Total Pageviews
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Wednesday, April 1, 2015
လူ့ ဘဝဖြူဆွဖို့ မလွယ်
လူ့ ဘဝဖြူဆွဖို့ မလွယ်
        “ဆိုးလိုက်တဲ့ရှင်ရယ်…ရှင့်ကိုယ်ရှင့် ဈာန်အဘိညာဉ်ရသေ့တပါးဆိုတာ မေ့နေပြီလား“
အိမ်ဆိုးအိမ်ညစ်တလုံးကို ပြုပြင်သန့် ရှင်း၊ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း၊ ရေချိုးခန်းအိမ်သာအထွေ
ထွေလိုအပ်ရာအသုံးအဆောင်တို့ ကို မင်းထံတောင်းတန်တောင်း ၊ ကိုယ်တိုင်လုပ်တန်လုပ်ဖြင့်  တနေ ကုန်တနေခမ်းမမောတမ်းမနားတမ်းဗျာများနေခဲ့ရသည်။ ညနေစောင်း ရေမိုးချိုး ၊ စားသောက်ပြီး ၊ တူနှစ်ကိုယ်ကမ္ဘာဘုံတည်ဆောက်မည့် ချစ်ကမ္ဗလာအခင်းလွှမ်းပေါ်ဝယ် သည်းဖိုတုန်လှိုက် ရင်တထိတ်ထိတ်အတွေးဖြင့် ဟရိတစရသေ့ဟောင်းခမျာ ထိုင်မိရုံရှိသေး ….သည်အကွက်ကို ဗျူဟာချစောင့်စားနေမည့် မုဒုလက္ခဏဒေဝီက ရသေ့ဟောင်းကြီး၏ မုတ်ဆိတ်ဖွားဖွားကို မနာ့တနာဆုပ်ကိုင်ကာ အထက်ပါအတိုင်း အကျင့်ကောင်းဖို့ စကားလောင်းနိဒါန်းအဖွင့် ပြောလိမ့်မည်ဟု ယူဆပါသည်။ 
ဟရိတစခမျာ ချက်ကောင်းထိသွားရှာသည်။
          သည်လိုချက်ကောင်းထိသောကြောင့်သာလျှင် ဟရိတစ  သတိပြန်လည်လာရ၏။ ကိလေသာ
ဇောကပ်ပြီး ပညာမျက်စိကန်း ၊ ဆင်ခြင်တုံကင်း ကာမအရူးဇာတ်ခင်းနေသည့် သူ့ ကိုယ်သူ ပြန်မြင်လာ
သည်။ မူလဇာတ်အဋ္ဌကထာပါဠိတွင်ကား ဖွယ်ဖွယ်ရာရာမဆိုချေ။ သို့ သော်ကဗျာဆရာတွင်းသင်းမင်း
ကြီးကတော့ ရသေ့ကြီးသတိရပြီး တရားဆင်ခြင်ခန်းကို ပီပီပြင်ပြင်ကဗျာဖွဲ့ လေသည်။ မုဒုလက္ခဏပျို့  တွင် 
ပုဒ်ရေ ၆၆ မှ ၇၆ အထိမှာ ရသေ့ကြီး၏သံဝေဂယူခန်းပင် ဖြစ်ပါသည်။
          အဆိုပါသံဝေဂါကာရခန်းလာ ပိုဒ်ရေ ၇၂ တွင် ကဗျာဆရာကြီးက ဤသို့ ဖွဲ့ ဆိုပြပါ၏။
ထင်းခွေရေခပ် ၊ ဆန်ဖွပ်မောင်းနင်း
ညှဉ်းပန်းခြင်းလည်း ၊ မကင်းဆူလှယ်
လူတို့ ဝယ်ကား ၊ ကုန်သွယ်လယ်လုပ်
မြဲချုပ်ဆီးတား ၊ ကျွဲနွားမိုးမြေ
ရွှေငွေအလို ၊ ဆိုသည်မုသား
ဒဏ်အားထိုက်လျောက် ၊ ရောက်သည်ပြစ်ဆာ
ပြုသူသာလျှင် ၊ ဃရာဝါသ
ကိစ္စပြီးတိုင်
မတတ်နိုင်သော် ၊ စပ်ဆိုင်လူ့ တမ်း
မှုမပြွမ်းခဲ့ ………။ (၇၂)
          လူ့ ဘဝ ၊ လူ့ လောကဟူသည် ပြေးရင်ပြေး ၊ မပြေးရင်လိုက်ရမည့်လောကဖြစ်သည်။ တတောတတောင်ထဲ အတူတူနေကြသည့် ကျား နှင့်သမင်ကဲ့သို့ ဖြစ်သည်။ မနက်ရောက်လျှင် သမင်ကို ဘယ်လိုချောင်းမြောင်းကိုက်သတ်ရကောင်းမလဲ ဟု ကျားကတွေးသည်။ မနက်ရောက်လျှင် ကျားလက်ကဘယ်လိုလွတ်အောင်ပြေးရ၊ ပုန်းရှောင်ရကောင်းမလဲဟု သမင်ကတွေးသည်။ ကျား ရော သမင်ရောနှစ်ကောင်လုံးသည် အသက်ရှင်ရပ်တည်ရေးကို ဦးတည်တွေးကြ ၊ လုပ်ကြသည်။ ကိုယ့်ဘဝ၊ ကိုယ့်ဝန်းကျင်ရပ်တည်နိုင်အောင်ရုန်းကန်လှုပ်ရှားနေကြသည်။ တကွက်တလေပင် အမှားမခံနိုင်…။ လူ့ ဘဝဆိုတာလည်း ထိုနည်းနှင်နှင် ကျားလိုတွေးသူတွေး ၊ သမင်လိုတွေးသူတွေးသည်။
 အတွေးပြီးတော့ အပြော၊ အလုပ်ဆိုတာ ဆက်တိုက်ကပ်ပါလာသည်။ တိုက်စစ်ဘယ်လိုဆင်
မည်၊ ခံစစ်ဘယ်လိုကာမည်တွေးပြီဆိုမှတော့ ကိုယ်စိတ်ဆင်းရဲညှဉ်းပန်းခြင်းတွေ ပါလာမည်။ ပြစ်ဒဏ်တွေပါလာမည်။
          လယ်တောမှာ လယ်ထွန်သည်ပဲထား…။ နွားကို အတင်းအဓမ္မခိုင်းစေမှု ဖြစ်လာသည်။ မြေကြီးကို ထွန်ယက်တူးဆွသောကြောင့် ပုရွက်ဆိတ်၊ တီကောင်တို့ လို သတ္တဝါတွေ အစုလိုက်အပြုံလိုက် 
ဆင်းရဲဒုက္ခရောက်ကြ၊ ပျက်စီးသေကြေကြသည်။ ဘယ်မှာ အပြစ်လို့ လဲ။ မြင်းလှည်းမောင်း၊
 နွားလှည်းမောင်းတော့ရော ဘာထူးသနည်း။
          ကိုယ်တိုင်ကငွေကြေးပြည့်စုံသူဖြစ်လျှင် မပြည့်စုံသူတွေက ချေးကြ၊ ငှါးကြမည်။ ထိုအခါ ရှိပေငြား မရှိဟု လိမ်ရ၊ ညာရတာ ရှိပေမည်။ ချေးသမျှ၊ ငှါးသမျှသာ ထုတ်ပေးနေရလျှင် လောက်ငှမည့် ကိစ္စလည်းမဟုတ်လေတော့ သည်လိုပြောရတာ ရှိပါမည်။ ချေးငှါးပြီး ပြန်မရလို့ အကျယ်အကျယ်မငြိမ်းဖွယ် ဖြစ်တာတွေလည်း ရှိမည်။
 အို…ဒါတွေဒါတွေကို ကြည့်တော့ ချောက်တန်ချောက်၊ မြှောက်တန်မြှောက်၊ နဂါးမှန်းသိအောင်
အမောက်ထောင်ပြသင့်ပြ လုပ်မှသာ လူ့ ဘဝ ဆိုတာ အဆင်ပြေသည်။ သည်လိုမလုပ်လို့ ကတော့ 
လူရာမဝင်၊ ခံဖက်ကချည်း ဖြစ်ပေမည်။ သည်သဘောကို တွင်းသင်းမင်းကြီးက ကဗျာဖွဲ့ ထားသည်။
          တွင်းသင်းမင်းကြီးဆိုလိုသည်ကား လူ့ ဘဝဆိုတာ ကိုယ်ကျင့်သီလနှင့်ပြည့်စုံအောင် နေနိုင်
ဖို့ မလွယ်ရေးချမလွယ်။ ကိုယ်ကျင့်တရားမပြည့်စုံလျှင် အပြစ်မကင်း၊။ အပြစ်ကင်းအောင်နေလျှင်
လည်း လူ့ ကိစ္စ လူ့ ဘဝတွေ အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ..ဟူ၏။
          ဤအတွေးဤအမြင်တို့ သည်တွင်းသင်းမင်းကြီး၏ပင်ကိုထွက်အတွေးအမြင်ဖြစ်ပါလျှင်
 နောင်လာနောက်သားစာဖတ်သူတဦးအနေဖြင့် မှတ်သားသုတပွားစရာစကားအဖြစ် သတ်မှတ်လိုပါ၏။ ပိဋကတ်ကိုမွှေ နှောက်ပြီး ဆိုင်ရာဆိုင်ရာတို့ ကို အဆီအနှစ်အဖြစ်စုစည်းသည့်အနေဖြင့် တနေရာမှ 
စကားတရပ်ကို ဤမုဒုလက္ခဏကဗျာတွင် ထည့်သွင်းစပ်ဆိုထားလျှင်လည်း မင်းကြီးကိုးကားသည့်
မူရင်းစာကို သိမှီအောင် ကြိုးစားသင့်သည်ဟု သဘောရပါသည်။
          ဇာတကအဋ္ဌကထာ၊ ဒုကနိပါတ်၊ဥပါဟနဝဂ်၊ ဝစ္ဆနခဇာတ်တော်တွင် မင်းကြီး၏ လူ့ ဘဝအမြင်
ယူဆချက်နှင့် တူမျှသော အမြင်တခုကို တွေ့ ရပါသည်။  ဝစ္ဆနခရသေ့သည် ဟိမဝန္တာမှ ဗာရာဏသီ သို့ ခေတ္တကြွလာပြီး မင်းဥယျာဉ်တွင် နေသည်။ ဗာရာဏသီသူဌေးတဦးသည် ဝစ္ဆနခရသေ့ကို ရသေ့ သူတော်အဖြစ်ကြည်ညိုသည်။ ရွယ်တူဖြစ်၍ ညီအကိုပမာလည်း ချစ်ခင်မြတ်နိုးသည်။ ရသေ့ ရဟန်း
ဘဝဟူသည် သူတပါးပေးစာကမ်းစာကိုမှီကာအသက်ရှင်ရပ်တည်ရသောကြောင့် ဆင်းရဲပင်ပန်းသည်။
 ဝစ္ဆနခကို လူဝတ်လဲစေပြီး သူ့ စည်းစိမ်တဝက်ကို ခွဲပေးမည်။ ဝစ္ဆနခကိုလည်း ကုန်သွယ်ကုန်ရောင်း စီးပွားရှာပုံအကြောင်းသင်ပေးမည်၊ နှစ်ယောက်အတူ ပျော်ရွှင်ချမ်းသာစွာ ဘဝစည်းစိမ်ကို ခံစားစံစား
မည်ဟု ဗာရာဏသီသူဌေး အတွေး ပေါက်ကာ ဝစ္ဆနခရသေ့ကို တိုင်ပင်သည်။
          ထိုအခါ ဝစ္ဆနခရသေ့ပြန်ပြောသောစကားမှာ----------------၊
"အမြဲမပြတ် လယ်ထွန်၊ နွားကျောင်း၊ စီးပွားရှာစသောအလုပ်ဖြင့် ကြိုးစားအားထုတ်မှုမပြုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ လယ်ယာ-ဥစ္စာ-ရွှေငွေဓနစသည်အကျိုးစီးပွားအကျိုးငှါ မုသားမဆိုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ သူတပါးနှိပ်စက်ညှဉ်းပန်းခြင်းကို မခံလိုသူ-မခံနိုင်သူ၏အိမ်သည်လည်း မတည်မြဲနိုင်၊  သူတပါးတို့ အား မနှိပ်စက် မညှဉ်းပန်းလိုသူ၏အိမ်သည်လည်း မတည်မြဲနိုင်၊ဤသို့ အကုသိုလ်ဖြစ်စရာ
 အပေါက်အလမ်းများစွာရှိသော၊ ကုသိုလ်ဖြစ်ဖို့ ခက်ခဲသော သဘောရှိသော အိမ်ကို ဘယ်သူက စိုးမိုးအုပ်ချုပ်နေချင်မှာလဲ"…….ဟူ၏။
          တွင်းသင်းမင်းကြီး နှင့် ဝစ္ဆနခရသေ့ပြောသည့်စကားမှာ သဘောထားတူညီကြောင်း တွေ့ ရပါ
သည်။ လူ့ ဘဝ လူ့ လောကဟူသည် ကုသိုလ်စိတ်အဖြစ်နည်းသည်။ အကုသိုလ်စိတ်အဖြစ်များသည်။ ဖြူဆွဖို့ မလွယ်ပါတည်း…။
အမရဒီပ
ဧပြီ ၂၊ ၂ဝ၁၅
Saturday, March 28, 2015
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
ပြီ။ “ပျို့ “ဟု ကဗျာဆရာတွင်းသင်းမင်းကြီးကိုယ်တိုင်အမည်ပေးသည်တော့မဟုတ်ပါ။ သူ၏ပရိသတ်က ပေးလိုက်သောအမည်ပညတ်သာဖြစ်လေသည်။ တွင်းသင်းမင်းကြီးကိုယ်တိုင်ကမူ သူ၏ကဗျာကျမ်းတို့ ကို “စာ“ဟုလည်းကောင်း၊ “ကျမ်း“ဟုလည်းကောင်း၊ “လင်္ကာ“ဟုလည်းကောင်း အမည်ပေးပါသည်။
တွင်းသင်းမင်းကြီးကိုယ်တိုင်ပြုစုစပ်ဆိုခဲ့သော ဝိဓူရတွင်……..“ဓမ္မမြတ်စစ်၊ ဤကျမ်းသစ်“ ဟူသောစ
ကား ၊ မုဒုလက္ခဏတွင်…..“သံသရာပစ္စုပ္ပန်၊ နှစ်တန်ကျိုးကြီး ၊ ပြီးစီးလေရှာ ၊ ဤငါ့စာ“..ဟူသောစကား ၊ ဘလ္လာတိယတွင်…..“သုတ္တန်မြတ်စစ်၊ ဤကျမ်းသစ်ကား“…ဟူသောစကား ၊ မဟာဇနကတွင် …
လင်္ကာစီပြစ် ၊ ဖော်ထုတ်လှစ်သည် ၊ နားသွင်းစေငှါ ၊ အလင်္ကာဖြင့်“….ဟူသောစကားတို့ ကို ကြည့်ရှု
ထောက်ဆခြင်းပြုကာ “ပျို့ “သည် မင်းကြီး၏ မူလပေးရင်းအမည်မဟုတ်ကြောင်း ဆိုရပါသည်။
          မြန်မာစာပေကို လက်လှမ်းမှီသလောက်လေ့လာမိရာ မြန်မာစာတွင်လည်း ဘုန်းကြီးကျောင်း
ပါဠိသဒ္ဒါကျမ်းသင်နည်းကဲ့သို့ “ရုပ်တွက်“ရှိကြောင်း တွေ့ ရပါသည်။ “ရုပ်တွက်“ဟူသည် ပါဠိဝေါဟာရ
တခုမည်သို့ မည်ပုံတည်ဆောက်ထားကြောင်း ရှင်းပြခြင်းဖြစ်သည်။ စက်ဘီးတစီးကို တစစီဖြုတ်ပြီး စနစ်တကျပြန်လည်တပ်ဆင်သည်နှင့်တူပါသည်။ ဝေါဟာရတခုကိုလည်း တစစီဖြုတ်ပြီး ပြန်တပ်သည် ကို ရုပ်တွက်ခေါ်ပါသည်။
ခုခါမြတ်ဝယ်
ဘယ်နတ်စီမံ
ဘယ်ကံစီရင်
ပြင်ပါလိမ့်နည်း…..။ (၆)
လိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ လိမ့် ကို လေအံ့ ဟုခွဲ ၊ လေတွင် သဝေထိုး (ဧ)ကို ဣ ပြု (လိ)ဖြစ်၊ အံ့တွင် အသရကိုချေဖျက် ၊သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ လိကို မ့်သို့ ကပ် (လိ+မ့်) လိမ့်ဖြစ်၏။
နောက်တပုဒ်ကြည့်ပါဦးမည်။
ဤယခုဝယ်
သဗ္ဗညုဘုန်းခေါင်
ငါးမာရ်အောင်၏
ပြောင်ပြောင်ဝင်းဝါ
သာသနာကို
ဘယ်မှာနှစ်သိမ့်
တတ်နိုင်ချိမ့်အံ့……။(၅)
ချိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ချိမ့်ကို ချေအံ့ ဟုခွဲ ၊ ချေတွင် သဝေထိုး (ဧ)ကို ဣပြု  (ချိ)ဖြစ်၊ အံ့တွင် အသရကိုချေ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ ချိကို မ့်သို့ ကပ်၊ (ချိ+မ့်) ချိမ့် ဖြစ်၏။
ပျော်ပျော်စုဝေး
ယခုမေး၍
အရေးပစ်ခွါ
မလွှဲသာခဲ့
ခြင်းရာဟုတ်တိုင်း
မဆုတ်ဆိုင်းလျှင်
ပိုင်းပိုင်းပြတ်ပြတ်
မှတ်မှတ်သားသား
စကားမထောင့်
ရောင့်ရောင့်ရင်းရင်း
သားချင်းဟူသည်
အမှတ်ရည်၍
တမည်မကျန်
ကျွန်ုပ်ပြန်ပိမ့် ……။ (၁ဝ)
ကျွန်ုပြန်ပိမ့်“ ဟူသောပဒတွင် “ပိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ပိမ့် ကို ပေအံ့ဟုခွဲ ၊ ပေတွင် သဝေထိုး (ဧ)သရကို ဣပြု (ပိ)ဖြစ် ၊ အံ့တွင် အသရကိုချေ ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ ပိကို မ့် သို့ ကပ် (ပိ+မ့်) ပိမ့်ဖြစ်၏။
          “လိမ့် ၊ ချိမ့် ၊ ပိမ့်“ တို့ မှာ မူလအားဖြင့် “လေအံ့ ၊ ချေအံ့ ၊ ပေအံ့“ ဟူသော စကား ၂ လုံး ၊ အသံ ၂ သံထွက်သော စကားလုံးတို့ ဖြစ်ကြသည်။ ယင်းတို့ ကို စကား ၁ လုံး ၊ အသံ ၁ သံပြုလိုက အထက်ဖော်ပြပါနည်းများအတိုင်း မြန်မာရုပ်တွက်၊ ရုပ်ပြီးရကြောင်း တွေ့ ရပါသည်။
(ဤဆောင်းပါးအတွက် ဦးမောင်မောင်ကြီး(မဟာဝိဇ္ဇာ)၏ နေမိဘုံခန်းနိဒါန်း နှင့် ပညာအုပ်ဦးဖိုးစိန်၏ ဂမ္ဘီသာရပျို့ ဋီကာကို အားကိုးသမှုပြုပါသည်။)
အမရဒီပ
မတ်လ ၂၈၊ ၂ဝ၁၅
Wednesday, March 18, 2015
ဆင်ဆာဖြတ်ထားတဲ့သင်္ကန်းစာရင်း
ဆင်ဆာဖြတ်ထားတဲ့ သင်္ကန်းစာရင်း
          တွင်းသင်းမင်းကြီးက ရဟန်းအတွက် (က) ဖန်ရည်နီမြန်း ၊ ဝတ်သင်္ကန်း ဟု ကဗျာဖွဲ့ သည်။ ပြီးတော့ ရသေ့အတွက် (ခ) သစ်ခေါက်နီမြန်း ၊ လျှော်သင်္ကန်း ဟုဖွဲ့ ကြောင်းတင်ပြခဲ့သည်။ ရဟန်းက အဝတ်သင်္ကန်းဝတ်သည်။ ရသေ့က လျှော်တေသင်္ကန်းဝတ်ကြောင်း သတိပြုစရာဖြစ်ပါသည်။
          ဘာကြောင့် အဝတ်သင်္ကန်း နှင့် လျှော်သင်္ကန်းခွဲပြောသနည်းဟု စောကြောဖွယ်ရှိလာသည်။ ရဟန်းတော်များအနေဖြင့် သင်္ကန်းအဖြစ်မဝတ်သင့်သော အဝတ်အမျိုးအစားတွေကို ဝိနည်းကျမ်းစာ
များမှာ ပြဆိုထားကြသည်။
၁- သမန်းမြက်ဖြင့်ရက်အပ်သောအဝတ်
၂- လျှော်တေဖြင့်ရက်အပ်သောအဝတ်
၃- ပျဉ်ချပ်သဏ္ဌာန်ရှိသောအပြားအချပ်တို့ ဖြင့်စီအပ်သောအဝတ်
၎- ဆံပင် ၊  သားမြီးတို့ ဖြင့် ရက်အပ်သော ကမ္ဗလာ
၅- ခင်ပုပ်တောင်ဖြင့် ရက်အပ်သောအဝတ်
၆- အမွှေး-ခွါနှင့်တကွသော သမင်ရေ (သစ်နက်ရေ--ဟုလည်း ဆိုကြ၏။)
အထက်ဖော်ပြပါ အမျိုးအစားဝင်သင်္ကန်းကို ဝတ်ဆင်သူရဟန်းတော်သည် ထုလ္လစဉ်းအာပတ်သင့်၏။
          ထို့ ပြင် ဝတ်ဆင်လျှင် ဒုက္ကဋ်အာပတ်သင့်သော အဝတ်တွေလည်း ရှိသေးသည်။
၁- ငှက်ပျောလျှော်ဖြင့်ရက်အပ်သောအဝတ်
၂- ပြိတ်လျှော်မျှင်ဖြင့် ရက်အပ်သောအဝတ်
၃- မရိုးလျှော်ဖြင့်ရက်အပ်သောအဝတ်
၎- သင်ပန်းလျှော်ဖြင့် ရက်အပ်သောအဝတ်
၅- အလုံးစုံညို (ပြာ)သောအဝတ်
၆- အလုံးစုံမောင်းသောအဝတ်
၇-အလုံးစုံရွှေသောအဝတ်
၈-အလုံးစုံနီသောအဝတ်
၉-အလုံးစုံမည်းနက်သောအဝတ်
၁ဝ- ကင်းခြေများကျောကုန်းအဆင်းဆိုးရည်ဖြင့်ဆိုးသောအဝတ်
၁၁- သစ်ခွံသင်္ကန်း
၁၂- မဖြတ်အပ်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၃- ရှည်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၄- ပန်းပွင့်ပမာအမြိတ်အဆာရှိသောသင်္ကန်း
၁၅- အင်္ကျီသင်တိုင်း (အံသကိုက်)
ခြွင်းချက်အနေဖြင့် ရဟန်းတော်များ သင်္ကန်းအလုယက်ခံရ၊ အခိုးခံရပါက တားမြစ်ထားသော အဝတ်များကို ဝတ်နိုင်ကြောင်း ခွင့်ပြုထားပါသည်။
          အလောင်းတော်ရသေ့ဝတ်ဆင်သော “လျှော်တေသင်္ကန်း“ဟူသည် ဖြူဆံမြက်ကို အမျှင်အမျှင်
ဆုတ်၍ ဆက်စပ်ထုံးဖွဲ့ ကာ ဝတ်ရုံစရာပြုလုပ်ထားသော အဝတ်ဖြစ်သည်။ စကားတရပ်..။
အဋ္ဌသာလီနီဋ္ဌကထာအဆို)
ချုပ်တွဲချောမော ၊ ဖြူဆံကြောတိ
ကုန်းစောလည်းတိမ် ၊ ကျစ်ကာလိမ်သည်
မွေ့ သိမ်တေဆန်း ၊ လျှော်နားစွန်းကို
သင်္ကန်းသင်းပိုင် ၊ မှတ်၍ကိုင်ပြီး …….။ (ဆုတောင်းခန်း ၊ ၈၃။) မိန့် ဆိုချက်အရမူ ဖြူဆံမြက်ပင်တို့ ကို အမျှင်အမျှင်ရအောင်ဆုတ်ပြီး ဆက်စပ်ထုံးဖွဲ့ ရုံမျှဖြင့် ဝတ်ဆင်နိုင်သည့်အနေအထားသို့ မရောက်သေး
ဘဲ အသားအမျှင်တွေ ပျော့ပျောင်းချောမွေ့ သွားအောင် ထုတေပေးရသေးသည်။ ထို့ ကြောင့် “လျှော်
တေသင်္ကန်း“ ခေါ်ကြောင်း သိနိုင်ပေသည်။ စကားတရပ်။
          မြန်မာဘာသာပြန်“လျှော်တေသင်္ကန်း“ဟူသောဝေါဟာရကို ပါဠိစာပေတွင် “ဝါကစီရ ၊ ဝက္ကလ ၊ တိရီဋက“ ဟူသော ဝေါဟာရ ၃ မျိုးဖြင့် ခေါ်ဝေါ်လေသည်။ အဋ္ဌသာလိနီအဋ္ဌကထာအလို ဖြူဆံမြက်မှ ဖြစ်ပေါ်သောသင်္ကန်းဖြစ်သောကြောင့် “ဖြူဆံမြက်သင်္ကန်း“ဟု ဆိုသင့်ပါ၏။ သို့ သော် ရှေးဆရာများက “လျှော်တေသင်္ကန်း“ဟုသာ မြန်မာပြန်ကြသည်။ ဖြူဆံမြက်သင်္ကန်းဟု ဆိုသော်လည်း မြက်ကိုပြုလုပ်သည်ထက် သစ်ပင်လျှော်တို့ ဖြင့်ပြုလုပ်သည်ကများသော်ကြောင့် ဖြူဆံမြက်သင်္ကန်းဟု မထင်ရှား၊ လျှော်တေသင်္ကန်းဟုသာ ထင်ရှားပါတော့သည်။
          ဝက္ကလ နှင့် တိရီဋက မှာ သစ်ခွံမှရသောလျှော်ဖြင့်လုပ်သောသင်္ကန်းကို ဟောသည်။ သစ်ပင်တွင် ပြင်ပအခွံမာပြီးနောက် အခွံပါးရှိသည်။ ယင်းအခွံပါးမှာ လျှော်(Plant fibre or fiber)
 ဖြစ်သည်။ထိုလျှော်များကိုစနစ်တကျခွါယူ၊ချုပ်စပ်၊ နူးညံ့အောင်ထုတေထားသောကြောင့် လျှော်တေသင်္ကန်းဟု
 ခေါ်သည်။ (မဟာဗုဒ္ဓဝင် ၁၊ ၁၊ ဂါ-ဂိ)
          ပါဠိ-အင်္ဂလိပ်အဘိဓာန်တွင်မူ ဝါကစီရ၊ ဝက္ကလ၊ တိရီဋက တို့ အတွက် သစ်ပင်၏သစ်ခေါက်ဟု
သာမညဆိုပါသည်။ ထွေထွေထူးထူးမဆိုပါချေ။ 
အမရဒီပ
မတ်လ ၁၈၊ ၂ဝ၁၅