Total Pageviews

Sunday, October 16, 2011

စစ်ဘီလူးသာသနာ

သာသနာပြုမင်း၊ မြို့တည်နန်းတည်မင်း၊ ဆင်ဖြူရှင်"ဟုသမုတ်ခေါ်ဝေါ်ခြင်းကို
မြန်မာအုပ်စိုးသူတို့အလွန်မက်မောလိုလားကြသည်မှာ ယနေ့ခေတ်သစ်အုပ်စိုးသူတွေအထိ
---။   ယခုအခါမှာ မြို့သစ်နန်းသစ်တည်ဆောက်ခြင်းလုပ်ငန်းလည်း ပြီးစီးခဲ့ပြီ၊ ဆင်ဖြူတော်
အထီးအမတို့လည်း နေပြည်တော်ဆင်တဲကုပ်မှာ ကိန်းဝပ်ပျော်မွေ့နေကြပေပြီ။ သို့အတွက်  ရှေးဘုရင်မင်းတြားကြီးများနည်းတူ ဘွဲ့နာမထူးတော်တခုသာ လိုအပ်နေပေတော့သည်။ ယင်းကား "သာသနာပြုမင်း" ဟူသော ဘွဲ့ နာမတော်ပေတည်း။
         
          သာသနာပြုမင်းစီမံကိန်းအကြောင်း  ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာ (ရ်) အ (ဖ်)အေ မြန်မာပိုင်းအစီအစဉ်များမှသတင်းများထွက်ပေါ်လာသည်။ ကဲ--သတင်းခေါင်းစီးများကို ကြည့်
ပါဦး-----။
-၀န်ထမ်းများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သာသနာနုဂ္ဂဟအသင်းဝင်ခိုင်း၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၁
- သာသနာနုဂ္ဂဟအသင်းဖွင့်ရေးအခြေအတင်ဖြစ်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁
-သတ္တမအကြိမ်မြောက် သင်္ဂါယနာတင်ပွဲကျင်းပရန်  သူဌေးကြီး ဦးခင်ရွှေကြိုးပမ်းနေ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၁
- သာသနာနုဂ္ဂဟအသင်းများအတင်းဖွဲ့၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁
- အသက်နဲ့ရင်းလို့ စည်းစိမ်ပုံလို့ အာမခံ (ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ ဥက္က​​ဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာသာသနာနုဂ္ဂဟအသင်းဟာ အများစွပ်စွဲနေ
သလို နိုင်ငံရေးဘက်မှာ အသုံးချဖို့မဟုတ်ဘူးဆိုတာ အသက်နဲ့ရင်းလို့ အာမခံတယ်၊ သူပိုင်သ
မျှ စည်းစိမ်ချမ်းသာပုံပေးပြီး တာဝန်ခံပါတယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁

          သတင်းအကြောင်းအရာတွေကို အကျဉ်းချုပ်လိုက်တော့ "အသင်းသစ်နှင့် သင်္ဂါယနာ"
ဟု စကားလုံး ၂ လုံးတွေ့ရသည်။ 
          အသင်းသစ်(ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း) သည်ဗုဒ္ဓသာသနာတော်ကိုချီးမြှောက်
ထောက်ပံ့သောအသင်း၊အဖွဲ့ဟု အဓိပ္ပါယ်ရသည်။ ယူထားသောအမည်နှင့်အညီ လုပ်၊မလုပ်ကို
စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။
          သို့ရာတွင် အသင်းဝင်များကို စုဆောင်းရာတွင် အာဏာသုံးကာ အတင်းအကျပ်ဝင်ခိုင်း
ခြင်း၊ အသင်းဝင်ကြေးကို ခေါင်းပုံဖြတ်ကောက်ခံခြင်း၊ အသင်းရုံးခန်းအတွက် နေရာရှာရာတွင် နယ်ခံဗုဒ္ဓဘာသာဝင်များနှင့် အခြေအတင်ဖြစ်နေခြင်းမှာ ဘာသာရေးအသင်း၏ လုပ်ဆောင်
ချက်အဖြစ် အများက မြင်နိုင်စရာအကြောင်းမရှိပါ။ အကြောင်းမှာ ဗုဒ္ဓဘာသာသည် Hard power မဟုတ်၊ Soft power သာ ဖြစ်ပါသည်။ ပွဲစကတည်းက သူတပါးစိတ်အနှောင့်အယှက်ဖြစ်
အောင်ပြုလုပ်ကာ  ကိုယ်ဖြစ်ချင်ရာကိုလုပ်သောအသင်းအဖွဲ့သည် မည်သည့်နယ်ပယ်တွင်ဖြစ်
စေ၊ အောင်မြင်ဖွယ်အကြောင်းနည်းပါးတတ်ပါသည်။ အထူးသဖြင့် ဗုဒ္ဓသာသနာပြုဆိုသူများ အထူးသတိပြုသင့်သော အချက်ဖြစ်ပါသည်။

          ပရိယတ္တိသာသနာ၊ ပဋ္ဋိပတ္တိသာသနာကို အစစ်အမှန်ထောက်ပံ့ကူညီအားပေးသော သာသနာရေးအသင်းအဖွဲ့များ မြန်မာပြည်တွင်းမှာရော မြန်မာပြည်ပမှာပါ များစွာရှိနေပါသည်။
အခြားတဖက်တွင် အသင်းဦးဆောင်သူတို့၏ ပုဂ္ဂလိကရေးရာခံစားချက်ကြောင့် သာသနာရေး
အသင်းကို သာသနာရေးအတွက်မဖြစ်စေဘဲ မိသားစုလုပ်ငန်းတခုပမာ လည်ပတ်ခြင်း၊ သူတို့
၏သြဇာအာဏာကို ကာကွယ်သောအားဖြင့် အခြားသူများဝင်မလာနိုင်အောင် အုပ်စုဖွဲ့ကာ
ဥက္က​​ဋ္ဌ၊ အတွင်းရေးမှုး စသော နေရာများကို အုပ်စုပတ်လည်စနစ်ဖြင့် အလှည့်ကျနေရာယူခြင်း၊
သာသနာချစ်စိတ်နည်းပါးသည်နှင့်အမျှ ရဟန်းဝိနည်း နှင့် တရားတော်ကိုမသိနားမလည်သော
ကြောင့် ရဟန်းတော်များကို နားလည်မှုမပေးနိုင်ခြင်း၊ အုပ်စုအင်အားဖြင့် ရဟန်းတော်များကို ကျောင်းမှနှင်ထုတ်ခြင်း စသော သာသနာရေးအသင်းစံများနှင့်လွဲချော်နေသောအမည်ခံ ဗုဒ္ဓ
ဘာသာအသင်းများလည်း ရှိနေသည်ကို တွေ့ရသည်။

          ဦးခင်ရွှေဦးဆောာင်သော သာသနာနုဂ္ဂဟအသင်း၏ မြစ်ဖျားခံရာသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(နောင် ပါတီအဖြစ်ပြောင်းလဲ) ဖြစ်သည်။ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည်
လူမှုရေးအသင်းအမည်ခံကာ လူသူအင်အား နှင့် ဘဏ္ဍာငွေစုဆောင်းပြီးနောက် ပါတီဘ၀သို့ ပြောင်ပြောင်တင်းတင်းကူးပြောင်းသွားခဲ့သည်။ကြံ့ခိုင်ရေးပါတီနည်းတူ သာသနာနုဂ္ဂဟအသင်း
သည်လည်း နိုင်ငံရေးပါတီအဖြစ် မပြောင်းလဲပါ(သို့မဟုတ်) နိုင်ငံရေးပါတီ၏အသုံးချခံဘ၀သို့ မရောက်ပါဟု မည်သူက မည်သို့ပင် အာမခံစေကာမူ ယုံကြည်ဖွယ်မရှိပါ။ အပြောထက်အလုပ်
က သက်သေပြခဲ့ပြီပဲ မဟုတ်လား------။

          သတ္တမသင်္ဂါယနာအကြောင်း ဆက်ပါမည်----။ ဗုဒ္ဓတရားတော်များ အတွင်း၊ အပြင်
အန္တရာယ်များနှင့်ကြုံတွေ့ရပြီး ပျက်စီးမည့်အခြေအနေရောက်ပါက သင်္ဂါယနာတင်ခဲ့ကြ၏။
အိန္ဒိယနိုင်ငံတွင် ၃ ကြိမ်၊ သီရိလင်္ကာနိုင်ငံတွင် ၁ ကြိမ်၊ မြန်မာနိုင်ငံတွင် ၂ ကြိမ် စုစုပေါင်း ၆
ကြိမ် သင်္ဂါယနာတင်ခဲ့ပြီးဖြစ်သည်။နုတ်ငုံဆောင်ခြင်း၊ပေထက်အက္ခရာတင်ခြင်း၊ကျောက်ထက်
အက္ခရာတင်ခြင်း၊ စာအုပ်ဖြင့်မှတ်တမ်းတင်ခြင်း၊ နောက်ဆုံးပေါ်စီဒီချပ်ဖြင့် မှတ်တမ်းတင်ခြင်း
တို့ဖြင့် မူရင်းပိဋကတော်နှင့် သက်ဆိုင်ရာအဖွင့်ကျမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်း
ထားနိုင်ပြီး ဖြစ်ပါသည်။ သို့အတွက်  ရန်သူမျိုး ၅ ပါး မဖျက်ဆီးနိုင်သည့် လုံခြုံရေးကို ပိဋက
တော်များ ရရှိနေပြီဟု ဆိုချင်ပါသည်။ ဆိုလိုရင်းမှာ ပိဋကတ်လုံခြုံရေးရှုထောင့်မှကြည့်ပါက
သတ္တမသင်္ဂါယနာပြုလုပ်ရန် မလိုအပ်သေးကြောင်း ဖြစ်ပါသည်။

          ဆဋ္ဌသင်္ဂါယနာကျေးဇူးတော်ကြောင့် မူကောင်းမူသန့်ပိဋကတ်တော်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ  ၁၁၇ ကျမ်းကို ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်ခွင့်ရနေပါသည်။ ယခုအခါ ပိဋကတ်တော်
များကိုဖတ်ပြီး မှန်မှန်ကန်ကန်ယူဆတတ်သူ၊ သူတပါးကို လမ်းညွှန်တတ်သူများကို လိုအပ်နေ
ပါသည်။ ပိဋကတ်ပညာရှင်ပေါ်ပေါက်ရေးအတွက် သတ္တမသင်္ဂါယနာတင်လိုသူများဘာလုပ်နေ
ကြသနည်း။ စာသင်တိုက်များကို အကြမ်းဖက်ဝင်ရောက်စီးနင်းခြင်း၊  ရဟန်းတော်များနှင့် သီလရှင်ကို ဖမ်းဆီးထောင်ချခြင်း၊ သာသနာ့ဘောင်မနေနိုင်အောင် အာဏာသုံးခြင်း၊ တရား
ဟော၊တရားပြခွင့် ပိတ်ပင်ခြင်း၊ စစ်မှုထမ်းဥပဒေထုတ်ပြန်၍ တဖက်တလမ်းမှသာသနာ
အားနည်းအောင် ကြံဆောင်ခြင်း၊ သာသနာ့ဝန်ထမ်းများကို မထီမဲ့မြင်ပြုခြင်း စသည်များကို သတ္တမသင်္ဂါယနာတင်လိုသူတို့ ပြုနေကြသည်မှာ အပြောတမျိုး၊ အလုပ်တမျိုး ဖြစ်ကြောင်း
 ထင်ရှားနေပါ၏။

          မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာအင်အားကြီးနိုင်ငံ ဖြစ်၏။ သို့သော် နိုင်ငံတကာ
သို့ ဗုဒ္ဓဘာသာဖြန့်ချီရေးလုပ်သောအပိုင်းတွင် အင်အားနည်း၍ နောက်ကောက်ကျနေ၏။ ဆိုလိုသည်မှာ ဘာသာရေးခေါင်းဆောင်ရဟန်းတော်များ၏ အစဉ်အလာပါဠိပညာရေးစနစ်
သည် ပိဋကတ်နှံ့စပ်ကျွမ်းကျင်သည့်အပိုင်းမှာ အခြားသော ဗုဒ္ဓဘာသာနိုင်ငံများကပင် လေးစားကြရ၏။ သို့သော် မြန်မာဘုန်းတော်ကြီးများသည် နိုင်ငံတကာသုံးဘာသာစကားကို ပညာရေးစနစ်အနေဖြင့် စီမံကိန်းချကာ မသင်ကြားကြသောကြောင့် တခြားနိုင်ငံသားများအား ဓမ္မကို မိမိတို့သိနားလည်သလောက် ရှင်းမပြနိုင်ခဲ့ကြပါ။ ဤအချက်သည် အားနည်းချက်ဖြစ်
၏။ ဆဋ္ဌသင်္ဂါယနာတင်အစိုးရခေါင်းဆောင်ဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုက မြတ်တရားကို ရှာဖွေတွေ့ရှိသူစာအုပ်တွင် " မဟာစည်ဆရာတော်ကဲ့သို့သော ရဟန်းတပါးသည် မိမိ
အကြိုက်ဆုံးဝိပဿနာကမ္မဋ္ဌာန်းဘာသာရပ်အကြောင်းကို မြန်မာစကားမပြောတတ်သည့် ကမ္ဘာ့လူသားများအား တောက်ပြောင်စွာရှင်းပြနိုင်လောက်အောင် အင်္ဂလိပ်ဘာသာမတတ်
သည်မှာ ၀မ်းနည်းဖွယ်ဖြစ်၏"ဟု ၀န်ခံပြောကြားခဲ့၏။

          သတ္တမသင်္ဂါယနာတင်လိုသူများအနေဖြင့် ဆဋ္ဌသင်္ဂါယနာတင်ခဲ့သူတို့ လုပ်ဆောင်နိုင်
စွမ်းမရှိခဲ့သော သာသနာရေးဆိုင်ရာများကို သာသနာ့ဝန်ထမ်းပထမပြန်ပညာရေးကို ဦးဆောင်
ဦးရွက်ပြုနေသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်း၍ ပိဋ္ဋကတ်နားလည်
တတ်ကျွမ်းသူပေါ်ပေါက်ရေး၊ ဘာသန္တရ စာပေပညာရပ်ကို ပထမပြန်စာမေးပွဲအတွင်း ပြဋ္ဌာန်း
သင်ကြားရေးတို့ကို ဆောင်ရွက်သင့်ပါသည်။ တကယ်တမ်းသာသနာရေးလုပ်ငန်းများဆောင်
ရွက်နေကြသော သာသနာပြုပုဂ္ဂိုလ်များ၏ အသံကိုလည်း နားထောင်သင့်ပါသည်။ သံဃာ
တော်များ၏ ပရိယတ္တိ၊ ပဋ္ဋိပတ္တိလုပ်ငန်းများကို ဟန်ပြမဟုတ်ဘဲ အစစ်အမှန်အားပေးထောက်ပံ့
သင့်ပါသည်။

          ပုံပြင်တပုဒ် ပြောလိုပါသည်။ ပိဋ္ဋကတ်တော်လာ ဇာတ်နိပါတ်တော့ မဟုတ်ကြောင်း ကြိုတင် အစီရင်ခံပါသည်။

          တနေ့ ဘီလူးကြီးတဦး မြတ်စွာဘုရားထံ ရောက်လာသည်။ သာသနာရေးကိစ္စပဲဖြစ်ဖြစ်
၊ ဗုဒ္ဓဝေယျာဝစ္စပဲဖြစ်ဖြစ် တခုခုတော့ လုပ်ပေးချင်ကြောင်း လျှောက်ထားလေသည်။ မြတ်စွာဗုဒ္ဓက ဘီလူးကို ဘာမှခိုင်းစရာမရှိကြောင်း မိန့်ကြားသည်။ သို့သော် ဘီလူးက တခုခု
တော့ လုပ်ပေးပါရစေ၊ အတင်းရော ဇွတ်ရော အကြိမ်ကြိမ်လျှောက်ထားသည်။ နောက်ဆုံး မြတ်စွာဘုရားရှင်က ဘီလူးကို အလျှော့ပေးလိုက်သည်။ ဘုရားရှင် ရေသပ္ပါယ်တိုင်း အသုံးပြု
နေကြ ရေလဲသင်းပိုင်(ရေသနုပ်တော်)ကို လျှော်ဖွတ်ပေးရန်ပြောပြီး ရေသနုပ်ကို ဘီလူးလက် အပ်လိုက်သည်။

          ဘီလူးကား စိတ်ကြမ်းကိုယ်ကြမ်းသမား--------။
ရေသနုပ်ကို ရေနှစ်ကာ စိုစေပြီးနောက် ကျောက်ဖျာပေါ်တွင် အားကုန်လွှဲကာ ရိုက်နှက်လျှော်
ဖွပ်လေသည်။  ရေထိဖန်များ၍ နွမ်းရိပါးလျစပြုနေသော ဘုရားရှင်၏ ရေသနုပ်တော်မှာ ဘီလူး
ကြီး၏ အကြမ်းပတမ်းရိုက်လျှော်ချက်ကြောင့် တစစီ စုတ်ပြဲသွားလေသည်။ ဘီလူးကရေသနုပ်
တော် စုပ်ပြဲကြောင်း မြတ်စွာဘုရားအား အကြောင်းကြားလျှောက်ထား၏။ ထိုအခါ ဘုရားရှင်
သည် ဘီလူးကို ဆုံးမစကားမိန့်ကြားလေသည်။

          "အမောင်ဘီလူး---မင်းစရိုက်က ကြမ်းကြမ်းတမ်းတမ်း----။ သာသနာတော်က နူးညံ့သိမ်မွေ့တယ်။ အမောင် ရေသနုပ်လျှော်ဖွပ်သလိုသာ သာသနာပြုရင် ငါဘုရားသာသနာ ပျက်စီးပျောက်ကွယ်လိမ့်မကွဲ့------။"

          သတ္တမသင်္ဂါယနာတင်မည်ဆိုသူတို့၏ စိတ်ကြမ်းကိုယ်ကြမ်းရက်စက်သမျှကို ရဟန်းရှင်လူတိုင်းရင်းသားပြည်သူတို့ အကြိမ်ကြိမ်ကိုယ်တွေ့ခံစားခဲ့ရပြီးပျြါပီ--။ ဘီလူးကြီး ဘုရားရှင်၏ရေသနုပ်ကို လျှော်ဖွပ်သလို မြန်မာပြည်သာသနာရေးကိုသာမက  ပညာရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားနယ်ပယ်စသည်တို့ကိုပါ စစ်ဘီလူးတို့
ကြမ်းကြမ်းရမ်းရမ်း လျှော်ဖွပ်လိုက်၍ အဖတ်ဆည်မရအောင် ပျက်စီးနေပါပြီကော------။

          "သာသနာသက်တမ်း ၅၀၀၀" ဟူသောစကားကို ဗုဒ္ဓဘာသာဆိုင်ရာ တတ်ယောင်ကား
ဆရာတို့ အလွန်လက်စွဲပြု၏။ သာသနာ ၅၀၀၀ ဟူသည် ၀ိနည်းပါဠိတော်တွင် ဘိက္ခုနီသာသ
နာပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ဥပမာပေးပြောဆိုသောစကားမှ ကွန့်ထွက်လာသော စကားသာဖြစ်သည်။ "ဗုဒ္ဓသာသနာနှစ်ပေါင်း  ၅၀၀၀ သာ ရှည်ကြာမည်"ဟု ဆိုလိုရင်းမဟုတ်။
သာသနာသက်တမ်း ၅၀၀၀ ဟူ၍ နှစ်ကန့်သတ်ချက်မရှိလျှင် ယင်း၏နောက်ဆက်တွဲ စကား
"သိကြားသာသနာ"ဟူသော အဆိုမှာလည်း အလိုလို ပျက်ပြယ်တော့သည်သာ--။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီး သာသနာတော်ကို စောင့်ရှောက်ရန် သိကြားမင်းကို မှာကြားသွားသည် မဟုတ်ပါလားဟု ထိုဆရာတို့က ပြန်လည်မေးခွန်းထုတ်ကြ၏။ ဘယ်ကျမ်းထွက်စကားကို ကိုးကားပြီး မေးခွန်းထုတ်သနည်းဟုသာ တုံ့ပြန်မေးခွန်းထုတ်ခြင်းဖြင့် ဖြေကြားလိုပါ၏။

          "သံဂါယနာ" သို့မဟုတ် "သင်္ဂါယနာ"သည် ရဟန်းတော် သံဃာတော်များ အလုပ်ကိစ္စ
သာ ဖြစ်သည်။ ဓမ္မနှင့်အဓမ္မ၊ ၀ိနယနှင့် အ၀ိနယ စိစစ်ဝေဖန်ခွဲခြားပြီးနောက် ဗုဒ္ဓစကားတော်
များကို စုပေါင်းရွတ်ဆိုကြသည်။ ဤကား "သံဂါယနာ" သို့မဟုတ် "သင်္ဂါယနာ"---။ သင်္ဂါယနာ
ကို ဘယ်သူတင်သနည်းမေးလျှင် သံဃာက သင်္ဂါယနာတင်သည်ဟုသာ ရှင်းရှင်းဖြေရပေ
မည်။  မင်း သို့မဟုတ် အစိုးရဆိုတာကတော့ သင်္ဂါယနာအတွက် နေရာထိုင်ခင်း၊ ဆွမ်း၊ လုံခြုံ
ရေးစသော အထောက်အကူပိုင်းကို လုပ်ဆောင်ကြရသည်။ အုပ်ချုပ်သူသည် သင်္ဂါယနာဖြစ်
မြောက်ရေးကို ကူညီသူဖြစ်သည်။ သင်္ဂါယနာတင်သူမဟုတ်ပါ။ ရဟန်းသံဃာတော်များကသာ
သင်္ဂါယနာတင်သူ ဖြစ်သည်။ ထို့ကြောင့် ဦးခင်ရွှေပြောသည့် "သတ္တမသင်္ဂါယနာတွင် ဓမ္မကို
သာမက  သံဃာကိုပါ သင်္ဂါယနာတင်ရမည်" စကားမှာ ကိုယ်နားမလည်သောကိစ္စမှာ ဆရာ
ဝင်လုပ်သည်ဟူသော အဓိပ္ပါယ်မှတပါး အခြားမည်သည့်အဓိပ္ပါယ်မျှမရှိချေ---။ သံဃာကို ဘယ်လို သင်္ဂါယနာတင်မည်နည်း---။

          ဦးခင်ရွှေ၏ သာသနာနုဂ္ဂဟအသင်းသစ်သည် တာထွက်ကတည်းက ကြမ်းကြမ်းရမ်း
ရမ်းအသင်းဝင်စုသည်။ ၀င်ကြေးကောက်သည်။ ရုံးခန်းရှာသည်---။ နောင်လည်း ကြမ်းကြမ်း
ရမ်းရမ်း ဆက်လုပ်ဦးမှာ သေချာသည်။ ဘီလူးကြီး ရေသနုပ်လျှော်မည့်ကိန်း--------------။

          လက်ငင်းအချိန်အခါနှင့် အခြေအနေအရ မလိုအပ်သော သတ္တမသင်္ဂါယနာကို အတွေးမှား၊ အကြံမှားတွေနှင့် ဆက်လုပ်ဦးမည်။ ဗုဒ္ဓသာသနာမပြုဘဲ စီပွားရေးလုပ်ငန်းရှင်ကြီး
ပီပီ အတ္တသာသနာပြုကြဦးမည်။ ပြီးတော့ သာသနာ့ဒါယကာဘွဲ့ခံယူကြဦးမည်။
ထိုအခါ မြန်မာပြည်ရှိ ဗုဒ္ဓသာသနာတော်သည် ဗုဒ္ဓသာသနာတော်မဟုတ် (သိကြားသာသနာ
လည်းမဟုတ်)ဘဲ ဘီလူးသာသနာဖြစ်ပေဦးတော့မည်။ သြော်----စစ်ဘီလူးတို့သာသနာ---။

အမရဒီပ
၃-၁၆-၂၀၁၁



         

1 comment:

Maung Maung Kyaw Win said...

Khin Shwe is just a running dog of the military regime. He knows only how to grab and rob things from the innocent people and how to bite the people who feed him. He and his masters, the military butchers, won't live long. Very soon they will go to hell, the only place they deserve to dwell.