Total Pageviews

Sunday, October 16, 2011

ဝိပဿနာဆရာတော်များနှင့် သကဒါဂါမ် ဆရာဘတို့ ဆရာတပည့်


ဝိပဿနာဆရာတော်များဟူသည် ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးတို့ကို ရည်ညွန်းပါသည်။
            ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၁၂၆၁-ခု၊နတ်တော်လပြည့်
ကျော် ၁၁ ရက် (ခရစ် ၁၈၉၉၊ ဒီဇင်ဘာ ၂၇)ရက်၊ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသည်။
            ကောဇာသက္ကရာဇ် ၁၂၈၁ ခု၊ ၀ါဆိုလဆန်း ၈ (ခရစ် ၁၉၁၉၊ ဇူလိုင် ၄)ရက်သောကြာနေ့တွင် ရဟန်း
ဖြစ်တော်မူသည်။
            ကောဇာသက္ကရာဇ် ၁၃၂၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄ (ခရစ် ၁၉၆၂၊ အောက်တိုဘာ ၁၇)ရက်၊ ဗုဒ္ဓဟူးနေ့တွင် တစ်ဘ၀ဇာတ်သိမ်းတော်မူသည်။
            ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၁၂၆၆ ခု၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၃ (ခရစ် ၁၀၉၄၊ ဇူလိုင် ၂၉) ရက်၊သောကြာနေ့တွင် ဖွားမြင်တော်မူသည်။
            ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ (ခရစ် ၁၉၂၃၊ နိုဝင်ဘာ ၂၆) ရက်၊ တနင်္လာနေ့တွင် ရဟန်းဖြစ်တော်မူသည်။
            ကောဇာသက္ကရာဇ် ၁၃၄၄ ခု၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၁၀ (ခရစ် ၁၉၈၂၊ သြဂုတ် ၁၄) ရက်၊ စနေနေ့တွင် တစ်ဘ၀ဇာတ်သိမ်းတော်မူသည်။
            ဆရာတော်ဘုရားကြီးများသည် ၀ိပဿနာနည်းပြဆရာတော်များအဖြစ် ထင်ရှားတော်မူခဲ့ကြပါသည်။ ဆရာတော်ကြီးများလက်ထက်တွင် လူဝတ်ကြောင်တရားဟော၊ တရားပြ သကဒါဂါမ်ဆရာဘဟူသော ဆရာကြီးတစ်ဦးထင်ရှားပေါ်ပေါက်ခဲ့ပါသည်။  မိုးကုတ်ဆရာတော်ဘုရားကြီးက သကဒါမ်ဆရာဘနှင့် မိုးကုတ်မြို့တွင် မျက်နှာချင်းဆိုင် တွေ့ကြုံခဲ့ရသည်၊ မဟာစည်ဆရာတော်ဘုရားကြီးမှာ သကဒါမ်ဂါမ်ဆရာဘ၏
နောက်လိုက်ဘုန်းတော်ကြီးတစ်ပါးနှင့် တွေ့ဆုံခဲ့သည်။
ထိုဆရာတော်ကြီးများ၏ ဘ၀တစ်ကွေ့ တွင်တွေ့ကြုံခဲ့ရသောဖြစ်ရပ်တစ်ခုမှာစိတ်ဝင်စားဖွယ်ကောင်းလှ
သည့်အတွက် လက်ဆင့်ကမ်း မျှဝေလိုက်ပါသည်။
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏အတွေ့အကြုံကို ပထမ တင်ပြလိုပါသည်။
            "တစ်ခါတွင် သကဒါဂါမ်ဆရာဘကြီးအကြောင်းနှင့်စပ်၍ မိုးကုတ်ဆရာတော်ကြီးက အောက်ပါအတိုင်း
 ဦးအေးမောင်တို့ လူစုအား ပြန်လည်ပြောပြဖူးပါသတတ်။ သကဒါမ်ဆရာဘကြီးသည် နာမည်ကျော် ဓမ္မစေတီဆရာတော်၏တပည့်၊ မုံ့ရွာ လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်သည်။
          ဆရာဘကြီးသည် အနယ်နယ်အရပ်ရပ်ကို လှည့်ပတ်တရားဟောနေသူ ဖြစ်၏။ နာမည်လည်းကြီး၏၊ ထက်လည်း ထက်မြက်လှ၏၊ ဟောတဲ့နေရာတိုင်းမှာလိုလို ပြဿနာလည်း တက်တတ်၏၊ ယခု မိုးကုတ်မြို့ကို ရောက်ရှိလာ၍ တရားဟောရန် ကြေညာတော့၏၊ သူ့ကြေညာဆိုင်းဘုတ်တွင်-----
          "စာတတ်ချင်ရင် စာသင်တိုက်ကို သွားကြ၊ သောတာပန်ဖြစ်ချင်ရင်တော့ကျွန်ုပ်ဆီကိုလာ၍ တရားနာလှည့်ကြ။ တရားပွဲအဆုံးမှာ သောတာပန်တည်စေရမည်"
ဤကြေညာချက်ကို မြို့ပေါ်နှင့် ပတ်ဝန်းကျင်သံဃာများ၊ အချို့သောလူပုဂ္ဂိုလ်များက မကျေနပ်ကြ၊
 "ဒီလူကြီးနှယ်---- ကြီးကျယ်လိုက်တာ"ဟူ၍လည်း ဆိုကြလေသတတ်။
 သို့နှင့်ဝိုင်း၍ ဖမ်းကြလေ၏၊ ထို့နောက် စစ်ဆေးခံရမည်-ဟုဆို၍ ယခု အစစ်အဆေးခံရန် မြို့နယ်လုံးဆိုင်ရာ သံဃာစုံ လူကြီးများစုံရာ ရှေ့မှာ ဆရာဘကြီး ရောက်နေရလေပြီ။
          "အဲဒီပွဲမှာ ငါ့ကိုလဲ လာပင့်ကြတယ်ကွ၊ ပီးတော့ ငါ့ကို သံဃာများတာဝန်ပေးကြတယ်၊
 ဒီပြဿနာ ဒီကိစ္စကို အရှင်ဘုရားပဲ စစ်မေး အရှင်ဘုရားပဲ ဖြေရှင်းပေးတော်မူပါဘုရား"တဲ့။
          သကဒါမ်ဆရာဘကြီး အကျပ်တွေ့နေရလေပြီ၊ "မိုးကုတ်မြို့"ဆိုတာက တောင်ပေါ်မြို့၊ ယင်းတောင်ပေါ်သို့ရောက်ရန် တက်ရာ၌  အကွေ့ပေါင်း(၉၉)ကွေ့ကို တက်လာနိုင်ခဲ့သော်လည်း ယခုတွေ့နေရသည့်အကွေ့ကိုကား မကျော်ဖြတ်နိုင်အောင် ဖြစ်နေရတော့သည်။
          "ဒါနဲ့ ငါကမေးလိုက်တယ်၊ သကဒါမ်ဆရာဘကြီး၊ ဆရာကြီးရဲ့ ကြေညာထဲမှာ "သောတာပန်ဖြစ်ချင်ရင် ကျွန်ုပ်ဆီကိုလာ၍ တရားနာလှည့်ကြ။တရားပွဲအဆုံးမှာ သောတာပန်တည်စေရမည်"လို့ရေးထားတာ မှန်ပါသလား (မှန်ပါ၊ ရေးထာားတာ မှန်ပါတယ်ဘုရား)
          "အို-- ဒါကတော့ ဆရာကြီး လွန်တာပေါ့၊ ဘုရားတောင်မှ ဒီလိုအာမခံချက်မပေးပါဘူး။ ကျွတ်ထိုက်တဲ့သူတွေ ကျွတ်ကြပစေ၊ မကျွတ်ထိုက်တဲ့သူ ကျန်ရစ်ပစေ--ပဲ"
          "ဆရာကြီးက လူတိုင်း လူတိုင်း သောတာပန်ဖြစ်စေချင်တဲ့အနေနဲ့ ဒါဟာစေတနာလွန်ကဲသွားပြီထင်
တယ်"လို့ဆိုတော့ (မှန်ပါ၊စေတနာလွန်ကဲသွားမိပါတယ်ဘုရား)တဲ့ သူက ပြန်လျှောက်တယ်။
          "အေး--- နောက်ကို ဒါလိုမျိုး စေတနာမလွန်ကဲမိပါစေနဲ့။ ဒါနောက်ဆုံးဖြစ်ပါစေ"လို့  သတိပေးပြီးတော့ သံဃာတော်များဘက်သို့ လှည့်၍ ---
          "သံဃာတော်အရှင်မြတ်တို့ဘုရား---ဆရာဘကြီးက စေတနာလွန်ကဲသွား
          မိတာပါ"လို့ ယခုလျှောက်ထားနေပါပြီ၊ အခုလို တစ်ကြီမ်တစ်ခါ လွန်ကဲ
          သွားမိတာကို ခွင့်လွှတ်တော်မူကြပါဘုရား" လိုသူ့ကိုယ်စား လျှောက်ပေးလိုက်တယ်။
          "ကဲ---ကဲ--သံဃာတော်များကို အခုလိုကြုံတုန်းကြုံခိုက်မှာ ကန်တော့ရမယ်၊ ကန်တော့ကောင်းပါတယ်၊ ဆရာဘကြီး လက်အုပ်ချီ ဦးချပါ"လို့ဆိုတော့မှသံဃာတွေကို ဦးချတယ်၊ ပြီးတော့ ငါ့ကိုလဲ ဦးချတယ်ကွ"တဲ့။
          အစပိုင်းတုန်းကဆိုရင် ငါ့ကိုလဲ ဦးမချဘူး၊ သံဃာတွေကိုလဲ ဦးမချဘူး၊ အခုမှ ဦးချတာ၊ အဲဒီလို နှစ်ဘက်လှအောင် ဆောင်ရွက်ပေးဖူးတယ်-လို့ မိန့်ပါသတတ်။  "
(ဤရေးသားဖော်ပြချက်သည် အရှင်ဃောသိတ၏ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ စာအုပ်မှ ကူးယူဖော်ပြချက်ဖြစ်ပါသည်။)
            ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း သကဒါမ်ဆရာဘကြီး၏နောက်လိုက်
တပည့်ရဟန်းတော်တစ်ပါးနှင့် ကြုံတွေ့ခဲ့ရပါသည်။
မဟာစည်ထေရ၀ုတ္တန္တ၀ိလာသိနီ၊ဒုတိယတွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု၏ရေးသားချက်ကို အောက်ပါအတိုင်း
တွေ့ရပါသည်။
"ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ မဟာစည်ဆရာတော် ကြွရောက်သီတင်းသုံးတော်မမူမီနှစ်ကာလ
အနည်းငယ်အတွင်းက မြန်မာနိုင်ငံတွင် ၀ိပဿနာဆရာကြီးတစ်ဦး ခေတ်စားခဲ့ဖူးသည်။ 
အမည်မှာ ဦးဘဖြစ်ရာ သကဒါမ်အထိ တရားပေါက်သည်ဟူ၍ သူ့ကိုယ်သူ ပိုင်းဖြတ်သတ်မှတ်ထားခြင်းကြောင့် "သကဒါဂါမ်ဆရာဘ"ဟူ၍ လူသိများလေသည်။ သူ၏နောက်လိုက်အင်အားမှာ ချင်းတွင်းနယ်
တစ်ဝိုက်တွင် ဖြစ်သည်။ ဆရာဘက ကျမ်းတစ်စောင်ရေးသားထုတ်ဝေသည်တွင် ဗုဒ္ဓ၏ ဟောတော်မူချက်များနှင့် ဆန့်ကျင်သောအယူအဆများ ပါဝင်နေခြင်းကြောင့် သံဃာထုက ယင်းကျမ်းစာကို ပိတ်ပင်တားမြစ်ပေးပါရန်
နိုင်ငံတော်အစိုးရထံ တောင်းဆိုကြလေသည်။ အစိုးရကလည်း သံဃဆန္ဒကို လိုက်လျောခဲ့ရသည်။
ထို့ကြောင့် ဆရာဘ၏ နောက်လိုက်ပရိသတ်သည် အစိုးရအပေါ်တွင် အကြီးအကျယ်မကျေမချမ်း ဖြစ်နေကြပေသည်။  ထိုရက်ပိုင်းအတွင်း၌ပင် စာရေးသူသည် ချင်းတောင်ဘက်သို့ ခရီးသွားရင်း ကလေးမြို့သို့ ရောက်ရှိခဲ့
ရသည်။  စာရေးသူ၏လေယာဉ် ကလေးမြို့လေယာဉ်ကွင်းတွင် ဆိုက်မိလျှင်ပင်ဘုန်းကြီးတစ်ပါး
ဦးဆောင်ကာ လူအုပ်တစ်အုပ်သည် စာရေးသူထံသို့ လာရောက်တွေ့ကြလေသည်။
          ခေါင်းဆောင်ဘုန်းကြီးကား အလွန်ဒေါသထွက်နေသည်။ ဘုန်းကြီးက သကဒါဂါမ်ဦးဘ၏ ကျမ်းစာကို အစိုးရပိတ်ပင်သည်ကို ပြန်လည်ရုပ်သိမ်းရန် အပြင်းအထန်တောင်းဆိုသည်၊ သည်မျှသာမက ၀ိပဿနာရေးရာနှင့်စပ်လျဉ်း၍ စာရေးသူအား သူနှင့်ပရိသတ်အလယ်တွင် စကားအခြေအတင်ပြောပွဲတစ်ခု ပြု
လုပ်ပေးရန်လည်း တောင်းဆိုလိုက်သည်။ စကားအခြေအတင်ပြောပွဲ၌ စာရေးသူက ရှူံးလျှင်
ဦးဘ၏ကျမ်းစာကို အစိုးရ၏ ပိတ်ပင်ချက် ဖျက်သိမ်းစေရမည်ဟု စိန်ခေါ်နေပါတော့သည်။
          စာရေးသူက မိမိမှာ ၀ိပဿနာရေးရာတွင် ဘုန်းတော်ကြီးနှင့် ဘက်ပြိုင်နိုင်စွမ်းမရှိပါကြောင်း၊ 
သို့ရာတွင် ရန်ကုန်သို့ကြွရောက်ကာမဟာစည်ဆရာတော်နှင့်သာ အခြေအတင်ပြောပွဲပြုလုပ်သင့်ပါကြောင်း၊ ဤအဆိုကို သဘောတူပါလျှင် မိမိလေယာဉ်ဖြင့်ပင် ဘုန်းတော်ကြီးနှင့်ဒါယကာအချို့ကို ခေါ်ဆောင်သွားလိုပါ
ကြောင်း ပြန်လည်လျှောက်ကြားသည်။ ဘုန်းကြီးက ဒေါသတကြီးပြန်ပြောသည်မှာ
"ဒါ--ကျုပ်နဲ့ ကျုပ်တို့အုပ်စုကို မလိမ့်တပတ်နဲ့ ထောင်ထဲထည့်ဖို့အစီအစဉ်ပဲဟာ၊ ဘယ်လိုက်လို့ ဖြစ်ပါ့မတုံး"
          ဤတွင် ကံကောင်းထောက်မသဖြင့်ဘုန်းကြီး၏ညာလက်ရုံးဒါယကာဖြစ်သူမှာ စာရေးသူတို့
နိုင်ငံရေးပါတီဝင် တစ်ဦးဖြစ်လေရာ စာရေးသူက သဘောရိုးဖြင့် ဘုန်းကြီးအား ရန်ကုန်သို့ လိုက်ခဲ့ရန် ပင့်ဖိတ်ခြင်းဖြစ်ကြောင်း၊ထိုနိုင်ငံရေးခေါင်းဆောင် ဒါယကာအား ရှင်းပြရသည်မှာလည်း ခဲယဉ်းလှသည်မ
ဟုတ်သဖြင့် ဘုန်းကြီးသည် သူ့ဒါယကာကို အကြောင်းပြုပြီး ရန်ကုန်သို့လိုက်ရန် သဘောတူပါလေတော့သည်။ ဤသဘောတူချက်အတိုင်းပင် ချင်းတောင်ခရီးမှအပြန်တွင် ဘုန်းကြီးအား ကလေးမြို့လေဆိပ်မှ ရန်ကုန်သို့ ပင့်ဆောင်ခဲ့ကြလေသည်။
          မဟာစည်ဆရာတော်နှင့်တွေ့ကြသောအခါမှာကား ဆရာတော်က ကလေးမြို့ဘုန်းကြီးနှင့် စကားအခြေအတင်ပြောရန် အစီအစဉ်ကို လုံးဝလက်မခံချေ။ ဆရာတော်က စကားအခြေအတင်ပြောခြင်း
သည် ကလေးမြို့ဘုန်းကြီးအတွက်ရော မိမိအတွက်ပါ အချိန်ကုန်ပြီးအချည်းနှီးသာဖြစ်မည်ဖြစ်ကြောင်း၊
ဝိပဿနာဆိုတာ စကားနိုင်လုပြီး မှန်တယ်၊မှားတယ် ဆုံးဖြတ်လို့ ရစကောင်းတာ မျိုးမဟုတ်၊ လက်တွေ့အားထုတ်ကြည့်မှသာ အဖြေထွက်နိုင်တဲ့ကိစ္စဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားပါသည်။
          ဆရာတော်က ဆက်လက်၍ မိမိ၏နည်းနိဿယကို စမ်းကြည့်လိုလျှင် ပြသပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် စကားအခြေအတင်ပွဲလုပ်ရမှ ကျေနပ်နိုင်မည်ဆိုခဲ့လျှင် မိမိကလက်မခံနိုင်ခြင်းကြောင့်သည်အတိုင်းပြကြရုံပင်
ရှိကြောင်းမိန့်ကြားလေသည်။
                   ဤတွင် ကလေးမြို့ဘုန်းကြီးက မဟာစည်နိဿယဆိုတာ မလိုပါ၊ မိမိတို့မှာ မဟာစည်ထက်သာတဲ့ နည်းနိဿယရှိပါတယ်ဟု  မာရေကျောရေပြန်
၍ ဆိုလေသည်။ ထိုအခါ စာရေးသူက "သာတယ်၊ မသာတယ် ဆိုတဲ့စကားကို ခဏဘေးဖယ်ထာားပြီး မဟာစည်နိဿယကိုလည်း နည်းနည်းတော့ စမ်းကြည့်ဖို့ ကောင်းပါသေးသည် "ဟူ၍ ဖျောင်းဖျရလေသည်။ ဘုန်းကြီးကား ခေါင်းခါလျက်သာ ရှိပါလေသည်။ သူ့ညာလက်ရုံး ဒကာကြီးကဖြည်းဖြည်းချင်း
ချော့မော့ လျှောက်ထားနိုင်လွန်းသဖြင့် တစ်ပတ်ခန့်ကြာသောအခါမှ  မဟာစည်နိဿယအတိုင်း
စမ်းကြည့်ရန် သဘောတူလေသည်။
          ဤသို့ မဟာစည်နည်းအတိုင်း တရားအားထုတ်ခြင်း မပြုမီကဆိုလျှင် ကလေးမြို့ ဘုန်းကြီးသည် စာရေးသူနှင့်မျက်နှာချင်းဆိုင်လိုက်တိုင်း"ဒကာကြီးဟာ လူလိမ်ကြီးပဲ၊ ကျုပ်တို့ကို ထောင်ချပစ်ဖို့ ချိန်နေတာ မဟုတ်လား၊ ဘာလုပ်ရမလဲ၊ခင်ဗျားတို့ ကမ္မဋ္ဌာန်းနည်းအဖျင်းအသိမ်မျိုး၊ ကျုပ်ဘယ်တော့မှ ခင်ဗျားတို့ ဆရာနည်း မခံဘူး၊ ဘယ်တော့မှ မခံဘူး၊ ဘယ်တော့မှ မခံဘူး မှတ်လိုက်"ဟူ၍ဒေါသတကြီး ကြိမ်းဝါးလေ့ရှိခဲ့ပါသည်။
          သို့ရာတွင် ရိပ်သာ၌ တစ်ပတ်ခန့်အားထုတ်ပြီးသောအခါမှာကား
ဘုန်းကြီး၏အမူအရာတို့မှာအကြီးအကျယ်ပြောင်းလဲလာသည်ကို တွေ့ရပါသည်။
ဘုန်းကြီးသည် စာရေးသူအပေါ်တွင် ကြမ်းတမ်းသောစကားများ အလျဉ်းပင်
မသုံးတော့ချေ။ ဒွါရအသီးသီးမှ တွေ့သိမှူမှန်သမျှကို သတိချပ်လျှက် အမြဲရှူမှတ်
လျှက် နေလေပြီ။ ပို၍သိသာသော လက္ခဏာမှာ ဘုန်းကြီး၏မျက်နှာသည် ယခင်
က ဒေါသမာန်ကြောင့် ညိုမှောင်ညစ်ပုပ်ကာ ကြောက်ဖွယ်ကောင်းခဲ့ရာမှ ယခု
အခါ ကြည်လင်ဝင်းပကာ အတွင်းသဏ္ဍာန်၏ငြိမ်သက်မှုကို ဖော်ပြလျက် ရှိပါသည်။
          ရက်ပေါင်းနှစ်ဆယ်ခန့်ကြာသောအခါ ရိပ်သာမှ သက်ဆိုင်သူတစ်ဦးက ကလေးမြို့ဘုန်းကြီးမှာ ယခုအခါ တရားစခန်းအဆုံးတိုင်ပြီ ဖြစ်ကြောင်းပြောကြားလာပါသည်။
ထို့နောက် စာရေးသူ၏ပင့်ဖိတ်ချက်အရ  ကလေးမြို့ဘုန်းကြီးသည် စာရေးသူ၏နေအိမ်သို့ ကြွလာရာ မျက်လွှာကိုချလျက် အလွန်ကြည်ညိုစဖွယ် ငြိမ်းအေးသပ္ပါယ်လှသောရုပ်သွင်ကို ဖူးတွေ့ရပါသည်။ (ဤမျှတိုတောင်းသည့်ကာလအတွင်း) ဤကဲ့သို့ သိသိသာသာကြီး အသွင်အပြင်
စရိုက်သဘာဝ ပြောင်းလဲသွားပုံကို တွေ့မြင်ရခြင်းကြောင့် စာရေးသူမှာ ပီတိသောမနဿ များစွာ
ဖြစ်ရပါသည်။ ကလေးမြို့ဘုန်းကြီး ဧည့်ခန်း၌ ထိုင်မိပြီးနောက် စာရေးသူနှင့်
အောက်ပါကဲ့သို့ မမေ့နိုင်စဖွယ်သော စကားများပြောဆိုခဲ့ကြပါသည်။
          "တပည့်တော် ဆောင်ရွက်ပေးဖို့ ကိစ္စများရှိပါသလားဘုရား"
          "ဘုန်းကြီးကို ဌာနအမြန်ပြန်ပို့ပေးပါ"
          "အကြောင်းထူးမရှိဘူးဆိုရင်ဖြင့် သာသနာ့ရိပ်သာမှာ ရက်အနည်းငယ်
          လောက် ဆက်ပြီး သီတင်းသုံးစေချင်ပါတယ်ဘုရား၊ အရှင်ဘုရား ရန်ကုန်
          မရောက်ဖူးသေးဘူးဆိုတော့ အရှင်ဘုရားနဲ့ ဒါယကာတို့ကို ကြည့်စရာ ရှုစ
          ရာ ဟိုဟိုသည်သည် လိုက်ပို့လိုပါတယ်ဘုရား"
          "အကြောင်းကတော့ ထူးပါတယ် ဒကာကြီး"
          "ဘယ်လိုထူးပုံပါလဲဘုရား၊ အမိန့်ရှိပါဦး"
          "ကျုပ်ဟာကျုပ်ဒကာ၊ဒကာမတွေကို လမ်းမှားကြီး ပြခဲ့မိပြီ၊ ကျုပ်ကမ္မဋ္ဌာန်း
နည်းက ဘယ်တော့မှ မဂ်ဆိုက် ဖိုလ်ဝင် မဖြစ်နိုင်ဘူး၊ ဒီတော့ ကျုပ်ဖြစ်ဖြစ် သူတို့
ဖြစ်ဖြစ် မသေခင်မှာ လမ်းမှားကို မှားကြောင်းဖွင့်ပြောပြီး လမ်းမှန်ကို ပို့ပေးချင်
တယ်။ တတ်နိုင်သရွှေ့ပေါ့လေ၊ အခုကျုပ်မှာ မဂ်တရားဖိုလ်တရားရနိုင်မဲ့ ၀ိပဿနာနည်းစစ် နည်းမှန်တွေ့ထားပြီ၊ သေခြင်းတရားဟာ လူတိုင်းရှောင်ကွင်း
လို့မရနိုင်တဲ့တရား မဟုတ်လား။ ကျုပ်သော်လည်းကောင်း၊ ကျုပ်ဒကာဒကာမ
တစ်ဦးဦးသော်လည်းကောင်း အချိန်မရွေး သေနိုင်တာမျိုးပဲ၊ဒါကြောင့်
ဒီလမ်းမှားကို  မှားကြောင်း၊ လမ်းမှန်ကို မှန်ကြောင်း ဒိ​​ဋ္ဌဓမ္မသိသွားပြီးမှ သေသွားကြရရင် ကိစ္စမရှိဘူး၊ မသိလိုက်ကြရဘဲသာ သေသွားကြရမယ်ဆိုရင် ဆရာ၊ ဒကာ နှစ်ဦးနှစ်ဘက်မှာ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး ဖြစ်ရတော့မှာပဲ၊ ကျုပ်ကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ပြီး ကျုပ်တရားကို လိုက်စားလာခဲ့ကြတဲ့ ဒကာ၊ ဒကာမအားလုံးအပေါ်မှာ ကျုပ်တာဝန်ဟာ အင်မတန်မှ ကြီးနေပါပြီ ဒကာကြီး"
          ဆရာတော်၏ မိန့်ကြားချက်မှာ စေတနာဇောတွေ ထင်ရှားလွန်းရကား နေရင်း ကလေးမြို့သို့ အမြန်ဆုံးပို့ပေးလိုက်ကြရပါသည်၊ ကလေးမြို့သို့ရောက်
လျှင် ရှေးဦးစွာ ဆရာတော်သည် ဒါယကာ၊ ဒါယိကာမများကို စုဝေးစေ၍ မိမိဖွင့်
ဟပြောကြားလိုသော အထက်ပါအချက်နှစ်ရပ်(လမ်းမှား၊ လမ်းမှန်)ကို ပြောကြား
ပြီးနောက် မိမိတို့ ကမ္မဋ္ဌာန်းဌာနကို သာသနာ့ရိပ်သာဟု အမည်ပြောင်းရန် အဆို
ပြုရာ အားလုံးက အညီအညွတ် သဘောတူညီကြလေသည်။
          ထိုကလေးမြို့ သာသနာ့ရိပ်သာတွင် ကလေးမြို့ဆရာတော်သည် ၀ိပဿနာကျင့်စဉ်အခြေခံကို ဒါယကာ၊ဒါယိကာမအပေါင်းအား နေ့စဉ်ဟောပြော
ဆုံးမခြင်းပြု၍ လက်တွေ့ တရားအားထုတ်လိုသော ယောဂီအပေါင်းအားလည်း မဟာစည်နိဿယအတိုင်း တရားပြသခြင်းပြုလေသည်။
          ရက်အနည်းငယ်ကြာသောအခါ ဆရာတော်သည်  နောက်လိုက်ဒါယကာ
အချို့နှင့်တကွ မိမိ၏ဆရာဟောင်း သကဒါဂါမ်ဦးဘထံသို့ကြွသွားကာ ဦးဘ၏
ကမ္မဋ္ဌာန်းတရားမှားကြောင်း၊ မဂ်ဖိုလ်ကိုရောက်စေနိုင်သည့်အကျင့်မဟုတ်ကြောင်း
ပွင့်လင်းစွာ ပြောကြားသည်။မဟာစည်နိဿယကိုခံယူပါရန်လည်းမေတ္တာစေတနာ
ထားကာ တိုက်တွန်းသည်။ သို့ရာတွင် ဆရာဘကားရွှေမင်းဝံဆရာတော်ကဲ့သို့
မာန်ကိုချထားနိုင်သူ မဟုတ်ချေတကား၊ကလေးမြို့ဆရာတော်၏တိုက်တွန်းခြင်းကို
 လုံးဝလက်ခံခြင်း မပြုပါချေ။ မိမိလည်း မဟာစည်ကဲ့သို့ပင် ကမ္မဋ္ဌာန်းဆရာတစ်ဦး
ဖြစ်၍ မဟာစည်တပည့်မခံလို၊ ခံရန်လည်း အကြောင်းမရှိပါဟူ၍သာ တုံ့ပြန်ခဲ့လေ
သည်။"
          တစ်ခေတ်တစ်ခါက ၀ိပဿနာဆရာလူဝတ်ကြောင်တစ်ဦး၏ အတွေးအခေါ်၊ လုပ်ရပ်တို့ကို လေ့လာနိုင်ရန် မူရင်းအတိုင်းတင်ပြခြင်း ဖြစ်ပါသည်။
            ယနေ့ခေတ်တွင်လည်း မိမိကိုယ်မိမိ (သကဒါဂါမ်ဆရာဘအချိုးအတိုင်း) တရားရပြီးပြီ၊ နိဗ္ဗာန်ရပြီးပြီဟု ၀န်ခံကာ တရားဟော၊ တရားပြလုပ်ငန်းဆောင်ရွက်နေကြသူတချို့ ကို မြင်တွေ့နေရပါသည်။ အစစ်အမှန်တရားရပြီးသူ၊ အစစ်
အမှန် နိဗ္ဗာန်ရပြီးသူဖြစ်ပါမူကား ကျမ်းဂန်စာပေတတ်မြောက်သူတို့ ဘယ်လိုပင် မေးခွန်းထုတ်စမ်းသပ်ကြစေကာမူ အဆိုပါ အရိယာပုဂ္ဂိုလ်သည် မေးခွန်းများကို ယထာဘူတကျကျ ဖြေဆိုနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲသာတည်း။ ရွှေမှန်က
မှတ်ကျောက်တင်ခံနိုင်သည်သာတည်း။ မြတ်ဗုဒ္ဓသည်ပင် ပညာရှင်၊ပညာတတ်
တို့၏ အကဲစမ်းခြင်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။ အရိယာအစစ်အမှန်၊ ဗုဒ္ဓအစစ်အမှန်
ဖြစ်သောကြောင့် ထိုအခက်အခဲများကို ဖြတ်ကျော်နိုင်ခဲ့သည် မဟုတ်ပါလော့။
            သကဒါဂါမ် ဆရာဘသည် မိမိကိုယ်မိမိယုံကြည်မှူလွန်ကဲသည့်အတွက် မိုးကုတ်မြို့တွင် သံဃာ့ခုံရုံးသို့
ရောက်ခဲ့ရသည်။ မိုးကုတ်ဆရာတော်ကြီး၏ လိမ္မာပါးနပ်စွာဖြေရှင်းပေးမှူကြောင့် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ချေ။ သို့ရာတွင်
"ငါလည်းဆရာတစ်ဆူ"ဟူသော မာနတံခွန်ထောင်နေသည့်အတွက် တပည့်
ဟောင်းက လက်တွဲခေါ်သည့်တိုင် လမ်းမှန်နှင့်ဝေးခဲ့ရခြင်းမှာကား ၀မ်းနည်းဖွယ်
ကောင်းပါ၏။ နှောင်းလူတို့ သင်ခန်းစာယူဖွယ်လည်း ကောင်းပါ၏။

အမရဒီပ
၂- ၁၈-၂၀၁၁

No comments: