"သင်္ကြန်ပွဲတော်"သည် မြန်မာပြည်အပါအ၀င်အရှေ့တောင်အာရှဒေသ၏ ပွဲတော်တခု
ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊
သက္ကတဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက်မြန်မာပြန်တော့ "သင်္ကြန်"ဟု ဖြစ်လာသည်။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့်
လည်သည်။ ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစ အဿဝနီနက္ခတ် ပထမပတ်သို့ စတင်ဝင်ရောက်သည်။ ယင်းသို့ ရာသီခွင်တ
ပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ ကူးပြောင်းသောကြောင့်"သင်္ကြန်"
ကျသည်ဟု ခေါ်လေသည်။
ကွဲပြားသောယူဆချက်လည်း ရှိသေး၏။ တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိသည်။ သိကြားမင်းလူ့ပြည်ဆင်းချိန်
သည် "သင်္ကြန်ကျချိန်"ဖြစ်သည်။သိကြားမင်းမဆင်းမီ တရက်အလိုသိကြားမင်းကိုကြိုဆိုသော
နေ့ဖြစ်သောကြောင့် "သင်္ကြန်အကြိုနေ့" ခေါ်သည်ဟုလည်း အချို့ ယူဆကြသေး၏။
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူသိနိုင်သောနည်းမှာ လွန်ခဲ့
သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ
နှစ်၏ သင်္ကြန်အကျနေ့ပင် ဖြစ်သည်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့
ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု
ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါသည်။
သင်္ကြန်အခါတော်သည် ဧပြီလအတွင်းကျရောက်လေ့ရှိသည်။ မြန်မာနှစ် ၁၁၀၁ တွင်
ဧပြီလ ၁၀ ရက်နေ့မှာ သင်္ကြန်ကျခဲ့သည်။ ၁၁၆၂ တွင် ဧပြီလ ၁၁ ရက်၊ ၁၂၂၀ တွင် ဧပြီလ ၁၂ ရက်၊ ၁၂၆၃ တွင် ဧပြီလ ၁၃ ရက်၊ ၁၃၀၁ ခုလောက်မှ စ၍ ဧပြီလ ၁၄ ရက် သင်္ကြန်ကျ
သည်။ ယခုနှစ် ၁၃၇၂ ခုနှစ်တွင်လည်း ဧပြီလ ၁၄ တွင် သင်္ကြန်ကျပါမည်။
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး
ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ကူးပြောင်းသည်ဟု ဆိုနိုင်သည်။ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်းတို့မှာ"သာမညကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား-စူဠသင်္ကြန်" တို့သာဖြစ်နေသည့်အတွက် လူတို့က အလေးအနက်ထားကာ အသိအမှတ်မပြုခဲ့ကြချေ-------။ ဂြိုဟ်အပေါင်းတို့၏မိခင် တနင်္ဂနွေဂြိုဟ်ကိုသာ အလေးဂရုပြု
ကာ နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြသောကြောင့် တနင်္ဂနွေဂြိုဟ်ပြောင်းရွှေ့ကူးပြောင်းခြင်းကို
သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး-မဟာသင်္ကြန်"ဟုလည်းကောင်း အလေး
အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော်ဆင်နွှဲကျင်းပကြပါသည်။ ထို့ကြောင့် ဧပြီလအစပိုင်း
သို့မဟုတ်အဆုံးပိုင်းရက်များတွင်ဖြစ်စေ၊မေလ၊ဇွန်လ၊ဇူလိုင်လများတွင်ဖြစ်စေကျင်းပလေ့ရှိကြသော အနောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများသည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ
"စူဠသင်္ကြန်ပွဲ"များသာဖြစ်သည်ကိုသတိပြုစေလိုပါသည်။ ထို့ပြင်ရှေးမြန်မာတို့သည်စူဠသင်္ကြန်
ပွဲများကို ပြုလုပ်ကျင်းပလေ့မရှိသောကြောင့် အနောက်ရောက်ရွှေမြန်မာတို့၏ပွဲကို"မြန်မာ့ရိုးရာ
ဓလေ့သင်္ကြန်ပွဲ" ဟုလည်း ဆင်ခြင်ပေးရန် ခက်ခဲပါသည်။ "ရေသဘင်ပွဲတော် " Water Festival
ဟု ဆိုသော် သင့်မြတ်ဖွယ် ရှိပါသည်။
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရတို့ကို တွေ့ရပါသည်။ "အတာ"ဟူသည် လောကီအလို ဒဏ်သင့်ခြင်းဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ"ဖြစ်လာသည်ဟုလည်း ကြံဆကြသည်။ ယင်းအလိုအားဖြင့် "အတာ"ဟူသည် " နောက်ဆုံးကာလ၊ အကျပိုင်းကာလ"
ကို ဆိုလိုသည်။ "အတာရက်"မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တနှစ်၏နောက်ဆုံးရက်ပင်
ဖြစ်သည်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ်
လာသည်။ ၂၀၁၀ခုနှစ်၊ ဧပြီလ ၁၆ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ၁ နာရီ ၃၂ မိနစ်၊ ၅၄ စက္ကန့်တွင် သင်္ကြန်တက်ခဲ့၏။ အတာသင့်သော သောကြာသားသမီးတို့သည် အတာတက်
မည့် အချိန်အတိအကျတွင် "အတာစား" ရပါသည်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာပူဇော်ရိုသေ
ထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင် ဆက်ကပ်ပူဇော်ခြင်းကို ဆိုလိုပါသည်။ ၂၀၁၀ပြည့်နှစ်၏
သင်္ကြန်စာတွင် အတာစားပုံကို ဤသို့ တွေ့ရပေသည်။
"အတာသင့်သော သောကြာသားသမီးတို့သည် အတာတက်သောအချိန်၌ ရတနာ ၇ ပါးဖြင့်
ဆင်ယင်၍ မြတ်သောနေရာမှ ဘုရား၊ တရား၊သံဃာရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊
ဗြဟ္မာသိကြား၊ စတုလောကပါလ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တို့အား မိမိတို့ ဆန္ဒရှိသော
ဝတ္ထုပစ္စည်းတို့ဖြင့် လှူဒါန်းပူဇော်ပသ၍ တိထီမြေခံ အင်္ဂါ၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့မျက်နှာမူပြီးလျှင် အတာစားကုန်ရာသည်။"
အတာစားလိုက်သည့်အတွက် သောကြာသားသမီးများသည် တနှစ်လုံး လိုအင်ဆန္ဒ
ပြည့်ဝလာနိုင်သည်။အနှောင့်အယှက်ကင်းသည်။ကောင်းကျိုးချမ်းသာမင်္ဂလာသုခအပေါင်းတို့ ပြည့်ဝလာနိုင်ကြောင်း ၂၀၁၀ သင်္ကြန်စာတွင် ဖော်ပြပါအတိုင်း တွေ့ရ၏။
"အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ပသေနဒီကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားတော်မူ
သည်ကို အကြောင်းပြု၍ ထိုကဲ့သို့ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသောသူတို့
သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက်ပြည့်စုံကုန်ရာသည်။"
(သင်္ကြန်စာတွင် အတာစားသည့်အတွက် ကောင်းကျိုးပြုပုံများကို မြတ်စွာဘုရားရှင်က ကောသလမင်းကြီးအား ကိုယ်တော်တိုင် ဟောတော်မူခဲ့လေဟန် ရေးသားထားသော်လည်း ကောသလသံယုတ်စသော ခိုင်ခံ့သော နိကာယ်ပါဠိတော်ကြီးများ၌ မလာရှိကြောင်း သိရပါ
သည်။) မင်္ဂလသုတ်တော်နှင့်အညီ ရတနာသုံးပါး၊ မိဘဘိုးဘွားဆရာသမား၊ သူတော်ကောင်း
များကို ရိုသေခြင်း၊ ပေးလှူခြင်းစသည်တို့မှာ ကုသိုလ်နှင့်တွဲနေသော မင်္ဂလာတရားတော်များ ဖြစ်သည့်အတွက် အပြစ်ကင်း၍ ပြုသင့်ပြုထိုက်သော အရာများဖြစ်ပါသည်။
"အတာအိုး"အကြောင်း ဆက်လက်တင်ပြပါမည်။ အတာအိုးကို သင်္ကြန်ကို စောင့်ကြို
သည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ရသည်။ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်
စေ ရေပြည့်အိုးမှာ ထည့်ကြသည်။ နံပတ် ၇ မှာ တနင်္ဂနွေစသော ၇ ရက်ကို ကိုယ်စားပြုသည်
ဟု သိရပါသည်။ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦးဝင်းထရံစသည်တို့၌ ထိုးစိုက်ကာ ဆုတောင်းဆုယူပြုလေ့ရှိကြပေ
သည်။ယခုအခါ အတာအိုးထားခြင်းဓလေ့သည် မြန်မာလူမှုနယ်ပယ်၌ကွယ်ပျောက်စပြုလာ
ချေပြီ----------။
သင်္ကြန်ကျပြီးနောက် ဦးခေါင်းဆေးမင်္ဂလာပြုကြရပါသည်။ ၂၀၁၀ သင်္ကြန်စာတွင် "သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် (၂၄) မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာ ပြုရာ၏၊ ဤကားအများနှင့်ဆိုင်သော သာမညအခါပေတည်း။"ဟု ဆို
ထားသည်။
သင်္ကြန်သည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိသည်။ ဗသျှူ
သင်္ကြန်ဖြစ်ကသင်္ကြန်မ၀င်မီ ဦးခေါင်းဆေးကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ
ဦးခေါင်းဆေးကြရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ
သည်။ (သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်းဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။) သင်္ကြန် အမျိုးအစား ၁၂ မျိုးဟုလည်း သုတေသနသရုပ်ပြအဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက်မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြသည်။ နိမိတ်ယူခြင်းပြုခဲ့ကြသည်။ ကိုယ်စိတ်
သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြသည်။ ဆရာမောင်ထင်ကသူ၏ မြန်မာ
ဆယ့်နှစ်လများစာအုပ်တွင် "သို့သော် လူကြီးများကား သင်္ကြန်နှစ်သစ်ကူးအခါတော်တွင် ကိုယ်နုတ်နှလုံးသုံးပါးစုံစင်ကြယ်စေသည်ဟူသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းကို ဆေးကြ
လျှော်ကြသည်။ မြန်မာမင်းတို့လက်ထက်တွင်မူ ဘုရင်မင်းမြတ်တို့ကိုယ်တိုင် ဦးခေါင်းဆေး
မင်္ဂလာကို ကြီးမှုး၍ ကျင်းပသည်။ ထိုဦးခေါင်းဆေးမင်္ဂလာနှင့်စပ်လျဉ်း၍ လူငယ်တို့က လူကြီး
တို့၏ ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးလျှော်ပေး၍ ကုသိုလ်ယူကြသည်။"ဟု ရေးသား
ခဲ့သည်။ နေ့နံအလိုက် ဦးခေါင်းဆေးမင်္ဂလာပြုနည်းများကို သင်္ကြန်စာတွင် အသေးစိတ်လေ့
လာနိုင်ပါသည်။
ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို ၂၀၁၀သင်္ကြန်စာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဆိုအပ်သောတနင်္ဂနွေဂြိုဟ်မင်း
သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့်တဘဂဂဏပြည့်၍ မိန်ရာသီအ၀သာန်န၀င်းမှ မိဿ
ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည်ရှိသော်။ က္ကူဓ၊ ဤလူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ်
အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။ တေသံ၊ ထိုဦး
ခေါင်းဆေးကုန်သောသူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့
သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာခြင်း၏အဘို့ဖြစ်ကုန်သော။
သတသဟဿာနိ၊ တသိန်းသောအကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
သင်္ကြန်ကျပြီဆိုလျှင် ဘာကြောင့် ရေကစားကြသနည်း-----။ ရှေးခေတ်က ဘယ်လို ရေကစားကြသနည်း------။
ဝေဒပညာရှုထောင့်မှ ဤသို့ ဆိုကြသည်။ သင်္ကြန်ကျချိန်သည် အာပေါဓာတ် မိုးနက္ခတ် ရေ
ရာသီ ငါးကြင်းရုပ်အမှတ်အသားရှိသော မိန်ရာသီမှ ဆိတ်ရုပ်သဏ္ဍာန် ပူသောသဘောရှိသော မိဿရာသီသို့ တနင်္ဂနွေဂြိုဟ်မင်း ကူးပြောင်းဝင်လာခြင်းဖြစ်သည်။ ကူးပြောင်းသောရာသီအိမ်
အလျောက် သင်္ကြန်ရေတို့ဖြင့် ကြိုဆိုပက်ဖျန်းကြခြင်းဖြင့် ရှေးအခေါ် "ရေဖျန်းသဘင်"ဖြစ်ပေါ်
လာခဲ့ပါသည်။
ရှေးမြန်မာမင်းများလက်ထက်က ရေဖျန်းသဘင်ကို နံနက် နှင့် ညနေအချိန်များတွင်
သာ ကျင်းပစေခဲ့သည်။ ငွေဖလားတွင် ရေကြည်ရေအေး သို့မဟုတ်အမွေးနံ့သာထုံရည်များကို
အပြည့်ဖြည့်၍ သပြေခက်ဖြင့် ယဉ်ကျေးစွာ တဦးကို တဦးရေပက်ခြင်း၊ ရေကစားခြင်းပြုခဲ့ကြ
သည်။ ဆရာမောင်ထင်ကမူ ဂွမ်းဆွတ်၍ ရေလောင်းကြသည်ဟု ဆိုထားပေ၏။
"သင်္ကြန်ရေက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။ ရေသည် မေတ္တာ
ဓာတ်ကို တင်စားသည်။ ရေကစားကြသည်မှာ ' ရေလိုအေး၍ ပန်းလိုလန်းပါစေ'ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်သည်။ ရှေးက ဤအနက်အဓိပ္ပါယ်ကို ၀ိသေသထူးစေခြင်းငှါ
"ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်သော" အမွှေးအကြိုင်တို့ကို ဖလားတွင်ထည့်၍ ဂွမ်းဆွတ်ပြီးလျှင် ရေလောင်းကြသည်။ " (ဆရာမောင်ထင်)
ယနေ့ခေတ်တွင် သင်္ကြန်ရေလောင်းခြင်းကို ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အရေးပါ
သောပွဲတော်တခု ဖြစ်လေဟန် ဟောပြောလာသည်ကို တွေ့ရ၏။ "သင်္ကြန်ရေထိလျှင် ပြုထား
သမျှ အကုသိုလ်တွေ ကင်းစင်သွားကြောင်း " အမေရိကန်နိုင်ငံ၊ မြို့တော်တခုရှိ မြန်မာဗုဒ္ဓ
ဘာသာအသင်း၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူ ဆရာဝန်တဦးက အင်္ဂလိပ်ဘာသာဖြင့်ဟော
ပြောသည်ကို စိတ်ပျက်ဖွယ် ကြားနာရဖူး၏။ အမှန်အားဖြင့် သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာ
သာနှင့် ပတ်သက်ဆက်နွယ်ခြင်း အလျဉ်းမရှိပါချေ--------။ သင်္ကြန်ပွဲလူစည်ကားရေးအတွက်
ဗုဒ္ဓဘာသာကို ခုတုံးလုပ်အလွဲအသုံးချတာမျိုး မလုပ်သင့်ကြောင်း သတိပြုသင့်ပေသည်။
မြန်မာသမိုင်းတွင် ပုဂံဘုရင် နရသီဟပတေ့ ခေါ် တရုတ်ပြေးမင်းလက်ထက်အေဒီ၁၃ ရာစုတွင် ကျင်းပခဲ့သော ရေဖျန်းသဘင်မှာ ရှေးအကျဆုံးဖြစ်သလို အကြမ်းတမ်းဆုံးပွဲလည်း ဖြစ်ခဲ့၏။
ပုဂံဘုရင်နရသီဟပတေ့သည် တရုတ်ဆွန်မင်းဆက်ဘုရင်တို့၏ ဟန်ကျိုးနန်းတော်
တည်ဆောက်ပုံနှင့် ရေချိုးကန်စီစဉ်ထားပုံကို အလွန်သဘောကျသည်။ အချိန်မရွေး ရေသ
ဘင်ပွဲဆင်နွဲနိုင်ရန် စက်တော်ခေါ်ရာခန်းမဆောင်မှ ဧရာဝတီမြစ်ကမ်းပါးရှိ ရေချိုးကန်အထိ
တိုက်ရိုက်သွားရောက်နိုင်သည့် လုံခြုံရေးဥမင်တံတိုင်းကို တည်ဆောက်စေသည်။ ရှင်ဘုရင်
မြို့ပြင်ထွက်ကြောင်း လူသူလေးပါးတို့အကြား သတင်းမပေါက်ကြားစေရန် ရည်ရွယ်ပြီး တည်
ဆောက်ခြင်းဖြစ်သည်။
နေအပူပြင်းဆုံးအချိန် တန်ခူးလတွင် ပုဂံဘုရင်သည် ရေသဘင်ပွဲကို မိဖုရား၊မောင်းမမိ
ဿံအမျိုးသမီးပရိသတ်များနှင့်သာ တပျော်တပါး ဆင်နွှဲလေသည်။ ဘုရင်သည် သူအလွန်ချစ်
မြတ်နိုးသော မိဖုရားစောလုံကို ကျီစယ်လိုသောကြောင့် မိဖုရား၏ဦးခေါင်းပါမကျန်တကိုယ်လုံး
ရွှဲရွှဲစိုအောင် ရေပက်စေသည်။ ရေပက်ကြမ်းသော ဘုရင်ကို မိဖုရားစိတ်ခုသည့်အတွက် ပွဲတော်စာတွင် အဆိပ်ထည့်ကာ လုပ်ကြံသော်လည်း ကံကောင်းထောက်မပြီး ပွဲတော်မတည်မီ
အစာတွင် အဆိပ်ထည့်ထားကြောင်း ဘုရင်သိသွားသည်။ လုပ်ကြံသူမိဖုရားစောလုံကို ဘုရင်
က သေဒဏ်ပေးသည်။ ဤသို့ဖြင့် ပုဂံဘုရင်၏ ရွှင်မြူးဖွယ်ရေသဘင်ပွဲသည် ၀မ်းနည်းပူဆွေး
ဖွယ်ဖြစ်ရပ်နှင့် နိဂုံးချုပ်ခဲ့ရသည်။
ပုဂံဘုရင်သည် မိဖုရားစောလုံသေဆုံးပြီးနောက်ပိုင်း နောင်တရကာစိတ်ဓာတ်ချောက်
ခြားပြီး "စောလုံ လာလှည့်၊ စောလုံ စောင့်ခလှဲ့၊ စောလုံကို ကျုပ်တောင်းပန်ရမယ်"ဟု မကြာခဏ မြည်တမ်းယောင်ယမ်းသည်ဟူ၏။
"ကျီစားသန်၍ ရန်များ"ခဲ့ရသည့် ပုဂံဘုရင်နှင့်မိဖုရားစောလုံဖြစ်ရပ်ကို ပမာပြု၍ ရေက
စားသောအခါ တဦးနှင့်တဦး အလွန်အကျွံ ပြောင်လှောင်ကျီစယ်ခြင်းမပြုလုပ်ရန်၊ ယဉ်ကျေး
သိမ်မွေ့စွာ ရေကစားကြရန် လူကြီးမိဘများက သတိပေးဆုံးမကြလေသည်။
သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များ
ကို သင်္ကြန်စာများ၌ အောက်ပါအတိုင်း ဖော်ပြထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။ (၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။ (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။ (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။ (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။ (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
သင်္ကြန်ပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာပွဲတော်မဟုတ်သော်လည်း ရုံးပိတ်ရက်များ
ဖြစ်သောကြောင့် ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို ဆောင်ထားရမည့်အရာအနေဖြင့် သက်
ဆိုင်ရာဘာသာဝင်များ ပြုလုပ်ကြပေသည်။ "အခွင့်သာခိုက် လုံ့လစိုက်"သည့်အနေဖြင့်ဆောင်
သင့်သည်ကို ဆောင်၊ ရှောင်သင့်သည်ကို ရှောင်၍ ဗုဒ္ဓ၏မင်္ဂလာတရားတော်နှင့်အညီ မြန်မာ
နှစ်သစ်ဦးကို ကြိုဆိုလေ့ ပြုမြဲဖြစ်ပါသည်။
ယခင်နှင့် ယခုမြန်မာ့ရိုးရာမဟာသင်္ကြန်၏ "အရွေ့"ကား အလွန်မြန်ဆန်ကြောင်း သင်္ကြန်အကြောင်းလေ့လာရင်း တွေ့မြင်ရပါသည်။ ခေတ်ရေစီးကြောင်းကား အရှိန်ပြင်းပြင်း စီးဆင်းနေသည်။ မူလသင်္ကြန်၏သင်္ကေတ၊ နိမိတ်ပုံတို့သည် ယခုအခါ ရေစီးကြောင်းထဲ ဘယ်
လောက် မျောပါစီးဆင်းသွားခဲ့ပြီလဲ၊ ဘယ်လောက်ကျန်နေသေးသလဲ ဟုလေ့လာမိသလောက်
စေ့ငုဆန်းစစ်နေမိပါသည်။
အမရဒီပ
မတ်လ-၁၅-၂၀၁၁
No comments:
Post a Comment