Total Pageviews

Monday, April 16, 2012

တောင်ပုလု၏သရဏဂုံအမှား- ၂


၁။
တောင်ပုလု၏သရဏဂုံအမှား- ၁ ဆောင်းပါးတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် 
ဓမ္မပဒပါဠိတော်ကို အလွဲသုံးစားပြု ကိုးကားကာ ယင်း၏ကိုယ်ပိုင်အယူအဆဖြစ်သည့် " တရားကို အထူး
အားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"  ဟူသောထေရဝါဒဗုဒ္ဓဘာသာစာပေနှင့်မဆီလျော်
သော ဟောပြောမှုကို ပြုလုပ်ခဲ့ကြောင်း ရေးသားခဲ့၏။
စာဖတ်သူများအနေဖြင့် "တရားဟောတာပဲ၊ စာရေးတာမဟုတ်ဘူးလေ။ ဒီတော့ အမှားအယွင်းဆိုတာ မတော်
တဆ ပါသွားနိုင်တယ်၊ အဲဒါ ကိုယ်ချင်းစာကြည့်ပြီး ဒီအမှားလေးတခုကို ရေးကြီးခွင်ကျယ်မလုပ်သင့်ပါဘူး" ဟု ပြောနိုင်ပါ၏။ ပြောမည်ဟုလည်း မျှော်လင့်ပါ၏။
"တရားကိုအထူးအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကိုရစေနိုင်တယ်"ဟူသော စကားတခွန်း (သို့ မဟုတ်) အယူအဆတခုကို ဟောပြောသူအနေဖြင့် မတော်တဆပြောမိဟောမိခြင်းမဟုတ်ကြောင်း သက်သေပြလိုပါ၏။ အမှားအသေးစားတခုလည်းမဟုတ်ကြောင်း ပြောလိုပါ၏။ 
 
၂။
"သရဏဂုံတည်ခြင်းအကျိုးတရား"အမည်ပေးထားသည့် ဟောပြောချက်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာ
တော်အရှင်နန္ဒိယက ဖော်ပြပါအတိုင်း ပြောဟောပြန်၏။
"လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"
"ဒွေမာ ဘိက္ခဝေ ဒုပ္ပဇဟာ၊ ကတမာ ဒွေ၊ လာဘာသာ စ ဇီဝိတာသာ စ၊ ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာ ဒုပ္ပဇဟာ။ 
(အဂုင်္တ္တိုရ်၊ ၁၊ နှာ- ၈၆)
အဓိပ္ပါယ်ကတော့---မိမိ၏အသက်၌ကပ်ငြိတွယ်တာသာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်၊ လာဘ်၌ကပ်ငြိ
တွယ်တာ သာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်။ ဒီလိုစွန့် နိုင်ခဲတဲ့ အကြောင်းတရား နှစ်ပါးတို့ တွင် တပါးပါးကို
စွန့် ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင် တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"

အထက်ပါဟောပြောချက်ကိုကြည့်ခြင်းဖြင့် မတော်တဆ "လျှာခလုတ်တိုက်"ပြောမိဟောမိသော စကား
မဟုတ်ကြောင်း သိသာပေပြီ။
 
၃။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ ကိုးကားသော အဂုင်္တ္တရနိကာယ်လာပါဠိတော်၏မြန်မာပြန်
မှာ ဖော်ပြပါအတိုင်းဖြစ်၏။
"ရဟန်းတို့ --- စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်း"အာသာ"တို့ သည် ဤနှစ်မျိုးတို့ တည်း။ အဘယ်နှစ်မျိုးတို့ နည်း
ဟူမူ--- လာဘ်ကိုတပ်မက်ခြင်း "အာသာ"၄င်း၊ အသက်ကိုတပ်မက်ခြင်း"အာသာ"၄င်းတို့ တည်း။ ရဟန်းတို့ --
စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း။"
(အဂုင်္တ္တိုရ်ပါဠိတော်မြန်မာပြန်၊ ၁၊ ၃၉။)

အဂုင်္တ္တရနိကာယ်၊ အာသာဒုပ္ပဇဟဝဂ်လာ ဘုရားရှင်၏စကားတော်ကို ကိုးကားသော ဟောပြောချက်၏ မူရင်းဆိုလိုချက်မှာ  သတ္တဝါတို့ သည် (၁) မိမိအသက်ကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်။ (၂) လာဘ်လာဘကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်ဟုသာ ပြောလိုရင်းဖြစ်၏။
အသက်၌တပ်မက်မှု၊ လာဘ်လာဘ၌တပ်မက်မှုစိတ်တို့ ကို စွန့် လွှတ်ပြီး ရတနာသုံးပါး ကို ကိုးကွယ်ပါက 
တရားအားမထုတ်ရဘဲ အရိယမဂ်ဖိုလ်ကို ရစေနိုင်ကြောင်း မူရင်းပါဠိတော်နှင့် တကွ အဋ္ဌကထာ၊ ဋီကာကျမ်းတို့ 
တွင် မိန့် ဆိုထားခြင်းလုံးဝမရှိပေ--။

ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မပဒပါဠိတော်နှင့် အဂုင်္တ္တရပါဠိတော်များကို "ဟန်ရေးပြ"လျက် တရားကို အထူးအားမထုတ်ရဘဲ (သို့ မဟုတ်) တရားကို အားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရစေနိုင်သည်ဟူ သော အယူအဆမှာ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက ဘုရားရှင်၏စကားတော်ကို ဖျက်ဆီးမှုသာဖြစ်၏။ ဘုရားမဟောသည်ကို ဟောသည်ဟု ဘုရားရှင်အပေါ် စွပ်စွဲချက်ဖြစ်၏။ အာဘော်လွန်ဟောပြောချက်ဖြစ်၏။ အသင့်ယုတ္တိကင်းမဲ့သော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယတို့ လို ဂုဏ်ကြီးရှင်ဆရာတော်များရှောင်ရှားသင့်သော အပြုအမူဖြစ်၏။

 
၎။
ထိုမျှမကသေးပါ---။ "တရားအားထုတ်စရာမလို၊ တရားနာရုံမျှနှင့် အရိယာဖြစ်နိုင်သည်"ဟုလည်းကောင်း၊ "နာ(တရားနာ)စရာမလို၊ သိရင် အရိယာဖြစ်ပြီ"ဟုလည်းကောင်း အယူအဆမှားများ တချိန်က ပေါ်ပေါက်ဖူး၏။
ယခုလည်း တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကလည်း "တရားအားထုတ်စရာမလို၊ သရဏဂုံတည်ရုံနှင့်အရိယာဖြစ်ပြီ"ဟုထွင်လိုက်ပြန်ပြီ။စင်စစ်အားဖြင့်တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်သည်  ပဋိပတ္တိသာသနာကိုကွယ်ပျောက်အောင်၊ ပျက်စီးအောင် အားပေးအားမြှောက်
ပြုသော စကားဖြစ်၏။ အယူအဆမှား (အဓမ္မဝါဒ၊ မိစ္ဆာဝါဒ)များ ပေါ်ထွက်စေရန် လမ်းခင်းပေးသော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကိုယ်တိုင်က အယူမှားကိုလက်ခံယုံကြည်နေပြီးချဉ်းကပ်
လာသူတပည့်အပေါင်းကို ဟောပြော၊စာအုပ်အဖြစ်ထုတ်ဝေနေသည့်အတွက် သာသနာတော်အတွက် အလွန်
အန္တရာယ်ရှိသော လုပ်ရပ်လည်းဖြစ်၏။

မြတ်စွာဘုရားရှင်က ဤသို့ ဆုံးမဟောကြားတော်မူထား၏။
"ဒွေ မေ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ။ ကတမေ ဒွေ။ ပရတော စ ဃောသော၊ အယောနိသော စ မနသိကာရော။ ဣမေ ခေါ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယာတိ။ "
(အဂုင်္တ္တရနိကာယ်၊ ဒုကနိပါတ်၊ အာသာဒုပ္ပဇဟဝဂ်)

"ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့ သည် ဤ နှစ်မျိုးတို့ တည်း---။ အဘယ်နှစ်မျိုးတို့ နည်းဟူမူ--
တပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၎င်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၎င်း တို့ တည်း။ ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန်အကြောင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း (ဟု မိန့် တော်မူ၏။)
(အဂုင်္တ္တရနိကာယ်မြန်မာပြန်၊ ၁၊ ၁ဝ၂။)

"ပရတောဃောသ"ခေါ် သူတပါးအထံမှ တရားအစစ်အမှန်ကို ကြားနာရသူသည် အရိယာမဂ်ဉာဏ်ဆိုက်ရောက်
နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။ တရားအတုအယောင်ကြားနာရသူကား မိစ္ဆာဒိဋ္ဌိဖြစ်နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။

အမှန်အားဖြင့် တရားဟောသူသည် ဟောရုံနှင့်မပြီးသေး၊ စစ်မှန်သောတရားဖြစ်အောင် ကြိုးစားသင့်၏။
တရားနာယူသူသည် နာကြားရုံနှင့်မပြီးသေး၊ အစစ်အမှန်တရားကို နာယူတတ်အောင် ကြိုးစားသင့်ပါ၏။
ဟောသူ၊ နာသူတို့  ဟောရုံနာရုံလောက်နှင့် ရပ်တန့် ကျေနပ်နေကြလျှင် မိစ္ဆာဒိဋ္ဌိ (အယူမှား) ဖို့  အကြောင်း ဖန်လာတတ်လေသည်။

ယခုအချိန်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံအမှားကို အမွေဆက်ခံကာ "ဘုရားဘယ်လိုဟောဟောဂရုမစိုက်၊ငါ့ဆရာဟောတဲ့အတိုင်းသရဏဂုံတရားဟောသည်"ဟူသော နောက်လိုက်တပည့်
တဦးကြောင့် သရဏဂုံအမှားသည် ကွယ်ပျောက်မသွားဘဲ ဗုဒ္ဓ၏တရားတော်ကို ယုံကြည်လိုက်နာသူတို့ အား လမ်းမှားရောက်အောင် တွန်းပေးနေသည့် "ငှက်ဆိုးထိုးသံ"အဖြစ် ပေါ်ထွက်နေပြီ ဖြစ်ကြောင်း သတိပေးပါ၏။ 

အမရဒီပ
၎-၁၆-၂ဝ၁၂

No comments: