Total Pageviews
Friday, May 31, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၃
ဆရာတော်အရှင်သောဏုတ္တရက ဤကျောင်းမှာ ဘုန်းကြီးပျော်သွားပါလိမ့်မည်၊ ဆရာကောင်းများထံတော်မှာ ဓမ္မစာပေသင်ယူရလိမ့်မည်ဟုပြောလျက် ချော့မော့နှစ်သိမ့်ပါသည်။ ယင်းနောက် ကွန်ကရိအခင်းပေါ်အိပ်နိုင်ရန် ဖျာစုတ်တထည် နှင့် ညစ်ပေနေသည့် ခေါင်းအုံးတလုံးပေးပါသည်။
ဘုရားကျောင်းဆောင်ထဲဝယ် လေးပေအမြင့်ရှိ ကျောက်ပြားများအပေါ်တင်ထားသော သစ်သားစင်မြင့်တခု ရှိသည်။ အလွန်အိုဟောင်း ရုပ်ဆိုးသော ရွံ့ စေးဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တဆူမှာ ဘုရားကျောင်း
ဆောင်၏  အထင်ကရအရာဖြစ်ပေသည်။ ဘုန်းကြီး မှတ်မိနေပါသည်။ ထိုဗုဒ္ဓရုပ်ပွားတော်မှာ ကြောက်မက်ဖွယ်
ကောင်းသည်။ အမျက်ဒေါသထွက်နေပုံမျက်လုံးအစုံရှိသည်။ ဘုန်းတော်ကြီးကျောင်းအများစုရှိ မြင်တွေ့ ဖူးသမျှ သပ္ပါယ်ကြည်ညိုစရာ ဗုဒ္ဓရုပ်ပွားတော်များနှင့် လားလားမျှ မဆိုင်ချေ။ ယင်းဗုဒ္ဓရုပ်ပွားတော်ကို ထုဆစ်သူမှာ မည်သူပင်ဖြစ်ဖြစ် ၊ သူ၏လက်ရာဗုဒ္ဓရုပ်ပွားတော်တွင် ဖော်ပြသင့်သော ဗုဒ္ဓဘုရား၏ ထူးခြားသော လက္ခဏာ
တော်များကို ထိုသူခမျာ လေ့လာသင်ယူခဲ့ဖူးပုံမပေါ်ချေ။
မျက်မှောင်ကြုတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ဘေးတချက်တွင် အသားပြာပြာနှင့်ဗိဿနိုးပုံရှိသည်။ ဟိန္ဒူနတ်များ
အနက် နတ်အကြီးအကဲတပါးဖြစ်သည်။ အခြားတဖက်တွင် ဟူနီယမ်နတ်မင်း၏ ပုံတူကားချပ်ရှိသည်။
ဟူနီယမ်နတ်မင်းဟူသည် သူ၏ကြမ်းကြုတ်ရက်စက်မှုကြောင့်  ယနေ့ ခေတ်အထိ ဆင်ဟာလီလူမျိုးအချို့  ယုံကြည်ကိုးကွယ်ခံရသူ နတ်ဒေဝတာတပါးဖြစ်သည်။ ရန်သူတော်များကို ရင်ဆိုင်ရေးအတွက် တန်ခိုးပါဝါများ ပေးသနားပါရန် အချို့ သူတို့  ထိုနတ်မင်းရှေ့ မှာ တိုးလျှိုးတိုင်တည်ကြသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၏ ဘုရားဆောင်တွင်  ဗိဿနိုးနှင့် ဟူနီယမ်တို့ ရောက်နေခြင်းမှာ 
ထူးဆန်းသော ရွေးချယ်မှုပင်ဖြစ်သည်။နေရာချထားမှုအချိုးမကျခြင်းလည်း  ဖြစ်လေသည်။
ဘုရားကျောင်းဆောင်မှာ နှစ်ဆယ့်နှစ်ပေအကွာ သီးခြားအဆောက်အအုံသည်ကား ညစ်ထတ်ထတ်မဲမှောင်မှောင်
အခန်းသုံးခန်းရှိသည်။ ကျောင်းထိုင်ဆရာတော်အိပ်ခန်း၊ အာဂန္တုသံဃာအခန်း နှင့် စတိုခန်းတို့ ဖြစ်သည်။ ဆွမ်းချက်ဆောင်ကို လမ်းသွယ်လေးမှသွားရသည်။ ဆွမ်းချက်ဆောင်တွင် ဆွမ်းစားရန် နေရာကျဉ်းကျဉ်းတခု ရှိသည်။ အလွန်ညစ်ပတ်သည်။ ထို့ ပြင် ဖိုခနောက်သုံးလုံးဆိုင်သစ်သားထင်းမီးဖိုတခုလည်း ရှိသည်။
ဆွမ်းချက်ဆောင်အနောက်တွင် ကျောင်းထိုင်ဆရာတော်အတွက် သီးသန့် အိမ်သာတလုံးရှိသည်။ ဘုန်းကြီးတို့ 
ကျောင်းသားများမှာ ကျောင်းခြံအနောက် ကွင်းပြင်တွင် ကိစ္စရှင်းရသည်။ ကိစ္စပြီးလျှင် ခြံနားနီးချင်းတို့ ၏ ဝက်များ ရောက်လာပြီး သန့် ရှင်းရေးလုပ်သွားကြသည်။
ပထမဘုန်းကြီးကျောင်းနေစဉ်ကကဲ့သို့  ဤကျောင်းတွင်လည်း ဘုန်းကြီး တာဝန်လုပ်ငန်းများစွာ လုပ်ရ၏။ ဆွမ်းချက်ရန် ထင်းခွဲ ၊ ရေခပ်၊ တံမြက်စည်းလှည်း၊ ဘုရားပန်းကောက်၊ ဆွမ်းချက်၊ ပန်းကန်ဆေး၊ ခွေးစာကျွေး
အလုပ်တို့ ပါတည်း။
ကျောင်းဝေယျာဝစ္စအားလပ်ခိုက် "သတက" ခေါ် "တရာ"စာအုပ်များမှ သက္ကတကဗျာများကို ကျက်မှတ်ရသည်။ ယင်းကဗျာများမှာ အများစုအားဖြင့် ဘုရားဂုဏ်ကို ဖွဲ့ ဆိုထားကြသည်။ တအုပ်ကုန်လျှင် နောက်တအုပ် ဆက်
ကျက်ရသည်။ သတကစာအုပ်များထဲကတအုပ်တွင် ဘုရားအမည် ၁ဝ၈ မျိုး ရှိပုံကိုရှင်းပြထားသည်။ အခြားတအုပ်တွင် ဘုရားဂုဏ်တော် ၉ ပါး စသည်ကို တင်ပြထားသည်။
ယင်းသက္ကတကဗျာများအား ကျောင်းသားငယ်များကို မရမကအာဂုံကျက်မှတ်စေခြင်းမှာ ရည်ရွယ်ချက် သုံးမျိုးရှိ
လိမ့်မည်။ သက္ကတအသံထွက်မှန်စေရန် ၊ ဘုရားဂုဏ်တော်များကို သိထားစေရန် နှင့် ကလေးတို့ စိတ်ထဲ ဘုရားကို ကြည်ညို ယုံကြည်စိတ်ဖြစ်ပေါ်စေရန်တို့ ဖြစ်ကြသည်။ နောက်ဆုံးအချက်မှာ အရေးအကြီးဆုံးဟု ဘုန်းကြီးထင်ပါသည်။
ညနေပိုင်း စာပြန်ချိန်တွင်  ဆရာတော်အရှင်သောဏုတ္တရက ရေနံဆီမီးအိမ်ကို မှိန်မှိန်လေးလျော့ထွန်းသည်။ အလစ်တွင် စာအုပ်ကို ခိုးကြည့်ခွင့်မသာအောင် လုပ်ခြင်းဖြစ်သည်။ စာပြန်ခိုက် အမှားပါလျှင် သို့ မဟုတ် ပြည့်ပြည့်စုံစုံ မရလျှင် ဆရာတော် စိတ်တိုပြီး ပါးရိုက်သည်။ ဆရာတော်ပါးရိုက်သည်မှာ သင်ကြားရေးမှာ အထောက်အကူပြုပစ္စည်းကို သုံးစွဲပုံနှင့် ပိုတူသည်။  ပထမဘုန်းကြီးကျောင်းနေစဉ် ဘုန်းကြီးမနေချင်အောင်လုပ်ခဲ့သော အကြမ်းပတမ်းပြုပုံမျိုးနှင့် လုံးဝမတူပါချေ။
ပုံမှန်အားဖြင့် စာဆိုစာကျက်အလုပ်များကို ဘုန်းကြီးကောင်းမွန်စွာ လုပ်ခဲ့သည်။ ဘုန်းကြီမှာ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသူ ဖြစ်ဟန်တူ၏။ ဆရာတော်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ သုံးလအတွင်းမှာပင် ဘုန်းကြီးအခြေအနေကောင်းသည်၊ ရှင်ပြုရန်အဆင်သင့်ဖြစ်နေပြီဟု ဆရာတော်က ကြေညာလိုက်သည်။
ဆရာတော်အရှင်သောဏုတ္တရသည် နက္ခတ်ဗေဒင်ဆရာတဦးနှင့် ရှင်ပြုပွဲအတွက် မင်္ဂလာအချိန်၊ ရက်တို့ ကို ရွေးချယ်ရန် တိုင်ပင်သည်။ ယင်းနောက် ဘုန်းကြီး၏မိဘများထံ စကားလူကြုံပါးသည်။ ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှလည်း သံဃာနှစ်ဆယ် ပင့်ဖိတ်သည်။
ခရိုင်အတွင်း အသက်သိက္ခာအကြီးဆုံးဆရာတော် "အရှင်အနုဂေါဓသုမနတိဿမဟာထေရ်"က ဘုန်းကြီး၏ ဥပဇ္ဈာယ်ဆရာအဖြစ်ဆောင်ရွက်ပါလိမ့်မည်။ ရှင်ပြုပွဲအကြိုနေ့ တွင် သံဃာဆွမ်းကပ် ရေးအတွက် ပြင်ဆင်
ကြမည့် မလံဒေနီယရွာသားများရောက်လာကြရာ ဘုန်းတော်ကြီးကျောင်းသည် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။
ဖခင် ၊ ယောက်ဖ နှင့် ချစ်ကိုကြီး ရမ်ဘဏ္ဍအပါအဝင် ဘုန်းကြီး၏ဆွေမျိုးများ ပွဲနေ့ အတွက် ရောက်လာကြသည်။ မိခင်မှာ ကျောကုန်းအနာဒဏ်ကြောင့် ခရီးဝေးမသွားနိုင်။ မလာနိုင်သည့်အတွက် စိတ်ထိခိုက်နေကြောင်း ဖခင်က ဘုန်းကြီးကို ပြောပါသည်။ ဘုန်းကြီး စိတ်မကောင်းကြီးစွာ ဖြစ်မိပါသည်။
နံနက်ဆယ်နာရီတွင် ပရိသတ်အားလုံး အနံဆယ်ပေ အလျားပေလေးဆယ်ကျယ်သည့် သံဃာဆောင်အဝင်ဝမှာ စုဝေးလိုက်ကြသည်။ ပုံမှန်အားဖြင့် အခမ်းအနားများကို ဘုရားကျောင်းဆောင်မှာ ကျင်းပမြဲဖြစ်သည်။ သို့ သော် ပရိသတ်များပြားလွန်းသောကြောင့် ဆရာတော်က ကျယ်ကျယ်ဝန်းဝန်းရှိမည့်နေရာမှာကျင်းပရန် ဆုံးဖြတ်လိုက်
ခြင်းဖြစ်သည်။
အင်္ကျီလုံချည်အဖြူရောင်ဆင်တူကို ဘုန်းကြီးဝတ်ဆင်သည်။ ဖခင်နှင့်အတူ သံဃာတော်များရှေ့ သို့ လျှောက်
သွားရသည်။ သံဃာတော်များမှာ လူပရိသတ်ကို မျက်နှာပြု၍ ဘုရားရှင်သီတင်းသုံးရာယာယီပလ္လင်နှင့်ကပ်ရက် ကြမ်းပြင်မှာ ထိုင်နေကြ၏။
ဘုန်းကြီးသည် သက်တော်ဝါတော်အကြီးဆုံးဆရာတော် အရှင်သုမနတိဿရှေ့ မှာ ဒူးထောက်ပြီး သုံးကြိမ်ဦး
တိုက်ရှိခိုးပါသည်။ ဆရာတော်က သာမဏေပြုရေးအတွက် ဖခင်ထံမှခွင့်ပြုချက်တောင်းခံရန် ဘုန်းကြီးကို ညွန်ကြားသည်။ သို့ နှင့် ဘုန်းကြီးက ဖခင်ရှေ့ မှာ ဒူးထောက်ပြီး ခွင့်တောင်းစာကို သုံးကြိမ်သုံးခါ ဆိုရသည်။ တကြိမ်ဆိုပြီးတိုင်း တကြိမ်ဦးချသည်။ အကြိမ်တိုင်း ရိုသေမှုကိုပြသသည့်အနေဖြင့် ဖခင်၏ခြေထောက်ကို နဖူးဖြင့် ထိရသည်။ ဘုန်းကြီးကိုငုံ့ ကြည့်နေသည့် ဖခင်၏တည်ကြည်သောမျက်နှာကို ဘုန်းကြီးမှတ်မိနေဆဲဖြစ်ပါ၏။
သံဃာတော်များထံသို့ ပြန်လာသောအခါ ဆရာတော်အရှင်သုမနတိဿက "ဆံပင်၊ မွှေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ"ဟူသော "တစပဉ္စကကမ္မဋ္ဌာန်း" ပွားများပုံကိုလိုက်ဆိုစေပြီး ကပ်ကျေးဖြင့် ဘုန်းကြီး၏ ဆံပင်အနည်းငယ်ကို "စတိသဘော" ဖြတ်လိုက်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပထမဦးစွာသော
ကမ္မဋ္ဌာန်းအာရုံဖြစ်ကြပေသည်။ ဗုဒ္ဓရှင်တော်၏ မဟာသတိပဋ္ဌာန်သုတ်၊ ကာယာနုပဿနာရှုပုံအပိုင်းမှာလာသည့်
ကမ္မဋ္ဌာန်းဖြစ်ပြီး ပြုသစ်စရှင်သာမဏေများကို ပေးရသော အစဉ်အလာလုပ်ငန်းကျင့်စဉ်လည်းဖြစ်သည်။
သော့ချက်ကျသည့်တရားတော်များအနက် တခုဖြစ်သည့် မဟာသတိပဋ္ဌာန်သုတ္တန်တွင် ရှုမှတ်ရမည့်ကမ္မဋ္ဌာန်းအာ
ရုံလေးမျိုးကို ဗုဒ္ဓဘုရားဟောညွှန်ပြထားသည်။ ယင်းလေးမျိုးမှာ ခန္ဓာကိုယ်၊ ခံစားမှု၊ စိတ်အခြင်းအရာနှင့် သဘောတရားတို့ ပင် ဖြစ်ကြသည်။
သတိပဋ္ဌာန်အာရုံလေးပါးကို အားသွန်ခွန်စိုက်ကာ၊  ၊ မနားမရပ်ကြားမပြတ်ဘဲ၊ သေချာရှင်းလင်းသော သတိဖြင့် ရှုမှတ်မည်ဆိုလျှင် ထိုအာရုံလေးမျိုးမှာ အလျဉ်မပြတ်စီးဆင်းနေသည်ကို စတင်တွေ့ မြင်ရမည်ဖြစ်၏။ တခဏပြီး တခဏပြောင်းလဲနေခြင်း၊ ယင်းတခဏတာတွေ့ ကြုံရမှုအတွင်း မည်သည့်ငြိကပ်တွယ်တာစရာမျှ မချန်ထားရစ်
ခြင်းတို့ ဖြင့် သတိပဋ္ဌာန်အာရုံလေးပါးတို့  ရွှေ့ လျားနေသည်။ စီးဆင်းနေသည်။ အပြောင်းအလဲ အတက်အကျ ဖြစ်နေသော ဤလေးမျိုးကို မပြတ်စောင့်ကြည့်နေခြင်းဖြင့် ကိုယ်ပိုင်ဖြစ်တည်နေမှုအတွင်းမှာပင် အရာအားလုံးအတည်အမြဲရှိမှုကင်းနေကြောင်း ရှင်းလင်းစွာ မြင်တွေ့ ရပေမည်။
ထို့ အပြင် မိမိ ၊ သူတပါး နှစ်ဦးသားအကြားတွင် ကွဲပြားခြားနားချက်ဟူသည်ရှိမနေကြောင်း နားလည်လာသည်။ တဦးစီဖြစ်စေ၊ လူတိုင်းဖြစ်စေ ကိုယ် ၊ ခံစားမှု ၊ စိတ် ၊သဘောတရား တို့  ပေါင်းစုတည်ဆောက်ထားသော အရာ
တခုသာ ဖြစ်သည်။ ဤသည်ကို နားလည်သောအခါ သူတပါးအပေါ် သဘောထားကြီးသူဖြစ်လာသည်။ မနာလိုခြင်း၊ ခွဲခြားလိုခြင်းများ တဖြည်းဖြည်း ကင်းစင်ပြီး ကရုဏာနှင့် မေတ္တာတရားများကို အစားထိုးတတ်လာ
သည်။
သို့ သော် ရှင်ပြုဆဲ ၁၂ နှစ်သားကောင်လေးတယောက်အတွက် ရှင်သာမဏေတိုင်းသင်ယူရသည့် ကမ္မဋ္ဌာန်း
သင်ခန်းစာ ပထမနေ့ တွင်ကား ထိုအရာများမှာ အလှမ်းဝေးသော ပန်းတိုင်များသာဖြစ်နေချေ၏။ သိက္ခာဝါတော်
ရင့်သည့် ရဟန်းတော်များသည်ကား သတိပဋ္ဌာန်လေးပါးစုံလင်အောင် ရှင်သာမဏေတပါးကို ကောင်းမွန်သေချာ
စွာ ညွှန်ကြားပြသနိုင်ပေလိမ့်မည်။ သို့ သော် ထိုရဟန်းတော်များသည် အမြဲလိုပင် ခန္ဓာကိုယ်ကမ္မဋ္ဌာန်းကို
 ရွေးချယ်တတ်ကြသည်။ အကြောင်းရင်းမှာ သင်ယူလေ့ကျင့်ခါစယောဂီများအတွက် နားလည်ရလွယ်ကူသော
ကြောင့်ဖြစ်သည်။ အကြမ်းဖျင်းပြောရလျှင် ခန္ဓာကိုယ်သည် လောဘကိုထုတ်လုပ်၊ နာကျင်မှုကို ဖန်တီး၊ မာန်တက်တတ်သော သဘာဝတို့ ၏ မှီတည်ရာဖြစ်၏။ ဥပဇ္ဈာယ်ဆရာတော်၏ရှေ့ တော်မှောက်ဝယ်ဒူးထောက်
နေစဉ် ဘုန်းကြီးသည် နောင်အခါလေ့လာဦးမည့် ပထမသတိပဋ္ဌာန်အာရုံနှင့်ပတ်သက်ပြီး မပီပြင်ဝိုးတဝါးစိတ်ကူး
တခုမျှကိုသာ ရခဲ့ပါသည်။
ဥပဇ္ဈာယ်ဆရာတော်က ဆံပင်အခွေကို ဘုန်းကြီး၏လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ ဤအခြင်းအရာသည်
ကား ရဟန်းငယ်တပါးပါးသည် ဘုန်းကြီးထံလာပြီး ခေါင်းရိတ်ကိစ္စကို အပြီးအစီးဆက်လုပ်ရန် အချက်ပြခြင်း
 ဖြစ်သည်။
ရဟန်း သို့ မဟုတ် သာမဏေတပါးအတွက် လူ့ အဆောင်အယောင်နှင့် လောကီသံယောဇဉ်ကို စွန့် လွှတ်သည့်
အထိမ်းအမှတ်ဖြစ်သည့် ခေါင်းရိတ်အခမ်းအနားကို  ပရိသတ်နှင့်ဝေးရာ သီးခြားတနေရာမှာ ပြီးစေလိုက်သည်။
ခေါင်းရိတ်ပြီးနောက် ဆွမ်းချက်ဆောင်နောက်ဘက်ရှိရေတွင်းမှာ ရေချိုးသည်။ ပြီးနောက် အဖြူရောင်အဝတ်ကို
 ပြန်ဝတ်ရပြန်သည်။
ခန်းမတွင်းသို့ ဘုန်းကြီးပြန်ဝင်လာသောအခါ သင်္ကန်းခေါက်အထုပ်ကို ဦးခေါင်းပေါ်ထမ်းရွက်လာရသည်။ ဥပဇ္ဈယ်ဆရာတော်ရှေ့ မှာ ဘုန်းကြီး ဒူးထောက်လိုက်သည်။ ပါဠိဘာသာဖြင့် "အရှင်ဘုရား၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုပါရခြင်းအကျိုးငှါ တပည့်တော်၏လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ သပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သော အားဖြင့် ရှင်သာမဏေပြုပေးတော်မူပါဘုရား"ဟု လျှောက်ထားရသည်။ ပြီးနောက် ဦးသုံးကြိမ်ချရှိခိုးသည်။
ယင်းနောက် ဆရာတော်အရှင်သုမနတိဿ က ဘုန်းကြီးကို သရဏဂုံသုံးပါးနှင့် ဆယ်ပါးသီလသိက္ခာပုဒ်ကို တိုင်ပေးသည်။ ဘုန်းကြီးက လိုက်ဆိုရသည်။
"ဗုဒၶံ သရဏံ ဂစ ၦာမိ"
"ဓမၼံ သရဏံ ဂစ ၦာမိ"
"သံဃံ သရဏံ ဂစ ၦာမိ"
(ဒုတိယမၸိ …………။ တတိယမၸိ……..။)
(မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။
မြတ်စွာဘုရား၏တပည့်သားသံဃာတော်မြတ်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ဘုရား။)
(နှစ်ကြိမ်မြောက်လည်း……။ သုံးကြိမ်မြောက်လည်း….။)
"သတ္တဝါ၏အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"သူတပါးပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ပါ၏"
"မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏"
"မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ ကို သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏"
"မွန်းလွဲသောအခါမှစ၍ နောက်တနေ့ အရုဏ်မတက်မီအတွင်း စားဖွယ်သောက်ဖွယ်ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"သာသနာတော်နှင့်မလျော်ဆန့် ကျင် ငြောင့်တံကျင်သဖွယ်ဖြစ်သော ကခြင်း ၊သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ ကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"ပန်းပန်ခြင်း၊ အမွှေးနံ့ သာလိမ်းကျံရှုရှိုက်ခြင်း၊ နံ့ သာမှုန့် အရောင်တင်ဆီတို့ ဖြင့် တင့်တယ်ပြေပြစ်အောင် ဖို့ 
သိပ်ခြယ်သခြင်းမှ ရှောင်ကြဉ်ပါ၏"
"တတောင့်ထွာထက်ပို၍မြင့်သော အိပ်ရာနေရာ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ရာနေရာတို့ ၌ နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ၏"
"ရွှေ ငွေဒင်္ဂါး အကြွေ ငွေစက္ကူတို့ ကို ကိုင်ခံခြင်းမှ ရှောင်ကြဉ်ပါ၏"
သရဏဂုံနှင့် ဆယ်ပါးသီလများရွတ်ဆိုပြီးနောက် ဥပဇ္ဈာယ်ဆရာတော်အား ထုံးတမ်းစဉ်လာပန်ကြားချက်
တရပ်ကို လျှောက်ထားရသည်။
"ဆရာတော်အရှင်သူမြတ်ဘုရား….၊ တပည့်တော်ရရှိသော ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်နုမော် သာဓုခေါ်တော်မူပါ။ အရှင်ဘုရားရရှိသော ကုသိုလ်ကောင်းမှုကိုလည်း တပည့်တော်အား ဝမ်းမြောက်နုမော် သာဓုခေါ်ခွင့်ပြုတော်မူပါ…..။"
ယင်းနောက် ဥပဇ္ဈာယ်ဆရာတော်နှင့် အခြားသံဃာတော်များကို သုံးကြိမ်ရှိခိုးအရိုအသေပြုပါသည်။
နောက်ဆုံးတွင် ဆရာတော်အရှင်သုမနတိဿအရှင်သူမြတ်က ဘုန်းကြီး၏အမည်သစ်ကို ကြေညာလိုက်၏။
ဂုဏရတန…….၊ သီလသမာဓိပညာတည်းဟူသော ရတနာ….ဟူသည်တည်း။
ယခု ဘုန်းကြီး ရှင်သာမဏေ (သိုမဟုတ်) ကိုရင်တပါးဖြစ်ပြီ….။
ဘုန်းကြီးကို နေရာထိုင်ခင်းလေးတခု ပေးကြသည်။ ရဟန်းတော်များအကြားမှာ ထိုင်ရသည်။ သို့ သော် နီးနီးကပ်
ကပ်မဟုတ်ပါ။ ဘုန်းကြီးထိုင်လိုက်စဉ် လူအနည်းငယ်ကတန်းစီလျှက် တဦးချင်းစီဘုန်းကြီးရှေ့ ရောက်လာသည်။ ဦးချသည်။ လှူဖွယ်ပစ္စည်းအနည်းငယ်ကိုလည်း ဘုန်းကြီးရှေ့ မှာ ချထားကြသည်။ အလှူပစ္စည်းများမှာ မျက်နှာသုတ်ပုဝါများ၊  ဆပ်ပြာခဲများနှင့်  ထီးတလက်တို့ ဖြစ်ကြပေသည်။ ထီးမှာ ရိုးရှင်းလှသော ဘုန်းကြီး၏ ဘဝသစ်တွင် အလွန်တရာ အသုံးတည့်သော အသုံးအဆောင်တခုဖြစ်လာသည်။
ရှင်ပြုပွဲနေ့ အလှူဆွမ်းမှာ တန်ဖိုးကြီးမားသောအစားအစာဖြစ်သည်။ ကြမ်းပြင်ပေါ်ထိုင်ကာ အခြား
ရဟန်းတော်များနှင့် ဘုန်းကြီးဆွမ်းစားရသည်။ လူဝတ်ကြောင်များဘုန်းကြီးကျောင်းမှာ ကပ်လှူသော ဆွမ်းသည် ဘုန်းကြီးကျောင်းအတွက်ပင်ဖြစ်ကြောင်း ဖော်ပြပါသည်။ ဤအစားအသောက်မျိုးကို ရှေးယခင်က ဘုန်းကြီး
စားသောက်ခွင့် မရခဲ့ဖူးပါ။ စားသောက်ရသည်မှာ မြိန်မြိန်ယှက်ယှက်ရှိလှပါပေသည်။
ရှင်ပြုပွဲနေ့ သည် ဘုန်းကြီးဘဝမှာ ထိပ်တန်းအကျဆုံးတနေ့ ဖြစ်ပါသည်။ တခုမှလွဲ၍ အရာရာပြည့်စုံနေ၏။ မပြည့်စုံသောအရာတခုမှာ ချစ်လှစွာသောမိခင်ကြီးအလှူပွဲမှာ ရှိမနေခြင်းပါတည်း။ မိခင်ကို ဘုန်းကြီး ရင်နင့်မိလုမတတ် လွမ်းဆွတ်မိပါသည်။
ရက်သတ္တနှစ်ပတ်လွန်ပြီးနောက် ဘုန်းကြီး မိခင်ကို သွားရောက်တွေ့ ဆုံပါသည်။ ဦးပြည်းရှိမ်းရှိမ်း..၊ လိမ္မော်ရင့်ရောင်သင်္ကန်းဝတ်နှင့် သူ၏သားအငယ်ဆုံးကို တွေ့ ရသည့်အတွက် အတိုင်းထက်အလွန် မိခင်ပျော်ရွှင်
ဤအခြင်းအရာသည် ဘုန်းကြီးအိမ်မှထွက်ခွါသည့်နေ့ က မိခင်ကို ရှိခိုးဦးချသည်နှင့် ပြောင်းပြန်ဖြစ်နေသည်။
 ယခု မိခင်သည် ဘုန်းကြီးကို အရိုအသေပေးနေ၏။ သား နှင့် မိခင်နှစ်ဦးလုံးအတွက် စွမ်းအားပြည့်လှသော ၊ လှုပ်ရှားနေသော အခိုက်အတန့် ပါတည်း။
"ကိုရင်လေး…..၊ ဘယ်တော့မှ လူမထွက်နဲ့ တော့နော်…၊ ဘုန်းကြီးဘဝဟာ ကိုရင့်အတွက်
အကောင်းဆုံးပဲ၊ ဘုန်းကြီးဘဝဟာ လွတ်မြောက်တဲ့ဘဝပဲ….၊ လူဝတ်လဲဖို့ ဘယ်တော့မှ မစဉ်းစားနဲ့ တော့….။"
မျက်လုံးအိမ်တွင် မျက်ရည်ပြည့်လျက် မိခင်ကပြောရှာပါသည်။
ထိုနေ့ မှသည် အခါအခွင့်သင့်၍ အိမ်သို့ ဘုန်းကြီးရောက်တိုင်း ဤသို့ ဤပုံ ဤစကားကို ထပ်တလဲလဲပြောပါသည်။
"ငါ့သား….ဘယ်တော့မှ လူမထွက်နဲ့ နော်……"
အမရဒီပ
မေလ ၃၁၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
Thursday, May 30, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၁၂
နောက်နေ့ နံနက်တွင် ကျောင်းထိုင်ဘုန်းတော်ကြီးက ဘုန်းကြီးကို အခြေခံပါဠိစာအုပ်တအုပ်ပေးသည်။
ရှင်ပြုပွဲအတွက်ပြင်ဆင်ရန် စာအုပ်ပါ စာအားလုံးကိုကျက်မှတ်ခိုင်းသည်။ ပြီးနောက် ဘုန်းကြီးဘာဆက်လုပ်ရမည်
ကို အစီအစဉ်ချထားပေးသည်။
ဘုန်းကြီးနှင့် အခြားဘုန်းကြီးကျောင်းသားသုံးယောက် အုန်းခြံထဲမှာ ကြွေကျသောအုန်းသီးများကို လိုက်ကောက်ရသည်။  
 ဟိုတစုသည်တစု ပုံထားရသည်။ တံမြက်စည်းလှည်း၊ ထင်းခွေ၊ ရေခပ်၊ ပန်းကန်ဆေး၊ အဝတ်လျှော်ကြရသည်။ 
အရင်းခံဆိုရလျှင် ဘုန်းကြီးတို့ သည် အခမဲ့လုပ်သားများ သို့ မဟုတ် ကျွန်များဖြစ်ကြသည်။ တခုမဟုတ် တခုပေါ့။
ဘာသာရေးလုပ်ငန်းမှာ ပန်းကောက်ပြီး ဘုရားကျောင်းဆောင် ပန်းတင်ခုံမှာ တင်လှုရသည်။
 နံနက် ညနေ ဘုရားဝတ်ပြုကြရသည်။
အခြားကျောင်းသားများက နေ့ စဉ်ထမင်းချက်ကြရသည်။ ဘုန်းကြီး၏တာဝန်မှာ ကျောင်းထိုင်ဘုန်းတော်ကြီး
အတွက် ဇနီးဟောင်းအမျိုးသမီးကြီးက အထူးစီမံချက်ပြုတ်သော ဆွမ်းအုပ်ကို ခြံထောင့်ရှိအိမ်သို့ သွားကာ ယူရသည်။ ကျောင်းထိုင်ဘုန်းကြီးသာ ထိုဆွမ်းအုပ်ကို သုံးဆောင်ခွင့်ရှိသည်။
ကျောင်းသားသုံးယောက်မှာ ဘုန်းကြီးထက် အသက်ရော လူကောင်ပါ ကြီးကြသည်။ ယင်းသုံးယောက်သည် 
ဘုန်းကြီးကဲ့သို့  တနေ့ တွင်  ကိုရင်ဝတ်ကြသည့်သူများလည်း မဟုတ်ကြချေ။ သို့ သော် ဘုန်းကြီးကျောင်းမှာနေ၊ ဘုန်းကြီးကျောင်းပညာရေးကို သူတို့ ရနေကြ၏။ သူတို့ နေထိုင်စရိတ်၊ စားသောက်စရိတ်အတွက် ဘုန်းကြီးကို အလုပ်လုပ်ပေးကြရ၏။ တယောက်က ကွမ်းသီးခွဲအပုံကို ကြည့်ရှုရသည်။ အခြားတယောက်က မီးဖိုချောင်ကို 
ကြည့်ရှုရသည်။ တတိယတယောက်က အုန်းခြံထဲ ရောက်တတ်ရာရာကျက်စားနေထိုင်ကြသော ခွေးများကို
 ကြည့်ရှုရသည်။  များသောအားဖြင့် ကျောင်းထိုင်ဘုန်းကြီးအတွက် ရဟန်းတပါးအနေဖြင့်လုပ်ရန် မသင့်
လျော်သော ချက်ပြုတ်ရေး၊ ဈေးဝယ်ရေးတို့ ကို သူတို့ လုပ်ကြရသည်။
ဤသည်မှာ ဘုန်းကြီး၏ဘဝသစ်ဖြစ်သည်။
သို့ သော် ထိုဘုန်းတော်ကြီးကျောင်းမှာ သုံးလမျှသာ ဘုန်းကြီးနေထိုင်ခဲ့ရသည်။
တနေ့ … ဘုန်းကြီးက မီးဖိုချောင်မှာ အိုးဆေးနေသည်။ ကျောင်းသားကြီးနှစ်ယောက် ဘုန်းကြီးအနီး အပြင်းအထန်အငြင်းပွားကြသည်။ တယောက်က ကျောက်ခဲဖြင့်ပစ်ပေါက်လိုက်ရာ ဘုန်းကြီးလက်ကောက်ဝတ်
ကိုလာထိ၏။ ချက်ချင်းပင် လက်ရောင်ကိုင်းပြီး အလွန်အမင်းနာကျင်လာသည်။
စာတစောင်ရေးသားပြီး ဖြစ်ပျက်သမျှကို ဖခင်အား ဘုန်းကြီး  ပြောပြသည်။
ရက်အတန်ကြာတွင် ဘုန်းကြီးကိုပြန်ခေါ်ရန် ဖခင်ကြီး ရောက်လာသည်။
"အကြမ်းပတမ်းလုပ်တတ်သူတွေရှိတဲ့ ဘယ်ဘုန်းကြီးကျောင်းမှာမဆို တပည့်တော်သားကို မထားနိုင်ပါဘူး အရှင်ဘုရား"
ဖခင်က ဘုန်းတော်ကြီးကို လျှောက်ထားသည်။
ထိုစကားမှာ အကြောင်းအကျိုးညီညွှတ်သည်၊ ဖခင်တယောက်သည် သူ့ သားကို ရိုက်ချင်ရိုက်မည်၊ သို့ သော် ဘုန်းကြီးကျောင်းတခုတွင် ဤကဲ့သို့ အပြုအမူမျိုးမရှိသင့်ဟု သူယူဆသည်။ ဖခင်နှင့်အတူ ဘုန်းကြီး အိမ်ပြန်ခဲ့
သည်။
မိခင်နှင့်အမများ ဘုန်းကြီးကို ပြန်တွေ့ လို့ အလွန်ပျော်သွားကြ၏။ အကို ရမ်ဘဏ္ဍနှင့် ပြန်တွဲရသည့်အတွက် ဝမ်းသာစရာဖြစ်ပြန်သည်။ နေရာဟောင်းကို ပြန်ရောက်ခြင်းပင်တည်း။
မိဘအိမ်နှင့် အမကြီးတို့ အိမ်အကြား တုံ့ ပြန်လူးလာနေထိုင်ရင်း အချိန်အများစုကုန်လွန်သွားသည်။ အမကြီးအိမ်
မှာ ယောက်ဖနှင့် သမီးတို့ သာ နေထိုင်ကြသည်သည်။ သူ တို့ က ယောက်ျားလေးတယောက်ကိုလည်း အိမ်မှာ ရှိစေချင်ကြသည်။ ဘုန်းကြီးကို သူတို့ နှင့်အတူ လာနေစေချင်ကြသည်။ စိတ်ပါချင်စရာဖြစ်သည်။ အမနှင့် ယောက်ဖကို ဘုန်းကြီးအလွန်ချစ်ပါသည်။ တူမလေးသည်လည်း ဘုန်းကြီးအတွက် နှမလေးတယောက်လိုဖြစ်နေပြန်၏။ ဘုန်းကြီး၏အခြေအနေမှာ
 သေချာရေရာမှု မရှိသေးပေ။ အသက် ၁၂ နှစ်နီးပါးရှိနေပြီး ကျောင်းကလည်း လေးလလောက် ပျက်ကွက်နေပြီ။
ဘုန်းကြီးဖြစ်ချင်သော ဆန္ဒကားဘုန်းကြီးရင်တွင်းမှာ လောင်မြိုက်နေဆဲဖြစ်ပါသည်။ သင်္ကန်းဝတ်ထားသည့် ဘဝကို တမ်းတမိပါသည်။ သို့ ဖြစ်လေရာ နေထိုင်ရမည့် ဘုန်းတော်ကြီးကျောင်းတကျောင်းရှာဖွေဖို့  ဖခင်ကြီးကို ဘုန်းကြီး အပူကပ်ရပြန်သည်။
လပေါင်းများစွာကုန်လွန်ခဲ့ပြီးနောက် ၁၉၃၉ ခုနှစ် ၊ဇန်နဝါရီလတွင် "မလံဒေနိယရွာ" ကျောင်းသည် သင်္ကန်းဝတ်လိုသူလူငယ်လေးများကို ရှာဖွေနေကြောင်းသတင်းကို ယောက်ဖက ဖခင်ကြီးကို ပြောကြား
လာသည်။ ဘုန်းတော်ကြီးကျောင်းအမည်ကား "သိရီဝိဇယာရာမ"ဖြစ်သည်။ သိရီ နှင့် ဝိဇယအဓိပ္ပါယ်မှာ
 "ကျက်သရေ နှင့် အောင်မြင်ခြင်း"ဖြစ်သည်။ မလံဒေနိယရွာသည် ဘုန်းကြီးတို့ အိမ်မှ ခြောက်မိုင်လောက်
ဝေးမည်ဟု ဖခင်နှင့် ယောက်ဖတို့ က ထင်မြင်ချက်ပေးသည်။ သို့ သော် သူတို့ နှစ်ယောက်လုံး မလံဒေနိယ
သို့ မရောက်ဖူးသောကြောင့် အတိအကျမဟုတ်ပြန်ချေ။
ဒုတိယအကြိမ်အိမ်နှင့် ခွဲခွါခြင်းကား ပထမအကြိမ်နှင့် အလားတူဖြစ်သည်။
မိခင်၏ နို့ ထမင်း….၊
စင်ကြယ်သော အဖြူရောင်လုံချည်…၊
မျက်ရည်များ…..၊ စိတ်လှုပ်ရှားမှု နှင့်ဝမ်းနည်းခြင်းများ….။
အနာဂတ်တွင် ဘုန်းကြီးဖြစ်လာဖို့ ကြိုတင်မျှော်လင့်ချက်နှင့် ဘုန်းကြီးပျော်မိသည်။ တချိန်တည်းမှာ ကနဦးနေထိုင်ခဲ့သော ဘုန်းတော်ကြီးကျောင်း၏အတွေ့ အကြုံများ ပြန်ထင်ဟပ်လာပြီး နေရာစိမ်းမှာ လူစိမ်းများနှင့် အတူနေရတော့မည်မို့ စိတ်လှုပ်ရှားမှုတို့ လွှမ်းမိုးလာပြန်၏။
ဤအကြိမ်တွင် ဖခင်နှင့် ယောက်ဖတို့ နှစ်ဦးလုံး ဘုန်းကြီး၏ခရီးစဉ်မှာ လိုက်ပါကြမည်။ အိမ်မှထွက်စဉ် မိခင်က
 ယောက်ဖကို မှာလိုက်သေး၏။
"ငါ့သားကို ဂရုစိုက်နော်၊ မင်းပဲ ဘုန်းကြီးကျောင်းနဲ့ နီးတာဆိုတော့ ငါ့သားအခြေအနေ ငါ့ဆီလာ-လာပြောလှည့်"
ထို့ နောက် ခရီးစထွက်ကြသည်။ မိခင်ဆီနောက်ပြန်လှည့်ကြည့်လိုက်တိုင်း သူကမလှုပ်မယှက်ရပ်မြဲရပ်နေသည်
ကို မြင်ရ၏။ မိခင်ကို မမြင်ရသည့်အထိ တဖြည်းဖြည်း ဝေး၍ ဝေး၍သွားသည်။ ဘုန်းကြီး၏ပါးပြင်ပေါ်မှမျက်ရည်
များခြောက်ခမ်းသွားသည်ထက်ပင် မိခင်ရပ်နေသည်က ပို၍ ရှည်ကြာလေးမြင့်ပေလိမ့်မည်။
ဘုန်းကြီးတို့ ရွာမှ မလံဒေနီယသို့ လမ်းမပေါက်…။ လယ်ကွင်းများ၊ ချောင်းငယ်များ၊ ရာဘာစိုက်ခင်းများကို ဖြတ်သန်းပြီး လမ်းရှာလမ်းလျှောက်ရသည်။ အခြားရွာအသေးလေးများကိုလည်း ဖြတ်လျှောက်ခဲ့ရသည်။  မလံဒေနီယရွာသို့ သွားရာလမ်းကိုမေးလေတိုင်း ရှေ့ ကိုနည်းနည်းလျှောက်ရဦးမည်ဟု တဦးဦးက လမ်းညွှန်တတ်
သည်။
နောက်ဆုံးတွင် သံဆူးကြိုးများကာရံထားသော ဘုန်းကြီးကျောင်းဝင်းတခုဆီ ချဉ်းကပ်မိကြသည်။ 
အနီးနားနေသူတို့ ၏ အိမ်မွေးတိရစ္ဆာန်များကျောင်းဝင်းထဲဝင်ကာ အုန်းပင်ပေါက်များကို မစားရအောင်အကာ
အကွယ်လုပ်ထားမှန်း နောင်မှသိရသည်။ ကျောင်းဝင်းဂိတ်ဝတွင် သံဆူးကြိုးကို ဖြတ်ကျော်သောအခါ လုံချည်နှင့်
သံဆူးကြိုးမငြိရအောင်သံဆူးကြိုးအပေါ် ဝါးခြမ်းပြားများ ကာထားပေးသည်။
ကျောင်းဝင်းအတွင်းသို့ ဝင်လာကြရာတွင် ခွေးတအုပ်က ဝိုင်းဟောင်ခြင်းဖြင့် ဘုန်းကြီးတို့ ကို နုတ်ဆက်သည်။ ယင်းနောက် ကျောင်းသားအနည်းငယ် နှင့် ကျောင်းထိုင်ဘုန်းတော်ကြီးတို့ နုတ်ဆက်ကြသည်။ ကျောင်းထိုင်
ဘုန်းကြီးမှာ အရပ်အမောင်းအနေတော်ဖြစ်ပြီး မျက်လုံးစူးရှသည်။ နှာခေါင်းအလွန်ရှည်သည်။ သူက ကွမ်းချိုး
ကပ်နေသော သွားမည်းမည်းများပေါ်အောင် ပြုံးပြသည်။
ဖခင် ၊ ယောက်ဖ နှင့် ဘုန်းကြီးတို့ မြေကြီးပေါ် အလျင်အမြန် ဒူးထောက်ထိုင်ကာ ဦးသုံးကြိမ်ချလိုက်ကြသည်။ ကျောင်းထိုင်က ကျောင်းအတွင်းဝင်ရန်ပြောပြီး ဖျာတချပ်ပေါ် ထိုင်ရန် အမိန့် ရှိပါသည်။
ကျောင်းထိုင်၏ဘွဲ့ တော်မှာ "ဆရာတော် ကီရီဘတ်ကုမ်ဘူရေ သောဏုတ္တရ မဟာထေရ်" ဖြစ်သည်။ "မဟာထေရ်" "သက်တော်ဝါတော်ကြီးရင့်သူ" ဟူသည်မှာ သူသည် အနည်းဆုံးရဟန်းသိက္ခာဝါတော် ၃၈ ဝါ ရှိပြီဖြစ်ကြောင်း ဆိုလိုသည်။ ထိုစဉ်က သူ၏သက်တော်မှာ အလွန်ဆုံးရှိလျှင် ၆ဝ လောက် ဖြစ်ပေမည်။ အလွန်ဖော်ရွေဟန်ရှိသည်။ မကြာမကြာ ပြုံးတတ်သည်။
ဖခင်က ဘုန်းကြီးကို ဆရာတော်နှင့် မိတ်ဆက်ပေးသည်။ ဘုန်းကြီးသည် ကျောင်းတိုက်မှာနေထိုင်လိုပြီး ရှင်ပြုလိုကြောင်းကိုလည်း လျှောက်ထားသည်။ ဆရာတော်က ဘုန်းကြီးကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ ယင်းနောက် ဦးခေါင်းငြိမ့်သည်။အဓိပ္ပါယ်မှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ ဘုန်းကြီးကို ဆရာတော်လက်ခံလိုက်ပါပြီ။
ဖခင်နှင့် ယောက်ဖတို့ ကျောင်းမှာ တနာရီခန့် နေပြီး ဆရာတော်နှင့် စကားစမြည်ပြောဆိုကြသည်။ နောက်
သူတို့ ပြန်ကြလေသည်။ မြင်ကွင်းမှသူတို့ ပျောက်ကွယ်သွားသည်နှင့် အထီးကျန်မှုလှိုင်းလုံးကြီးဘုန်းကြီးအပေါ် 
ဖြတ်တိုက်သွားသလို ခံစားလိုက်ရ၏။ သူတို့ နောက်ပြေးလိုက်သွားကာ ဘုန်းကြီးစိတ်ပြောင်းသွားပြီ၊ အိမ်ပြန်
လိုက်တော့မည်ဟု ပြောလိုစိတ် တဖွားဖွားပေါ်လာ၏။
ဘုန်းကြီး ငိုမိပါသည်။ နာရီပေါင်းများစွာကြာအောင် အငိုမတိတ်နိုင်ဖြစ်ခဲ့ပါသည်။ 
အမရဒီပ
မေလ ၃ဝ ၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
Wednesday, May 29, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၁
အရှင်စူဠပန်ကဲ့သို့ ဘုန်းကြီးသည်လည်း မိမိရည်မှန်းချက်ကို မဆုတ်မနစ် အကောင်အထည်ဖော်မည့်သူဖြစ်သည်
။ ဘုန်းကြီးဖြစ်လိုကြောင်း မိဘများအား  ထပ်တလဲလဲ တစိုက်မတ်မတ် ဘုန်းကြီးပြောခဲ့သည်။ ကလေးပီပီ စိတ်ပြောင်းစိတ်လဲဖြစ်ကာပြောနေသည်မဟုတ်၊ အလေးအနက်ထား၍ ပြောနေကြောင်း သူတို့ တဖြည်းဖြည်း သဘောပေါက်လာသည်။ ဘုန်းကြီးဖြစ်ဖို့ ဘုန်းကြီးအသက်အရွယ် ငယ်နေသေးသည်။ သို့ သော် ကိုရင်ဘဝဖြင့် ဘုန်းကြီးကျောင်းမှာ နေနိုင်ပါသည်။ ယောက်ျားလေးများစွာတို့ ဤအတိုင်းပင် ဖြတ်သန်းကြခဲ့ပါသည်။ သူတို့ 
အရွယ်ရောက်သောအခါ ဘုန်းကြီးဖြစ်သွားကြပါသည်။
သားတယောက်ယောက် သာသနာ့ဘောင်ရောက်သွားလျှင် မိသားစုအတွက် အလွန်မင်္ဂလာရှိသည်ဟု ယုံကြည်ကြသည်။ သားယောက်ျားတယောက်ကို ရှင်ပြုပေးသောအခါ ဆွေမျိုးများ ကုသိုလ်ထူးရကြသည်။ အိမ်ထောင်သည်လူငယ်တယောက် ရဟန်းဝတ်ရန် ဆုံးဖြတ်သောအခါ ဇနီးသည်ကိုစွန့် ခွါသွားခြင်းအတွက် ရှက်ဖွယ်မဟုတ်ပေ။ ခင်ပွန်းသည် ရဟန်းဝတ်လိုက်သည့်အတွက် ဇနီးသည်လည်း ကုသိုလ်ရပါသည်။
ထိုထိုအကြောင်းများကြောင့် နောက်ဆုံးတွင် ဘုန်းကြီးကျောင်းမှာ နေထိုင်ကြည့်ဖို့  ဖခင်သည် စိတ်မပါ့တပါ့
ဖြင့်ပင် သဘောတူလေသည်။ မိခင်မှာ ဘုန်းကြီးမိသားစုအားခွဲခွါသွားသည်ကို မလိုလားသူဖြစ်သောကြောင့် 
ငိုကြွေးရှာသည်။ သို့ သော် ဘုန်းကြီး၏မွေးဇာတာတွင် ဟောကိန်းထုတ်ထားပြီး ဤအတိုင်း မလွဲမသွေဖြစ်လာ
မည်ကို သူ သိမြင်ထားပြီးဖြစ်သည်။ သားအထွေးဆုံးကို သာသနာတော်သို့ ပေးစွန့် လိုက်ရသည်ကား စီလုံကျွန်း
တွင် ဘုန်းကြီး၏မိခင်ကြီးတယောက်တည်း မဟုတ်သည်မှာသေချာပါသည်။ အကြောင်းကို ဆိုရသော် ဗုဒ္ဓ
သာသနာတော်သည် စီလုံကျွန်းသားတို့ ၏ ယဉ်ကျေးမှုအတွင်း  ပြန့် နှံ့ စိမ့်ဝင်နေပါသည်။ ဤအတိုင်း အချိန်တိုင်းမှာ ဖြစ်နေပေလိမ့်မည်။
ဖခင်သည် ဘုန်းကြီးအိမ်မှ ဘုန်းကြီးကျောင်းသို့ သွားမည့်"နေ့ ကောင်းရက်သာအခါယူရန်" ရွာဗေဒင်ဆရာနှင့်
 ပြောဆိုတိုင်ပင်သည်။ ထိုအချိန်က ဗေဒင်သည် လူတို့ ဘဝ၏အရေးတကြီးကိစ္စများတွင် သြဇာသက်ရောက်
လှသည်။ ပျိုးကြဲသစ်ပင်စိုက်၊ မင်္ဂလာဆောင်၊ မီးသင်္ဂြိုဟ်၊ ကလေး၏ပထမဆုံးဆံပင်ရိတ်၊ အလုပ်အကိုင်ကြီး
စလုပ်၊ အဆောက်အအုံဖောင်ဒေးရှင်းချမည့် အချိန်နေ့ ရက်ကို ဆုံးဖြတ်ရန် လူများသည် ကြယ်နက္ခတ်များနှင့်
ညှိုနှိုင်းရ၏။
ဗေဒင်နက္ခတ်ဆိုင်ရာလမ်းညွှန်ချက်များသည် ဗုဒ္ဓဘုရား၏ ကမ္မနိယာမအကြောင်းအကျိုးဟောပြချက်နှင့် ထိပ်တိုက်ကွဲလွဲနေသော်လည်း ဗေဒင်နက္ခတ်ယုံကြည်မှုသည် ဗုဒ္ဓဘာသာနှင့်အတူယှဉ်တွဲရပ်တည်နေ၏။ ဤသည်မှာ ပြဿနာတရပ်ဖြစ်သည်ဟုလည်း မည်သူမျှပင် မတွေးမိခဲ့ချေ။
သတ်မှတ်ရွေးချယ်သည့်ရက်တွင် မိခင်သည် ဘုန်းကြီးအတွက် နို့ ထမင်းချက်သည်။ အထူးပွဲများအတွက်သာ
လျှင် စီရင်သော လေးစားအံ့သြမှုအထိမ်းအမှတ်တည့်ခင်းကျွေးမွေးခြင်းဖြစ်သည်။ ကလေးတယောက် ပထမဆုံး
 ကကြီးခခွေးကို စဖတ်တတ်သောအခါ မိခင်ဖြစ်သူသည် နို့ ထမင်းချက်လေ့ရှိသည်။ ကလေးတယောက်ကျောင်းစတက်သည့်နေ့ မှာ မိခင်သည် နို့ ထမင်းချက်လေ့ရှိသည်။ မွေးနေ့  သို့ မဟုတ် တနှစ်ပြည့်သည်နေ့ တွင် အခမ်းအနားကျင်းပရန် နို့ ထမင်းချက်လေ့ရှိသည်။ နှစ်စဉ် ကောက်သစ်စပေါ်ချိန်တွင် သံဃာတော်များအားလှူဒါန်းရန် နို့ ထမင်းချက်လေ့ရှိသည်။
ဒုက္ကရစရိယာအကျင့်ကိုစွန့် လွှတ်ပြီးနောက် ပိန်လှီနေသော သိဒ္ဓတ္ထဂေါတမကို နိဂုံးရပ်သူသုဇာတာ ပေးလှူခဲ့
သည်မှာ နို့ ထမင်းပင်ဖြစ်၏။ သိဒ္ဓတ္ထကလည်း ထိုအလှူကို လက်ခံခဲ့သည်။ ထိုအစာအာဟာရက သူ့ ကို ဗောဓိ
ညောင်ပင်အောက်မှာ ကြံ့ ခိုင်ပြည့်ဝစွာတရားအားထုတ်နိုင်ရန်၊ သဗ္ဗညုတဉာဏ်ရရန် နှင့် မဇ္ဈိမပဋိပဒါလမ်းကို 
သင်ကြားညွှန်ပြရန် အားအင်များပြန်လည်ရရှိစေခဲ့သည်။
မိခင်ပြင်ဆင်ပေးသည့် အိမ်မှထွက်ခွါသောနေ့ အမှတ်တရ နို့ ထမင်းကို ဘုန်းကြီးစားနေခိုက် မိခင်နှင့် အမများ မျက်ရည်ကျသည်ကို ဘုန်းကြီး မြင်လိုက်ရ၏။ အကိုရမ်ဘဏ္ဍကိုယ်တိုင်လည်း မငိုမိအောင် တင်းထားပုံပေါ်နေ၏။
သွားမည့်အချိန်နီးကပ်လာ၏။ ဖခင်သည်လည်း သူ၏အကောင်းဆုံး လုံချည်နှင့် အင်္ကျီကို ဝတ်ဆင်လျက် ပေါ်လာသည်။ 
သူကပင် ဘုန်းကြီးကို သွားရအောင်ဟု ခေါ်သည်။ ဘုန်းကြီးကိုယ်တိုင်လည်း အဖြူရောင် လုံချည်နှင့်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။
ထိုအချိန်မှာပင် အကိုရမ်ဘဏ္ဍ ထိန်းမနိုင်သိမ်းမရငိုချလိုက်၏။ ရုတ်တရက်ဖြစ်သည့်အတွက် သွားမည့်ခြေလှမ်း
ကို နှေးတုံ့ သွားစေခဲ့သည်။ စိတ်ခံစားချက်များ ချာချာလည်နေပြီး လည်ချောင်းထဲမှာ တစ်ဆို့ နေ၏။ ဤထွက်ခွါ
ခြင်းမှာ အိမ်ရာတည်ထောင်သူ လူ့ ဘောင်ကိုစွန့် ခွါပြီး အိတ်ရာမထောင်သူ ရဟန်းဘောင်ဘဝကိုခံယူခြင်း အထိမ်းအမှတ်ဖြစ်သည်။
ဘုန်းကြီးကိုနုတ်ဆက်ဖို့ အိမ်ရှေ့ မှာ စုဝေးကြသည်။ မိခင်ရှေ့ မှာ ဘုန်းကြီးဒူးထောက်လိုက်ပြီး သဲပြင်ပေါ်ရှိ 
မိခင်ခြေထောက်ကို နဖူးဖြင့် ထိကာကန်တော့လိုက်၏။
မိခင်က ဘုန်းကြီး၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပေးသည်။
"ငါ့သားကို ရတနာသုံးပါးကာကွယ်စောင့်ရှောက်ပါစေ…၊ နတ်ကောင်းနတ်မြတ်များ ကာကွယ်စောင့်ရှောက်ပါစေ.၊
အနာကင်းလို့ အသက်ရှည်ပါစေ….၊ အန္တရာယ်ကင်းပါစေ…၊"
 တိုးတိုးလျလျဆို့ နင့်သောအသံဖြင့် မိခင်သည် တတွတ်တွတ်ဆုတောင်းပေး၏။
ယင်းနောက် ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်။
ဘုန်းကြီးမတ်တပ်ရပ်လိုက်သည်။ မိခင်က ဘုန်းကြီး၏နဖူးကိုနမ်းသည်။ တင်းတင်းကျပ်ကျပ်ဖက်သည်။
ဖခင်နှင့်ဘုန်းကြီးတို့ ဘုန်းကြီးနေထိုင်မည့်ဘုန်းတော်ကြီးကျောင်းသို့ ဖုန်ထူထူလမ်းမပေါ် နာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ကြသည်။
ဘုန်းကြီးလာမည်ဆိုသည်ကိုလည်း ဖခင်ကြီးက ဘုန်းတော်ကြီးသို့ ကြိုတင်သတင်းပေးခြင်းမရှိခဲ့ပါ။
ဗေဒင်နက္ခတ်ဆရာများက ဘုန်းကြီးအိမ်မှထွက်ခွါခဲ့သောနေ့ သည် မင်္ဂလာရှိသောနေ့ တနေ့ ဖြစ်သည်ဟု ဆိုကြ၏။ 
အဆိုသည် အဆိုသာဖြစ်ပါသည်။
ယင်းနေ့ နှောင်းပိုင်းအချိန်လောက်မှာ ဘုန်းကြီးတို့ သည် ရံဘုက္ကနခရိုင်၊ ကောသိန္နမြို့ သို့ ရောက်ကြ၏။
ဖုန်တထောင်းထောင်းထနေသည့်လမ်းမအဆုံး အုန်းခြံတခြံအတွင်း ဘုန်းကြီးကျောင်းတည်ရှိ၏။ ခြံထဲတွင် ဓမ္မာရုံ၊ ဘုန်းတော်ကြီးသီတင်းသုံးရာကျောင်း၊ သီးသန့် ဘုရားကျောင်းဆောင်တို့ ရှိကြ၏။ ဟင်းလင်းဖွင့်အဆောက်အအုံ
တခုထဲတွင် ထိုင်ခုံများ၊ ပန်းပင်များနှင့် ကွမ်းသီးခွံအပုံလိုက် ရှိနေ၏။
ဖခင်က ဘုန်းကြီးအား ကျောင်းထိုင်ဘုန်းကြီးထံ အပ်နှံသည်။ ကျောင်းထိုင်မှာ ခန္ဓာကိုယ်ဟန်သေးကွေးပြီး သက်တော် ခြောက်ဆယ်ခန့် ရှိပေရော့မည်။ ကျောင်းထိုင်သည် ဘုန်းကြီးမဝတ်ခင် အိမ်ထောင်ကျခဲ့ပြီး အုန်းခြံထောင့်ရှိအိမ်တအိမ်မှာနေထိုင်ခဲ့သည်၊ သူ့ မှာ အရွယ်ရောက်ပြီး သားတယောက်ရှိသည်ဟု နောင်မှ သိရသည်။
ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးနှင့်အတူ နှစ်နာရီခန့် ဖခင်နေသည်။ ပြီးနောက် သူအိမ်ပြန်သည်။ ဘုန်းကြီးမှာ အလွန်ပင်ပန်းပြီး အိပ်ချင်နေသည်။ အိမ်နှင့် ကလေးသူငယ်ဘဝမှာ ဘုန်းကြီးအတွက် ဝေးဝေးမှာ ကျန်ရစ်ခဲ့
ပုံပေါ်နေလေ၏…။
အမရဒီပ
မေလ ၂၈၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
Monday, May 27, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁ဝ
အခန်း ၂ ၊ ကိုရင်ဘဝ
အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ ဘုန်းကြီးဖြစ်ချင်စိတ်လည်း ပိုအားကောင်းလာသည်။ ဘုန်းကြီးမဖြစ်ခင် ဘုန်းကြီးလုပ်တမ်းကစားရသည်ကို နှစ်သက်၏။ ဘုန်းတော်ကြီးများသင်္ကန်းဝတ်သလိုမျိုး  ကိုယ့်ကိုကိုယ်
အဝတ်ဖြူတတထည်နှင့်ရစ်ပတ်သည်။ ပြီးနောက် တောထဲရှိ သစ်ပင်တပင်အောက်တွင် ထိုင်သည်။အခြား
သစ်ပင်များမှာ ဘုန်းကြီးကိုဝိုင်းထိုင်နေကြသော လူများဟု စိတ်ထဲက သတ်မှတ်လိုက်သည်။ ဘုန်းတော်ကြီးကျောင်းမှ ကြားလာခဲ့သည့် ဘုရားစာပိုဒ်များရွတ်ဆိုကာ ငြိမ်သက်နေသော တရားနာပရိသတ်ကို တရားဟောသည်။ 
ထိုင်ကာ စူးစူးစိုက်စိုက် တရားအားထုတ်နေဟန်လည်း လုပ်လိုက်သေးသည်။ ထိုစဉ်ကတရားအားထုတ်ခြင်းဟူသည် 
ဘာမှန်းပင် သိခဲ့သူမဟုတ်….။
အကြောင်းရင်းကိုတော့ မသိ…၊ ဘုန်းကြီးဖြစ်လိုခြင်းသည် ကံတရားကြောင့်ပင်ဟု  ဟိုယခင်ကတည်းက ယုံကြည်ခဲ့၏။  ဘုန်းကြီးဖြစ်လိုခြင်းသည် ဘုန်းကြီး၏ကံကြမ္မာဖြစ်ကြောင်း ဗုဒ္ဓတရားတော်အဆိုအမိန့် မရှိပေ။
ရှည်လျားသော အတိတ်ဘဝက တည်ရှိခဲ့သော ကြောင်းကျိုးပေါင်းဆုံမှုများကြောင့် ယခုဘဝမှာ ဘုန်းကြီးသည် ဘုန်းကြီးတပါးဖြစ်လိုစိတ် ပေါ်ပေါက်၏။ စင်စစ် ဘုန်းကြီးသည် ရှေးရှေးဘဝက တရားထူးတရားမြတ်မရခဲ့
သော သို့ မဟုတ် တရားထူးတရားမြတ်ရခွင့်ကို လက်လွတ်ဆုံးရှုံးခဲ့သော ဘုန်းကြီးတပါးဖြစ်ခဲ့ကောင်းဖြစ်ခဲ့မည်။ တဖက်တွင် လူဘဝကိုပြန်ရရန် နှင့် ကုသိုလ်ကောင်းမှုများထပ်ဖြည့်ဆည်းရန် ကံကြမ္မာကောင်းလည်း ရှိခဲ့သူ ဖြစ်မည်။ သို့ သော် ထိုအတွေးအမြင်ကို ခဏဘေးဖယ်ထားပါဦး……၊ ဘုန်းကြီးဖြစ်လိုစိတ်၊ သင်္ကန်းဝတ်လိုစိတ် တွန်းအားနှင့် မျှော်လင့်ချက်မှာ ဘုန်းကြီးထံတွင် ကနဦးကတည်းက ဖြစ်နေရှိနေခဲ့သည်။
အသက် ၁၁ နှစ်တွင် ကလေးသဘာဝဆော့ကစားသည့်ဖက်၊ ရမ်ဘဏ္ဍနှင့် ဘုန်းကြီးတို့ အပျော်ကျူးသော
 နောင်ပြောင်မှုဖက်မှာ ဘုန်းကြီးစိတ်မဝင်စားတော့ပါ။ ကျောင်းတက်သည်ကိုလည်း ဘုန်းကြီး စိတ်မပါတော့ပါ။
အာရှတိုက်သားများ၏ရှေးရိုးအစဉ်အလာ "ပဗ္ဗဇ္ဇိတဒုလ္လဘ"ခေတ်ကောင်း လွတ်လမ်းရှာသူတို့ လမ်းစဉ် သာ
မဏေဘောင်၊ ရဟန်းဘောင်သို့ သာ ဝင်ရောက်လိုပါတော့သည်။ ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်က
ဘုန်းကြီးရဟန်းဘဝကို လိုလားမြတ်နိုးသူ လုလင်ပျိုတဦး၏ဖြစ်ရပ်များကလည်း ဘုန်းကြီးကို ဆွဲဆောင်နေ၏။ 
ယင်းဖြစ်ရပ်မှာ "စူဠပန္ထက" ဟုအမည်တွင်သူ၏ ဖြစ်ရပ်ပင်ဖြစ်၏။
မိခင်ဖြစ်သူကသူ၏မိဘများနေထိုင်ရာသို့ ခရီးနှင်နေစဉ် စူဠပန္ထကကို လမ်းဘေးတနေရာမှာ ဖွားမြင်ခဲ့သည်။
ရှေးခေတ်အိန္ဒိယပြည်တွင် ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ သားဖွားရန် မိဘဘိုးဘွားအိမ်သို့ ပြန်ကြသည်။
 ခရီးလမ်းပန်းကြမ်းမှုကြောင့် လမ်းမှာ ကလေးမျက်နှာမြင်တတ်ကြလေ၏။ နောင်တွင် ဗုဒ္ဓဘုရားဖြစ်လာသော
သိဒ္ဓတ္ထဂေါတမမင်းသားသည်လည်း မယ်တော် မဟာမာယာဒေဝီမိဖုရား မိဘအိမ်သို့ အပြန် လမ်းခုလတ်
အရောက် ခရီးလမ်းမအနီး တောအုပ်တခုမှာ ဖွားမြင်ခဲ့သည်။
စူဠပန္ထက၏မယ်တော်မှာ သားနှစ်ယောက်ရှိသည်။ သားယောက်လုံးကို လမ်းမဘေးမှာပင် ဖွားမြင်ခဲ့သည်။ 
သားအကြီး၏အမည်မှာ "မဟာပန္ထက" (ခရီးသည်ကြီး) ဖြစ်ပြီး သားအငယ်၏အမည်မှာ "စူဠပန္ထက" (ခရီးသည်လေး) ဖြစ်၏။ သူတို့ ညီအကို၏မိခင်မှာ အလွန်ဆင်းရဲလွန်းသောကြောင့် ရာဇဂြိုဟ်မြို့ ရှိ မိဘများထံမှာ ကလေးများကို အပ်နှံထားခဲ့ရ၏။ 
မဟာပန် (မဟာပန္ထက)သည် အဘိုးနှင့်အတူ မြတ်စွာဘုရားထံ တရားနာမကြာခဏသွားလေ့ရှိသည်။
 နောင် မဟာပန် ရဟန်းဝတ်လိုက်သည်။ နောက်နှစ်အနည်းငယ်အကြာ စူဠပန် (စူဠပန္ထက)သည်လည်း 
သူ့ အကိုခြေရာနင်းကာ ရဟန်းဝတ်ပြန်သည်။ 
နောင်တော်မဟာပန်သည် ညီအား တရားစာ ပို့ ချပေး၏။ သို့ သော် ညီမှာ ညံ့ဖျင်းသောတပည့်ဖြစ်၏။ 
ဂါထာစာပိုဒ်တခုကို လပေါင်းများစွာကြာသည့်တိုင် အာဂုံနုတ်တက်မှတ်မိအောင် မကျက်မှတ်နိုင်။
 နောင်တော်မဟာပန်သည် ညီအပေါ်အလွန်စိတ်ပျက်မိ၏။ ညီသည် တရားစာမသင်ယူနိုင်ဘဲ ရဟန်းအဖြစ်
ဆက်လက်နေထိုင်ပါက ညီအတွက် တိုးတက်မှုမရနိုင်ဟုလည်း တွေးမိ၏။
"ညီ..မင်းလူဝတ်လဲပြီး အိမ်ပြန်နေတော့…"
နောင်တော်က ညီငယ်ကို ပြောသည်။
စူဠပန် ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ သူ ရဟန်းဘဝကို မြတ်နိုးသည်။ ဗုဒ္ဓဘုရားရှင်၏တပည့်သားတပါးဖြစ်
ခြင်းကို မြတ်နိုးသည်။ ဘာလုပ်ရမှန်း သူမသိတော့ပြီ။ သို့ သော် သူလူဝတ်မလဲချင်မှန်းကိုကား သူသိပါ၏။
ထိုသို့ ဖြစ်ပြီးနောက်မကြာမီ ဗုဒ္ဓဘုရားရှင်နှင့်ကျောင်းသံဃာကုန် အိမ်၌နေ့ ဆွမ်းဘုဉ်းပေးကြွရန် အရှင်မဟာပန်
ထံသို့  အဘယမင်းသားမွေးမြူအပ်သော သမားတော်ဇီဝက ပင့်လျှောက်လာသည်။ အရှင်မဟာပန်က သံဃာ့
ကိုယ်စား ယင်းပင့်ဖိတ်ချက်ကိုလက်ခံလိုက်သည်။
 "မနက်ဖြန်ဆိုရင် စူဠပန်လဲ ကျောင်းမှာမရှိတော့ဘူး၊ သူ့ ကို လူထွက်ခိုင်းထားပြီးပြီ၊ ဗုဒ္ဓဘုရားရှင်နဲ့  ကျန်ရဟန်းတော်များနဲ့ 
အတူ ငါကြွသွားမယ်" ဟု ဖြည့်စွက်ပြောလိုက်သေး၏။
နောင်တော်၏တိုပြတ်ပြတ်လေသံကိုကြားရသောကြောင့် စူဠပန် ယူကျူံးမရ ဝမ်းနည်းသည်။ မျက်လုံးအိမ်မှာ မျက်ရည်ပြည့်လျှံနေ၏။ သူပိုင်အသုံးအဆောင်ပစ္စည်းအနည်းငယ်ကို သိမ်းဆည်းပြီး ဘုန်းကြီးကျောင်းမှ ထွက်ခဲ့သည်။ သူလမ်းလျှောက်လာစဉ် ဗုဒ္ဓဘုရားရှင်နှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ သည်။ ဝမ်းနည်းစိတ်မကောင်းပုံပေါက်နေရ
သည့်အကြောင်း ဗုဒ္ဓဘုရားရှင်က သတင်းမေးသည်။ သူကိုယ်တိုင်ကလည်း ဖြစ်ပျက်ပုံအလုံးစုံကို ဗုဒ္ဓဘုရားရှင်အား
 လျှောက်ထားတင်ပြလေ၏။
"လာပါဦးကွယ်…ဂါထာစာပိုဒ်လေးတခုကို မကျက်မှတ်နိုင်လောက်နဲ့ တော့ လူဝတ်လဲစရာမလိုပါဘူး။ ဟောဒီမှာ အမောင်ရဟန်း မှတ်မိနိုင်လောက်တဲ့နည်းလေးတခု ငါကိုယ်တိုင်သင်ပေးမကွဲ့ …."
ဗုဒ္ဓဘုရားရှင်က စူဠပန်အား လက်ကိုင်ပုဝါအဖြူတထည်ပေးပြီး ညွှန်ကြား၏။
"ဒီအဝတ်စလေးကိုကိုင်ပြီး နေရောင်အောက်မှာ ထိုင်ရမယ်နော်၊ ဘယ်ဖက်လက်ဖဝါးထဲမှာ ဒီအဝတ်စကိုထည့်၊ ညာဖက်လက်ဖဝါးနဲ့ အဝတ်စကို ပွတ်ပေးရမယ်နော်၊ နုတ်ကလဲ "ဖြူစင်ခြင်း ၊ ဖြူစင်ခြင်း"လို့ ထပ်တလဲလဲဆို
ပေးရမယ်နော်"
(ဓမ္မပဒဋ္ဌကထာ၊အပ္ပမာဒဝဂ်၊ စူဠပန္ထကမထေရ်ဝတ္ထုတွင် အဖြူရောင်ပုဆိုးပိုင်းကို "ရဇောဟရဏံ-ရဇောဟရဏံ= မြူကိုဆောင်သောအဝတ်၊ မြူကိုဆောင်သောအဝတ်"ဟု မှတ်စေကြောင်းတွေ့ ရသည်။ ဘာသာပြန်သူမှတ်ချက်။)
စူဠပန်သည် ဗုဒ္ဓဘုရားရှင်ညွှန်ကြားသည်အတိုင်း သဝေမတိမ်း အားထုတ်လေသည်။ နေရောင်အောက်မှာ 
ထိုင်ပြီးနောက် အဝတ်စကို ညာဖက်လက်ဖြင့် ထပ်တလဲလဲဆုပ်နယ်၏၊ ။ ပွတ်၏။ နုတ်ကလည်း လေ့ကျင့်ခန်းအ
ဖြစ်ပေးအပ်ထားသော ဗုဒ္ဓဘုရားရှင်၏ မန္တာန်ဆန်းကို သတိမလွတ်စေဘဲ အထပ်ထပ်ရွတ်ဆို၏။
အချိန်ကြာမြင့်သွားပြီးနောက် အဝတ်စကို ကြည့်လိုက်၏။ အဖြူရောင်လက်ကိုင်ပုဝါစသည်လက်မှထွက်လာသည့်
ချွေးစီးတို့ အကွက်အကွက်ပေစွန်းထင်းကာ  မဲညစ်ညစ်အရောင်ပြောင်းနေ၏။ ဖြူစင်သန့် ရှင်းမှု မန္တာန်ကို သူရွတ်ဆိုပါသော်လည်း အဝတ်စညစ်ပေအောင် သူလုပ်မိလေပြီ။
ရုတ်တရက် စူဠပန် နားလည်သိမြင်လာသည်။ အရာအားလုံးသည် မမြဲ…..။
သူချစ်မြတ်နိုးသောအရာမှန်သမျှ…၊ သူတွေကြုံရသောအရာမှန်သမျှ..၊ သူခုခံနိုင်စွမ်းသောအရာမှန်သမျှ အရာအားလုံးသည် ခြွင်းချက်မရှိ သန့် ရှင်းသောအဖြူရောင်အဝတ်စမမြဲသလို အလားတူ မတည်မြဲကြပါတကား။ 
ထိုအခိုက် အရာခပ်သိမ်းမှန်သမျှ၏ မတည်မြဲသဘောကို နားလည်သော စူဠပန်ရဟန်းသည် ရဟန္တာဖြစ်လေ၏။
နေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းသို့ ပြန်သွားသည်။  သစ်ပင်တပင်အောက်ထိုင်လျက် ရဟန္တာတပါး၏ 
နက်နဲဆန်းကြယ်သော တန်ခိုးကိုသုံးကာ သူ့ ပုံတူ ရဟန်းရာပေါင်းများစွာကို ဖန်ဆင်းလေသည်။
ယင်းအခိုက် ကျောင်းတိုက်ရှိအခြားရဟန်းတော်များသည် ဗုဒ္ဓဘုရားရှင်နှင့်အတူ ဇီဝက၏အိမ်သို့ ကြွသွားနှင့်ကြ
ပြီးပြီ။ ဗုဒ္ဓဘုရားရှင်က အရှင်စူဠပန်ကို မမြင်သောကြောင့် ဆွမ်းကပ်သည်ကို လက်မခံသေး..။
"အကြောင်းတခုခုများရှိပါသလား..မြတ်စွာဘုရား၊ တခုခုချွတ်ယွင်းချက်ရှိပါသလား..မြတ်စွာဘုရား"
စိတ်လှုပ်ရှားစွာဖြင့် ဇီဝက-ကမေးလျှောက်လေ၏။
"ဒကာဇီဝက…ကျောင်းရှိသံဃာအကုန်အစုံ  ဒီအိမ်ကိုရောက်တာသေချာရဲ့လား"
"မှန်လှပါ…မြတ်စွာဘုရား၊ သံဃာတော်အကုန်လုံး ရောက်ပါပြီဘုရား၊ အရှင်မဟာပန္ထက-ကလဲ ဒီအကြောင်း အတည်ပြုပါတယ်..မြတ်စွာဘုရား"
ဗုဒ္ဓဘုရားရှင်က တည်ငြိမ်ဆေးလေးစွာ ပြန်မိန့် သည်။
"ဒါပေမယ့် ဒကာဇီဝက အနေနဲ့ တယောက်ယောက်ကိုလွှတ်ပြီး ဘုန်းကြီးကျောင်းမှာ ရဟန်းတပါးတလေကျန်-မကျန် ကြည့်ခိုင်းပါဦး"
လူတယောက်ကို ဇီဝက-က ဘုန်းကြီးကျောင်းသို့ လွှတ်လိုက်သည်။ ထိုလူမှာ သရဲတစ္ဆေတကောင်လို
 ဖြူဖပ်ဖြူရော်သွေးဆုတ်သည့်မျက်နှာထားဖြင့် အမြန်ပြန်ရောက်လာသည်။
"အရှင်ဘုရားတို့ … ကျောင်းတိုက်တခုလုံး ရဟန်းတွေ အပြည့်ရှိနေပါတယ်ဘုရား"
"အချို့ က တရားထိုင်လို့ … အချို့ က သင်္ကန်းချုပ်လို့ ….၊ အချို့ က ကျောင်းဝင်းထဲ တံမြက်လှည်းလို့ …၊ 
အချို့ က ရေခပ်လို့ ..၊ အချို့ က စင်္ကြန်လျှောက်လို့ …၊ အချို့ က တရားစာတွေ ရွတ်ဆိုလို့ ….."
ထိုသူက လျှောက်ထား၏။
ယင်းနောက် ဗုဒ္ဓဘုရားရှင်က ထိုသူအား ကျောင်းသို့ ပြန်သွားခိုင်းပြီး အရှင်စူဠပန်အား အခေါ်လွှတ်၏။ ထိုသူ ကျောင်းသို့ ရောက်သွားပြန်၏။ အရှင်စူဠပန်အားစုံစမ်းသောအခါ ရာပေါင်းများစွာသောရဟန်းတို့ က တသံတည်း
ဖြင့် "ငါ စူဠပန်ပဲ"ဟု ဆိုကြပြန်၏။
ထိုသူလည်း အံ့သြမင်သက်ဖြစ်သွား၏။ ဇီဝကအိမ်သို့ ပြန်သွားကို တွေ့ ကြုံသမျှကို ပြန်လည်ပြောကြား၏။ ထိုအခါ 
ဗုဒ္ဓဘုရားရှင်က ထိုသူအား ကျောင်းသို့ ပြန်သွားစေပြီး ရဟန်းများစွာအထဲက တပါးပါး၏သင်္ကန်းစွန်းကို 
ဖမ်းဆွဲကိုင်လိုက်ရန် မိန့် ဆိုလေသည်။
"ဒကာက အဲသလို သင်္ကန်းစွန်းကို ဆွဲကိုင်လိုက်ရင် အခြားရဟန်းတွေ ပျောက်ကွယ်သွားလိမ့်မယ်"ဟုလည်း ဗုဒ္ဓဘုရားရှင်က ပြောကြားလိုက်လေသည်။
ဗုဒ္ဓမိန့် တော်မူသည့်အတိုင်း ထိုသူ ဆောင်ရွက်သည်။ ယင်းနောက် ထိုသူသည် အရှင်စူဠပန္ထကအမည်ရသော ရဟန်းတော်တပါးကို နေ့ ဆွမ်းဘုဉ်းပေးရန် ပင့်ဆောင်နိုင်ခဲ့သည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါ ဘုရားရှင်က အရှင်စူဠပန်အား တရားဟောစေ၏။ နောင်တော်အရှင်မဟာပန်နှင့် အခြားရဟန်းတော်များ အထိတ်တလန့် ဖြစ်သွားကြ၏။ စာလေးတပုဒ်ကိုမျှ မကျက်မှတ်နိုင်လောက်အောင် ထုံနညံ့ဖျင်းလှသည့် စူဠပန်လိုရဟန်းတပါးကို ဗုဒ္ဓဘုရားက ဘာကြောင့်များ ဂုဏ်ပြုနေရပါလိမ့်…??
သို့ သော် အရှင်စူဠပန်က ကိုယ်တိုင်သိမြင်ထားသည့် အနိစ္စသညာအကြောင်းတိုက်ရိုက်ပါသည့် အံ့အားသင့်ဖွယ်တရားတပုဒ်ကို ဟောပြတော်မူလိုက်၏။ တရားအသိဉာဏ်စူးရှနက်ရှိုင်းမှုကို မအံ့သြဘဲနေနိုင်သူ မရှိဖြစ်သွားရသည်။
ဇာတ်လမ်းအဆိုအရ အရှင်စူဠပန်သည် ဘဝဟောင်းတခုဝယ် ဉာဏ်ထက်မြက်သော ရဟန်းတပါးဖြစ်ခဲ့ဖူးသည်။ သို့ သော် စာတပုဒ်ကိုပင် မကျက်မှတ်နိုင်သော ဉာဏ်ထုံသူရဟန်းတပါးကို ပြောင်လှောင်ပြက်ရယ်ပြုဖူး၏။ အရှင်စူဠပန်ဘဝတွင် သူလုပ်ဖူးသောကံ အကျိုးပေးသည်။ တဖက်တွင် စာတပိုဒ်ကိုလေးလကျက်မှတ်၍ မမှတ်မိ
သော်လည်း အခြားတဖက်တွင် အရဟတ္တမဂ်ကို ထိုးထွင်းသိမြင်သူနှင့် အဘိညာဉ်တန်ခိုးရှင် ဖြစ်ဘိသေး၏။ ရှေးဘဝ အကောင်း အဆိုကံနှစ်မျိုး၏ အကျိုးဆက်ပေတည်း..။ ဤအကြောင်းအရာမှာ  ဉာဏ်ကွန့် မြူးခြင်းနှင့်
သတိပေးခြင်းဟူသော သင်ခန်းစာနှစ်မျိုးလုံးကိုပြသည့် ဇာတ်လမ်းဖြစ်သည်။
အမရဒီပ
မေလ ၂၇၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။