Total Pageviews
Saturday, February 28, 2015
ရှင်ပျံ ရှင်ပြန် ငှက်နှယ်ကွန်
တွင်းသင်းမင်းကြီး၏ မုဒုလက္ခဏပျို့ မှာ စာလုံးပေါင်းနှစ်မျိုးဝေါဟာရထူးတခုကို တွေ့ မိ၏။
ယင်းတို့ အနက် တခုမှာ ပိုဒ်ရေ ၁၁ လာ  "ရှင်ပျံ " ဖြစ်၏။
 ယင်းသို့ ချောမော
ဟုတ်တိုင်းပြောက ၊ သဘောဖြောင့်စင်း
သတင်းဆွဆွ ၊ ဒေါသကင်းစင်
သူ့ ပြစ်မြင်သော် ၊ အလျင်ဆတ်ဆတ်
ကဲ့ရဲ့တတ်သည့် ၊ သူမြတ်တကာ
အရာသိန်းသန်း ၊ ထိုရဟန်းတို့ 
ပတ်ဝန်းကြံကြံ ၊ စေ့မျှရံလျှက်
ရှင်ပျံနွဲချော ၊ သို့ ပေလောဟု
ရောနှောလက်ကိုင် ၊ အနိုင်အထက်
ရွှေစက်တော်အောက် ၊ အရောက်ဖျော်ဖျော်
ဆောင်လေသော်တည့်……။
"ရှင်ပျံ "အဖွဲ့ ကို အခြားနေရာတွင်လည်း တွေ့ နိုင်ပါသည်။
အဆင်းပြာနု ၊ မုဒုလက္ခဏ
ဒေဝီလှထံ ၊ ရှင်ပျံနွဲ့ ကျိုင်း
ဆွမ်းအားလှိုင်း၍ ……။(၃၃)
ချစ်စစုရုံး ၊ ညာလက်ရုံးဖြင့်
စက်အုံးခံခံ ၊ ရှင်ပျံနွဲ့ ချော
လွမ်းချင်မောဟု …..။(၄၇)         
          နောက်တခုမှာ ပိုဒ်ရေ ၇၄ လာ "ရှင်ပြန်" ဖြစ်၏။
နိဗ္ဗူတာခွင်
ရှင်ပြန်တန်မဲ့ ၊ သတင်းနွဲ့ သော်
သုံးဆယ့်တဆူ ၊ ပြည်ရပ်သူတို့ 
လှိုက်ပူသြဃ ၊ ပြောကျယ်လှသား
သြဃလေးသွယ် ၊ မြစ်ပင်လယ်မှ
ထုတ်ဆယ်မကျော်နိုင်ဘူးတည်း….။
"ပျံ" နှင့် "ပြန်"မြန်မာစကာလုံးတို့ မှာ သံတူကြောင်းကွဲများဖြစ်ကြ၏။
"ပျံ" မှာ ကောင်းကင်ပြင်လဟာနယ်ထဲ ထောက်တည်ရာမဲ့သွားလာတည်နိုင်မှုကိုလည်း ဆိုလိုသည်။ စိတ်မတည်ငြိမ်ဘဲ သွားလာနေထိုင်ပြောဆိုမှုကိုလည်း ဆိုလိုသည်။  ပိုဒ်ရေ ၁၁ ၏ "ရှင်ပျံ" မှာ ဝိသဘာဂအာရုံမိန်းမငယ်ကို တွေ့ မြင်ပြီးနောက် ကိလေသာငန်းဖမ်းခံရပြီး စိတ်ကရောက်ကရက်ဖြစ်
နေသူ ရဟန်းကို ရေးသည့်အတွက် အရေး၊ အတွေး ဆီလျော်သည်ဟု ဆိုနိုင်၏။
"ပြန်"မှာ နေရာတခု၊ ဘဝတခုမှ မူလနေရာ၊ မူလဘဝသို့ ပြန်လည်ရောက်ရှိလာသူကို ဆိုလိုသည်။
ပုံစံအဖြစ် "ဘိလပ်ပြန်၊ ရှေ့ တန်းပြန်၊ စစ်ပြန်" တို့ ကို ပြနိုင်သည်။ ပိုဒ်ရေ ၇၄ လာ "ရှင်ပြန်" မှာ ရသေ့ လူထွက်လာသည်ကို ဆိုလိုခြင်းဖြစ်မည်ဟု တွေးဆမိသည်။ "ရှင်လိင်ပြန်၊ လူပြန်တော်"ဟူသော စကားတို့ ကို ထောက်ရှုပြီး ကြံစည်မိခြင်းဖြစ်ပါသည်။
အဓိပ္ပါယ်အားဖြင့် သူ့ နည်းသူ့ ဟန်အရ ဆီလျော်အောင် တွေးကြံယူဆရသော်လည်း ကာရန်စီးဆင်းမှုကို ကြည့်လျှင် "ပြန်" ထက် "ပျံ"က ဖြစ်နိုင်ခြေအားကောင်းသည်ကို တွေ့ နိုင်ပါ၏။
ပတ်ဝန်းကြံကြံ ၊ စေ့မျှရံလျှက်
ရှင်ပျံနွဲချော ….။(၁၁)
အံကာရန် (ကြံ၊ ရံ ၊ ပျံ) အတိုင်း စီးဆင်းကာ စီကုံးရေးသားသည်လည်း တချက်၊ အဓိပ္ပါယ်အရ စိတ်ကစားသူရဟန်းကိုဆိုလိုသည်လည်းတချက်ဖြစ်၍ အပြစ်ဒေါသကင်းသည်။
နိဗ္ဗူတာခွင်
ရှင်ပြန်တန်မဲ့…..။(၇၄)
အံကာရန် (ယံ ၊ ကြံ) အတိုင်းစီးဆင်းလာပြီးနောက်ရုတ်တရက် အန်ကာရန်ကို ပြောင်းလဲစပ်ဆိုထား
သည့်အတွက် တွင်းသင်းမင်းကြီး၏ မူလရေးထုံးဖြစ်မည်၊ မဖြစ်မည်ကို များစွာသံသယဝင်မိပါ၏။
အကျွန်ုပ်အယူအဆမှားကောင်းမှားနိုင်ပါသည်။ အလောင်းတော်ဟရိတစရသေ့က သူသည် တချိန်က ကောင်းကင်ပျံဈာန်ရပုဂ္ဂိုလ်တပါးဖြစ်သည်၊ နောင်ကာလတွင် အများသတ္တဝါကိုကယ်တင်ကာ နိဗ္ဗာန်ပို့ 
မည့်သူတဦးဖြစ်ပါလျက် ကာမဂုဏ်တပ်မက်မှုကို မဖြတ်နိုင်ရကောင်းလားဟူသောအတွေးဖြင့် သတိဝင်မိသည်ကိုဆိုလိုက အံကာရန်ဖြင့် "ပျံ" သာဖြစ်ဖွယ်ရှိပါ၏။
ချင့်ထောက်တွေးကြည့်စရာ အခြားဥပမာများကိုလည်း ရှုစားပါဦး။
 စိတ်စက်ကွဲပြို
စမ်းနှယ်ယိုသော်
ရှင်ပျိုနွဲ့ ကျိုင်း ။ (၇၇)
အိုကာရန်အစဉ်မပျက်အောင် ဂရုတစိုက်ရေးသားကို တွေ့ ရပါ၏။
လက်ခြေညွတ်ပျော့
ထောင်သည့်ကျော့သို့ 
ရှင်ကြော့မဝင် ။(၈၂)
အော့ကာရန် အစဉ်မပျက်အောင် အလေးထားရေးသားသည်ကို တွေ့ ရပါ၏။
ထိုထိုအကြောင်းပြများဖြင့် မုဒုလက္ခဏပျို့ -ပိုဒ်ရေ ၇၄ လာ "ရှင်ပြန်"မှာ "ရှင်ပျံ"သာ ဖြစ်သင့်ကြောင်း ဆိုလိုက်ရပါ၏။
"ပျံ နှင့် ပြန်"အကြောင်း ဆွေးနွေးပြီးနောက် "ကွန်"အကြောင်း ပြောလိုသေး၏။
ဘုရားဆုမင် ၊ ရသေ့ရှင်လည်း
ကောင်းကင်ထက်စွန် ၊ ငှက်နှယ်ကွန်လျက်
ဟေဝန်ရှေ့ ရှု ၊ ကြွတော်မူသော်…။ (၉ဝ)
"စွန်"နှင့်ကာရန်တူ "ကွန်"ကိုသုံးစွဲပြီး "ငှက်နှယ်ကွန်"ဟုရေးသည်ကို သဘောကျမိသော်လည်း ရေရေရာရာ နားမလည်သေး။ မြန်မာ-အင်္ဂလိပ်အဘိဓာန် ကွန်-ကိုကြည့်ရာ Soar ဟု ပြသဖြင့် ကွန်ဟူသည် ပျံသည်ကိုပင်ဆိုလိုကြောင်း နားလည်သွားပါသည်။
          ရတုဘုရင်နတ်သျှင်နောင်ကလည်း "ကွန်"ကို ပျံတက်အဓိပ္ပါယ်ဖြင့် သုံးစွဲသွားသေးသည်။
တဆဲ့နှစ်ခွေ ၊ မြုံလည်ရေ၌
ယဉ်တွေသီတာ ၊ တောင်မျက်နှာက
အာကာကွန်တက် ၊ တိမ်သို့ ယှက်မျှ…။
အာကာသဂင်္ဂါနတ်မြစ်သည် ကောင်းကင်တိမ်တိုက်နှင့်ထိလုဘနန်း ရေလုံးကြီးပျံတက်သည်ဟု ဆိုလိုပါ၏။
မနီးရံလည် ၊တောင်တို့ သည်လည်း
ရှေ့ ရည်အထွတ် ၊သို့ သာညွှတ်၍
သုံးပတ်လှည့်လာ ၊ ဆင်ရှိရာက
အာကာကွန့် ရစ် ၊ ကမ်းနီမြစ်ထက်
ထစ်ထစ်ရောင်ထင်….. တွင် ကွန် မှ ကွန့် ပင်ဖြစ်သွားသေးသည်။ နတ်သျှင်နောင်၏ကဗျာပင်ဖြစ်၏။
ထို့ ပြင် အရှင်မဟာရဋ္ဌသာရဆရာတော်ကလည်း ဘူရိဒတ်ဇာတ်ပေါင်းခန်း၊ အပိုဒ် ၅ တွင် "ပျံ" နှင့် "ကွန်" တို့ ကို အတူပြု စပ်ဆိုတော်မူပြန်လေကြောင်း တွေ့ ရပါ၏။
ကြမ္မာကောင်းမှု ၊ ပစ္စည်းပြုသား
ဥတုသမုဋ္ဌာန် ၊ စကြာမွန်လျှင်
ပျံကွန်စွတ်စွတ် ၊ တန်ခိုးလွှတ်သော်….။
အခြားသိဖွယ်များကို ရှင်းလင်းသင့်သော်လည်း စာကျယ်ဖွယ်ရှိ၊ စာလေးလံသွားဖွယ်လည်းရှိပါသဖြင့် ကွန်မျှဖြင့် ကျေနပ်စေလိုပါ၏။
အမရဒီပ
ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၅
Friday, February 27, 2015
ဇာတ်တော်နှစ်ခု သတိပြု
          တွင်းသင်းမင်းကြီးမဟာစည်သူဘွဲ့ ခံ ဦးထွန်းညိုရဟန်းဘဝ သျှင်လင်္ကာသာရအဖြစ်ရှိစဉ် မုဒုလက္ခဏပျို့ အမည်ဖြင့် မြန်မာကဗျာရှည်ရေးစပ်သော ဇာတ်တော်မှာ မုဒုလက္ခဏဇာတ်ပင်ဖြစ်၏။
ဇာတကအဋ္ဌကထာ၊ ဧကကနိပါတ်၊ အပဏ္ဏကဝဂ်၊ ဣတ္ထိဝဂ်၊ အမှတ် ၆မုဒုလက္ခဏဇာတ်ဖြစ်၏။
 ညောင်ကန်ဆရာတော်မြန်မာပြန်ဆိုစီရင်တော်မူသော ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ စာမျက်နှာ ၃ဝဝ တွင် မုဒုလက္ခဏဇာတ်တော်ကို လေ့လာနိုင်သည်။
          မုဒုလက္ခဏဇာတ်အကျဉ်းချုပ်မှာ ဘုရားလောင်းဟရိတစသတို့ သား တောထွက်၊ ဈာန်အဘိ
ညာဉ်ရ၊ တောမှ မြို့ သို့ ကြွလာ၊ မင်းကြည်ညို၍ မင်းဥယျာဉ်မှာနေထိုင်၊ မင်းနန်းတော်သို့  နေ့ စဉ်ဆွမ်း
ခံကြွ ၊ ပြည်စွန်ပြည်ဖျားတွင် သောင်းကျန်းပုန်ကန်သည်ကို နှိမ်နင်းဖို့ မင်းကိုယ်တိုင်စစ်ထွက်၊ မိဖုရားအား နေ့ စဉ်ဆွမ်းဝတ်မပျက်အောင်ဂရုစိုက်ဖို့ မှာကြား၊ ရသေ့က ကောင်းကင်မှဈာန်ပျံပြီး နန်းတော်ကြွအဝင်၊ မိဖုရားက ညောင်စောင်းမှအလျင်အမြန်ထအရပ် အဝတ်လျောကျ၊ မ-အာရုံ မ-အလှကို တပ်မက်မိသော ရသေ့ဈာန်လျော၊ ဆွမ်းယူပြီး မင်းဥယျာဉ်ပြန်ကြွ၊ ဆွမ်းမစားဘဲ ညောင်စောင်းပေါ် ၇ ရက်တိတိလျောင်းအိပ်ကာ မိဖုရားကိုတမ်းတ၊ မင်းစစ်ထွက်ရာမှ ပြန်ရောက်၊ ရသေ့ကျောင်းအဝင် အခြေအနေသိရ၊ မိဖုရားကြီးကို ရသေ့အားပေးလှု၊ မိဖုရားကြီးက ရသေ့ကြီး အသိစိတ်ပုံမှန်လာအောင် အသိဉာဏ်ပေးဆုံးမ၊ ရသေ့သတိပြန်ရကာ မင်းထံ မိဖုရားကိုပြန်အပ်၊ တောသို့ ပြန်ကြွ….ဟု ဖြစ်သည်။
ရသေ့အမည် ဟရိတစအမည်ဖြင့်ဇာတ်တော်မှာ ဇာတကအဋ္ဌကထာ၊ နဝကနိပါတ်လာ ဇာတ်အမှတ် ၅ ဖြစ်သည်။ ညောင်ကန်ဆရာတော်မြန်မာပြန်ဆိုစီရင်တော်မူသော ငါးရာငါးဆယ်ဇာတ်တော်၊ တတိယ
တွဲ ၊ စာမျက်နှာ ၅ဝ၉ တွင် ဟရိတစဇာတ်တော်ကို လေ့လာနိုင်သည်။
ဟရိတစဇာတ်အကျဉ်းချုပ်မှာ ဟရိတစသတိုးသားတောထွက်သည်မှစ၍ မိဖုရားအဝတ်လျောကျ
သည်အထိ မုဒုလက္ခဏဇာတ်နှင့် တူသည်။ ထူးခြားသည်မှာ မိဖုရားအဝတ်လျောကျသည်ကိုမြင်ပြီး ရသေ့စိတ်မထိန်းနိုင်ဖြစ်ကာ မိဖုရားလက်ကိုကိုင်ဆွဲပြီး ကာမမှုကျူးလွန်သည်။ နန်းတွင်းရှိ အခြွေအရံ တို့ က အရံအကာဖုံးကွယ်ပေးရသည်။
ရသေ့သည် မိဖုရားနှင့် လူတို့ အကျင့်ကို နေ့ စဉ်ပြုလေရာ နန်းတွင်းမှသတင်းသည် ပြည်အနှံ့ ပြန့် ၏။ 
အမတ်တို့ က ယင်းသတင်းကို မင်းအားသတင်းပို့ ကြ၏။ ရသေ့အပေါ် မလိုလား၍ပြောသည်ထင်ကာ မင်းကိုယ်တိုင် မယုံကြည်ချေ။ နန်းတော်သို့ ပြန်ရောက်ပြီး မိဖုရားအားမေးသည်။ မိဖုရားက ဟုတ်မှန်တိုင်း ဝန်ခံသည်။ မင်းသည် မိဖုရားစကားကိုလည်းမယုံကြည်ချေ။ ရသေ့အားမေးပြန်သည်။ ရသေ့က သတင်းမှန်ကြောင်း ဝန်ခံမှ မင်းယုံကြည်လေ၏။  မင်းကိုယ်တိုင် ရသေ့အား သတိပေးဆုံးမသည်။ ရသေ့လည်း အသိနောင်တရကာ ဈာန်အကျင့်ပြန်ကျင့်သည်။ မိန်းမအနံ့ ကင်းရာ တောသို့ ပြန်မည်နှုတ်ဆက်၍ ရသေ့ ဟိမဝန္တာတောသို့ ပြန်သည်။
မုဒုလက္ခဏဇာတ်က ရသေ့မင်းဥယျာဉ်မှာနေသည့်သက်တမ်းကို ၁၆ နှစ်ဟုပြသည်။ ဟရိတစဇာတ်က ၁၂ နှစ်ဟု ပြသည်။
ဟရိတစရသေ့က ရာဂ၊ဒေါသ၊မာန၊မောဟ တရား ၄ မျိုးတို့ အားကြီးပြင်းထန်လာလျှင် အသိပညာ နေရာမရှိပြီဟု မင်းအား ပြောသည်မှာ မှတ်သားဖွယ်ဖြစ်၏။
မုဒုလက္ခဏဇာတ်နှင့် ဟရိတစဇာတ်ကို နှိုင်းယှဉ်ကြည့်ပါက ဟရိတစဇာတ်မှာ လွမ်းဆွေးစရာအခန်း
 ဖြစ်ဖြစ်မြောက်မြောက်မပါဝင်ချေ။ စိတ်မြန်ကိုယ်မြန်ရှိလှသော အလောင်းတော်ရသေ့သည် ထီကနဲ
ပတ်မသံကြားသည်နှင့် ကြိုးဝိုင်းတွင်း လွှားကနဲခုန်ဝင်ကာ လက်ဝှေ့ ရေးပြသူပမာတူလှသည်။ စားစရာမြင်သည်နှင့် လက်ဆိုင်းမနေ ဆွဲစားလိုက်သည်နှင့်တူ၏။ မုဒုလက္ခဏဇာတ်လာရသေ့ကတော့ ကွယ်ရာရောက်မှ စိတ်ကူးယဉ်အသဲကွဲ၊ လွမ်းနာကျသူဖြစ်သည်။ ဤသည်ကား ကဗျာဆရာအကြိုက် အသဲကွဲ
ကဗျာရေးရမည့်ဇာတ်ဆောင်စရိုက်ဖြစ်လာ၏။
ညောင်ကန်ဆရာတော်၏မြန်မာပြန်တွင် ရသေ့ဖြစ်ပုံကို ဤသို့ ပြ၏။
"ထိုရသေ့သည် ရပ်လျက်သာလျှင် အာဟာရကိုယူ၍ မစားမူ၍သာလျှင် ကိလေသာသည် တုန်လှုပ်စေ
အပ်သည်ဖြစ်၍ ပြာသာဒ်မှသက်ခဲ့ပြီးလျှင် ဥယျာဉ်သို့ သွား၍ သစ်ရွက်မိုးသောကျောင်းသို့ ဝင်၍
ပျဉ်ခင်းသောနေရာ၏အောက်၌ အာဟာရကိုထား၍ ဝိသဘာဂအာရုံဖြင့် ဖွဲ့ ယှက်အပ်သည်ဖြစ်၍ ဤကိလေသာမီးသည် လောင်သည်ရှိသော် အာဟာရကင်းသည်၏အဖြစ်ကြောင့် ခြောက်ကပ်လျက် ခုနစ်ရက်တို့ ပတ်လုံး ပျဉ်အခင်း၌ အိပ်၏….။"
တွင်းသင်းမင်းကြီးက ရသေ့၏ကိလေသာဖမ်းစားခံရပုံအကြောင်း ကဗျာဖြင့် ဤသို့ ဖွဲ့ လေ၏။
အများဖော်လော် ၊ ရသေ့ကျော်လည်း
မတော်စွာကြုံ ၊ စက္ခာရုံကြောင့်
ငါးစုံမြတ်မော ၊ ဈာန်မှလျှော၍
လျှင်ဆောတိမ်းမပ်၊ ဆွမ်းရပ်ပြီးသော်
မင်းအိမ်တော်တွင် ၊ စားတော်ခေါ်မြဲ
မခေါ်ဘဲလျှက် ၊ စိန်ရွှဲရောင်ချက်
ရွှေနန်းထက်မှ ၊ ဆင်းသက်ဆောလျင်
ဥယျာဉ်ဝင်ပြီး ၊ နေပင်အမြဲ
သင်္ခမ်းထဲ၌ ၊ ကျိန်းနွဲစက်လျောင်း
ညောင်စောင်းပျဉ်အောက် ၊ ရမြောက်ကြိုင်ရှား
ဆွမ်းခွက်ထား၍ ၊ မစားတလုပ်
အာဟာချုပ်လျက် ၊ နတ်ရုပ်ရွယ်ပျို
လဲ့လဲ့ညိုကို
သွေးချိုဤသို့ တ-လတည်း။ (၃၉)
အမရဒီပ
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅