Total Pageviews
Wednesday, February 22, 2012
မြစ်ကြီးနားရောက် ငါးဘွဲ့ ရဓမ္မာစရိယတယောက်
ကျော်ကြားတဲ့သီချင်းတပုဒ်အမည်ကိုတုပြီး ဆောင်းပါးခေါင်းစဉ်ပေးရာမှာ ကာရန်ငဲ့လိုက်တာမို့ "တပါး"အစား
"တယောက်"လို့ ရေးသားလိုက်ပါတယ်။ ကဗျာဆရာလိုင်စင်နဲ့ စကားလုံးကစားလိုက်ရတာကြောင့် ရိုင်းသလိုဖြစ်
သွားရင် ပညာရှိသူတော်ကောင်းများကျေနပ်ခွင့်လွှတ်ကြပါလို့ ကြိုတင်စကား ဆိုပါရစေ---။
အကြောင်းကဒီလိုပါ။ " မြစ်ကြီးနားရောက် ငါးဘွဲ့ ရဓမ္မာစရိယတယောက်" ဆိုတာ ကချင်ပြည်နယ်
၊မြစ်ကြီးနားမြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် (ဟောင်း) ဓမ္မာစရိယဘွဲ့  ၅ ခု
ရထားတဲ့ အရှင်ဝိစိတ္တသာရာဘိဝံသ ကို ဆိုလိုပါတယ်။ ဓမ္မာစရိယ ၅ ဘွဲ့ အနက် သကျသီဟဓမ္မာစရိယ၊
 စေတိယင်္ဂဏဓမ္မာစရိယ၊ အစိုးရဓမ္မာစရိယ ဆိုတဲ့ ဓမ္မာစရိယဘွဲ့ ၃ မျိုးကတော့ ပါဝင်ကြမှာ ကျိန်းသေပါတယ်။
 အခြားဓမ္မာစရိယ ၂ ဘွဲ့ အမည်တွေကိုတော့ မသေချာတာကြောင့် ခန့် မှန်းပြီးမရေးတော့ပါဘူး။ အရှင်ဝိစိတ္တာသာရာဘိဝံသနဲ့ အတူသီတင်းသုံးဖူးတဲ့ ရဟန်းတော်တွေကပဲ အတိအကျပြောနိုင်မယ်ထင်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းမှာ ဒီလို ဗုဒ္ဓစာပေနဲ့ ပတ်သက်ပြီး ထိပ်တန်းစာမေးပွဲတွေအလီလီအောင်မြင်ထားတဲ့ ဆရာတော်တပါးရှိနေတယ်လို့  သာမညအားဖြင့်ကြားရရင် သာသနာအတွက်အင်မတန်အားတက်ဝမ်းမြောက်
ရွှင်လန်းမိမှာ မြေကြီးလက်ခတ်မလွဲပါဘူး--။ သို့ သော် ဒီဆရာတော်အကြောင်းကြားစကတည်းက အယူအဆမှားတွေဟောပြောရေးသားမှုနဲ့  နိုင်ငံတော်သီးခြားဝိနိစ္ဆယခုံရုံးသို့ တက်ရောက်နေရတယ်ဆိုတာပဲ---။ အံ့သြချက်တွေကမ်းကုန်ဖြစ်သွားတယ်။ ဒီလောက်စာတတ်တာ ဒီလိုဖြစ်ရလားဟ--လို့ သူငယ်ချင်းတဦးကို
 ပြောမိတော့ "တကယ်စာတတ်ရင် ဘယ်ဒီလိုဖြစ်မလဲ" လို့ ပြန်ပြောတယ်။ သူ့ စကားက စဉ်းစားစရာ---။
"တကယ်စာတတ်ရင် ဘယ်ဒီလိုဖြစ်မလဲဆိုတော့ တကယ်စာမတတ်လို့ ဒီလိုဖြစ်တယ်" လို့ 
ပြောချင်တာပါကလား--။
မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသဟာ နိုင်ငံတော်သီးခြားဝိနိစ္ဆယအဖွဲ့ အသီးသီးက ခုံရုံးတင်စစ်ဆေးခဲ့တဲ့ 
များစွာသော စုဒိတက (တရားခံ)တွေထဲမှာ ဗုဒ္ဓစာပေဆိုင်ရာဘွဲ့ ထူးဂုဏ်ထူးတို့ ကို အများဆုံး၊ အမြင့်ဆုံးပိုင်ဆိုင်
သူဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တပါး ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတာကို ကာယကံရှင်နဲ့ နီးစပ်သူတွေပဲ တပ်အပ်
ပြောနိုင်မယ်။
သင်္ခန်းစာတခုရတာကတော့ "ဒီဘုန်းဘုန်းက အဘိဝံသဘွဲ့ ရထားတာ----။ ဒီဘုန်းဘုန်းက လင်္ကာရဘွဲ့ ရထား
တာ---- သူပြောတာ သူစာရေးတာ အမှားအလွဲမရှိနိုင်ပါဘူး"လို့ ပြောလေ့ပြောထရှိသူတွေအတွက် "မြစ်ကြီးနား
က ဘုန်းဘုန်းဦးဝိစိတ္တသာရ--သိတယ်မဟုတ်လား၊ ငါးဘွဲ့ ရ ဓမ္မာစရိယ၊ အဘိဝံသတပါးနော်၊ မေးခွန်းတွေ
ခက်လွန်းအားကြီးလို့  စာဖြေသံဃာတွေစာကြိုးစားရင်းပျံလွန်ကြတာကိုသိလို့ လယ်တီဆရာတော်ကြီးကတောင် "ရဟန်းသတ်ပွဲ"လို့ တင်စားခေါ်ဝေါ်သွားတဲ့ "သကျသီဟစာမေးပွဲ"ကို အောင်ထားတာလေ--သူလဲ ဝိနိစ္ဆယခုံရုံး
ကို အဖော်နဲ့ ရော၊ တပါးတည်းရောအကြိမ်ကြိမ်ရောက်နေရတာ မှားနေလို့ လား၊ မှန်နေလို့ လား သတိထား၊
စဉ်းစား"လို့  ပြန်ပြောမိတာပါပဲ-----။
ဟုတ်ပါတယ်။ မြစ်ကြီးနား အရှင်ဝိစိတ္တသာရာဘိဝံသဟာ ခရစ်နှစ်၂ဝဝ၆ ခုနှစ်မှာ မိုးညှင်းမြို့ ၊ မဟာသတိပဋ္ဌာန်
ရိပ်သာကျောင်းတိုက်ဆရာတော် ဦးခေမိန္ဒနဲ့ အတူတူ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ခုံရုံးအမှတ် (၁၅) သို့ ရောက်ရ
တယ်။  ခုံရုံးအမှတ် (၁၅)မှာ သူရဲ့ အယူအဆမှားတွေကတော့---------
(၁) ခန္ဓာ ၅ ပါး၊ ရုပ်နာမ်တရားတို့ ကို မရှုမှတ်ရ---။
 (၂) စိတ်ကိုသင်္ခတအာရုံမှာထား၍ ပွားလျှင် သမုဒယဖြစ်၍ ဒုက္ခဖြစ်တယ်၊ အသင်္ခတအာရုံမှာထား၍ရှုပွားလျှင် 
မဂ္ဂဖြစ်၍ နိဗ္ဗာန်ရတယ်----။
(၃)  ၃၁- ဘုံကိုအာရုံပြုရင် သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိဖြစ်တယ်--။
(၄) ခန္ဓာ ၅ ပါးက အကျိုးတရား၊ ဥပါဒါနက္ခန္ဓာ ၅ ပါးက အကြောင်းတရားဖြစ်တယ်။
(၅) သမုတိသစ္စာ၊ ပရမတ္ထသစ္စာလို့ သစ္စာ ၂ မျိုးထဲမဟုတ်၊ အရိယသစ္စာပါထည့်လို့  သစ္စာ ၃ မျိုးဖြစ်တယ်။
(၆) ပရမတ္ထသစ္စာကို ဝိပဿနာမရှုနဲ့ ၊မဂ်ဖိုလ်မရဘူး၊ ကိုယ်နုတ်စိတ်ဆိုတဲ့ အရိယသစ္စာကိုရှုပါ။
(၇) ဥပါဒါနက္ခန္ဓာ ၅ ပါးကိုရှုမှတ်လျှင် တဏှာ မာန ဒိဋ္ဌိဖြစ်တယ်။
မဇ္ဈိမပဋိပဒါဆိုတာနောက်ဆုံးသတိကပ်၍ရှု၊ သက္ကာယချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရှုတာဟာမဇ္ဈိမပဋိပဒါပါပဲ။
(၉) သီလဝန္တသုတ္တန်တွင် သီလသုတနှင့်ပြည့်စုံသော ဓမ္မယောဂီပုဂ္ဂိုလ်သည် ဥပါဒါနက္ခန္ဓာ ၅ ပါး၊ ရုပ်နာမ်တရားကို ပယ်စွန့် ခွါပြီးရှုမှတ်ပွားများ နှလုံးသွင်းရမယ်လို့ ဆိုထားတယ်။ (အမှန်က ပါဠိတော်ဆိုလိုရင်းမှာ သူပြောတာနဲ့ လုံးဝကွဲပြားပါတယ်။)------တို့ ဖြစ်ပါတယ်။
အမှတ် (၁၅)နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ဆရာတော်များက စုပေါင်းသုံးသပ်ချက်ပေးတော်မူကြရာမှာ----------
၁။ ဦးခေမိန္ဒ၊ ဦးဝိစိတ္တသာရာဘိဝံသတို့ သည် တရားဓမ္မများကိုဟောပြောရာတွင် ပါဠိတော်၊ အဋ္ဌကထာများကို မိမိတို့ စိတ်ထဲတွင်ထင်သည့်အတိုင်းဟောပြောခြင်း။
၂။ အဋ္ဌကထာအဖွင့်များကို မထီလေးစားသဘောထားကာ မိမိကြိုက်သလိုသာ ဟောပြောခြင်း။
၃။ ထေရဝါဒပိဋကတော်လာ စာပေကျမ်းဂန်နှင့်အညီဟောပြောသော တရားဓမ္မများကို ပစ်ပစ်ခါခါရှုတ်ချ
ဟောပြောခြင်း။
၎။ သံဃာ့အဖွဲ့ အစည်းပေါ်ပေါက်စကာလက အဓမ္မဟုဆုံးဖြတ်ထားသော ကျောက်သင်္ဘောဝါဒအယူအဆများကို မသိမသာပြန်လည်အသက်သွင်းဟောပြောခြင်း။
၅။ ပရိယတ္တိစာပေဘွဲ့ ထူးဂုဏ်ထူးများရှိနေ၍ ပါဠိတော်၊ အဋ္ဌကထာ၊ဋီကာများကို ထိုက်သင့်သလောက်ကြည့်ရှုနိုင်
သော်လည်း တမင်သက်သက်ထင်ပေါ်အောင် ၊မသိနားမလည်သူများအထင်ကြီးအောင်ဟောပြောခြင်း။
၆။ ၄င်းတို့ ၏ဟောပြောချက်များ ၊ရေးသားချက်များသည် မြတ်စွာဘုရား၏ပဋိပတ္တိသာသနာတော်အကျင့်စခန်း
အတွက် အလွန်အန္တရာယ်များသောအနေအထားရှိခြင်း။
၇။ မသိနားမလည်၍ တရားဓမ္မကို အမှန်တကယ်ကြိုးစားအားထုတ်လိုသောဆန္ဒဖြင့် အလုပ်ပျက်ခံ၊ အချိန်ကုန်ခံ၊
 ငွေကြေးအကုန်ခံကာ၎င်းတို့ ထံ တပည့်ခံပြီးလာရောက်တရားနာ၊ နည်းယူကြသော သူတော်စင်များအတွက် အလွန်ရင်လေးဖွယ်ရာအခြေအနေရှိခြင်းစသောအကြောင်းအရပ်ရပ်တို့ ကြောင့် ဦးခေမိန္ဒ၊ ဦးဝိစိတ္တသာရာဘိဝံသ
တို့ ၏ ဟောပြောရေးသားချက်များနှင့်ပတ်သက်၍ စောဒကဆရာတော်များတင်ပြသော (၄၃) ချက်သည် 
အဓမ္မဝါဒဖြစ်သည်။ (၄၃)ချက်ကို လက်ခံလိုက်နာသူများသည် အဓမ္မဝါဒီများဖြစ်ကြသည်---လို့  ဆုံးဖြတ်
ခဲ့ကြပါတယ်။
ဘုရားဟောပိဋကကို ထုံးလိုချေ၊ရေလိုနှောက်နိုင်ဖို့ အခြေခံခိုင်မာအောင်လေ့ကျင့်တည်ဆောက်ပေးထားတဲ့ ထိပ်တန်းစာမေးပွဲများကို အောင်မြင်ထားသူ အရှင်ဝိစိတ္တသာရာဘိဝံသဟာ အမှတ်(၁၅) ဝိနည်းဓိုရ်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာ၊ မိမိကိုယ်မိမိလမ်းမှန်ပေါ်ရပ်တည်နိုင်အောင်ကြိုးစားခဲ့ဟန်မတူပါဘူး။ ဒါကြောင့် အမှတ် (၁၆) နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ခုံရုံးရှေ့ မှောက် တကိုယ်တော် ရောက်ရပြန်တယ်။ (တရားစွဲဆိုခြင်းခံရတယ်လို့
ဆိုလိုတာပါ။ တကယ်တော့ တရားရုံးဆုံးဖြတ်ချက်ကို နားထောင်နာယူဖို့ သူကိုယ်တိုင်မတက်ရောက်ဘူးလို့ သိ
ရပါတယ်။) 
ခရစ်နှစ် ၂ဝဝ၈ မှာ မြစ်ကြီးနားဝိစိတ္တသာရဝိနိစ္ဆယရယ်လို့ ပေါ်ထွက်တယ်။ မြန်မာပြည်မြောက်ပိုင်းရှိ ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းကျောင်းတခုကို အုပ်ချုပ်ပိုင်ခွင့်ရရှိထားတဲ့ အရှင်ဝိစိတ္တသာရာဘိဝံသဟာ သူ တပည့်သင်တန်းသားရဟန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အပြာရောင်ဝတ် ဓမ္မဝိဟာရီအရှင်ဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒတ
ရားတွေကို ဟောပြောသင်တန်းပေးနေကြောင်း အထက်သံဃာအဖွဲ့ အစည်းဆီတင်ပြခြင်းခံရပါတော့တယ်။
အရှင်ဝိစိတ္တသာရာဘိဝံသရဲ့အယူအဆတွေထဲမှာ သဘောပေါက်လွယ်တဲ့အယူအဆတချို့ ကို တင်ပြပါရစေ။
လူရဲ့အသက်ကိုသတ်မှ ပါဏာတိပါတဖြစ်တယ်။ ခွေး၊ နွား၊ ကျွဲ၊ဆိတ်စတဲ့ တိရစ္ဆာန်ကိုသတ်ရင်
ပါဏာတိပါတမဖြစ်ဘူး။ တဦးတယောက်ပိုင်ပစ္စည်းကိုခိုးရင် အဒိန္နာဒါနဖြစ်တယ်။ သမဝါယမပိုင်၊ အသင်းပိုင်၊ အစိုးရပိုင်၊ ပြည်သူပိုင်ပစ္စည်းကိုခိုးရင် အဒိန္နာဒါနမဖြစ်ဘူး။ အရက်ကိုမူးအောင်သောက်မှ သုရာမေရယ
သိက္ခာပုဒ်ပျက်တယ်။ မူးအောင်မသောက်ရင် အဲဒီသိက္ခာပုဒ်မပျက်ဘူး---ဆိုတာတွေပါလာတယ်။
ဒါကြောင့်ဖြစ်ပါလိမ့်မယ်။ မြစ်ကြီးနားဝိစိတ္တသာရဝိနိစ္ဆယကျမ်းအစမှာ သူရဲ့လုပ်ရပ်တွေကို ပါဠိဂါထာနဲ့ မှတ်တမ်း
ပြုထားတယ်။ ဒီမှာတော့ ပါဠိကို ကူးမပြတော့ဘူးနော်။ မြန်မာပြန်လောက်ပဲကူးရေးပြပါရစေ---။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ကျောင်းအုပ်ဆရာ 
တော်အရှင်ဝိစိတ္တသာရာဘိဝံသည် ရှင်တော်ဘုရားဟောကြားမိန့် မှတ် ပိဋကတ်ဒေသနာ 
တရားရတနာတို့ ကို ကပြောင်းကပြန်မှောက်လှန်ဇောက်ထိုး အရုပ်ဆိုးအောင် မိစ္ဆာဝါဒမှောင်
ကြီးကျလျက် ဝါဒသစ်ထွင် ဆန့် ကျင်ဖျက်ဆီး၍နေပေပြီ။
မှန်၏။ ထိုဝိစိတ္တသာရာဘိဝံသသည် သဗ္ဗညုတာဉာဏ်မဟာဖြင့် ကောင်းစွာဟောအပ် ပါဠိ
တော်မြတ်ကိုလည်း ပစ္စုပ္ပန္နကမ္မဝါဒအမြင် အသစ်ထွင်လျက်ဆန့် ကျင်ပယ်ဖျက်ခဲ့လေပြီ။
သံဂါယနာခြောက်တန်ဝင် သန့် စင်မွန်မြတ် ပိဋကတ်အဖွင့်ကျမ်းစာ အဋ္ဌကထာ ဋီကာတို့ ကို
လည်း ငါ့လောက်မသိ ငါ့လောက်မတတ် ငါသာတတ်ဟု ဂါဟတ်ဖမ်းစား မာနတရားဖြင့် ပယ်
ရှားစွန့် ပစ်ခဲ့လေပြီ (ဝါ) ပစ်ရှားစွန့် ပစ်၍ နေပေပြီ။
ထိုဝိစိတ္တသာရာဘိဝံသသည် စတုတ္ထပါရာဇိက ဝိနိစ္ဆယဖြင့် လျောကျပျက်စီး မိစ္ဆာဝါဒီ လူမိုက် 
ကြီးကို ထံနီးချဉ်းကပ် မပြတ်ခစား လူပေါင်းမှားသည်ဖြစ်၍ ဗုဒ္ဓအရှင်မြတ်မဟောအပ်သည့်
တရားကို ဟောအပ်၏ဟုလည်းကောင်း၊ ရှင်တော်ဗုဒ္ဓ ဟောဖော်ပြသည့် အတိတ်ဘဝ အနာ
ဂတ်ဘဝ စသည်များပြား မြတ်တရားကိုမူ ရှင်တော်ဘုရားမဟောကြားဟူ၍လည်းကောင်း၊
မသိနားမလည်သူ ရှင်နှင်လူကို ဆွယ်မြှူ ဟောကြား အမြင်မှားစေပြီး၍ အတိတ်ဘဝမရှိ အနာ
ဂတ်ဘဝမရှိ နတ်ပြည် ဗြဟ္မာပြည်မရှိ အပါယ်လေးဘုံမရှိ စသည်ဆိုးဝါး မိစ္ဆာဒိဋ္ဌိတရားကို
တမိုက်တထွာ ဉာဏ်ပိန်တာဖြင့် မဟာလူသား မြတ်ဘုရားကို ထောင်လွှားမာန ပဠာသဖြင့်
ဟောပြဖြန့် ဝေ ဖျက်ဆီးခဲ့ပါပေပြီ။
သည်လို အမှုတွဲတွေရဲ့ ကွင်းဆက်ကြောင့်ဖြစ်ဟန်တူပါတယ်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကျောင်း
အုပ်ရာထူးနေရာမှ ပယ်ရှားခံရတယ်။ ဝိနိစ္ဆယချမှတ်ရာသို့ မလာရောက်ဘဲ နေမှုကြောင့် အဖမ်းခံရမယ်အထိ
 ရောက်လာတာမို့  အရှင်ဝိစိတ္တသာရာဘိဝံသဟာ မြစ်ကြီးနားမြို့ မှရှောင်တိမ်းသွားခဲ့ပြီး အခုလက်ငင်းကာလမှာ
တရုပ်မြန်မာနယ်စပ်တနေရာမှာ ခိုအောင်းနေထိုင်နေတယ်လို့  ဟိုကသည်က သတင်းအစအနတွေ ကြားနေ
ရပါတယ်။ 
မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို လေ့လာကြည့်ရင် ဗုဒ္ဓစာပေစာမေးပွဲတွေကို အလီလီအောင်မြင်ထားပေမယ့် အယူအဆမှားသွားသူဖြစ်နိုင်တယ်ဆိုတာ သိသာပါတယ်။ ဒီဖြစ်ရပ်မှန်ကို ကြားဖူးသူတဦးအနေနဲ့ တော့ ဘွဲ့ ထူးဂုဏ်ထူးဆိုတာဟာ အမှားကင်းသူဖြစ်တယ်လို့ အာမခံချက်ပေးခြင်းမဟုတ်
ပါဘူး။ အမှားကင်းသူတဦးဖြစ်ရေးအတွက် တည်ဆောက်ထုတ်လုပ်ရာမှာ ဘွဲ့ ထူးဂုဏ်ထူးတွေဟာအထောက်
အကူပြုပစ္စည်းတရပ်ဖြစ်တယ်လို့ သာ နားလည်ယူဆပါတယ်။
ဗုဒ္ဓစာပေဆိုင်ရာဘွဲ့ ထူးဂုဏ်ထူးတွေကို အားကိုးပြုပြီး မြစ်ကြီးနားအရှင်ဝိစိတ္တသာရာဘိဝံသလို
 "ပိဋကစည်းမျဉ်း"ကို ဖျက်ဆီးလွန်ကျူးပြီး ပြောကြ၊ ဟောကြ၊ သင်တန်းပို့ ချကြသူတွေ ပေါ်ပေါက်လာရင်လည်း
 နေရာဌာနကို လိုက်ပြီး ----
ဥပမာ -- ထိုင်းနိုင်ငံရောက် ဓမ္မာစရိယတယောက်၊ မလေးရှားရောက် ကမ္မဋ္ဌာန်းဆရာတယောက်၊ 
အမေရိကားရောက် အဂ္ဂမဟာပဏ္ဍိတတယောက်၊ အင်္ဂလန်ရောက် ပထမကျော်တယောက်၊ သီရိလင်္ကာရောက် အဘိဝံသတယောက်၊အိန္ဒိယရောက် ပါဠိပါရဂူတယောက်၊ စင်္ကာပူရောက်အမ်အေတယောက်၊
ကနေဒါရောက်သာမဏေကျော်တယောက် ၊(ဦးဓမ္မိကာဘိဝံသကို မဆိုလိုပါ၊ ဆရာတော်က
 သာမဏေကျော်ကလောင်နဲ့ စာရေးတယ်။)---လို့ အမည်တွေနဲ့ ဆောင်းပါးရေးသားမလားလို့ တောင် 
တခါတခါ စိတ်ကူးတယ်။
 (ကိုယ်မရေးဖြစ်လည်း အဆင်ပြေတဲ့သူတွေ ရေးကြပါလို့  အဘိယာစကပြုပါတယ်။)စိတ်ကူးမျှသာဖြစ်ပါတယ်။
 အရှင်ဝိစိတ္တသာရာဘိဝံသလိုမျိုး ဗုဒ္ဓသာသနာရောက်လေရာ နိုင်ငံတိုင်းမှာတော့ မရှိနိုင်ပါ။ မရှိသေးဘူးဆိုရင်
 မှန်မလားပဲ။ မရှိပါစေ-နဲ့ လို့တောင့်တမိပါတယ်။
အမရဒီပ
၂-၂၂-၂ဝ၁၂
ကျမ်းကိုး
၁။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့  (၁၅) ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရာဘိဝံသတို့ ဟောပြောရေးသားချက်များ
 ဓမ္မ---အဓမ္မအငြင်းမှုခင်းဆုံးဖြတ်ချက်။သာသနာရေးဦးစီးဌာန၊ရန်ကုန်။
၂။ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့  (၁၆) မြစ်ကြီးနားဝိစိတ္တသာရဝါဒဝိနိစ္ဆယ
သာသနာရေးဦးစီးဌာန၊ရန်ကုန်။
ကျေးဇူးတင်စကား
အထက်ပါစာအုပ်တွေကို ဓမ္မလက်ဆောင်ပါးတဲ့ ဓမ္မမိတ်ဆွေဦးထွန်းအောင်ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်--။
No comments: