Total Pageviews

Thursday, April 19, 2012

တောင်ပုလု၏သရဏဂုံအမှား- ၎



၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက သူ၏  "သရဏဂုံအကျိုးတရား" ဟောပြောချက်တွင်
 အောက်ပါအတိုင်း ဆက်လက်ဟောပြောထားပြန်သေး၏။

"လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့ ပဲ ရနိုင်တယ်။
 ပုံစံပြရရင် သူဆင်းရဲတယောက်ဟာ အင်မတန်မှ ဆင်းရဲလှတဲ့အတွက် လှည့်လည်ပြီး တောင်းစားနေရတယ်။
 အဲဒီလောက် ဆင်းရဲနေတဲ့အထဲမှာပင် နူနာရောဂါက စွဲကပ်နေရှာသေးတယ်။ အဲဒီတော့ တဖက်သားက
 သူ့ ကို  " အင်မတန်ဆင်းရဲတဲ့အတွက် သင့်မှာ တောင်းစားနေရတယ်၊ အဲဒီအပေါ်မှာ နူနာရောဂါကလည်း စွဲကပ်နေသေးတယ်၊ တသက်လုံးစားမကုန်အောင် ရွှေငွေရတနာတွေ သင့်ကို ပေးမယ်၊ သင့်အနာရောဂါလဲ ပျောက်ကင်းစေမယ်။ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူး လို့ ပြော" ။ 
အဲဒီလို ပြောတဲ့အခါမှာ ထိုသူက "သင်ပေးတဲ့ရွှေငွေဥစ္စာကိုလဲ ငါအလိုမရှိဘူး၊ ငါ့အနာရောဂါလဲ ပျောက်လိုကပျောက်၊
 မပျောက်လိုက နေပါစေ၊ ငါ ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူး လို့ မပြောဝံ့ဘူး" လို့ ပြန်ပြောနိုင်စွမ်းတယ်။ အဲဒီလို လာဘ်ကိုစွန့် ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲ ရနိုင်တယ်။"      (ဓမ္မပဒဋ္ဌကထာ၊ နှာ-၃ဝ၂)

၂။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံအကျိုးတရားဟောပြောချက်တွင် ဓမ္မပဋ္ဌကထာ၊
 နှာ-၃ဝ၂ ဟု ကျမ်းညွှန်းထား၏။ ဓမ္မပဒဋ္ဌကထာသည် ဆဋ္ဌသံဂါယနာတင် ပုံနှိပ်မူအားဖြင့် ၂ အုပ်ရှိ၏။
ဟောပြောသူ ကိုးကားပြောဆိုသော ဇာတ်လမ်းကို ဆဋ္ဌမူ၊ ဓမ္မပဒဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ ၃ဝ၂ မှာ တွေ့ 
ရသည့်အအတွက် (ဓမ္မပဒဋ္ဌကထာ၊၁၊ ၃ဝ၂။) ဟု ဖြည့်စွက်မှ ပြည့်စုံပေမည်။




၃။
ဆဋ္ဌမူ၊ ဓမ္မပဒဋ္ဌကထာ၊ ၁၊ ဗာလဝဂ်၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုလာ ဇာတ်လမ်းမှာ ဤသို့ ဖြစ်ပါ၏။

သုပ္ပဗုဒ္ဓအမည်ရှိကိုယ်ရေပြားရောဂါသည်တယောက်သည်တရားနာပရိသတ်အစွန်ခပ်လှမ်းလှမ်းမှနေ၍ မြတ်စွာဘုရား၏
တရားတော်ကို နာယူခွင့် ရပြီး သောတာပန်အရိယာဖြစ်လေ၏။ မိမိတရားထူးတရားမြတ်ရကြောင်း  ဝမ်းသာအားရ
လျှောက်ထားလိုလှသော်လည်း လူရာသွင်းခံရသူမဟုတ်သောကြောင့် ဘုရားရှင်နှင့် စကားပြောဆိုခွင့်မရခဲ့ချေ--။
ထို့ ကြောင့် ဘုရားရှင်သီတင်းသုံးတော်မူရာ ကျောင်းတော်သို့ သွား၍ လျှောက်ထားမည်ဟု ကြံစည်ကာ
 ဝေဠုဝန်ကျောင်းတော်သို့ သွားလေ၏။
 လမ်းခရီးတွင် သိကြားမင်းက ကိုယ်ထင်ပြပြီး ဘုရား၊ တရား၊ သံဃာကို ဘုရားမဟုတ်၊တရားမဟုတ်၊ သံဃာမဟုတ်
ဟု ပြောဆိုပါက သုံးစွဲမကုန်သော ပစ္စည်းဥစ္စာကို ပေးပါမည်ဟု ဖျားယောင်းသွေးဆောင်လေ၏။ 
(ဤသည်မှာလည်း သိကြားမင်းက သုပ္ပဗုဒ္ဓ၏သောတာပန်ဂုဏ်ရည်ကို ထင်ရှားစေလို၍ ပြောဆိုခြင်းဖြစ်သည်။)
သုပ္ပဗုဒ္ဓကသိကြားမင်း၏ကမ်းလှမ်းချက်ကိုလက်မခံ၊ ဝေဠုဝန်ကျောင်းတော်သို့ အရောက်သွားကာ သောတာပတ္တိမဂ်
တရားထူးရရှိပုံကို မြတ်စွာဘုရာအား လျှောက်ထားလေ၏။ ဝေဠုဝန်ကျောင်းတော်မှအပြန် လမ်းခရီးတွင်
 နွားမအဝှေ့ ခံရသောကြောင့် သုပ္ပဗုဒ္ဓသောတာပန် သေဆုံးလေ၏။

၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်နှင့် ဓမ္မပဒဋ္ဌကထာလာ သုပ္ပဗုဒ္ဓဝတ္ထု၏ ဆိုလိုရင်းမှာ ဆန့် ကျင်ဘက်ဖြစ်နေသည်ကို တွေ့ ရ၏။
(က) လာဘ်ကိုစွန့် လွှတ်ပြီး ယုံကြည်သူဟာ တရားအားမထုတ်ဘဲ တရားထူးရနိုင်တယ် (တောင်ပုလုအဆို)
(ခ) တရားထူးရပြီးသူဟာ လာဘ်ကိုသာ စွန့် လွှတ်မယ်၊ ယုံကြည်မှုကို မစွန့် လွှတ်ဘူး (ဓမ္မပဒဋ္ဌကထာအဆို)

သို့ သော် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက "လာဘ်ကို စွန့် ပြီးတော့ ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့  ရနိုင်တယ်"ဟု ဓမ္မပဒဋ္ဌကထာလာ အကြောင်းအရာကို ကိုးကားပြီး တောင်ပုလုမူ၊တောင်ပုလုဟန် သရဏဂုံအဆိုအမိန့် တရပ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး မိန့် ဆိုထားလေ၏။ ရဲတင်းလွန်းပေစွ---။

၅။
ဓမ္မပဒဋ္ဌကထာ (ဥဒါန်းပါဠိတော်၊ ၁၃၄၊ ယင်းမြန်မာပြန်၊ ၁၂၁၊ သဂါထာဝဂ္ဂသံယုတ်၊ သက္ကသံယုတ်၊ ဒလိဒ္ဒသုတ်) ၏ဆိုလိုရင်းမှာ အရိယာ (အနိမ့်ဆုံး သောတာပန်) ဖြစ်ပြီးပါက ဥစ္စာဓန၊ အသက်စည်းစိမ်၊ ရာထူးအာဏာစသော ဆွဲဆောင်စည်းရုံးမှု၊ ခြိမ်းခြောက်မှုများနှင့် တွေ့ ကြုံရသော်လည်း စစ်မှန်သော ဘုရား၊တရား၊သံဃာကို ဘုရားအစစ်မဟုတ်ဘူး၊ တရားအစစ်မဟုတ်ဘူး၊ သံဃာအစစ်မဟုတ်ဘူးဟု မပြောတော့ပြီ--။ ဘာသာရေး
နှင့်ပတ်သက်၍ စိတ်လိုတမျိုး၊ မလိုတမျိုးမဖြစ်တော့ပြီ။ "မုန့် ပေးတဲ့ဘုန်းကြီး စာပိုတတ်တယ်" မပြောတော့ပြီ ဟု ဖြစ်၏။

တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယပြောသော "လာဘ်ကိုစွန့် ပြီးတော့ယုံကြည်ခြင်းငှါစွမ်းနိုင်
လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ပဲနဲ့ ရနိုင်တယ်"ဟူသော အဓိပ္ပါယ်မျိုး သက်ဆိုင်ရာ ပါဠိ၊ အဋ္ဌကထာ၊ဋီကာ
တို့ မှာ လုံးဝမပါရှိပေ---။
ထို့ ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏သုပ္ပဗုဒ္ဓဇာတ်လမ်းကိုသက်သေပြုသောကိုးကားပြော
ဟောချက်မှာသက်ဆိုင်ရာပိဋကတ်စာပေများနှင့်မညီညွတ်သောအလွဲအမှားဟောပြောချက်ဖြစ်သည်ကို လေ့လာတွေ့ ရှိရ၏။

အမရဒီပ
၎-၁၉-၂ဝ၁၂

No comments: