Total Pageviews

Tuesday, July 17, 2012

ပါးစပ်ရာဇဝင်လေးတခု ဖြစ်လို့ ကျန်ရစ်ပြီ



အင်းဝခေတ်စာဆိုကျော် မဟာကဗျာဆရာအရှင်မဟာရဋ္ဌသာရရဲ့ စတုဓမ္မသာရကိုးခန်းပျို့ ကိုဖတ်ရင် နိဂုံးပိုင်းပိုဒ်ရေ ၉ မှာ အောက်ဖော်ပြပါအတိုင်း ရေးသားတော်မူခဲ့တာ တွေ့ ရပါမယ်။

"ဗုဒ္ဓဃောသာ၊ ဆရာထေရ်မြတ်
ကဝိထွတ်လျှင်၊ ပိဋကတ်နှုတ်
နက်စံထုတ်သား၊ ဝိသုဒ္ဓိမဂ်
သစ်စက်စက်ကို၊ သိုဝှက်သိကြား
ကွယ်ရာထားမှ၊ စီးပွားရှာရှာ
နှင်းပြန်လှာသို့ ၊ ဤစာဇာတ်ပေါင်း
သုံးနှစ်အောင်း၍၊ အကြောင်းမသိ
ပျောက်ဘွယ်ရှိလျက်၊ ဇာတိရိုက်ရာ
နန်းဖွင့်ခါနှင့်၊ ကြမ္မာချိန်သင့်
လင့်သောကြိုက်ဝယ်၊ တတိုက်စကြာဝဠာ
ကျွန်းချာနှိပ်နင်း၊ မင်းတို့ စီးတန်
မှန်သည့်လက္ခဏာ၊ အင်္ဂါကြန်ရုံ
စွယ်စုံပျိုလူး ၊ ဝှေ့ စူးရဲမာန်
လျင်ထန်သန်ကြွား၊ စွမ်းအားခြင်္သေ့
လှမြေ့ဆင်းရောင်၊ငွေတောင်အတူ
ဆင်ဖြူပေါက်ကြီး၊ ရမြောက်ပြီးသော်
ဝေးနီးပြောင်ပြောင်၊ တန်ခိုးရောင်ဖြင့်
ရန်မှောင်ဖျောက်ပယ်၊ ပင်လယ်ချောက်မွှေ
သရေခေတ္တရာ၊ မြစ်ညာအင်းဝ
မြန်မာ့တိုင်းလုံး၊ ယူကျူံးနိုင်ငံ
နေလစံသို့ ၊ မောင်နှံလွှမ်းမိုး
နှစ်ပြည်စိုးသား၊မင်းရိုးမင်းသား
မင်းတရား၏၊ ရွှေနားတန်ဆာ
ရတနာဟု၊ သဒ္ဓါနှိုးဆော်
နတ်များဖော်သည်၊   ၊ ဘုန်းတော်အတုမဲ့တောင်းတည်း။ "

 
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို အရှင်မဟာဗုဒ္ဓဃောသ (သာသနာနှစ် ၉၇၂မှာ)ရေးပြုစီရင်ပြီးစဉ်ကာလဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို အစဉ်အဆက်ပြောခဲ့တဲ့ ပြောထုံးတခုရှိပါတယ်။ အဲဒါက ဝိသုဒ္ဓိမဂ်ကျမ်းကို ရေးပြီးသွားတယ်။ အဲဒီစာမူကို သိကြားမင်းယူပြီးဝှက်ထားလိုက်တယ်။ ဒုတိယအကြိမ်ပြန်ရေးရတယ်။ သိကြားမင်းက တိတ်တဆိတ်ယူပြီး စာမူကို 
ဝှက်ပြန်တယ်။ တတိယအကြိမ်ထပ်ရေးရပြန်တယ်။ တတိယစာမူရေးပြီးတော့မှ သိကြားမင်းက ပထမစာမူ၊ ဒုတိယစာမူတွေကို ပြန်ထုတ်ပေးတယ်။ အဲဒီ ဝိသုဒ္ဓိမဂ်ဖြစ်ရပ်လိုပါပဲ ဆိုပြီးတော့ ရှင်မဟာရဋ္ဌသာရက သူ့ 
ကိုးခန်းပျို့ ဇာတ်ပေါင်းခန်းအကြောင်းကို ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ရေးပြပါတယ်။

အင်းဝရွှေနန်းကြော့ရှင် နရပတိဘုရင်လက်ထက် အင်းဝပျက်တဲ့အခါ အရှင်မဟာရဋ္ဌသာရကို ပြည်ဘုရင်ပင့်လို့  စာဆိုရှင်ဟာ ပြည်ရောက်သွားရတယ်။ ပြည်မရောက်ခင် ပုရပိုက်ပေါ်မှာ အက္ခရာတင်ပြီးသွားတဲ့ ကိုးခန်းပျို့ ကို
ဖတ်ရှုနေကြတဲ့ တပည့်တွေဆီပြန်တောင်းတော့ ရှစ်ခန်းပဲ ပြန်ရတယ်။ ဇာတ်ပေါင်းခန်း ပြန်မပါလာတော့ဘူး။ ပြည်ရောက်ပြီး နေသားတကျဖြစ်တော့မှ ဇာတ်ပေါင်းခန်းကို အသစ်ပြန်ရေးပါတယ်။
 နောက် ၃ နှစ်အကြာ မူလဇာတ်ပေါင်းခန်းကို စစ်ကိုင်းတပည့်တွေဆီက စာဆိုပြန်ရတယ်။ 
ကိုးခန်းပျို့ ဇာတ်ပေါင်းခန်းဟာလည်း ဝိသုဒ္ဓိမဂ်ဖြစ်ရပ်လိုပါကလားလို့  ဥပမာပေးပြီး နိဂုံးပိုဒ် ၉ ကို အရှင်မဟာရဋ္ဌသာရ
လှလှပပ ကဗျာဉာဏ်စွမ်း ပြတော်မူသွားပါတော့တယ်။

ဝိသုဒ္ဓိမဂ်စာမူကို သိကြားဝှက်တဲ့ဇာတ်လမ်းကို မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်နိဒါန်းမှာ
မဟာဝံသကျမ်း၊သတ္တတိံသတိမပရိစ္ဆေဒ (အပိုင်း-၃၇)လာ၊ ဂါထာအမှတ် ၂၁၅-ကနေ ၂၄၆ အထိ ကိုးကား
ဖော်ပြပါတယ်။ဒီဆောင်းပါးမှာတော့ သက်ဆိုင်ရာလောက်ကိုသာ ကူးယူတင်ပြပါမယ်။

၂၃၆။     အရှင်ဗုဒ္ဓဃောသသည် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံကို သံဃာတော်ကပေးသော ဤ ၂ ဂါထာ၌သာ
            လျှင် အကျဉ်းချုံးလျက်ပေါင်းစု၍ ဝိသုဒ္ဓိမဂ်မည်သောကျမ်းကို ရေးသားစီရင်တော်မူလေသည်။

၂၃၇။     ထိုသို့ စီရင်ပြီးနောက် အရှင်ဗုဒ္ဓဃောသသည် ဘုရားအလိုတော်၌ ကျွမ်းကျင်လိမ္မာသောရဟန်းအပေါင်း
            သံဃာတော်ကို စည်းဝေးစေပြီးလျှင် သံဃမိတ္တာထေရီမစိုက်ပျိုးခဲ့သော မဟာဗောဓိပင်အနီး၌ ထိုဝိသုဒ္ဓိ
            မဂ်ကျမ်းကိုဖတ်စေရန် အားထုတ်စီမံလေသည်။

၂၃၈။     (ထိုအခါ) နတ်တို့ သည် အရှင်ဗုဒ္ဓဃောသ၏သိမ်မွေ့ ထက်မြက်သောဉာဏ်စွမ်းရည်များကို များစွာသော
            လူအပေါင်း၌ ထင်ရှားပြခြင်းငှါ ထိုဝိသုဒ္ဓိမဂ်ပေစာထုပ်ကို ကွယ်ဝှက်၍ ထားကြကုန်၏။ အရှင်ဗုဒ္ဓဃော
            သည်လည်း ၂ ကြိမ် ၃ ကြိမ်တိုင်တိုင်ပင် ထပ်၍ ရေးသားစီရင်ပြန်လေသည်။

 
၂၃၉။     ၃ ကြိမ်မြောက်၌ ထိုဝိသုဒ္ဓိမဂ်ပေစာကို ဖတ်စေရန်ထုတ်ဆောင်သောအခါ နတ်တို့ သည် (ယခင်က
            ဝှက်ထားသော) အခြားပေစာ၂ ထုပ်ကိုလည်း ထိုအရပ်၌ ထားလေကုန်၏။

၂၄ဝ။     ရဟန်းတော်တို့ သည် ထိုဝိသုဒ္ဓိမဂ်ကျမ်း ၃ စောင်ကို တပြိုင်နက် ရွတ်ဖတ်ကုန်၏။ ထိုသို့ ရွတ်ဖတ်သော
            အခါ  ကျမ်းဂန်ပါဠိတော်အားဖြင့်သော်လည်းကောင်း၊ အနက်အားဖြင့်သော်လည်းကောင်း၊ အစီအစဉ်
            အားဖြင့်သော်လည်းကောင်း--

၂၄၁။     ထေရဝါဒတို့ နှင့်ဖြစ်စေ၊ ပါဠိတော်ဝါကျတို့ နှင့်ဖြစ်စေ ကွဲလွဲခြင်းမည်သည် ကျမ်းသုံးစောင်လုံးတို့ ၌ ပင်
            မရှိသည်သာလျှင် ဖြစ်ပေသည်။

ဒါတွေကို ကြည့်ရင် ကိုးခန်းပျို့ စာဆိုတော်ဟာ မဟာဝံသကျမ်းအဆိုကို ကိုးကားပြီး ကဗျာရေးတယ်ဆိုတာ ရှင်းသွားပါတယ်။

လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယကျမ်း၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ သောဓနာချေပလွှာ (စာ-၃၂၅) မှာ
- ဝိသုဒ္ဓိမဂ်မပေါ်ခင်နှစ် ၂ဝဝ ခန့် ကတည်းက ဝိမုတ္တိမဂ္ဂကျမ်းပေါ်နေပြီ၊ ဝိမုတ္တိမဂ္ဂကျမ်းနဲ့ ဝိသုဒ္ဓိမဂ္ဂကျမ်း တို့ ဟာ အမည်အားဖြင့်ရော အဆိုအမိန့် အားဖြင့်ပါ ဆင်တူယိုးမှားဖြစ်နေတယ်။ ဆိုလိုချက်က အရှင်မဟာဗုဒ္ဓဃောသ အနေနဲ့  ဝိမုတ္တိမဂ်ကျမ်းထဲက စာကူးချတာတွေ ရှိနိုင်တယ်။ ဒီလိုဆိုရင် သိကြားပေထုပ်ဝှက်တဲ့ဇာတ်လမ်းဟာ ထွင်လုံး (လုပ်ကြံဖန်တီး)ဇာတ်လမ်းသာ ဖြစ်တယ်လို့  ဆိုလိုပါတယ်။

ဝိမုတ္တိမဂ်ကျမ်းအကြောင်းကို ဝိသုဒ္ဓိမဂ်ကျမ်းနဲ့ နှိုင်းယှဉ်သုံးသပ်ချက်တွေကို ဒီမှာအကျယ်မရေးသာပါဘူး။
 စိတ်ဝင်စားရင် မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မြန်မာပြန်၊ ပထမတွဲ ၊နိဒါန်းနဲ့  လူသေလူဖြစ်ဝါဒါနုဝါဒဆုံးဖြတ်
ချက် (စာ-၆၉၁) မှာ ဖတ်ရှုပါလို့  ညွှန်းဆိုပါရစေ…….။

လူသေလူဖြစ်ဝါဒဝိနည်းဓိုရ်ဆရာတော်များက ဝိမုတ္တိမဂ်ကျမ်းပါအယူအဆတွေကို အရှင်မဟာဗုဒ္ဓဃောသ၊ ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာအရှင်ဓမ္မပါလတို့ က ဖောက်ပြန်မှားယွင်းတဲ့အယူအဆအဖြစ်သာ မှတ်တမ်းတင်ခဲ့တယ်။
 လက်မခံဘဲ ပယ်ချခဲ့ကြတာဖြစ်လို့  ဝိမုတ္တိမဂ်ကျမ်းအဆိုကို ကူးချတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့  ဆိုထားပါတယ်။ သိကြားဝှက်ဇာတ်လမ်းအကြောင်းကို ဝိနည်းဓိုရ်ဆရာတော်များက…………

"သိကြားဝှက်ဇာတ်လမ်းသည် ပါးစပ်ရာဇဝင်မျှသာဖြစ်၍ ဂန္ထဝင်မြောက် ခုံတည်လောက်သော ကိစ္စမဟုတ်ရကား
စကားလုပ်၍ ဖြေရှင်းနေဖွယ်မလို"……………………….

လို့  ဖြေရှင်းဆုံးဖြတ်ထားပါတယ်။ (ယင်းဝိနိစ္ဆယ၊ စာ-၆၉၃။)

ဝိသုဒ္ဓိမဂ်သိကြားဝှက်ဇာတ်လမ်းကို မြန်မာပြည်သား လူသေလူဖြစ်ဝါဒဝိနည်းဓိုရ်ဆရာတော်တွေက "ပါးစပ်
ရာဇဝင်"လို့ ပြောလိုက်တော့ မျက်ခုံးပင့်မသွားစေလိုဘူး။ ဘိက္ခုဉာဏမောဠိ ရဲ့ ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန်
စာအုပ် နိဒါန်းမှာလည်း မဟာဝံသလာ အရှင်ဗုဒ္ဓဃောသဇာတ်လမ်းကို အပြည့်အစုံဖော်ပြတာတွေ့ ရပါတယ်။
 ပြီးတော့ မှတ်ချက်တခုလည်း ပေးထားသေးတယ်။

“It has already been remarked that the general opinion of European scholars is that where this imaginative tale differs from, or add to, the Mahavamsa’s account it is in legend rather than history”

ဒီနေရာမှာ ဥရောပတိုက်သားပညာရှင်တွေရဲ့ ယေဘုယျသဘောထားကိုတင်ပြရရင် ဒီစိတ်ကူးယဉ်ပုံပြင်ဟာ
သမိုင်းဖြစ်ရပ်မှန်နဲ့  ခြားနားကွဲပြားနေတယ်။ သို့ မဟုတ် မဟာဝံသအဆိုဟာ သမိုင်းထက် စိတ်ကူးယဉ်ဒဏ္ဍာရီ
ဘက်ကဲနေတယ်လို့ ဆိုလိုပါတယ်။  အင်္ဂလိပ်လိုသုံးထားတဲ့ this imaginative tale  နဲ့  it is in legend တို့ ကို
ကြည့်ရင် မြန်မာဆရာတော်များသုံးစွဲတဲ့ "ပါးစပ်ရာဇဝင်" ဟာ ဆိုသင့်ဆိုထိုက်တဲ့စကားဆိုတာ ပီပြင်ပြတ်သားစွာ
လက်ခံရပါလိမ့်မယ်။

သို့ မဟုတ် ဝိသုဒ္ဓိမဂ်သိကြားဝှက်ဇာတ်လမ်းကို မြန်မာပြည်သားပိဋကတ်ပညာရှင်များရောအနောက်တိုင်းသား
ပိဋကတ်ပညာရှင်များကပါ လက်တွေ့ မကျတဲ့ဖြစ်ရပ်တခုအဖြစ် (သို့ မဟုတ်) ပါးစပ်ရာဇဝင်တခုအဖြစ်
တသဘောတည်း ညီညွတ်စွာရှုမြင်သုံးသပ်ကြတယ်လို့  မြင်မိတာပါပဲ………။

အမရဒီပ
ဇူလိုင် ၁၇၊ ၂ဝ၁၂

1 comment:

Khet Htan said...

အတော်ကလေး ရှင်းလင်းသွားပါတယ် ကိုယ်တော်

ကျေးဇူးတင်စွာ
သင်ကာ