Total Pageviews
Monday, April 23, 2012
တောင်ပုလု၏သရဏဂုံအမှား-၇
၁။
တေင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက သရဏာနိသာကီဝင်နှင့် သုပ္ပဗုဒ္ဓနူနာရောဂါသည်တို့ ကို ပထမတန်းစားယုံကြည်ချက်ထားရှိသူဟု သတ်မှတ်ရန် (သူ့ အပြောစကားအားဖြင့်) "အထက်က ဆိုခဲ့တဲ့ 
ပုဂ္ဂိုလ်များဟာ ရတနာသုံးပါးအပေါ်မှာ ပထမတန်းယုံကြည်ခြင်းကို ထားရှိတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်" ဟု ပြောကြား
ရင်း သူ၏ဟောပြောချက်ကို "ဒုတိယတန်းစားပုဂ္ဂိုလ်များလဲ ရှိသေးတယ်"ဟု အစချီလျက် အပါဒါနပါဠိတော်၊ 
သုဘူတိဝဂ်၊ တိသရဏဂမနိယထ္ထေရဝတ္ထုပါဠိတော်နှင့်အဋ္ဌကထာလာ တိသရဏဂမနိယထေရ်၏ဇာတ်လမ်းကို ဆက်လက်ဟောပြောလေသည်။  သို့ သော် ထိုတိသရဏဂမနိယထေရ်၏ဇာတ်လမ်းသည် တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကြိုးစားပမ်းစားတည်ဆောက်နေသည့် "တရားအားထုတ်စရာမလို၊ သရဏဂုံ
တည်ရုံမျှနဲ့  မဂ်ကိုရစေနိုင်တယ်"ဟူသော အယူအဆအတွက် သက်သေသာဓကလုံးဝဖြစ်နိုင်ခြေမရှိကြောင်း
 တွေ့ ရ၏။
၂။
တိသရဏဂမနိယထေရ်အကြောင်းမှာ ဖော်ပြပါအတိုင်း ဖြစ်ပါ၏။
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။
(သာသနာရေးဦးစီးဌာနထုတ်၊ ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ၅၄ တွင် "အပါဒါန်အဋ္ဌကထာ၊ဒုတိယတွဲ၊ နှာ ၃၉ ၌ ဝိပဿီမြတ်စွာဘုရားဟု လွဲမှားနေသည်။ ယင်းလွဲမှားချက်အတိုင်း စာအုပ်များစွာ၌လည်း လွဲမှားနေသည်ကို
တွေ့ ရ၏။ ဖွားတော်မူရာ စန္ဒဝတီပြည်၊ သက်တော် တသိန်းတမ်း၊ အဂ္ဂသာဝကနိသဘထေရ်ကို ထောက်၍
ဤ၌ အနောမဒဿီမြတ်စွာဘုရားဟု အမှန်အတိုင်း ဖော်ပြထားသည်" ဟူသောအဆိုအရ "အနောမဒဿီ
မြတ်စွာဘုရားလက်ထက်တော်ကအခါက ဖြစ်၏"-ဟု ပြင်ဆင်မှတ်သားနိုင်သည်။)
ဆင်းရဲသားလူငယ်တယောက်သည် မျက်မမြင်မိဘတို့ ကို ပြုစုလုပ်ကျွေးနေရသည်။ ဆင်းရဲလွန်းသောကြောင့် 
ဒါနစသော ကုသိုလ်အမှုကို မပြုလုပ်နိုင်ချေ--။ ဝိပဿီမြတ်စွာဘုရား၏အဂ္ဂသာဝကတပါးဖြစ်သော အရှင်နိသဘ
ထေရ်ထံမှ သရဏဂုံကိုသာ ဆောက်တည်ခွင့်ရ၏။ သူသည်အသက်ထက်ဆုံးသရဏဂုံမြဲ၏။ ကွယ်လွန်သောအခါ  နတ်ပြည်၌ ဖြစ်ရ၏။ အကြိမ် ၈ဝ သိကြားမင်းဖြစ်၏။ ၇၅ ကြိမ် စကြာဝတေးမင်းဖြစ်၏။ ပဒေသရာဇ်မင်းအဖြစ်
ကား မရေတွက်နိုင်အောင်များ၏။ 
ဂေါတမမြတ်စွာဘုရားလက်ထက်တွင် သာဝတ္ထိပြည်၌ သူဋ္ဌေးသားကလေး ဖြစ်လေ၏။ တနေ့ ဇေတဝန်ကျောင်း
သို့ သွားရာ ရဟန်းတော်တပါးက သရဏဂုံဆောက်တည်စေ၏။ ကလေးငယ်သည် လွန်လေခဲ့ပြီးသော 
ဘဝများစွာအနက် တခုသောဘဝတွင် တသက်လုံးသရဏဂုံတည်ခဲ့သည်ကို သတိရ၏။ နှစ်သက်ဝမ်းမြောက်ခြင်း
ပီတိ တဖွားဖွားဖြစ်ပေါ်၏။ ထိုပီတိကို ဝိပဿနာရှုပွားလေရာတခဏအတွင်းမှာပင် ဝိပဿနာဉာဏ်ရင့်ကျက်ပြီး 
အရဟတ္တမဂ်ကို ထိုးထွင်းသိ၏။ ရဟန္တာဖြစ်၏။ 
သာသနာတော်၌ အသက် ၂ဝ ပြည့်မှ ရဟန်းပြုခွင့်ရသော်လည်း ဤရဟန္တာကလေးငယ်ကိုမူ မြတ်စွာဘုရား
ရှင်က အသက် ၇ နှစ်အရွယ်မှာပင် ရဟန်းပြုခွင့်ပေးတော်မူခဲ့၏။ မြတ်စွာဘုရားသာသနာဝင်တွင်ထိုရဟန္တာ
အရှင်မြတ်သည် "တိသရဏဂမနိယထေရ် "အဖြစ် အမည်တော်တွင်၏။
(အပါဒါနအဋ္ဌကထာ၊မဟာပရိဝါရဝဂ်၊ သရဏဂမနိယတ္ထေရအပါဒါန်-လည်း ရှိသေး၏။  သရဏဂမနိယထေရ်
အကြောင်းမှာ ပဒုမုတ္တရဘုရားရှင်လက်ထက်တော်၌ ဟိမဝန္တာဝယ် နတ်မင်းတပါးဖြစ်ခဲ့သည်။ ထိုနတ်မင်းသည် 
အခြားသော နတ်ဘီလူးမင်းနှင့် စစ်တိုက်ရန်စစ်ပြင်ချိန်တွင် ပဒုမုတ္တရဘုရားရှင်ကြွရောက်တော်မူလာပြီး တရား
ဟောသဖြင့် စစ်ပြေငြိမ်းခဲ့သည်။ ပဒုမုတ္တရဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သော သရဏဂုံကောင်းမှုကြောင့် 
 လူနတ်စည်းစိမ်ကို အကြိမ်ကြိမ်ခံစားခဲ့ရသည်။ ယခုဂေါတမဘုရားလက်ထက်တော်၌ ရဟန္တာဖြစ်တော်မူ၏။)
၃။
အပါဒါန်အဋ္ဌကထာ၏မူရင်းအဆိုမှာ " သော တာနိ ဂဟေတွာ ပုဗ္ဗေ အတ္တနော ရက္ခိတာနိ  သရဏာနိ သရိတွာ ဝိပဿနံ
 ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ= ထိုသတို့ သားသည် သရဏဂုံကို ခံယူဆောက်တည်ရ၍ ရှေးဘဝက မိမိဆောက်တည်ဖူးသော သရဏဂုံကို အမှတ်ရကာ ဝိပဿနာကိုပွားပြီး အရဟတ္တဖိုလ်သို့  ရောက်၏ " ဟူသော စကားကို ထောက်ဆပြီး  "သရဏဂုံတည်ရုံမျှလောက်ဖြင့် တရားအားထုတ်စရာမလိုဘဲ မဂ်ကိုရသည် "ဟူသော တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏စကားမှာ ထေရဝါဒပိဋကတ်စာပေနှင့်မညီညွတ်သော ဟောပြောချက်သာဖြစ်ကြောင်း
 လေ့လာတွေ့ ရှိရ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက "တတိယတန်းစားယုံကြည်ချက်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ဖော်ပြရရင် ---တခါတုန်းက ဒမိဠဒါယကာဆိုတာ ရှိတယ်"---အစချီကာ အဂုင်္တ္တရနိကာယ်၊ ဒုကအဋ္ဌကထာ၊ ဒေဝဒူတဝဂ်၊
 နိဒါနသုတ်အဖွင့်လာ မဓုအင်္ဂဏရွာနေ ဒမိဠတံငါသည်ဝတ္ထုကို ဟောပြောလေသည်။
ဒမိဠတံငါသည်အကြောင်းမှာ ဤသို့ ဖြစ်၏။
ကြီးရင့်လာသောအခါ ရောဂါနှိပ်စက်၍ အိပ်ရာထဲလဲလျောင်းနေရ၏။ သေခြင်းတရားနှင့်ရင်ဆိုင်ရမည့်အချိန်
သို့ ရောက်လာ၏။
စူဠပိဏ္ဍပါတိကတိဿအမည်ရှိ ရဟန်းတော်တပါးသည် တံငါအိုကြီးသေခါနီးမှာ အနည်းငယ်မျှဖြစ်စေ အားကိုးရာ ထောက်တည်ရာရပါစေဟု သနားသောစိတ်ဖြင့် အိမ်သို့ ကြွရောက်လာ၏။ ရဟန်းတော်က တံငါအိုကို သရဏဂုံဆောက်တည်စေ၏။ သရဏဂုံဆိုစေ၏။ သရဏဂုံဆိုအပြီးတွင် ၅ ပါးသီလဆိုစေသော်လည်း တံငါအို
မေးခိုင်သွားသောကြောင့် မဆိုနိုင်တော့ဘဲ တံငါအို ကွယ်လွန်လေ၏။ စာတုမဟာရာဇ်နတ်ပြည်၌ နတ်ဖြစ်လေ၏။
မည်သို့ သောအကြောင်းကြောင့် နတ်ဖြစ်သည်ကို ဆင်ခြင်သိရှိရသောကြောင့် နတ်သားဘဝဖြင့် ရဟန်းတော်ထံလာရောက်ကန် တော့၏။ အကယ်၍ သရဏဂုံဆောက်တည်အပြီးတွင် ၅ ပါးသီလသာ တဆက်တည်းဆောက်တည်ခွင့်ရခဲ့ပါက လက်ရှိရောက်နေသည့် နတ်ဘုံထက်မြင့်သော နတ်ဘုံသို့ ရောက်
နိုင်ကြောင်း လျှောက်ထားလေ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကဒမိဠတံငါသည်အိမ်သို့ ရဟန်းတော်ကြွရောက်လာပုံကို
 အောက်ပါအတိုင်း ဟောပြောထား၏။
"ထိုစဉ်အခါ ရဟန်းတော်တပါးကြွလာတယ်။ ဒီတော့ သူ့ ဒကာမက "သခင်---ဟိုမှာရဟန်းတော်တပါးကြွတော်မူ
လာတယ်" လို့ ပြောတယ်။
ဒမိဠဒါယကာက "ရှင်မ---အနှစ်ငါးဆယ် ရှိပြီ။ ငါဟာ ဒီရဟန်းကို မမြင်ဖူးဘူး။ သူကလဲ ငါ့ကို မမြင်ဖူးဘူး။
သူ့ ကျေးဇူးလဲ ငါ့အပေါ်မှာ မရှိဖူးဘူး။ ငါ့ကျေးဇူးလဲ သူ့ အပေါ်မှာ မရှိဖူးဘူး"လို့  ရဟန်းကို ပြောလိုက်ပါလို့  ခိုင်းတယ်"
၅။
မူရင်းအဋ္ဌကထာတွင် "အထဿ,ဘရိယာ, "သာမိ ထေရော အာဂတော" တိ အာရောစေသိ။ "အဟံ ပညာသဝဿာနိ ထေရဿ သန္တိကံ န ဂတပုဗ္ဗော၊ ကတရေန မေ ဂုဏေန ထေရော အာမိဿတိ၊ ဂစ္ဆာတိ နံ ဝဒထာ"တိ" ဟု တွေ့ ရ၏။
"ထိုအခါ တံငါသည်၏မယားက "အရှင်၊ မထေရ်ကြွလာ၏"ဟု ပြော၏။ (တံငါအိုက) "ငါသည် နှစ်ပေါင်း ၅ဝ တိုင်တိုင် မထေရ်ထံသို့  မသွားရောက်ဖူးပါ။ မည်သည့်ဂုဏ်ကျေးဇူးအထူးကြောင့် မထေရ်ကြွရောက်လာသနည်း။ပြန်ကြွရန်ပြောလိုက်ပါ"ဟု ဆို၏။"
အဋ္ဌကထာတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယပြောဟောထားသလို---
(၁) တယောက်နှင့်တယောက် (တံငါအိုနှင့်ရဟန်း) မမြင်ဖူးပါ
(၂) တယောက်နှင့်တယောက် (တံငါအိုနှင့်ရဟန်း) ကျေးဇူးခံ၊ ကျေးဇူးစားမရှိဖူးပါ---ဟူသောစကား ၂ ခွန်းကို မတွေ့ ရပေ။ ထို့ ကြောင့် "သရဏဂုံတည်ခြင်းအကျိုး"လာ ဒမိဠတံငါအို၏ပြောစကားသည် အဋ္ဌကထာနှင့် မညီညွတ်ဘဲ ဟောပြောသူက ကိုယ့်သဘောနှင့်ကိုယ်ဇာတ်ကွက်ထွင်ကာ ဟောပြောထားခြင်းသာဖြစ်ကြောင်း တွေ့ ရ၏။
၆။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် သူ၏ဟောပြောချက်တွင် ပထမတန်းစားယုံကြည်ချက်ရှိသူ ဒုတိယတန်းစားယုံကြည်ချက်ရှိသူ၊ တတိယတန်းစားယုံကြည်ချက်ရှိသူဟု အကြောင်းပြချက်ရေရာသေချာမှုမရှိဘဲ 
ခွဲခြားပြထား၏။ ပိဋကတ်တော်လာ သရဏဂုံရှင်းပြချက်များတွင် ယင်းကဲ့သို့  ခွဲပြချက် မျိုးမရှိပါချေ--။
အမရဒီပ
၎-၂၃-၂ဝ၁၂
Saturday, April 21, 2012
တောင်ပုလု၏သရဏဂုံအမှား-၆
၁။
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာလောကတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် အတိုင်းအတာ
တခုအားဖြင့် ကျော်ကြားမှု၊ ထင်ရှားမှု၊ အခြွေအရံများမှု၊ လူရှင်ရဟန်းတို့ ၏ ပူဇော်ဂါရဝပြုမှုတို့ ကို ရရှိခဲ့သော ရဟန်းတော်တပါးဖြစ်ခဲ့၏။ ဆရာတော်ကြီး၏ သီလဂုဏ်၊ စရဏဂုဏ်တို့ ကြောင့် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်
လာလျှင် သမာသမတ်ကျ၍ ဖြောင့်မတ်ရိုးသားမှန်ကန်သော အယူအဆရှိလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ ထိုအထင်
သည် စိတ်ကူးယဉ်သက်သက်မျှသာဖြစ်ကြောင်း အနည်းငယ်သော တောင်ပုလုတောရကမ္ဘာအေးဆရာတော်
အရှင်နန္ဒိယ၏ ဟောပြောချက်များကို လေ့လာဖတ်ရှုရင်း သတိပြု တွေ့ မြင်လာ၏။ ထိုဟောပြောချက်တို့ မှာ
လည်း သက်ဆိုင်ရာတို့ မှ တရားဝင်ထုတ်ဝေထားသော စာအုပ်စာတမ်းများသာ ဖြစ်ပါ၏။ တကယ်လက်တွေ့ 
အားဖြင့်မူ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် ထေရဝါဒဗုဒ္ဓသာသနာတော် သန့် ရှင်းစွာ တည်တံ့ပြန့် ပွားရေးအတွက် အန္တရာယ်ပြုနိုင်သော ဓမ္မကိုဆန့် ကျင်သူပုဂ္ဂိုလ်များစွာနှင့် "အသွေးတူအမွှေးတူ"
တဦးမျှသာ ဖြစ်ကြောင်း သူ၏ဟောပြောချက်များက သက်သေပြနေပါ၏။
၂။
ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဓမ္မဝါဒ၏ဆန့် ကျင်ဘက် ဓမ္မန္တရာယ်များ ပေါ်ပေါက်ရာတွင် အခြေခံယုံကြည်ချက် ၂ မျိုးကြောင့် ပေါ်ပေါက်လာကြောင်း တွေ့ ရှိရ၏။ တမျိုးမှာ ခေတ်ပေါ်အတွေးအခေါ်ပညာရပ်များ၊ သိပ္ပံပညာလေ့
လာတွေ့ ရှိချက်များကို ကိုးကားပြီး သံဂါယနာ ၆ တန်တင် ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာဟူသော ဗုဒ္ဓတရားတော်အဆိုများကို ပစ်ပယ်ခြင်းဖြစ်၏။ အခြားတမျိုးမှာ သံဂါယနာ ၆ တန်တင် ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအဆိုများကို ယုံကြည်သယောင်ယောင်ဖြင့် ဝိပဿနာကိုပစ်ပယ်ခြင်း၊ ပုညကိရိယဝတ္ထုများကို ပစ်ပယ်ခြင်း
စသည်ကို ပြုလုပ်သည်။ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံဆိုင်ရာ ဟောပြောချက်နှင့် အခြားဟောပြောချက်များမှာ ဒုတိယအမျိုးအစားတွင် ပါဝင်သည်ကို တွေ့ ရ၏။ တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံဆိုင်ရာဟောပြောချက်သည် ထေရဝါဒပိဋကတ်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာနှင့် 
ဆန့် ကျင်ရုံသာမက သူကိုယ်တိုင်ပြုလုပ်ခဲ့သော ကျင့်ကြံအားထုတ်မှုလက်တွေ့ လုပ်ဆောင်မှုများနှင့်ပါ ဆန့် ကျင်သွေဖည်နေကြောင်းလည်း  တွေ့ ရ၏။
၃။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် သူ၏ "သရဏဂုံတည်ခြင်းအကျိုး"ဟောပြောချက်တွင် တရားအားထုတ်ခြင်းနှင့်ပတ်သက်၍ အကြိမ်များစွာထပ်တလဲလဲ ပြောဆိုသည်ကို တွေ့ ရ၏။
(၁) "တရားကို အားမထုတ်ရဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရနိုင်တယ်"ဟု ၁ ကြိမ်ပြော၏။
(၂-၃) "လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ဘဲနဲ့ 
ရနိုင်တယ်"ဟု ၂ ကြိမ်တိုင်တိုင်ပြော၏။
(၄) ဒီလိုစွန့် နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတို့ တွင် တပါးပါးကိုစွန့် ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်
လို့ ရှိရင် တရားကို အားမထုတ်ဘဲနဲ့ ရနိုင်တယ်"ဟု ၁ ကြိမ်ပြော၏။
အထက်ဖော်ပြပါစကားရပ်များအတွက် ကာယကံရှင်တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသာ သက်ရှိထင်ရှားရှိနေသေးလျှင် တိုက်ရိုက်လျှောက်ထားမေးမြန်းလိုပါ၏။
"သရဏဂုံတည်ခြင်းအကျိုးတရားကို ဟောပြောတော်မူသော ဆရာတော်ကြီးဘုရား---၊ တရားကို အထူးအားမ
ထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရနိုင်သည်ဟု ဆိုပါက အရှင်ဘုရားကိုယ်တိုင် ဓုတင် (၁၃)ပါးနှင့်တကွ ဝိပဿနာတရားကို ဘာကြောင့် ကြိုးစားပမ်းစားအားထုတ်ခဲ့ပါသလဲ---။
 အရှင်ဘုရားသည် (ပျော်ဘွယ်မြို့ နယ်) ရှမ်းရိုးမအနောက်ခြမ်းရှိ တွင်းရွာနှင့်မနီးမဝေးဒေသ တောတွင်းမှာ အပြင်းအထန်တရားအားထုတ်ခဲ့ရာ ငှက်ဖျားရောဂါစွဲကပ်ပြီး အိပ်ရာထဲလဲနေခဲ့ကြောင်း
၊ တောလိုက်မုဆိုးများကတွေ့ ရှိပြီး အရှင်ဘုရားကို ထမ်းစင်ဖြင့် မြေပြန့် ဒေသသို့  ပင့်ဆောင်ပြီးဆေးကုသပေးခဲ့ကြောင်း စသည်စသည်သိရပါသည်။ ယင်းနောက်တွင်လည်း တတောမှ တတော၊ တတောင်မှတတောင် ကူးပြောင်းသီတင်းသုံးရင်း တရားအားထုတ်ခဲ့ကြောင်း သိရပါသည်။ သီလ၊သမာဓိ၊ဝိပဿနာပညာနှင့်တကွ ဗုဒ္ဓဘာသာအခြခံ သရဏဂုံများလည်း အရှင်ဘုရားသန္တာန်တွင် ကိန်းအောင်းနေပြီးဖြစ်ရာ အရှင်ဘုရားဟောသလို အရိယမဂ်ကို တရားအားမထုတ်ဘဲ ရနိုင်ပါလျှက် ဝိပဿနာတရားကို အဘယ်ကြောင့် စွန့် စွန့် စားစား ကျင့်ခဲ့ပါသလဲ--ဘုရား၊ တဖက်တွင် သရဏဂုံတည်က တရားအားမထုတ်ဘဲ မဂ်ရနိုင်သည်ပြောပြီး တဖက်တွင် ဝိပဿနာတရားအားထုတ်နေပြန်ရာ အရှင်ဘုရားဟောပြောသည်နှင့် အရှင်ဘုရားလက်တွေ့ လုပ်နေတာတို့ မှာ ဆန့် ကျင်ဘက်ဖြစ်နေပါသည်၊ အရှင်ဘုရားဟောပြောတာပဲ မှားနေသလား၊
 အရှင်ဘုရား လက်တွေ့ လုပ်နေတာပဲ မှားသလား၊ ရှင်းပြပေးတော်မူပါ"ဟု မေးလျှောက်မိမည်။
သို့ သော် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ အဖြေစကားကိုကား မကြားသိနိုင်တော့ပြီ။ ဆရာတော်ကြီးသည် ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်တော်မူပြီးဖြစ်ကြောင်း သိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ "သရဏဂုံတည်ခြင်းအကျိုးတရား"ကို "ကြက်တူရွေးစာအံသလို"
 "၏၊ သည်"မလွဲ အလွတ်အာဂုံကျက်မှတ်ကာ "မှားမှန်းမသိ၊မှန်မှန်းမသိ"ဟောပြောနေကြသော "တောင်ပုလုတပည့်အရင်း"
ဆိုသူတွေကို မေးမြန်းစုံစမ်းရန် နည်းလမ်းတရပ်သာ ရှိပေတော့၏။ 
၎။
ပဋာစာရာ၊ ကိသာဂေါတမီ၊ အဂုင်္လိမာလ၊ သန္တတိအမတ်၊ အရိယတံငါသည်စသူတို့ နှင့်တကွ အခြားအခြားသော သူတို့ သည် ဘုရားရှင်နှင့် တွေ့ ဆုံရပြီး တရားနာကြားခွင့်ရခဲ့ကြ၏။ 
သူတို့ တရားနာနေစဉ်တွင်ပင် (တရားနာစဉ်အခိုက်အတန့် မှာပင်)မဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြသည်။ 
ထိုအကြောင်းအရာကို လိုရာဆွဲတွေးပြီး "တရားနာဖို့ သာ လိုသည်၊ တရားကျင့်စရာမလို"ဟုလည်းကောင်း၊ "တရားနာပြီးသိဖို့ သာလိုသည်၊ တရားကျင့်ဖို့ မလို"ဟုလည်းကောင်း အမျိုးမျိုးယူဆပြောဟောခဲ့ကြ၏။
ထေရဝါဒဗုဒ္ဓစာပေကျမ်းဂန်များက ထိုအယူအဆများကို လုံးဝပယ်ထား၏။ ရုပ်ကိုယ်၊ ခံစားမှု၊စိတ်၊ သဘောတရား
ဟူသော သတိပဋ္ဌာန်တရား ၄ ပါးတို့ တွင် တခုခုသောသတိပဋ္ဌာန်ကို မသုံးသပ်မရှုမှတ်ဘဲ နာကြားရသော တရား
ကို သဘောကျရုံမျှဖြင့် မဂ်ဖိုလ်ကို ရသွားသည်မဟုတ်ချေ။ ဆိုခဲ့ပြီးသတိပဋ္ဌာန်တရား ၄ ပါးတွင် တခုခုသော သတိပဋ္ဌာန်ကို ရှုမှတ်သုံးသပ်မှသာ မဂ်ဖိုလ်ကို ရရှိ၊ ဆိုက်ရောက်နိုင်သည်။
အရေးကြီးသောစကားကို ဆိုရသည့်အတွက် သုတ်မဟာဝါဋ္ဌကထာ (ဒီ၊ ဋ္ဌ၊ ၂၊ ၃၃၉) စကားကို ထုတ်ပြပါရစေ--။
"ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ၊ တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ= ထိုသို့ ပင် ဂါထာကို  ကြားနာရ၍ မဂ်ဖိုလ်သို့  ရောက်ကြပါကုန်သော်လည်း ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော တရားတို့ တွင် တခုခုသောတရားကို မသုံးသပ် မရှုမှတ်ဘဲ ဝိပဿနာပညာ
မဂ်ပညာဖြစ်ပွားခြင်းမည်သည်မရှိ၊ ထို ကြောင့် သန္တတိအမတ်နှင့်ပဋာစာရာတို့ သည် ဤသတိပဋ္ဌာန် ၄ပါးတည်းဟူသော ဧကာယနလမ်းစဉ်ဖြင့်သာလျှင် စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ ကို လွန်မြောက်ကြကုန်၏ "
"သရဏဂုံတည်ရင် တရားအားထုတ်စရာမလိုဘဲ မဂ်ကိုရစေနိုင်တယ်"ဟူသော တောင်ပုလုတောရကမ္ဘာအေး
ဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်မှာ ဖော်ပြပါ အဋ္ဌကထာစကားနှင့် မညီညွတ်ကြောင်း အထူးပြောဖွယ်မ
လိုတော့ပြီဟုယူဆပါ၏။
၅။
"စိတ်သည် လျင်မြန်စွာပြောင်းလဲတတ်သကဲ့သို့  ဤအတူလျင်မြန်စွာပြောင်းလဲသော အခြားတခုသောအရာကို မျှလည်း ငါဘုရားမမြင်"ဟု ဗုဒ္ဓဟောမိန့် တော်မူ၏။ (အဂုင်္တ္တရနိကာယ်၊ ဧကနိပါတပါဠိ၊ ၁။ ၉။)
အဘိဓမ္မာသဘောအရကြည့်လျှင် တရားနာနေစဉ်အတောအတွင်း တရားနာနေသူတို့ မှာ မရေမတွက်နိုင်သော စိတ်ဝီထိတို့  ဖြစ်ပျက်နေကြသည်။ သံယုတ်အဋ္ဌကထာ၊ ၂၊ ၉၂ နှင့် ယင်းဋီကာတို့ မှာ "မျက်စိတမှိတ်၊ လျှပ်တပြက်၊ လက်ဖျစ်တတွက်အတွင်းကာလမှာ ကုဋေတသိန်းမျှလောက်သော စိတ်တို့ ဖြစ်ကြသည်"ဟု ဆိုထား၏။ 
တရားနာစဉ်တထိုင်အတွင်းမှာပင် (တရားသံကို နားထောင်၊ ဉာဏ်ကို ခန္ဓာထဲလွှတ်ခြင်းဖြင့်) ရုပ်နာမ်ခန္ဓာဖြစ်ပျက်
အစဉ်အတန်းကို ရှုမှတ်၍ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်အစဉ်အားဖြင့်  သောတာပန်၊သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကြသည်။ ရုပ်နာမ်ခန္ဓာအစဉ်ကိုမရှုမှတ်ဘဲ (ဝါ) တရားအားမထုတ်ဘဲ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ကို မရရှိနိုင်ပေ---။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဟောပြောသလို တရားအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်ဖြစ်သူများ ရှေးဘုရားများသာသနာမှာလည်း မရှိခဲ့၊ ဤဘုရားသာသနာလည်း မရှိ၊
 နောင်ဘုရားသာသနာလည်း ရှိမည်မဟုတ်ချေ။ ဤသည်မှာ ထေရဝါဒပိဋကတ်၏  အဆိုဖြစ်၏။
ဖော်ပြခဲ့သော အကြောင်းပြများအရ တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံတည်က တရားအားမထုတ်ဘဲ မဂ်ရသည်ဟူသော ဟောပြောချက်သည် ထေရဝါဒပိဋကတ်နှင့်မညီညွတ်သော အယူမှားသာ ဖြစ်၏။ ယခုအခါ တောင်ပုလုမူ၊ တောင်ပုလုဟန်သရဏဂုံတည်အကျိုးတရားကို ဟောပြောနေသူ အမေရိကန်နိုင်ငံနေ
"တောင်ပုလုတပည့်ရင်း"ဆိုသူသည်လည်း "အယူမှားကို ဟောပြောနေသူ"သာ ဖြစ်၏။
၆။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် လူတိုင်းကိုဗုဒ္ဓဘာသာအခြေခံ သရဏဂုံတည်စေလို
သော မေတ္တာ စေတနာအားကြီးတော်မူကြောင်းသိရပါ၏။ သို့ သော် အလုပ်တခုတွင် မေတ္တာစေတနာ အားကြီးရုံ
နှင့် မပြီးသေး၊မပြည့်စုံသေးကြောင်း နားလည်ရပေမည်။ ဆရာတော်ကြီး၏ဟောပြောချက်သည်ဗုဒ္ဓဒေသနာတော်
နှင့်ညီညွတ်မှသာ ပညာရှင်တို့  ချီးမွမ်းဖွယ်၊ နှစ်သက်ဖွယ် ဖြစ်နိုင်ပေမည်။
ဗုဒ္ဓဒေသနာတော်နှင့်မညီညွတ်လျှင်ကားချီးမွမ်းဖွယ်၊ မြတ်နိုးဖွယ်ဖြစ်မည်မဟုတ်ပေ။ ထို့ ပြင် ဗုဒ္ဓသာသနာတော်
အတွက်လည်း  တစုံတခုသော အတိုင်းအတာအထိ ဆိုးကျိုးဖြစ်စေနိုင်သည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ နောက်လိုက်တပည့်တို့ သည်လည်း "တို့ ဆရာ ပြောရင် မှန်မှာပါပဲ"ဟူသော မျက်ကန်းယုံကြည်ချက်မျိုးကို ပြောင်းလဲပြုပြင်၍ ပိဋကတ်စာပေပညာရှင်တို့ ၏အကူအညီဖြင့် ပိဋကတ်စာပေနှင့်အညီ ဝေဖန်ဆန်းစစ်၍ ဟောပြောမှသာ ကွယ်လွန်လေပြီးသော မိမိတို့ ဆရာ တောင်ပုလု
တောရ ကမ္ဘာအေးဆရာတော်ကြီးကို ဓမ္မအားဖြင့် ပူဇော်ရာရောက်ပေမည်။ မိမိတို့ ၏ဂုဏ်သိက္ခာအရည်အသွေး
ကိုလည်း ပညာရှင်တို့  လေးစားချီးမွမ်းပေလိမ့်မည်-----။
၇။
သစ္စာ ၄ ပါးအစစ်အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိစေနိုင်သော ဝိပဿနာရှုနည်းများ (ဝါ) တရားအားထုတ်နည်း
များ (ဝါ) ကမ္မဋ္ဌာန်းနည်းများသည် ဘုရားရှင်များ ကမ္ဘေကမ္ဘာမကကြာအောင် ခက်ခဲပင်ပန်းစွာရှာဖွေမှ တွေ့ ရှိ
ခဲ့ရသော အဆုံအမနည်းစနစ်များဖြစ်၏။ စစ်မှန်သော ဝိပဿနာရှုနည်း (တရားအားထုတ်နည်း၊ ကမ္မဋ္ဌာန်းနည်း)
များကို "ဒါတွေလုပ်စရာမလိုဘူး၊ သရဏဂုံတည်ရင် မဂ်ရပြီ"ဟု ပြောပြီး ပယ်ရှားမိလျှင် ဘုရားအဆုံးအမတော်ကို ပယ်ရာရောက်လေတော့၏။
ယုံကြည်လိုလားသူတို့ ၏ သဒ္ဓါနှင့်ဆန္ဒကို ဖျက်ဆီးရာရောက်၏။ အားထုတ်လိုသူအားဖြစ်ထိုက်သည့် ဝိပဿနာ
ဉာဏ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ မှ ဆုံးရှုံးလွဲချော်စေရာ ရောက်၏။ လမ်းမှားကို ပြရာရောက်၏။
"တရားအားထုတ်စရာမလို၊ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရစေနိုင်၏"ဟူသော စကားသည် ဤမျှအထိ ဘေးထွက် ဆိုးကျိုးကို ပေါ်ပေါက်စေနိုင်၏။ မည်မျှအပြစ်ကြီးကြောင်း မြတ်စွာဘုရားဟောတော်မူသော ဓမ္မပဒပါဠိတော်
 (ဂါထာအမှတ် ၁၆၄) ဖြင့် သိရာ၏။
ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကေဿဝ၊ အတ္တဃာတာယ ဖလ္လတိ။
မြန်မာပြန်
ပညာမဲ့သူသည် ယုတ်မာသောမိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့်
 အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့ ၏ အဆုံးအမကို တားမြစ်၏။ ဝါးသီးတို့ သည် ဝါးပင်ကို သတ်ရန်
အလို့ ငှါ သီးကုန်သကဲ့သို့  ထိုပုဂ္ဂိုလ်၏မိစ္ဆာအယူသည်လည်း မိမိကိုယ်ကို သတ်ရန်အလို့ ငှါသာ ဖြစ်၏။
(ခုဒ္ဒကပါဌပါဠိတော်မြန်မာပြန်၊ ၃၆။)
အမရဒီပ
၎-၂၁-၂ဝ၁၂
Friday, April 20, 2012
တောင်ပုလု၏သရဏဂုံအမှား-၅
၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ ထေရုပ္ပတ္တိတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်
သည် ပိဋကတ်စာပေကျမ်းဂန်များကို မန္တလေးနည်း၊ ပခုက္ကူနည်းစုံလင်စွာဖြင့် သင်ကြားတတ်မြောက်ခဲ့ကြောင်း တခမ်းတနား ဖော်ပြကြလေ၏။
နောက်တော်ပါတဦး၏ လေလုံးမှာ "တော်တော်ထွား"၏။ သူ၏"ရွှေဖရုံသီးစေးကြောင်း"ပုံပြင်မှာ ဖော်ပြပါအတိုင်း
ဖြစ်၏။ (သတိ- ထေရုပ္ပတ္တိလာ ပုံပြင်မဟုတ်ဘဲ စကားစပ်မိတိုင်းပြောသောအကြောင်းအရာမျှသာ---။)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တခုတည်းသော သံဃာ့အဖွဲ့ အစည်းကြီးဖြစ်သည့် နိုင်ငံတော်သံဃာ့မဟာနာယက
အဖွဲ့ စတင်ဖွဲ့ စည်းပြီးခါစလောက်က တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် နိုင်ငံတော်သံဃ
မဟာနာယကအဖွဲ့ တည်ရာဌာနချုပ်၊ ကမ္ဘာအေးကုန်းမြေ၊ ဇမ္ဗူဒီပကျောင်းဆောင်သို့ ကြွရောက်၍
 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဝင်ဆရာတော်များအား ကထိန်အကြောင်း ရှင်းလင်းပြောကြားခဲ့ရသည်ဟူ၏။ အကြောင်းမှာ နိုင်ငံတော်သံဃမဟာနာယကဆရာတော်များသည် ကထိန်အကြောင်း ကျကျနနမယူဆတတ်
သောကြောင့် ဖြစ်သည်ဟူ၏။ ဟုတ်သည်၊ မဟုတ်သည်ကို စာရေးသူအတိအကျမသိပါ။ သို့ သော် ဆိုလိုရင်းကား
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်"စာတတ်ပေတတ်တပါးဖြစ်သည်"ဟူသောအချက်ပင်
ဖြစ်၏။
"သရဏဂုံအကျိုးတရား"ဟောပြောချက်ကို လေ့လာကြည့်သောအခါ တောင်ပုလုတောရကမ္ဘာအေးဆရာတော်
 စာတတ်၊ မတတ်ကိစ္စကို မပြောလိုသော်လည်း သူ့ အယူအဆနှင့်ညီညွတ်အောင်ပါဠိတော်များကိုလိုသလိုအသုံး
ပြုရာတွင် (ဝါ) အနက်အဓိပ္ပါယ်မသက်ဆိုင်သည်ကို သက်ဆိုင်သည်ထင်အောင် အသုံးပြုရာတွင် "ပါးနပ်မှု"
ရှိကြောင်း တွေ့ ရပါ၏။
၂။
"ယေကေစိ ဘိက္ခဝေ မယိ အဝေစ္စပသန္နာ၊ သဗ္ဗေ တေ သောတာပန္နာ။ (အဂုင်္တ္တိုရ်၊ ၃၊ နှာ-၃၅၁) လို့ လဲ ဒေသနာတော်မှာ လာပါတယ်။ အကြင်သူတို့ သည် ငါဘုရား၌ မတုန်မလှုပ်သက်ဝင်ယုံကြည်ကြကုန်၏၊ထိုသူအားလုံးတို့ သည်
 သောတာပန်တို့ သာတည်း လို့ အဓိပ္ပါယ်ရတယ် "
ဤကား တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ "သရဏဂုံတည်ခြင်းအကျိုး"လာ ဟောပြောချက်  ဖြစ်ပါ၏။ ကိုးကားသောပါဠိနှင့် မြန်မာပြန်တို့ သည် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယရှေးမှာ ပြောဆိုခဲ့သည့် "တရားအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကို ရစေနိုင်သည်"ဟူသောစကားနှင့် ဆက်စပ်ယူဆခြင်း
မပြုပါက အဓိပ္ပါယ်အားဖြင့် အပိုအလိုမရှိပြည့်စုံပါ၏။ သို့ သော် အဂုင်္တ္တိုရ် ၃၊ ၃၅၁ လာ ဗုဒ္ဓစကားတော်
ကို ထုတ်ဖော်ပြခြင်းမှာ သူ၏အယူအဆဖြစ်သည့် "သရဏဂုံတည်ရင် တရားအားထုတ်စရာမလိုဘဲ မဂ်ရ၏"ဟူ
သောစကား ခိုင်မာမှန်ကန်ကြောင်း၊ ဗုဒ္ဓစာပေကျမ်းဂန်နှင့်ညီညွတ်ကြောင်းပြသလာသည့်အတွက် ဆွေးနွေးရန် လိုအပ်ပါ၏။
စကား ၂ ရပ်ကို ရှေးနောက် စဉ်ကြည့်ပါ။
(က) တရားအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကို ရနိုင်သည်။ (တောင်ပုလု၏ကိုယ်ပိုင်အယူ)
(ခ) ဘုရားကို မတုန်မလှုပ်ယုံကြည်သူတို့ သည် သောတာပန်ပုဂ္ဂိုလ်တို့ ဖြစ်၏။ (တောင်ပုလုအကိုးပြ ဗုဒ္ဓစကား)
ယင်းစကား ၂ ရပ်ကိုအနှစ်ချုပ်ကြည့်ပါက"သရဏဂုံတည်လျှင် တရားအားထုတ်စရာမလိုဘဲ သောတာပန်ဖြစ်
သည်"ဟူသော တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ ဆိုလိုချက်ကို ထင်ရှားစွာ တွေ့ မြင်
ရလေတော့၏။
၃။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကိုးကားသော အဂုင်္တ္တိုရ် ၃၊နှာ- ၃၅၁ ဟူသည် အဂုင်္တ္တရနိ
ကာယ်၊ ဒသကနိပါတ်၊ ယမကဝဂ်လာ အဝေစ္စပသန္နသုတ္တန် ဖြစ်ကြောင်း တွေ့ ရ၏။  အဝေစ္စပသန္နသုတ္တန်မှာ စာအနေအထားတိုကျဉ်းသည့်အတွက် အဂုင်္တ္တိုရ်မြန်မာပြန်၊ ၃၊ ၃၄၉ လာ အတိုင်း တိုက်ရိုက်ကူးယူးတင်ပြပါမည်။
"ရဟန်းတို့  --ငါဘုရားအပေါ်၌ သက်ဝင်ယုံကြည်ကြသူဟူသမျှအားလုံးတို့ သည် အရိယာမဂ်အလျဉ်သို့ ရောက်
ကြသူတို့ တည်း။ ထိုအရိယမဂ်အလျဉ်သို့ ရောက်ကြသူတို့ တွင် ပုဂ္ဂိုလ်ငါးယောက်တို့ သည် ဤကာမဘုံ၌ 
ပရိနိဗ္ဗာန်ပြုကုန်၏၊။ ပုဂ္ဂိုလ်ငါးယောက်တို့ သည် ဤကာမဘုံကိုစွန့် ၍ ပရိနိဗ္ဗာန်ပြုကုန်၏။
အဘယ်ငါးယောက်တို့ အား ဤကာမဘုံ၌ ပရိနိဗ္ဇာန်ပြုကုန်သနည်း-----။
သတ္တက္ခတ္တုပရမသောတာပန်၊ ကောလံကောလသောတာပန်၊ ဧကဗီဇိ သောတာပန်၊ သကဒါဂါမ်၊
 မျက်မှောက်ဘဝ၌ပင် ရဟန္တာဖြစ်သောပုဂ္ဂိုလ်တို့ ပင်တည်း---။
ဤပုဂ္ဂိုလ်ငါးယောက်တို့ သည် ဤကာမဘုံ၌ပရိနိဗ္ဗာန်ပြုကုန်၏။
အဘယ်ငါးယောက်တို့ သည် ဤကာမဘုံကိုစွန့် ၍ ပရိနိဗ္ဗာန်ပြုကုန်သနည်း။
အန္တရာပရိနိဗ္ဗာယီအနာဂါမ်၊ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်၊ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်၊ သသင်္ခါရပရိနိဗ္ဗာယီ
အနာဂါမ်၊ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်တို့ တည်း။ ဤငါးယောက်တို့ သည် ဤကာမဘုံကိုစွန့် ၍ ပရိနိဗ္ဗာန်ပြု ကုန်၏။
ရဟန်းတို့  --ငါဘုရားအပေါ်၌ သက်ဝင်ယုံကြည်ကြသူဟူသမျှအားလုံးတို့ သည် အရိယာမဂ်အလျဉ်သို့ ရောက်
ကြသူတို့ တည်း။ ထိုအရိယမဂ်အလျဉ်သို့ ရောက်ကြသူတို့ တွင် ပုဂ္ဂိုလ်ငါးယောက်တို့ သည် ဤကာမဘုံ၌ ပရိနိဗ္ဗာန်ပြုကုန်၏၊။ ပုဂ္ဂိုလ်ငါးယောက်တို့ သည် ဤကာမဘုံကိုစွန့် ၍ ပရိနိဗ္ဗာန်ပြုကုန်၏။"
ဤသုတ္တန်နှင့်ပတ်သက်၍ ရှေးဦးမဆွပြောလိုသည်မှာ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ ဘာသာပြန်နှင့် ဆဋ္ဌသံဂါယနာမူအဂုင်္တ္တိုရ်မြန်မာပြန်၏ဘာသာပြန်ကွဲပြားပုံဖြစ်၏။
အဝေစ္စပသန္နသုတ္တန်လာ "သောတာပန္န"ပါဠိကို ယင်းသုတ္တန်အဖွင့်အဋ္ဌကထာတွင် "သောတာပန္နာ တိ အရိယမဂ္ဂသောတံ အာပန္နာ"ဟု အတိအကျအဓိပ္ပါယ်ဖွင့်၏။ "သောတာပန္နာ-ဟူသည် အရိယာမဂ်ရေစီးကြောင်းအလျဉ်သို့ ရောက်ပြီးသူတို့ တည်း
(ဟုဆိုလို၏) "ဟု မြန်မာပြန်ကိုသိလေ--။ ဤအဝေစ္စပသန္နသုတ္တန်အဋ္ဌကထာအာဘော်အတိုင်း ဆဋ္ဌသံဂါယနာမူ၊ အဂုင်္တ္တိုရ် အဝေစ္စပသန္နသုတ္တန်မြန်မာပြန်တွင်လည်း "အရိယာမဂ်အလျဉ်သို့  ရောက်ကြသူတို့ တည်း"ဟု ဘာသာပြန်သည်ကို သတိပြုပါ။ အရိယာပုဂ္ဂိုလ် ၄ မျိုးလုံးအကြောင်းဟောသော သုတ္တန်ဖြစ်သည့်အတွက် သောတာပန္နာ-ဟူသည်အရိယမဂ်အလျဉ်သို့ 
ရောက်သူတို့ တည်းဟူသော အဋ္ဌကထာ အဖွင့်မှာ အလွန်ပြည့်စုံကြောင်း လေ့လာတွေ့ ရှိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကား သူကိုးကားသောသုတ္တန်ပါဠိ၏ ဆိုလိုချက်၊ အဋ္ဌကထာအဖွင့်တို့ ကို ကြည့်ရှုသတိပြုမိဟန်မပေါ်၊ "သောတာပန္နာ-ပါဠိကိုတွေ့ ရင် သောတာပန်အရိယာကို ဆိုလိုတာပဲ"ဟု အတွေးပေါက်ကာ "ယေကေစိ ဘိက္ခဝေ မယိ အဝေစ္စပသန္နာ၊ သဗ္ဗေ တေ သောတာပန္နာ။ (အဂုင်္တ္တိုရ်၊ ၃၊ နှာ-၃၅၁) လို့ လဲ ဒေသနာတော်မှာ လာပါတယ်။ အကြင်သူတို့ သည် ငါဘုရား၌ မတုန်မလှုပ်သက်ဝင်ယုံကြည်ကြကုန်၏၊ထိုသူအားလုံးတို့ သည်
သောတာပန်တို့ သာတည်း လို့ အဓိပ္ပါယ်ရတယ် "---ဟုရှေ့ နောက်မဆင်ခြင်ဘဲ " အရမ်းဘာသာပြန်"သည်ကို တွေ့ ရ၏။
(အင်း--မန္တလေးစာသင်နည်း၊ ပခုက္ကစာသင်နည်းတွေ စုံလင်အောင်သင်ယူခဲ့ပေလို့ သာကိုး၊ မစုံခဲ့ရင် မတွေးဝံ့
တော့ဘူး--။ "ငါဘုရား၌မတုန်မလှုပ်သက်ဝင်ယုံကြည်ကြသူအားလုံးသည် စစ်ကိုင်းမြို့ ၊ သောတာပန်အရပ်သား
တို့  ဖြစ်ကြ၏"ဟု ဘာသာပြန်လေမလား မပြောတတ်ချေပြီ။)
၎။
အဂုင်္တ္တိုရ်ပါဠိတော်၊ ဒသကနိပါတ်၊ ယမကဝဂ်၊ အဝေစ္စပသန္နသုတ်လာ "သောတာပန္န"ပုဒ်မှာ သောတာပန်အရိ
ယာတမျိုးတည်းကို ဆိုလိုသည်မဟုတ်ကြောင်း၊ သရဏဂုံတည်လျှင် တရားအားထုတ်စရာမလိုဘဲ သောတာပန်
ဖြစ်သည်ဟုလည်းမဆိုကြောင်း၊ အရိယာပုဂ္ဂိုလ်အစားစားကို ကာမဘုံမှာ ပရိနိဗ္ဗာန်စံဝင်မည့်သူ၊ ကာမဘုံကို
စွန့် ၍ ပရိနိဗ္ဗာန်စံဝင်မည့်သူ ဟုခွဲခြားဟောပြတော်ခဲ့ကြောင်းကိုသာ  တွေ့ ခဲ့ရပေပြီ။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် သူ၏ကိုယ်ပိုင်အယူအဆဖြစ်သည့် "တရားအားမထုတ်ဘဲ 
သရဏဂုံတည်ရုံမျှဖြင့် မဂ်ကို ရစေနိုင်တယ်"စကားအတွက် အဝေစ္စပသန္နသုတ်ပါဠိတော်စကားကို ကိုးကားသော်လည်း ထိုပါဠိတော်က သူ၏အယူအဆအတွက်အထောက်အကူမဖြစ်၊ သူကိုယ်တိုင်ပင် သူကိုးကားသော ပါဠိ၏ဆိုလိုချက်ကို နားလည်ခဲ့ဟန်မတူကြောင်း တွေ့ ရှိရပါသည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် ပါဠိတော် ခေါ် ဗုဒ္ဓမြတ်စွာ၏စကားတော်ကို သက်သေသာဓက
အဖြစ် ကိုးကားပြသော်လည်း ဗုဒ္ဓဒေသနာအစစ်အမှန်အားထုတ်ဖော်ပြသသိစေရေးကို ပဓာနမထား၊ တောင်ပုလုအတွေး၊
 တောင်ပုလုအယူမှန်ကြောင်းပြသရေးအတွက် ပါဠိတော်ကိုသူ၏အသုံးချခံပစ္စည်းသက်သက်အဖြစ်သာ ယူငင်သုံးစွဲ
ခဲ့သည်ကို တွေ့ ရ၏။
၅။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယမထေရ်၏"သရဏဂုံတည်ရုံမျှဖြင့်တရားအားထုတ်စရာ
မလိုဘဲ မဂ်ကိုရစေနိုင်သည်၊ သောတာပန်ဖြစ်နိုင်သည်"ဟူသောအဆိုမှာ ဗုဒ္ဓစာပေ၏အဆိုမဟုတ်၊ ယင်းအဆို
နှင့်ပတ်သက်၍ ပါဠိတော်များကို အနက်အဓိပ္ပါယ်အကောက်တမျိုးဖြင့် လိုရာဆွဲကာ အလွဲသုံးစားပြုဟောပြော
နေခြင်းသာဖြစ်၏။ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမအစစ်အမှန်ကို ဖြန့် ဖြူးဟောပြသည်ဟုလည်း မဆိုနိုင်ပါချေ--။
အမရဒီပ
၎-၂ဝ-၂ဝ၁၂
Thursday, April 19, 2012
တောင်ပုလု၏သရဏဂုံအမှား- ၎
၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက သူ၏  "သရဏဂုံအကျိုးတရား" ဟောပြောချက်တွင်
 အောက်ပါအတိုင်း ဆက်လက်ဟောပြောထားပြန်သေး၏။
"လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့ ပဲ ရနိုင်တယ်။
 ပုံစံပြရရင် သူဆင်းရဲတယောက်ဟာ အင်မတန်မှ ဆင်းရဲလှတဲ့အတွက် လှည့်လည်ပြီး တောင်းစားနေရတယ်။
 အဲဒီလောက် ဆင်းရဲနေတဲ့အထဲမှာပင် နူနာရောဂါက စွဲကပ်နေရှာသေးတယ်။ အဲဒီတော့ တဖက်သားက
 သူ့ ကို  " အင်မတန်ဆင်းရဲတဲ့အတွက် သင့်မှာ တောင်းစားနေရတယ်၊ အဲဒီအပေါ်မှာ နူနာရောဂါကလည်း စွဲကပ်နေသေးတယ်၊ တသက်လုံးစားမကုန်အောင် ရွှေငွေရတနာတွေ သင့်ကို ပေးမယ်၊ သင့်အနာရောဂါလဲ ပျောက်ကင်းစေမယ်။ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူး လို့ ပြော" ။ 
အဲဒီလို ပြောတဲ့အခါမှာ ထိုသူက "သင်ပေးတဲ့ရွှေငွေဥစ္စာကိုလဲ ငါအလိုမရှိဘူး၊ ငါ့အနာရောဂါလဲ ပျောက်လိုကပျောက်၊
 မပျောက်လိုက နေပါစေ၊ ငါ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူး လို့ မပြောဝံ့ဘူး" လို့ ပြန်ပြောနိုင်စွမ်းတယ်။ အဲဒီလို လာဘ်ကိုစွန့် ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲ ရနိုင်တယ်။"      (ဓမ္မပဒဋ္ဌကထာ၊ နှာ-၃ဝ၂)
၂။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံအကျိုးတရားဟောပြောချက်တွင် ဓမ္မပဋ္ဌကထာ၊
 နှာ-၃ဝ၂ ဟု ကျမ်းညွှန်းထား၏။ ဓမ္မပဒဋ္ဌကထာသည် ဆဋ္ဌသံဂါယနာတင် ပုံနှိပ်မူအားဖြင့် ၂ အုပ်ရှိ၏။
ဟောပြောသူ ကိုးကားပြောဆိုသော ဇာတ်လမ်းကို ဆဋ္ဌမူ၊ ဓမ္မပဒဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ ၃ဝ၂ မှာ တွေ့ 
ရသည့်အအတွက် (ဓမ္မပဒဋ္ဌကထာ၊၁၊ ၃ဝ၂။) ဟု ဖြည့်စွက်မှ ပြည့်စုံပေမည်။
၃။
ဆဋ္ဌမူ၊ ဓမ္မပဒဋ္ဌကထာ၊ ၁၊ ဗာလဝဂ်၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုလာ ဇာတ်လမ်းမှာ ဤသို့ ဖြစ်ပါ၏။
သုပ္ပဗုဒ္ဓအမည်ရှိကိုယ်ရေပြားရောဂါသည်တယောက်သည်တရားနာပရိသတ်အစွန်ခပ်လှမ်းလှမ်းမှနေ၍ မြတ်စွာဘုရား၏
တရားတော်ကို နာယူခွင့် ရပြီး သောတာပန်အရိယာဖြစ်လေ၏။ မိမိတရားထူးတရားမြတ်ရကြောင်း  ဝမ်းသာအားရ
လျှောက်ထားလိုလှသော်လည်း လူရာသွင်းခံရသူမဟုတ်သောကြောင့် ဘုရားရှင်နှင့် စကားပြောဆိုခွင့်မရခဲ့ချေ--။
ထို့ ကြောင့် ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတော်သို့ သွား၍ လျှောက်ထားမည်ဟု ကြံစည်ကာ
 ဝေဠုဝန်ကျောင်းတော်သို့ သွားလေ၏။
 လမ်းခရီးတွင် သိကြားမင်းက ကိုယ်ထင်ပြပြီး ဘုရား၊ တရား၊ သံဃာကို ဘုရားမဟုတ်၊တရားမဟုတ်၊ သံဃာမဟုတ်
ဟု ပြောဆိုပါက သုံးစွဲမကုန်သော ပစ္စည်းဥစ္စာကို ပေးပါမည်ဟု ဖျားယောင်းသွေးဆောင်လေ၏။ 
(ဤသည်မှာလည်း သိကြားမင်းက သုပ္ပဗုဒ္ဓ၏သောတာပန်ဂုဏ်ရည်ကို ထင်ရှားစေလို၍ ပြောဆိုခြင်းဖြစ်သည်။)
သုပ္ပဗုဒ္ဓကသိကြားမင်း၏ကမ်းလှမ်းချက်ကိုလက်မခံ၊ ဝေဠုဝန်ကျောင်းတော်သို့ အရောက်သွားကာ သောတာပတ္တိမဂ်
တရားထူးရရှိပုံကို မြတ်စွာဘုရာအား လျှောက်ထားလေ၏။ ဝေဠုဝန်ကျောင်းတော်မှအပြန် လမ်းခရီးတွင်
 နွားမအဝှေ့ ခံရသောကြောင့် သုပ္ပဗုဒ္ဓသောတာပန် သေဆုံးလေ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်နှင့် ဓမ္မပဒဋ္ဌကထာလာ သုပ္ပဗုဒ္ဓဝတ္ထု၏ ဆိုလိုရင်းမှာ ဆန့် ကျင်ဘက်ဖြစ်နေသည်ကို တွေ့ ရ၏။
(က) လာဘ်ကိုစွန့် လွှတ်ပြီး ယုံကြည်သူဟာ တရားအားမထုတ်ဘဲ တရားထူးရနိုင်တယ် (တောင်ပုလုအဆို)
(ခ) တရားထူးရပြီးသူဟာ လာဘ်ကိုသာ စွန့် လွှတ်မယ်၊ ယုံကြည်မှုကို မစွန့် လွှတ်ဘူး (ဓမ္မပဒဋ္ဌကထာအဆို)
သို့ သော် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက "လာဘ်ကို စွန့် ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့  ရနိုင်တယ်"ဟု ဓမ္မပဒဋ္ဌကထာလာ အကြောင်းအရာကို ကိုးကားပြီး တောင်ပုလုမူ၊တောင်ပုလုဟန် သရဏဂုံအဆိုအမိန့် တရပ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး မိန့် ဆိုထားလေ၏။ ရဲတင်းလွန်းပေစွ---။
၅။
ဓမ္မပဒဋ္ဌကထာ (ဥဒါန်းပါဠိတော်၊ ၁၃၄၊ ယင်းမြန်မာပြန်၊ ၁၂၁၊ သဂါထာဝဂ္ဂသံယုတ်၊ သက္ကသံယုတ်၊ ဒလိဒ္ဒသုတ်) ၏ဆိုလိုရင်းမှာ အရိယာ (အနိမ့်ဆုံး သောတာပန်) ဖြစ်ပြီးပါက ဥစ္စာဓန၊ အသက်စည်းစိမ်၊ ရာထူးအာဏာစသော ဆွဲဆောင်စည်းရုံးမှု၊ ခြိမ်းခြောက်မှုများနှင့် တွေ့ ကြုံရသော်လည်း စစ်မှန်သော ဘုရား၊တရား၊သံဃာကို ဘုရားအစစ်မဟုတ်ဘူး၊ တရားအစစ်မဟုတ်ဘူး၊ သံဃာအစစ်မဟုတ်ဘူးဟု မပြောတော့ပြီ--။ ဘာသာရေး
နှင့်ပတ်သက်၍ စိတ်လိုတမျိုး၊ မလိုတမျိုးမဖြစ်တော့ပြီ။ "မုန့် ပေးတဲ့ဘုန်းကြီး စာပိုတတ်တယ်" မပြောတော့ပြီ ဟု ဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယပြောသော "လာဘ်ကိုစွန့် ပြီးတော့ယုံကြည်ခြင်းငှါစွမ်းနိုင်
လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့ ရနိုင်တယ်"ဟူသော အဓိပ္ပါယ်မျိုး သက်ဆိုင်ရာ ပါဠိ၊ အဋ္ဌကထာ၊ဋီကာ
တို့ မှာ လုံးဝမပါရှိပေ---။
ထို့ ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏သုပ္ပဗုဒ္ဓဇာတ်လမ်းကိုသက်သေပြုသောကိုးကားပြော
ဟောချက်မှာသက်ဆိုင်ရာပိဋကတ်စာပေများနှင့်မညီညွတ်သောအလွဲအမှားဟောပြောချက်ဖြစ်သည်ကို လေ့လာတွေ့ ရှိရ၏။
အမရဒီပ
၎-၁၉-၂ဝ၁၂
Wednesday, April 18, 2012
တောင်ပုလု၏သရဏဂုံအမှား- ၃
၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက "တရားကို အထူးအားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့်  အရိယာဖြစ်နိုင်ကြောင်း"သက်သေသာဓကအဖြစ် ဇာတ်လမ်းတပုဒ်ထုတ်ပြဟောပြလေ၏။ 
            "သာဓကကိုထုတ်ဆောင်ရရင်--- ဘုရားရှင်လက်ထက်တော်က ဘုရားရှင်၏ဆွေတော်မျိုးတော်ထဲမှ တယောက်သောသူဟာ သရဏဂုံတည်တဲ့အတွက် သူ့ ကို သရဏဥပါသကာလို့ ခေါ်ကြသတဲ့---။
            အဲဒီသရဏဥပါသကာဆိုတာ သေအရက်ကို အင်မတန်သောက်တဲ့သူပဲ။ သောက်ဆို သေကာနီးဆဲဆဲတိုင်အောင်
သောက်တယ်။ အဲဒီသရဏဥပါသကာ သေသွားတော့ ဘုရားရှင်က နတ်ပြည်ကိုရောက်တယ်လို့  ဟောတော်မူတယ်။ အဲဒီတော့ ဘုရားရှင်၏ဆွေတော်မျိုးတော်တွေက ဘုရားရှင်က ကဲ့ရဲ့ပြစ်တင်ကြတယ်။ ဘယ်လိုကဲ့ရဲ့ပြစ်တင်ကြတုန်းဆိုတော့ "ဒီသေသောက်ကြူးဟာ လူမှန်းသူမှန်းသိကတည်းက သေသည်အထိသေအရက်ကို မပြတ်သောက်လာတာပဲ။ နတ်ပြည်ကိုရောက်တယ်ဆိုတာ ဒို့ တော့  မယုံဘူး"လို့ သူတို့ စုမိတိုင်းစည်းဝေးမိတိုင်း ပြောကြဆိုကြအပြစ်တင်ကြတယ်။
            ဒါနဲ့   မဟာနာမ်မင်းကကြားတော့ဘုရားရှင်ထံသွားပြီး"အရှင်ဘုရားအရှင်ဘုရားရဲ့ဆွေတော်မျိုးတော်
တွေက အရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်နေကြပါတယ်"လို့  လျှောက်ထားတယ်။
            ဘုရားရှင်က "ဘာကြောင့်တုံး"လို့ မေးတော်မူတော့ မဟာနာမ်မင်းက "ဒီသေသောက်ကြူးဟာ လူမှန်းသူမှန်း
သိတဲ့အခါကစပြီး သေခါနီးဆဲဆဲတိုင်အောင် သေအရက်ကိုသောက်လာခဲ့တယ်။ သူသေတော့ နတ်ပြည်ရောက်
တယ်လို့ အရှင်ဘုရားပြောတာကို ဘယ်သူမှမယုံကြဘူးဘုရား"လို့ လျှောက်ထားတယ်။
            ဒီတော့ ဘုရားရှင်က "အေး--သေတာနဲ့ တပြိုင်နက် သူဟာ သောတာပန်ဖြစ်သွားတယ်။ နတ်ပြည်ကို ရောက်သွားတယ်။ သေရည်သေရက်သောက်တဲ့အကုသိုလ်ကံဟာ သူ့ ကို မတားမြစ်နိုင်ဘူး။
            ဘာကြောင့်တုံးဆိုတော့ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးရဲ့ဂုဏ်တော်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲပဲ ရတနာသုံးပါးကို အသက်စွန့် ၍ ယုံကြည်ခြင်းငှါ စွမ်းနိုင်တဲ့ အဝေစ္စပသာဒဟုဆိုအပ်တဲ့  သဒ္ဓါတရားထားရှိတာကတကြောင်း၊ ဒီအကြောင်းများကြောင့် သေရည်သေရက်
သောက်တဲ့အကုသိုလ်ကံဟာ သူ့ ကို မတားမြစ်နိုင်ဘူး" လို့  မိန့် ကြားတယ်"
၂။
သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ သောတာပတ္တိသံယုတ်ပါဠိတော်တွင် ပဌမသရဏာနိသက္ကသုတ္တန်၊ ဒုတိယသရဏာနိသက္ကသုတ္တန်ဟု သရဏာနိသက္ကသုတ္တန် ၂ ရပ်လာသည်ကို တွေ့ ရ၏။ ယင်းသုတ္တန်တို့ တွင်
"သရဏာနိ သက္ကော "ဟူသော ပါဠိကို တွေ့ ရ၏။ သုတ္တန်လာပဓာနဇာတ်ဆောင်၏အမည်မှာ "သရဏာနိ" ဖြစ်၏။ သာကီဝင်မင်းမျိုးမင်းနွယ်ဖြစ်သောကြောင့် "သက္က"ဟု ထပ်ဖြည့်ပုဒ်လိုက်ထား၏။ သရဏာနိ-ဟု အမည်တူရှိကလည်း သက္က-ပုဒ်ဖြင့် ခွဲခြားနိုင်ပေလိမ့်မည်။ ထို့ ကြောင့် ဆဋ္ဌသံဂါယနာမူမဟာဝဂ္ဂသံယုတ်မြန်မာပြန်၊ 
သရဏာနိသက္ကသုတ္တန်များ -စာမျက်နှာ ၃၂၉၊ ၃၃၁ တွင် "သရဏာနိသာကီဝင်"ဟု အတိအကျဘာသာပြန်ဆိုထားသည်။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယပြောသလို "သရဏ"မဟုတ်ချေ--။ သရဏဂုံတည်သော
ကြောင့် "သရဏ"မည်၏ဆိုခြင်းမှာလည်း ဟောပြောသူ၏ အတွေးအကြံ၊ ယူဆချက်မျှသာ ဖြစ်၏။ သက်ဆိုင်ရာ ထေရဝါဒပိဋကတ်စာပေများတွင် "သရဏာနိ"ခေါ်တွင်ရခြင်း၏အကြောင်းပြချက်မရှိပါချေ--။
၃။
သရဏာနိ သာကီဝင်၏ဆန့် ကျင်ဘက်စရိုက်သဘော ၂ မျိုးကို ပါဠိတော်၌ "သရဏာနိ သက္ကော သိက္ခာဒုဗ္ဗလျ မာပါဒိ၊ မဇ္ဇပါနံ အပါယိ= သရဏာနိ သာကီဝင်သည် အကျင့်သီလပိုင်း၌ အားနည်း၏၊ သေရည်သေရက်ကို သောက်လေ့ရှိ၏"ဟု သရုပ်ဖော်ထား၏။ အမှောင်စရိုက်ဖြစ်၏။
အခြားတဖက်တွင် "သရဏာနိ,မဟာနာမ, သက္ကော ဒီဃရတ္တံ ဥပါသကော ဗုဒ္ဓံ သရဏံဂတော၊ ဓမ္မံ သရဏံ ဂတော၊ သံဃံ သရဏံ ဂတော= မဟာနာမ်, သရဏာနိ သာကီဝင်သည်ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏"ဟု ရတနာ ၃ ပါးအပေါ် ကြည်ညိုလေးစားတတ်ပုံကိုလည်း သရုပ်ဖော်ထား၏။ အလင်းစရိုက်ဖြစ်၏။ 
သရဏာနိသာကီဝင်သည် သေဆုံးခါနီး တရားနှလုံးသွင်းအားထုတ်၍ သောတာပန်အရိယာအဆင့်သို့ ဆိုက်ရောက်ကြောင်း 
" သရဏာနိ,မဟာနာမ, သက္ကော မရဏကာလေ သိက္ခာယ ပရိပူရကာရီ=  မဟာနာမ်,သရဏာနိ သာကီဝင်သည် သေခါနီး၌ အကျင့်သိက္ခာကို ဆောက်တည်ပြီးသူဖြစ်၏"ဟု သရဏာနိသက္ကသုတ္တန်တို့  ဆိုကြ၏။
မည်သူဟောအပ်သော မည်သည့်တရားကို ကြားနာရသောကြောင့် သောတာပန်ဖြစ်ကြောင်း ပါဠိအဋ္ဌကထာဋီကာတို့  တိတိကျကျပြဆိုခြင်းမရှိချေ---။
၎။
တင်ပြရှင်းလင်းခဲ့ပြီးသည့်အတိုင်း သရဏာနိသာကီဝင်သည် လှေနံနှစ်ဘက်နင်းသူပမာ တဘက်က အရက်ကြိုက်၏။ တဘက်က ဘုရား တရားသံဃာကြည်ညို၏။ အရက်သမားသောတာပန်ဖြစ်သည်ကို ဆွေမျိုးများက အယုံအကြည်မရှိကြချေ--။
လူတို့ ၏ သာမန်သီလပျက်စီးမှုသည် မဂ်တားဖိုလ်တားဖြစ်ရလောက်အောင် အန္တရာယ်မကြီးမားကြောင်း အရက်မူးသော သန္တတိအမတ်ကြီး ရဟန္တာဖြစ်မှု၊ တံငါသည်အရိယ သောတာပန်ဖြစ်မှု၊ တရားပွဲမှာ တရားနာသူများထံမှ ခါးပိုက်နှိုက်သောသူခိုး သောတာပန်ဖြစ်မှုဖြစ်ရပ်များကို ထောက်ဆကာ သိနိုင်ပေသည်။ထို့ အတူ သရဏာနိသာကီဝင် အရက်ကြိုက်တတ်ခြင်းသည်လည်း မဂ်တားဖိုလ်တားဖြစ်နိုင်စရာ အန္တရာယ်မရှိပါချေ--။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက သရဏာနိသာကီဝင် သောတာပန်ဖြစ်၊နတ်ပြည်ရောက်သွား
သည်နှင့်ပတ်သက်၍ (၁) ရတနာ ၃ ပါး၏ဂုဏ်ကျေးဇူးကြီးမားသောကြောင့်လည်းကောင်း၊ (၂) သရဏာနိ သာကီဝင်က
 ရတနာ ၃ ပါးကို မတုန်မလှုပ်ကြည်ညိုသော (အဝေစ္စပသာဒသဒ္ဓါ)ကြောင့်လည်းကောင်း အရက်သောက်သည့်အကုသိုလ်ကံကို တားမြစ်နိုင်သည်ဟု ဗုဒ္ဓရှင်တော်ကိုယ်တော်တိုင်က ပြောခဲ့လေဟန် အကြောင်းပြထား၏။ 
ယင်းဟောပြောချက်အကြောင်းအရာ သရဏာနိသက္ကသုတ် ၂ ခုလုံးတွင် ပါဝင်သည်ကို မတွေ့ ရပါ--။
ရတနာ ၃ပါး၏ဂုဏ်တော်ကြီးမားသောကြောင့် အရက်သောက်သည့်အကုသိုလ်ကံကို တားမြစ်နိုင်သည်ဟု ဆိုခြင်းကား မူရင်းသုတ္တန်အဆိုတွင်မပါဝင်ဘဲ ဆန့် ကျင်ဘက်ဖြစ်နေ၏။ အရက်သောက်ချင်သလောက်သောက် ရတနာ ၃ ပါးကို 
ကြည်ညိုရင် ရတနာ ၃ ပါးဂုဏ်စွမ်းအားတို့ ကထိုသူ့ ကို ကယ်တင်လိမ့်မည်ဟူသော အဓိပ္ပါယ်ကို ဆောင်နေ၏။
အလွန်အကျွံ ချီးမွမ်းခန်းဖွင့်လွန်း၏။ ထေရဝါဒပိဋကတ်စာပေနှင့်မညီသည့်အတွက် မှန်ကန်သော အကြောင်းပြ
ချက်ဖြစ်မလာဘဲ စည်းလွတ်ဘောင်လွတ်စကားသာ ဖြစ်နေပါ၏
အချုပ်အားဖြင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်သရဏဂုံတည်ခြင်းအကျိုးတရားကို
 ဟောသည်ဆိုသော်လည်း ဘုရားရှင်မဟောပြောသည်ကို ဘုရားရှင်ဟောပြောသည်ဟု စကားခံကာ သူပြောချင်သော သူ့ အယူအဆကို "ကျမ်းဂန်လွတ်" ပြောဟောခဲ့ခြင်းမျှသာဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါ၏။ 
သရဏဂုံနှင့် ပတ်သက်ရင် ပိဋကတ် ၃ ပုံအောင် ဓမ္မကထိကဆရာတော်တပါးထက်ပင် စုံလင်အောင်
 ဟောပြနိုင်ခဲ့သည်ဟူသောအချက်မှာလည်း "အမှန်စကားလား"၊ "အကြွားစကားလား" သံသယဖြစ်ဖွယ်ပင်--။
 အမရဒီပ
၎-၁၈-၂ဝ၁၂
Monday, April 16, 2012
တောင်ပုလု၏သရဏဂုံအမှား- ၂
၁။
တောင်ပုလု၏သရဏဂုံအမှား- ၁ ဆောင်းပါးတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် 
ဓမ္မပဒပါဠိတော်ကို အလွဲသုံးစားပြု ကိုးကားကာ ယင်း၏ကိုယ်ပိုင်အယူအဆဖြစ်သည့် " တရားကို အထူး
အားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"  ဟူသောထေရဝါဒဗုဒ္ဓဘာသာစာပေနှင့်မဆီလျော်
သော ဟောပြောမှုကို ပြုလုပ်ခဲ့ကြောင်း ရေးသားခဲ့၏။
စာဖတ်သူများအနေဖြင့် "တရားဟောတာပဲ၊ စာရေးတာမဟုတ်ဘူးလေ။ ဒီတော့ အမှားအယွင်းဆိုတာ မတော်
တဆ ပါသွားနိုင်တယ်၊ အဲဒါ ကိုယ်ချင်းစာကြည့်ပြီး ဒီအမှားလေးတခုကို ရေးကြီးခွင်ကျယ်မလုပ်သင့်ပါဘူး" ဟု ပြောနိုင်ပါ၏။ ပြောမည်ဟုလည်း မျှော်လင့်ပါ၏။
"တရားကိုအထူးအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကိုရစေနိုင်တယ်"ဟူသော စကားတခွန်း (သို့ မဟုတ်) အယူအဆတခုကို ဟောပြောသူအနေဖြင့် မတော်တဆပြောမိဟောမိခြင်းမဟုတ်ကြောင်း သက်သေပြလိုပါ၏။ အမှားအသေးစားတခုလည်းမဟုတ်ကြောင်း ပြောလိုပါ၏။ 
၂။
"သရဏဂုံတည်ခြင်းအကျိုးတရား"အမည်ပေးထားသည့် ဟောပြောချက်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာ
တော်အရှင်နန္ဒိယက ဖော်ပြပါအတိုင်း ပြောဟောပြန်၏။
"လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"
"ဒွေမာ ဘိက္ခဝေ ဒုပ္ပဇဟာ၊ ကတမာ ဒွေ၊ လာဘာသာ စ ဇီဝိတာသာ စ၊ ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာ ဒုပ္ပဇဟာ။ 
(အဂုင်္တ္တိုရ်၊ ၁၊ နှာ- ၈၆)
အဓိပ္ပါယ်ကတော့---မိမိ၏အသက်၌ကပ်ငြိတွယ်တာသာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်၊ လာဘ်၌ကပ်ငြိ
တွယ်တာ သာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်။ ဒီလိုစွန့် နိုင်ခဲတဲ့ အကြောင်းတရား နှစ်ပါးတို့ တွင် တပါးပါးကို
စွန့် ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင် တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"
အထက်ပါဟောပြောချက်ကိုကြည့်ခြင်းဖြင့် မတော်တဆ "လျှာခလုတ်တိုက်"ပြောမိဟောမိသော စကား
မဟုတ်ကြောင်း သိသာပေပြီ။
၃။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ ကိုးကားသော အဂုင်္တ္တရနိကာယ်လာပါဠိတော်၏မြန်မာပြန်
မှာ ဖော်ပြပါအတိုင်းဖြစ်၏။
"ရဟန်းတို့ --- စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်း"အာသာ"တို့ သည် ဤနှစ်မျိုးတို့ တည်း။ အဘယ်နှစ်မျိုးတို့ နည်း
ဟူမူ--- လာဘ်ကိုတပ်မက်ခြင်း "အာသာ"၄င်း၊ အသက်ကိုတပ်မက်ခြင်း"အာသာ"၄င်းတို့ တည်း။ ရဟန်းတို့ --
စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း။"
(အဂုင်္တ္တိုရ်ပါဠိတော်မြန်မာပြန်၊ ၁၊ ၃၉။)
အဂုင်္တ္တရနိကာယ်၊ အာသာဒုပ္ပဇဟဝဂ်လာ ဘုရားရှင်၏စကားတော်ကို ကိုးကားသော ဟောပြောချက်၏ မူရင်းဆိုလိုချက်မှာ  သတ္တဝါတို့ သည် (၁) မိမိအသက်ကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်။ (၂) လာဘ်လာဘကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်ဟုသာ ပြောလိုရင်းဖြစ်၏။
အသက်၌တပ်မက်မှု၊ လာဘ်လာဘ၌တပ်မက်မှုစိတ်တို့ ကို စွန့် လွှတ်ပြီး ရတနာသုံးပါး ကို ကိုးကွယ်ပါက 
တရားအားမထုတ်ရဘဲ အရိယမဂ်ဖိုလ်ကို ရစေနိုင်ကြောင်း မူရင်းပါဠိတော်နှင့် တကွ အဋ္ဌကထာ၊ ဋီကာကျမ်းတို့ 
တွင် မိန့် ဆိုထားခြင်းလုံးဝမရှိပေ--။
ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မပဒပါဠိတော်နှင့် အဂုင်္တ္တရပါဠိတော်များကို "ဟန်ရေးပြ"လျက် တရားကို အထူးအားမထုတ်ရဘဲ (သို့ မဟုတ်) တရားကို အားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရစေနိုင်သည်ဟူ သော အယူအဆမှာ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက ဘုရားရှင်၏စကားတော်ကို ဖျက်ဆီးမှုသာဖြစ်၏။ ဘုရားမဟောသည်ကို ဟောသည်ဟု ဘုရားရှင်အပေါ် စွပ်စွဲချက်ဖြစ်၏။ အာဘော်လွန်ဟောပြောချက်ဖြစ်၏။ အသင့်ယုတ္တိကင်းမဲ့သော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယတို့ လို ဂုဏ်ကြီးရှင်ဆရာတော်များရှောင်ရှားသင့်သော အပြုအမူဖြစ်၏။
၎။
ထိုမျှမကသေးပါ---။ "တရားအားထုတ်စရာမလို၊ တရားနာရုံမျှနှင့် အရိယာဖြစ်နိုင်သည်"ဟုလည်းကောင်း၊ "နာ(တရားနာ)စရာမလို၊ သိရင် အရိယာဖြစ်ပြီ"ဟုလည်းကောင်း အယူအဆမှားများ တချိန်က ပေါ်ပေါက်ဖူး၏။
ယခုလည်း တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကလည်း "တရားအားထုတ်စရာမလို၊ သရဏဂုံတည်ရုံနှင့်အရိယာဖြစ်ပြီ"ဟုထွင်လိုက်ပြန်ပြီ။စင်စစ်အားဖြင့်တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်သည်  ပဋိပတ္တိသာသနာကိုကွယ်ပျောက်အောင်၊ ပျက်စီးအောင် အားပေးအားမြှောက်
ပြုသော စကားဖြစ်၏။ အယူအဆမှား (အဓမ္မဝါဒ၊ မိစ္ဆာဝါဒ)များ ပေါ်ထွက်စေရန် လမ်းခင်းပေးသော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကိုယ်တိုင်က အယူမှားကိုလက်ခံယုံကြည်နေပြီးချဉ်းကပ်
လာသူတပည့်အပေါင်းကို ဟောပြော၊စာအုပ်အဖြစ်ထုတ်ဝေနေသည့်အတွက် သာသနာတော်အတွက် အလွန်
အန္တရာယ်ရှိသော လုပ်ရပ်လည်းဖြစ်၏။
မြတ်စွာဘုရားရှင်က ဤသို့ ဆုံးမဟောကြားတော်မူထား၏။
"ဒွေ မေ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ။ ကတမေ ဒွေ။ ပရတော စ ဃောသော၊ အယောနိသော စ မနသိကာရော။ ဣမေ ခေါ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယာတိ။ "
(အဂုင်္တ္တရနိကာယ်၊ ဒုကနိပါတ်၊ အာသာဒုပ္ပဇဟဝဂ်)
"ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့ သည် ဤ နှစ်မျိုးတို့ တည်း---။ အဘယ်နှစ်မျိုးတို့ နည်းဟူမူ--
တပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၎င်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၎င်း တို့ တည်း။ ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန်အကြောင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း (ဟု မိန့် တော်မူ၏။)
(အဂုင်္တ္တရနိကာယ်မြန်မာပြန်၊ ၁၊ ၁ဝ၂။)
"ပရတောဃောသ"ခေါ် သူတပါးအထံမှ တရားအစစ်အမှန်ကို ကြားနာရသူသည် အရိယာမဂ်ဉာဏ်ဆိုက်ရောက်
နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။ တရားအတုအယောင်ကြားနာရသူကား မိစ္ဆာဒိဋ္ဌိဖြစ်နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။
အမှန်အားဖြင့် တရားဟောသူသည် ဟောရုံနှင့်မပြီးသေး၊ စစ်မှန်သောတရားဖြစ်အောင် ကြိုးစားသင့်၏။
တရားနာယူသူသည် နာကြားရုံနှင့်မပြီးသေး၊ အစစ်အမှန်တရားကို နာယူတတ်အောင် ကြိုးစားသင့်ပါ၏။
ဟောသူ၊ နာသူတို့  ဟောရုံနာရုံလောက်နှင့် ရပ်တန့် ကျေနပ်နေကြလျှင် မိစ္ဆာဒိဋ္ဌိ (အယူမှား) ဖို့  အကြောင်း ဖန်လာတတ်လေသည်။
ယခုအချိန်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံအမှားကို အမွေဆက်ခံကာ "ဘုရားဘယ်လိုဟောဟောဂရုမစိုက်၊ငါ့ဆရာဟောတဲ့အတိုင်းသရဏဂုံတရားဟောသည်"ဟူသော နောက်လိုက်တပည့်
တဦးကြောင့် သရဏဂုံအမှားသည် ကွယ်ပျောက်မသွားဘဲ ဗုဒ္ဓ၏တရားတော်ကို ယုံကြည်လိုက်နာသူတို့ အား လမ်းမှားရောက်အောင် တွန်းပေးနေသည့် "ငှက်ဆိုးထိုးသံ"အဖြစ် ပေါ်ထွက်နေပြီ ဖြစ်ကြောင်း သတိပေးပါ၏။ 
အမရဒီပ
၎-၁၆-၂ဝ၁၂
Sunday, April 15, 2012
တောင်ပုလု၏ သရဏဂုံအမှား- ၁
၁။
လူ့ ယဉ်ကျေးမှုအရ သွားလေသူတို့ ၏ချွတ်ယွင်းချက်၊ အားနည်းချက်ကိုပြောဆိုခြင်းသည် နိုင်ငံကြီးသား လူယဉ်ကျေးများ၊ သူတော်ကောင်းများ၏အပြုအမူမဟုတ်မှန်း ကောင်းစွာနားလည်သဘောပေါက်ပါ၏။ကွယ်လွန်သူခေတ်စမ်းစာပေကဝိကြီး
တဦးဖြစ်သူသိပ္ပံမောင်ဝကို ကဗျာဘာသာပြန်နှင့်အင်္ဂလိပ်စာပြဆရာမောင်သာနိုးက ဝေဖန်စာရေးသောဖြစ်ရပ် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့် က မြန်မာစာပေလောကတွင် ဖြစ်ပေါ်ခဲ့ပါ၏။သိပ္ပံမောင်ဝနှင့်ပတ်သက်၍ မောင်သာနိုးဝေဖန်သောအကြောင်းအရာ အသေးစိတ်ကို မမှတ်မိတော့ပြီ။ ပတ်ဝန်းကျင်ကမူ မောင်သာနိုး၏ ဝေဖန်ရေးနှင့်စပ်လျဉ်း၍ -----
"ကွယ်လွန်သူ၏သင်္ချိုင်းမြေပုံပေါ်တွင်တံတွေးထွေး၊ဖနောင့်ပေါက်ပြီး သေသွားသူကို မောင်သာနိုးစိန်ခေါ်နေတယ်၊
 မောင်သာနိုးအတော်သတ္တိကောင်းတာပဲ"------ဟုဝိုင်းဝန်းသြဘာပေးကြ၏။
ဤဖြစ်စဉ်အရကွယ်လွန်လေပြီးသူတို့ အပေါ် ဝေဖန်ရေးလုပ်ခြင်းကားနားလည်သိမြင်နိုင်စွမ်းရှိမှုအပေါ်အခြေခံ၍ 
အကောင်းဘက်သို့ လည်းကောင်း၊ အဆိုးဘက်သို့ လည်းကောင်း ဦးတည်နိုင်ပေသည်။
၂။
မြန်မာနိုင်ငံ၊ ဗုဒ္ဓသာသနာသမိုင်းတွင် လူသေလူဖြစ်ဝါဒဆရာကြီး အရှင်ဥက္ကဋ္ဌသည် ယင်း၏အယူအဆကြောင့် အလွန်ထင်ရှားသော ဇာတ်ဆောင်ဖြစ်၏။ အရှင်ဥက္ကဋ္ဌကား "လူသေရင်လူဖြစ်တယ်"အပါအဝင်အခြားသော သာသနာနှင့်မဆီလျော်သော အယူဝါဒကို တီထွင်ဖန်တီးဟောပြောရေးသားမှုကြောင့် မြန်မာနိုင်ငံသံဃာထု၏ ဝိုင်းကြဉ်ခြင်းခံခဲ့ရ၏။ အရှင်ဥက္ကဋ္ဌကွယ်လွန်ပြီးနောက်တွင်လည်းလူသေလူဖြစ်ဝါဒသည်အရှိန်အဟုန်ကောင်းမြဲ ကောင်းဆဲပင်ဖြစ်၏။
ဆက်လက်ရှင်သန်၏။ အဘယ်ကြောင့်ဆိုသော် အရှင်ဥက္ကဋ္ဌ၏နောက်လိုက်တပည့်များက "မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အရှင်ဥက္ကဋ္ဌဝါဒမှန်ရင် လက်ခံတယ်"ဟုအတိအလင်း လူသိထင်ရှားပြောဆိုပြီး အမွေဆက်ခံခဲ့ကြသောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာလောကတွင် "လူသေလူဖြစ်အုပ်စု"ဟု တစင်ထောင်ကြ၏။ အကျိုးဆက်အားဖြင့် လူသေလူဖြစ်ဝါဒီတို့ သည် ဝါဒရေးရာအရ သက်ဆိုင်ရာ၏ အပြီးသတ်ချေမှုန်းခြင်းခံလိုက်ရ၏။
စာရေးသူဆိုလိုသည်မှာ ကွယ်လွန်ပြီးသူတို့ ၏အယူဝါဒအမှားများသည် ထိုသူတို့ ၏ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်ခြင်း၊မြေမြုပ်ခြင်းနှင့်အတူ ပျောက်ကွယ်သွားလေလျှင်ကား ထိုဝါဒမှားများအတွက် အချိန်ကုန်၊ လူပင်ပန်းခံကာ ပြောဆိုဆွေးနွေးရန် လိုအပ်သည်ဟု မယူဆပေ။ သို့ သော် ထိုထိုဆရာတို့ ၏ အယူအဆမှား၊
အရေးအသားမှား၊အပြောအဆိုမှားများကိုသက်ဆိုင်ရာ နောက်လိုက်အသီးသီးကဆက်လက်တည်တံ့အောင်၊
တွင်ကျယ်ပြန့် ပွားအောင် ဆောင်ရွက်နေလျှင်ကားပုဂ္ဂိုလ်ရေးထိုးနှက်ချက်မပါဘဲအယူအဆသက်သက်ကို
 ဝေဖန်ဆန်းစစ်ပိုင်ခွင့်ရှိသည်။ ဝေဖန်ဆန်းစစ်ပြီး ထေရဝါဒဗုဒ္ဓစာပေနှင့်မှတ်ကျောက်တင်သောသမိုင်းဝင်ဖြစ်ရပ်
များလည်းရှိခဲ့ဖူးသည်ဟူသောအချက်ပင်ဖြစ်၏။ဤသည်ပင်လျှင် ဆောင်းပါးရေးသားရခြင်း၏ အကြောင်းပြ
နိဒါန်းစကားပင်ဖြစ်ပါ၏။
၃။
မိတ္ထီလာဝမ်းတွင်းနယ် တဲစုရွာဇာတိ ရဟန်းတော်အရှင်နန္ဒိယသည် အရညဝါသီတောမှီရဟန်းတပါးဖြစ်၏။ ဓုတင်ဆောင်ပြီးဝိပဿနာတရားကျင့်သူဖြစ်၏။ တောင်ပုလုဆည်အနီး သီတင်းသုံးရာ "တောင်ပုလုဆရာတော်"
ဟုလူသိများ၏။ တောင်ပုလုတောင်ထိပ်တွင် "ကမ္ဘာအေးစေတီ"တည်သောကြောင့် "တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်" ဟု ယခုအခါ ခေါ်၏။
ဗိုလ်ချုပ်ကြီးနေဝင်း၏တော်လှန်ရေးအစိုးရ (ခေါ်) စစ်တပ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင် အမေရိကန်
နိုင်ငံသို့  ကြွရောက်ကာ သာသနာပြုတရားများလှည့်လည်ဟောပြောခဲ့ကြောင်းသိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် "သရဏဂုံအကျိုးတရား"ကို ဟောပြောရာတွင် အလွန်ထူးချွန်ကြောင်း တောင်ပုလုတပည့်များက အောက်ဖော်ပြပါ ဖြစ်ရပ်ဖြင့် ပြောလေ့ရှိကြ၏။
အလှုပွဲအခမ်းအနားတခုတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်နှင့် မင်းကွန်းတိပိဋကဆရာတော်တို့ ဆုံမိ
ကြရာ မင်းကွန်းဆရာတော်က တောင်ပုလုဆရာတော်အားလက်အုပ်ချီ၍ ------------
"ဘုရားတပည့်တော်ပိဋကတ် ၃ ပုံကုန်အောင် ပါဠိတော်သုတ္တန်ကြီးတွေ ဟောနိုင်ခဲ့တယ်။ သို့ သော် သရဏဂုံ
အကျိုးတရားကို ဟောရာတွင်ကား တောင်ပုလုဆရာတော်ကဲ့သို့  စုံလင်အောင် မဟောနိုင်ခဲ့ပါ"----------
ဟု လျှောက်ထားသည်ဟူ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏နောက်လိုက်တပည့်တို့ မည်သို့ ပြောပြော၊ "သရဏဂုံ
တည်ခြင်းအကျိုး"ဟူသောဟောပြောချက်တခုကိုသာ အများသိထုတ်ဝေထား၏။ ယင်းဟောပြောချက်တွင် ထူးထူးဆန်းဆန်း အောက်ပါအတိုင်း ဟောပြောထား၏။
"ဧတံ ခေါ သရဏံ ခေမံ၊
ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စတိ"
(ဓမ္မပဒ၊ နှာ ၄၂၊ စာပိုဒ်-၁၉၂)
လို့ဟောတော်မူတဲ့အတိုင်း သရဏဂုံဟာ ဘေးကင်းရန်ကင်းဖြစ်စေတယ်။ တရားကို အထူးအားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်ဘုရားဟောမူရင်းဓမ္မပဒပါဠိတော်ကိုအခိုင်အမာကိုး
ကားထား၏။ သို့ သော် ပါဠိတခြား၊ သူပြောသည်က တခြားဖြစ်နေသည့်အတွက် ပါဠိတော်ကို ကိုးကားသည်မှာ "လူရှိန်"အောင်လုပ်သည်မှတခြား အခြားအကျိုးမရှိချေ။ ပါဠိတော်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံ၊ အတွေးအမြင်ပိုင်း
တွင် တလွဲတချော်နားလည်နေသည်ကို တွေ့ ရ၏။
ဤအတွက် ဓမ္မပဒပါဠိတော်ကို တိတိကျကျ နိဿယဘာသာပြန်နည်းဖြင့် တင်ပြပြီး တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်အရှင်နန္ဒိယဟောပြောထားသော "တရားကိုအထူးအားမထုတ်ဘဲနဲ့ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်"စကားသည် သူကိုးကားသော ပါဠိတော်မှာ ပါသလား၊ မပါဘူးလားဆိုတာကို စူးစမ်းရှာဖွေကြပါစို့ -။
"ဧတံ ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ခေမံ-ဘေးရန်ကင်းကွာ လွန်ချမ်းသာသည့် ကိုးကွယ်ရာ
မျိုးပေတည်း။ ဧတံ ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ဥတ္တမံ- တုနှိုင်းမရ မြင့်မြတ်အထက်တန်း
ကျသော ကိုးကွယ်ရာမျိုးပေတည်း။ ဧတံ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာကို ။ အာဂမ္မ- ဒုက္ခပျက်ပြယ် မှန်းထားရွယ်လျက် ကိုးကွယ်လာမှု အကြောင်းပြု၍။ သဗ္ဗဒုက္ခာ- စွဲကပ်သန္ဓေ အိုနာသေဟု တွက်ရေမရ အလုံးစုံ
သော ဆင်းရဲဒုက္ခမှ။ ပမုစ္စတိ- ကိုးကွယ်သင့်ရာ ကိုးကွယ်ပါ၍ မှန်စွာမသွေ လွတ်မြောက်ရပါပေ၏"
မူရင်းဓမ္မပဒပါဠိတော်က သရဏဂုံသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူသည် ဘေးရန်ကင်းသည်၊ မွန်မြတ်သော ကိုးကွယ်မှုကို ပိုင်ဆိုင်ရယူခွင့်ရသည်၊ မွေး အိုနာသေစသော ဆင်းရဲဒုက္ခမျိုးစုံမှ လွတ်မြောက်သည်
ဟု ဆိုထားသည်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်၏။
သို့ သော်-- တရားကို အထူးအားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ဉာဏ်ကို ရနိုင်ကြောင်း လုံးဝမပါချေ။ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဟောပြောသော အဓိပ္ပါယ်အယူအဆမျိုး မူရင်းဓမ္မပဒပါဠိတော်တွင်
အလျဉ်းမပါဝင်ချေ။ ထို့ ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ " တရားကို အထူး
အားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"  ဟူသော ဟောပြောချက်သည် အလွဲအမှားသာ ဖြစ်၏။ ဓမ္မပဒပါဠိတော်ကို အကာအကွယ်ယူ၍ မသိနားမလည်သူများအား လှည့်စားထားချက်ဖြစ်၏။
 ဗုဒ္ဓ၏ဓမ္မအပေါ်လုပ်ကြံမှုသက်သက်မျှသာ ဖြစ်၏။
ယခုအခါ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏အထက်ပါဟောပြောချက်ကို အကြီးအကျယ်
ဖြန့် ချီနေသော  တောင်ပုလုတပည့်တဦး အမေရိကန်ပြည်ထောင်စုတွင် ရှိနေ၏။ သတိထားကြလေကုန်--။
အမရဒီပ
၎-၁၅-၂ဝ၁၂