Total Pageviews

Sunday, November 20, 2011

တွံတေးတူးမြောင်း

 တွံတေးတူးမြောင်း

ရေကြောင်းခရီးသယ်ယူပို့ ဆောင်ရေးဆိုင်ရာတူးမြောင်းများအနက် ရန်ကုန်မြစ်နှင့် ချိုင်းနားဗာကာမြစ်တို့ ကို ဆက်သွယ်ထားသော အလျား ၂၁ မိုင်ရှည်လျားသည့် တွံတေးတူးမြောင်းသည် အရေးအကြီးဆုံးဖြစ်သည်။
ရှေးအခါက ပြည်တွင်းရေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ လာရာ၌ အချိန်ရှည်လျား၍ အချိန်ကုန်သော တွံတေးတူးမြောင်းမှ လာရ၏။ ယခုသော် တွံတေးတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ရန်ကုန်မြို့ သို့  လှေ
သင်္ဘောအသွားအလာလွယ်ကူလျင်မြန်လာသည့်အပြင် အချိန်ကုန်ခြင်းနှင့် စရိတ်ကုန်ခြင်းလည်း များစွာသက်သာခဲ့လေသည်။ အထက်မြန်မာနိုင်ငံမှာ ဆန်နှင့်သစ်တို့ကိုလည်း  ဤတူးမြောင်းမှပင် လွယ်ကူစွာသယ်ယူ တင်ပို့ နိုင်ပေသည်။ တွံတေးတူးမြောင်းကို ၁၉၁၆-၁၉၁၇ ခုနှစ်အတွင်း၌ ဖွင့်လှစ်အသုံးပြုခဲ့၍  ၁၉၃၅ ခုနှစ်တွင် တူးမြောင်းကို ဆည်ပြီးလျှင် ထပ်မံချဲ့ထွင်ခဲ့သည်။ တူးမြောင်းဖောက်လုပ်ခြင်းအတွက် စုစုပေါင်းကုန်ကျငွေမှာ ၁၀၃၉၆၀၀၀ ကျပ်ခန့်ဖြစ်သည်။
(မြန်မာစွယ်စုံကျမ်း- အတွဲ ၁၊ အပိုင်း ၅ (တူ-နိ) မှကောက်နုတ်ချက်။)

Wednesday, November 2, 2011

တရားဘယ်လိုနာမလဲ

 တရားဘယ်လိုနာမလဲ
၁။
ငယ်စဉ်စာသင်သားဘဝက စာဝါနားရက်ဥပုသ်နေ့ တွင် ကက်ဆက်ခွေငှါးဆိုင်မှ ဦးဇင်းတွေငှါးလာသော ကြာနီကန်ဆရာတော်တရားခွေတွေကို နာရဖူးသည်။ သပိတ်အိုင်ဆရာတော်၏ ဘဝတန်ဘိုးအပါအဝင်
တရားခွေများကိုကား ဆွမ်းလောင်းဇရပ်အသံချဲ့ စက်တွေဖွင့်ပါများသောကြောင့် နားရည်ဝခဲ့သည်။ ပြီးတော့
ကျောင်းမှာ ဓမ္မကထိကခရေဇီဦးဇင်းတွေ အလွတ်ကျက်ပြီး တရားဟောကျင့်တာကို နားထောင်ပေးရ၊ စာအုပ်ကြည့်ပေးရတာကြောင့်လည်း ပါသည်။ သည်တုန်းက ဓမ္မကထိကဆရာတော်ဆိုတာလည်း
များများမသိခဲ့ပါ။ ကြာနီကန်ဆရာတော်၊ သပိတ်အိုင်ဆရာတော် ၂ ပါးလောက်ပဲရှိသည်။ နောက် ပဲခူး
စာသင်ထွက်တော့ စစ်ကိုင်းမြစကြာရာတော် ဦးလက္ခဏ၊ ရွှေစက်တော်အရှင်တေဇောဘာသ၊ ဖြူးဆရာ
တော် အရှင်နရပတိစသည်ကြားဖူးလာသည်။
မဟာစည်ဆရာတော်၏ ဟောတရားစာအုပ်များ၊ မိုးကုတ်ဆရာတော်၏ဟောစဉ်စာအုပ်များကိုတော့
စာချဘုန်းကြီး၏စာအုပ်စင်မှ ယူဖတ်ကြည့်ဖူးသည်။ မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်စာ
အုပ်ကိုတော့ စိတ်ဝင်ဖွယ်ကောင်းလို့ ကော နားလည်တာကြောင့်ပါ ဖတ်ဖြစ်သည်။  လူဝင်စားအကြောင်း
ဝတ္ထုတိုလေးတွေပါတာကြောင့် ဖြစ်သည်။ မိုးကုတ်ဆရာတော်ကြီးစာအုပ်ကိုတော့ သဘောပါပလား--လို့ 
ခဏခဏမေးတာကိုသာ မှတ်မိနေခဲ့သည်။ တရားအနှစ်သာရကို နားမလည်ခဲ့ပါ-------။

၂။
သပိတ်အိုင်ဆရာတော် ခေါ် သီတဂူဆရာတော်က သုတ္တန်တရာတော်တွေကို မူတည်ပြီးဟောတာတွေကို
အတော်နှစ်သက်ကြည်ညိုသည်။ နောက်ပိုင်း တရားဟောဆရာတော်များ သုတ္တန်တရားတွေကို သိပ်မ
ဟောကြဘဲ မြန်မာနာမည်ပေးကာသာဟောကြတော့သည်။ မူရင်းနှင့်တိုက်ဆိုင်ပြီး ကြည်ညိုခွင့်မရတော့။


၃။

အခုရက်ပိုင်းမတော့ မူရင်းသုတ္တန်ပါဠိတော်၊အဋ္ဌကထာ၊ ဋီကာတွေကို ဖတ်သည်။ ပြီးတော့ဆရာတော်
များဟောကြားထားသောတရားကို နာယူသည်။ မူရင်းကို အရင်ဖတ်----ပြီးတော့ ဆရာတော်တွေရှင်းပြ
တာကို နာယူ----သည်တရားနာနည်းကိုတော့ ကိုယ့်ဖာသာကိုယ် သဘောကျနေသည်။ စာဖတ်သူတွေ
လည်း စမ်းသပ်ကြည့်ကြဖို့  တိုက်တွန်းလိုပါသည်။

အမရဒီပ
နိုဝင်ဘာ ၂-၂ဝ၁၁

Tuesday, October 25, 2011

သူယောင်ပင် နှင့် သူယောင်သီးအကြောင်း

သူယောင်ပင် နှင့် သူယောင်သီးအကြောင်း
အခုတလော သူယောင်သီးဆိုပြီး ဓာတ်ပုံတွေနဲ့  You tube မှာ တင်ပြလာတာတွေ့ မိတယ်။ သို့ ပေမယ့် 
ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတာသာဖြစ်တယ်၊ အစစ်အမှန်မဟုတ်ဘူးလို့ သိရတယ်။
သူယောင်သီးဆိုတာ ထွက်ရပ်ပေါက်ဝိဇ္ဇာဖော်ဂျီတပဿီတွေ ကာမဂုဏ်ခံစားချင်ရင် ဆေးတောင်ဝှေးနဲ့
သူယောင်သီးကို တို့ ပြီးအသက်သွင်းတယ်။ အသက်ဝင်လာတဲ့အခါ ကာမဂုဏ်ခံစားတယ်ပေါ့လေ---။
အဲဒီသူယောင်သီးအကြောင်းကို သေက္ချတောင်ဆရာတော်ရေးသားခဲ့တဲ့ ပဏ္ဍိတဝေဒနိယဒီပနီကျမ်းမှာ အနည်းငယ်ဖော်ပြထားတာတွေ့ ရတယ်။ အောက်မှာရှုပါ------------။

ဟိမဝန္တာတောင်၌ ဘယ်ရတနာမျိုး၊ ဘယ်ကျောက်မျိုးဖြင့်မရှိပြီဟူ၍ မရှိ၊ ဘယ်သစ်ပင်မျိုးဖြင့်မပေါက်မျိုးဖြင့်မရှိ၊ ဘယ်နံ့သာမျိုး ဘယ်ပန်းမျိုးဘယ်သစ်ပင်မျိုးတို့ဖြင့် မရှိပြီဟူ၍ မရှိ၊ အလုံးစုံရှိ၏၊ အလုံးစုံပြည့်စုံ၏။ နတ်သမီးကဲ့သို့ လှပတင့်တယ်သော မိန်းမရုပ်သီးသော သူယောင်ပင်သူယောင်တောကြီးတောင်ရှိ၏။ ဤသူယောင်ပင်တွေကား ဟိမဝန္တာပေါ် တောင်ဘက်စောင်း တဏှာဝဍ္ဎနတောင်၌ ပေါက်ကုန်၏။ ဟိမဝန္တာနှင့်မြောက်က ကျွန်းဦးသပြေပင်ကြီး ဤနှစ်ခုအကြားမှာလည်း ပေါက်ကုန်၏။ ထိုသူယောင်သီးတို့ သည် ဆွတ်ပြီးသည်နောက် လေးငါးလလောက်ကြာမှ ပုပ်ရိပျက်စီးကုန်၏။ ထိုသူယောင်မဖမ်းစားမိသောသူတို့ သည်လည်း လေးငါးလောက်ကြာမှ သတိရနိုင်ကုန်၏။
ဆရာတော်ကြီးရဲ့အဆိုအရဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှာ သူယောင်သီး၊ သူယောင်ပင်ကို
တွေ့ နိုင်တယ်လို့ ဆိုထားတဲ့စကားတွေဟာ ယုံကြည်ဖွယ်မရှိပါကြောင်း သိသာတယ်။

အမရဒီပ
အောက်တိုဘာ ၂၅-၂ဝ၁၁







Monday, October 24, 2011

ဓမ္မဝိနယသည်သာ မြတ်ဆရာ

ဓမ္မဝိနယသည်သာ မြတ်ဆရာ
၁။

မြတ်ဗုဒ္ဓက သူ၏အဆုံးအမကို "ဓမ္မဝိနယ"ဟု အမည်ပေးထား၏။ ဓမ္မဝိနယပုဒ်ကို တပေါင်းတစုတည်း (Combination) အဖြစ်ယူဆလျှင် "သာသနာ" ကို ဆိုလို၏။ "ဓမ္မ"ပုဒ်တခုတည်းဖြစ်စေ၊"ဝိနယ"ပုဒ်တခုတည်းဖြစ်စေ
ပိဋက ၃ ပုံကို ဆိုလို၏။ ဝါကျအစုံ (ဒွန်)အနေဖြင့်ရှိလျှင် "ဓမ္မ"ဟူသည် သုတ္တန်နှင့် အဘိဓမ္မာကို ဆိုလို၏။
လောကုတ္တရာတရား ၉ ပါးကိုလည်း ဆိုလို၏။ "ဝိနယ"ဟူသည် ဝိနည်းပိဋကကို ဆိုလို၏။

သာသနာတော်အတွင်းမှာပင် ဆွေမျိုးအစဉ်အဆက်ရာထူးအာဏာဆက်ခံရေးလမ်းစဉ်ကျင့်သုံးလိုသူ
အရှင်ဒေဝဒတ္တက ရဟန်းသံဃာထုတရပ်လုံးကို သူပင်ဦးဆောင်အုပ်ချုပ်မည်၊ အာဏာပေးပါဟု တောင်းဆိုလာ
တော့ ရှင်းရှင်းပြတ်ပြတ် ဗုဒ္ဓငြင်းဆိုတော်မူခဲ့သည်။ ပရိနိဗ္ဗာန်စံဝင်ရန်အချိန်ပိုင်းအလိုတွင် "သူမျက်လုံးမှိတ်သည့်
နောက်ပိုင်း ဓမ္မနှင့် ဝိနယသည် သင်တို့ ဆရာဖြစ်၏"ဟု မိန့် တော်မူခဲ့၏။ သို့ ဖြစ်ပေရာ ထေရဝါဒသာသနာတော်
အတွက် ဓမ္မဝိနယသည် စစ်မှန်သော၊ ဖောက်ပြန်ချွတ်ယွင်းချက်ကင်းသောဆရာမြတ်ဖြစ်ပါ၏။

မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်က အသက်ကိုလုပ်ကြံသည့်ဖြစ်ရပ်များရှိသကဲ့သို့  ဆရာမြတ်ဓမ္မဝိနယကို
အတွင်းပိုင်းမှဖြစ်စေ၊ အပြင်ပိုင်းမှဖြစ်စေ လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုများ အစဉ်အမြဲရှိနေခဲ့၏။ ရှိဆဲဖြစ်၏။
လုပ်ကြံသူများက "ဗုဒ္ဓ၏ဓမ္မ"ကို အပြတ်ရှင်း၍ "ငါ၏ဓမ္မ"ဖြင့် အစားထိုးလိုကြ၏။ "ဗုဒ္ဓ၏ဝိနယ"ကို အမြစ်နှုတ်၍
"ငါ၏ဝိနယ"ကို အစားထိုးလိုကြ၏။ ထိုအခါ ဗုဒ္ဓ၏ဓမ္မဝိနယကို လိုက်နာကျင့်သုံးသူ နှင့် ငါ၏ဓမ္မဝိနယကို လိုက်နာ
ကျင့်သုံးသူတို့ သည်သဘောထားမတိုက်ဆိုင်သူတို့ ဓမ္မတာအတိုင်းတယောက်တယောက်ကျောခိုင်းခွဲခွါခဲ့ကြ၏။

ဗုဒ္ဓ၏ဓမ္မဝိနယကို လိုက်နာကျင့်သုံးသူတို့ ၏ မူဝါဒမှာ "အသစ်ထပ်ထည့်ခြင်း၊ မူလရှိပြီးသားကို ဖြုတ်ပယ်ခြင်းမပြု
လုပ်ဘဲ ဓမ္မဝိနယအရှိအတိုင်းသာကျင့်သုံးနေထိုင်ရေး"ပင် ဖြစ်၏။ ယင်းမူကြောင့် ဗုဒ္ဓ၏ဓမ္မဝိနယမူကို လိုက်နာသူ
တို့ကို "ထေရဝါဒီ"ဟု ခေါ်ကြ၏။ သူတို့ လိုက်နာသော ဗုဒ္ဓ၏ဓမ္မဝိနယကိုလည်း "ထေရဝါဒ"ဟု ခေါ်ကြ၏။

ထေရဝါဒီတို့ သည် ဆရာမြတ်ဓမ္မဝိနယ (သို့ မဟုတ်) ထေရဝါဒ တပိုင်းတစစီပြိုကွဲ၍ ပြုန်းတီးဆိတ်သုဉ်းပျောက်
ကွယ်မသွားရလေအောင် ခေတ်အဆက်ဆက် စောင့်ထိန်းကာကွယ်ခဲ့ကြ၏။ အထူးအစီအစဉ်အဖြစ် အတူစုပေါင်း
ရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ထွက်သော "သံဂါယနာ"ကိစ္စကို ဆောင်ရွက်ခဲ့ကြ၏။ ထေရဝါဒီတို့ ၏ သံဂါယနာသည် ၆ ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပါ၏။

သံဂါယနာတင်ရခြင်းအကြောင်းရင်းမှာ "ဘိက္ခု"ခေါ် ရဟန်းတို့ ကြောင့်သာဖြစ်၏ဟူသောအဆိုစကားမှာ မမှား--။
သို့ သော် မမှန်---။ အကြောင်းမှာ စကားမပြည့်စုံသောကြောင့်ဖြစ်၏။ ဗုဒ္ဓ၏ဓမ္မဝိနယကို ငါ၏ဓမ္မဝိနယဖြင့်အစား
ထိုးပြုပြင်ပြောင်းလဲလိုသော ရဟန်းတို့ ကြောင့် သံဂါယနာတင်ခဲ့ရသည်ဆိုမှ အဆိုစကားပြည့်စုံသည်ဟု ယူဆ၏။
သံဂါယနာသမိုင်းဖြစ်ရပ်ကို လေ့လာလျှင် ပိုနားလည်လာနိုင်ပါ၏။ ရဟန်းအားလုံးကြောင့်မဟုတ်ဘဲ အစိတ်အပိုင်း
မျှသောရဟန်းတို့ ကြောင့်ဖြစ်ပေါ်လုပ်ဆောင်ခဲ့ရသည့်ကိစ္စအတွက် အားလုံးကိုသိမ်းကျူံးပြောဆိုပါက ဓမ္မဝိနယ
ကိုကာကွယ်ခဲ့ကြသည့် ရှေးရဟန်းတော်များ၏ ကျေးဇူးတရားကို မသိရာရောက်နေ၏။

ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်လာလျှင် ဓမ္မဝိနယ ခေါ် သံဂါယနာ ၆ တန်တင်ထားပြီးသော ပိဋက ၃ သွယ်၊ နိကာယ် ၅ ရပ် ပါဠိတော်များနှင့် အခြံအရံဖွင့်ဆိုရှင်းလင်းချက်များဖြစ်သော အဋ္ဌကထာ၊ ဋီကာကျမ်းများသည် မှတ်ကျောက်ဖြစ်၏။ အကာအကွယ်ပြုရာတံတိုင်းဖြစ်၏။ ခံတပ်ဖြစ်၏။ ဓမ္မဝိနယမှတပါးသောအရာများသည် ထေရဝါဒဗုဒ္ဓဘာသာအတွက် တောင်ကြီးလည်းမဟုတ်သလို
ကျောက်ဖျာကျောက်ဆောင်ကြီးလည်း လုံးဝမဟုတ်ပါချေ---။
မြတ်စွာဘုရားရှင်၏သာသနာတော်သို့ ဝင်ရောက်လာကြသော အမျိုးကောင်းသား၊သမီးများ
သည် ဓမ္မဝိနယကိုလေ့လာသင်ယူကျင့်ကြံကြပြီးနောက် အခြားသူများကိုလည်း ဟောပြောပို့ ချကြ၏။ ထို ဟောပြောပို့ ချမှုသည် ဓမ္မဝိနယနှင့်ညီညွတ်မှသာလျှင် သာသနာတော်အတွက် အကျိုးကျေးဇူးများနိုင်၏။ ဓမ္မဝိနယနှင့်မညီညွတ်သော ဟောပြောပို့ချမှုသည်ကား သာသနာတော်အတွက် ဆိုးကျိုးသာဖြစ်စေနိုင်၏။
"ကြည်ညိုရာမြတ်၊ ချစ်ရာတတ်"ဟူသော လောကပြောထုံးအတိုင်း အသိပညာအားနည်းသူတို့ သည် ဓမ္မဝိနယဥပဒေတော်အောက်မနေလိုသူတို့ အပေါ် ချစ်ခင်ကြည်ညိုရာမှ "ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်"အဖြစ်ယူဆလာ
ကြ၏။ သူတို့ချစ်ခင်သူကိုပင် "အတော်စာတတ်သူကြီး"ဟု မှတ်ထင်ကြ၏။ အကျိုးဆက်ကား ဓမ္မဝိနယကို အမှား
ဟုမြင်ပြီး ချစ်ခင်မြတ်နိုးရသောပုဂ္ဂိုလ်ကြီး၏စကားကို အမှန်ဟု မြင်လာခြင်းပင်ဖြစ်၏။ အမှားကို အမှန်မြင်၊ အမှန်ကိုအမှားမြင်အောင်မျက်လှည့်ပြတတ်သော အဝိဇ္ဇာ၏လှည့်ကွက်အတွင်း ချည်နှောင်ခံရခြင်းပါတည်း။

၂။

ဦးညွန့် မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်) သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှုး (ငြိမ်း) ပြုစုထုတ်ဝေ
သော "နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ များ (၁-၁၆)၏ အဓမ္မဝါဒဝိနိစ္ဆယကျမ်း (အကျဉ်းချုပ်) "ဟူသော စာမျက်နှာ ၈ဝ ကျော်ပါစာအုပ်ငယ်ကိုဖတ်ရှုလေ့လာခဲ့ရ၏။ ယင်းစာအုပ်အဆိုအရ (၁) ကျောက်သဘောင်္ဝါဒ (၂) လူသေလူဖြစ်ဝါဒ (၃) ကြောင်ပန်းတောရဝါဒ (၄) ကျောက်ပုံတောရဝါဒ (၅) ဦးမာလာဝရ (ရေတာရှည်)ဝါဒ (၆) ဓမ္မနီတိဝါဒ (၇) မိုးညို(မြောက်ဥက္ကလာပ)ဝါဒ  (၈) ထွန်တုံးလက်ကျန်ဦးထင်ဝါဒ (၉) သိမ်သမုတ်ခြင်းဆိုင်ရာဝါ
ဒ (၁ဝ) နယ်သိမ်းသိမ်သမုတ်မှုဆိုင်ရာဝါဒ (၁၁) စမ်းကလေးဝါဒ (၁၂) မိုးကုတ်ဝိနိစ္ဆယ  (၁၃) ဘိက္ခုနီဘာဝဝါဒ (၁၄) အောင်ဆန်းတောရဝါဒ (၁၅) မိုးညှင်းမြို့ အရှေ့ ရိပ်သာခေမိန္ဒဝါဒ (၁၆) မြစ်ကြီးနားဝိစိတ္တသာရဝါဒ တို့ ကို သီးခြားဝိနိစ္ဆယခုံရုံးဖွဲ့ ၍ ဓမ္မဝိနယနှင့်ညီ၊ မညီ စစ်ဆေးဆုံးဖြတ်ခဲ့ကြောင်း တွေ့ ရ၏။ (၁၇)ဆူးလေဦးမြင့်သိန်းဝါဒ
(၁၈) ဦးမြတ်သိန်းထွန်းဝါဒ (၁၉) ဉာဏစာဂီဝါဒ တို့ ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တိုက်ရိုက်ကိုင်
တွယ်၍လည်းကောင်း၊ မြို့ နယ်အဆင့်၏ဆုံးဖြတ်ချက်ကို အတည်ပြုခြင်းဖြင့်လည်းကောင်း ဓမ္မဝိနယနှင့်ညီမညီ ဆုံးဖြတ်ခဲ့ကြောင်းလည်း တွေ့ ရ၏။ ဓမ္မဝိနယနှင့်ဆန့် ကျင်သောကျင့်စဉ်များ၊ ဟောပြောချက်များ ၊ အတွေးအ
ခေါ်များ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့၍ သီးခြားဝိနိစ္ဆယဖြင့် ဓမ္မ-အဓမ္မစိစစ်ဆုံးဖြတ်ခဲ့ရခြင်းကပင် ကျင့်စဉ်တိုင်း၊
ဟောပြောချက်တိုင်း၊ အတွေးအခေါ်တိုင်း မှန်ကန်မှုမရှိကြောင်း သက်သေပြနေ၏။

သီးခြားဝိနိစ္ဆယခုံးရုံးအထိ ရုံးတင်စစ်ဆေးဆုံးဖြတ်ခံရသော အယူဝါဒဆိုင်ရာကျင့်စဉ်၊ ဟောပြောရေးသားချက်
များသည် ကျောက်ဖျာလည်းမဟုတ်၊ မြင့်မိုရ်လည်းမဟုတ်ကြပါချေ--။ "ကိုယ်ထင်ကုတင်ရွှေနန်း"မျှသာ ဖြစ်၏။
အမှန်တကယ် မတုန်မလှုပ်နိုင်သော ကျောက်ဖျာ၊ မြင့်မိုရ်အစစ်ဖြစ်ပါက ယင်းဝါဒများဆိုင်ရာ "ဝိနိစ္ဆယစာအုပ်ထူ
ထူကြီးများ" အဆက်မပြတ်မပေါ်ထွက်လာပေရာ----။

အထက်ဖော်ပြပါ ဓမ္မ-အဓမ္မဆိုင်ရာဆုံးဖြတ်ချက်များပေါ်ထွက်လာရခြင်းသည် ရဟန်းအားလုံးကြောင့်မဟုတ်ဘဲ ဓမ္မဝိနယနှင့်အညီကျင့်ကြံ၊ ဟောပြော၊ရေးသား၊ တွေးခေါ်မှုမပြုလိုသူရဟန်းတို့ ကြောင့်သာဖြစ်သည်မှာ ထင်ရှား
နေပါ၏။ ဆရာဇော်ဂျီစကားနှင့်ပြောလျှင် "မင်းသိ၊ ငါသိ၊ အားလုံးသိ"ပင်ဖြစ်ပါ၏။

သံဂါယနာ ၆ တန်တင်ခဲ့ရသည်၊ ရဟန်းအားလုံးကြောင့်မဟုတ်---။ ဝိနိစ္ဆယခုံရုံးဖွဲ့ စစ်ဆေးခဲ့ရသည်၊ ရဟန်းအားလုံးကြောင့်မဟုတ်---။ မည်သူ့ ကြောင့်နည်း။ ဗုဒ္ဓ၏ဓမ္မဝိနယကို ငါ၏ဓမ္မဝိနယဖြင့် ပြောင်းလဲအစား
ထိုးလိုသူ ရဟန်းတို့ ကြောင့်သာ ဖြစ်ပါ၏။ ဤအချက်ကို အမြင်ရှင်းသင့်၏။ထေရဝါဒအဆုံးအမဒေသနာတော်
အရ ဓမ္မဝိနယနှင့်မညီ မနေထိုင်သူ၊မပြောဆိုသူ၊ မရေးသားသူသည် "ပါပဘိက္ခု" ခေါ် "ရဟန်းဆိုး"ပင်ဖြစ်၏။ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့်မပြော၊ ဓမ္မဓိဋ္ဌာန်အားဖြင့်သာ ဤစကားကို ပြောဆိုခြင်းဖြစ်၏။

၃။

ဆရာစွဲသန်၍ ပရိယတ္တိအားနည်းသူတချို့ ၏ "မည်သည့်ဆရာတော်ကြီး၏ဟောစဉ်တရားတော်များကိုသာ မူသေနည်းလမ်းအဖြစ်မှတ်ယူကြောင်း"ပြောဆိုသံများ ယခုတလော ကြားနေရ၏။ "မည်သည့်ဆရာတော်ကြီး၏ တရားကိုသာ နာယူပြီး အခြားဆရာတော်ကြီးများ၏တရားကိုမနာယူ"ဟုလည်း သူတို့ က ပြောလိုက်သေး၏။
ထေရဝါဒဗုဒ္ဓသာသနာတော်တွင် မည်မျှလောက်လေးစားခြင်းခံရသော ဆရာတော်ကြီးပင်ဖြစ်စေ၊ ဗုဒ္ဓ၏ ဓမ္မဝိနယ
ဘောင်စည်းကမ်းအတွင်းမှာသာ ဟောပြောရေးသားပို့ ချပိုင်ခွင့် ရှိသည်။ ဓမ္မဝိနယဘောင်ကိုစည်းကျော်ပြီး ဟော
ပြောမှုကို့ကား အဓမ္မအဝိနယအဖြစ်ဟုသာ သတ်မှတ်ရပေလိမ့်မည်။  ထို့ ကြောင့် တရားကို အစွဲအလမ်းထားပြီး "ဒီဆရာတော်ကြီးတရားကသာအမှန်သစ္စာတရား၊ အခြားဆရာတော်ကြီးများ၏တရားမှာ အမှန်သစ္စာမပါဝင်"ဟု
ယူဆပြီး မိမိစွဲလန်းသော တရားကိုသာ နာယူခြင်းကို အမှားဟုတိတိပပမဆိုလိုသော်လည်း အမှန်ဟုကား
မသတ်မှတ်လိုပါ။ ထို့ ကြောင့်  တရားနာယူသူ၊ တရားစာပေလိုက်စားသူတို့ အနေဖြင့် မိမိတို့ နာယူသော တရား၊ ဖတ်မှတ်လေ့လာသောစာပေတို့ မှာ ဓမ္မဝိနယနှင့်ညီညွတ်သော တရား၊စာပေဖြစ်သလား၊ မဖြစ်သလားဆိုသည်
ကို အဂတိကင်းစွာ မှတ်ကျောက်တင်သင့်ပါ၏။

ထပ်ဆင့်ရှင်းလင်းရလျှင် ဥပမာ--- လယ်တီဆရာတော်ကြီး၏ ပါဠိဘာသာ၊ မြန်မာဘာသာတို့ ဖြင့် ရေးသားတော်
မူခဲ့သော ဒီပနီကျမ်းများဆိုကြပါစို့ ------။ ဓမ္မဝိနယနှင့်ညီညွတ်လျှင် မှန်သည်ဟု သတ်မှတ်ပါ၏။ ဓမ္မဝိနယနှင့်မ
ညီညွတ်လျှင်ကား အမှားဟု သတ်မှတ်ပါသည်။ အခြားအခြားသော ဆရာတော်ကြီးများ၏ ဟောပြောချက်၊ စာပေ
များကိုလည်း အထက်ဖော်ပြပါနည်းအတိုင်းပင် တိုင်းတာသတ်မှတ်လိုပါ၏။ အဘယ်ကြောင့်ဆိုသော် ဓမ္မဝိနယ
သည် သာသနာတော်အတွက် အမှားအမှန်ကို ကွဲကွဲပြားပြားပိုင်းခြားသတ်မှတ်နိုင်သော အနှိုင်းမဲ့ဆရာမြတ်ပင်
ဖြစ်သောကြောင့်ပါတည်း-----------။

လောကတွင် "တရားဥပဒေအထက်တွင်မည်သူမှမရှိ"ဆိုထုံးပြုကြသကဲ့သို့  ဓမ္မဝိနယအထက်တွင်လည်း
မည်သူတဦးမျှရှိမနေပေ--။ တချို့ က ဓမ္မဝိနယကို စာအဖြစ်မျှသာ သဘောထားပြီး "စာဆိုတာမှတ်တမ်း၊
စာမှန်၊ မမှန် ခန္ဓာနဲ့ တိုက်ကြည့်ရတယ်"ဆိုကာ ကိုယ့်စိတ်နှင့် သဘောမတွေ့ သည့်အချက်အလက်ကို စိတ်တိုင်းကျ ပြင်ဆင်ဟောပြောရေးသားတတ်ကြ၏။ ဓမ္မဝိနယဟူသည် မြတ်စွာဘုရားရှင်၏ကိုယ်တွေ့ 
သိမြင်တရားများဖြစ်လေရာ ယင်းတို့ ၏အပြုအမူသည် "ဘုရား၏ကိုယ်တွေ့ ကငါ၏ကိုယ်တွေ့ လောက်
မမှန်"ဟု ဆိုလိုရာရောက်နေကြောင်း သတိပြုသင့်ရာ၏။

အမရဒီပ
အောက်တိုဘာ ၂၁၊ ၂ဝ၁၁






ခက်ခဲနက်နဲတဲ့ ကထိန်၊ သိမ်


ခက်ခဲနက်နဲတဲ့ ကထိန်၊ သိမ်

ဆိုရိုးစကားဆိုတာ တိုတိုနဲ့ လိုရင်းကိုပြောပြနိုင်တဲ့ စကားဖြစ်တယ်။ လူမျိုးတိုင်းမှာ မှတ်သားဖွယ်ဆိုရိုးစကားတွေ ရှိတယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနယ်ပယ်မှာလည်း  ဆိုရိုးစကားဆိုတာရှိပေသပေါ့။ မြန်မာဆိုရိုးတွေထဲက ရာသီပေါ်စကားတခုအကြောင်း ပြောပြချင်ပါတယ်။ ရာသီဆိုတာ ကထိန်ရာသီဖြစ်ပါတယ်။ ကထိန်ရာသီအချိန်
ဆိုတာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ကနေ တန်ဆောင်မုန်းလပြည့်နေ့ အထိဖြစ်ပါတယ်။ ကထိန်ရာသီ ရောက်ပလားဆိုရင် " သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာသိမ်၊ သဒ္ဒါမှာလိင် (လိန်--လို့ လည်း စာလုံးပေါင်းတယ်) "
စကားကို တပိုင်းတစဖြစ်ဖြစ်၊ အပြည့်အစုံဖြစ်ဖြစ် ကြားရတော့ပါပဲ။ စကားအပြည့်အစုံဆိုရင်တော့ ကောင်းတာ
ပေါ့။ ပြောသူကနားလည်မှုလွဲမှားပြီးပြောမိသည်ပဲထား၊ နားထောင်သူက ရှေ့နောက်ဆင်ခြင်ပြီ ဟုတ်သည်၊ မဟုတ်သည်ကို စဉ်းစားနိုင်ခွင့်ရှိသေးတယ်။ ပြောသူက နားလည်မှုလွဲပြီး တပိုင်းတစပြောမိရင်တော့ နားထောင်
သူအဖို့ ရှေ့ နောက်အဆက်အစပ်မိအောင် အချိန်ယူပြီး ရှာဖွေရတယ်၊ စစ်ဆေးစုံစမ်းရတဲ့အလုပ်တွေကို ပိုလုပ်ရ
တော့တာပဲလေ။

အမှန်တော့ ဖော်ပြပါစကားပုံဆိုလိုချက်က သိမ်မွေ့ နက်နဲတဲ့အရာတွေကို ဖော်ပြထားတာတွေဖြစ်တယ်။ "ကျမ်းကြီးပဋ္ဌာန်း၊ ကျမ်းငယ်ဆန်း၊ ကျမ်းလတ်ဓာတုကထာ" လို့ အခက်ဆုံးကျမ်းစာတွေကို ဆိုရိုးစကားပြုကြတယ်။ 
ကျမ်းကြီးတွေထဲမှာ ပဋ္ဌာန်းကျမ်းက ခက်တယ်။ ကျမ်းအလတ်စားတွေထဲမှာ ဓာတုကထာကျမ်းက ချက်တယ်။ ကျမ်းအငယ်စားတွေမှာ ဆန်းကျမ်း (ဝုတ္တောဒယ)က ခက်တယ် လို့ ဆိုခဲ့ကြသလို " သင်္ကန်းမှာ
 ကထိန်၊ ကျောင်းမှာသိမ်၊ သဒ္ဒါမှာလိင်" လို့ လည်း ခက်ခဲနက်နဲတာတွေကို ဆိုရိုးပြုထားကြပြန်တယ်။ ဒါကို တချို့က နားလည်မှုလွဲပြီး သင်္ကန်းအလှူတွေမှာ ကထိန်သင်္ကန်းကမြတ်တယ်၊ ကျောင်းအလှူမှာ သိမ်လှူရင် မြတ်တယ်။ တခြားသင်္ကန်း၊ကျောင်းအလှူတွေထက် သာလွန်ပြီး ကုသိုလ်ပိုရတယ် ပြောလာကြတယ်။ အလွဲနားလည်တာပါလို့ပြောချင်တယ်။
ဆိုလိုရင်းအမှန်က သင်္ကန်းနဲ့ ပတ်သက်ရင် ကထိန်သင်္ကန်းကိစ္စဟာ ဝိနည်းတော်စည်းကမ်း၊ ဆုံးဖြတ်ချက်တွေ
ဟာ အတော်လေးကျယ်ပြန့် သိမ်မွေ့ ပါတယ်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ၊ ကထိန်အဆုံးအဖြတ်ကျမ်းဆိုတာ တွေကို တခုတ်တရတွေ့ ရတယ်။ ဝါဒကွဲ၊ အယူအဆမတူတာတွေလည်း ရှိတယ်။ ဒါကြောင့် သင်္ကန်းမှာ ကထိန်လို့  ဆိုရိုးပြုတာပါပဲ။ ဒီသဘောကို မစစ်ကြောဘဲ သင်္ကန်းအလှူဆိုရင် ကထိန်အလှူက မြတ်တယ်လုပ်ထည့်လိုက်တာတော့ 
မသင့်တော်ဘူးလို့ ပြောချင်တယ်။

သိမ်ဆိုရင်လည်း ဒီအတိုင်းပဲ။ ကျမ်းစာပါ သိမ်အကြောင်းတွေကို နားလည်ဖို့ ခက်ခဲတယ်။ လက်တွေ့ သိမ်သမုတ်
တတ်ဖို့ ခက်ခဲတယ်။ ရဟန်းတော်တိုင်း သိမ်အကြောင်း စာတွေ့ ၊လက်တွေ့ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ဖို့ ခက်တယ်။
သိမ်ပါရဂူဆရာတော်ကြီးတွေဆိုရင်လည်း တပါးနဲ့ တပါး အယူအဆ၊ လုပ်ထုံးနည်းစနစ်တူဖို့  အတော်ညှိနှိုင်းယူရ
တယ်။ သိမ်နဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်ကျမ်းတွေ ပေါများတာကို ကြည့်ရင် သိမ်ဆိုတာ ခက်ခဲမှန်း သိသာ
တယ်။ ဒါကြောင့် ကျောင်းမှာ သိမ်လို့ ဆိုရိုးပြုကြတာပါ။ နားလည်မှုလွဲချော်တဲ့အခါ သိမ်လှူရင် မြတ်တယ်။
ကျောင်းအလှူတွေမှာ သိမ်အလှူဟာမြတ်တယ်ဖြစ်ကြလေရော--။
ဒီလိုပြောလို့ ကထိန်၊သိမ်အလှူတွေကို သေးသိမ်အောင်လုပ်တယ်လို့ မပြောစေချင်ပါဘူး။ သူတော်ကောင်းတို့ 
အလှူ (သပ္ပုရိသဒါန) ဖြစ်အောင်လုပ်နိုင်ရင် ဘာအလှူဖြစ်ဖြစ် မြင့်မြတ်တာပါပဲ။ ခုတ်ရာတခြား၊ ရှရာတခြား မဖြစ်စေချင်လို့ ပြောမိတာပါပဲ။
အမရဒီပ
၁ဝ-၂၄-၂ဝ၁၁

Tuesday, October 18, 2011

တက်ဘုန်းကြီး နှင့် အနာဂတ်သာသနာ


တက်ဘုန်းကြီး နှင့် အနာဂတ်သာသနာ

၁။

သိန်းဖေ (နောင် သိန်းဖေမြင့်) သည် မြန်မာပြည်လွတ်လပ်ရေးမရခင် ၁ဝ နှစ်အလို ၁၉၃၇-ခုနှစ်က
"တက်ဘုန်းကြီး " ဝတ္ထုကို ရေးသားထုတ်ဝေလိုက်သည်။ သူ့ ဝတ္ထုတွင် ဘုန်းကြီးများ အကျင့်သီလ
ဖောက်ပြားပုံကို ရေးသားသရုပ်ဖော်ထားသည့်အတွက် တနိုင်ငံလုံး "ဂယက်ထ"သွားသည်။ 
ရဟန်းပျို့ အချို့ က ကန့် ကွက်ကြသည်။ ဘုန်းကြီးများ ဆတ်ဆတ်ထိ နာကြသည်။ 
ထိုဝတ္ထု၏အကျိုးဆက်ကြောင့် သူ တို့ ဗမာအစည်းအရုံးမှနုတ်ထွက်ရသည်။
နောင်တွင်  "တက်ဘုန်းကြီးသိန်းဖေ "အဖြစ် လူသိများ၏။ဒဂုန်တာရာက 
"အမှန်အားဖြင့် တက်ဘုန်းကြီးဝတ္ထုမှာ ဘုန်းကြီးများက မခံရပ်နိုင်၍ ကန့် ကွက်ခဲ့သဖြင့် နာမည်ကြီးလာသော်လည်း
ဝတ္ထုအနေဖြင့်  အတော်ကောင်းသည်ဟု ထင်သည်။ ဘုန်းကြီးတွေကို ဆော်လိုက်မဟဲ့ ဟူသောသဘောမျိုးမဟုတ်၊ သဒ္ဓါလွန်သောသဌေးမအပျိုကြီးနှင့် ရာဂတောက်စားသော ဓမ္မကထိကတဦး၏ အချစ်ဇာတ်ကွက်ကို  လှပစွာသရုပ်ဖော်ထားသော သရုပ်ဖော်ဝတ္ထုတပုဒ်အနေဖြင့် အနုပညာမြောက်နေသည် "ဟု ဝေဖန်ရေးရှုထောင့်မှ သုံးသပ်ထားလေသည်။ ဤကား ဝတ္ထုရေးသူ၊ ဝတ္ထုဖတ်သူတို့ အပေါ် ဝတ္ထု၏ တုံ့ ပြန်မှုနှင့် ဝေဖန်ရေးဆရာ၏သဘောထားအမြင်ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၁၃ဝ၉ ခု (ခရစ် ၁၉၄၄-၄၅) တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ "အနာဂတ်သာသနာရေး"စာအုပ်ထွက်ပေါ်လာသည်။ လွတ်လပ်ရေးမရခင် ၂ နှစ်အလို---။ အနာဂတ်သာသနာ
ရေးကျမ်းဖြစ်ပေါ်လာပုံကို သခင်ထိန်ဝင်းက သူ၏မှတ်တမ်း (ဗုဒ္ဓ=လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင်ကိုယ်
ကျင့်ဗုဒ္ဓဝင်နောက်ဆက်တွဲမှာကြည့်ပါ)တွင် ဤသို့ မှတ်တမ်းတင်၏။
"ဂျပန်များဆုတ်ခွာသွား၍ အင်္ဂလိပ်စစ်တပ်များ မြန်မာပြည်တွင်းသို့  ဝင်ရောက်လာသောအခါဂျပန်စစ်တပ်များရှိ
နေစဉ်ကစ၍ ယနေ့ လွတ်လပ်ရေးရအောင် ကြိုးပမ်းနေကြသော နိုင်ငံအတွက်ဆောင်ရွက်နေကြသည့်  နိုင်ငံရေး
သမားအမည်ခံသူများနှင့် ထိုသူများ၏ကိုယ်ကျင့်တရားပျက်စီးနေပုံ၊ သာသနာတော်တွင် ရဟန်းရောလူပါ ကိုယ်
ကျင့်တရားများဆုတ်ယုတ်မှုကြောင့် တိုင်းပြည်ပျက်စီးတော့မည်ကို မိမိဉာဏ်မီသမျှ ကြိုတင်သိရှိရသဖြင့် စိတ်မ
တင်မကျ မကြည်မလင်ဖြစ်နေခဲ့ပါသည်။ ထိုအချိန်တွင် မြောင်းမြပဇ္ဇောတာရုံဆရာတော်ဘုရားကြီး (ရွှေကျင်သာ
သနာပိုင်) နှင့် ကျွန်းကုန်းဆရာတော်တို့၏ စောင့်ရှောက်မှုဖြင့် ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံတော်သို့ ရောက်ရှိ၍ ဆွေးနွေးလျှောက်ထားခွင့်ရရှိသဖြင့်
အနာဂတ်သာသနာရေးကျမ်းစာတစောင်ဖြစ်ပေါ်လာပြီး----------"။

ကိုယ်တိုင်ရေး တဘဝသံသရာစာအုပ်တွင် အနာဂတ်သာသနာရေးကျမ်း"ဂယက်"အကြောင်းအရှင်ဇနကာဘိဝံသ
ဆရာတော်ကိုယ်တိုင်မှတ်တမ်းပြုထားသေး၏။
"တပည့်တော်ရဲ့ရေးလက်စကျမ်းစာပြီးတဲ့အခါ အနာဂတ်သာသနာအတွက် "အနာဂတ်သာသနာရေး"ကျမ်းစာ ရေးရပါတယ်။ တပည့်တော်ရဲ့စာအုပ်ထဲမှာ ဘာသာရေးပြုပြင်ချက်တွေကိုကြည့်ပြီး တပည့်တော်ကို "ကွန်မြူနစ်"
လို့  ကင်ပွန်းတပ်ကြပါသတဲ့။ စဉ်းစားဉာဏ်ရှိပြီး အမျိုး ဘာသာ  သာသနာကို မြှင့်တင်လိုသော နိုင်ငံရေးလူကြီး
လူကောင်းများက အလွန်ကျေနပ်ကြပါတယ်။ တချို့ သံဃာတော်များကလဲ အများနဲ့ မဆန့် ကျင်ဝံ့လို့ သာပါ၊ စိတ်ထဲမှာတော့ သဘောကျကြပါတယ်။ ဘာပဲပြောပြော ဘာသာရေးလိုက်စားတဲ့ နောက်လူငယ်များအတွက်
တော့ များစွာ အထောက်အကူဖြစ်ပါတယ်။"


၂။

တက်ဘုန်းကြီးကို ရေးစဉ်က ၁၉၁၄-ခုနှစ်ဖွား မောင်သိန်းဖေသည် အသက် ၂၃ နှစ်ရှိပြီ။ ၁၃၁၆-ခုနှစ် ဝါဆိုလ ရက်စွဲဖြင့် ရန်ကုန်မြို့ ၊အရှင်အာဒိစ္စဝံသကျောင်းတိုက်၊ အရှင်ပညာဇောတအမှာစာဖော်ပြပါရှိသည့် စစ်ပြီးခေတ် ဒုတိယအကြိမ်၊ ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ၊အောင်သူရိယစာပေထုတ် မူတွင် စာရေးသူ၏  သုံးသပ်ချက်ကို တွေ့ ရပြန်
သည်။ အရှင်ပညာဇောတက "တက်ဘုန်းကြီး"ဝတ္ထုထပ်မထုတ်တော့ဘူးလား မေးခွန်းထုတ်ရာ သိန်းဖေ(မြင့်) က "သူ စိတဝင်စားမှုမရှိတော့ကြောင်း၊ သူသည် နိုင်ငံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ စာပေရေးကိစ္စတွေမှာသာ စူးစိုက်လုပ်
ပါတော့ကြောင်း၊ ဘာသာရေးကိစ္စမှာ ဝင်မပါချင်တော့ကြောင်း" ပြန်လည်ဖြေကြားသည်။ အရှင်ပညာဇောတက "တက်ဘုန်းကြီး"ထုတ်စခါစတုန်းကလို ဘာသာ၊သာသနာကိုစင်ကြယ်စေချင်သည့်စေတနာလျော့ကုန်ပြီလား"ဟု မေးပြန်သည်။ "သူသည် နေရာတကာမှာ စင်ကြယ်ရေးကို အလိုရှိပါသည်၊ သို့ သော် သာသနာစင်ကြယ်ရေးကို ဘယ်သူမပြု မိမိမှုဆိုတာလို အရှင်ဘုရားတို့ကဲ့သို သံဃာတော်တွေကသာ အရင်းခံထားပြီး ဆောင်ရွက်ကြလိမ့်
မည်ဟု ယူဆကြောင်း" ဖြေကြားခဲ့သည်။ တဆက်တည်းပင်"သူ (သိန်းဖေမြင့်)သည် တက်ဘုန်းကြီးကို ရေးစဉ်က အသက်ငယ်သေးသည့်အတွက် စိတ်သန်ရာကို တဘက်သတ်လုပ်တတ်ကြောင်း၊ သာသနာကို ပြုပြင်ချင်တဲ့စိတ်
ကများနေပြီး မတော်မတဲ့ သီလကြောင်တွေကို ဖော်ထုတ်ရှုတ်ချရာမှာသာ အားသန်ပြီး တဖက်တွင် သန့်ရှင်းတဲ့ ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းသော ရဟန်းသံဃာများရှိသေးတာကို မဖော်ပြမိခဲ့ကြောင်း၊    
 ဤအချက်သည် သူ၏ချွတ်ယွင်းချက်ဖြစ်ကြောင်း"ဝန်ခံပြောဆိုခဲ့လေသည်။
သိန်းဖေမြင့်သည် တက်ဘုန်းကြီးဝတ္ထု၏နိဒါန်းကို မိဘများထံသားမောင် သိန်းဖေ၏ပေးစာအဖြစ် ဖော်ပြ၏။
မောင်သိန်းဖေက ကျောင်းပိတ်အားလပ်ရက်မှာ ရဟန်းဝတ်ချင်၏။ မိဘများ၏ခွင့်ပြုချက်တောင်းသည်။ ခွင့်မရ။ အကြောင်းပြမှာ သားရဟန်းတက်ရင် လူများတွေ ကဲ့ရဲ့လိမ့်မည် ၊ သူများတံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည်ဟူ၏။

မောင်သိန်းဖေ တွေးမိပါ၏။ ရဟန်းဝတ်ခြင်းအတွက် ကဲ့ရဲ့ခံရသောအပြုအမူဖြစ်ခြင်းသည်(၁) ဗုဒ္ဓဘာသာ
မြန်မာတွေက သာသနာကို ယုံကြည်လိုက်နာလေးစားမှု ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်မည်။ (၂)  သာသနာ
ဝန်ထမ်းရဟန်းများ အကျင့်ပျက်သောကြောင့် လူတို့ မလိုလားတော့ခြင်းကြောင့်လည်း ဖြစ်မည်။  မည်သည့်
အကြောင်းပင်ဖြစ်ဖြစ် ဗုဒ္ဓသာသနာကွယ်ပျောက်ကြောင်းများပင် ဖြစ်၏။ ဇာတ်၊ အငြိမ့်လို ပျော်ရွှင်ပွဲများတွင် သင်္ကန်းရောင်ဝါထိန်နေတာမျိုး၊ ပွဲခင်းတွင်းတိုးဝှေ့ ၊အပျိုကလေးတွေကို ကာလသားတွေ လက်သရမ်းသလို ပြုမူကြပုံမျိုး၊ လောင်းကစားဝိုင်းမှာ ဘုန်းကြီးတွေချည်းဖြစ်နေတာမျိုးကအစ ပေါင်ဒါလိမ်းတဲ့ဘုန်းကြီးအလယ် မိန်းမတွေနှင့်အပျော်ကျူးနေသောဘုန်းကြီးအဆုံး မောင်သိန်းဖေရေးပြချင်လာ၏။ သာသနာတော်ဝန်ထမ်း ရဟန်းလောကကို ပြုပြင်ချင်လာ၏။ ဤသည်ကား တက်ဘုန်းကြီးရေးရခြင်း အကြောင်းပြတရပ်ဖြစ်၏။
သာသနာတော်ညှိုးနွမ်းဆုတ်ယုတ်လာခြင်းသည် သာသနာပြုမင်းမရှိသောကြောင့် (တနည်း) ဗမာအမျိုးသားတို့  ကျွန်ဖြစ်နေသောကြောင့်ဖြစ်၏။ သာသနာတော် စင်ကြယ်သန့် ရှင်းစည်ပင်တိုးတက်လာအောင် ဗမာဗုဒ္ဓဘာသာ
တို့ လက်ထဲ တိုင်းပြည်အာဏာ (သို့ မဟုတ်) တိုင်းပြည်လွတ်လပ်ရေးရဖို့ လိုသည်။ နိုင်ငံလွတ်လပ်ရေး (ဝါ) သာသနာတော်စည်ပင်မှု၏ အခြေခံအုတ်မြစ်ကို လူငယ်တချို့ ဆောင်ရွက်နေကြပြီ၊ မိဘတို့ ခွင့်ပြုကြပါ-ဟု ပန်ကြား၏။ ဤသည်လည်း တက်ဘုန်းကြီးရေးရခြင်း အကြောင်းပြတရပ်ဖြစ်၏။
ဤရည်ရွယ်ချက် ၂ ရပ်ဖြင့် သိန်းဖေ (သိန်းဖေမြင့်)သည် တက်ဘုန်းကြီးဝတ္ထုကို ရေးသားလေတော့၏။
လောကလူတို့  ပြောဆိုကြ၏။ ယနေ့ ခေတ်ကား တက်ခေတ်ဖြစ်၏။  ခေတ်လူငယ်တို့ ကို တက်လူ-ဟု ခေါ်၏။ ခေတ်ပေါ်ဘုန်းကြီးတို့ ကိုလည်း တက်ဘုန်းကြီး ဟု ခေါ်လေသည်။ တက်ဘုန်းကြီးကား ဘုရားလက်ထက်က ၆ ပါးအုပ်စု (ဆဗ္ဗဂ္ဂီ)ဝင်ရဟန်းဆိုးများကဲ့သို့  ခေတ်သစ်ရဟန်းဆိုးတချို့ ကို ကိုယ်စားပြုလေသည်။ (သာသနာတော်
ဝန်ထမ်းရဟန်းအားလုံးကို ကိုယ်စားမပြုပါ။) ခေတ်တိုင်းမှာ ရဟန်းဆိုး၊ ရဟန်းကောင်းဆိုတာ အသေအချာရှိစမြဲ---။ ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်ကသာ ရဟန်းကောင်းများရှိခဲ့သည်ဆိုအံ့၊ ဝိနည်းသိက္ခာပုဒ်ပညတ်ချက်တွေ ပေါ်လာစ
ရာအကြောင်းမရှိချေ--။


၃။

၁၉ဝဝ ပြည့်ဖွား အမရပူရ မဟာဂန္ဓာရုံဆရာတော် အနာဂတ်သာသနာရေးကျမ်းကို ထုတ်တာ၁၉၄၄-၄၅ ဆိုတော့ သက်တော် ၄၅ နှစ်ရှိပေပြီ။ ဉာဏ်မီးတောက်၍ အတွေ့ အကြုံ၊ အတွေးအကြံအားကောင်းသည့်အရွယ်--။ သိန်းဖေမြင့် တက်ဘုန်းကြီးရေးသည့်အရွယ်နှင့် ကွာလိုက်သည့်ဖြစ်ခြင်း----။  ဆရာတော်သည် တက်ဘုန်းကြီး
ဝတ္ထုဂယက်ထသည်ကို ရည်ရွယ်သည်ဟု ယူသော်ရကောင်းသော စကားတရပ်ကို အနာဂတ်သာသနာရေးကျမ်း
နိဒါန်းတွင် ရေးသားတော်မူလေသည်။
            "အချို့ စာရေးဆရာများနှင့် သတင်းစာဆရာများလည်း ယခုလက်ရှိသာသနာရေးနှင့်စပ်သော
            အကြောင်းအရာကို ဉာဏ်မီသမျှ ပြုပြင်ကြ၏။ သို့ သော် သာသနာ့ဝန်ဆောင်မဟုတ်ကြသော ထိုလူ
            ဝတ်ကြောင်များ၏ ရေးသားမှုကို တိုင်းပြည်က လေးလေးနက်နက်မစဉ်းစားကြသဖြင့် တချို့ အရေးအ
            သားအတွက် ပြုပြင်ရာမရောက်ဘဲ ဆွပေးသကဲ့သို့ ဖြစ်နေသောကြောင့် သာသနာ့အရေးအရာနှင့်စပ်
            လာလျှင် မိမိတို့ စိတ်ရှိသလို မရေးဝံ့ကြတော့ဘဲ တိုင်းပြည်သဘောကျသာ ရေးကြရတော့၏။
            ထို့ ကြောင့် လက်ရှိသာသနာရေးကို သာသနာဝန်ဆောင်များကိုယ်တိုင် စိစစ်ထိုက်ရကား ယခုအခါဝယ်
            ဤကျမ်းစာမျိုးရှိသင့်ပြီဟု ထင်မြင်လာပေသည်။"
တချို့ က ရဟန်းသာမဏေများများမြင်မှ သာသနာထွန်းကားစည်ပင်သည်ဟု ထင်သည်။ ဆရာတော်၏သဘော
မှာ များရုံသာများနေခြင်းကား ခရီးမရောက်--။ သင်ကြားရေး (ပရိယတ္တိ) ကျင့်ကြံရေး (ပဋိပတ္တိ)တာဝန်များကို ထမ်းဆောင်သူများစွာရှိမှသာ သာသနာစည်ပင်သည်။
ဗုဒ္ဓသာသနာသည် နှစ်ပေါင်းများစွာကြာမြင့်လာသည်နှင့်အမျှ အိမ်အိုပမာဖြစ်လာသည်။ မြတ်ဗုဒ္ဓညွှန်ပြခဲ့သော ဓမ္မဝိနယအပေါ် နားလည်နိုင်သောစွမ်းရည်၊ လိုက်နာကျင့်ကြံနိုင်သောစွမ်းရည်များ ရဟန်းကော လူပါ ကျဆင်း
နေသည်။ ဤအရေးကို ဆရာတော်နှင့် ဓမ္မမိတ်ဆွေများ ဆွေးနွေးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ--လွတ်လပ်ရေးရစအချိန်တွင် နိုင်ငံသစ်ထူထောင်သည်နှင့်အတူ နိုင်ငံ၏သာသနာကိုပါ ပြုပြင်ဖို့ ရန် စိတ်အားထက်
သန်ခဲ့ကြသည်။  မြန်မာနိုင်ငံ သာသနာတော်အရေးနှင့်စပ်၍ ပြုပြင်သင့် ဖြည့်စွက်သင့် နုတ်ပယ်သင့်သောအချက်
များကို ယခင်ကတည်းက ဖော်ထုတ်ရေးသားလိုစိတ်ဖြစ်ခဲ့သော်လည်း အကျိုးကျေးဇူးထက်အပြစ်များမည်ကိုသာ
မြင်သောကြောင့်ကျမ်းစာအဖြစ်မရေးသားခဲ့ဟု သိရ၏။ သို့သော် သာသနာပြုပြင်ရေးအတွက် နည်းလမ်းရှာသူ၊ အဘိယာစကပြုသူများရှိလာပြီဖြစ်သောကြောင့် ဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းကို ရေးသား
ထုတ်ဝေလေတော့၏။
အနာဂတ်သာသနာကို မြှင့်တင်လိုလျှင် ပစ္စုပ္ပန်သာသနာအရေးကို လေ့လာသုံးသပ်ရမည်။ပစ္စုပ္ပန်သာသနာအခြေ
အနေ၏အတက်အကျကို အကဲဖြတ်ဖို့  အတိတ်သာသနာ့သမိုင်း (သာသနာဝင်)ကို သိရပေမည်။ ဗုဒ္ဓအကြောင်း၊ ဗုဒ္ဓ၏ညွှန်ပြချက်နှင့် ရှေးကျသောအရိယာသံဃာတော်များ၏ အနေအထိုင်၊ အလုပ်အကိုင်ကိုလည်း သိရပေမည်။ ဤအစီအစဉ်အရ အနာဂတ်သာသနာရေးကျမ်းတွင် (၁) ဗုဒ္ဓရတနာ (၂) ဓမ္မရတနာ (၃) သံဃရတနာ (၄) မြန်မာပြည်သာသနာ (အတိတ်နှင့် ပစ္စုပ္ပန်) ကဿပဘုရားသာသနာနောက်ပိုင်း (၅) အနာဂတ်သာသနာ-ဟု အခန်း ၅ ခန်းစီစဉ်ရေးသားထားသည်။
ဆရာတော်က အနာဂတ်တွင် စာသင်တိုက်၊တရားတိုက်ဘုန်းကြီးကျောင်းများသာရှိသင့်သည်။ ကျောင်းထိုင်
ဘုန်းကြီးအရည်အချင်းရှိရေး၊ ကျောင်းဂေါပကအဖွဲ့ ၏အရည်အချင်း၊ အလှုပစ္စည်းထိန်းသိမ်းခြင်း၊ ကျောင်းတိုက်
အချင်းချင်းဆက်သွယ်ရေး၊ အတန်းနှင့်ပြဋ္ဌာန်းစာကိစ္စစသည်မှသည် ရဟန်းခံရှင်ပြုကိစ္စအထိ ပြုပြင့်သင့်သည်များ
ကို ညွှန်ပြထားလေသည်။ ဆရာတော်က ပြုပြင်ဖို့ သြဝါဒပေးသော်လည်း ယခုတိုင်ဒုံရင်းအတိုင်းမူမပြောင်းဘဲ
ရှိသေးသော ရဟန်းခံ၊ ကထိန်ခင်း၊ ရှင်ပြု၊ ဘုန်းကြီးပျံ၊ လူအသုဘ၊ ဘုရားတည်၊ သီတင်းကျွတ်တန်ဆောင်တိုင်ပွဲ၊ ဥပုသ်စောင့်၊ဆွမ်းတော်ကြီးတင်၊ ဆွမ်းဆန်စိမ်းလောင်းပွဲ၊ ဘုရားပွဲ၊ မင်္ဂလာဆောင်အကြောင်းတို့ ကိုလည်း ရေးပြ
ထား၏။
အိမ်ရှေ့ ကနောင်မင်းသားနှင့် စစ်ဖက်ဆိုင်ရာအရာရှိများက အောင်ပင်လယ်တွင် ရေမြှပ်ဗုံးဖောက်ခွဲစမ်းသပ်လိုက်
စဉ် ဘုရင်မင်းမြတ်ဆက်ကပ်သောဆွမ်းကို နန်းတော်မှာ ကြွရောက်ဘုန်းပေးနေသော ဆရာတော်များက မျက်နှာ
မကောင်းဖြစ်ကာ ဆွမ်းဘုန်းပေးသည်ကို ရပ်တန့် လိုက်ကြသည်။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ ဘုရင်မင်းမြတ်က ညီတော်အိမ်ရှေ့ မင်းသားကို လက်နက်စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ရန် အမိန့် ပေးကြောင်း ကြားဖူး၏။  ထိုအကြောင်းကို အနာဂတ်သာသနာရေးကျမ်းနိဒါန်းတွင် ဤသို့ ငြင်းပယ်ထား၏။
            "သာသနာဝင်အရှင်များသည် လောကီရေးရာ၌ ဤမျှအထိဝင်စွက်ဖို့  တာဝန်မရှိပါ။ ဝင်စွက်ခဲ့မည်လည်း
            မဟုတ်ပါ။ သာသနာဝင်နှင့် ရာဇဝင်ရှေ့ ပိုင်းကို ကြည့်လျှင် စစ်မှုရေးရာ၌ပင် အပြစ်ကင်းသောကိစ္စ၌ ပါ
            ဝင်ရွက်ဆောင်ခဲ့ကြပါသေးသည်။ ထိုစစ်ဖြစ်စအချိန်က လက်နက်မစုခဲ့ကြခြင်းမှာ ထိုခေတ်လူတို့ 
            ဒေသန္တရဗဟုသုတမရှိကြသေးဘဲ ကံဆိုးမိုးမှောင်ဆိုသလိုကြောင့်သာ ဖြစ်ပါလိမ့်မည်။"

၎။

သိန်းဖေမြင့်သည် သာသနာအတွင်းနေထိုင်ပြီး မဖွယ်မရာပြုကျင့်နေသူတို့ ၏ အမူအရာကို တက်ဘုန်းကြီးဝတ္ထု
ရေးကာ ဖော်ထုတ်ခဲ့၏။ သာသနာကိုစော်ကားသည်ဟု အထင်မှားခံရ၏။ စင်စစ် တက်ဘုန်းကြီးဝတ္ထုသည် 
ဝိနည်းပိဋကကျမ်းများနှင့် ဇာတ်တော် ၅၅ဝ  (ဥပမာ- မဟာကဏှဇာတ်) လာ ရဟန်းဆိုး အကြောင်းများကို ခေတ်ပေါ်ဝတ္ထုရေးနည်းအတတ်ပညာဖြင့် ပြောင်းလဲတင်ပြခြင်းသာ ဖြစ်သည်ကို တွေ့ ရ၏။
(ဆရာဇော်ဂျီ၏ "သူ့ မယား" သည် အဋ္ဌကနိပါတ်၊ ဣန္ဒြိယဇာတ်တော်အခြေခံခေတ်သစ်ဝတ္ထုတိုဖြစ်၏။ ဤကား
စကားချပ်။) ဝိနည်းသိက္ခာပုဒ်တို့သည် မတော်မတဲ့အမှားများကျူးလွန်သူရဟန်းတို့ကို အခြေခံကာ ချမှတ်ခဲ့သော
စည်ကမ်းချက်များသာ ဖြစ်လေသည်။ တက်ဘုန်းကြီးဝတ္ထုပါ ဘုန်းကြီးဇာတ်ဆောင်များ (ဦးသုဓဇ၊ မဇ္ဈိမနန္ဒဝန်
ကျောင်းဆရာတော်၊ ဓညဝတီ ဦးဇောတိက) တို့ ၏ အပြုအမူများသည် ဘုရားဝိနည်းတော်နှင့်ညီညွတ်မှုရှိသည်
ကို မတွေ့ ရချေ--။  ဘုရား၏ ဓမ္မဝိနယနှင့်မညီညွတ်က ရဟန်းပင်ဖြစ်စေ၊ သာသနာကို ကိုယ်စားမပြုချေ-----။
ဘုရားအကျင့်၊ ဘုရားမူကို ကိုယ်စားမပြုသူတို့ ၏ အကျင့်စရိုက်ကို သရုပ်ဖော်ခြင်းအတွက် ဓမ္မဝိနယနှင့်ညီညွတ်
ရေးကို ဦးတည်သူအပေါင်းတို့ က ကန့် ကွက်ပြောဆိုစရာအကြောင်းရှိသည်ဟု မယူဆပါ။ ရှင်ဒေဝဒတ်အပြုအမူ
သည် သာသနာကို ကိုယ်စားမပြုပါ။ ဓမ္မဝိနယနှင့်လည်းမညီပါ။  စာရေးဆရာက အရှင်ဒေဝဒတ်အကြောင်း
ရေးသားလို့  ကန့် ကွက်လျှင် ကန့်ကွက်သူသည် ဒေဝဒတ်ဘက်တော်သားလား၊ ဘုရားဘက်တော်သားလား စဉ်းစားဖွယ်ဖြစ်၏။
အမရပူရ မဟာဂန္ဓာရုံဆရာတော်သည် အနာဂတ်သာသနာရေးကျမ်းကို ရေးသားခဲ့၏။ ကွန်မြူနစ်ဟု အပြောခံရ
၏။ ဆရာတော်၏ကျမ်းစာအုပ်များကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ခံရ၏။ အနာဂတ်သာသနာရေးပြုပြင်ရေး
စီမံကိန်းသည် တနိုင်ငံလုံးအနေဖြင့် မအောင်မြင်ခဲ့ပါ။ ဆရာတော်တပိုင်တနိုင်အုပ်ချုပ်သည့် နေရာလောက်သာ ဆရာတော်၏မူအတိုင်းဖြစ်လာသည်။ ဆရာတော်တင်ပြခဲ့သမျှသာသနာပြုပြင်ရေးနည်းလမ်းများသည် ကောင်းပါ
၏။ သို့ သော် ကောင်းတိုင်းလည်း လူတိုင်းမကြိုက်--။ လူတိုင်းမကြိုက်သည့်အတွက် တနိုင်ငံလုံးအတိုင်းအတာ
ဖြင့် သာသနာပြုပြင်ရေးသည် စာအုပ်ဘဝမျှသာ ရောက်ခဲ့သည်။ လက်တွေ့  ဖြစ်မလာခဲ့ချေ--။ သို့ သော်
တက်ဘုန်းကြီးကို ဖတ်ပြီး အနာဂတ်သာသနာရေးအတွက် ရင်မောနေရုံနှင့်မပြီး၊ လုပ်စရာရှိသည်များကိုကား အ
နာဂတ်သာသနာရေးကျမ်းတွင် အတိအကျညွှန်ပြနိုင်ခဲ့၏။
အမရဒီပ
သြဂုတ်လ ၁၇၊ ၂ဝ၁၁

Sunday, October 16, 2011

ဗုဒ္ဓဘာသာ

တည်ထောင်သူ-               သိဒ္ဓတ္ထဂေါတမဗုဒ္ဓ
မွေးဖွားသည့်နှစ်-              ခရစ်မပေါ်မီ ၆၂၄
တည်ထောင်သောနှစ်-        ခရစ်မပေါ်မီ ၅၈၉
ပရိနိဗ္ဗာန်စံသည့်နှစ်-          ခရစ်မပေါ်မီ ၅၄၄
ပေါ်ပေါက်ရာဌာန-             အိန္ဒိယနိုင်ငံ
ကျမ်းစာ-                                    ပိဋက ၃ ပုံ

အခြေခံ                          ကမ္ဘာလောကကိုဖြစ်စေ၊ သတ္တ၀ါကိုဖြစ်စေ ဖန်ဆင်းသူ တန်ခိုးရှင်မရှိ။ ကမ္ဘာလောက
ယုံကြည်ချက်များ              ရော၊ သတ္တ၀ါများပါ သက်ဆိုင်ရာအကြောင်းများကြောင့် ဖြစ်ပ်ါလာကြသည်။ သက်မဲ့
                                    လောက၊ သက်ရှိလောက နှစ်ခုလုံး အကြောင်းကြောင့် ဖြစ်ပျက်နေသော ရုပ်အစဉ်၊ နာမ်အစဉ် မျှသာ ဖြစ်သည်။ တည်မြဲသော ပုဂ္ဂိုလ် သတ္တ၀ါမရှိ၊ အတ္တမရှိ။  ရုပ်နာမ်မှန်သမျှ ဖြစ်ပြီးလျှင် တစက္ကန့် 
တောင်မှ တည်တံ့မနေဘဲ ချက်ချင်းပျက်စီးသွားကြ၍ မမြဲသောသဘော၊ မကောင်းသောသဘော၊ အခိုင်အမာ အနှစ်အသားမဟုတ်သော သဘောချည်း ဖြစ်ကြသည်။
                                    သတ္တ၀ါတိုင်း မိမိအလုပ်အားလျော်စွာ အကျိုးရကြသည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရသည်။ ဆိုးတာလုပ်လျှင် ဆိုးကျိုးခံစားရသည်။
                                    သတ္တ၀ါသည် တဘ၀တည်းမဟုတ်၊ ဘ၀ပေါင်းများစွာဖြစ်သည်။
                                    ဆင်းရဲ၊ ဆင်းရဲ၏အကြောင်း၊ ဆင်းရဲငြိမ်းခြင်း၊ ဆင်းရဲငြိမ်းကြောင်း အကျင့်လမ်းဟု အမှန်တရား လေးပါးရှိသည်။

ရတနာမြတ် သုံးပါး
            လောက၌ ရွှေ၊ ငွေ၊ စိန်ကျောက်စသော လူတို့ ၏အဖိုးတန်အသုံးအဆောင်တို့ကို လူတို့၏စိတ်နှလုံးကို ရွှင်ပြုးံစေတတ်သောကြောင့် ရတနာ ဟု ခေါ်ကြ၏။
            ထို့ အတူပင် ဗုဒ္ဓ= မြတ်စွာဘုရား၊ ဓမ္မ=တရားတော်၊ သံဃ=သံဃာတော်တို့ကိုလည်း သတ္တ၀ါတို့၏ စိတ်ကို နှစ်သက်မွေ့ လျော်ရွင်ပျော်ကြည်နူးစေတတ်သောကြောင့် ရတနာ ဟူသော အမည်ထူးဖြင့် ချီးကျူးပူဇော်
ကြရ၏။
            ထို့ကြောင့် လောက၌ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာဟု ရတနာတော်မြတ် သုံးပါးကို ဗုဒ္ဓဘာသာဝင်များ ယုံကြည်လေးမြတ် ဆည်းကပ်ကိုးကွယ်ကြရ၏။

ဗုဒ္ဓရတနာ=ဘုရားမြတ်ရတနာ
        ဗုဒ္ဓ ဆိုသည်မှာ တရားအလုံးစုံကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်သော အမြတ်
ဆုံးပုဂ္ဂိုလ်ကို ခေါ်သည်။ မြန်မာလို မြတ်စွာဘုရား ဟု ခေါ်ဝေါ်သိမှတ်ကြသည်။ ဘုရားမြတ်ရတနာ ဟု အထွတ်
အမြတ် ဆည်းကပ်ကိုးကွယ်ကြသည်။

ပွင့်ထွန်းတော်မူလာပုံ          ယေရှုခရစ်မပေါ်မီ နှစ်ပေါင်း ၆၀၀ ခန့် က ယခုအိန္ဒိယပြည်နှင့် နီပေါပြည်နယ်စပ်တွင်
                                    ကပ္ပိလ၀တ်ပြည် ရှိသည်။     အုပ်ချုပ်သူမှာ သာကီမျိုးဘုရင် သုဒ္ဓေါဒန၊ မိဖုယားမှာ မဟာမာယာဒေ၀ီ ဖြစ်သည်။   သူတို့သားမှာ သိဒ္ဓတ္ထ ဖြစ်သည်။    သိဒ္ဓတ္ထ ၁၆ နှစ်သား အရွယ်ရောက်သောအခါ
ယသောဓရာမင်းသမီးနှင့် လက်ထပ်သည်။ ယသောဓရာမှာ သာကီမျိုးပင်ဖြစ်သော သုပ္ပဗုဒ္ဓဘုရင်၏ သမီးတော် ဖြစ်သည်။
            သိဒ္ဓတ္ထမင်းသား အသက် ၂၉ နှစ် ရှိသောအခါ ကြင်ရာတော် ယသောဓရာမှ သားတော်ရာဟုလာကို ဖွားမြင်သည်။ အိုသူ၊ နာသူ၊ သေသူတွေကို သိဒ္ဓတ္ထ မြင်တွေ့ရပြီး အိုနာသေရေး ဆင်းရဲဘေးကို ကြောက်ရွံ့ထိတ်
လန့် လာ၏။ ထို့ နောက် ရဟန်းတော်တပါးကို မြင်သောအခါ ရဟန်းတော်လို ငြိမ်းချမ်းချင်လာ၏။
            ထို့ ကြောင့် တောထွက်၍ ဆင်းရဲငြိမ်းရန် အမှန်တရားကို ရှာသည်။ ဥရုဝေလတောတွင် အကျင့်မှား ဒုက္ကရစရိယာအကျင့်ကို  ၆ နှစ်ပတ်လုံးကျင့်ပြီးမှ မှားမှန်းသိ၍ စွန့် လွှတ်လိုက်သည်။ ဂယာသီသသို့ ရွှေ့ပြောင်း
နေထိုင်၍ အလယ်အလတ်အကျင့်မှန်ကိုကျင့်မှပင် အမှန်တရားလေးပါးကို ထိုးထွင်းသိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓ အဖြစ်ပွင့်ထွန်းပေါ်ပေါက်တော်မူလာသည်။ 
            ဗုဒ္ဓ=မြတ်စွာဘုရား ထိုးထွင်းသိသော အမှန်တရား လေးပါးမှာ---
၁။ ဆင်းရဲအမှန်တရား (ဒုက္ခသစ္စာ)
၂။ ဆင်းရဲဖြစ်ကြောင်းအမှန်တရား (သမုဒယစ္စာ)
၃။ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား (နိရောဓသစ္စာ)
၎။  ဆင်းရဲချုပ်ကြောင်း အကျင့်လမ်း အမှန်တရား (မဂ္ဂသစ္စာ) တို့ ဖြစ်ကြသည်။
ဗုဒ္ဓမြတ်စွာသည် ဂုဏ်တော် ကိုးပါးနှင့်ပြည့်စုံသည်။

----------------------------------------------------------------

ဓမ္မရတနာ= တရားမြတ်ရတနာ
            ယုံကြည်၍ လိုက်နာသူ၊ လက်တွေ့ကျင့်ကြံအားထုတ်သူတို့ကို ဆင်းရဲမှလွတ်အောင် ဆောင်တတ်သော
(၁) ဆုံးမသြ၀ါဒများ၊ (၂) ကျင့်စဉ်များ၊ (၃) ကျင့်၍ ရပြီးသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တို့ကို ဓမ္မ=တရား ဟု ခေါ်သည်။ တရားမြတ်ရတနာ ဟု အထွတ်အမြတ် ဆည်းကပ်ကိုးကွယ်ကြသည်။

ဆုံးမသြ၀ါဒများ                မကောင်းတာ အပြစ်မကင်းတာကို မလုပ်နှင့်၊ ကောင်းတာ အပြစ်ကင်းတာကိုသာ
                                    လုပ်။ တတ်နိုင်သမျှ စိတ်ကောင်းစိတ်မြတ်ထား။

ကျင့်စဉ်များ                     သတိပဋ္ဌာန်လေးပါး၊ မဂ္ဂင် ရှစ်ပါး။

ကျင့်၍ရရှိသောတရားများ    မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်လေးပါး၊ နိဗ္ဗာန်။

တရားတော်သည် ဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံသည်။

-------------------------------------------------------

သံဃရတနာ= သံဃာတော်မြတ်ရတနာ
            ဗုဒ္ဓမြတ်စွာဟောကြေားတော်မူခဲ့သည့်အတိုင်း လက်တွေ့ကျင့်ကြံအားထုတ်ကြသဖြင့် မဂ်ဉာဏ်၊ ဖိုလ်
ဉာဏ်ကို ရပြီးသော အရိယာသံဃာတော်အပေါင်းနှင့် ထိုအရိယာသံဃာတော်တို့အနွယ်ဝင် ပုထုဇဉ် ရဟန်းတော်
များကို သံဃ=သံဃာတော်မြတ်ရတနာ ဟု ခေါ်သည်။
အရိယာသံဃာတော်သည် ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံသည်။
---------------------------------------------------------------

ဗုဒ္ဓဘာသာ= ဗုဒ္ဓသာသနာ
            မြတ်စွာဗုဒ္ဓဟောကြားညွှန်ပြဆုံးမထားသော တရားတော်များကို ဗုဒ္ဓဘာသာ= ဗုဒ္ဓသာသနာ ဟု ခေါ်သည်။

ဗုဒ္ဓဘာသာဝင်များ=ဗုဒ္ဓသာသနာဝင်များ
ဗုဒ္ဓ၏တရားတော်များကို ယုံကြည်၍ လိုက်နာကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓသာသနာဝင်များဟု ခေါ်
သည်။

ဗုဒ္ဓအကြောင်းအကျဉ်းချုပ်
            မြတ်စွာဘုရားဖွားမြင်တော်မူသောနေ့မှာ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့်နေ့ ဖြစ်၏။ ဖွားမြင်
တော်မူသောနေရာမှာ ကပိလ၀တ်နေပြည်တော်နှင့် ဒေ၀ဒဟနေပြည်တော်တို့၏အကြား လုမ္ဗိနီအင်ကြင်းတော ဖြစ်၏။  လုမ္ဗိနီအင်ကြင်းတော၌ဖွားမြင်ရခြင်းမှာ မယ်တော် မဟာမာယာဒေ၀ီသည် မိမိ၏ဇာတိ ဒေ၀ဒဟပြည်
သို့သွားရောက်ရာတွင် လုမ္ဗိနီအင်ကြင်းတောကို ဖြတ်သန်းသွားရသဖြင့် အင်ကြင်းတောသို့ အရောက်တွင် ဖွားမြင်
တော်မူခြင်းကြောင့် ဖြစ်၏။
            သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသည်မှ ခုနှစ်ရက်မြောက်နေ့တွင် မယ်တော်မဟာမာယာဒေ၀ီနတ်ရွာစံ၏။
ညီမတော် မဟာပဇာပတိဂေါတမီက မင်းသားကို ဆက်လက်စောင့်ရှောက်သည်။ နန်းတော်တွင်းမှာပင် ပညာရပ်
များစွာတို့ကို သင်ယူတတ်မြောက်ခဲ့သည်။ အသက် ၁၆ နှစ်တွင် ယသောဓရာနှင့် လက်ထပ်ခဲ့သည်။ အသက် ၂၉ နှစ်တွင် ရာဟုလအမည်ရှိ သားတဦးထွန်းကားခဲ့သည်။    သားတော်မွေးဖွားသည့်ညမှာပင် သစ္စာတရားရှာဖွေရန်
တောထွက်ခဲ့သည်။ အချိန်ကား---မဟာသက္ကရာဇ် ၉၇-ခုနှစ်၊ ၀ါဆိုလပြည့်နေ့ ၊ သန်းခေါင်ယံအချိန်ဖြစ်သည်။ တောတွင်း၌ ဒုက္ကရစရိယာအကျင့်အပါအ၀င် အကျင့်များစွာတို့ကို အားထုတ်ကျင့်ကြံခဲ့သည်။ မဇ္ဈိမပဋိပဒါအကျင့်
ကို ကျင့်သုံးပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ကဆုန်လပြည့်နေ့တွင်သစ္စာလေးပါးကို သိကာသက်တော်၃၅ နှစ်တွင်
ဘုရားအဖြစ်သို့ရောက်တော်မူသည်။ ဘုရားဖြစ်ပြီးနောက် ၄၅ နှစ်ကြာ တရားဓမ္မတို့ကို ဟောကြားဖြန့်ဖြူးခဲ့သည်။
သက်တော်  ၈၀ အထိ သတ္တ၀ါတို့၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေးကို ဆောင်ရွက်တော်မူပြီး ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း သက်တော် ၈၀ ပြည့်သောနှစ် ကဆုန်လပြည့်ညတွင် ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ သံသရာဇာတ်သိမ်းကာ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါသည်။
            ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူသည်မှာ ယခုမြန်မာနှစ် ၁၃၇၃ ခုနှစ်အထိဆိုလျှင် နှစ်ပေါင်း ၂၅၅၅ နှစ် ရှိသွားပေပြီ။


(ချမ်းမြေ့ဆရာတော်၏ အခြေပျိုးဗုဒ္ဓဘာသာစာအုပ်နှင့်၊ ဦးရွှေအောင်၏ ဗုဒ္ဓ=လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူး
ရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်စာအုပ်တို့ပါ ရေးသားချက်တို့ကို ပေါင်းစပ်ထားပါသည်။)




ဗုဒ္ဓနေ့ အခမ်းအနားဖွင့် ဘုရားရှိခိုးပါဠိ+မြန်မာ

(က)      ဗုဒ္ဓံ   ပူဇေမိ= ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ ပူဇော်ပါ၏ဘုရား။
(ခ)        ဓမ္မံ   ပူဇေမိ= ဓမ္မံ၊ တရားတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါ၏ဘုရား။
(ဂ)        သံဃံ ပူဇေမိ= သံဃံ၊ သံဃာတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါ၏ဘုရား။

၁။       ဗုဒ္ဓေါ  သော ဘဂ၀ါ ဗောဓာယ ဓမ္မံ  ဒေသေတိ။
          သော ဘဂ၀ါ၊ကျွန်ုပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား
သည်။ ဗုဒ္ဓေါ၊ သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးသည်ဖြစ်၍။ ဗောဓာယ၊ သတ္တ၀ါအများ ကျွန်ုပ်တို့အားလည်း အလားတူပင် သိမြင်ကြပါစေခြင်းအကျိုးငှါ။  ဓမ္မံ၊ သစ္စာလေးတန် တရားမှန်ကို။ ဒေသေတိ၊  ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏။  တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ ဘုရားတပည့်တော်သည်။ သဗ္ဗဒါ၊ နေ့ရော ညပါ
အခါခပ်သိမ်း။ ၀န္ဒာမိ၊ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။

၂။       ဒန္တော  သော  ဘဂ၀ါ ဒမထာယ  ဓမ္မံ  ဒေသေတိ။
          သော ဘဂ၀ါ၊ကျွန်ုပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား
သည်။ ဒန္တော၊ မြင်,ကြား,တွေ့ ရာ,ကြံသိရာမှ ကိလေသာအညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေး
တော်မူပြီးသည်ဖြစ်၍။ ဒမထာယ၊ သတ္တ၀ါအများ အကျွန်ုပ်တို့ အားလည်း အလားတူစွာ ကိလေသာအ
ညစ်အကြေး ကင်းစင်ဝေးလျက် ယဉ်ကျေးကြပါစေခြင်းအကျိုးငှါ။ ဓမ္မံ ၊ ယဉ်ကျေးစေရန် တရားမှန်ုကို။
ဒေသေတိ၊  ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏။  တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ ဘုရားတပည့်တော်သည်။ သဗ္ဗဒါ၊ နေ့ရော ညပါ အခါခပ်သိမ်း။ ၀န္ဒာမိ၊
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။

၃။       သန္တော  သော ဘဂ၀ါ  သမထာယ  ဓမ္မံ ဒေသေတိ။
          သော ဘဂ၀ါ၊ကျွန်ုပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား
သည်။ သန္တော၊ ရာဂစသား အလှုပ်အရှားကင်းလျက် ငြိမ်သက်ငြိမ်းအေးတော်မူပြီးသည်ဖြစ်၍။ သမထာယ၊   သတ္တ၀ါအများ အကျွန်ုပ်တို့ အားလည်း အလားတူစွာ ငြိမ်သက်ငြိမ်းအေးကြပါစေခြင်းအ
ကျိုးငှါ။  ဓမ္မံ၊ ငြိမ်းအေးစေရန် တရားမှန်ကို။     ဒေသေတိ၊  ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြား
တော်မူခဲ့ပါပေ၏။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။အဟံ၊ဘုရားတပည့်တော်သည်။
 သဗ္ဗဒါ၊ နေ့ရော ညပါ အခါခပ်သိမ်း။ ၀န္ဒာမိ၊ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။

၎။       တိဏ္ဏော  သော  ဘဂ၀ါ  တရဏာယ  ဓမ္မံ  ဒေသေတိ။
          သော ဘဂ၀ါ၊ကျွန်ုပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား
သည်။ တိဏ္ဏော၊ သြဃလေးဖြာ သံသရာ၏ ဟိုမှာကမ်းရောက် နိဗ္ဗာန်ပေါက်အောင် ကူးမြောက်တော်မူ
ပြီးသည်ဖြစ်၍။ တရဏာယ၊ သတ္တ၀ါအများ ကျွန်ုပ်တို့အားလည်း အလားတူစွာ ကူးမြောက်ကြပါစေခြင်း
အကျိုးငှါ။ ဓမ္မံ၊ ကူးမြောက်စေရန် တရားမှန်ကို။ဒေသေတိ၊   ကရုဏာရှေ့သွားပညာအားဖြင့် ဟောကြား
တော်မူခဲ့ပါပေ၏။တံဗုဒ္ဓံ၊ထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ဘုရားတပည့်တော်သည်။
သဗ္ဗဒါ၊နေ့ရောညပါအခါခပ်သိမ်း။ဝန္ဒာမိ၊ရိုသေမြတ်နိုးလက်စုံမိုး၍ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။

၅။       ပရိနိဗ္ဗုတော  သော ဘဂ၀ါ  ပရိနိဗ္ဗာနာယ  ဓမ္မံ  ဒေသေတိ။
          သော ဘဂ၀ါ၊ကျွန်ုပ်တို့အများ၏ အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား
သည်။ ပရိနိဗ္ဗုတော ၊ ကိလေသာခပ်သိမ်း အလုံးစုံငြိမ်းပြီးသည်ဖြစ်၍။    ပရိနိဗ္ဗာနာယ၊ သတ္တ၀ါအများ အကျွန်ုပ်တို့အားလည်း အလားတူစွာ ကိလေသာခပ်သိမ်း ငြိမ်းကြပါစေခြင်းအကျိုးငှါ။  ဓမ္မံ၊ ကိလေသာ
ငြိမ်းရန် တရားမှန်ကို။  ဒေသေတိ၊  ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေ၏။  တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို။ အဟံ၊ ဘုရားတပည့်တော်သည်။   သဗ္ဗဒါ၊ နေ့ရော ညပါ အခါခပ်သိမ်း။ ၀န္ဒာမိ၊ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏အရှင်ဘုရား။


ဆုတောင်းအမျှဝေအကျဉ်း

                                      ဤသို့ ပြုရ ၊ မြတ်ပုညကြောင့်
                                      ချမ်းမြအေးကြည် ၊ ဘေးမဲ့မည်သည်
                                      ရွှေပြည်ထုတ်ချောက် ၊ လမ်းမကောက်ဘဲ
                                      ရောက်ရပါလို ၊ ထိုထိုဘဝ
                                      ကျင်လည်ရလည်း၊ ဒုက္ခဘေးဒဏ်
                                      ရန်မာန်အပေါင်း၊ မကောင်းဟူသမျှ
                                      မေတြ ့ရဘဲ၊ သဗၺကၠုစ ၦာ
                                      မင်္ဂလာကို၊ ရွယ်ကာ တ-တိုင်း ရစေသော် -------။

                                      ယနေ့ ယခု၊ ပြုပြုသမျှ
                                      မြတ်ဘာဂကို၊ မိဘဆရာ
                                      မျိုးသဟာနှင့်၊ ကိုယ်မှာစောင့်ကြပ်
                                      ကိုယ်စောင့်နတ်က၊ အရင်းစ၍
                                      ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်
                                      ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့ 
                                      ရကြပါစေ၊ ပေးငှဝေသည်
                                      များထွေသာဓု ခေါ်စေသော်---------။

အမျှ----အမျှ----အမျှ---ယူတော်မူကြပါကုန်လော့-----။

                                      သာဓု--သာဓု-----သာဓု-------။