Total Pageviews

Friday, February 10, 2012

နဲနဲလေးတော့ လွဲနေတယ်

ဗုဒ္ဓဘာသာတရားတော်တွေကို ဖြန့် ဝေပေးနေတဲ့ ဝက်ဆိုက်တခုမှာ ဗုဒ္ဓပူဇနိယ-သီဆိုသူ ချမ်းချမ်း ဆိုတဲ့သီချင်းတပုဒ်သွားတွေ့ သည်။
အဆိုတော်ချမ်းချမ်းကို မိမိမကြားဖူးပါ။ အဆိုတော်လူသစ်တယောက်ဖြစ်မည်ဟု ထင်မိ၏။ လူငယ်တယောက်က ဓမ္မတေးသီဆိုတာကို မိမိတို့ အားပေးရပေမည်။
သို့ နှင့် ချမ်းချမ်း၏ သီချင်းကို နားထောင်ဖြစ်သည်။ လေသံအတိမ်းအငင်၊ အဆွဲအယူပိုင်းမှာ ဗမာသံ နှင့်မတူသည်ကတော့ သေချာသည်။
ယင်းဝက်ဆိုက်မှာတင်ထားသည်က စာတမ်းထိုး၊ နောက်ခံအဆိုမျှဖြစ်ပေရာ You Tube မှာ
ချမ်းချမ်းအမည်နှင့်ရှာလိုက်တော့ ရုပ်ကော အသံပါမြင်ရသည့် ဗီဒီယိုတခုကို ရှာတွေ့ သည်။
http://youtu.be/sYzX7MtOD30
ဗီဒီယိုတွင် အဆိုတော် ချမ်းချမ်းနှင့်သရုပ်ဖော်ကပြသူများကို မြင်ရ၏။ ထို့ ပြင် ဗုဒ္ဓပူဇနိယမူရင်း
သီချင်းသည် ရခိုင်သီချင်းတပုဒ်ဖြစ်ကြောင်း ဆိုထားသည်။
မူရင်းရခိုင်အသံနှင့် သီဆိုဟန်ကို တဆက်တည်းရှာကြည့်လိုက်သည်။
ဟောဒီမှာ--http://youtu.be/UI1S6R3-jAY
သြော်--ဒါကြောင့်ကိုး--။ ချမ်းချမ်းက ဗမာသံဖြင့်ပြန်ဆိုထားသော်လည်း ရခိုင်ဟန်၊ရခိုင်စတိုင်သည် ပျောက်ကွယ်မသွား--။ တခုနှင့်တခု ယှဉ်နားထောင်လျှင်
မိမိဆိုလိုချက်ကို အလွယ်တကူ ဖမ်းဆုပ်နိုင်မည်ဟု ထင်ပါသည်။

မူရင်းရခိုင်သီချင်းရေးသူကို ဦးအောင်ကျော်ခိုင် ဟု ဖော်ပြထား၏။
မိမိ၏ငယ်ဆရာ (ယခုမြောက်ဦးမှာ သီတင်းသုံး) ဆရာတော်တပါးက ပြောဖူးသည်မှာ
အဆိုပါသီချင်းကိုရေးသားသူမှာ ရခိုင်ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း ဖြစ်သည်ဟူ၏။
ယခု ဦးအောင်ကျော်ခိုင်ဆိုတော့ ရှိစေတော့--သည်ကိစ္စကို မိမိလက်လှမ်း
မမီပါ။ ရေးသူသည် ဦးအောင်ကျော်ခိုင်ဖြစ်ဖြစ်၊ ဆရာကြီး ဦးဦးသာထွန်းဖြစ်ဖြစ် အရေးမကြီး၊မိမိပြောလိုသည်မှာ ပုဂ္ဂိုလ်ရေးမဟုတ်၊ သီချင်းစာသားကိစ္စသာဖြစ်လေသည်။

ရခိုင်မူရင်း ဗုဒ္ဓပူဇနိယသီချင်းကို ၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှာကျင်းပ
သည့်ပြည်ထောင်စုနေ့ မှာ ရခိုင်ယဉ်ကျေးမှုအဖွဲ့ က ပရိသတ်များနှင့် စတင်မိတ်ဆက်သည်ဟု
သိရပါ၏။ ယခု ၂ဝ၁၂ မှာ နှစ်ပေါင်း ၅ဝ ပြည့်ပြီ။ လာမည့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့ )
မှာ နှစ် ၅ဝ တင်းတင်းပြည့်မည်။ သြော်--သီချင်းတပုဒ်၏သက်တမ်းနှစ် ၅ဝ --။

သီချင်းစာသားကိစ္စပြောပါတော့မည်။ သီချင်းစာသားမှာ ပါဠိဝါကျတွေ ထည့်သွင်းစပ်ဆိုထားသည်။ သရဏဂုံ ၃ ပါး ပါဠိ (ဗုဒ္ဓံ-ဓမ္မံ-သံဃံ သရဏံ ဂစ္ဆာမိ)  ဖြစ်ပါ၏။
ထို့ ပြင် ကိုယ်တိုင်ရေးစီထားသော ပါဠိဝါကျများလည်းပါသည်။ ဥပမာ-- ဗုဒ္ဓံ (ဓမ္မံ၊သံဃံ) မယံ ပူဇေမိ---ဖြစ်သည်။ မိမိပြောချင်သည်မှာလည်း သည်ဝါကျတွေကိစ္စဖြစ်၏။
ပါဠိကို မြန်မာနိဿယပြန်ဆိုလျှင် (ဗုဒ္ဓံ=မြတ်စွာဘုရားကို။ ဓမ္မံ= မြတ်ဘုရား၏တရားတော်ကို။ သံဃံ=အရိယာသံဃာတော်ကို။ မယံ= ငါတို့ သည်။ ပူဇေမိ=ရှိခိုးပူဇော်ပါ၏)
ဟု ဖြစ်သည်။ ကျွန်တော်တို့ (ကျွန်မတို့ ) ဘုရား (တရား၊ သံဃာ) ကို ရှိခိုးပူဇော်ပါတယ်--- မြန်မာစာ၊ မြန်မာစကားအနေဖြင့် ဘာလွဲနေမှန်း သိသိသာသာမပေါ်လွင်--မထင်ရှား--။

အဲ--ပါဠိသဒ္ဒါအနေဖြင့်တော့ အလွဲသည် သိသာနေလေသည်။ ပါဠိမှာ ကတ္တား နှင့် ကြိယာ
(Subject & Verb) တို့ ညီညွတ်ရသည်။ agreement ဖြစ်ရသည်။ ကတ္တား နှင့် ကြိယာမညီညွတ်က
ယင်းပါဠိမမှန်ပေ--။ ဗုဒ္ဓံ မယံ ပူဇေမိ--တွင် မယံ--သည် ကတ္တားဖြစ်၏၊ ပူဇေမိ--သည် ကြိယာ ဖြစ်၏။ ယင်းကတ္တားနှင့်ကြိယာသည် တခုနှင့်တခု မညီညွတ်ကြချေ--။ ပါဠိသဒ္ဒါနည်းအရ (မယံ)ဟူသော
ကတ္တားအတွက် ကြိယာမှာ (ပူဇေမ)ဟုသာ ဖြစ်ရပေလိမ့်မည်။ ဘယ်နည်းနှင့်မျှ (ပူဇေမိ) မရှိသင့်ပေ--။ တဖန် (ပူဇေမိ)ဟူသောကြိယာအတွက် ထည့်ရမည့်ကတ္တားမှာ (အဟံ)သာ ဖြစ်သည်။
ဘယ်နည်းနှင့်မျှ (မယံ) မရှိရပေ--။ ထို့ ကြောင့် ဗုဒ္ဓပူဇနိယသီချင်းတွင်ပါဝင်သော ပါဠိဝါကျအတွက်----
(၁) ဗုဒ္ဓံ အဟံ ပူဇေမိ။ (မိ)
(၂) ဗုဒ္ဓံ မယံ ပူဇေမ။ (မ)---------ဟူသော ဝါကျ ၂ ကြောင်းအနက် တခုခုသာဖြစ်သင့်ပေသည်။
ယခုမူ ဝါကျ ၂ ကြောင်းကို ၁ ဝါကျတည်းပေါင်းစပ်လိုက်သည့်အတွက် ပါဠိသဒ္ဒါနည်းအရ
အမှန်မရောက်တော့ဘဲ အမှားသာဖြစ်သွားရချေသည်။

ဗုဒ္ဓပူဇနိယသီချင်းသည် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့ ၏ပြည်နယ်ဂုဏ်ဆောင်
သီချင်းတပုဒ်ဖြစ်ပါသည်။ နောင်အဆက်ဆက် ဆက်လက်သီဆိုဂုဏ်ယူနေရမည့် သီချင်းတပုဒ်ဖြစ်သည့်အတွက်အလွန်သြဇာကြီးမားသော သီချင်းတပုဒ်ဖြစ်ပါသည်။
ယင်းကဲ့သို့ သော သီချင်းတပုဒ်တွင် အမှားအယွင်းကင်းစင်သန့် ရှင်းနေသင့်ပါသည်။


သီချင်းစာသား၊ အဓိပ္ပါယ်၊ ပါဠိဝါကျ ပီပီပြင်ပြင်ဖြစ်နေပါမှ နှောင်းလူတို့ မျက်နှာပန်းလှပပါလိမ့်မည်။
သက်ဆိုင်သူတို့ အနေဖြင့် မိမိ၏အကြံပြုချက်မျှနှင့် ကျေနပ်မှုမပြုစေလိုပါ။ သက်ဆိုင်ရာ
ပါဠိစာပေပညာရှင်တို့ ထံချဉ်းကပ်ပြီး အမှား၊အမှန်ကို စုံစမ်းထောက်လှမ်းစေလိုပါသည်။ ထိုထိုပညာရှင်တို့၏အယူအဆရှင်းပြချက်ကို ကျေနပ်နားလည်သည်အထိ နားထောင်ပြီးမှ ဗုဒ္ဓဝန္ဒနာ
သီချင်းပါ (ဗုဒ္ဓံ မယံ ပူဇေမိ) ဝါကျကို ပြင်ဆင်သင့်၊ မသင့်ကို ဆုံးဖြတ်စေလိုပါသည်။

အမရဒီပ
၂-၁ဝ-၂ဝ၁၂


No comments: