်ကို ကြိုးစားပမ်းစားလှမ်းပြီး တဲအပြင်သို့ ထော့နဲ့ ထော့နဲ့ ထွက်လာခဲ့သည်။
လမ်းလျှောက်၍ ဆယ်ကိုက်လောက်အရောက်တွင် အသက် ၂၅ နှစ်အရွယ် လူတယောက်နှင့် ရင်ဆိုင်တွေ့ ကြ၏
။ ဘုန်းကြီးတို့ နှစ်ဦးလုံး သူ့ ကို အရင်က မမြင်ဖူး မတွေ့ ဖူးကြချေ။ သို့ သော် မည်သည့်အကြောင်းရင်းရှိမှန်း ဘုန်းကြီးမသိပါ။ ထိုသူနှင့် ဂုဏဝါဒေနတို့ ကောက်ကာငင်ကာ မိတ်ဆွေဖြစ်သွားကြသည်။ ငယ်ပေါင်းကြီးဖော်များ
လို  ရယ်စရာပြောလိုက် ရယ်လိုက်ဖြစ်နေကြ၏။ ဘုန်းကြီးနှင့်ဘုန်းကြီး၏ခြေထောက် မဟန်နိုင်ဖြစ်နေမှုက ဂုဏဝါဒေနအတွက် ဝန်ထုပ်ဝန်ပိုးတရပ်လို ခံစားနေဟန် တူပြီး  လူပျော်တယောက်နှင့် တွေ့ လိုက်သော
အခါ သူပေါ့ပေါ့ပါးပါး ဖြစ်ပုံရသည်။
ဘုန်းကြီးမှာ ဖင့်နွှဲလေးကန်ကန်ကြီးဖြစ်ကာ နောက်ကျကျန်ရစ်ရင်း သုံးယောက်သား အတူလျှောက်လာခဲ့ကြရာ ငါးမိနစ်အတွင်းမှာပင် ဂုဏဝါဒေနသည် ဘုန်းကြီးထံသို့  နောက်ပြန်လှည့်လျှောက်လာသည်။
"ဥက္ကုဘဏ္ဍ…၊ မင်း ..ကောင်းကောင်းလမ်းမလျှောက်နိုင်မယ့်အတူတူ ငါ ဒီလူနဲ့ ရှေ့ က ကြိုသွားလိုက်တော့မယ်။
အေးအေးသက်သာနဲ့  မင်းလိုက်လာခဲ့ပါလား။ ငါတို့ မင်းကို လဝမဟာပယ မှာ စောင့်နေမယ်လေ…"
ဘုန်းကြီး ရုတ်တရက် ကြောက်စိတ်ဝင်လာသည်။ လဝမဟာပယကို ခြောက်နာရီ ခုနှစ်နာရီလောက် လမ်းလျှောက်ရဦးမည်။
"မလုပ်ပါနဲ့ ကွာ..၊ ငါ့တယောက်ထဲ မထားခဲ့ပါနဲ့ ။ ငါတယောက်ထဲ ဘယ်လိုမှ မလျှောက်နိုင်ဘူး။ မင်းအကူအညီ ငါလိုနေတယ်။ ငါနဲ့ နေခဲ့စမ်းပါကွာ…"
ဘုန်းကြီး တောင်းတောင်းပန်ပန် ပြောသည်။
ယင်းနောက် နားမလည်နိုင်အောင် ဖြစ်သွားသည်။ ဂုဏဝါဒေနသည် ဘုန်းကြီးကို မျက်နှာလွှဲကာ မိတ်ဆွေသစ်နှင့်အတူ အေးအေးလူလူပင် လမ်းလျှောက်ထွက်ခွါသွားလေသည်။
ဘုန်းကြီး ထိုင်ပြီး ရှိုက်ကြီးတငင် ငိုမိပါသည်။ ခြေထောက်မှ သွေးတဒိတ်ဒိတ်တိုးလာသည်။
 ဖြစ်ပျက်နေသမျှကို ဘုန်းကြီးနားလည်နိုင်စွမ်းမရှိတော့ပါချေ။
လုပ်ရက်နိုင်ပါပေ့ ဂုဏဝါဒေန….။ သီတင်းပတ်များစွာ ကြိုတင်အချိန်ယူကာ စွန့် စားခန်းစကြဖို့  အတူတိုင်ပင်ခဲ့ ကြသည်။ သူနှင့်အတူထွက်ပြေးရန် ကိုရင်ဘဝကို ဘုန်းကြီးစွန့် လွှတ်ခဲ့ရသည်။  တောနက်အတွင်း သူ
နေမကောင်းဖြစ်နေစဉ်  ဘုန်းကြီး အလုပ်ထွက်ပစ်လိုက်ရ၏။လပေါင်းများစွာ ဘုန်းကြီးတို့ သူငယ်ချင်းနှစ်ယောက် ခရီးလှည့်လည်နေခဲ့ကြသည်။ တယောက်ကို တယောက် အားကိုးအားထားပြုခဲ့ကြသည်။ အခုအခါ၌ကား သူ့ ကို
အလိုအပ်ဆုံးဖြစ်နေချိန်တွင် သူသည် ဘုန်းကြီးကို စွန့် ပစ်ထားခဲ့သည်။
ဘုန်းကြီးမှာ သူငယ်ချင်းမရှိတော့ပြီ..။ အိမ်မရှိ…။ ငွေမရှိ…။ စားစရာမရှိ..။
ကျောက်ဆောင်အောက်ခြေမှာ ဘုန်းကြီး ထိုင်နေခဲ့သည်။ တယောက်တည်းဆိုမှ တကယ့်တယောက်တည်း….။
လောကအလယ် ဘုန်းကြီး ဘာလုပ်ရပါတော့မည်နည်း…။
 အမရဒီပ
ဇွန်လ ၁၁၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။