Total Pageviews
Wednesday, February 29, 2012
ဘုရားနည်းဟောပါ
နောက်ပြီး ရိပ်သာတွေကလည်း ဘယ်ဆရာတော်နည်း--တဲ့။ ဘုရားနည်းကိုမရှိဘူး။
 အဲဒီတော့ ဘယ့်နဲ့ဟာတုန်း။ တပည့်တော်တရားဟောသွားတော့ ဒကာမကြီးတယောက်က မေးတယ်။ 
ဘုန်းကြီးဘုရား--တဲ့။ ဘယ်နည်း--ဘယ်နည်းနဲ့  ဘာလို့ ဒီလိုဖြစ်နေတာလဲ။ တပည့်တော်မပြောခဲ့ဘူး။
 ရှင်းခဲ့ပါတယ်။ ဒါတွေဟာ သတိထားရမယ့်အချက်တွေပါ။
 ဘုရားနည်းဟောပါ။ ဘုရားနည်းဟောရင် မမှားဘူး။ ကိုယ့်ဟာကိုယ်ထွင်ဟောရင်တော့ မှားမယ်ပေါ့။  
(အရှင်မာနိတသိရီဘိဝံသ၊ မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်)
(မှော်ဘီမြို့ ၊ မင်္ဂလာတိုက်အတွင်းကျင်းပပြုလုပ်သော သံဃာပူဇော်ပွဲ၌ ဆရာတော်ကြီးများမိန့် ကြားတော်မူသည့်
သြဝါဒကထာစာအုပ်-မှ)
ဘယ်သူ့ နည်းလဲ
မြန်မာပြည်သည် ဝိပဿနာတရားထွန်းကားသောနေရာဖြစ်၏။ ဝိပဿနာတရားအားထုတ်နည်းစုံသောနေရာ
လည်းဖြစ်၏။ "ဝိပဿနာရှုနည်းပေါင်းချုပ်"စာအုပ်များပင်ထုတ်ဝေထားရသည်။ အတွေးအသိနုသူတချို့ ကလည်း
ဟိုဆရာတော်နည်း၊ ဒီဆရာတော်နည်းပြောကာ အစွဲအလမ်းကြီးနေကြသည်။ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်
က သူ၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်းပြကျမ်းစာတွင် မှတ်သားဖွယ်စကားတရပ်ကို မှာတမ်းရေးတော်မူ၏။
ဓမ္မဂုတ်။             ဝိပဿနာဘာဝနာကိုတော့ မလေ့လာဘူး၊ မဟောဘူးလား။
တပည့်တော်။       ။ ဟောရုံတွင်ဘယ်ကလဲ၊ (ကျောင်းတိုက်တွင်းရှိ) ဥယျာဉ်ထဲမှာနေတဲ့ စာချ
                        ဘုန်းကြီးများက ခေါင်းဆောင်ပြီး ဝိပဿနာဘာဝနာအလုပ်ကို အများအား
                        ထုတ်အောင် ကြိုးစားကြပါတယ်။
ဓမ္မဂုတ်။              ။ နည်းကတော့ဘယ်သူ့ နည်းတုန်း။
တပည့်တော်။       ။ အရှင်ဘုရားမေးပုံကတရားဝေးလိုက်တာဘုရား၊ ဘုရားသာသနာတော်နေပြီး
                        ဘယ်သူ့ နည်းကိုယူရဦးမှာတုန်း၊ ဘုရားနည်းပေါ့၊ ယခုလောလောဆယ်မှာပင်
                        ဝိပဿနာတရားစာကို ပို့ ချခိုက်ဖြစ်နေပါတယ်။
                        (တဘဝသံသရာ-၃၃၄-၃၃၅)
Tuesday, February 28, 2012
ပဲခူးနယ်က တက်ဘုန်းကြီးများ
(ဖေဖော်ဝါရီ၊ ၂၈၊ ၂ဝ၁၂ RFA ညပိုင်းသတင်းတပုဒ်ကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်)
ပဲခူးတိုင်းမှာ ဗုဒ္ဓဘာသာ သာသနာညှိုးနွမ်းမှုကနေ ကာကွယ်တဲ့အနေနဲ့ လူမှုရေးကျူးလွန်ဖောက်ပြန်
နေကြတဲ့ ရဟန်းတုရဟန်းယောင်တွေနဲ့ပတ်သက်ပြီး တိုင်ကြားကြဖို့  အကူအညီပေးနိုင်ကြောင်း
အသိပေးနှိုးဆော်တဲ့ လှုပ်ရှားမှုတခုကို သာသနာ့ရောင်စဉ်လူမှုရေးအသင်းအဖွဲ့ က ပဲခူးမြို့ ပေါ်မှာ
 စာဖြန့် ဝေတဲ့လှုပ်ရှားမှုတရပ်ကို ဒီနေ့ ကျင်းပခဲ့ပါတယ်။    လူစည်ကားတဲ့နေရာတွေမှာ 
သာသနာ့ရောင်စဉ်အဖွဲ့ က လက်ကမ်းစာစောင်တွေ ဖြန့် ဝေခဲ့တာပါ။ အခုလို လှုပ်ရှားမှုဖြစ်ပေါ်လာရခြင်းနဲ့ 
ပတ်သက်လို့  သာသနာ့ရောင်စဉ်လူမှုရေးအဖွဲ့ က ကိုကြည်လင်းက ပြောပါတယ်။
"ပဲခူးမြို့ ၊ပြင်စည်မှာဆိုလို့ ရှိရင်ကြက်သားရောင်းနေတဲ့ကောင်မလေးကို သူ အဲဒီကြက်သားဆိုင်ကို
ဝင်ရောက်ဖျက်ဆီးပြီးတော့ လက်သီးနဲ့ ထိုးသွားတယ်။ အဲဒီကိစ္စမှာ ဒီဘုန်းကြီးက တရားရုံးရှေ့ ကို 
မရောက်သေးတဲ့အပြင်ကို ကျနော်တို့ကို ဒီဘုန်းကြီးက မဟုတ်ကဟုတ်ကတိုင်တာ ၂ ခါရှိလို့ ကျနော်တို့ 
 တရားရုံးမှာ ရှင်းနေရပါတယ်။ ----ငပြာကုန်းကျေးရွာမှာ ဆိုလို့ ရှိရင် အရွယ်မရောက်သေးတဲ့ ကောင်မလေးရဲ့
 ခြင်ထောင်ထဲကို ဝင်တဲ့ကိစ္စ--၊ အဲဒီကိစ္စကလည်း ဘုန်းကြီးကတရားရုံးကိုမရောက်ဘဲနဲ့ ခပ်ရိုင်းရိုင်းလူတွေနဲ့ 
ရွာသားတွေနဲ့ ပေါ့လေ--သူတို့ တွေကို သာသနာကိုညှိုးနွမ်းအောင်လုပ်ပါတယ်ဆိုပြီးတော့ ပြန်တိုင်တယ်။
 ကျောက်တံခါးဘက်မှာကျတော့ လင်ရှိမယားနဲ့ ဖောက်ပြန်တဲ့ ဘုန်းကြီးတပါး --ကျန်တဲ့ဟိုဖက်က
လူတွေကို မဟုတ်ကဟုတ်ကပြန်တိုင်တာ ရှင်းနေရတာ ၃ -၄ ခါလောက်ရှိသွားပြီ--။သူတို့ နဲ့ပတ်သက်ပြီး
 ဗွီဒီယိုရိုက်ပြီး အင်တာဗျူးလုပ်ထားတာလည်း ရှိပါတယ်ခင်ဗျား---။ "
(ကိုကြည်လင်းအသံ)
ပဲခူးတိုင်းမှာ ရဟန်းတုရဟန်းယောင်တွေ ကျူးလွန်ဖောက်ဖျက်နေတဲ့အမှုတွေများလာနေတယ်လို့ပြော
ပါတယ်။ နေရာအနှံ့ မှာ အခုလိုဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားမှတ်တမ်းတွေ 
စုစည်းထားတယ်လို့ လည်း သိရပါတယ်။
"အရှင်ဂမ္ဘီရတို့ ၊  ရွှေညဝါဆရာတော်တို့ လို ပုဂ္ဂိုလ်တွေကျတော့ သူတို့ က အတိအကျ
 အရေးယူပြီးတော့ ဒီလို မျိုးအများပြည်သူကို ဒုက္ခပေးတဲ့ ရဟန်းတော်တွေကိုကျတော့ 
တရားဥပဒေချိုးဖောက်တဲ့ရဟန်းတွေဖြစ်ရဲ့သားနဲ့ သူတို့ က အရေးမယူဘဲနဲ့  သူတို့က 
လျစ်လျူရှုထားခဲ့တယ်။ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုသိနေတဲ့ ဒီအလဇ္ဖီရဟန်းတွေဟာ
 ဒီအခွင့်အရေးကိုအသုံးချပြီးတော့ သူတို့ က ဒီရာဇဝတ်မှုတွေကို   ရဲရဲတင်းတင်းကြီး ဖောက်ဖျက်
ကျူးလွန်နေကြတယ်။  နောက်တခု သူတို့ ဆိုးတာက သူတို့ က ဒီအပြစ်တွေကိုကျူးလွန်ပြီးလို့ ရှိရင်
 သူတို့ က ဦးအောင်ပြန်ပြီးတော့ အာဏာပိုင်တွေကို တိုင်တယ်။ တိုင်တဲ့အခါကျတော့ ဒီအာဏာပိုင်အဖွဲ့ 
အစည်းတွေက ဒီဘုန်းကြီးတွေတိုင်တဲ့ကိစ္စကိုကျတော့ ပြည်သူတွေကိုချက်ချင်းအရေးယူ
ပြီးတော့ ချက်ချင်းခေါ်မေးတယ်။ မမှန်မကန်တိုင်ကြားတဲ့ကိစ္စတွေကို အဲဒီလို ခေါ်မေးတယ်။ သက်ဆိုင်သံဃာ့နာယကအဖွဲ့ အစည်းတွေက ဒီရဟန်းတော်တွေကို ကာကွယ်ပေးထားတာ ကျနော်တို့မှာ
အများကြီးကြုံတယ်။ သက်သေအထောက်အထားတွေလည်း ရှိတယ်။  "
(ကိုကြည်လင်းအသံ)
လူမှုရေးကျူးလွန်ဖောက်ပြန်နေတဲ့ရဟန်း တုရဟန်းယောင်တွေကို အာဏာစက် ဓမ္မစက်အရ အရေးယူ
ဆောင်ရွက်ခြင်းမရှိတဲ့အကြောင်း အကြောင်းကြားတိုင်ကြားစာကို သမ္မတနဲ့ အစိုးထံကို ပို့ ထားတယ်လို့
လည်း သိရပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေက ဒီကနေ့ လှုပ်ရှားမှုကို ဟန့် တားနှောင့်ယှက်မှု
မရှိဘူးလို့ ပြောပါတယ်ရှင်----။
လေလှိုင်းပေါ်က စကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ----အမရဒီပ
၂-၂၈-၂ဝ၁၂
Monday, February 27, 2012
နိုင်ငံရေး နှင့် ရဟန်းသံဃာ မေး-အရှင်ရာဇိန္ဒာလင်္ကာရ၊ ဖြေ-ဒေါ်အောင်ဆန်းစုကြည်
ဖော်ပြထားတဲ့မေးခွန်း နှင့်အဖြေကတော့ လွတ်လပ်တဲ့အာရှအသံ RFA ၏ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် 
အစီအစဉ်မှာ ဇန်နဝါရီ ၂၈၊ ၂ဝ၁၁ တွင်ထုတ်လွှင့်သွားသော အမေးအဖြေမှ ကောက်နုတ်ချက်ဖြစ်ပါတယ်။
နိဒါန်း
"ကိုဉာဏ်ဝင်းအောင်ရေ--၊ ဒီအပတ်တင်ဆက်တဲ့အစီအစဉ်မှာ ပါဝင်တဲ့မေးခွန်းရှင်တွေအကြောင်း
နည်းနည်းလောက်ပြောပါဦးဗျာ"
"ဟုတ်ကဲ့--၊ သီရိလင်္ကာနိုင်ငံက အရှင်ရာဇိန္ဒလင်္ကာရ၊ စင်္ကာပူက ဦးတင်မောင်ဝင်း၊ ကနေဒါနိုင်ငံက 
ရဲရင့်ငယ် နဲ့ -----------တို့ ရဲ့မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဖြေကြားမှာပါ --ဦးခင်မောင်စိုး--ရေ"
"ဟုတ်ကဲ့ ၊ အရှင်ရာဇိန္ဒာလင်္ကာရက နိုင်ငံရေးနဲ့ သံဃာတွေရဲ့ အခန်းကဏ္ဍအပေါ်မေးမြန်းချက်ကို အခု
နားဆင်ကြရအောင်လားခင်ဗျား"
မေးခွန်း။             ။ "ဟလို--ဒကာမကြီး၊ မင်္ဂလာပါ။ ဦးဇင်းက သီရိလင်္ကာရောက် မြန်မာကျောင်းသား
ရဟန်းတော်များအဖွဲ့ MSMA မှ ဦးဇင်းတပါးဖြစ်ပါတယ်။ အခု ဦးဇင်း ဒကာမကြီးကို မေးချင်တဲ့ မေးခွန်းကတော့
 အခု အစိုးရလက်ထက်မှာ ရဟန်းသံဃာတော်တွေအနေနဲ့ နိုင်ငံရေးတွေမှာ မပါဝင်သင့်ဘူးလို့  ပြောလည်းပြော
နေတယ်။  ချုပ်လဲချုပ်ချယ်တယ်၊ ထောင်ချ အကျဉ်းချတာတွေလည်းရှိနေပါတယ်။ အဲဒီတော့ ဦးဇင်းတို့ လို 
ရဟန်းသံဃာတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ဒကာမကြီးအနေနဲ့ မြင်ပါသလား။
အဲ---နောက်တခုက ကမ္ဘာ့ဘယ်နေရာကပဲဖြစ်ဖြစ်  ဘယ်ဘာသာဝင်--ဘယ်ဘာသာတရားတိုင်းပဲဖြစ်ဖြစ်
လွတ်လွတ်လပ်လပ်နဲ့ သာသနာပြုစေချင်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ ဘယ်ဘာသာတရားမှ ဘာသာရေး
လွတ်လပ်ခွင့်မရှိဘူးလို့ ဦးဇင်းအနေနဲ့  ထင်ပါတယ်။
 အဲဒီအပေါ်မှာကော ဒကာမကြီးအနေနဲ့  ဘယ်လိုသုံးသပ်မိပါသလဲ။"
" ကဲ---ဦးခင်မောင်စိုးရေ--အရှင်ရာဇိန္ဒာလင်္ကာရကတော့ အဲဒီလို မေးခွန်းထုတ်ခဲ့တာပေါ့ခင်ဗျား--။"
"ဟုတ်ကဲ့--ကိုဉာဏ်ဝင်းအောင်ရေ--ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ကြွချီမှုကြောင့် ထောင်ဒဏ်
ချမှတ်ခံရပြီး  ပြန်လွတ်လာတဲ့ကိုယ်တော်တွေ သီတင်းသုံးနေထိုင်စရာကျောင်းမရှိတဲ့သတင်း အခုတလော
ကြားနေရချိန်မှာ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုဖြေဆိုလျှောက်ထားသလဲ
 ဆိုတာ စိတ်ဝင်စားစရာပါပဲခင်ဗျား"
"ဟုတ်ကဲ့--ဦးခင်မောင်စိုးရေ--အခုဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ကျနော်တို့  နားဆင်ရအောင်လားခင်ဗျား"
"ဟုတ်ကဲ့"
အဖြေ။               ။  "နိုင်ငံရေး"ဆိုတာကို အဓိပ္ပါယ်ဖော်တာတွေကတော့ အမျိုးမျိုးပါပဲဘုရား။ တပည့်တော်မတို့ 
ကတော့ "နိုင်ငံရေး"ဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့အရေးလို့ သဘောထားပါတယ်။
ဒါကြောင့် မို့ လို့ နိုင်ငံကောင်းဖို့ အတွက်၊တိုင်းသူပြည်သားတွေကောင်းဖို့ အတွက် ရဟန်းသံဃာတွေလုပ်ဆောင်
တာကို အပြစ်မြင်စရာမရှိဘူးလို့ ယုံကြည်ပါတယ်ဘုရား---။
လွတ်လွတ်လပ်လပ်နဲ့ သာသနာပြုတယ်ဆိုတာကတော့ သာသနာ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့်ဖြစ်ရပါမယ်--
ဘုရား။တပည့်တော်မတို့ နိုင်ငံမှာတော့ လူ့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝမရသရွှေ့ သာသနာ့ဝန်ထမ်းတွေလည်း
 သာသနာရေးကို လွတ်လွတ်လပ်လွတ်လုပ်ပိုင်ခွင့်ရမယ်လို့ မထင်ပါဘူးဘုရား။
 လေလှိုင်းပေါ်က စကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ----အမရဒီပ
၂-၂၇-၂ဝ၁၂
Saturday, February 25, 2012
မေး-ပန်းချီထိန်လင်း၊ ဖြေ-ဒေါ်အောင်ဆန်းစုကြည်
မှတ်မှတ်ရရ---၊ ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၁ စနေနေ့ ၊ ည ၉ နာရီ မှ ၁ဝ နာရီအထိ ဗွီအိုအေမြန်မာပိုင်း
 အစီအစဉ်အသံထုတ်လွှင့်ချက်တွင် ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်အမေးအဖြေများတွင်
 ဖော်ပြပါ မေးခွန်းနှင့် အဖြေကို  အသေအချာနားထောင်လိုက်ရသည်။ မှတ်တမ်းလည်း ပြုထားလိုက်သည်။  
( နေ့ စဉ်မှတ်တမ်းမှ)
မေးခွန်း။             ။ အန်တီစုခင်ဗျား၊ နေအိမ်မှာအကျယ်ချုပ်နေနေရတဲ့အတွက် ၀ိပဿနာတရားအားထုတ်ဖြစ်
တယ်လို့ ဖြေတာကြားရပါတယ်။ အဲသည်တော့ ကျနော်အကြမ်းဖျင်းသိထားသလောက် ၀ိပဿနာတရားအား
ထုတ်တယ်ဆိုတာ တရားပြပုဂ္ဂိုလ်ကလဲ အရေးကြီးသလို ရှုမှတ်တဲ့နည်းကလဲ အရေးကြီးတယ်လို့ သိရပါတယ်။
အိမ်မှာ ဘယ်သူနဲ့မှလဲ တွေ့ခွင့်မရတဲ့အချိန်အတွင်းမှာ ဘယ်ဆရာတော်ကို ဆရာတင်ပြီးတော့ ဘယ်လိုပုံစံနဲ့ ဘယ်ရှုမှတ်နည်းနဲ့အားထုတ်ခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။
            နောက်--------  လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ရွှေတောင်ကုန်းရိပ်သာမှာ အန်တီစုအနေနဲ့
သီရိဓမ္မာသောကမင်းကြီးရဲ့ "ဓမ္မနဲ့နိုင်ငံတည်ဆောက်ခြင်း" ဟောပြောသွားတာကျနော် နားထောင်ဖူးပါတယ်။ 
            ပါလီမန်ဒီမိုကရေစီခေတ်ကလဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်မယ်ဘာညာ--ဒါမျိုးတွေလဲ အရင်တုန်းကလုပ်ခဲ့ဖူးတာတွေလဲ ရှိတော့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတာနဲ့ ဓမ္မနဲ့အညီ နိုင်ငံကို
တည်ဆောက်တယ်ဆိုတာဟာ ဘာကွာခြားပါသလဲ။
            ဓမ္မနဲ့အညီ နိုင်ငံကိုတည်ဆောက်ခြင်းအားဖြင့် တိုင်းသူပြည်သူလူထုမှာဘယ်လိုအကျိုးကျေးဇူးတွေ
 ရရှိနိုင်ပါသလဲဆိုတာ ကျနော့်ကို ဖြေကြားပေးပါခင်ဗျား။
(မေးခွန်းရှင်- ပန်းချီ ထိန်လင်း၊ အင်္ဂလန်)
အဖြေ။               ။ တရားအားထုတ်တယ်ဆိုတာကတော့ အသိတရားနဲ့ သီလ၊ သမာဓိတိုးပွားဖို့ ကြိုးပမ်းမှုတွေ
ဖြစ်တာကြောင့်မို့လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို တတ်နိုင်သမျှ ကျင့်ကြံရမယ်လို့ အန်တီ နားလည်ပါတယ်။
            ဘယ်ဆရာတော်ကို ဆရာတင်ပြီး ဘယ်နည်းနဲ့ရှုမှတ်တယ်ဆိုတာကတော့ ကာယကံရှင်နဲ့သာ ဆိုင်တဲ့
ကိစ္စဖြစ်ပါတယ်။
            နိုင်ငံရေးအမြင်နဲ့ဖြေရမယ်ဆိုလို့ရှိရင် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတယ်ဆိုတာက
အမှန်တကယ် ဘာသာရေးကို ယုံကြည်ကိုင်းရှိုင်းလို့မဟုတ်ဘဲ နိုင်ငံရေးအကျိုးအမြတ်အတွက်သာ ဗန်းပြပြီး
 လုပ်ဆောင်တာတွေ ဖြစ်ပြီးတော့ ဓမ္မနဲ့အညီ နိုင်ငံကို တည်ဆောက်တယ် ဆိုတာကတော့ အမှန်တရားဆိုတဲ့
ဓမ္မနဲ့အညီ အုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်တယ်လို့ ပြောရမှာပါပဲ။
            အမှန်တရားနဲ့ကိုက်ညီတဲ့ အုပ်ချုပ်ရေးဟာ တိုင်းသူပြည်သားတွေကိုဘယ်လိုအကျိုးပြုတယ်ဆိုတာ
ကတော့ ထူးထူးထွေထွေ ရှင်းပြဖို့လိုမယ်မထင်ပါဘူး။
            ဘာသာရေးရှုထောင့်က သိချင်တယ်ဆိုလို့ရှိရင်တော့ ပညာရှင်ဆရာတော်ကြီးများကိုသာ လျှောက်ထား
မေးမြန်းသင့်ပါတယ်။
(ဖြေဆိုသူ- ဒေါ်အောင်ဆန်းစုကြည်)
လေလှိုင်းပေါ်ကစကားလုံးတွေကို စာလုံးအဖြစ်မှတ်တမ်းပြုသူ ----အမရဒီပ
၂-၂၅-၂ဝ၁၂
ဒီလိုဖြစ်မှရှက်စရာ
အမှားလုပ်မိခြင်းသည် ရှက်စရာမဟုတ်-------။
အမှားကိုဝန်မခံခြင်း၊ အမှားကိုမစွန့် ခြင်း၊ မမှန်သောအကြောင်းပြချက်များဖြင့် အငြင်းပွားနေခြင်းတို့ သည်သာ ရှက်စရာအလုပ်များဖြစ်သည်။ 
(ဓမၼနီတိဝါဒဝိနိစ ၦယ၊ ၃၃)
Friday, February 24, 2012
ဗုဒ္ဓဘာသာလေ့လာသူများအတွက် စာအုပ်မိတ်ဆက်
စာအုပ်အမည်                   ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)
ရေးသားသူ                      သာသနာရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်များ
ထုတ်ဝေသူ                      ဦးဝင်းနိုင်၊ ညွှန်ကြားရေးမှုး။သာသနာရေးဦးစီးဌာန
ပုံနှိပ်တိုက်                       ကမ္ဘာအေးစာပုံနှိပ်တိုက်၊ သာသနာရေးဦးစီးဌာန၊သာသနာရေးဝန်ကြီးဌာန၊
                                    ကမ္ဘာအေးကုန်းမြေ၊ရန်ကုန်မြို့ ။
စာမျက်နှာပေါင်း                ၅၃ဝ
တန်ဖိုး                            ဖော်ပြမထားပါ
ဓမ္မမိတ်ဆွေ ဦးထွန်းအောင်ရဲ့မေတ္တာစေတနာကြောင့် ဒီစာအုပ်အကြောင်းကို အခုလိုစာတတန်၊ပေတတန်
 ရေးဖြစ်တာမို့ သူ့ ကို မမေ့မလျော့ ကျေးဇူးတင်ပြီးရင်းတင်ဖြစ်နေရပါတယ်။ အခုစာအုပ်ကိုလည်း သူပဲ
ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)စာအုပ်ကို သာသနာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်များဖြစ်တဲ့ 
ဦးကျော်ထွတ်၊ ဦးစဝ်ထွန်းမှတ်ဝင်း၊ ဦးအေးနိုင်၊ ဦးထွန်းလှိုင်၊ ဦးရွှေအောင်၊ဦးသောင်းလွင်၊ ဦးဌေးလှိုင်နဲ့ 
ဒေါက်တာမင်းတင်မွန်တို့ က စုပေါင်းပြုစုပါတယ်။  သာသနာရေးဦးစီးဌာန နဲ့  သာသနာတော်ထွန်းကားပြန့် ပွား
ရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ်များ၊ ကျမ်းပြုစာတည်းများ၊ ရုံးလုပ်ငန်းဆိုင်ရာအရာရှိများက အကူအညီပေးခဲ့
ကြတယ်လို့  စာအုပ်နိဒါန်းမှာ တွေ့ ရတယ်။
စာအုပ်ကို အခန်းပေါင်း ၁၁ ခန်းနဲ့ ဖွဲ့ စည်းထားတယ်။ အခန်း (၁) မှာ ပါဠိဖတ်နည်း၊ ပါဌ်ဆင့်ဖတ်နည်းကို 
စနစ်တကျဖြစ်အောင် ရှင်းပြတယ်။ ပါဠိစာလုံးတွေမြင်တိုင်း "အထပ်တွေများလွန်းလို့ ခေါင်းမူးတယ်"အော်တတ်
တဲ့ အမရဒီပမိတ်ဆွေ အဘို့  နဲ့  ဒေါ်လေးလေးမြင့်၊ ဦးမြင့်သိန်းတို့ လို "ပါဠိဆိုကြောက်ကြောက်"ဖြစ်နေသူများ အတွက် ဆေးနည်းကောင်းတလက်ဖြစ်တယ်။ စိတ်ရှည်ရှည်ဇွဲကောင်းကောင်းနဲ့ လေ့လာရင် ပါဠိကို မှန်မှန်
ကန်ကန် ရေးနိုင်ဖတ်နိုင်သွားမယ်။ မြန်မာအသံထွက်နဲ့ စာလုံးပေါင်းပြတဲ့ ပရိတ်ကြီးစာအုပ်တကူးတက
ရှာဝယ်ရတဲ့ဒုက္ခကင်းဝေးမယ်။
အခန်း(၂)  မှာ ဘုရားဖြစ်ရန်ကျင့်စဉ်များဖြစ်တဲ့  ပါရမီ ၁ဝ ပါး၊ စွန့် ခြင်းကြီး ၅ ပါး၊စရိယ ၃ ပါး အစ ဘုရားရှင်ရဲ့
ဉာဏ်တော်တွေ၊ လက္ခဏာတော်ကြီးတွေ၊ အောင်ခြင်း (၈) တို့ ကို အသေးစိတ်ဖော်ပြထားတယ်။
အခန်း (၃) မှာ ဂုဏ်တော်များအကြောင်းရေးပါတယ်။ ဘုရား၊တရား၊သံဃာရဲ့ဂုဏ်တော် ပါဠိ နဲ့အနက်၊ 
သရဏဂုံ နှင့် ဥပါသကာအကြောင်း၊ကိုးကွယ်မှုအမျိုးမျိုး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း၊ ဘာသာကူးပြောင်းရာ၌
သတိပြုဖွယ်၊ အသုဘ၌ သရဏဂုံတင်ခြင်းစတဲ့အကြောင်းတွေကို ရှင်းပြတယ်။
အခန်း (၄) မှာ ကံနှင့် ကံအမျိုးအစားများ၊ ကံ၏အကျိုးတရား၊ ၃၁ ဘုံအကြောင်း၊ စုတိပဋိသန္ဓေအကြောင်း၊ 
ထာဝရဝိညာဉ်နှင့် တမလွန်ဘဝအကြောင်းတို့ ကို ရှင်းပြပါတယ်။
အခန်း (၅) မှာ ဒါနအကြောင်း၊ စေတနာ ၃ တန်နဲ့ ဒါနရဲ့လက္ခဏာ၊ အကျိုးကြီးတဲ့ဒါနနဲ့  အကျိုးနည်းတဲ့ဒါန၊ 
ဆွမ်း ပန်း  ရေချမ်း ဆီမီးကပ်လှုပုံနှင့်ဆုတောင်းများ၊ ဒါနအကျိုးပြဝတ္ထုများကို ရေးပြတယ်။
အခန်း (၆) မှာ သီလအကြောင်းရေးတယ်။ ၅ ပါး၊ ၈ ပါး၊ ၁ဝ ပါး သီလဆောက်တည်ပုံ၊ သိသင့်သိထိုက်တဲ့ 
ကွဲပြားခြားနားမှုများ၊ မှတ်သားဖွယ်များ၊ အကျိုးကြီးအောင်ဥပုသ်စောင့်နည်းများကို တိုတိုရှင်းရှင်းရေးပြတယ်။
အခန်း(၇) ကတော့ ဘာဝနာအကြောင်း ပြောပြထားတယ်။ ကမ္မဋ္ဌာန်း ၄ဝ သရုပ်နဲ့ အဓိပ္ပါယ်အကျဉ်း၊
 စတုအာရက္ခကမ္မဋ္ဌာန်း ခေါ် အစောင့်အရှောက်တရား ၄ ပါး နှင့် အဲသည်ကမ္မဋ္ဌာန်း၎ ပါး
လုပ်နည်းကားအကြောင်းကို ခြုံငုံမိအောင်မကျဉ်းမကျယ်ရေးသားပြတယ်။
အခန်း (၈) မှာအဘိဓမ္မာတရားတော်နဲ့မိတ်ဆက်ပေးထားတယ်။ ပရမတ္ထတရား ၄ ပါး၊ ရုပ်အမျိုးမျိုးဖြစ်ပုံ၊
 ခန္ဓာ ၅ ပါး၊ အာယတန ၁၂ ပါး၊  ဓာတ် ၁၈ ပါး၊ သစ္စာ ၄ ပါး၊ မဂ္ဂင် ၈ ပါး၊ မဂ္ဂင် ၈ ပါးကနေ 
သီလ သမာဓိ ပညာလို့  ၃ မျိုးဖြစ်ပုံအကြောင်း၊ အာသဝ၊ သြဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ 
အနုသယ၊ သံယောဇဉ်၊ ကိလေသာ၊ ၁၅ဝဝ ကိလေသာအကြောင်း ၊ဈာနင်၊ မဂ္ဂင် ၁၂ ပါး၊ 
ဣနြေ္ဒ ၂၂ ပါး၊ ဗိုလ် ၉ ပါး၊ အဓိပတိ ၄ ပါး၊ အာဟာရ ၄ ပါး၊ သြဠာရိကရုပ် သုခုမရုပ်စတဲ့ ရုပ်အမျိုးအစားများ၊
 ဗောဓိပက္ခိယ ၃၇ ပါးအကြောင်းအသေးစိတ်သရုပ်များကို ရှင်းပြထားတယ်။  
ရဟန်းတော်တွေဝိပဿနာတရားဟောရင် ပါလေ့ပါထရှိတဲ့ ပါဠိစကားလုံးတွေဖြစ်တာမို့  ကြိုတင်လေ့လာ
ထားရင် အဘိဓမ္မာအခြေခံလည်းရ၊ တရားကိုလည်း သေသေချာချာနားလည်မှတ်မိနိုင်ပါလိမ့်မယ်။
အခန်း(၉) မှာ တန်ခိုးထက်မြက်သည့်နုတ်ငုံဆောင်ဂါထာတော်များကို ဖော်ပြထားတယ်။ အလွတ်မကျက်မှတ်နိုင်
သေးရင် စာအုပ်ဖွင့်ဖတ်၊ဖတ်ပါများရင် မှတ်မိသွားပါတယ်။ စိတ်ရှည်ရှည်နဲ့  ကြိုးစားရင် မကြာခင် နုတ်ငုံဆောင်
ဂါထာ (တကယ်)ဖြစ်လာမှာပါ။
အခန်း(၁ဝ) ကတော့ ဗုဒ္ဓသာသနာသမိုင်းအကြောင်းဖြစ်တယ်။ "ပိဋကတ်နိကာယ်သိမှတ်ဖွယ်"ဆိုတဲ့
 ခေါင်းစဉ်ငယ်အောက်မှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဆိုတဲ့ သာသနာ ၃ ပါးရှိပုံအကြောင်းနဲ့ စကားစတယ်။
 သာသနာ ၃ ပါးကိုအဓိပ္ပါယ်ရှင်းပြတယ်။ သာသနာ ၃ ပါးထဲက ပရိယတ္တိ ဆိုတာ ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကလို့ ပိဋကအားဖြင့် ၃ ပါးရှိတယ်။ ပိဋက ၃ ပုံဟာ နိကာယ်အားဖြင့် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ 
သံယုတ္တနိကာယ်၊ အဂုင်္တ္တရနိကာယ်၊ ခုဒ္ဒကနိကာယ် လို့  ၅ ရှိတယ်။ ပိဋကနဲ့ နိကာယ်ဆိုတဲ့အမည်တွေဟာ ပထမသံဂါယနာတင်စဉ်က ပေးထားတဲ့အမည်တွေ ဖြစ်တယ်။ ပိဋက ၃ ပုံက တခြား၊၊ နိကာယ် ၅ ခုကတခြား
မဟုတ်ကြဘူး။ ဘုရားစကားတော်တွေကို အုပ်စု ၃ မျိုးခွဲခြားခြင်း၊ အုပ်စု ၅ မျိုးခွဲခြားခြင်းမျှသာ ဖြစ်တယ်။
 အမည် ၂ မျိုးရှိတဲ့လူတယောက်လို သဘောထားကြည့်ပါလေ။အခုခေတ်မှာ ပိဋကတ်နဲ့ နိကာယ်မတူဘူး
ပြောသူတွေရဲ့စကားမှားသလား၊ မှန်သလားသိချင်ရင် အခန်း (၁ဝ) ကိုသာဖတ်ကြည့်ပေါ့။
အဖြေရပါလိမ့်မယ်။
ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ်ဟာ ဆဋ္ဌသံဂါယနာမူစာအုပ်အရေအတွက်အားဖြင့် အုပ်ရေ-၄ဝ ရှိပြီး 
စာမျက်နှာအားဖြင့် ၁၆၅၂၈ ရှိတယ်။
ပထမသံဂါယနာ၊ ဒုတိယသံဂါယနာ၊ တတိယသံဂါယနာ၊ စတုတ္ထသံဂါယနာ၊ ပဉ္စမသံဂါယနာ၊ ဆဋ္ဌသံဂါယနာ
အကြောင်းတွေကို စိတ်ဝင်စားစဖွယ်ပြောပြထားတယ်။ လက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့ဒေသတဝိုက်ကို ဗုဒ္ဓသာသနာ
 ရောက်ရှိပုံ၊ ဘုရားမပွင့်မီကာလလက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့ဒေသတဝိုက်အခြေအနေများ၊ မဇ္ဈိမဒေသ
သာသနာရေးအခြေအနေများ၊ ဂိုဏ်းကွဲများပေါ်ပုံ၊ ၉ တိုင်း ၉ ဌာနသာသနာပြုစီမံကိန်းအကြောင်းတွေစသည်ကို
 ချောမွေ့ တဲ့မြန်မာစကားပြေအရေးအသားနဲ့ ရေးသားထားတယ်။
သမိုင်းရှုထောင့်၊ ပထဝီရှုထောင့်ကနေ အငြင်းပွားဖွယ်၊ တွေးတောဖွယ်တခုကတော့ ရှိလေရဲ့။ အဲဒါကတော့---
            "၁။ ဘုရားရှင်အား ပထမဆုံးဖူးတွေ့ ရသူ (ဘုရားဖူးဦး)၊ ၂။ ပထမဆုံး မုန့် ဆွမ်းလှုဒါန်းရသူ (ဆွမ်းလှုဦး)
            ၃။ ပထမဆုံးဒွေဝါစိကသရဏဂုံတည်ကြသူ (သရဏဂုံဦး) ၄။ ပထမဆုံး ဆံတော်ရှင်ချီးမြှင့်ခံရသူ
            (ဆံတော်ဓာတ်တော်ဦး) ၅။ ပထမဆုံးဘုရားစေတီတည်ကြရသူ (စေတီဦး-ဘုရားဦး) ဦး ၅ ဦးဖြင့်
            သာသနာတော်ကို ကိုးကွယ်ခွင့်ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ ပင်ဖြစ်ကြောင်း
            သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။"  (စာ-၄၇၃-၄၇၄) ဆိုတာပါပဲ။
ဦး ၅ ဦးတွေဟာ ဥက္ကလာတိုင်းဖွားမြန်မာပြည်သားဆိုတဲ့ကိစ္စကတော့ ပြောခဲ့သလို အငြင်းပွားဖွယ်ရာဖြစ်နေလို့ 
စိတ်ဝင်စားရင်ဆက်လက်လေ့လာကြဖို့ ပါပဲ။
သွားလေသူသမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးခဲ့ဖူးတာကို အမှတ်ရမိတယ်။ မြန်မာပြည်မှာ လူမျိုး ၃ မျိုးက ဘုရားနဲ့ စတွေ့ တာ ဘယ်သူကပထမဆုံးဆိုပြီး အကြွားပြိုင်ကြပါသတဲ့--။ တဦးကပြောပါတယ်။ မဟာမုနိရုပ်ရှင်
တော်မြတ်ကို ဘုရားရှင်ကိုယ်တော်တိုင် ရင်ငွေ့ တော်ပေးပြီးသွန်းတော်မူခဲ့တယ်။ ဘုရားနဲ့ ကိုယ်တိုင်ကိုယ်ကျ
တွေ့ ကြောင်းသက်သေပြတာ--။ နောက်တဦးကပြောပြန်တယ်။ အို-- တို့ က ဘုရားနဲ့ တွေ့ ပြီး ဆံတော်တွေပေး
သနားတော်မူတာ ကိုယ်တိုင်ပဲလက်ခံယူပြီး စေတီတည်ခဲ့ရတာ--။ သူက ဘုရားနဲ့ ခပ်စောစောကတည်းကတွေ့ 
တယ်ပြောချင်တာပဲ--။ နောက်ဆုံးတယောက်ကပြောတယ်။ တို့ သုနာပရန္တတိုင်းသား အရှင်ပုဏ္ဏပင့်လို့ ဘုရား
ရှင်နဲ့ ရဟန္တာ ၅ဝဝ ကြွလာလို့  စန္ဒကူးကျောင်းတော်ဆောက်ပြီး လှူခဲ့ရတာပဲ--အခုထိ မကွေးတိုင်း၊ ပွင့်ဖြူမှာ
ကျောင်းတော်ရာဆိုတာရှိသေးတယ်--တို့ လူမျိုးလဲ ဘုရားနဲ့ တွေ့ ဖူးတာပဲ--။
 ဒေါက်တာသန်းထွန်းမှတ်ချက်က "သူတို့ တွေ စကားနိုင်လုကြတာပဲ၊ ဘယ်သူပြောတာမှမမှန်"--တဲ့။
မျက်စိကြီးကြီး၊ နားကြီးကြီးထားပြီး ဆင်ခြင်ရမယ့်အချက်အလက်တွေပါ။ လူတိုင်းက ဒီစကားကိုသဘောတူမှာ
မဟုတ်လို့ ပါပဲ။
အခန်း (၁၁) မှာ  ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ အနန္တ ၅ ပါး၊ ရှေးစာဆိုတော်၊ ဆရာတော်များရဲ့ ဆုံးမစာတွေကို ကောက်နုတ်ဖော်ပြထားတယ်။  အင်မတန်တန်ဖိုးရှိလှပါတယ်။
နောက်ဆက်တွဲအနေနဲ့  ခက်ဆစ်ဝေါဟာရအဓိပ္ပါယ်ပိုင်းဖြစ်ပါတယ်။ ကြားနေကျစကားလုံးဖြစ်ပေမယ့် ဆိုလိုရင်းအတိအကျပြောပါဆိုရင် ရှင်းပြဖို့ ခက်ခဲတဲ့စကားလုံးတွေကို ရွေးချယ်ပြီး ရှင်းပြထားတယ်။
စာအုပ်တအုပ်လုံးကို အနှစ်ချုပ်လိုက်ရင် ဗုဒ္ဓဘာသာဝင်တယောက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ စာအုပ်တအုပ်ဖြစ်တာကတော့ သေချာပါတယ်။ ဗုဒ္ဓဘာသာဝင်တော့ ဟုတ်ပါရဲ့၊ ဗုဒ္ဓဘာသာအကြောင်းမသိဘူး၊
 သိချင်တယ်၊ ဘယ်စာအုပ်ဖတ်ရမှန်းမသိဘူး၊ ကိုယ်ရွေးမိတဲ့စာအုပ်က အမှားတွေဖြစ်မှာလဲ စိုးရိမ်တယ်ဆိုသူတွေ
အတွက် ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)စာအုပ်ဟာလက်တွေ့ အသုံးဝင်မယ့်၊ လမ်းမှန်ကို
ဆောင်ကြဉ်းပေးမယ့်စာအုပ်ကောင်းတအုပ်ဖြစ်တာကတော့ မလွဲရေးချမလွဲပါ-----------။
အမရဒီပ
၂-၂၄-၂ဝ၁၂
Thursday, February 23, 2012
မိုးပြာဂိုဏ်း၏ ဉာဏ်ကြီးရှင်လင်္ကာရတပါး
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၇) ဆရာတော်များက ၂ဝ၁၁ နှစ်ကုန်ပိုင်းလောက်မှာ "မိုးပြာဝိနိစ္ဆယ"
အမည်နဲ့  မိုးပြာဂိုဏ်းရဲ့အယူဝါဒတွေဟာ အဓမ္မဝါဒ ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်လိုက်တယ်လို့ မြန်မာတိုင်း
(မ်) သတင်းမှာ ဖတ်လိုက်ရတယ်။ မိုးပြာခေါင်းဆောင်ဟာ စည်းရုံးရေးပိုင်းမှာတကယ်တော်သူတယောက်
ရယ်လို့  အသိအမှတ်မပြုလို့ မဖြစ်နိုင်ဘူး--။ အကြောင်းကတော့ သူ့ ဂိုဏ်းမှာ လက်တွဲလှုပ်ရှားနိုင်အောင် အများ
အသိအမှတ်ပြုတဲ့ဗုဒ္ဓစာပေစာမေးပွဲအောင်မြင်ထားသူရဟန်းတော်များ၊ လူဝတ်ကြောင်များ၊ ခေတ်ပညာဘွဲ့ ရ
ပုဂ္ဂိုလ်များကို သူ့ ဘက်ပါအောင် ဆွဲဆောင်စည်းရုံးနိုင်လို့ ပါပဲ--။
မြစ်ကြီးနားရောက် ငါးဘွဲ့ ရဓမ္မာစရိယတယောက်ဖြစ်တဲ့ မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသဟာ မိုးပြာရဲ့ ရဟန်းဝတ်ဒုတိယခေါင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။  သူ့ အထက်က ရဟန်းဝတ်ပထမခေါင်းဆောင်က
တော့ အရှင်ဉာဏိန္ဒာလင်္ကာရလို့  သိရပါတယ်။
အရှင်ဉာဏိန္ဒာလင်္ကာရအကြောင်းအင်တာနက်မှာရှာဖွေကြည့်တယ်။ အရှင်ဉာဏိန္ဒာလင်္ကာရဟာ တောင်မြို့ 
(အမရပူရ) မဟာဂန္ဓာရုံကျောင်းထွက်တဦးဖြစ်တယ်။ ပညာထူးချွန်သူဖြစ်တယ်။ ကျောင်းတွင်းပြဿနာကြီးတခု
မှာ ဦးဆောင်ကျူးလွန်သူဖြစ်လို့  ကျောင်းတိုက်မှနှင်ထုတ်ခံလိုက်ရတယ်။ အခုအခါမှာအသက် ၆ဝ ကျော်ဝန်း
ကျင်ရှိလောက်ပြီ--လို့ သိရတယ်။
အရှင်ဉာဏိန္ဒာလင်္ကာရရဲ့ ရဟန်းမှတ်ပုံတင်သာသနာဝင်နံပတ်ကတော့ သာ/ အမှတ်-၇/ တငန (သ) ဝဝဝ၁၅၈
 ဖြစ်တယ်။ စည်ပင်ဂိုဏ်းအုပ်စာသင်တိုက်၊ အမှတ် ၇ ရပ်ကွက်၊ တောင်ငူမြို့ ၊ပဲခူးတိုင်းမှာ နေထိုင်တယ်။
 တယ်လီဖုန်းနံပတ်ကတော့ ဝ၅၄- ၂၄ဝ၄၂ ဖြစ်တယ်လို့  အင်တာနက်သတင်းအရ ဖော်ပြလိုပါတယ်။
အရှင်ဉာဏိန္ဒာလင်္ကာရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထံသို့  မတ်လ  ၂၇၊၂ဝဝ၉ ရက်စွဲတပ်စာနဲ့  သူဟာ ပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်း (ခေါ်) မိုးပြာဂိုဏ်းနဲ့ ပတ်သက်ခြင်းမရှိကြောင်းစာရေးလျှောက်ထားခဲ့တယ်လို့ အင်တာနက် သတင်းမှာပဲ ဖော်ပြတယ်။
သို့ သော် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ (၁၇)၏ ရှင်ဉာဏဦးဆောင်သော မိုးပြာဂိုဏ်းသားတို့ ၏ အယူဝါဒ
အပေါ် ဓမ္မ-အဓမ္မအငြင်းပွားမှုခင်းဆုံးဖြတ်ချက်ဆိုတဲ့ ဝိနိစ္ဆယစာအုပ်ကြီးထဲမှာတော့ အရှင်ဉာဏိန္ဒာလင်္ကာရဟာ
သူရေးသားတဲ့ သဒ္ဓမ္မသုံးဖြာသာသနာ ပထမတွဲ၊ ဒုတိယတွဲ၊ ငြိမ်းချမ်းရေးသစ္စာဓမ္မစကြာဒေသနာစာအုပ်တို့ ပါ
အယူအဆရေးသားချက်တွေအရ မိုးပြာရဲ့နောက်တော်ပါကိုယ်တော်တပါးအဖြစ် အသိအမှတ်ပြုခံထားရတာ
တွေ့ ရပါတယ်။
အရှင်ဉာဏိန္ဒာလင်္ကာရရဲ့ အယူဝါဒတွေကို  ဖော်ပြပါအတိုင်းအမှတ်စဉ် ၁ ကနေ ၉ အထိ လေ့လာတွေ့ ရှိရတယ်။
၁။ လူတယောက်က စကားပြောတိုင်းအသိပေးတာချည်းပဲဖြစ်တယ်။ ဒါဟာ ပရိယတ်ပဲ။ ဘယ်သွားနဲ့၊
 ဘယ်ကိုကျော်တို့ ၊ ဘယ်လိုသွားတို့ ရဲ့ အနက်ကိုနားလည်အောင်ကြည့်တာဆင်ခြင်တာဟာ ပဋိပတ်ပဲ။
 အဲသည်ဆင်ခြင်မှုကြောင့် အမှန်သိပြီး အဲသည်ကိုအရောက်သွားတာဟာ ပဋိဝေဓပဲ။
၂။ သည်သာသနာမှာ ပရိယတ္တိစာသင်တိုက်ဆိုပြီး ဘုရားဟောထားခဲ့တာတွေနဲ့ အဋ္ဌကထာ
 ဋီကာဆိုတာတွေကိုရော သဒ္ဒါ၊ အလင်္ကာတွေကိုပါသင်ကြားပေးနေသူနဲ့ သင်ကြားဆည်းပူးနေသူတွေလဲ
 အများအပြားပဲရှိတေယ်။ အဲဒါတွေကို သာသနာ့လုပ်ငန်းဆိုပြီးလုပ်နေကြတာပဲဘုရား။ အဲဒါတွေက သာသနာ့လုပ်ငန်းမဟုတ်ဘူးလား? အင်း--အဲဒါတွေကတော့ သာသနာ့လုပ်ငန်းမဟုတ်ကြဘူးဗျ---။
၃။ ဝိနည်းသင်တာ ပရိယတ်သာသနာမဟုတ်ဘူး။ ဝိနည်းကျင့်တာဟာ ပဋိပတ်သာသနာမဟုတ်ဘူး။ ဝိနည်းဆောင်တာပဋိဝေဓသာသနာလည်း မဟုတ်ဘူး။
၎။ ရဟန္တာပုဂ္ဂိုလ်များ လောဘ ဒေါသရှိသေးတယ်။ အိမ်ထောင်သားမွေးပြုသေးတယ်။ မိမိကိုယ်ကိုခြယ်သအလှ
ပြင်သေးတယ်။
၅။  နတ်ဆိုတာ နာထဆိုတဲ့ပါဠိစကားလုံးကို နတ်လို့ ဗမာစကားလုံးအနေနဲ့ ဖလှယ်ပြီးသုံးထားတာ။ အောက်မေ့
ဖွယ်လေးစားအားကိုးလောက်တဲ့ ဂုဏ်အရည်အချင်းရှိသူကိုနတ်လို့ ပြောတာ။ အခု မောင်တင့်တယ်တို့ မောင်နှမ
တွေရဲ့ ညီအကိုမောင်နှမမိသားစုစိတ်ဓာတ်ဟာ ဘယ်လောက်အံ့ဖွယ်သရဲရှိလိုက်သလဲ၊ ဘယ်လောက်လေးစား
ဂုဏ်ယူဖို့ ကောင်းလိုက်သလဲဗျာ။
၆။ သစ္စာဟာ သမ္မုတိသစ္စာ၊ ပရမတ္ထသစ္စာအပြင် အရိယသစ္စာဆိုတာရှိသေးတယ်။ သစ္စာ ၂ မျိုးမဟုတ်ဘူး။ သစ္စာ ၃ မျိုး။
၇။  သမ္မာသမ္ဗုဒ္ဓ-ပုဒ်ကို တလွဲတချော်ဖြစ်အောင် အဓိပ္ပါယ်ဖွင့်တယ်။
၈။ ဇရာ-ပုဒ်ကို တလွဲတချော်အဓိပ္ပါယ်ဖွင့်တယ်။
၉။  အဋ္ဌကထာတွေဟာ ဘုရားရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို အနက်မှန်အောင်မဖွင့်နိုင်ကြဘူး။
အရှင်ဉာဏိန္ဒာလင်္ကာရရဲ့ အယူဝါဒအတွေးမှား၊ အရေးမှားတွေကို မိုးပြာဝိနိစ္ဆယမှာ စာမျက်နှာ ၃၁၆ မှ ၃၈၈ အထိဝေဖန်ဆုံးဖြတ်ပြထားပါတယ်။ မိုးပြာခေါင်းဆောင်ရဲ့အယူမှားတွေကိုလည်းအဲသည်စာမျက်နှာအတွင်းမှာ
 တွေ့ နိုင်သေးတယ်။
ရှေးကပြောခဲ့တဲ့အတိုင်းပါပဲ။ အရှင်ဉာဏိန္ဒ (တောင်ငူ)လို လင်္ကာရဘွဲ့ ပိုင်ရှင်၊ အရှင်ဝိစိတ္တသာရ (မြစ်ကြီးနား)လို
အဘိဝံသဘွဲ့ ပိုင်ရှင်တွေကို ဘယ်လက်ရုံး၊ ညာလက်ရုံးအဖြစ်လက်တွဲဆွဲခေါ်ပြီး မြန်မာပြည်သာသနာသမိုင်းမှာ အမဲစက်တကွက်စွန့် ပစ်သွားခဲ့တဲ့ မိုးပြာခေါင်းဆောင်ရဲ့ စည်းရုံးရေးစွမ်းရည်ဟာ မခေကြောင်းသတိပြုရမှာပါ။
တချို့ ကထင်ကြတယ်။ လင်္ကာရတွေ၊ ဘိဝံသတွေ စာတတ်ရဲ့သားနဲ့ ဘာလို့ ဒီလိုအယူမှားတွေပြောမိရေးမိ
၊ဆရာမှားနောက်တပည့်ခံမိကြပါလိမ့်ပေါ့။ ထင်ရှားတဲ့ဆရာတော်တပါးက ခပ်တိုတိုပြတ်ပြတ်ပဲမိန့် ပါတယ်။
                        " တကယ်စာမတတ်လို့ ပေါ့ကွ" --------တဲ့။
တခွန်းဆို ဆိုသလောက်ထိထိမိမိရှိလှတယ်။ အနာဂတ်သာသနာအတွက်တကယ်စာတတ်သူတွေကို
လိုအပ်သလို တကယ်စာတတ်သူတွေကလည်း သာသနာကို တကယ်ပြုနိုင်ကြပါစေ------။
အမရဒီပ
၂-၂၃-၂ဝ၁၂
ကျမ်းကိုး
-နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၇) ၏ ရှင်ဉာဏဦးဆောင်သော မိုးပြာဂိုဏ်းသားတို့ ၏ 
အယူဝါဒအပေါ် ဓမ္မ-အဓမ္မအငြင်းပွားမှုခင်းဆုံးဖြတ်ချက်။
ကျေးဇူးတင်စကား
အထက်ပါစာအုပ်ကို ဓမ္မလက်ဆောင်ပါးတဲ့ ဓမ္မမိတ်ဆွေဦးထွန်းအောင်ကို ကျေးဇူးတင်ကြောင်း 
မှတ်တမ်းတင်ပါတယ်--။
Wednesday, February 22, 2012
မြစ်ကြီးနားရောက် ငါးဘွဲ့ ရဓမ္မာစရိယတယောက်
ကျော်ကြားတဲ့သီချင်းတပုဒ်အမည်ကိုတုပြီး ဆောင်းပါးခေါင်းစဉ်ပေးရာမှာ ကာရန်ငဲ့လိုက်တာမို့ "တပါး"အစား
"တယောက်"လို့ ရေးသားလိုက်ပါတယ်။ ကဗျာဆရာလိုင်စင်နဲ့ စကားလုံးကစားလိုက်ရတာကြောင့် ရိုင်းသလိုဖြစ်
သွားရင် ပညာရှိသူတော်ကောင်းများကျေနပ်ခွင့်လွှတ်ကြပါလို့ ကြိုတင်စကား ဆိုပါရစေ---။
အကြောင်းကဒီလိုပါ။ " မြစ်ကြီးနားရောက် ငါးဘွဲ့ ရဓမ္မာစရိယတယောက်" ဆိုတာ ကချင်ပြည်နယ်
၊မြစ်ကြီးနားမြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် (ဟောင်း) ဓမ္မာစရိယဘွဲ့  ၅ ခု
ရထားတဲ့ အရှင်ဝိစိတ္တသာရာဘိဝံသ ကို ဆိုလိုပါတယ်။ ဓမ္မာစရိယ ၅ ဘွဲ့ အနက် သကျသီဟဓမ္မာစရိယ၊
 စေတိယင်္ဂဏဓမ္မာစရိယ၊ အစိုးရဓမ္မာစရိယ ဆိုတဲ့ ဓမ္မာစရိယဘွဲ့ ၃ မျိုးကတော့ ပါဝင်ကြမှာ ကျိန်းသေပါတယ်။
 အခြားဓမ္မာစရိယ ၂ ဘွဲ့ အမည်တွေကိုတော့ မသေချာတာကြောင့် ခန့် မှန်းပြီးမရေးတော့ပါဘူး။ အရှင်ဝိစိတ္တာသာရာဘိဝံသနဲ့ အတူသီတင်းသုံးဖူးတဲ့ ရဟန်းတော်တွေကပဲ အတိအကျပြောနိုင်မယ်ထင်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းမှာ ဒီလို ဗုဒ္ဓစာပေနဲ့ ပတ်သက်ပြီး ထိပ်တန်းစာမေးပွဲတွေအလီလီအောင်မြင်ထားတဲ့ ဆရာတော်တပါးရှိနေတယ်လို့  သာမညအားဖြင့်ကြားရရင် သာသနာအတွက်အင်မတန်အားတက်ဝမ်းမြောက်
ရွှင်လန်းမိမှာ မြေကြီးလက်ခတ်မလွဲပါဘူး--။ သို့ သော် ဒီဆရာတော်အကြောင်းကြားစကတည်းက အယူအဆမှားတွေဟောပြောရေးသားမှုနဲ့  နိုင်ငံတော်သီးခြားဝိနိစ္ဆယခုံရုံးသို့ တက်ရောက်နေရတယ်ဆိုတာပဲ---။ အံ့သြချက်တွေကမ်းကုန်ဖြစ်သွားတယ်။ ဒီလောက်စာတတ်တာ ဒီလိုဖြစ်ရလားဟ--လို့ သူငယ်ချင်းတဦးကို
 ပြောမိတော့ "တကယ်စာတတ်ရင် ဘယ်ဒီလိုဖြစ်မလဲ" လို့ ပြန်ပြောတယ်။ သူ့ စကားက စဉ်းစားစရာ---။
"တကယ်စာတတ်ရင် ဘယ်ဒီလိုဖြစ်မလဲဆိုတော့ တကယ်စာမတတ်လို့ ဒီလိုဖြစ်တယ်" လို့ 
ပြောချင်တာပါကလား--။
မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသဟာ နိုင်ငံတော်သီးခြားဝိနိစ္ဆယအဖွဲ့ အသီးသီးက ခုံရုံးတင်စစ်ဆေးခဲ့တဲ့ 
များစွာသော စုဒိတက (တရားခံ)တွေထဲမှာ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့ ထူးဂုဏ်ထူးတို့ ကို အများဆုံး၊ အမြင့်ဆုံးပိုင်ဆိုင်
သူဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တပါး ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတာကို ကာယကံရှင်နဲ့ နီးစပ်သူတွေပဲ တပ်အပ်
ပြောနိုင်မယ်။
သင်္ခန်းစာတခုရတာကတော့ "ဒီဘုန်းဘုန်းက အဘိဝံသဘွဲ့ ရထားတာ----။ ဒီဘုန်းဘုန်းက လင်္ကာရဘွဲ့ ရထား
တာ---- သူပြောတာ သူစာရေးတာ အမှားအလွဲမရှိနိုင်ပါဘူး"လို့ ပြောလေ့ပြောထရှိသူတွေအတွက် "မြစ်ကြီးနား
က ဘုန်းဘုန်းဦးဝိစိတ္တသာရ--သိတယ်မဟုတ်လား၊ ငါးဘွဲ့ ရ ဓမ္မာစရိယ၊ အဘိဝံသတပါးနော်၊ မေးခွန်းတွေ
ခက်လွန်းအားကြီးလို့  စာဖြေသံဃာတွေစာကြိုးစားရင်းပျံလွန်ကြတာကိုသိလို့ လယ်တီဆရာတော်ကြီးကတောင် "ရဟန်းသတ်ပွဲ"လို့ တင်စားခေါ်ဝေါ်သွားတဲ့ "သကျသီဟစာမေးပွဲ"ကို အောင်ထားတာလေ--သူလဲ ဝိနိစ္ဆယခုံရုံး
ကို အဖော်နဲ့ ရော၊ တပါးတည်းရောအကြိမ်ကြိမ်ရောက်နေရတာ မှားနေလို့ လား၊ မှန်နေလို့ လား သတိထား၊
စဉ်းစား"လို့  ပြန်ပြောမိတာပါပဲ-----။
ဟုတ်ပါတယ်။ မြစ်ကြီးနား အရှင်ဝိစိတ္တသာရာဘိဝံသဟာ ခရစ်နှစ်၂ဝဝ၆ ခုနှစ်မှာ မိုးညှင်းမြို့ ၊ မဟာသတိပဋ္ဌာန်
ရိပ်သာကျောင်းတိုက်ဆရာတော် ဦးခေမိန္ဒနဲ့ အတူတူ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ခုံရုံးအမှတ် (၁၅) သို့ ရောက်ရ
တယ်။  ခုံရုံးအမှတ် (၁၅)မှာ သူရဲ့ အယူအဆမှားတွေကတော့---------
(၁) ခန္ဓာ ၅ ပါး၊ ရုပ်နာမ်တရားတို့ ကို မရှုမှတ်ရ---။
 (၂) စိတ်ကိုသင်္ခတအာရုံမှာထား၍ ပွားလျှင် သမုဒယဖြစ်၍ ဒုက္ခဖြစ်တယ်၊ အသင်္ခတအာရုံမှာထား၍ရှုပွားလျှင် 
မဂ္ဂဖြစ်၍ နိဗ္ဗာန်ရတယ်----။
(၃)  ၃၁- ဘုံကိုအာရုံပြုရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဖြစ်တယ်--။
(၄) ခန္ဓာ ၅ ပါးက အကျိုးတရား၊ ဥပါဒါနက္ခန္ဓာ ၅ ပါးက အကြောင်းတရားဖြစ်တယ်။
(၅) သမုတိသစ္စာ၊ ပရမတ္ထသစ္စာလို့ သစ္စာ ၂ မျိုးထဲမဟုတ်၊ အရိယသစ္စာပါထည့်လို့  သစ္စာ ၃ မျိုးဖြစ်တယ်။
(၆) ပရမတ္ထသစ္စာကို ဝိပဿနာမရှုနဲ့ ၊မဂ်ဖိုလ်မရဘူး၊ ကိုယ်နုတ်စိတ်ဆိုတဲ့ အရိယသစ္စာကိုရှုပါ။
(၇) ဥပါဒါနက္ခန္ဓာ ၅ ပါးကိုရှုမှတ်လျှင် တဏှာ မာန ဒိဋ္ဌိဖြစ်တယ်။
မဇ္ဈိမပဋိပဒါဆိုတာနောက်ဆုံးသတိကပ်၍ရှု၊ သက္ကာယချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရှုတာဟာမဇ္ဈိမပဋိပဒါပါပဲ။
(၉) သီလဝန္တသုတ္တန်တွင် သီလသုတနှင့်ပြည့်စုံသော ဓမ္မယောဂီပုဂ္ဂိုလ်သည် ဥပါဒါနက္ခန္ဓာ ၅ ပါး၊ ရုပ်နာမ်တရားကို ပယ်စွန့် ခွါပြီးရှုမှတ်ပွားများ နှလုံးသွင်းရမယ်လို့ ဆိုထားတယ်။ (အမှန်က ပါဠိတော်ဆိုလိုရင်းမှာ သူပြောတာနဲ့ လုံးဝကွဲပြားပါတယ်။)------တို့ ဖြစ်ပါတယ်။
အမှတ် (၁၅)နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များက စုပေါင်းသုံးသပ်ချက်ပေးတော်မူကြရာမှာ----------
၁။ ဦးခေမိန္ဒ၊ ဦးဝိစိတ္တသာရာဘိဝံသတို့ သည် တရားဓမ္မများကိုဟောပြောရာတွင် ပါဠိတော်၊ အဋ္ဌကထာများကို မိမိတို့ စိတ်ထဲတွင်ထင်သည့်အတိုင်းဟောပြောခြင်း။
၂။ အဋ္ဌကထာအဖွင့်များကို မထီလေးစားသဘောထားကာ မိမိကြိုက်သလိုသာ ဟောပြောခြင်း။
၃။ ထေရဝါဒပိဋကတော်လာ စာပေကျမ်းဂန်နှင့်အညီဟောပြောသော တရားဓမ္မများကို ပစ်ပစ်ခါခါရှုတ်ချ
ဟောပြောခြင်း။
၎။ သံဃာ့အဖွဲ့ အစည်းပေါ်ပေါက်စကာလက အဓမ္မဟုဆုံးဖြတ်ထားသော ကျောက်သင်္ဘောဝါဒအယူအဆများကို မသိမသာပြန်လည်အသက်သွင်းဟောပြောခြင်း။
၅။ ပရိယတ္တိစာပေဘွဲ့ ထူးဂုဏ်ထူးများရှိနေ၍ ပါဠိတော်၊ အဋ္ဌကထာ၊ဋီကာများကို ထိုက်သင့်သလောက်ကြည့်ရှုနိုင်
သော်လည်း တမင်သက်သက်ထင်ပေါ်အောင် ၊မသိနားမလည်သူများအထင်ကြီးအောင်ဟောပြောခြင်း။
၆။ ၄င်းတို့ ၏ဟောပြောချက်များ ၊ရေးသားချက်များသည် မြတ်စွာဘုရား၏ပဋိပတ္တိသာသနာတော်အကျင့်စခန်း
အတွက် အလွန်အန္တရာယ်များသောအနေအထားရှိခြင်း။
၇။ မသိနားမလည်၍ တရားဓမ္မကို အမှန်တကယ်ကြိုးစားအားထုတ်လိုသောဆန္ဒဖြင့် အလုပ်ပျက်ခံ၊ အချိန်ကုန်ခံ၊
 ငွေကြေးအကုန်ခံကာ၎င်းတို့ ထံ တပည့်ခံပြီးလာရောက်တရားနာ၊ နည်းယူကြသော သူတော်စင်များအတွက် အလွန်ရင်လေးဖွယ်ရာအခြေအနေရှိခြင်းစသောအကြောင်းအရပ်ရပ်တို့ ကြောင့် ဦးခေမိန္ဒ၊ ဦးဝိစိတ္တသာရာဘိဝံသ
တို့ ၏ ဟောပြောရေးသားချက်များနှင့်ပတ်သက်၍ စောဒကဆရာတော်များတင်ပြသော (၄၃) ချက်သည် 
အဓမ္မဝါဒဖြစ်သည်။ (၄၃)ချက်ကို လက်ခံလိုက်နာသူများသည် အဓမ္မဝါဒီများဖြစ်ကြသည်---လို့  ဆုံးဖြတ်
ခဲ့ကြပါတယ်။
ဘုရားဟောပိဋကကို ထုံးလိုချေ၊ရေလိုနှောက်နိုင်ဖို့ အခြေခံခိုင်မာအောင်လေ့ကျင့်တည်ဆောက်ပေးထားတဲ့ ထိပ်တန်းစာမေးပွဲများကို အောင်မြင်ထားသူ အရှင်ဝိစိတ္တသာရာဘိဝံသဟာ အမှတ်(၁၅) ဝိနည်းဓိုရ်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာ၊ မိမိကိုယ်မိမိလမ်းမှန်ပေါ်ရပ်တည်နိုင်အောင်ကြိုးစားခဲ့ဟန်မတူပါဘူး။ ဒါကြောင့် အမှတ် (၁၆) နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ခုံရုံးရှေ့ မှောက် တကိုယ်တော် ရောက်ရပြန်တယ်။ (တရားစွဲဆိုခြင်းခံရတယ်လို့
ဆိုလိုတာပါ။ တကယ်တော့ တရားရုံးဆုံးဖြတ်ချက်ကို နားထောင်နာယူဖို့ သူကိုယ်တိုင်မတက်ရောက်ဘူးလို့ သိ
ရပါတယ်။) 
ခရစ်နှစ် ၂ဝဝ၈ မှာ မြစ်ကြီးနားဝိစိတ္တသာရဝိနိစ္ဆယရယ်လို့ ပေါ်ထွက်တယ်။ မြန်မာပြည်မြောက်ပိုင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းကျောင်းတခုကို အုပ်ချုပ်ပိုင်ခွင့်ရရှိထားတဲ့ အရှင်ဝိစိတ္တသာရာဘိဝံသဟာ သူ တပည့်သင်တန်းသားရဟန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အပြာရောင်ဝတ် ဓမ္မဝိဟာရီအရှင်ဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒတ
ရားတွေကို ဟောပြောသင်တန်းပေးနေကြောင်း အထက်သံဃာအဖွဲ့ အစည်းဆီတင်ပြခြင်းခံရပါတော့တယ်။
အရှင်ဝိစိတ္တသာရာဘိဝံသရဲ့အယူအဆတွေထဲမှာ သဘောပေါက်လွယ်တဲ့အယူအဆတချို့ ကို တင်ပြပါရစေ။
လူရဲ့အသက်ကိုသတ်မှ ပါဏာတိပါတဖြစ်တယ်။ ခွေး၊ နွား၊ ကျွဲ၊ဆိတ်စတဲ့ တိရစ္ဆာန်ကိုသတ်ရင်
ပါဏာတိပါတမဖြစ်ဘူး။ တဦးတယောက်ပိုင်ပစ္စည်းကိုခိုးရင် အဒိန္နာဒါနဖြစ်တယ်။ သမဝါယမပိုင်၊ အသင်းပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်ပစ္စည်းကိုခိုးရင် အဒိန္နာဒါနမဖြစ်ဘူး။ အရက်ကိုမူးအောင်သောက်မှ သုရာမေရယ
သိက္ခာပုဒ်ပျက်တယ်။ မူးအောင်မသောက်ရင် အဲဒီသိက္ခာပုဒ်မပျက်ဘူး---ဆိုတာတွေပါလာတယ်။
ဒါကြောင့်ဖြစ်ပါလိမ့်မယ်။ မြစ်ကြီးနားဝိစိတ္တသာရဝိနိစ္ဆယကျမ်းအစမှာ သူရဲ့လုပ်ရပ်တွေကို ပါဠိဂါထာနဲ့ မှတ်တမ်း
ပြုထားတယ်။ ဒီမှာတော့ ပါဠိကို ကူးမပြတော့ဘူးနော်။ မြန်မာပြန်လောက်ပဲကူးရေးပြပါရစေ---။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ကျောင်းအုပ်ဆရာ 
တော်အရှင်ဝိစိတ္တသာရာဘိဝံသည် ရှင်တော်ဘုရားဟောကြားမိန့် မှတ် ပိဋကတ်ဒေသနာ 
တရားရတနာတို့ ကို ကပြောင်းကပြန်မှောက်လှန်ဇောက်ထိုး အရုပ်ဆိုးအောင် မိစ္ဆာဝါဒမှောင်
ကြီးကျလျက် ဝါဒသစ်ထွင် ဆန့် ကျင်ဖျက်ဆီး၍နေပေပြီ။
မှန်၏။ ထိုဝိစိတ္တသာရာဘိဝံသသည် သဗ္ဗညုတာဉာဏ်မဟာဖြင့် ကောင်းစွာဟောအပ် ပါဠိ
တော်မြတ်ကိုလည်း ပစ္စုပ္ပန္နကမ္မဝါဒအမြင် အသစ်ထွင်လျက်ဆန့် ကျင်ပယ်ဖျက်ခဲ့လေပြီ။
သံဂါယနာခြောက်တန်ဝင် သန့် စင်မွန်မြတ် ပိဋကတ်အဖွင့်ကျမ်းစာ အဋ္ဌကထာ ဋီကာတို့ ကို
လည်း ငါ့လောက်မသိ ငါ့လောက်မတတ် ငါသာတတ်ဟု ဂါဟတ်ဖမ်းစား မာနတရားဖြင့် ပယ်
ရှားစွန့် ပစ်ခဲ့လေပြီ (ဝါ) ပစ်ရှားစွန့် ပစ်၍ နေပေပြီ။
ထိုဝိစိတ္တသာရာဘိဝံသသည် စတုတ္ထပါရာဇိက ဝိနိစ္ဆယဖြင့် လျောကျပျက်စီး မိစ္ဆာဝါဒီ လူမိုက် 
ကြီးကို ထံနီးချဉ်းကပ် မပြတ်ခစား လူပေါင်းမှားသည်ဖြစ်၍ ဗုဒ္ဓအရှင်မြတ်မဟောအပ်သည့်
တရားကို ဟောအပ်၏ဟုလည်းကောင်း၊ ရှင်တော်ဗုဒ္ဓ ဟောဖော်ပြသည့် အတိတ်ဘဝ အနာ
ဂတ်ဘဝ စသည်များပြား မြတ်တရားကိုမူ ရှင်တော်ဘုရားမဟောကြားဟူ၍လည်းကောင်း၊
မသိနားမလည်သူ ရှင်နှင်လူကို ဆွယ်မြှူ ဟောကြား အမြင်မှားစေပြီး၍ အတိတ်ဘဝမရှိ အနာ
ဂတ်ဘဝမရှိ နတ်ပြည် ဗြဟ္မာပြည်မရှိ အပါယ်လေးဘုံမရှိ စသည်ဆိုးဝါး မိစ္ဆာဒိဋ္ဌိတရားကို
တမိုက်တထွာ ဉာဏ်ပိန်တာဖြင့် မဟာလူသား မြတ်ဘုရားကို ထောင်လွှားမာန ပဠာသဖြင့်
ဟောပြဖြန့် ဝေ ဖျက်ဆီးခဲ့ပါပေပြီ။
သည်လို အမှုတွဲတွေရဲ့ ကွင်းဆက်ကြောင့်ဖြစ်ဟန်တူပါတယ်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကျောင်း
အုပ်ရာထူးနေရာမှ ပယ်ရှားခံရတယ်။ ဝိနိစ္ဆယချမှတ်ရာသို့ မလာရောက်ဘဲ နေမှုကြောင့် အဖမ်းခံရမယ်အထိ
 ရောက်လာတာမို့  အရှင်ဝိစိတ္တသာရာဘိဝံသဟာ မြစ်ကြီးနားမြို့ မှရှောင်တိမ်းသွားခဲ့ပြီး အခုလက်ငင်းကာလမှာ
တရုပ်မြန်မာနယ်စပ်တနေရာမှာ ခိုအောင်းနေထိုင်နေတယ်လို့  ဟိုကသည်က သတင်းအစအနတွေ ကြားနေ
ရပါတယ်။ 
မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို လေ့လာကြည့်ရင် ဗုဒ္ဓစာပေစာမေးပွဲတွေကို အလီလီအောင်မြင်ထားပေမယ့် အယူအဆမှားသွားသူဖြစ်နိုင်တယ်ဆိုတာ သိသာပါတယ်။ ဒီဖြစ်ရပ်မှန်ကို ကြားဖူးသူတဦးအနေနဲ့ တော့ ဘွဲ့ ထူးဂုဏ်ထူးဆိုတာဟာ အမှားကင်းသူဖြစ်တယ်လို့ အာမခံချက်ပေးခြင်းမဟုတ်
ပါဘူး။ အမှားကင်းသူတဦးဖြစ်ရေးအတွက် တည်ဆောက်ထုတ်လုပ်ရာမှာ ဘွဲ့ ထူးဂုဏ်ထူးတွေဟာအထောက်
အကူပြုပစ္စည်းတရပ်ဖြစ်တယ်လို့ သာ နားလည်ယူဆပါတယ်။
ဗုဒ္ဓစာပေဆိုင်ရာဘွဲ့ ထူးဂုဏ်ထူးတွေကို အားကိုးပြုပြီး မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသလို
 "ပိဋကစည်းမျဉ်း"ကို ဖျက်ဆီးလွန်ကျူးပြီး ပြောကြ၊ ဟောကြ၊ သင်တန်းပို့ ချကြသူတွေ ပေါ်ပေါက်လာရင်လည်း
 နေရာဌာနကို လိုက်ပြီး ----
ဥပမာ -- ထိုင်းနိုင်ငံရောက် ဓမ္မာစရိယတယောက်၊ မလေးရှားရောက် ကမ္မဋ္ဌာန်းဆရာတယောက်၊ 
အမေရိကားရောက် အဂ္ဂမဟာပဏ္ဍိတတယောက်၊ အင်္ဂလန်ရောက် ပထမကျော်တယောက်၊ သီရိလင်္ကာရောက် အဘိဝံသတယောက်၊အိန္ဒိယရောက် ပါဠိပါရဂူတယောက်၊ စင်္ကာပူရောက်အမ်အေတယောက်၊
ကနေဒါရောက်သာမဏေကျော်တယောက် ၊(ဦးဓမ္မိကာဘိဝံသကို မဆိုလိုပါ၊ ဆရာတော်က
 သာမဏေကျော်ကလောင်နဲ့ စာရေးတယ်။)---လို့ အမည်တွေနဲ့ ဆောင်းပါးရေးသားမလားလို့ တောင် 
တခါတခါ စိတ်ကူးတယ်။
 (ကိုယ်မရေးဖြစ်လည်း အဆင်ပြေတဲ့သူတွေ ရေးကြပါလို့  အဘိယာစကပြုပါတယ်။)စိတ်ကူးမျှသာဖြစ်ပါတယ်။
 အရှင်ဝိစိတ္တသာရာဘိဝံသလိုမျိုး ဗုဒ္ဓသာသနာရောက်လေရာ နိုင်ငံတိုင်းမှာတော့ မရှိနိုင်ပါ။ မရှိသေးဘူးဆိုရင်
 မှန်မလားပဲ။ မရှိပါစေ-နဲ့ လို့တောင့်တမိပါတယ်။
အမရဒီပ
၂-၂၂-၂ဝ၁၂
ကျမ်းကိုး
၁။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့  (၁၅) ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရာဘိဝံသတို့ ဟောပြောရေးသားချက်များ
 ဓမ္မ---အဓမ္မအငြင်းမှုခင်းဆုံးဖြတ်ချက်။သာသနာရေးဦးစီးဌာန၊ရန်ကုန်။
၂။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့  (၁၆) မြစ်ကြီးနားဝိစိတ္တသာရဝါဒဝိနိစ္ဆယ
သာသနာရေးဦးစီးဌာန၊ရန်ကုန်။
ကျေးဇူးတင်စကား
အထက်ပါစာအုပ်တွေကို ဓမ္မလက်ဆောင်ပါးတဲ့ ဓမ္မမိတ်ဆွေဦးထွန်းအောင်ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်--။
Tuesday, February 21, 2012
ပစ်စာတစောင်ရောက်လာတယ်
အမရဒီပ၏ "ပိဋကနှင့်နိကာယ်ကိုသရုပ်မကွဲသော အဘိဓမ္မာဆရာ (စင်္ကာပူ၊ အဘိဓမ္မာအသင်းကြီးသို့ ) " ဆောင်းပါးကိုအကြောင်းပြု၍ရေးထားသောစာဟုယူဆဖွယ်ရှိသောပစ်စာတစောင်ကို မိတ်ဆွေတဦးမှတဆင့်
လက်ခံရရှိပါသည်။"ပစ်စာ"ဟုသုံးစွဲရခြင်းမှာရေးသူအမည်ကိုမဖော်ပြဘဲ"ပုဆိုးခြုံထဲကလက်သီးပုန်း"ပြသည့်
အနေဖြင့်မကျေမချမ်းဖြစ်ကာပေါက်ကွဲထွက်သောစကားလုံးများ၊စာရေးသူဆွေးနွေးပြသည့်
အချက်အလက်များနှင့်မသက်ဆိုင်ဘဲ ပုဂ္ဂိုလ်ရေးအရစိန်ခေါ်သောစကားလုံးများပါဝင်နေသောကြောင့်ဖြစ်ပါသည်။
အနှီ ပစ်စာသည် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ များကို ကိုယ်စားပြုသည့်အသွင် လုံးဝမဆောင်ပါ။ 
အမရဒီပကို တိုက်ခိုက်ချေမှုန်းလိုသည့်အသွင်ကိုသာ ဆောင်ကြောင်း အလေးအနက်ယူဆပါသည်။အမရဒီပ နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အကြား အထင်အမြင်လွဲစေရန်၊ ချစ်ခင်လေးစားမှုပျက်စေရန် အလိုဆိုးရှိသူ
တဦးဦးက ကုန်းချောရန်တိုက်ပေးသော "ပိသုဏဝါစာပစ်စာ"ဖြစ်သောကြောင့် ပစ်စာနှင့်ပတ်သက်၍ တုံ့ ပြန်
ရေးသားလိုစိတ် အလျဉ်းမရှိပါ--။ အားလုံးသည် သူ့ သဘောသူဆောင်ကြ၏ ဟုသာ ယုံကြည်ပါသည်။ စာရေးသူ၏ အမြင်ကိုရေးသားတင်ပြပြီးနောက်တွင်လက်ခံသင့်သည်ထင်ကလက်ခံ၍ပယ်သင့်သည်ထင်ကလည်း 
ပယ်ရန်အရေးမှာ စာဖတ်သူတို့ ၏ အလုပ်သာဖြစ်လေသည်။
"ပစ်စာ"တွင် "မိမိ"ဟုလည်းကောင်း၊ "မိမိနှင့်တကွ အသင်းသူအသင်းသားများ"ဟုလည်းကောင်း သုံးစွဲထား
သော်လည်း ပစ်စာပါအရေးအသားအတွက် အလေးဂရုပြုထိုက်သည်ဟု မယူဆပါ။ ပစ်စာတွင် အသင်းမှတဆင့်
ဆက်သွယ်ပါ--ဟု ဆို၏။ ဒီစကားလောက်တော့ လူတိုင်းပြောတတ်တာပ--ကိုယ့်လူ--ဟု ပြောရပေမည်။
"ပစ်စာ"သည် တရားဝင်စာမဟုတ်သောကြောင့် အရေးမပါလှချေ။ ဖတ်ပြီးမေ့ပစ်ရန်သာဖြစ်သည်။ အမှိုက်ပုံးထဲ
ပစ်သွင်းရန်သာဖြစ်သည်။ အလေးအနက်ထားမည်မဟုတ်ပါ။ ပစ်စာအရေးအသားကို ကြည့်လိုသူတို့ ကြည့်ရန်
တင်ပြထားပါသည်။
အမရဒီပ၏ဆောင်းပါးသည် ရေးသောအကြောင်းအရာနှင့်ပတ်သက်၍ မြင်သမျှတင်ပြခြင်းသာဖြစ်၏။ သက်ဆိုင်သူတို့ ၏အကျိုးစီးပွားကို မလိုလားခြင်း၊ပျက်စီးစေလိုခြင်း အလျဉ်းကင်းရှင်းပါသည်။ 
အမရဒီပ၏ဆောင်းပါးသည် ဗုဒ္ဓသာသနာတော်၏အကျိုးစီးပွားအတွက် ပြောဆိုရေးသားခြင်းဖြစ်ပါသည်။ ပစ်စာရေးခံရသောကြောင့် စိတ်ဆိုးဒေါသထွက်ခြင်း၊ တုန်လှုပ်ပူပန်ခြင်းဖြစ်မည်မဟုတ်ပါ။
အမရဒီပအတွက် ရောက်လာသောပစ်စာကို အောက်တွင် ရေးသူ၏စာလုံးပေါင်းအတိုင်း တင်ပြပါသည်။ တချိန်ကအမရဒီပဆောင်းပါးအပေါ်ဟစ်တိုင်အွန်လိုင်းသတင်းဌာနအယ်ဒီတာပြုမူခဲ့သလိုခွဲစိတ်ဖြတ်တောက်
ပြုပြင်ခြင်း လုံးဝမလုပ်ထားကြောင်း ပစ်စာရှင်အား အသိပေးပါ၏။
အမရဒီပ
၂-၂၁-၂ဝ၁၂
အမရဒီပ - သို့
အမရဒီပ ဆိုသူသည် လူလော၊ နတ်လော၊ ဘုန်းကြီးလေ လော ဟု မိမိအနေဖြင့် ကွဲကွဲပြားပြား မသိစေကာမူ အကျိုးလိုလားသည့် မေတ္တာစိတ်ထားဖြင့် ဝေဘန်ထောက်ပြလာပါက မည်သည့်ပုဂ္ဂိုလ်၏ ဝေဘန်ချက်ကိုမဆို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ ၀န်ခံခြင်း၊ ပြန်လည်ရှင်းပြခြင်း၊ နောင်အခါ သတိကြီးစွာထား၍ ဆောင်ရွက်ခြင်းတို့ကို မိမိအနေဖြင့် မဖြစ်မနေ ပြုလုပ်မည်သာ ဖြစ်ပါသည်။
မိမိမှာ ပြန်လည်ရှင်းပြစရာ အချက်အလက်များ ရှိနေပါသော်လည်း အမရဒီပ ဆိုသူ၏ စာနှင့်ပတ်သက်၍-
၁။  ခေါင်းစဉ်စာသားမှာပင် မေတ္တာ စေတနာ ရနံ့ ကင်းမဲ့သည်ဟု ခံစားရခြင်း။
၂။ ကာယကံရှင်နှင့် ဆွေးနွေးလျှင် ပြီးနိုင်သည့်ကိစ္စတစ်ခုကို လူအများစိတ်အနှောက်အယှက်ဖြစ်အောင် ဖန်တီးသည်ဟု သဘောရခြင်း။
၃။ စာ အစ အဆုံးကို ဖတ်ကြည့်သည့်အခါ သူတော်ကောင်းဓာတ်ခံ နည်းပါသည်ဟု သုံးသပ်မိခြင်း။
၎။ အွန်လိုင်းပေါ်တွင် စာတတန် ပေတတန်ဖြင့် တကူးတက ရှင်းပြရလောက်အောင် စာပေအရည်အချင်း၊ စိတ်ဓာတ်  အရည်အချင်း(၂) မျိုးလုံး ပြည်စုံသူဟု  မိမိအနေဖြင့် မယူဆခြင်း တို့ကြောင့် မိမိ၏ တန်ဘိုးရှိသော အချိန်များကို အကျိုးမဲ့ မဖြစ်စေတော့ပါ။
သို့သော် အမရဒီပဆိုသူ ကိုယ်တိုင် အဘက်ဘက်က ပြီးပြည့်စုံသူဟုလည်ကောင်း၊ မိမိနှင့်တကွ အသင်းသားများပေါ် မေတ္တာ စေတနာ ရှိသူဟုလည်းကောင်း  ယုံကြည်ယူဆပါလျှင် အဘိဓမ္မာအသင်းကြီးမှ တဆင့် မိမိအား လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း၊ ဖြစ်စေ ဆက်သွယ်၍ ဝေဘန်အကြံပြု ဆွေးနွေးရန် ဖိတ်ခေါ်ပါသည်။
အခွင့်သာပါကလည်း မိမိတို့ အဘိဓမ္မာအသင်းကြီးတွင် ပြည့်စုံသည် ဆရာတစ်ဦးအဖြစ် သင်တန်များ လာရောက်ပို့ချပါလျှင် မိမိနှင့်တကွ အသင်းသူ အသင်းသားများမှ ၀မ်းမြောက်စွာ ကြိုဆိုနေမည် ဖြစ်ပါသည်။
မှတ်ချက်။ ။  နောင်အခါ အလားတူစာမျိုးကို ရေးသားမည်ဆိုပါက အတ္ထသံဟိတ နှင့် မေတ္တစိတ္တ အချက် ၂ချက်ကို ရင်ဘတ်ထဲအရင်ထည့်ပြီးမှ ရေးလျှင် အများလေးစားဖွယ် ဖြစ်ပါလိမ့်မည် ဟု အမရဒီပ ၏ အကျိုးကို လိုလားစွာဖြင့် အကြံပြုပါသည်။
Monday, February 20, 2012
ပိဋက နှင့် နိကာယ်ကို သရုပ်မကွဲသူအဘိဓမ္မာဆရာတဦး (စင်္ကာပူ၊ အဘိဓမ္မာအသင်းကြီးသို့ )
အဘိဓမ္မာ----။
ဗုဒ္ဓဘာသာ၏နက်နဲသောအတွေးအခေါ်ကိုပြဆိုရာတရားတော်များစုဝေးရာနေရာဖြစ်သည်။ ပုဂ္ဂလဓိဋ္ဌာန်အားဖြင့်
 ဖော်ပြခြင်းမပြုဘဲ ဓမ္မဓိဋ္ဌာန်အားဖြင့်သာ ဟောပြသောတရားတော်များစုဝေးရာနေရာဖြစ်သည်။
အဘိဓမ္မာသင်တန်း---။
အဘိဓမ္မာကို သင်တန်းအဖြစ်ရော၊ တရားပွဲအဖြစ်ရော သင်ကြားပို့ ချမှုများမှာ ယနေ့ ခေတ်သည်
အလွန်ပွင့်လင်းသောခေတ်ဖြစ်လေသည်။သို့ ဖြစ်ပေရာ မိမိသည်လည်း အဘိဓမ္မာသင်တန်း၊ အဘိဓမ္မာ
တရားတော်များကို အွန်လိုင်းမှတဆင့် လေ့လာသင်ယူသူတဦးဖြစ်နေခဲ့သည်။ အခြားတပါးသို့ သွား
ရောက်ခဲ့ခြင်းမရှိဘဲ ကိုယ့်နေရာကလေးမှာပင် အဘိဓမ္မာတရားကို လေ့လာခဲ့ရခြင်းအတွက် အလွန်ပင် သက်တောင့်သက်သာရှိလှ၏။ ခေတ်သစ်တက္ကနိုလိုဂျီသည် ဗုဒ္ဓတရားတော်ကို လေ့လာသင်ယူရာတွင်
 ထိရောက်သော သင်ထောက်ကူပစ္စည်းတခုဖြစ်ပေရာ အလွန်ကျေးဇူးများလှ၏။
စင်္ကာပူနိုင်ငံ၊ အဘိဓမ္မာအသင်းကြီး (Abhidhamma Foundation) ၏ အဘိဓမ္မာသင်တန်းအသံဖိုင်များကို 
နာယူမိသည်။ ပထမအသံဖိုင်မှာ အဖွင့်တရားတော်ဖြစ်သည်။ ယင်းတရားဟောပြောချက်တွင် သင်တန်းဆရာက
ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ်အကြောင်းကို ရှင်းပြသွားပါ၏။ ထိုသင်တန်းဆရာ၏ရှင်းပြချက်မှာ ကြားနေကျ
အဓိပ္ပါယ်မဟုတ်ဘဲ ထူးဆန်းနေ၏။ သူ၏ရှင်းပြချက်ဆိုလိုရင်းမှာ ဖော်ပြပါအတိုင်းဖြစ်၏။ (မူရင်းကိုနားထောင်လိုက ဆောင်းပါးအဆုံးသတ်တွင်ဖော်ပြထားသည့်လင့်အတိုင်း သွားပါလေ-------။)
           "မြတ်စွာဘုရားဟောတဲ့တရားတော်တွေကို ဓမ္မက္ခန္ဓာအားဖြင့်ရေတွက်မယ်ဆိုရင် ရှစ်သောင်း
လေးထောင်ရှိတယ်။အသောကမင်းတရားကြီးက ရေတွင်းပေါင်းရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း
ရှစ်သောင်းလေးထောင်၊ စေတီပေါင်းရှစ်သောင်းလေးထောင်တည်တယ်ဆိုတာ အဲဒီ ဓမ္မက္ခန္ဓာကိုပူဇော်တဲ့အနေနဲ့ 
တည်တာပဲ။ အဲဒီတော့ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို အကျဉ်းအားဖြင့်ထပ်ခွဲပါဆိုတော့ 
နံပတ် ၁- ဝိနည်းပိဋကတ်၊ ဝိနည်းပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်း နှစ်သောင်းတထောင်၊ ၂-သုတ္တန်ပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်းနှစ်သောင်းတထောင်၊ အဘိဓမ္မာပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်းလေးသောင်းနှစ်ထောင်၊ အားလုံးပေါင်းရှစ်သောင်းလေးထောင်-----။ နိကာယ် ၅ ရပ်အနေနဲ့ ခွဲရင်ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ 
အဂုင်္တ္တရနိကာယ်၊ သံယုတ္တနိကာယ်၊ ခုဒ္ဒကနိကာယ်၊ အားလုံးပေါင်း ၅ ခု--။ 
အဲဒီတော့ လူတွေမှာ ပြဿနာတက်တာရှိတယ်၊ ပိဋကသုံးပုံနဲ့ နိကာယ် ၅ ရပ်တူသလားဆိုတော့ မတူဘူး၊ 
မှတ်ထားနော်၊ သို့ သော်လည်း ပိဋက ၃ ပုံကို နိကာယ် ၅ ရပ်ထဲမှာ သွင်းဆိုသွင်းလို့ ရတယ်။ ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာပိဋကတ်အားလုံးဟာ ခုဒ္ဒကနိကာယ်ထဲမှာ ပါတယ်။ အဲဒီတော့ ပိဋက ၃ ပုံရွတ်တာကို တိပိဋကလို့ 
ပြောတယ်။ နိကာယ်တွေကို ရွတ်တာမဟုတ်ဘူးနော်၊ နိကာယ်အတွက် စာအုပ်တွေကသီးသန့် ရှိသေးတယ်။
 နိကာယ် ၅ ရပ်လုံးကို အာဂုံဆောင်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ မပေါ်သေးဘူး။ ပိဋကတ်သုံးပုံကို အာဂုံဆောင်တာနဲ့ ၊
 နိကာယ် ၅ ရပ်ကို အာဂုံဆောင်တာနဲ့  မတူဘူး။ လူတွေမှာတခါတလေကျရင် ဝေသွားတတ်တယ်နော်--။ 
ဝိနည်းပိဋကရော၊ သုတ္တန်ပိဋကရော၊ အဘိဓမ္မာပိဋကရော နိကာယ်အားဖြင့်ပြောလိုက်ရင် ခုဒ္ဒကနိကာယ်ထဲ ရောက်သွားတယ်နော်--။ခုဒ္ဒကနိကာယ်တခုတည်းပဲ--။
သာသနာလောကမှာ---တိပိဋကတွေ---မင်းကွန်းဆရာတော်ကြီးတို့ တော့ ပေါ်ပြီနဲ့ တူတယ်။ နိကာယ် ၅ ရပ်ထဲမှာ
 နိကာယ် ၄ ခုလောက်ကို အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တပါးပေါ်တယ်။ အဲဒီပုဂ္ဂိုလ်ကဘယ်သူလဲဆိုရင် ဘုန်းဘုန်းတို့ တော့ 
မမှီဘူး။ သူ့ ကိုဘုန်းကြီးဘဝနဲ့ မမှီဘူး။ သူဟာ ယောက်ကော်ဆရာတော်တို့ ၊ ဦးပရမဝဏ္ဏသိဒ္ဓိတို့ နဲ့ အတူတူ
 ဗိုလ်ချုပ်စိန်လွင်လက်ထက်မှာ လူချွတ်ခံရတယ်နဲ့ တူတယ်။ သူ့ ဘုန်းကြီးဘွဲ့ တော့ မသိဘူး။ သူဟာဟိုအရင်တုန်းကမြန်မာနိုင်ငံမှာသာသနာ့ရောင်ခြည်ဆိုတဲ့စာစောင်ဆိုတာထွက်တယ်လေ။အဲဒီမှာ ဦးစံတင့် (စတုနိကာယဘာဏက) ဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်။ သူက နိကာယ် ၄ ခုအထိ အာဂုံဆောင်နိုင်တယ်။
ဒါ--- နိကာယ်နဲ့ ပိဋကတ်နဲ့ မတူဘူးဆိုတာပြောပြတာ--။ "
သင်တန်းပြဆရာ၏စကားတို့ ကို အကျဉ်းချုပ်ကြည့်သည်။
(က) ပိဋက ၃ ပုံ နှင့် နိကာယ် ၅ ရပ်ဆိုတာအတူတူမဟုတ်
(ခ) ပိဋက ၃ ပုံဆိုတာ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ် တခုတည်းပါ။
(ဂ) နိကာယ်စာအုပ် (နိကာယ်ကျမ်း)များဟု သီးသန့် ရှိသည်။
(ဃ) ပိဋက ၃ ပုံစာမေးပွဲအောင်သော်လည်း  နိကာယ် ၅ ရပ်ကို အောင်မြင်သူမဖြစ်နိုင်
(င)  နိကာယ် ၅ ရပ်အနက် မြန်မာပြည်မှာ နိကာယ် ၄ ရပ်အောင်မြင်သူမှာ ဦးစံတင့် (စတုနိကာယဘာဏက) ဆိုသူတယောက်သာရှိသေးသည်။ သူ့ အပြင် နောက်ထပ်မပေါ်သေး။
ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာ (ပါ-သီ-အ)ဟူသော အဋ္ဌကထာကြီး
 ၃ စောင်၏ နိဒါနကထာပိုင်းတွင် ပရိနိဗ္ဗာန်ဝင်စံတော်မူလေပြီးသောမြတ်စွာဘုရားရှင်၏စကားတော်များကို
အရှင်မဟာကဿပဦးဆောင်၍သံဂါယနာတင်ကြရာတွင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက်စနစ်တကျ
စုစည်းလိုက်ကြပုံများကို အသေးစိတ်ဖော်ပြထားပါ၏။ စင်္ကာပူ၊အဘိဓမ္မာအသင်းနည်းပြဆရာ၏ရှင်းပြချက်မှားသည်၊ မှန်သည်ကို ဝေဖန်ဆန်းစစ်ရာတွင် အထက်ပါအဋ္ဌကထာကြီးများ၏အဆိုအမိန့် များကို မှတ်ကျောက်အဖြစ်
အသုံးပြုမည်ဖြစ်ပါသည်။
"တံ သဗ္ဗမ္ပိ သင်္ဂယှမာနံ  ပိဋကတော တီဏိ ပိဋကာနိ ဟောန္တိ,နိကာယတော ပဉ္စ နိကာယာ,အင်္ဂတော နဝင်္ဂါနိ,
ဓမ္မက္ခန္ဓတော စတုရာသီတိပဉ္စသဟဿာနိ= မြတ်စွာဘုရား၏ စကားတော်များကို ပေါင်းစုလိုက်လျှင်
 ပိဋကအားဖြင့် ၃ ပုံ၊ နိကာယ်အားဖြင့် ၅ ရပ်၊ အင်္ဂါအားဖြင့် ၉ ခု၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်
ဖြစ်လာလေသည်။"
"ကထံ?သဗ္ဗမ္ပိ ဟေတံ ပိဋကတော ဝိနယပိဋကံ သုတ္တန္တပိဋကံ အဘိဓမ္မပိဋကန္တိတိပ္ပဘေဒမေဝ ဟောတိ=   
မည်သို့ မည်ပုံ ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ်စသည်ဖြစ်သနည်း? မြတ်စွာဘုရားရှင်၏စကားတော်အားလုံးသည်
 ပိဋကအားဖြင့် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကအားဖြင့် ၃ မျိုးပြား၏။ "
ဤသို့  ပိဋက ၃ ပုံအမည်ကို အစချီပြီးနောက် ပါတိမောက်နှစ်ပါး၊ ဝိဘင်း နှစ်ပါး၊ ခန္ဓက ၂၂ ပါး၊ ပရိဝါရ ၁၆ ခု
 ( ဆဋ္ဌသံဂါယနာကျမ်းစာခွဲပုံအရ ပါရာဇိကပါဠိ၊ ပါစိတ္တိယပါဠိ၊ မဟာဝဂ္ဂပါဠိ၊ စူဠဝဂ္ဂပါဠိ၊ ပရိဝါရပါဠိ 
ဟူသောဝိနည်း ၅ ကျမ်း) သည် ဝိနယပိဋကမည်၏။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ 
အဂုင်္တ္တရနိကာယ်၊ ခုဒ္ဒကပါဌစသော ၁၅ ကျမ်းဟူသော ခုဒ္ဒကနိကာယ်သည် သုတ္တန္တပိဋကမည်၏။ ဓမ္မသင်္ဂဏီ 
(သို့ မဟုတ်) ဓမ္မသင်္ဂဟ စသော ၇ ကျမ်းသည် အဘိဓမ္မပိဋကမည်၏ ဟု အဓိပ္ပါယ်ရှင်းပြသည်။
ယင်းနောက် "ကထံ နိကာယတော ပဉ္စ နိကာယာတိ? နိကာယ်အားဖြင့် မည်သို့ မည်ပုံ  ၅ မျိုးဖြစ်ရသနည်း
 မေးခွန်းဖြင့်အစချီကာ နိကာယ်အကြောင်းကို အဋ္ဌကထာကျမ်းတို့ ရှင်းပြပြန်၏။ ထိုတွင် အုပ်စု (ဝဂ်) ၃၊ 
သုတ္တန်ပေါင်း ၃၄ ခုပါဝင်သော နိကာယ်သည် ဒီဃနိကာယ်မည်၏။ အုပ်စု ၁၅ စု၊ သုတ္တန်ပေါင်း ၁၅၂ ခု
ပါဝင်သော နိကာယ်သည် မဇ္ဈိမနိကာယ်မည်၏။ သုတ္တန်ပေါင်း ၇၇၆၂ ခုပါဝင်သောနိကာယ်သည် 
သံယုတ္တနိကာယ်မည်၏။ သံယုတ္တနိကာယ်တွင် ဒေဝတာသံယုတ်စသည်ဖြင့် ဆိုင်ရာသံယုတ်အမည်ပေးကာ
 ခွဲခြားထားသည်။ သုတ္တန်ပေါင်း ၉၅၅၇ ခုပါဝင်သောနိကာယ်သည် အဂုင်္တ္တရနိကာယ်မည်၏။ 
အဂုင်္တ္တရနိကာယ်တွင် ၁ မှ ၁၁ အထိ တရားအရေအတွက်အားလျော်စွာ ခွဲခြားထားသည်။
ခုဒ္ဒကနိကာယ်တွင် (ပထမသံဂါယနာကာလက) ခုဒ္ဒကပါဌစသော ကျမ်းပေါင်း ၁၅ ကျမ်းနှင့် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အဂုင်္တ္တရနိကာယ်ကျမ်းစာများအပအခြားသောကျမ်းများ (ဝိနည်း ၅၊ အဘိဓမ္မာ ၇ ကျမ်း) ပါဝင်ကြသည်။
 (ကတမော ခုဒ္ဒကနိကာယော ? သကလံ ဝိနယပိဋကံ,အဘိဓမ္မပိဋကံ,ခုဒ္ဒကပါဌာဒယော စ ပုဗ္ဗေ ဒဿိတာ ပဉ္စဒသပ္ပဘေဒါ, ဌပေတွာ စတ္တာရော နိကာယေ အဝသေသံ ဗုဒ္ဓဝစနံ။ ပါ-သီ-အ အဋ္ဌကထာများ)
စင်္ကာပူ၊ အဘိဓမ္မာအသင်းကြီး၏သင်တန်းပြဆရာက " အဲဒီတော့ လူတွေမှာ ပြဿနာတက်တာရှိတယ်၊
 ပိဋကသုံးပုံနဲ့ နိကာယ် ၅ ရပ်တူသလားဆိုတော့ မတူဘူး၊ မှတ်ထားနော်၊ သို့ သော်လည်း ပိဋက ၃ ပုံကို
 နိကာယ် ၅ ရပ်ထဲမှာ သွင်းဆိုသွင်းလို့ ရတယ်။ ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာပိဋကတ်အားလုံးဟာ
 ခုဒ္ဒကနိကာယ်ထဲမှာ ပါတယ်။" ဟု သေသေချာချာပြောဆို၏။ အမှန်မှာသူပြောသလိုမဟုတ်ချေ--။ 
 ပါ-သီ-အ-အဋ္ဌကထာကြီးကျမ်း ၃ စောင်အရ ဝိနည်းပိဋက၊ အဘိဓမ္မာပိဋက ၂ သည် ခုဒ္ဒကနိကာယ်ထဲမှာ ပါသည်။အကျူံးဝင်သည်။ သုတ္တန်ကို ခုဒ္ဒကနိကာယ်အဖြစ်ပြောရာတွင် သတိပြုသင့်၏။ ဒီဃနိကာယ်လာသုတ္တန်၊ မဇ္ဈိမနိကာယ်လာသုတ္တန်၊ သံယုတ္တနိကာယ်လာသုတ္တန်၊ အဂုင်္တ္တရနိကာယ်လာသုတ္တန်များသည် ခုဒ္ဒကနိကာယ်မှာ
 မပါကြပါ--။သီးခြားနိကာယ်အမည်ရှိနှင့်ပြီးဖြစ်ကြ၏။ 
ထို့ ကြောင့် ဒီ-မဇ်-သံ-အင်နိကာယ်များမှာမပါသော သုတ္တန်များသည် ခုဒ္ဒကနိကာယ်မှာ ပါကြသည်ဟုသာ ဆိုနိုင်ပါ၏။ ခွဲခြားပြောရမည့်နေရာမှာ ခွဲခြားပြီးမပြောလျှင် လွဲတတ်သည်။
သင်တန်းနည်းပြက ဘာဘာညာညာမခွဲခြားဘဲ ရောချလိုက်သည့်အတွက် သူ၏စကားအမှားဖြစ်လေသည်။
တဖန် သင်တန်းနည်းပြက " အဲဒီတော့ ပိဋက ၃ ပုံရွတ်တာကို တိပိဋကလို့ ပြောတယ်။ နိကာယ်တွေကို 
ရွတ်တာမဟုတ်ဘူးနော်၊ နိကာယ်အတွက် စာအုပ်တွေကသီးသန့် ရှိသေးတယ်။"ဟု ပြောပြန်၏။ 
သူက လူတွေ ပိဋက ၃ ၊ နိကာယ် ၅ ရပ်နှင့်ပတ်သက်ပြီးတွေဝေနေသည်ဟု ဆို၏။ အမှန်မှာ 
သူကိုယ်တိုင်တွေဝေနေခြင်းပင်ဖြစ်လေရာ "ကိုယ့်မျက်ချေးတော့ကိုယ်မမြင်၊ သူများမျက်ချေးကိုလိုက်မြင်သူပမာ"
ဖြစ်နေလေသည်။
ဥပမာ------ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့သည် မင်္ဂလသုတ်ကို ရွတ်ဆိုကြ၏။ ပိဋကအနေဖြင့်ဘယ်ပိဋကကို
ရွတ်သနည်းမေးက သုတ္တန်ပိဋကကို ရွတ်သည်ဟု ဖြေရ၏။ နိကာယ်အနေဖြင့် ဘယ်နိကာယ်ကိုရွတ်သနည်းမေးက မင်္ဂလသုတ်သည် သုတ္တနိပါတပါဠိ၊ စူဠဝဂ်တွင်ပါဝင်သောကြောင့် ခုဒ္ဒကနိကာယ်ကို ရွတ်သည်ဟုဖြေရ၏။ 
ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်သည်ဆိုပါစို့ ---။ ဘယ်ပိဋကကို ရွတ်သနည်းမေးလျှင် အဘိဓမ္မာပိဋကကို 
ရွတ်သည်ဖြေမည်။ ဘယ်နိကာယ်ကိုရွတ်သနည်းမေးလျှင် ခုဒ္ဒကနိကာယ်ကိုရွတ်သည်ဖြေမည်။
ပိဋကကိုရွတ်တာနှင့်နိကာယ်ကို ရွတ်တာမတူဟူသောစကားမှာသင်တန်းပြဆရာသည် ဆဋ္ဌမူပါဠိတော်
စာအုပ်များ၏မျက်နှာဖုံးမှာပါသည့် စာများကို အသေအချာကြည့်ဖူးပုံမပေါ်ကြောင်း "စကားထဲက သက်သေပြ"ဆိုသလို
 ထင်ရှား၏။
စင်စစ် ဆဋ္ဌမူပါဠိတော်စာအုပ်မျက်နှာဖုံးတိုင်းမှာ ယင်းစာအုပ်ပါဝင်သော ပိဋကအုပ်စု၊ နိကာယ်အုပ်စုအမည်များ
ကို တိတိကျကျ ထင်ထင်ရှားရှားဖော်ပြထားစမြဲဖြစ်လေသည်။ သို့ဖြစ်ပေရာ"ပိဋကကိုပဲရွတ်တာ၊
နိကာယ်ကိုရွတ်တာမဟုတ်" ဟူသောသူ၏စကားမှာ ကာယကံရှင်သင်တန်းဆရာ၏ ဗဟုသုတနည်းမှုကို
 ဖော်ပြသည်မှတပါးအခြားအကြောင်းမရှိပါချေ--။
နိကာယ်အတွက်စာအုပ်သီးသန့် ရှိသေးသည်ဟု သူကခပ်တည်တည်လုပ်နေသေးရာ နီးစပ်သူ အဘိဓမ္မာ
သင်တန်းသူ၊ သင်တန်းသားက နိကာယ်စာအုပ်များကို လက်တွေ့ ပြရန် တိုက်တွန်းသင့်ပါသည်။ သင်တန်းနည်းပြဆရာအလိုအရ မြန်မာပြည်ရှိ တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်များသည် ပိဋက ၃ ပုံကိုသာ အောင်သေးသည်၊ နိကာယ် ၅ ရပ်ကိုမအောင်ကြသေးဟု ဆိုရ၏။ ဆရာတော်များ၏ဂုဏ်ကို သေးသိမ်စေပြီး စိတ်ပျက်ဖွယ်ကောင်းသောစကားဖြစ်၏။ တဏှာနှင့် လောဘအတူတူ (တခုတည်း)ဟု မသိသူ
တဦးက "ငါလောဘတော့ အကုန်ပယ်နိုင်ပြီ၊ တဏှာတော့ နည်းနည်းကျန်သေးတယ်"ပြောသလိုဖြစ်နေ၏။
နိကာယ် ၅ ရပ်အနက် နိကာယ် ၄ ရပ်အောင်မြင်သူအဖြစ် သာသနာရေးဦးစီးဌာနထုတ် သာသနာ့ရောင်ခြည်
စာစောင်၏ဆောင်းပါးရှင်တဦးဖြစ်ခဲ့သောဦးစံတင့် (စတုနိကာယဘာဏက)ဆိုသူကို သက်သေပြ၏။ ဦးစံတင့်၏ ဆောင်းပါးတပုဒ်စ၊ နှစ်ပုဒ်စကို  စာရေးသူ (အမရဒီပ) လည်း ဖတ်ဖူး၏။ ထို ဦးစံတင့်သည် မည်သည့်စာမေးပွဲကို အောင်မြင်ပြီး "စတုနိကာယဘာဏက"ဖြစ်လာသည်ဆိုသည့်ကိစ္စကိုတော့ မသိပါ။ သို့ သော် ဦးစံတင့်နိကာယ် ၄ ခုကို ဆောင်နိုင်ခြင်းသည် ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ်ဆိုတာ  ၃ စု၊ ၅ စု အနေဖြင့် ခွဲခြားပုံခြင်းသာမတူသည်၊ အမည်ချင်းသာမတူသည်၊ တရားကိုယ်အရကောက်အနှစ်သာရချင်းမှာအတူတူဖြစ်သည်ဟူသော အဋ္ဌကထာကျမ်းကြီးတို့ ၏ ဖွင့်ဆိုရှင်းပြချက်ကို ပယ်ရှားတွန်းလှန်ရန် ခိုင်မာသောသက်သေမဟုတ်ပါချေ--။
ပိဋကနှင့် နိကာယမတူဟုဆိုချင်လျှင် ဦးစံတင့်ကို သက်သေမပြသင့်---။ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်နေသောကြောင့်ဖြစ်၏။
ခိုင်မာသော ထေရဝါဒပိဋကရှိ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကို ပြရပေမည်။ သို့ မှဓမ္မဓိဋ္ဌာန်ဆုံးဖြတ်ရာရောက်ပေမည်။
စင်္ကာပူရှိမြန်မာအများစုသည် ဗုဒ္ဓသာသနာအရေးကို ကိုယ်တတ်မြောက်ထားသည့် ကွန်ပြူတာအတတ်ပညာဖြင့်
 ပြန့် ပွားအောင်ဆောင်ရွက်ကြသည်ကို အွန်လိုင်းဓမ္မဒါနဌာနများတွင် တွေ့ မြင်ရ၏။ သီလ သမာဓိ ပညာရင့်ကျက်
ပြည့်စုံတော်မူသော ဆရာတော်ကြီးကို တပါးမဟုတ်တပါး ပင့်ဆောင်ပြီး အခါမလပ် တရားပွဲများ၊ သင်တန်းများ
ကျင်းပပြီး ဖွင့်လှစ်လေ့ရှိကြောင်း သတိပြုမိပါသည်။ စင်္ကာပူရောက်မြန်မာများသည် သာသနာရေးအတွက် တက်ကြွသူများဖြစ်ကြောင်း သိရ၏။အနာဂတ်သာသနာအတွက် စင်္ကာပူကို အများကြီးအားကိုးပါသည်။ 
သို့ သော် ဆွမ်းဆန်ထဲ ကြွက်ချေးရောတတ်သလို အမှန်ဓမ္မကို ရှာဖွေပါလျှက် အမှားအဓမ္မကို ရရှိတတ်သည့်အတွက် စင်္ကာပူ၊အဘိဓမ္မာအသင်းကြီးအနေဖြင့် အမှားကို အမှန်ဖြစ်အောင်ပို့ ချပေးတတ်သည့်ဆရာများ
 (သို့ မဟုတ်) ငါ့ဝါဒကို ဗုဒ္ဓဝါဒအဖြစ် ရုပ်ဖျက်ကာဖြန့် ဖြူးကြမည့်ဆရာများကိုသဒ္ဓါပညာသတိတရား
အပြည့်အဝသုံးစွဲကာ ရွေးချယ်သင့်ပါကြောင်း------။
အမရဒီပ
၂-၂ဝ-၂ဝ၁၂
အသံဖိုင်နားထောင်ရန်လင့်-------------------
http://www.abhidhammafoundation.org/index.php?option=com_content&view=article&id=87&Itemid=82