Total Pageviews
Saturday, March 28, 2015
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
တွင်းသင်းမင်းကြီး၏ ပျို့ နှင့် စကား ၂ လုံးကို စကား ၁ လုံးဖန်ဆင်းနည်း
ပြီ။ “ပျို့ “ဟု ကဗျာဆရာတွင်းသင်းမင်းကြီးကိုယ်တိုင်အမည်ပေးသည်တော့မဟုတ်ပါ။ သူ၏ပရိသတ်က ပေးလိုက်သောအမည်ပညတ်သာဖြစ်လေသည်။ တွင်းသင်းမင်းကြီးကိုယ်တိုင်ကမူ သူ၏ကဗျာကျမ်းတို့ ကို “စာ“ဟုလည်းကောင်း၊ “ကျမ်း“ဟုလည်းကောင်း၊ “လင်္ကာ“ဟုလည်းကောင်း အမည်ပေးပါသည်။
တွင်းသင်းမင်းကြီးကိုယ်တိုင်ပြုစုစပ်ဆိုခဲ့သော ဝိဓူရတွင်……..“ဓမ္မမြတ်စစ်၊ ဤကျမ်းသစ်“ ဟူသောစ
ကား ၊ မုဒုလက္ခဏတွင်…..“သံသရာပစ္စုပ္ပန်၊ နှစ်တန်ကျိုးကြီး ၊ ပြီးစီးလေရှာ ၊ ဤငါ့စာ“..ဟူသောစကား ၊ ဘလ္လာတိယတွင်…..“သုတ္တန်မြတ်စစ်၊ ဤကျမ်းသစ်ကား“…ဟူသောစကား ၊ မဟာဇနကတွင် …
လင်္ကာစီပြစ် ၊ ဖော်ထုတ်လှစ်သည် ၊ နားသွင်းစေငှါ ၊ အလင်္ကာဖြင့်“….ဟူသောစကားတို့ ကို ကြည့်ရှု
ထောက်ဆခြင်းပြုကာ “ပျို့ “သည် မင်းကြီး၏ မူလပေးရင်းအမည်မဟုတ်ကြောင်း ဆိုရပါသည်။
          မြန်မာစာပေကို လက်လှမ်းမှီသလောက်လေ့လာမိရာ မြန်မာစာတွင်လည်း ဘုန်းကြီးကျောင်း
ပါဠိသဒ္ဒါကျမ်းသင်နည်းကဲ့သို့ “ရုပ်တွက်“ရှိကြောင်း တွေ့ ရပါသည်။ “ရုပ်တွက်“ဟူသည် ပါဠိဝေါဟာရ
တခုမည်သို့ မည်ပုံတည်ဆောက်ထားကြောင်း ရှင်းပြခြင်းဖြစ်သည်။ စက်ဘီးတစီးကို တစစီဖြုတ်ပြီး စနစ်တကျပြန်လည်တပ်ဆင်သည်နှင့်တူပါသည်။ ဝေါဟာရတခုကိုလည်း တစစီဖြုတ်ပြီး ပြန်တပ်သည် ကို ရုပ်တွက်ခေါ်ပါသည်။
ခုခါမြတ်ဝယ်
ဘယ်နတ်စီမံ
ဘယ်ကံစီရင်
ပြင်ပါလိမ့်နည်း…..။ (၆)
လိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ လိမ့် ကို လေအံ့ ဟုခွဲ ၊ လေတွင် သဝေထိုး (ဧ)ကို ဣ ပြု (လိ)ဖြစ်၊ အံ့တွင် အသရကိုချေဖျက် ၊သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ လိကို မ့်သို့ ကပ် (လိ+မ့်) လိမ့်ဖြစ်၏။
နောက်တပုဒ်ကြည့်ပါဦးမည်။
ဤယခုဝယ်
သဗ္ဗညုဘုန်းခေါင်
ငါးမာရ်အောင်၏
ပြောင်ပြောင်ဝင်းဝါ
သာသနာကို
ဘယ်မှာနှစ်သိမ့်
တတ်နိုင်ချိမ့်အံ့……။(၅)
ချိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ချိမ့်ကို ချေအံ့ ဟုခွဲ ၊ ချေတွင် သဝေထိုး (ဧ)ကို ဣပြု  (ချိ)ဖြစ်၊ အံ့တွင် အသရကိုချေ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ မ့် ဖြစ်၊ ချိကို မ့်သို့ ကပ်၊ (ချိ+မ့်) ချိမ့် ဖြစ်၏။
ပျော်ပျော်စုဝေး
ယခုမေး၍
အရေးပစ်ခွါ
မလွှဲသာခဲ့
ခြင်းရာဟုတ်တိုင်း
မဆုတ်ဆိုင်းလျှင်
ပိုင်းပိုင်းပြတ်ပြတ်
မှတ်မှတ်သားသား
စကားမထောင့်
ရောင့်ရောင့်ရင်းရင်း
သားချင်းဟူသည်
အမှတ်ရည်၍
တမည်မကျန်
ကျွန်ုပ်ပြန်ပိမ့် ……။ (၁ဝ)
ကျွန်ုပြန်ပိမ့်“ ဟူသောပဒတွင် “ပိမ့်“ကို မြန်မာရုပ်တွက်ပြပါမည်။ ပိမ့် ကို ပေအံ့ဟုခွဲ ၊ ပေတွင် သဝေထိုး (ဧ)သရကို ဣပြု (ပိ)ဖြစ် ၊ အံ့တွင် အသရကိုချေ ၊ သေးသေးတင် (နိဂ္ဂဟိတ်)ကို (မ်)သတ်ပြု ၊ ပိကို မ့် သို့ ကပ် (ပိ+မ့်) ပိမ့်ဖြစ်၏။
          “လိမ့် ၊ ချိမ့် ၊ ပိမ့်“ တို့ မှာ မူလအားဖြင့် “လေအံ့ ၊ ချေအံ့ ၊ ပေအံ့“ ဟူသော စကား ၂ လုံး ၊ အသံ ၂ သံထွက်သော စကားလုံးတို့ ဖြစ်ကြသည်။ ယင်းတို့ ကို စကား ၁ လုံး ၊ အသံ ၁ သံပြုလိုက အထက်ဖော်ပြပါနည်းများအတိုင်း မြန်မာရုပ်တွက်၊ ရုပ်ပြီးရကြောင်း တွေ့ ရပါသည်။
(ဤဆောင်းပါးအတွက် ဦးမောင်မောင်ကြီး(မဟာဝိဇ္ဇာ)၏ နေမိဘုံခန်းနိဒါန်း နှင့် ပညာအုပ်ဦးဖိုးစိန်၏ ဂမ္ဘီသာရပျို့ ဋီကာကို အားကိုးသမှုပြုပါသည်။)
အမရဒီပ
မတ်လ ၂၈၊ ၂ဝ၁၅
Wednesday, March 18, 2015
ဆင်ဆာဖြတ်ထားတဲ့သင်္ကန်းစာရင်း
ဆင်ဆာဖြတ်ထားတဲ့ သင်္ကန်းစာရင်း
          တွင်းသင်းမင်းကြီးက ရဟန်းအတွက် (က) ဖန်ရည်နီမြန်း ၊ ဝတ်သင်္ကန်း ဟု ကဗျာဖွဲ့ သည်။ ပြီးတော့ ရသေ့အတွက် (ခ) သစ်ခေါက်နီမြန်း ၊ လျှော်သင်္ကန်း ဟုဖွဲ့ ကြောင်းတင်ပြခဲ့သည်။ ရဟန်းက အဝတ်သင်္ကန်းဝတ်သည်။ ရသေ့က လျှော်တေသင်္ကန်းဝတ်ကြောင်း သတိပြုစရာဖြစ်ပါသည်။
          ဘာကြောင့် အဝတ်သင်္ကန်း နှင့် လျှော်သင်္ကန်းခွဲပြောသနည်းဟု စောကြောဖွယ်ရှိလာသည်။ ရဟန်းတော်များအနေဖြင့် သင်္ကန်းအဖြစ်မဝတ်သင့်သော အဝတ်အမျိုးအစားတွေကို ဝိနည်းကျမ်းစာ
များမှာ ပြဆိုထားကြသည်။
၁- သမန်းမြက်ဖြင့်ရက်အပ်သောအဝတ်
၂- လျှော်တေဖြင့်ရက်အပ်သောအဝတ်
၃- ပျဉ်ချပ်သဏ္ဌာန်ရှိသောအပြားအချပ်တို့ ဖြင့်စီအပ်သောအဝတ်
၎- ဆံပင် ၊  သားမြီးတို့ ဖြင့် ရက်အပ်သော ကမ္ဗလာ
၅- ခင်ပုပ်တောင်ဖြင့် ရက်အပ်သောအဝတ်
၆- အမွှေး-ခွါနှင့်တကွသော သမင်ရေ (သစ်နက်ရေ--ဟုလည်း ဆိုကြ၏။)
အထက်ဖော်ပြပါ အမျိုးအစားဝင်သင်္ကန်းကို ဝတ်ဆင်သူရဟန်းတော်သည် ထုလ္လစဉ်းအာပတ်သင့်၏။
          ထို့ ပြင် ဝတ်ဆင်လျှင် ဒုက္ကဋ်အာပတ်သင့်သော အဝတ်တွေလည်း ရှိသေးသည်။
၁- ငှက်ပျောလျှော်ဖြင့်ရက်အပ်သောအဝတ်
၂- ပြိတ်လျှော်မျှင်ဖြင့် ရက်အပ်သောအဝတ်
၃- မရိုးလျှော်ဖြင့်ရက်အပ်သောအဝတ်
၎- သင်ပန်းလျှော်ဖြင့် ရက်အပ်သောအဝတ်
၅- အလုံးစုံညို (ပြာ)သောအဝတ်
၆- အလုံးစုံမောင်းသောအဝတ်
၇-အလုံးစုံရွှေသောအဝတ်
၈-အလုံးစုံနီသောအဝတ်
၉-အလုံးစုံမည်းနက်သောအဝတ်
၁ဝ- ကင်းခြေများကျောကုန်းအဆင်းဆိုးရည်ဖြင့်ဆိုးသောအဝတ်
၁၁- သစ်ခွံသင်္ကန်း
၁၂- မဖြတ်အပ်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၃- ရှည်သောအမြိတ်အဆာရှိသောသင်္ကန်း
၁၄- ပန်းပွင့်ပမာအမြိတ်အဆာရှိသောသင်္ကန်း
၁၅- အင်္ကျီသင်တိုင်း (အံသကိုက်)
ခြွင်းချက်အနေဖြင့် ရဟန်းတော်များ သင်္ကန်းအလုယက်ခံရ၊ အခိုးခံရပါက တားမြစ်ထားသော အဝတ်များကို ဝတ်နိုင်ကြောင်း ခွင့်ပြုထားပါသည်။
          အလောင်းတော်ရသေ့ဝတ်ဆင်သော “လျှော်တေသင်္ကန်း“ဟူသည် ဖြူဆံမြက်ကို အမျှင်အမျှင်
ဆုတ်၍ ဆက်စပ်ထုံးဖွဲ့ ကာ ဝတ်ရုံစရာပြုလုပ်ထားသော အဝတ်ဖြစ်သည်။ စကားတရပ်..။
အဋ္ဌသာလီနီဋ္ဌကထာအဆို)
ချုပ်တွဲချောမော ၊ ဖြူဆံကြောတိ
ကုန်းစောလည်းတိမ် ၊ ကျစ်ကာလိမ်သည်
မွေ့ သိမ်တေဆန်း ၊ လျှော်နားစွန်းကို
သင်္ကန်းသင်းပိုင် ၊ မှတ်၍ကိုင်ပြီး …….။ (ဆုတောင်းခန်း ၊ ၈၃။) မိန့် ဆိုချက်အရမူ ဖြူဆံမြက်ပင်တို့ ကို အမျှင်အမျှင်ရအောင်ဆုတ်ပြီး ဆက်စပ်ထုံးဖွဲ့ ရုံမျှဖြင့် ဝတ်ဆင်နိုင်သည့်အနေအထားသို့ မရောက်သေး
ဘဲ အသားအမျှင်တွေ ပျော့ပျောင်းချောမွေ့ သွားအောင် ထုတေပေးရသေးသည်။ ထို့ ကြောင့် “လျှော်
တေသင်္ကန်း“ ခေါ်ကြောင်း သိနိုင်ပေသည်။ စကားတရပ်။
          မြန်မာဘာသာပြန်“လျှော်တေသင်္ကန်း“ဟူသောဝေါဟာရကို ပါဠိစာပေတွင် “ဝါကစီရ ၊ ဝက္ကလ ၊ တိရီဋက“ ဟူသော ဝေါဟာရ ၃ မျိုးဖြင့် ခေါ်ဝေါ်လေသည်။ အဋ္ဌသာလိနီအဋ္ဌကထာအလို ဖြူဆံမြက်မှ ဖြစ်ပေါ်သောသင်္ကန်းဖြစ်သောကြောင့် “ဖြူဆံမြက်သင်္ကန်း“ဟု ဆိုသင့်ပါ၏။ သို့ သော် ရှေးဆရာများက “လျှော်တေသင်္ကန်း“ဟုသာ မြန်မာပြန်ကြသည်။ ဖြူဆံမြက်သင်္ကန်းဟု ဆိုသော်လည်း မြက်ကိုပြုလုပ်သည်ထက် သစ်ပင်လျှော်တို့ ဖြင့်ပြုလုပ်သည်ကများသော်ကြောင့် ဖြူဆံမြက်သင်္ကန်းဟု မထင်ရှား၊ လျှော်တေသင်္ကန်းဟုသာ ထင်ရှားပါတော့သည်။
          ဝက္ကလ နှင့် တိရီဋက မှာ သစ်ခွံမှရသောလျှော်ဖြင့်လုပ်သောသင်္ကန်းကို ဟောသည်။ သစ်ပင်တွင် ပြင်ပအခွံမာပြီးနောက် အခွံပါးရှိသည်။ ယင်းအခွံပါးမှာ လျှော်(Plant fibre or fiber)
 ဖြစ်သည်။ထိုလျှော်များကိုစနစ်တကျခွါယူ၊ချုပ်စပ်၊ နူးညံ့အောင်ထုတေထားသောကြောင့် လျှော်တေသင်္ကန်းဟု
 ခေါ်သည်။ (မဟာဗုဒ္ဓဝင် ၁၊ ၁၊ ဂါ-ဂိ)
          ပါဠိ-အင်္ဂလိပ်အဘိဓာန်တွင်မူ ဝါကစီရ၊ ဝက္ကလ၊ တိရီဋက တို့ အတွက် သစ်ပင်၏သစ်ခေါက်ဟု
သာမညဆိုပါသည်။ ထွေထွေထူးထူးမဆိုပါချေ။ 
အမရဒီပ
မတ်လ ၁၈၊ ၂ဝ၁၅
Monday, March 16, 2015
မြန်မာရဟန်း သင်္ကန်းအရောင်
မြန်မာရဟန်း သင်္ကန်းအရောင်
         ထေရဝါဒီဗုဒ္ဓဘာသာဝင်နိုင်ငံစုံစုံကိုမဆိုထားဘိ၊ ယနေ့ ကာလ  မြန်မာနိုင်ငံအတွင်းရှိ ရဟန်း
ရှင်တို့ လောကမှာပင် သင်္ကန်းရောင်တသွေးညီမဟုတ်သည်ကို သတိထားမိပါသည်။ ရှေးခေတ် …အထူးသဖြင့်မုဒုလက္ခဏပျို့ ဆရာတွင်းသင်းမင်းကြီးတို့ ခေတ်ကရော ဘယ်လိုသင်္ကန်းအရောင်အ
သွေးများ ဝတ်ရုံတော်မူကြပါလိမ့်နည်း ဟု သိလိုစိတ်ဖြစ်ပေါ်ခဲ့ပါသည်။
မုဒုလက္ခဏပျို့ တွင် ပစ္စုပ္ပန်ဝတ္ထု ရဟန်းအကြောင်းပါဝင်သည်။ အတိတ်ဝတ္ထု ရသေ့အကြောင်းပါသည်။
ရဟန်းအကြောင်းတွင် ရဟန်းသင်္ကန်းအကြောင်းပါလေသည်။
လက္ခဏာကွေးလွေး ၊ သူကောင်းသွေးလျှင်
သံလေးချီငေါ် ၊ သုံးလူ့ ဘော်၏
နှုတ်တော်ထွေသာ ၊ ဒေသနာကို
ကြားကာငြိမ့်ငြိမ့် ၊ သဒ္ဓါစိမ့်၍
နှစ်သိမ့်ဝမ်းသာ ၊ သာသနာ၌
မျက်နှာလည့်လည်၊ ရင်းရှေ့ တည်လျက်
ဖန်ရည်နီမြန်း ၊ ဝတ်သင်္ကန်းနှင့်
ရဟန်းသူမွန် ၊ ဖြစ်ပြီးတွန်သော်……။(၂)
ညက်ခြေပြာလဲ့ ၊ စောနွဲ့ နွဲ့ နှင့်
ရစ်ဖွဲ့ သစ္စာ ၊ မေတ္တာရှေ့ ဆောင်
ပျော်ရအောင်လျှင် ၊ လယ်ခေါင်နှုန်းနှန်း
ဖန်ရည်စွန်းသား ၊ သင်္ကန်းခွါခွါ
ပရိက္ခရာစွန့် စွန့် ၊ ရဟန်းဘာဝ
သိက္ခာချ၍ ၊ လုံ့ လကြိုးလျော့
လူဖြစ်တော့အံ့…..။ (၅)
ဖားဖားသွန်းသွန်း ၊ ရွှေသင်္ကန်းတုံ
နီမြန်းဖောက်ပြန် ၊ ကာလသွန်သည်
လူ့ ဌာန်ပြန်အံ့ ငင်းငင်းတည်း…။ (၈)
          ရသေ့အကြောင်းပြောသည့် သင်္ကန်းကဗျာကိုတော့ ဆွမ်းခံကြွတော်မူခန်းမှာ ဖော်ပြသည်။
ဆွမ်းခံချိန်သင့် ၊ ခါရောက်လင့်သော်
လှတင့်လှတယ် ၊ ရှုဘွယ်အံ့လောက်
သစ်ခေါက်နီမြန်း ၊ လျှော်သင်္ကန်းကို
အဝန်းညီရစ် ၊ သပ္ပါယ်လှစ်၍ ……။(၂၃)
          နှိုင်းယှဉ်သုံးသပ်စရာ စကားနှစ်ရပ်ကို ထပ်မံတင်ပြပါမည်။ ရဟန်းအတွက် (က) ဖန်ရည်နီမြန်း ၊ ဝတ်သင်္ကန်း …ဟုဖြစ်၏။ ရသေ့အတွက် (ခ) သစ်ခေါက်နီမြန်း ၊ လျှော်သင်္ကန်း..ဟု ဖြစ်၏။ (က၊ခ)
တခုစီတွင် စကားလုံးအရေအတွက်မများလှ၊ သို့ သော် ပြောစရာများလှသည်။ ပြောမှလည်း ဆိုလိုရင်း အပေါ် လွှမ်းခြုံမိပေမည်။
          “ဖန်ရည်“ဟူသည် ဖန်သောအရသာရှိသောအရည်ကို ခေါ်ကြောင်း ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်နိုင်သည်။ ပြုံးရွှင်ဖွယ်စကားဖြစ်ကောင်းဖြစ်မည်၊ သို့ သော် အတည်အတံ့ပြောခြင်းပါ။ 
စာပေအဆိုအရ--- အဆီအစေးများသည့်အတွက် ရေကိုစုပ်ငုံထားသောကြောင့်လည်းကောင်း၊ အဆီအစေးဖြစ်တဲ့ရေများယိုစီးထွက်တတ်သောကြောင့်လည်းကောင်း အဆီအစေးမျာသော အခေါက်အပွင့် အသီးအသားအနှစ်များကို “ဖန်ရည်“ဟု ခေါ်ပါသည်။ ဖန်ရည် ကို “ဆိုးရည်“ဟု လည်း ခေါ်ပါသည်။
          သို့ သော် ဖန်ရည်တိုင်းကို မဆိုလိုပါ၊ အရောင်အသွေးကိုလည်း ရွေးချယ်ရပါမည်။ ဤသည်ကို ရည်ရွယ်၍ “ဖန်ရည်“ဟူသည် ဖန်သောအရသာရှိသောအရည်ကို ခေါ်ကြောင်း ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ကြောင်း ကြိုတင်စကားဆိုထားခဲ့ပါသည်။ ဖန်ရည်ဟူသည် ဖန်ရည်လည်း ဖြစ်ရမည် တချက်၊ အနီအရွှေရောစပ်သော အရောင်အသွေးလည်း ရှိရမည်တချက်ဟု သတ်မှတ်ချက် ၂ ရပ်နှင့်ညီပါမှအပ်စပ်သော “ဖန်ရည်“ ဖြစ်နိုင်ပါသည်။
 ဟုတ်ပါ၏။ အပ်စပ်သောဖန်ရည်…။ 
တနည်းအားဖြင့်အပ်စပ်သော ဆိုးရည်ဖြစ်လာနိုင်ပါသည်။
          ဖန်ရည်၏ဗျုပ္ပတ်၊ ဖန်ရည်အရောင်၊ ဖန်ရည်ကို ဆိုးရည်ဟု ခေါ်ပုံအကြောင်း ဆိုခဲ့ပါပြီ။ ဤမှစ၍ အသိရလွယ်မည့် ဆိုးရည်ဟူသောဝေါဟာရကို သုံးစွဲကာ တင်ပြပါမည်။ ဆိုးရည်ကို ဖော်ပြပါအမျိုးအစား ၆ မျိုးမှထုတ်လုပ်သည်။
၁- ပင်စည်ဆိုးရည်
ထန်းကျင့် ခေါ် တိန်းညက်ပင် ခေါ် သင်္ဘောနီဆေးပင် (မဉ္ဇိဋ္ဌ ၊ ဝိကသ) Indian Madder (Rubia Cordifolia) အပင်မှာ ကင်ပွန်းချဉ်ပင်နှင့်တူ၏။ အခွံအကာမှာ အရောင်မရှိပါ။ အနှစ်ကို ရေနွေးမှာစိမ်
က ပန်းရောင်သွေးထွက်သည်။ အဝတ်ဖြူကို ထန်းကျင့်ရည်ဆိုးလျှင် နီလွင်သောအဝတ်ဖြစ်၏။ ထန်းကျင့်ပင်စည်ဆိုးရည်မူကား မသုံးအပ်ပါ။ (နံ့ သာနီရှာမရပါက ထန်းကျင့်နှစ်ကို နံ့ သာနီအစား ဆေးဖော်ရာမှာ သုံးသည်။)
ပိန္နဲနွယ်ပင် (ပိန္နဲပင်မဟုတ်) ပင်စည်ဆိုးရည်ကိုလည်း မသုံးအပ်ပေ။ ပိန္နဲနွယ်ကိုပြုတ်လျှင် နနွင်းရောင်ထွက်သည်။
၂- အသီးဆိုးရည်
မသုံးအပ်သောအသီးဆိုးရည်ဟုမရှိ၊ သို့ သော် အနီ-အစိမ်း-အပြာရောင်မှာ သင်္ကန်းရောင်မဟုတ်သော
ကြောင့် မဆိုးရပါ။
၃- အပွင့်ဆိုးရည်
ဝတ်ပန်းပွင့် ခေါ် ဆူးပန်းပွင့် Safflower, Carthamus Tinctorius , နှင့်  ၊ ပေါက်ပွင့်ဆိုးရည်မူ မသုံးစွဲအပ်ပါ။
၎- အခေါက်ဆိုးရည်
တောက်ရပ်ခေါက် နှင့် ကြပိုင် ခေါ် မဒမပင်ခေါက်ကိုမူ မသုံးအပ်ပါ။ မဒမခေါက်မှာ အညိုရောင်ထွက်
သည်။ တောက်ရပ်အခေါက်ဆိုးရည်မူမအပ်သော်လည်း တောက်ရပ်ရွက်မှာ အရသာချဉ်သည်။ အချဉ်ကအရောင်ကိုထိန်းသည်။ အခေါက်မအပ်စပ်သော်လည်းပိန္နဲဆိုးထားသော သင်္ကန်းရောင်
မကျွတ်အောင် တောက်ရပ်ရွက်ဆိုးရည်နှင့် ထပ်အုပ်ရ၏။
သင်္ကန်းဆိုးအပ် ၊ တောက်ရပ်တစည်း။ (မဃဒေဝလင်္ကာသစ်၊ ၅ဝ၆)
၅- အရွက်ဆိုးရည်
မဲရွက် Indigo Plant, Indigofera tinctoria နှင့် ဒန်းရွက် Henna tree, Lawsnia insemis တို့ မှာမူ အပြာရောင်ဖြစ်သောကြောင့် မသုံးစွဲရပါ။
၆- အမြစ်ဆိုးရည်
နနွင်းမြစ်ဆိုးရည်မသုံးစွဲအပ်ပါ။
          ဖန်ရည် ခေါ် ဆိုးရည်အကြောင်းပြီးလျှင် မအပ်စပ်သောသင်္ကန်းအရောင်များအကြောင်းဖြစ်
သည်။ မအပ်သောအရောင်ဆိုးထားသည့်သင်္ကန်းကိုမဝတ်ရပါ။ မအပ်သောအရောင်ကိုဆိုးထားမိပါက ဖွပ်လျှော်ပြီးအပ်စပ်သောအရောင်ကို ထပ်ဆိုးရသည်။ ထပ်မံဆေးဆိုးသော်လည်း မအပ်သော
အရောင်စွဲမြဲပါက အိပ်ရာခင်းစသည်ပြုပြီး အသုံးပြုသင့်ပါသည်။ မအပ်သောသင်္ကန်းအရောင် ၆ မျိုးဟု ဝိနည်းမဟာဝါ၊စီဝရက္ခန္ဓကတွင် ဆိုပါသည်။
၁-ညိုမောင်းသောအရောင် (သင်္ကန်းပြာ၊ ပန်းရောင်သင်္ကန်း)
ဥပမာ- အောင်မဲညိုပွင့်,Clitoria ternatea, နှမ်းကြပ်ပွင့်, Flax,Linesead, Linum Usitatissimum, ကောင်းကင်ပြာရောင် (ညို-အတွက်)။ အမည်း+အပြာ+အနီရောစပ်လျှင် အနီဖျော့ပန်းရောင် ဖြစ်သည်။ အနီဖျော့ပန်းရောင်ကို (မောင်း)ဟု ဆိုလိုသည်။ ညို-ဟူသည် အပြာရောင်ကို ဆိုလိုသည်။
ဝိသုဒ္ဓိမဂ်၊နီလကသိုဏ်းခန်းတွင် ဝတ်ဆံ၊အညှာမပါသော အောင်မဲညိုပွင့်ကို ကသိုဏ်းအာရုံတခုအဖြစ် ပြဆိုသည်။ အောင်မဲညိုပွင့်ကို ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်ဆရာများဖြစ်သည့် ဦးဖေမောင်တင် နှင့် ဘိက္ခုဉာဏမောဠိတို့ က Morning glory flower ဟုလည်းကောင်း၊ Clitoria ဟုလည်းကောင်း ပြန်ဆိုကြလေသည်။ 
၂- ဝါရွှေသောအရောင် (ရွှေဝါရောင်သင်္ကန်း)
ဥပမာ- မဟာလှေကားပန်းပွင့်အရောင်။ မဟာလှေကားပန်းဟူသည် စွယ်တော်ပန်းအနွယ်ဝင်ဖြစ်သည်။  စွယ်တော်ပန်းသည် အဖြူ ၊ အနီ ၊ ပန်းရောင်၊ အပြာ ၊ အဝါဟု အရောင်မျိုးစုံရှိသည်။ ဤတွင် ရွှေဝါရောင် မဟာလှေကားပန်းပွင့်ကို ဆိုလိုသည်။
ဝိသုဒ္ဓိမဂ်၊ ပီတကသိုဏ်းခန်းတွင် မဟာလှေကားပန်းကို ကသိုဏ်းအာရုံတခုအဖြစ်ဖော်ပြသည်။ ဦးဖေမောင်တင်၏ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်က မဟာလှေကားပန်းကို Bauhinia ဟု ဖော်ပြသည်။
၃-နီသောအရောင် (အနီရောင်သင်္ကန်း)
ဥပမာ- လယ်ခေါင်ရန်းပွင့်,Hibiscus, ကြက်သွေးရင့်ရောင်၊ ငါးရှဥ့်သွေးရောင်,Maroon ဟု အင်္ဂလိပ်ဘာသာအခေါ်ရှိသည်။ ဝိသုဒ္ဓိမဂ်၊ လောဟိတကသိုဏ်းခန်းတွင် လယ်ခေါင်ရန်းပွင့်အပါအဝင် မိုးစွေပန်း ၊ လိပ်ဆူနီပွင့်တို့ ကို ကသိုဏ်းအာရုံအဖြစ် ဖော်ပြထားသည်။ ဦးဖေမောင်တင်၏ ဝိသုဒ္ဓိမဂ်
ဘာသာပြန်က လယ်ခေါင်ရန်းပွင့်ကို Shoe flower ဟု ဆိုသည်။
၎- မည်းနက်သောအရောင် (သင်္ကန်းအနက်၊ သင်္ကန်းအမဲရောင်)
ဥပမာ- မီးသွေးအရောင်၊ ဆင်ပုတီးစေ့အရောင်၊ ပုတီးနက်စေ့ရောင်။ရေစိုစွတ်သောကျီးကန်းငှက်
အရောင်။
၅-အနီရင့်ရောင်
ဥပမာ - ကင်းခြေများကျောကုန်းအရောင်သင်္ကန်း
၆- ဖျော့တော့သောအရောင်
ဥပမာ- ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သောအရောင်၊ (ပဒုမ္မာကြာပွင့်ကဲ့သို့ နီဖျော့သောအရောင်
သင်္ကန်း)
         လူဝတ်ကြောင်တို့ မှာ ဆံပင်ကိုကြိုက်ရာအရောင်ဆေးဆိုးနိုင်သော်လည်း ရဟန်းသင်္ကန်းမှာ ကြိုက်ရာအရောင်သင်္ကန်းဆိုးပိုင်ခွင့်မရှိကြောင်း ဆိုးရည်စာရင်းအရ သိနိုင်ပေ၏။ ဘယ်လိုသင်္ကန်း
အရောင်ကို ဝတ်ရုံတော်မူကြမည်နည်း။
၁- အနီရောင်ဆိုးရည် ဆိုးသောအကြိမ်အရေအတွက်များ၍ အညိုရောင်ဖြစ်သွားလျှင် ဝတ်ရုံနိုင်သည်။
၂- အနီရောင်ဆိုးရည်ဆိုသင်္ကန်းဖွတ်လျှော်ဖန်များ၍ ဆေးရောင်ကျကာ အဝါရောင်ပြောင်းသွားလျှင် ဝတ်ရုံနိုင်သည်။
၃- မူလပင်ကိုအရောင်သည် အလွန်အမင်း ရဲရဲတောက်စွေးစွေးနီမဟုတ်သောအနီရောင်ဖြစ်လျှင်လည်း ဝတ်ရုံနိုင်သည်ဟု ဆရာအဆက်ဆက်တို့ ရေးသားမိန့် ဆိုကြပေသည်။
          တွင်းသင်းမင်းကြီး၏မုဒုလက္ခဏပျို့ လာ ရဟန်း နှင့် ရသေ့တို့ သည် နီမြန်းသောသင်္ကန်း
အရောင်ကို ဝတ်ရုံကြသည်ဟု သိရ၏။ အခြားသောစာဆိုများ၏သင်္ကန်းအရောင်ဖွဲ့ ဆိုပုံများနှင့် နှိုင်းယှဉ်ကြည့်ပါသည်။
ဖန်ရည်နီမြန်း ၊ သင်္ကန်းပစ္စူ ….(ဘုံခန်း၊ ၄၉။)
စိန်ပန်းမောင်းဝါ ၊ သင်္ကန်းလျာကို ….။(ဆုတောင်းခန်း၊ ၈၅။)
နောက်တော်ပါသည် ၊ သင်္ကန်းအရိပ်
ချိပ်ချိပ်မောင်းစွေး ၊ သက်တင်ရေးသို့ 
လျှပ်ပြေးလက်လက် ……။(ဆုတောင်းခန်း၊ ၁၆၈။)
အရဟတ္တဓဇ ၊ ကာသာဝဟု
နာမအနွတ် ၊ ဝစနတ်နှင့်
လျောက်ပတ်ညီစွာ ၊ ရဟန္တာ၏
ဝိရာဂတ္တ ၊ သဘာဝကို
ဖော်ပြရိပ်ခြည် ၊ တမ်းခွန်မည်သား
ဖန်ရည်စွန်းသား ၊ သက်တန်ရန်းသို့ 
သင်္ကန်းနီစွတ် ၊ ထဲနှီးဝတ်၍
လတ်လတ်ပေါ်ရုံ ၊ လျှော်တေခြုံလျှက်……။ (ကိုးခန်း၊ ၂ဝ။)
သုရတ္တစစ် ၊ ဆိုးရည်နှစ်၍
ပြေပြစ်ချောမွတ် ၊ စွေးစွေးစွတ်သား
ခါးဝတ်နီမြန်း ၊ သက်တင့်ရန်းကို
ခါးပန်းကြိုးသွယ် ၊ လျှပ်စစ်နွယ်ဖြင့်
ရှုဘွယ်လှအောင် ၊ ပန်းကာနှောင်မှ
ပညောင်ညွန့် ဖူး ၊ မိုးတိမ်ဦးသို့ 
ရောင်မြူးမညစ် ၊ လွင်သစ်သစ်ဖြင့်
စင်စစ်မမှား ၊ ရှင်ချစ်ဖျား၏
အလျားကိုးထွာ ၊ နံခြောက်ထွာတည့်
မဇ္ဈိမာပုရိ ၊ သုံးပြန်ချိနှင့်
ပကတိလူ ၊ ခွဲယူဆက်ရာ
ကြီးမြတ်စွာသား ၊ မဟာသုဂတ
စီဝရကို ၊ လှလှတင့်တယ်
ရုံသပ္ပါယ်၍ ……..။ (မဃဒေဝလင်္ကာသစ်၊ ၁၆။)
          ဤအဆိုအမိန့် များအရ ရှေးမြန်မာရဟန်းတော်များသည် သက်တန့် ရောင် ခေါ် မိုးတိမ်နီရောင်၊ချိပ်ရောင်သင်္ကန်းတော်များကို ဝတ်ရုံကြသည်ဟု ကောက်ချက်ချလိုပါသည်။
အဝတ်သင်္ကန်း ၊ လျှော်တေသင်္ကန်းဟူသော သင်္ကန်းအထည်သားအကြောင်း ဆက်လက်
တင်ပြပါမည်။
အမရဒီပ
မတ်လ ၁၆ ၊ ၂ဝ၁၅