Total Pageviews
Thursday, January 24, 2013
ဓာတ်ဆရာမောင်ပို နှင့် ဗလမင်းထင်
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂ )က ရှင်ဥက္ကဋ္ဌ၏လူသေလူဖြစ်ဝါဒအမွေခံတပည့်များအား ယင်းတို့ ၏ မှားယွင်းသောအယူဝါဒများကို ပိဋကတ်တော်ကျမ်းများနှင့်အညီ စီစစ်ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ရုံးလုပ်ငန်း
ဆိုင်ရာများဆောင်ရွက်ကြသည်။ ယင်းနောက် ထိုစဉ်က နိုင်ငံတော်သံဃမဟာနာယကအလှည့်ကျအဖွဲ့ ခွဲဥက္ကဋ္ဌ
ဆရာတော်ကြီးသြဝါဒကောက်နုတ်ချက်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ၏။
"၁။ သာသနာဝင် ရာဇဝင်တွေကို ရှည်လျားစွာမပြောတော့ဘဲ "အောင်ကျော်ချမ်းအေး မန္တလေး"ဆိုတဲ့ဆောင်ပုဒ်
အရ ကောဇာသက္ကရာဇ်၁၂၂၁ခုနှစ်တွင် မန္တလေးမြို့ တော်ကို တည်ထောင်တော်မူ၍ သူမတူအောင်သာသနာပြု
သွားသည့် မင်းတုန်းဘုရင်သည် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး၏တိုးတက်စည်ပင်ရေးကို ရှေးရှု၍ အလွန်သာသ
နာပြုတော်မူသည်၊ ကျောင်းတိုက်ပေါင်းမြောက်မြားစွာတည်ဆောက်၍ တံဆိပ်တော်ရ-မရ ရာတော်များအား လစဉ်ဆွမ်းဆန်တော်များ ထောက်ပံ့လှုဒါန်းလေသည်။ ရဟန်းဝိနည်းသိက္ခာပုဒ်မပျက်ပြားစေရန်အတွက် မဟာဒါန်ဝန်များခန့် ထားတော်မူလျက် အဘက်ဘက်မှမလိုရအောင် ဆောင်ရွက်တော်မူသည်။ ပါဠိတော်ပိဋကကျမ်းစာများကို ကျောက်ဖြူပြား၌ရေးသားစေ၍ သေလက္ခရာရုဠှပဉ္စမသံဂါယနာဒါယကာခံယူတော်
မူသွားလေသည်။
၂။ သို့ ကလောက်သာသနာတော်ထွန်းကားနေသည့်အခါမှာပင် ဓာတ်ဆရာဦးပိုသည် သာသနာ ၅ဝဝဝ ကိစ္စနှင့်
စပ်လျဉ်းပြီး မျှတသောအများဝါဒကို ဆန့် ကျင်လျက် ရတနာသုံးပါးကို စော်ကားခဲ့သည်။ ထိုအခါ သာသနာပြု မင်းတုန်းမင်းတရားကြီးက ငပိုကို ခေါ်ယူကိုယ်တိုင်စစ်မေးပြီး သမာနဝါဒမျှတညီညွတ်သောအယူကိုယူဖို့ နှင့်
အများကိုမပုတ်ခတ်ဖို့ ဖျောင်းဖျတော်မူခဲ့သည်။ သို့ သော် ဦးပိုသည် တယူသန်အယူသည်းခေါင်းမာသူဖြစ်၍ သူ၏အယူကို မစွန့် သည်အတွက် ကွပ်မျက်ခံခဲ့ရလေသည်။ ဤကိစ္စတွင် ဦးပိုသည် သတ္တိပြောင်သော သူရဲကောင်းမဖြစ်ဘဲ တပင်ရွှေထီးမင်းလက်ထက်က လက်မထိပ်၌ အပ်ရိုက်လူရွေးပွဲတွင် အရွေးမခံရ၍ ရှက်ရမ်း
ရမ်းပြီး မိမိဗိုက်ကိုခွဲ အူထုတ်ပြီးအသေခံသွားသော ဗလမင်းထင်ကဲ့သို့ မိုက်ရူးရဲတဦးအဖြစ်သာ အဖတ်တင်ခဲ့
လေသည်။"
လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယဆုံးဖြတ်ချက်၊ ၁၁၅၂။
ဗာရာဏသီဆရာတော်ကြီးအကျဉ်းမျှသာမိန့် တော်မူသွားရာ အမှုအခင်းအကြောင်းအကျယ်တဝင့်မသိခဲ့ရ၊ နားမလည်ခဲ့ရပါ။ ထူးကြီးဆရာတော်၏ ပါရာယနဝဂ်ဟောစဉ်စာအုပ်တွင် စံဝတီဆရာတော်ကြီးရေးတော်မူသည့် နိဒါန်းကို ဖတ်မိလေမှ အမှုအခင်းကိုရှင်းလင်းစွာသိရလေသည်။  မူရင်းစံဝတီဆရာတော်ကြီး၏မူရင်းအရေးအ
သားအတိုင်း ဖော်ပြပါရစေ…။
 ဆေးကျမ်းဓာတ်ကျမ်းတို့ ကို ကျွမ်းကျင်တတ်မြောက်၍ အထူးအားဖြင့် သူနာတို့ အားဓာတ်စာပေး၍ ကုသပေးခြင်းဖြင့် ပျောက်ကင်းသူများသောကြောင့် မန္တလေးရတနာပုံ ပဌမမြို့ တည် နန်းတည် ပဉ္စမသင်္ဂါယနာ
တင် ဘဝရှင်မင်းတုန်းမင်းတရားကြီး ရွှေလက်ထက်တော်တွင် ဓာတ်ဆရာကြီးဦးပိုဟူသောအမည်ဖြင့် ထင်ရှားကျော်စောလေသည်။
၎င်းဓာတ်ဆရာကြီးဦးပို၏အယူဝါဒမှာ အဋ္ဌကထာဆရာရှင်မဟာဗုဒ္ဓဃောသက မြတ်စွာဘုရားသာသနာတော် ငါးထောင်ထားခဲ့ကြောင်းနှင့် ဖွင့်ဆိုခြင်းမှာ မမှန်ကန်၊ သာသနာတော်ငါးရာသာလျှင် စူဠဝါဘိက္ခုနီခန္ဓကပါဠိတော် အထင်အရှားရှိသည်၊ ထို့ ကြောင့် ယခုအခါ ရဟန်းလည်းမရှိ၊ ရှိသောရဟန်းလည်း ရဟန်းမဟုတ်၊ အတုအပသာ ဖြစ်သည်ဟု မြို့ တွင်းမြို့ ပြင် ရောက်ရာအရပ်တိုင်းမှာ အထင်အရှားဟောပြောလေသည်။
သက္ကရာဇ် ၁၂၃၂ ခုနှစ်တွင် ရတနာပုံရွှေမြို့ တော် အနောက်မျက်နှာ ရဟိုင်းဈေးအနီး အလှုမဏ္ဍပ်တခု၌ တရားနာရန်ရောက်လာကြသော မင်းမိန်းမ မင်းယောက်ျား မှုးသား မတ်သား ကတော်မယား ကုန်သည်ပွဲစား ပရိသတ်စုံလင်သည့်အခါဓာတ်ဆရာကြီးဦးပိုလည်း ရောက်ရှိနေသဖြင့် အထက်ကနည်းအတိုင်း သာသနာတော်
ငါးထောင်ထားခဲ့သည်မဟုတ်၊ အနှစ်ငါးရာသာလျှင်ထားခဲ့ကြောင်းကို အကျယ်တဝင့်ဟောပြောသည်ကို ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီးဘုရားသဒ္ဓါတော်မူသော သစ်တောဝန် မင်းကျော်သိဒ္ဓိပညာ၏ သမီး ကျမ်းဂန်သိမြင် သီလရှင်မယ်စိုးက ဆရာကြီးဟောပြောသောအရာကား များစွာမှားယွင်း၍ လွန်ကျူးရာ ရောက်ပါ
သည် ၊ မည်သည့်ကျမ်းဂန်အရ ဟောပြောပါသနည်း ဟူ၍ သည်းမခံနိုင်သော စိတ်အမူအရာနှင့်မေးမြန်းသောအ
ခါ မာတုဂါမတို့ ကို ရဟန်းပဉ္စင်းပြုရာ၌----------
"ဗြဟ္မစရိယံ ၊ သိက္ခာသုံးပါးဖြင့်ရေတွက်အပ်သော မြတ်သောသာသနာတော်သည်။ စိရတိဋ္ဌိကံ၊ ကြာမြင့်စွာတည်
ခြင်းရှိသည်။ န ဘဝိဿတိ၊ မဖြစ်လတံ့။ အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဒါနိ ဣဒါနိ၊ ယခုမာတုဂါမတို့ ရဟန်းပဉ္စင်းပြု
ရာ၌။ သဒ္ဓမ္မော၊ သူတော်ကောင်းတရားဟုဆိုအပ်သောသာသနာတော်သည်။ ပဉ္စေဝ ဝဿသတာနိ၊ အနှစ်ငါးရာ
တို့ ပတ်လုံးသာလျှင်။ ဌဿတိ၊ တည်လတံ့။" -------
ဟု စူဠဝါပါဠိတော် ဘိက္ခုနီခန္ဓက ပဌမဘာဏဝါရနှာ (၄၆၆) ၌ ဟောတော်မူသည်။
သာသနာငါးထောင်ဆိုသောအရာကား ရှင်မဟာဗုဒ္ဓဃောသအရမ်းမဲ့ ထင်သလိုဖွင့်ဆိုခဲ့သော အဋ္ဌကထာစကားမျှ
သာ ဖြစ်၍ အကျွန်ုပ်က အယူမရှိနိုင်၊ ပါဠိတော်ရှိသည့်အတိုင်းသာလျှင် မှန်ကန်သဖြင့် ယူဆနိုင်ကြောင်း ပြန်ပြော
လေသည်။
သီလရှင်မယ်စိုးက ချေပသည်မှာ---- အဋ္ဌကထာဟူသည်ကား ဘုရားပါဠိတော်၏အနက်ကို မဂဓပါဠိဘာသာဖြင့် ဖွင့်ဆိုသော ကျမ်းဖြစ်သည်။ ရှင်မဟာဗုဒ္ဓဃောသသည် သဗ္ဗညုမြတ်စွာဘုရားဟောတော်မူသော (၁) မဟာအဋ္ဌကထာ (၂) မူလအဋ္ဌကထာတို့ နှင့် (၃) မဟာပစ္စရိအဋ္ဌကထာ (၄) စူဠပစ္စရိအဋ္ဌကထာ (၅) ကုရုန္ဒီအဋ္ဌ
ကထာ (၆) အန္ဓကအဋ္ဌကထာ (၇)သင်္ခေပအဋ္ဌကထာ (၈) အရိယအဋ္ဌကထာ ကျမ်းကြီးရှစ်ကျမ်းရှိခဲ့ရာ ၄င်းအဋ္ဌ
ကထာရှစ်ကျမ်းတို့ ၌ စကားအထပ်ထပ်အကျယ်ဖွင့်ပြသည်ကို မဖွင့်မပြ စကားလည်းလည်းအကျယ်မဆိုတော့ဘဲ
ချူံး၍ဖွင့်ပြခြင်းသာလျှင်ဖြစ်သောကြောင့် အရမ်းမဲ့ထင်သလိုဖွင့်ဆိုသည်ဟု ပုတ်ခတ်စွပ်စွဲခြင်း မပြုထိုက်ပါ။
ဆရာကြီးစေ့စေ့နားထောင်ပါ၊ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တထောင်၊ သုက္ခဝိပဿကရဟန္တာခေတ်တထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ခေတ်တထောင်စီ၊ သာသနာငါးထောင်ပတ်လုံးပင် မဂ်ဖိုလ်ရလတံ့၊ ဤကား ဘိက္ခုနီခန္ဓကဝိနည်းအဋ္ဌကထာဖြစ်ပါသည်။ ထိုမှတပါးလည်း ဒီဃနိကာယ်၊ သမ္ပသာဒနီသုတ်အဋ္ဌကထာ၊ သံယုတ်အဋ္ဌကထာ၊ အဂုင်္တ္တရအဋ္ဌကထာ ၊သမ္မောဟဝိနောဒနီအဋ္ဌကထာတို့ တွင်လည်း သာသနာငါးထောင်ပတ်
လုံးတည်လတံ့ဟူ၍ ကျမ်းဂန်အနည်းနည်းလာပါသည်။ ဆရာကြီးယခုယူဆနေသော အယူမှာ လွန်စွာမှားယွင်းနေ
သောကြောင့် ဆရာကြီး၏အယူဝါဒကိုစွန့် ပစ်လိုက်ပါ။ သာသနာတော်ကိုထိခိုက်လွန်းလှပါသည်ဟု ပြောလေ၏။
ဤသို့ ပြောသောအခါ ကျွန်ုပ်ယူဆသော ဝါဒက မိထွေးတော်ပဇာပတိဂေါတမီအား ရဟန်းပြုခြင်းကို ခွင့်ပြုတော်မူ
သည့်အခါမှာ ဟောတော်မူသော ပါဠိတော်အတိုင်းဖြစ်သည်။ ထို့ ကြောင့် ကျွန်ုပ်အယူသာလျှင် မှန်ကန်သည်။ ပါဠိတော်နှင့်မညီသော အဋ္ဌကထာကျမ်းလာကို ယုံကြည်နေသူကား အလွန်ပင်မှားယွင်းရှာကြလေသည်ဟူ၍  ဓာတ်ဆရာကြီးဦးပိုက ပြန်ပြောလေသည်။
ပရိသတ်ဗိုလ်ပုံအလယ်မှာ ကြားသမျှလူအပေါင်းတို့ က ဟုတ်စနိုးထင်ယူလောက်အောင် အာပေါင်အာရင်းသန်
သန်နှင့် ဓာတ်ဆရာကြီးဦးပို၏ ဟောပြောချက်ပါစကားများသည် မြတ်စွာဘုရားသာသနာတော်ကြီးကို ထိခိုက်
ပုတ်ခတ်ရာရောက်လွန်းသဖြင့် သီလရှင်မယ်စိုးက ၄င်းဦးပိုပြောဆိုသမျှစကားအရပ်ရပ်ကို သံတော်ဦးတင်လွှာ၌ အပြည့်အစုံရေးသားပြီးလျှင် နန်းတော်သို့ ဝင်၍ အရှင်နန်းမတော်မိဖုရားခေါင်ကြီးရွှေလက်တော်ရောက် ဆက်သ
သည့်အခါ သာသနာတော်ငါးထောင်မဟုတ် ၊ ငါးရာသာဖြစ်သည်၊ ရှင်ရဟန်းတို့ လည်း အစစ်မရှိ၊ အတုအေယာင်
သာရှိသည် ဟူသော ဓာတ်ဆရာကြီးဦးပို ပြောဟောသည့်စကားအဓိပ္ပါယ်များကိုကြားသည့်အခါ နန်းမတော်ဘု
ရားလည်း အလွန်ပင် စိတ်နှလုံးမချမ်းမသာဖြစ်လေသည်။
ထောက်လှမ်းချက်ရသမျှ မှတ်သား၍ သံတော်ဦးတင်စေ ဟု မင်းတရားကြီးဘုရားအမိန့် တော်ရှိလေသည်။
အမိန့် တော်မြတ်အတိုင်း အထောက်တော်တို့ လည်းနေပြည်တော်အတွင်း လေးပြင်လေးရပ် ရပ်စုကွက်စုနှံ့ 
အောင် စုံစမ်းထောက်လှမ်းပြီးလျှင် ဓာတ်ဆရာဦးပိုဟောပြောချက်နှင့်တကွ အသင်းအပင်းပါလူတို့ ၏စာရင်း
ကို ဘဝရှင်မင်းတရားကြီးဘုရားရွှေလက်တော်ရောက်ဆက်သသည့်အခါ အရပ်ရပ်အကျိုးအကြောင်းများကို သိရှိတော်မူရသဖြင့် ငါအရှင်ဧကရာဇ်မင်းမြတ်သည် ရတနာသုံးပါး၌ယုံကြည်တော်မူသည့်အတိုင်း သာသနာ
တော်ကို အထူးသဖြင့် ချီးပင့်ပြုစုတော်မူသည်။ ဓာတ်ဆရာငပိုကား မြတ်စွာဘုရား၏သူပုန်အစစ်ဖြစ်သည်။ ငါ့ကို ပုန်ကန်သည်ထက် မြတ်စွာဘုရားကိုပုန်ကန်သောသူကိုကားသည်းခံတော်မူနိုင်မည်မဟုတ်၊ သင်းအတွက် အဝီစိ
မှာ ခါးတောင်းကျိုက်၍ ခံမည်။ သင်းအယူကို စွန့် -မစွန့် စစ်ဆေး၍ သင်းနှင့်သဘောတူအယူရှိသူတို့ ကိုလည်း ဖမ်းဆီးစေ အမိန့် တော်မှတ်လိုက်သည်။
အချို့ သူတို့ ကလည်း ရောဂါပျောက်ကင်းလိုပါသဖြင့် ဦးပို၏ဓာတ်စာကိုစားမိပါသည်။ သူ၏အယူဝါဒကို ယုံကြည်ခြင်းအလျဉ်းမရှိပါဟု အစစ်ခံကြသည်။ အချို့ အချို့ သောသူတို့ကလည်း ဦးပိုပြောဟောသည့်အခါ ကြားနာဖူးပါသည်။ သို့ ရာတွင် သူ၏အယူဝါဒကို လိုက်နာယုံကြည်ခြင်းမရှိဘဲ ရဟန်းသံဃာတော် အရှင်မြတ်
တို့ အား ကိုးကွယ်ဆည်းကပ်၍ မပြတ်လှုဒါန်းလျှက်ရှိပါကြောင်း အစစ်ခံကြသည်။
ဤအခါ၌ ဓာတ်ဆရာကြီးဦးပိုနှင့် ပတ်သက်၍ ဆက်ဆံဖူးသူဟူသမျှတို့ မှာ အသက်ဆံဖျားထား၍ များစွာထိတ်လန့် တုန်လှုပ်ခြင်းဖြစ်ကြရလေသည်။ ဓာတ်ဆရာကြီးဦးပိုကိုလည်း မြို့ ဝန်ထောင်မှုးတို့ က
ခေါ်ဆောင်လာပြီး လွှတ်တော်ရှေ့ ရောက်သောအခါ အဂ္ဂမဟာသေနာပတိဝန်ရှင်တော် သေနတ်ဝန်ကင်းဝန် လယ်ကိုင်းမြို့ စားမင်းကြီးမဟာစည်သူကိုယ်တိုင်စစ်မေးရာ မိမိလှည့်လည်ဟောပြောသည့်အတိုင်း ကွယ်ထောင့်ခြင်းမရှိဘဲထွက်ဆိုသည့်အပြင် မိမိယူဆသောဝါဒသာလျှင် ပါဠိတော်ရှိတိုင်းမှန်ကန်သည်ဟူ၍ ဓာတ်ဆရာကြီးဦးပို ကအစစ်ခံလေသည်။
ဤအခါ ဆရာကြီး၏အယူဝါဒကား လွန်စွာသည်းရင့်လွန်းပါသည်၊ ဤအယူကိုစွန့် လိုက်က ကောင်းပါမည်ဟု
 ပြေပြစ်သိမ်မွေ့ စွာလမ်းကြောင်းပြပြီးလျှင် ကင်းစဉ်ထန်ထောက်မင်းကပြောဆိုရာ (ထိုအခါက ကင်းဝန်မင်းကြီးမှာ ကင်းစဉ်ဝန်ထောက်လောက်ပင် ရှိသေးသည်။) -------
-ပါဠိတော်ထင်ရှားရှိလျက်နှင့် ရှင်ဗုဒ္ဓဃောသအရမ်းမဲ့ထင်သလိုဖွင့်ဆိုခဲ့သော အကျွန်ုပ်မယူနိုင်ပါ။ အသက်ကိုစွန့် 
မည်၊ အယူကိုမစွန့် လို ။ ဘုရားအယူတော်နှင့်သေရလျှင် မြတ်သည်၊ မောင်တို့ က သတ်လိုသောဆန္ဒရှိလျှင် ယခုပင်သတ်ပါတော့---ဟူ၍ လွှတ်ော်အရာရှိကြီးတဦးကို အရိုအသေကင်းမဲ့လျက် ဂုဏ်ရည်တူလူချင်း
ပြောဆိုဘိသကဲ့သို့ တင်းတင်းမာမာပြောဆိုလိုက်သည်တွင် အရှည်လေးတောင်ခန့်  အချင်းထိပ်ဝ တလက်မခန့် 
ရှိ ကြိမ်ဖြင့် ချက်ရေများစွာရာဇဒဏ်ခတ်ခြင်းခံရလေသည်။
ထိုအခါ အသက် ၆ဝ ကျော်အရွယ်ရှိသော ဓာတ်ဆရာကြီးဦးပိုသည် လွှတ်တော်ရှေ့ မှာပင်စုတိစိတ်ကျ၍ ဘဝတပါးသို့ ပြောင်းသွားရပါသည်။
ဓာတ်ဆရာကြီးဦးပို စစ်ဆေးဆဲအတွင်း လက်လွန်ရှိကြောင်းနှင့် ဘဝရှင်မင်းတရားကြီးဘုရား ရွှေနားတော်ကြား ရှိခိုးသံတော်ဦးတင်ရာ -------
"ငပိုသည် မိစ္ဆာဒိဋ္ဌိအယူဝါဒကိုလှည့်ပတ်ဟောပြောသူဖြစ်သည်။ သင်း၏အယူဝါးအတိုင်း လိုက်နာယုံကြည်ခြင်းရှိ
ကြက သတ္တဝါအပေါင်းမှာ မိစ္ဆာဒိဋ္ဌိချည်းသာဖြစ်ရန် ရှိတော့သည်။ ကမ္ဘာပျက်ခါနီးဆဲဆဲ၌ ပဉ္စာနန္တရိယကံငါးပါး
တွင် တပါးပါးသင့်ရောက်၍ အဝီစိမှာခံရသော်လည်း ကမ္ဘာပျက်လျှင် အဝီစိမှလွတ်သေးသည်။ မိစ္ဆာဒိဋ္ဌိကိုယူကုန်
သော သတ္တဝါတို့ ကား ကမ္ဘာပျက်သော်လည်း အဝီစိမှမလွတ်ဘဲ အခြားကမ္ဘာသို့ ပြောင်း၍ခံရလေသည်။ ဤမျှလောက်ကြီးလေးသော မကောင်းမှုအကုသိုလ်ကံကြီးဖြစ်၍ နောင်ကိုသင်း၏ အယူကဲ့သို့ မပေါ်ပေါက်ဝံ့
ဟု အမိန့် တော်ရှိသည်။
ဤသို့ ဘဝရှင်မင်းတရားကြီး၏အမိန့် တော်မြတ်အတိုင်း ရတနာပုံရွှေမြို့ တော်အနောက်မျက်နှာ ပုဏ္ဏကုန်းသင်း
ချိုင်း အနောက်ရေကြည်တံခါးလမ်း မြောက်ဘက်နံဘေး၌ ဓာတ်ဆရာကြီးဦးပို၏ရုပ်အလောင်းကို တောင်ဘက်
သို့ မျက်နှာမူ၍ လက်ဝါးကပ်စင်၌ ကားတင်လျက် သံတံကျင်လျိုခံရရှာလေသည်။ ထိုကားစင်ကြီးမှာ ဝါဆိုဝါခေါင် ဧရာဝတီမြစ်ရေတိုးလာသောအခါ မြစ်ရေတိုက်ဝှေ့ သဖြင့် ရေထဲသို့ မျောပါသွားသည်ဟု သိရပါသည်။
ဓာတ်ဆရာဦးပိုသည် ပုဂ္ဂလပညတ်ဓာတ်ကျမ်းကိုအမှီပြု၍ ဆေးကုသည်။ ထိုနည်းကို အုတ်ဖိုဆရာတော်ကြီးနှင့် စလေဦးပုညတို့ လည်း တတ်ကျွမ်းကြသည်ဟု ပြောကြသည်။
အောက်ပြည်သို့ ပြေးလာသော တပည့်သားမြေးအဆက်များက ထိုနည်းအတိုင်း ယခုအခါ ဆက်လက်ကုသနေ
ဆဲပင် ဖြစ်သည်။ နေလဝိဇ္ဇာဂိုဏ်းမှာ  ထိုဆရာကြီး၏ နည်းနာပင်ဖြစ်သည်ဟု ပြောကြပါသည်။ "
ဦးပိုနှင့်ပတ်သက်သော စံဝတီဆရာတော်ကြီး၏ရေးသားပြဆိုချက်ကို ဤတွင်ရပ်နားပါမည်။ ဗာရာဏသီဆရာ
တော်ကြီးမိန့် ဆိုချက်နှင့် ကွာဟသည်မှာ (၁) ဦးပိုကို မင်းတုန်းမင်းကြီးကိုယ်တိုင်စစ်မေးခြင်းအကြောင်း (၂) အများနှင့်မဆန့် ကျင်ဖို့ ပြောသည့်အကြောင်း-----တို့ ပင် ဖြစ်ပါ၏။ မည်သို့ ပင် ဦးပိုနှင့်သူ၏အယူအကြောင်း ပိုသိလာရခြင်းအကျိုးတရားကို ရခဲ့ပါပြီ။ ပြည်၊ဗာရာဏသီဆရာတော်ကြီး၏သြဝါဒတွင် တပင်ရွှေထီးမင်း
လက်ထက် ဗိုလ်ဗလမင်းထင်အကြောင်းကိုလည်းဦးပိုအကြောင်းနှင့်ဆက်နွယ်၍မိန့် တော်မူသွားပါသည်။
 ဗိုလ်ဗလမင်းထင်၏စွမ်းဆောင်ချက်ကို တိတိကျကျသိဖို့  လေ့လာအားထုတ်ရပေဦးမည်။ ယခုအခိုက်အတန့် 
အားဖြင့်တော့ ဗလမင်းထင်ဆိုသူသည် မိုက်ရူးရဲတဦးဖြစ်သည်ဟု သိထားမိသည်။ ယင်းမိုက်ရူးရဲကို ဂုဏ်ပြု
 အမရဒီပ
ဇန်နဝါရီ ၂၄၊ ၂ဝ၁၃
No comments: