Total Pageviews
Tuesday, May 29, 2012
တောင်ပုလု၏သရဏဂုံအမှား- ၉
၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ နောက်လိုက်တပည့်တို့ က "ဘုရားဟောပိဋကတ်ဘယ်
လိုဟောဟော၊ တောင်ပုလုတို့ ဆရာ ဟောတာကိုသာ အတုယူပြီး လိုက်ဟောမယ်၊ ဒါမှ အာစရိယဝါဒ"ဟု ထင်ယောင်ထင်မှားဖြစ်နေကြဟန်တူ၏။ ထို့ ကြောင့် ယခုဆောင်းပါးတွင် တောင်ပုလုတပည့်ကျော်တို့ အတွက်  "အာစရိယဝါဒ"အကြောင်း ဆွေးနွေးရပေတော့မည်။
"ဆရာ၏အယူအဆ"ဟု မြန်မာဝေါဟာရဘာသာပြန်ဆိုထားသော "အာစရိယဝါဒ"ဟူသော ပါဠိဝေါဟာရကို
အချို့ က နားလည်မှုလွဲနေသည်။ ဥပမာ- ရွှေကျင်ဆရာတော်၏တပည့်ဖြစ်လျှင် ရွှေကျင်ဆရာတော်၏ဝါဒသည် အာစရိယဝါဒဖြစ်သည်။ ဒွါရဆရာတော်၏တပည့်ဖြစ်လျှင် ဒွါရဆရာတော်၏ဝါဒသည် အာစရိယဝါဒဖြစ်သည်ဟု
 ယူဆတတ်ကြ၏။ ယခုလည်း တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏တပည့်ဖြစ်သည့်အတွက် ယင်းဆရာတော်၏ဝါဒသည် အာစရိယဝါဒဖြစ်၏ဟု ယုံကြည်လက်ခံထားကြ၏။ ထင်ရာမြင်ရာယူဆခြင်းသာ ဖြစ်ရာအထောက်အထားမဲ့အတွေးအမြင်မျှသာ ဖြစ်၏။
၂။
အာစရိယဝါဒနှင့်ပတ်သက်၍ မိလိန္ဒပဥှာပါဠိတော်ကျမ်း၏အဆိုကို ပထမဦးစွာ လေ့လာသင့်ပါ၏။ အရှင်နာဂသေနထေရ်က မိလိန္ဒမင်းကြီးအား ဤသို့ ရှင်းပြထား၏။
"မင်းမြတ်…..၊ (က) အာဟစ္စပဒ (ခ) ရသ (ဂ) အာစရိယဝံသ (ဃ) အဓိပ္ပါယ (င)ကာရဏုတ္တရိယ ဟူသော ဤငါးပါးသောအကြောင်းတို့ ဖြင့် အနက်အဓိပ္ပါယ်ကို လက်ခံအပ်၏။ ဤငါးပါးတို့ တွင် ---------------
(က)      ဘုရားဟောပါဠိတော်ကို အာဟစ္စပဒ ဟူ၍ အလိုရှိအပ်၏။
(ခ)        ပါဠိတော်အားလျော်သော သုတ္တာနုလောမကို ရသ ဟူ၍ အလိုရှိအပ်၏။
(ဂ)        အဋ္ဌကထာဆရာတို့ ၏အယူကို အာစရိယဝံသ ဟူ၍ အလိုရှိအပ်၏။
(ဃ)      မိမိ၏အယူကို အဓိပ္ပါယ ဟူ၍ အလိုရှိအပ်၏။
(င)        ရှေးဆိုပြီး ဤလေးမျိုးတို့ နှင့်ညီညွတ်သောအကြောင်းကို ကာရဏုတ္တရိယ ဟူ၍ အလိုရှိအပ်၏။
မင်းမြတ်…..၊ ဤငါးပါးသောအကြောင်းတို့ ဖြင့် အနက်အဓိပ္ပါယ်ကို လက်ခံအပ်၏။ ဤသို့ လျှင် ထို ပြဿနာကို ကောင်းစွာ ဆုံးဖြတ်အပ်၏။"
(မိလိန္ဒပဥှာပါဠိ၊ ၁၅ဝ။ မိလိန္ဒပဥှာမြန်မာပြန်၊ ၁၆၁။)
ပါဠိဘာသာဖြင့် "အာစရိယဝံသောတိ အာစရိယဝါဒေါ" ဟုဆိုထားသည်ကို မြန်မာပြန်က "အဋ္ဌကထာဆရာတို့ ၏
အယူကို အာစရိယဝါဒ"ဟု ဆိုလိုနေကြောင်း တွေ့ ရ၏။ ဆိုလိုသည်မှာ အာစရိယဝါဒဟူသည် တောင်ပုလုတောရ
ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ အယူအဆကို အာစရိယဝါဒဟု မဆိုရ၊ အဋ္ဌကထာဆရာအရှင်တို့ ၏ အယူအဆကိုသာ အာစရိယဝါဒဆိုရကြောင်း သိရ၏။
၃။
ထို့ ပြင် "စတုဗ္ဗိဓဝိနယကောဝိဒ" ခေါ် နည်း ၄ ပါးကို ပြသော "သုတ္တံ သုတ္တာနုလောမံ အာစရိယဝါဒံ အတ္တနောမတိန္တိ"ဟူသော ဝိနည်းအဋ္ဌကထာ ၁၊ ၁၉၅ အရ---------
(က) သုတ္တ ခေါ် ပါဠိတော်ကိုလေ့လာခြင်း
(ခ) သုတ္တာနုလောမခေါ် ပါဠိတော်နှင့် အဓိပ္ပါယ်တူစကားများကို လေ့လာခြင်း
(ဂ) အာစရိယဝါဒ ခေါ် ဗုဒ္ဓမတညူအဋ္ဌကထာဆရာကြီးများ၏အယူအဆကိုလေ့လာခြင်း
(ဃ) အတ္တနောမတိ ခေါ် (အထက်ဖော်ပြပါ ၃ မျိုးတို့ ကို မျက်ခြည်မပြတ်ကြည့်ရှု၍ဆင်ခြင်သက်ဝင်နှိုင်းညှိ၍) မိမိ၏အယူအဆကို ဖော်ထုတ်ခြင်း…….ဟုလည်း တွေ့ ရသေး၏။
အာစရိယဝါဒနှင့်သက်ဆိုင်သော  ပါဠိအကိုးအကားကို အောက်ဖော်ပြပါအတိုင်း ရှုပါလေ……။
(၁) အာစရိယဝါဒေါနာမ အဋ္ဌကထာ။ (သုတ်မဟာဝါအဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ်အဖွင့်)
(၂) အာစရိယဝါဒေါနာမ ဓမ္မသင်္ဂါဟကေဟိ ပဉ္စဟိ အရဟန္တသတေဟိ ဌပိတာ ပါဠိဝိနိမုတ္တာ
 သြက္ကန္တဝိနိစ္ဆယပ္ပဝတ္တာ အဋ္ဌကထာတန္တိ…။ (ပါရာဇိကကဏ္ဍဋ္ဌကထာ၊ ၁၊၁၅၉။ ဝိနယသင်္ဂဟဋ္ဌကထာ၊
 စောဒနာဝိနိစ္ဆယကထာ)
(၃) ယဒိပိ တတ္ထ တတ္ထ ဘဂဝတာ ပဝတ္တိတာ ပကိဏ္ဏကဒေသနာယ အဋ္ဌကထာ၊ သာ ပန ဓမ္မသင်္ဂါဟကေဟိ ပဌမံ တီဏိ
 ပိဋကာနိ သင်္ဂါယိတွာ တဿ အတ္ထဝဏ္ဏနာနုရူပေနေဝ ဝါစနာမဂ္ဂံ အာရောပိတတ္တာ "အာစရိယဝါဒေါ"တိ ဝုစ္စတိ၊ 
အာစရိယာ ဝဒန္တိ သံဝဏ္ဏေန္တိ ပါဠိံဧတေနာတိ ကတွာ။ (သာရတ္ထဋီကာ၊၂)
(၄) ပါဠိယာ အတ္ထဂါဟဏေန ဓမ္မတာယံ ပတိဋ္ဌာပနတော အဋ္ဌကထာ အာစရိယဝါဒေါ။
 (ဝိဘင်္ဂမူလဋီကာ၊ ပဋိစ္စသမုပ္ပါဒဝိဘင်္ဂအဖွင့်။)
ဤစကားတို့ အရ အဋ္ဌကထာနှင့်မညီညွတ်လျှင် အာစရိယဝါဒမဟုတ်ကြောင်း သိနိုင်ပါ၏။ ထို့ အတွက်ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံတည်အကျိုးဆိုင်ရာအယူအဆမှား
များကိုလက်ဆင့်ကမ်း သယ်ဆောင်ဟောပြောနေသော အမေရိကန်နိုင်ငံနေတောင်ပုလုတပည့်အရင်းဆိုသူ၏
"အာစရိယဝါဒ"နှင့်ပတ်သက်သောယူဆပုံမှာလည်း ထေရဝါဒပိဋကတ်စာပေနှင့်မညီညွတ်သောယူဆချက်မျှသာ
ဖြစ်ကြောင်း သိရာ၏။ 
၎။
နောက်လိုက်တပည့် ၂ မျိုးရှိကြောင်းတွေ့ ရ၏။ ပထမတမျိုးမှာ ဆရာဘယ်လိုဖြစ်ဖြစ် ဆရာနောက်ကစိုက်စိုက်ပါ
အောင်လိုက်မှ တပည့်ကောင်းပီသသည်ဟု ခံယူချက်ရှိသောတပည့်တမျိုးဖြစ်သည်။ဥပမာ…လူသေလူဖြစ်ရှင်
ဥက္ကဋ္ဌ၏တပည့်ကြီး သခင်မြတ်ဆိုင်…… ။ သူက လူသေလူဖြစ်ဝိနိစ္ဆယတရားဆုံးဖြတ်ပွဲတွင် ဤသို့ ပြောဆိုခဲ့၏။
"ရှင်ဥက္ကဋ္ဌလုပ်ဆောင်ချက်မှန်သမျှ ရှင်ဥက္ကဋ္ဌအမည်ပါသမျှ အားလုံးတာဝန်ယူပါတယ်ဘုရား။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်ဆရာဖက်ကရပ်ရမှာပဲဘုရား။ ဒါမှလဲ တပည့်တော် တပည့်ကောင်း ဖြစ်မယ်ဘုရား။ ဒီနေရာမှာတော့ တပည့်တော်ထွက်ပြေးလို့ မရတော့ပါဘူး"
(လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယစာအုပ်မှာ အကျယ်ဖတ်ပါလေ။)
ဒုတိယတပည့်တမျိုးမှာ ဆရာလုပ်တိုင်းမှန်သည်ဟု လှေနံဓားထစ်မသတ်မှတ်၊ မစင်၊ မီး၊ ဆူး၊ မြွေကို ဆရာတက်နင်းတိုင်း တပည့်က ဆရာ့အတုလိုက်၍ မနင်းသင့်….။ သစ်ပင်ထိပ်ဖျားသို့ ဆရာတက်တိုင်း တပည့်က ဆရာ့အတုလိုက်၍ မတက်သင့်….။ ဆရာအဆိပ်သောက်တိုင်း တပည့်က ဆရာ့အတုလိုက်၍ မသောက်သင့်….။ နက်ရှိုင်းသောချောက်ကမ်းပါးသို့ ဆရာခုန်ဆင်းတိုင်း တပည့်က ဆရာ့အတုလိုက်၍ မဆင်းသင့်….ဟု ယူဆသော တပည့်မျိုးဖြစ်သည်။ ဥပမာ….ဗြဟ္မဇာလသုတ္တန်လာ သုပ္ပိယပရဗိုဇ်၏တပည့် ဥတ္တရလုလင်…..။
ဆရာသုပ္ပိယက မြတ်စွာဘုရားအား ကြမ်းတမ်းစွာပုတ်ခတ်ပြောဆိုတိုင်း ဥတ္တရလုလင်က ဘုရားဂုဏ်တော်ကို ဖော်ထုတ်ပြောဆို၏။ ချီးမွမ်း၏။ ဆရာမှားသည်ကို တပည့်က သိ၏။ ဆရာ့အမှားကို အမွေခံခြင်းမပြု..။
အလိုတူအလိုပါမလုပ်…..။ ဆရာ့လုပ်ရပ်ကို ဝေဖန်ဆန်းစစ်ပြီးမှ မှားမှန်ကို ရွေးချယ်ဆုံးဖြတ်သည်။
တပည့် ၂ မျိုးတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ တပည့်အရင်းဆိုသူကား ရှင်ဥက္ကဋ္ဌတပည့်သခင်မြတ်ဆိုင်၏လမ်းစဉ်လိုက်ကာ ဆရာဘာပြောပြော မှန်သည်ချည်းသာ လုပ်နေလေတော့သည်။
၅။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံတည်ခြင်းအကျိုးဟောပြောချက်နှင့် တိပိဋကမင်းကွန်းဆရာတော်ကြီး၏ မေတ္တာဘာဝနာပွားနည်းတရားတော်ကို ပူးတွဲပုံနှိပ်ထားသော စာအုပ်ငယ်ကို လွန်ခဲ့သော ၃ နှစ်ခန့် က ကျောင်းတိုက်စာအုပ်စင်ကိုမွှေနှောက်ဖတ်ရှုရင်း တွေ့ ခဲ့ရသည်။ ဖတ်ပြီးနောက်ပိုင်းတွင် ပိဋကတ်တော်နှင့်မညီညွတ်သည်ကို တွေ့ ရသဖြင့် အခြားသူများကိုလည်း ဤအကြောင်းအသိပေးသင့်သည်ဟု စိတ်ကူးဖြစ်ပေါ်ခဲ့ရသည်။
အထူးသဖြင့် မြတ်စွာဘုရားရှင်၏တရားအစစ်အမှန်ကိုသာ ဟောပြောဆုံးမတော်မူလေ့ရှိသော မင်းကွန်း
တိပိဋကဆရာတော်ကြီး၏တရားတော်နှင့်အတူတွဲဖက်ကာ အဓမ္မဝါဒဟောပြောချက်ထုတ်ဝေထားသည်
ကိုမြင်ရခြင်းကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ဘဝင်မကျဖြစ်ခဲ့ရသည်။
နောင်တွင်လည်း သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကျမ်းစာအုပ်အရောင်းဆိုင်တွင် ဝယ်ယူ
ရရှိနိုင်ပါသည်ဟူသော ကျမ်းစာအုပ်စာရင်းတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံတည်ခြင်းအကျိုးစာအုပ်ငယ်မှာ ပါဝင်မြဲပါဝင်နေသည်ကို တွေ့ ရ၏။ ဗုဒ္ဓသာသနာတော်အဆုံးအမ အစစ်အမှန်တည်တံ့သန့် ရှင်းရေးအတွက် တာဝန်ယူဆောင်ရွက်နေသော သာသနာရေးဦးစီးဌာနမှ အဓမ္မဝါဒဟောပြောချက်စာအုပ်ကို အဆက်မပြတ်ရိုက်နှိပ်ဖြန့် ချိရောင်းချပေးနေသည်ကို တွေ့ မြင်ရသဖြင့် စိတ်မကောင်းဖြစ်ရပါသည်။ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ပညာရေးအဖွဲ့ ငယ်၊ 
ဝိနိစ္ဆယအဖွဲ့ ငယ်၊ ပါဠိအဘိဓာန်ပြုစုရေးအဖွဲ့ စသည်တို့ တွင် တာဝန်ယူဆောင်ရွက်နေရသော ပိဋကတ်ပညာရှင်
ဆရာတော်များ၊ သာသနာရေးဦးစီးဌာနရှိ ပိဋကတ်ပညာရှင်လူပြန်တော်များ၏ မျက်စိရှေ့ မှောက်တွင်
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ အဓမ္မဝါဒဟောပြောချက် (သရဏဂုံတည်ခြင်းအကျိုး)
စာအုပ်ငယ်တကြိမ်ပြီးတကြိမ်ထုတ်ဝေခွင့်ရရှိနေသည်မှာလည်း များစွာထူးဆန်းလှပါသည်။ "ပညာရှိသတိဖြစ်ခဲ"
စကားအရ နိုင်ငံတော်သံဃမဟာနာယက၊ သာသနာရေးဌာနမှ ပိဋကတ်ပညာရှင်များ သတိမေ့ပုံရသည်ဟု တွေးမိပြီး ယင်းသရဏဂုံတည်ခြင်းအကျိုးတရားစာအုပ်ငယ်ကို ထေရဝါဒပိဋကတ်စာပေနှင့်ညီညွတ်၊ မညီညွတ် စီစစ်ဝေဖန်
သုံးသပ်ပေးတော်မူကြပါရန် ဤဆောင်းပါးဖြင့် သတိပေးတောင်းဆိုလျှောက်ထားလိုက်ပါသည်။
အမေရိကန်နိုင်ငံတွင်လည်း "တောင်ပုလုတပည့်အရင်းသာသနာပြု"ဆိုသူ ရဟန်းတပါးကလည်း သူ့ ဆရာ၏ အဓမ္မဝါဒဟောပြောချက်ကို ကြိုးစားဟောပြောလျှက် ဖြန့် ချီလျှက်ရှိနေပါသည်။
၆။
ဆန်ဖြူဆန်ကောင်းကို အလိုရှိသူသည် စပါးလုံး၊ အမှိုက်၊ခဲလုံးစသည်တို့ ကို ရွေးထုတ်ကောက်ပယ်ပစ်သကဲ့သို့  ၊ သားငါးဟင်းလျာစားဖွယ်များနှင့် အရသာခံလိုသူသည် အရိုးအရင်းကိုထုတ်ပယ်ပစ်သကဲ့သို့  ဗုဒ္ဓသာသနာအဆုံးအမမှန်ကိုလိုလားသူသည် အဓမ္မဝါဒ ခေါ် အမှားတို့ ကို ပယ်ဖျက်စွန့် ပစ်၍ ပကတိသန့် ရှင်း
သော မြတ်ဗုဒ္ဓ၏သြဝါဒလမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ကျင့်ကြံအားထုတ်ကြကုန်လျက် အမြင့်ဆုံး
အမြတ်ဆုံး ဝိမုတ္တိရသချမ်းသာပန်းတိုင်သို့  ကောင်းစွာရောက်ရှိနိုင်ကြပါစေကြောင်း ဆန္ဒပြုပါ၏။
ဤမျှသောစကားအစဉ်ဖြင့် တောင်ပုလု၏သရဏဂုံအမှားကို ဆောင်းပါးအမှတ် ၁ မှစ၍ တင်ပြလာခဲ့ရာ
 ဆောင်းပါးအမှတ် ၉ တွင် အပြီးသတ်နိဂုံးချုပ်ပါသည်။
အမရဒီပ
၅-၂၉-၂ဝ၁၂
Friday, May 25, 2012
ဝီရသူ၏ လူပျံတော်များကို ကြိုဆိုကြ
အရှင်ဝီရသူ (မစိုးရိမ်)၊ မေ ၂၅၊ ၂၀၁၂
            စာရေးသူ လူ့ပြည်ပြန်ရောက်မှ နာမည်ကျော် ရဟန်းပျိုများ လူပျံတော်ဘဝသို့ ကူးပြောင်းသွားသည်မှာ နှစ်ပါးပင် ရှိလေပြီ။ နှစ်ပါစလုံး ထင်ရှားကျော်ကြားသူများပင် ဖြစ်ပေသည်။ တစ်ပါးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူဖြစ်ပြီး၊ ကျန်တစ်ပါး မှာ သာသနာလောက၌ ထင်ရှားသူ ဖြစ်လေသည်။ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်လေးများ ဖြစ်ကြ၏။
            တစ်ပါးကား- ဦးဂမ္ဘီရ ဖြစ်ပြီး၊ တစ်ပါးမှာ ဦးဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား) ဖြစ်ပေသည်။
                                           “ဘောလုံးပွဲတရားနှင့် ဂမ္ဘီရပျားရည်”
            ဦးဂမ္ဘီရနှင့် လူချင်းမတွေ့ဆုံးဖူးသော်လည်း အိုးဘိုမှာနေရစဉ်တွင် အဆက်အသွယ်ရှိခဲ့ပေသည်။ မိမိက ရှေးဦးစွာ ရောက်နှင့်နေသော ကျောင်းသားဟောင်းကြီး ဖြစ်သောကြောင့် သတင်းကြားသည်နှင့် လှမ်း၍ဆက်သွယ်ကာ မိတ်ဆက်စာပေး၍ အားပေးစကား ပြောခဲ့ဖူး၏။ အကြော်အလှော်များလည်း လှူလိုက်ပါ၏။
            ဦးဂမ္ဘီရထံမှ ပြန်စာရခဲ့ပါ၏။ ၂၀၀၂-အင်းစိန်ရွာမမှာ “အမြဲရှုံးနေသော ဘောလုံးပွဲ” ဟောစဉ်က သူဟာအကြီးတန်း သင်တန်းသားအဖြစ် တရားနာခဲ့ရကြောင်း၊ ဓာတ်ပုံကင်မရာဖြင့် မှတ်တမ်းတင်သည့် ဦးဇင်းတစ်ပါးမှာ သူသာဖြစ်ကြောင်း၊ ပါဝင်လေ၏။
            စာနှင့်အတူ ပျားရည်တစ်ဘူးလည်း ပါလာလေသည်။ တပည့်လည်းဖြစ်၊ ကပ္ပိယလည်းဖြစ်သူ အတူနေ မောင်ကြေး ရုပ်ကား “ဂမ္ဘီရပျားရည်”ဟု အမည်ပေးလေသည်။ ဦးဂမ္ဘီရ လှူလိုက်သောပျားရည် ဖြစ်သောကြောင့် ထိုကဲ့သို့ နာမည်ပေးခြင်း ဖြစ်၏။ “ဂမ္ဘီရပျားရည်” လျော့သွားလျင် တစ်ခြားပျားရည်နှင့် ရောကာ “ပွား”ထားပြန်၏။ ညနေတိုင်း ဆရာတော် “ဂမ္ဘီရပျားရည်” ဘုရားဟု ဆိုကာ ကပ်ရှာလေတော့၏။ ဦးဂမ္ဘီရကို ထိုသို့ပင် လေးစားကြည်ညိုကြလေသည်။
                                                “စအဖကြောင့် စိတ္တဇဖြစ်ခဲ့ရလေသလော”
ဆက်လက်၍ ၎င်းစာထဲ၌ ငွေကြေးကိစ္စများကြောင့် သိက္ခာချထားခဲ့ရကြောင်း၊ ရဟန်းတစ်ပါး မဟုတ်တော့ကြောင်း လည်း ပါဝင်လေသည်။
            သူ့စာဖတ်ရသူတိုင်းက “စိတ်ပုံမှန် မရှိတော့ကြောင်း” ကောက်ချက်ချကြ၏။ ဆက်လက်စုံစမ်းကြည့်ရာ စစ်ကြောရေး ကာလမှာ‘စအဖ’၏ ညှင်းပန်းနှိပ်စက်မှုကို အလူးအလဲ ခံခဲ့ရကြောင်း၊ အသက်က ငယ်ငယ်၊ လောကဓံကကြီးကြီး ဖြစ်နေသောကြောင့် လည်းကောင်း၊ တစ်ပါးတည်းနေရသည့် နေ့ရက်များကို ဖြတ်သန်းရခက်ခဲသောကြောင့်လည်းကောင်း စိတ်ကျန်းမာရေး မကောင်းတော့ဟု သိရပြန်ပါသည်။
                                                            “တစ်ယောက်တည်း ပေါက်ကွဲနေတဲ့သူ”
            စာရေးသူက တရားအားထုတ်ဖို့ ဆန္ဒပြုလိုက်၏။ တရားအားမထုတ်ဖူးကြောင်းနှင့် အလုပ်ပေးတရား စာအုပ်များရှိက ပို့ပေးပါရန် စာပြန်သဖြင့် မဟာစည်ဆရာတော်ကြီး၏ “ဝိပဿနာရှုနည်းကျမ်း” စာအုပ်လေးကို ပို့ပေးလိုက်၏။
            အသက်ကငယ်ငယ်၊ အတွေ့အကြုံကနုနု၊ စိတ်ဓာတ်ကပြင်းပြင်း၊ သမာဓိအလုပ်ကနည်းနည်း ဖြစ်နေ၍ အမြဲတမ်း တစ်ယောက်တည်း ပေါက်ကွဲနေပုံ ရလေသည်။ မကြာခဏ သူ့အကြောင်းသာ ကြားနေရလေ၏။
                                                            “တစ်ကိုယ်တော်တိုက်ပွဲ သူဆင်နွဲ”
            သိပ်မကြာလိုက်ပါ။ ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြသံ ကြားရပါတော့၏။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး” အော်သည်။ “နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး”လည်း ကြွေးကြော်သည်။ တစ်ခြား နိုင်ငံရေးနှင့် ပတ်သက်သမျှလည်း အော်ဟစ်တောင်းဆိုသည်ဟု ကြားရ၏။
            ယုံကြည်ချက်က မြင့်မား၊ ခံယူချက်က ပြင်းထန်လွန်း၍ ထင်သည်။ ထောင်ကချော့မော့၍ ကျွေးသည်ကိုပင် လုံးဝမစား၊ ထောင်မှူးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ကျွေးသည်ကိုလည်း တို့ထိ၍ပင် မကြည့်ပေ။ နေ့ရောညပါ ဝန်ထမ်းများ အလှည့်ကျ စနစ်ဖြင့် စောင့်ကြပ်အိပ်ကြရ၏။ တစ်ဆင့် ကြားသိရသည်မှာ ဦးဂမ္ဘီရသည် “ရေလည်း လုံးဝမသောက်”ဟု ဆို၏။ အစားမစား ရေမသောက်ဘဲ သုံးရက်တိတိနေသော်လည်း ကျန်းမာရေးက ကောင်းနေဆဲ။ ကြွေးကြော်သံများ အော်နိုင်ဆဲ။ စိတ်အားတက်ကြွ စွာ လက်သီးလက်မောင်း တန်းနိုင်ဆဲပင် ရှိနေသေး၏။
                                                       “မိမိပယောဂမှ ကင်းပါ့မည်လော”
            မိမိသည်- သတင်းရလျှင် ရချင်း၊ ရွှေမောင်အိမ်သို့ သတင်းပို့လိုက်၏။ ကံကောင်းသည်ဟု ဆိုရမည်လော မသိ။ ရွှေမောင်အိမ်၌ ဦးဂမ္ဘီရ၏ မိသားစုရောက်နေလေသည်။ ညရောက်သည့်အခါ မယ်တော်ဒေါ်ရေးက ဆော်ကြွေးလေတော့၏။ ဦးဂမ္ဘီရ၏ တောင်းဆိုမှုက မြင့်မားလွန်းနေ၍ အစိုးရက လိုက်လျောမည့်ပုံ လုံးဝမရှိသည်ကို တွေ့ရ၏။ မဖြစ်နိုင်သည်ကို တောင်းဆိုရင်း အသက်တစ်ခု အဆုံးရှုံးမခံနိုင်သောကြောင့် တိုက်ရုံးသို့သွားကာ အရာရှိနှင့် တွေ့ဆုံလိုက်၏။ “ဦးဂမ္ဘီရနှင့် တွေ့ခွင့်ပေးပါ၊ အစာပြန်စားအောင် ပြောပေးပါ့မယ်”ဟု တင်ပြခဲ့၏။ မိမိက ညနေအချိန်မှာ တောင်းဆိုခဲ့ခြင်းဖြစ်၏။ တိုက်ဆိုင်သည်လော မပြောတတ် နောက်တစ်နေ့မနက် ထောင်ဖွင့်သည်နှင့် ‘ဦးဂမ္ဘီရ ထောင်ပြောင်းသွားကြောင်း’ သိလိုက်ရပေတော့၏။
                                                            “လူချင်းမဆုံသလို မူချင်းလည်း မဆုံနိုင်တော့ပြီ”
            ၎င်းနောက် သူ့သတင်းတွေက အတော်စုံသည်။ ခန္တီးထောင်ရောက်သွားပြီဟု လည်းကောင်း၊ ကလေးထောင်ပြောင်းရ ပြန်ပြီ ဟူ၍လည်းကောင်း၊ ကလေးထောင်မှာ ဘာသံကြားရပြန်သည် ဟူ၍လည်းကောင်း၊ စုံ၍စုံ၍ နေပေတော့၏။
            ဤသို့ဖြင့် 13.1.2012-ရက်နေ့တွင် မိမိတို့ လူ့ပြည်သို့ အတူပြန်ရောက်ကြ၏။ ထို့နောက် များမကြာမီ ဦးဂမ္ဘီရက ဖုန်းနံပါတ်မေးခိုင်း၍ ဟုဆိုကာ မေးလာကြ၏။ သို့သော် ယခုချိန်ထိ တစ်ခါမျှ မဆက်သွယ်ခဲ့ပါ။
            ချိပ်ခွါ သတင်းတွေကြားရသည်။ ကမ္ဘာအေး သတင်းတွေကြားရသည်။ ပြန်ခေါ်ပြန်ထိမ်း သတင်းတွေ ကြားရသည်။ DVB-ထဲမှာလည်း ရုပ်သံ မြင်ကြားရပြန်၏။ မဂ္ဂင်ကျောင်းကိစ္စ ဒေါနှင့်မောနှင့် ပြောဆိုနေပုံများ ဖြစ်၏။
            စာရေးသူနှင့် အမြင်ချင်း မတူရုံတင် မဟုတ်တော့ဘဲ သူ့လုပ်ရပ်ကြောင့် “ကမ္ဘာအေးဆရာတော်ကြီးများနှင့် ပြည်သူလူထု၊ သံဃာထုတို့ အကုသိုလ်တိုးပွား အပြစ်ဆိုးဝါးလာမည့် အရေးကို တွေးပူနေချိန်တွင်” ပြည်တွင်းပြည်ပမှ ဦးဂမ္ဘီရလုပ်ရပ်အပေါ် ဝီရသူ၏ သဘောထားကို မကြာခဏ မေးမြန်းလာကြသဖြင့် “ဝီရသူ သဘောထား” ထုတ်ပြန်ကာ ထောက်ခံထိုက်သည့် အချက်ကို ထောက်ခံ၍၊ ရှုက်ချထိုက်သည့် အချက်ကို ရှုတ်ချခဲ့ပေသည်။ ထိုအခါ စာရေးသူအားလည်း ထောက်ခံကြ၊ ရှုတ်ချကြနှင့် ကောင်းကင် တိုက်ပွဲ ဆင်နွဲမိလျက်သား ဖြစ်နေကြ၏။ ပျော်စရာလည်း ကောင်းသည်ပင်။
            တစ်နေ့ စာရေးသူ-အင်တာနက် အသုံးပြုနေစဉ် ဒကာတစ်ဦးက မက်ဆေ့ခ်ျ ပို့လာ၏။ ပြည်ခိုင်ဖြိုးမှ ဖြစ်မည်ထင်သည်။ Myanmar Express.ဆိုဒ်ပါ ဦးဂမ္ဘီရသတင်း ဖြစ်၏။ သင်္ကန်းလဲပုံ- ခေါင်းကွဲပုံများ စုံလင်လေသည်။ comment.ပေးထားသူများမှ တစ်ချို့စာများမှာ လွန်စွာကြမ်းတမ်း ရိုင်းပျသည်ကို တွေ့ရပေသည်။
            နောက်ဆုံး၌ ဦးဂမ္ဘီရ လူဝတ်လဲသည့် သတင်းကြားရ၏။ ကျန်းမာရေးမကောင်းသောကြောင့်ဟု သိရ၏။ စိတ်ကျန်း မာရေးကို ဆိုလိုပုံရ၏။ နိုင်ငံရေးလောက၌ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသည့် နိုင်ငံ့သားကောင်းတစ်ပါး (ရဟန်းဘဝမှ လူ့ဘဝသို့) ဘဝပြောင်းသွားခဲ့ပေပြီတကား။
                                                            “မစိုးရိမ်စာသင်သားနှင့် ဓမ္မာစရိယသင်တန်း”
စာရေးသူ မြစ်ကြီးနား၌ နေစဉ်ကဖြစ်သည်။ တပည့်လေးတစ်ပါး ထောင်ဝင်စာလာတွေ့၏။ ထိုတပည့်လေးနှင့်အတူ သတင်းတစ်ပုဒ်ပါလာ၏။ မစိုးရိမ်စာသင်သား (ဦးဣန္ဒာစရိယာဘိဝံသ) ဧရာဝတီတိုင်း ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းတိုက်၌ ဓမ္မာစရိယသင်တန်း သွားရောက်ပို့ချပေးကြောင်း၊ အထူးတရားပွဲမှာလည်း တရားဟောခဲ့ကြောင်း ဖြစ်၏။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းတိုက်၌ ကျင်းပသော နွေရာသီဓမ္မာစရိယ သင်တန်းကြီးကို စတင်တည် ထောင်သူမှာ စာရေးသူပင်ဖြစ်လေသည်။ စာရေးသူ၏ အဘိုးတော်သူ သက်တော်(၉၁)နှစ် သိက္ခာ(၇၂)ဝါရှိ ဆရာတော်ဦးဇာဂရ (ဘဘုန်း)ထံမှ အမွေရထားသည့် ကျောင်းတိုက်ကြီးဖြစ်၏။ ထိုကျောင်းတိုက်ကြီးကို သူငယ်ချင်းဖြစ်သူ ဦးဣဿရိယ (သာသနဓဇဓမ္မာစရိယ)အား အပ်နှံလှူဒါန်းကာ မိမိကိုယ်တိုင်ကား နွေရာသီမှာ သင်တန်းဖွင့် စာချ၍ ကူညီခဲ့လေသည်။ လေးကြိမ်မြောက်သာ ပို့ချရသေးချိန်တွင် ပါတော်မူခဲ့ရာ ယခုဆိုလျှင် ထိုသင်တန်းကြီးသည် (၁၃)ကြိမ်မြောက်ပင် ရောက်ရှိ၍ နေပေပြီ။ မိမိမရှိသော်လည်း မိမိနှင့်တန်းတူ အဘိဝံသဘွဲ့ရ ဆရာတော်များကို ပင့်ဖိတ်၍ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၏။ ထိုအထဲတွင် အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)လည်း ပါဝင်လေသည်။ စိတ်ထဲ၌ကြိတ်၍ ကျေးဇူးတင်နေမိ၏။
မစိုးရိမ်စာသင်သားကား စာရေးသူကဲ့သို့ပင် စီနီယာနှင့် ဂျူနီယာ စာသမား ကဗျာသမားတစ်ပါး ဖြစ်လေသည်။ စာရေးသူ သဟာယကျောင်း နာယကအဖြစ် ရောက်ရှိလာချိန်တွင် မစိုးရိမ်စာသင်သားက နာယကလောင်းအဖြစ် ပူးတွဲအုပ်ချုပ်သူ ဖြစ်လေသည်။ စီနီယာနှင့် ဂျူနီယာဟုသုံးလျှင် ရမည်လော မပြောတတ်ပေ။ စာရေးသူ ထေရဝါဒတိုက်ပွဲ၊ စာအုပ်ထုတ်စဉ်က စာရေးသူအားများစွာ အကူအညီပေးခဲ့လေသည်။
                                    “ဖောက်သောလမ်းနှင့် လျှော်သောလမ်း”
စာရေးသူ အိုးဘိုတောရမှာ အဓိဋ္ဌာန်ဝင်စဉ် ဝိဘဇ္ဇဝါဒီ- ရေးသော “အမှားဝင်္ကဘာ”စာအုပ်ကို ဖတ်ရှုရ၏။ ဝိဘဇ္ဇဝါဒီ ဆိုသည်မှာ မစိုးရိမ်စာသင်သားပင် ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့ပေသည်။ သဘောကျခဲ့၏။ ထောက်ခံခဲ့၏။ အားပေးခဲ့၏။ သို့သော် လူချင်းကား အဆက်အသွယ် မရသေးပေ။
ထို့နောက် မိုးပြာအရှင်ဉာဏတို့၊ မြစ်ကြီးနား ဦးဝိစိတ္တသာရာဘိဝံသတို့ကို စွဲချက်တင်ကာ အဓမ္မဝါဒများကို ချေမှုန်းတိုက် ထုတ်လျက်ရှိကြောင်း သိရပြန်ပါ၏။ ပို၍ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပြန်ပါလေသည်။ သုတေသနတွေအားကောင်း၊ အထောက်အထားတွေပြည့်စုံ၊ အရေးအသားတွေပြတ်သား၊ အဆုံးအဖြတ်တွေ ခိုင်မာသည်ကိုထောက်က ယုံကြည်ချက်တွေ၊ ခံယူချက်တွေ မည်မျှမြင့်မား၊ မည်သို့ အားကောင်းမည်ဆိုသည်ကို ခန့်မှန်း၍ပင် ကြည့်နိုင်ပြီဖြစ်ပေသည်။
ကိုယ်ဖောက်သောလမ်း မဟုတ်သော်လည်း ကိုယ်လျှောက်သောလမ်းကို လျှောက်သူများဖြစ်၍ သာဓုခေါ်မိ၏။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် အဓမ္မဝါဒီကို ချေမှုန်းရကောင်းမှန်း သိသည့်အချက်နှင့်ပင် ကြည်ညိုလေးစားရလေသည်။
                                                “သတင်းဆိုးမို့ မတိုးဝံ့တော့ပြီ”
ဤသို့ဖြင့် မဲဇာလွန်တောရမှ အဓိဋ္ဌာန်ပေါက်၍ ကျောင်းပြန်ရောက်သည်တွင် မစိုးရိမ်စာသင်သား သတင်းကို တိကျခိုင် လုံစွာ သိခဲ့ရပြန်လေသည်။ ဘဝပြောင်းတော့မည်၊ လူဝတ်လဲတော့မည် ဆိုသည့် သတင်းဖြစ်၏။
စာရေးသူမှာ သူ့ဖုန်းနံပါတ်ရှိသော်လည်း ဖုန်းမဆက်ဝံ့ပါ။ ရန်ကုန်သို့ အကြိမ်ကြိမ် အခါခါရောက်သော်လည်း သူ့ထံမသွားခဲ့ပါ။ သူ့ကိုတားမိလျှင် ဆရာလုပ်သည် ထင်မည်စိုးသောကြောင့် ဖြစ်ပါ၏။ တားမရမှန်း သိသော်လည်း တားမိမည်မှာ အမှန်ပင်။
                                                “နောင်ရိုးအရှင် စာသင်သားဖြစ်လေသလော”
စာရေးသူနာယက မဖြစ်ခင် နာယကလောင်းဘဝ၌ သူငယ်ချင်းအဖြစ် ရှိစဉ်က လောကဓံကို မခံနိုင်၍ တိုက်ပြောင်းတော့မည့် အကြောင်း ကြားရသည့်အခါ မိမိကိုယ်တိုင် သူ့ထံသွား၍ လ-ပိုင်းလေးလောက် အောင့်အီးသီးခံပေးဖို့၊ မွေးနေ့ကျော်လွန်က အားလုံး အေးဆေးသွားတော့မည်ဖြစ်ကြောင်းပြောကာ မေတ္တာရပ်ခံ တားမြစ်ခဲ့ဖူးလေသည်။ ထိုစဉ်က သူသည် မိမိဆန္ဒကို လိုက်လျောခဲ့ဖူးလေသည်။
        နောက်တစ်ကြိမ်၌မူ ဘုရင့်နောင် ဖောင်ဖျက်သည့် ‘နောင်ရိုး’အသွင်ဆောင်ကာ ‘ရန်ကုန်ပြောင်းတော့မည့် အကြောင်း လာလျှောက်လေ၏။’ စာအုပ်စာတန်းတွေလည်း အားလုံးပေးပစ်၊ စွန့်ကြဲပစ်ခဲ့ပြီးပြီဖြစ်၍ တားလည်းအကျိုးရှိတော့မည် မထင်ရကား လုံးဝမတားဖြစ်ခဲ့ပေ။ ယခင်တစ်ခါတားခဲ့ဖူးခြင်းကြောင့် မတားနိုင်စေရန် ယခုကဲ့သို့ တိတ်တစ်ဆိတ် ကြိုတင်စီစဉ်ခဲ့ ခြင်းလည်း ဖြစ်ပေမည်။
ယခု နောက်ဆုံးအကြိမ်၌ကား “မပြင်တော့ပြီ”ဟု ကြားရပြန်၏။ မိုးပြာဝါဒကို သုဓ်သင်နိုင်ခဲ့၍ သာသနာတော် တစ်ရပ်လုံးက ချီးကျူးကြ၊ ကြည်ညိုကြ လေးစားကြနှင့် အတော်ပင် အောင်မြင်ခဲ့သူတစ်ပါး ဖြစ်သောကြောင့် သာသနာရေးဌာနမှ အရာရှိတစ်ဦးက မိမိအား “ဦးဣန္ဒာစရိယကို ကျေးဇူးတင်ဖို့ကောင်းတယ်။ တကယ်ဆို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တောင် ပေးသင့်တာ”ဟူ၍ လျှောက်ဖူးလေသည်။ ထိုအရာရှိ လျောက်ထားသည့်အတိုင်း ဘွဲ့တံဆိပ်တစ်ခုခု ချီးမြှင့်မည်ဆိုလျှင် စာရေးသူ ဦးဆောင်က ဖြစ်နိုင်မည်ဟု ယူဆကာ လူဝတ်လဲမည့် အစီအစဉ် ပြင်ဆင်နိုင်ဖွယ်ရှိ/မရှိ စုံစမ်းရပြန်၏။ ထိုအခါ “နောင်ရိုး” စီမံကိန်းကြီး ဖြစ်နေကြောင်း တွေ့ရပြန်ပါသည်။
                                                “ပါရမီကုန်ပြီဟူ၍သာ”
အချို့သော နိုင်ငံကျော်တွေလို ရှုပ်ပွေသံလည်း မကြားရ။ သာသနာတော်မှာ မပျော်မွေ့သူလည်း မဟုတ်။ သာသနာရေး ဆောင်ရွက်ချက်များ မအောင်မြင်ခြင်းဟူ၍လည်း မရှိပါဘဲ တားဆီးမရလောက်အောင် လူဝတ်လဲလိုစိတ်များ ပေါ်ပေါက်နေသည် မှာ အံ့သြစရာကောင်းနေပေ၏။ ပါရမီက ဤမျှသာဟူ၍သာ ပြောရတော့မလိုပင်။
“မစိုးရိမ်စာသင်သား လူထွက်သွားပြီလို့ ကြားတယ်” ဟုတ်ပါသလားဘုရား။ “ဆရာတော်သိပါသလား ဘုရား” “ဆရာတော်ကြားမိပါရဲ့လား ဘုရား” မေးခွန်းပေါင်းများစွာ ဖုန်းထဲမှ ကြားရ၏။ မူလအစီအစဉ်တော့ ရှိကြောင်း၊ ယခု-ထွက်မထွက်တော့ မသိရသေးကြောင်း ပြန်ဖြေရသည်က များလေသည်။ မယ်တော်ကြီး ဒေါ်ပေါရွှေထံ ဖုန်းဆက်မေးကြည့်မှသာ လျှင် အတိအကျ သိရပါတော့၏။ “9.5.2012-ရက်နေ့၌ လူထွက်သွားသည်။ တိုက်ခန်းတစ်ခုမှာနေသည်။ နေရပ်လိပ်စာ မသိရသေး၍ လူချင်းမတွေ့ရသေး”ဟုဆိုလေ၏။
နှမြောကြသူများလည်း ရှိမည်။ သနားကြသူများလည်း ရှိမည်။ ဝမ်းသာကြသူများလည်း ရှိမည်။ ပျော်ရွှင်ကြသူများလည်း ရှိမည်။ ထိုအထဲတွင် နှစ်မြောတသ ဖြစ်ကြသူကများလေသည်။ သီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒက ဝမ်းနည်းပက်လက် ပြောရှာ၏။ “နှမြောလိုက်တာကိုယ်တော်  စာတတ်ပေတတ်ကြီး”ဟူ၏။
                                      “ချီးကျူးထိုက်သော ရှင်လူထွက်”
အောင်မြင်ကျော်ကြား ရဟန်းတော်တစ်ပါး လူဝတ်လဲခြင်းနှင့် ပတ်သက်၍ နှမြောကြသည် ဖြစ်စေ၊ သနားကြသည် ဖြစ်စေ၊ စိတ်မဆိုးကြသည် ဖြစ်စေ၊ ဝမ်းမြောက်ပျော်ရွှင်အောင်ပွဲခံကြသည် ဖြစ်စေ၊ မည်သူက မည်သို့ပင် စိတ်ခံစားကြစေကာမူ၊ ထိုအရာများကို အလေးဂရုမပြုဘဲ လူထွက်ရဲသော ရဟန်းတော်များကို ချီးကျူးရမည် ဖြစ်ပေသည်။
                                                “အချောင်စား အောင်းကောင်ကြီးများ”
ကျွန်ုပ်တို့ သာသနာတော်၌ လူထွက်ထိုက်သော အပြစ်များကျူးလွန်ထားပါလျက် လူမထွက်ဘဲ အောင်းပြီးမှိန်းနေကြ သူများ ရှိပါသည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ရဟန်းမဟုတ်တော့မှန်း သိပါသော်လည်း ပရိသတ်ကို ဆက်ဆံရာ၌ ဘာကောင်ကြီးလိုလို ညာကောင်ကြီးလိုလို အကောင်ကြီးထင်အောင် ခပ်တည်တည်ဖြင့် အကောင်လုပ်နေတတ် ကြပေသည်။ ထိုသို့ အောင်းပြီး အကောင်လုပ်နေသူများကို “အောင်းကောင်”ကြီးများဟု ခေါ်ပါသည်။
လူလည်းမထွက်ရဲ၊ လုပ်ကိုင်စားသောက်ရမည်ကိုလည်း ကြောက်လန့်နေပြီး၊ ရဟန်းသီလကိုလည်း မစောင့်ထိန်းချင်ဘဲ အချောင်စား အောင်းကောင်းကြီးများ ဖြစ်ပါ၏။
ထိုအောင်းကောင်ကြီးများ- သာသနာတော်၌ ရှိနေသောအားဖြင့် သာသနာလည်း အကျိုးမများ၊ ကာယကံရှင် ကိုယ်တိုင်လည်း အကျိုးမများ၊ တပည့်ဒကာ-ဒကာမများလည်း အကျိုးမများပေ။ ၎င်းတို့သည် နေ့စဉ် ပတ်ဝန်းကျင်ကို ငရဲပေးနေသကဲ့သို့ ၎င်းတို့ကိုယ်တိုင်လည်း နေ့စဉ် ငရဲလိုင်စင်ယူခြင်း ငရဲသက်တမ်းတိုးခြင်းများ ပြုလုပ်နေပြီးသား ဖြစ်ပေသည်။ သာသနာ့အမှိုက် သာသနာ့ အညစ်အကြေးများ ဖြစ်ပါ၏။
ရှုတ်ချထိုက်သူမှာ ထိုအောင်းကောင်ကြီးများ ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် DNA-နည်း၊ CID-နည်းတို့ဖြင့် သန့်ရှင်းပစ်ရမည် သာဖြစ်ပါသည်။
                                                            “ဧရာမသတ္တိခဲ”
လူဝတ်လဲလျှင် လက်ညှိုးထိုးခံရမည်ကို သိပါလျက်၊ တံတွေးကွက်ထဲ ပက်လက်မျောရတော့မည်ကို သိပါလျက်၊ ဆင်းရဲချို့တဲ့ နိမ့်ကျစွာ နေထိုင်ရတော့မည်ကို သိပါလျက်၊ အောင်းကောင်ကြီးများလို အောင်းမနေကြဘဲ လာမည့်ဘေးပြေးတွေ့ ကာ လောကဓံကို ရင်ဆိုင်ရဲသည့် သတ္တိဖြင့် လူဝတ်လဲသူများသည် ဧရာမသတ္တိခဲကြီးများ ဖြစ်ကြပါသည်။ ထိုသတ္တိခဲများသည် အောင်းကောင်ကြီးများလို တစ်ဘဝတစ်နပ်စာအတွက်သာ ကွက်ကြည့်သူများမဟုတ်ဘဲ သံသရာဘေးကို မျှော်တွေးကာ လက်ရှိအခွင့်အရေးများကို စတေးဝံ့သူများ ဖြစ်ပါသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ၎င်းတို့၏ သိက္ခာသမာဓိကို လေးစားဖွယ် ကောင်းနေပေတော့၏။
မပျော်၍ လူထွက်သည်ကို ဘုရားမရှုတ်ချပါ။
မထိုက်တန်ဘဲ အပူဇော်ခံနေသည့် ဒုဿီလများကိုသာ ဘုရားရှုတ်ချခဲ့ပါသည်။ (အဂ္ဂိက္ခန္ဓောပမသုတ်၊ ဥပေါသထ သုတ်တို့ သက်သေတည်နေဆဲ ဖြစ်ပါသည်။)
                                                “ပြုပြင်ကြပါ ရွှေမြန်မာ”
            စာရေးသူတို့ ပြည်သူအများစုသည် ဘုန်းကြီးတစ်ပါးလူထွက်ပြီဆိုလျှင် မေးငေါ့ကြ၏။ ကဲ့ရဲ့ကြ၏။ လက်ညှိုးထိုးကြ၏။ ရှုတ်ချကြ၏။ အပြစ်တင်ကြ၏။ ဤသည်မှာ ရိုးရာတစ်ခုလို ဖြစ်နေပေသည်။
            “ကိုရင်ဝတ်စဉ် ရဟန်းခံစဉ်က သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ”သာ ရွတ်ဆိုခဲ့ရပေသည်။ ရှင် ရဟန်းဘဝဖြင့် သာသနာ့ဘောင်မှာ တစ်သက်ပတ်လုံး ပျော်ရွှင်စွာ နေပါ့မည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ အာမခံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ဝန်ခံကတိလက်မှတ်ထိုးခြင်းမျိုး လုံးဝမရှိပါ။ မပျော်၍ ထွက်ခြင်းအတွက် လက်ညှိုးထိုး အပြစ်တင်စရာမလိုပါ။ မနေနိုင်လျှင် မည်သူမဆို ထွက်ခွင့်ရှိသူသာ ဖြစ်ပါသည်။ ဘုရားလက်ထက်တော်တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် လူထွက်သွားကြသည့် ဖြစ်ရပ်သာဓကများ များစွာရှိသည်ကိုလည်း သတိမူရမည် ဖြစ်ပါသည်။ ဤသာဓကများကြောင့် ရှေးရိုးစွဲ အဆိုးမြင်မှုများကို စွန့်လွှတ်ရမည် ဖြစ်ပါသည်။
                                                            “တွေးဆလို့ ဖေးမကြ”
လူဝတ်လဲလာသော – သာသနာမှာ မပျော်မွေ့ မနေနိုင်၍ လူ့ဘ၀သို့ ကူးပြောင်းလာသူများသည် သာသနာအပေါ်လည်း ပြန်လည်ကျေးဇူး ပြုနိုင်မည့်သူများ ဖြစ်ပါသည်။ ရပ်အကျိုး ရွာအကျိုးသယ်ပိုးကြဦးမည့် မျိုးချစ်ပုဂ္ဂိုလ်များလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ စပ်ကူးမတ်ကူးကာလ၌ တွေ့ကြုံရမည့် လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် ပတ်သက်သည့် ဒုက္ခ သုက္ခ အ၀၀ကို လက်တွဲခေါ်ယူခြင်း၊ ကူညီဖြေရှင်းခြင်းဖြင့် လူ့ဘောင်လောကအသစ်သို့ အလွယ်တကူ ၀င်ရောက်ခွင့် ပေးခြင်းသည်သာလျှင် သာသနာနှင့် လူမျိုးအတွက် ကောင်းသော စွမ်းသော ဆေးတစ်ခွက်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
(မိုးမခမှာ ဖော်ပြခဲ့တဲ့ အရှင်ဝီရသူဆောင်းပါးများ သည်မှာ ဖတ်နိုင်သည်
   ဦးပဉ္စင်း
  ဝီရသူ(မစိုးရိမ်)
                                                                                             ဓမ္မသဟာယကျောင်းနာယက မစိုးရိမ်တိုက်သစ်
       မန္တလေး
                                                                                       24.5.2012http://moemaka.com/2012/05/ashin-wirathu-%E1%80%9C%E1%80%B0%E1%80%95%E1%80%BA%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%82%80%E1%80%80%E1%80%B3/ 
မိုးမခမှ ကူးယူဖော်ပြသည်။
Thursday, May 3, 2012
တောင်ပုလု၏သရဏဂုံအမှား-၈
၁။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက သူ၏ "သရဏဂုံတည်ခြင်းအကျိုး"ဟောပြောချက်နိဂုံး
တွင် အောက်ဖော်ပြပါအတိုင်း ဟောပြောလေ၏။
"ဒါကြောင့် ဤအကျိုးများလှတဲ့ သရဏဂုံကို တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန် တိုက်တွန်းလိုတယ်။
၁။         အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။         အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။         အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၁။         အဇ္ဇအာဒိံကတွာ- ယနေ့ ကိုအစပြု၍။ အဟံ- အကျွန်ုပ်သည်။ အတ္တာနံ- မိမိကိုယ်ကို။ ဗုဒ္ဓဿ-
            မြတ်စွာဘုရားအား။ နိယျာဒေမိ- အပ်နှင်းလှုဒါန်းပါ၏။
၂။         အဇ္ဇအာဒိံကတွာ- ယနေ့ ကိုအစပြု၍။ အဟံ- အကျွန်ုပ်သည်။ အတ္တာနံ- မိမိကိုယ်ကို။ ဓမ္မဿ-
            တရားတော်မြတ်အား။ နိယျာဒေမိ- အပ်နှင်းလှုဒါန်းပါ၏။
၃။         အဇ္ဇအာဒိံကတွာ- ယနေ့ ကိုအစပြု၍။ အဟံ- အကျွန်ုပ်သည်။ အတ္တာနံ- မိမိကိုယ်ကို။ သံဃဿ-
            သံဃာတော်မြတ်အား။ နိယျာဒေမိ- အပ်နှင်းလှုဒါန်းပါ၏။"
၂။
ယခုအခါ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ အထက်ဖော်ပြပါဟောပြောချက်ကို ဝေဖန်သုံးသပ်ရန် စကားအစဉ်ကျရောက်လာပေပြီ။ သို့ သော် စာရေးသူ၏ဝေဖန်သုံးသပ်ချက်ကို ဖော်ပြခြင်းထက် ဆရာတော် 
အရှင်သီလနန္ဒာဘိဝံသ (ဒီလစ်၊ အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ
သာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်)၏ ၁၉၉၁ ခုနှစ်၊ ဇွန်လမှ ၁၉၉၂ ခုနှစ် စက်တင်ဘာလအထိ ပို့ ချခဲ့သော အခြေခံဗုဒ္ဓဘာသာသင်တန်းပို့ ချစဉ်မှ သက်ဆိုင်ရာစကားရပ်တို့ ကို ကောက်နုတ်ဖော်ပြပေးခြင်းက ပို၍ ပို၍
သင့်တော်မည်ဟု ယူဆပါသည်။ ထို့ ကြောင့် ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ မူရင်းမိန့် ကြားတော်မူခဲ့
သည့်အတိုင်း ဖော်ပြပါအံ့----။
"ဒီနေရာမှာ ပြောချင်တာလေးတခုရှိတယ်။ "ဒီနေ့ ကစပြီးတော့ ဘုရားကိုကိုးကွယ်ပါ၏။ တရားကိုကိုးကွယ်ပါ၏။ သံဃာကိုကိုးကွယ်ပါ၏" လို့  ဆိုတာရှိတယ်။ ဟို…… တောင်ပုလုဆရာတော်ကြီးက အဲဒီအတိုင်းပဲ ချ… ချပေးတာ 
မဟုတ်လား---။ အဇ္ဇအာဒိံကတွာ--- ဆိုပြီးတော့လေ၊ မှတ်မိကြလား။ မမှတ်မိဘူးလား။  ကိုယ်ကတော့
 အဲဒါ စိတ်ထဲသိပ်ဘဝင်မကျဘူး။ အဇ္ဇအာဒိံကတွာ-------ဆိုတာက ယနေ့ ကိုအစပြု၍………..
Beginning with today လုပ်တာက Newly arrived convert သူကဒီနေ့ မှ ဘုရားနဲ့ တွေ့ ပြီးတော့ ဘုရားကို 
သဘောကျပြီးတော့ ဒီနေ့ ကစပြီး အရှင်ဘုရားကို ကိုးကွယ်ပါတော့မယ်-----ပြောတဲ့သူတွေကတော့ ကိုက်တယ်။
ဆိုပါတော့--- ဗုဒ္ဓဘာသာဒီနေ့ မှဖြစ်လာတဲ့သူတွေက ဒီဟာဆိုရင်တော့ ဒါအဓိပ္ပါယ်ရှိတယ်။ မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်လာတဲ့သူတွေက "ဒီနေ့ "ဆိုတော့ မင်းတို့ နောက်တုန်းက ဘုရားမကိုးကွယ်ဘူးလားဆိုတဲ့
အဓိပ္ပါယ်မကျလား၊ တပည့်တော်ဒီနေ့ ကစပြီးတော့ ဘုရားကိုးကွယ်ပါတော့မယ်…. လို့ ဆိုနေတာကိုး---။
အဇ္ဇအာဒိံကတွာ----ဆိုတော့ မင်းမနေ့ က ဘုရားကိုးကွယ်တဲ့ကောင် မဟုတ်ဘူးလား---။ နောက်တုန်းက 
တသက်လုံးနေလာတာ ဘုရားကိုးကွယ်တဲ့ကောင် မဟုတ်ဘူးလားလို့ မေးရင် ဘယ်လိုဖြေမလဲ။ 
ဒါကြောင့်မို့  ကိုယ်ကတော့ စိတ်ထဲသိပ်ကို သဘောမကျဘူး-------။
(သရဏဂုံ) စယူတဲ့အချိန်တုန်းက ဆိုချင်ဆိုခဲ့ပေါ့။ ဟုတ်လား-- ကလေးဘဝတုန်းက။ အဲဒီနောက်တော့ ဆိုဖို့ 
မလိုဘူး။ အဲဒီလိုပဲ ယူဆတယ်။ ဒီနေ့  (သင်တန်းမစခင် သရဏဂုံနှင့် ၅ ပါးသီလခံယူခြင်း)ဆိုတာကတော့ ပိုပိုပြီးခိုင်မြဲအောင်ဆိုပြီးတော့ ဒို့ က အထပ်ထပ်ဆိုတာကတော့ "မြဲရာသံပတ်"ဆိုတာလိုပေါ့။ ဟုတ်လား။
နေ့ တိုင်းမဆိုလို့  တကြိမ်တခါပဲ ဆိုထားလိုက်တယ်ဆိုရင်ပဲ စိတ်ထဲက အဲဒီဟာရှိနေသမျှကာလပတ်လုံး သူဟာသရဏဂုံတည်နေတာပဲပေါ့။ ဒါကြောင့်မို့  အဲဒီ " အဇ္ဇအာဒိံ ကတွာ"ကိုစိတ်ထဲက သိပ်ဘဝင်မကျဘူး။
အဲ…… ပထမဆုံးတွေ့ လို့  အခုစာထဲမှာပါတဲ့အတိုင်းဆိုတာတွေက အဲဒါမျိုး မြတ်စွာဘုရားနဲ့ တွေ့ ၊ ဘုရားတရား
ဟောလိုက်တော့ သိပ်သဘောကျသွားပြီးတော့ ထပြောတယ်။
"တပည့်တော် ယနေ့ မှစပြီးတော့ အသက်ဆုံးသည်တိုင်အောင် ကိုးကွယ်သည့်ပုဂ္ဂိုလ် ဥပါသကာဟူ၍ မှတ်တော်
မူပါဘုရား" လို့ ပြောတာကိုး---။ သူတို့ က ဟုတ်တယ်လေ။ နဂိုတုန်းက ဘုရားတပည့်မှ မဟုတ်ခဲ့ပဲ။ ဗုဒ္ဓဘာသာမဟုတ်ခဲ့ဘူး။ 
အခု ဘုရားနဲ့ တွေ့ လို့  ဘုရားက တရားဟောလိုက်လို့  သူ့ ဖာသာသူ Convert လုပ်တာပေါ့။ အဲဒီအခါကျမှ တပည့်တော်ကို ဒီနေ့ ကစပြီး အရှင်ဘုရား တပည့်လို့ မှတ်ပါ။ ဒါသဘာဝကျတယ်။ တို့  (ဒို့ )က မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်လာတာ။
အဲဒါ ဒီနေ့ ကစပြီးတော့"တပည့်တော်ဘုရားကိုးကွယ်ပါတယ်ဘုရား" ဆိုတော့  ခုနကလို စကားကပ်စရာရှိတယ်။
ကျမ်းဂန်မှာတော့ အဲဒီနည်းတွေ ပေးထားတာရှိတယ်။ "ယနေ့ မှအစပြု၍"တို့ ဘာတို့ ---။ 
အဲဒါကတော့ ခုနကလို ဖြစ်ဖို့ ရှိတယ်။ အစဖြစ်တဲ့သူကတော့ ဒါဟုတ်တယ်။ ယနေ့ ကိုအစပြုပြီး တပည့်တော် ဗုဒ္ဓဘာသာဖြစ်ပါပြီပေါ့လေ။ အဲဒီလို လုပ်တာ"
                                       ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ပုံတော်
၃။
သရဏဂုံသည် (က) လောကုတ္တရာသရဏဂုံ (ခ) လောကီသရဏဂုံ ဟု ၂ မျိုးရှိကြောင်း ကျမ်းဂန်ဆို၏။
 လောကုတ္တရာသရဏဂုံသည် အရိယာပုဂ္ဂိုလ်တို့ ၌သာ တည်၏။ ညစ်နွမ်းခြင်းမရှိ၊ ပျက်စီးခြင်းမရှိ၊ ခိုင်မာတည်မြဲ
သော သရဏဂုံအမျိုးအစားဖြစ်၏။ လောကုတ္တရာသရဏဂုံသည် အရိယဖိုလ် ၄ ပါး၊ သံသရာဝဋ်ဆင်းရဲဒုက္ခကုန်
ခမ်းချုပ်ငြိမ်းခြင်း အကျိုးရှိ၏။ (သာမညဖလသုတ်အဖွင့်အဋ္ဌကထာ စသည်။)
လောကီသရဏဂုံသည် သဒ္ဓါနှင့်ပညာအပေါ် အခြေခံ၏။ ရတနာ ၃ ပါးအကြောင်းမသိနားမလည်သေးသော ကလေးသူငယ်တို့ ခံယူဆောက်တည်သော သရဏဂုံသည် သဒ္ဓါသရဏဂုံ (ဝါ) ပညာမပါသော ပညာမဲ့သရဏဂုံ ဖြစ်၏။
 ရတနာ ၃ ပါးကျေးဇူးဂုဏ်ကိုသိနားလည်၍ ခံယူဆောက်တည်သော သရဏဂုံသည် သဒ္ဓါပညာစုံသော သရဏဂုံဖြစ်၏။ 
လောကီသရဏဂုံတည်လျှင် ဘဝကောင်းဘဝမြတ်ရခြင်း၊ စည်းစိမ်ဥစ္စာပြည့်စုံခြင်းအကျိုးရှိ၏။
လောကီသရဏဂုံသည် တည်ပုံတည်နည်းအခြင်းအရာကိုလိုက်၍ ၄ မျိုးကွဲပြားသည်။ ယင်း ၄ မျိုးမှာ……
(က)အတ္တသန္နိယျာတနသရဏဂုံ = မိမိကိုယ်ကို ရတနာ ၃ ပါးအားအပ်နှင်းလှုဒါန်းသော သရဏဂုံ
{အကျွန်ုပ်သည် မိမိကိုယ်ကိုရတနာ ၃ ပါးအား အပ်နှင်းပါ၏=ဟုဆိုခြင်း}
(ခ) တပ္ပရာယဏသရဏဂုံ= ရတနာ ၃ ပါးမှာ သက်ဝင်ကိုင်းရှိုင်းညွတ်နူးသောအားဖြင့်တည်သောသရဏဂုံ
{အကျွန်ုပ်သည် ရတနာ ၃ပါးသာလျှင် သက်ဝင်ကိုင်းရှိုင်းညွတ်နူးသူဖြစ်၏-ဟုဆိုခြင်း}
(ဂ) သိဿဘာဝူပဂမနသရဏဂုံ= တပည့်အဖြစ်ခံယူခြင်းသရဏဂုံ
{အကျွန်ုပ်ကို ရတနာ ၃ ပါး၏တပည့်ရင်းမှတ်ပါ-ဟု ဆိုခြင်း}
(ဃ) ပဏိပါတသရဏဂုံ= ရတနာ ၃ ပါး၌သာ အရိုအသေပြုသော သရဏဂုံ
{ရတနာ ၃ ပါးကိုသာလျှင် ရှိခိုး၊ခရီးဦးကြိုဆို၊ လက်အုပ်ချီအရိုအသေပေးသူမှတ်ပါ-ဟု ဆိုခြင်း} ဟု ဖြစ်ပါ၏။
သက်ဆိုင်ရာ အဋ္ဌကထာ၊ ဋီကာကျမ်းစာများတွင် အထက်ဖော်ပြပါ လောကီသရဏဂုံ ၄ မျိုး ဆောက်တည်ပုံ များကို ပါဠိဖြင့် ဖော်ပြထား၏။  တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသင်ကြားချပေးသော သရဏဂုံပါဠိဆိုနည်းမှာ အတ္တသန္နိယျာတနသရဏဂုံဆောက်တည်နည်းတွင် အကျူံးဝင်ကြောင်းတွေ့ ရ၏။
ကျမ်းစာပါမူရင်းပါဠိမှာ  " အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ , ဓမ္မဿ,သံဃဿ"ဟု ဖော်ပြထား၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက အဇ္ဇာဒိံ ကို အဇ္ဇ အာဒိံ ဟု ဆိုထား၏။ 
ယင်းမှာ ပါဠိသဒ္ဒါနည်းအရ ပုဒ်စပ် ကို ပုဒ်ဖြတ်ခြင်း ပြုထားသောကြောင့် အလွဲအမှားမဟုတ်ပါချေ။ ဆိုဖွယ်ရှိသည်မှာ
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ နိယျာဒေမိ ပင်ဖြစ်၏။ မူရင်းပါဠိမှာ နိယျာတေမိ ဟု ဖြစ်၏။
ပါဠိပုဒ်တည်ဆောက်ပုံ အခြေခံဓာတ်မှာ "ယတ"ဓာတ်ဖြစ်၏။ မဟာဝိသုဒ္ဓါရုံဆရာတော်၏ ဓာတွတ္ထသင်္ဂဟကျမ်း
ဂါထာအမှတ်၊၃ဝ၄။တွင်
"ယတော စု တာဠောပကာရေ၊ နိ တု နိယျာတနေ သိယာ။
ယတော၊ ယတဓာတ်သည်။ စု၊ စုရာဒိဂိုဏ်းတည်း။ တာရောပကာရေ၊ ရိုက်နှက်ပုတ်ခတ်ခြင်း ၊ကျေးဇူးပြုခြင်း၌။ နိ တု၊ နိရှေးရှိမူကား။ နိယျာတနေ၊ အပ်နှင်းခြင်း လဲလှယ်ခြင်း၌။ သိယာ၊ ဖြစ်ရာ၏" ဟု မိန့် ဆိုရေးသားတော်မူ၏။
သဒ္ဒနီတိ၊ ဓာတုမာလာနှင့် အခြားသဒ္ဒါကျမ်းတို့ ၏ပါဠိအဆိုများကို အနှစ်ချုပ်ကောက်နုတ်ပြပြီးနောက် "သာသနာတော်ကျမ်း၌ကား ဒထွေးနှင့် "နိယျာဒေတိ"ဟူ၍လည်း ပါဌ်ရှိ၏။ လောကီကျမ်း၌  တဝမ်းပူသာရှိသည်"
ဟု မြန်မာဘာသာမှတ်ချက်ရေးတော်မူ၏။ သဒ္ဒနီတိ၊ ဓာတုမာလာတွင် လည်း----
"ယတ နိကာရောပကာရေသု။ ယတေတိ၊ ယတယတိ။ နီတော စ ပဋိဒါနေ၊ ယတဓာတု နိဥပသဂ္ဂတော ပရော ပဋိဒါနေ ဝတ္တတိ၊ နိယျာတေတိ၊ နိယျာတယတိ။ တကာရဿ ပန ဒကာရတ္တေ ကတေ "နိယျာဒေတိ၊
နိယျာဒယတိ။ ရထံ နိယျာဒယိတွာန အဏဏော ဧဟိ သာရထိ"ရူပါနိ"ဟု ဆိုထားလေရာ နိရှေးရှိသော ယတဓာတ်၊ စုရာဒိဏေပစ္စည်းတွင် တဝမ်းပူဖြင့် နိယျာတေတိ ဟုလည်းကောင်း၊ တဝမ်းပူကို ဒဒွေးအဖြစ်သို့ ပြောင်းလဲ၍
 နိယျာဒေတိ ဟုလည်းကောင်း ရှိနိုင်ကြောင်း ဆိုမိန့် ထားကြလေပြီ။
ထို့ ကြောင့် အတ္တသန္နိယျာတနသရဏဂုံဆောက်တည်ပုံပြပါဠိတွင် "နိယျာတေမိ"ဟု ပြဆိုထားသော်လည်း ပါဠိသဒ္ဒါကျမ်းများအရ (တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဆိုသလို) "နိယျာဒေမိ"ဟုလည်း ဆိုနိုင်ကြောင်း လေ့လာတွေ့ ရှိရပါ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက "ယနေ့ ကို အစပြု၍ ဘုရားကို ကိုးကွယ်ပါ၏၊ တရားကို ကိုးကွယ်ပါ၏၊ သံဃာကို ကိုးကွယ်ပါ၏"ဟု သူ၏ပရိသတ်ကို သင်ပြပေး၏။
ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသင်ပြသောနည်း (ယနေ့ ကို အစပြု၍) မှာ ယနေ့ မှာဗုဒ္ဓဘာသာဝင်ဖြစ်လာသူများအတွက် သင့်လျော်သော်လည်း မွေးကတည်းကဗုဒ္ဓဘာသာဝင်
ဖြစ်လာသူ၊             သရဏဂုံတည်လာပြီးသူများအတွက်မူ ဆရာတော်ရှင်းပြသလို စကားကပ်ဖွယ်ရှိနေကြောင်း အခြေခံဗုဒ္ဓဘာသာသင်တန်းတွင် ရှင်းလင်းဝေဖန်တော်မူခဲ့လေသည်။
ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ၏ အခြေခံဗုဒ္ဓဘာသာသင်တန်းနားထောင်ရန်လင့်များမှာ ဖော်ပြပါအတိုင်း---
အမရဒီပ
၅-၃-၂ဝ၁၂