Total Pageviews

Monday, July 16, 2012

လှေသင်းမင်းကျောင်းဆရာတော် သြဝါဒ နဲ့  ဝိနိစ္ဆယ


ပရိယတ်၊ပဋိပတ်စွယ်စုံဆရာတော်ကြီးတွေအကြောင်းဖတ်မှတ်ရပြီဆိုရင် အဆုံးအမနဲ့  အဆုံးအဖြတ်
 (သြဝါဒ နဲ့  ဝိနိစ္ဆယ) တွေကို ရတတ်တာ ဖြစ်ရိုးဖြစ်စဉ်လိုပါပဲ။

မစိုးရိမ်ကျောင်းတိုက်ကြီးရေစက်ချပွဲလုပ်တော့ ကျောင်းဒကာမောင်ကျော်ကို လှေသင်းမင်းကျောင်းဆရာတော်က
"နွားသတ်ပြီးရေစက်ချမှ ပါဏာတိပါတအကုသိုလ်ကံမြောက်သလား၊ ဝိနည်းအလို အင်္ဂါစုံလျှင် ကံမြောက်သည်။
 သုတ္တန်အလို ဝတ္ထုအဆောက်အဦးပြည့်စုံလျှင် ကံမြောက်သည်။ အဘိဓမ္မာအလို စေတနာစသော တရားကိုယ်
ထင်ရှားဖြစ်ပေါ်လာလျှင် ကံမြောက်သည်။ အပယိကဝေါဟာရလောက်ကို ပဓာနမပြုသင့်ဘူး" လို့  ဟောပြော
တော်မူပါတယ်။ ဒါ ရေစက်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးအဆုံးအမပါပဲ………။

တခါမှာတော့ သတ်သတ်လွတ်ဘုဉ်းပေးတဲ့ တပည့်တပါး လှေသင်းမင်းကျောင်းဆရာတော်ဆီရောက်လာတယ်။
 ဆွမ်းဒကာက အာဂန္တုကိုယ်တော်နဲ့ ဆရာတော်အတွက် သတ်သတ်လွတ်ဆွမ်းလာကပ်ပါသတဲ့။ ဒီမှာတင် ဆရာတော်က
 အခုလို ဆုံးမတော်မူပါတယ်။

"ရသေ့ဖြစ်လျှင် ရသေ့လိုကျင့်၊ တိတ္ထိဖြစ်လျှင် တိတ္ထိလိုကျင့်၊ ဇော်ဂျီဖြစ်လျှင် ဇော်ဂျီလိုကျင့်၊ ရဟန်းလုပ်လျှင် ရဟန်းလိုကျင့်၊ သတ်သတ်စားခြင်းကို အကျင့်ပဋိပတ်ကြီးတခုလုပ်၍ မကျင့်သင့်။ အကျုးရှိရိုးမှန်လျှင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးဖြင့် သိမြင်ခွင့်ပြုတော်မူခဲ့ရာ၏။ ဒေဝဒတ်တောင်းဆိုသည်ကိုပင် တားမြစ်ခဲ့ပြီ။

ဝိနည်းတော်အရ ဆင်သား၊ မြွေသားစသော အသားကြီး ၁ဝ မျိုးနှင့် ရည်မှန်း၍သတ်သော အသားမျိုးမဟုတ်လျှင် အပ်၏၊ စားကောင်း၏။ ဘုရားခွင့်ပြုပြီးဖြစ်သည်။

သုတ္တန်အလို အစားအသောက်နှင့်စပ်သော ဓုတင်သုံးမျိုးခွင့်ပြုထား၏။

အဘိဓမ္မာအလို မည်သည့်အစာကိုစားမှ ရှောင်မှကုသိုလ်ရသည် မလာ(မဟော)။ ယောနိသောမနသိကာရသင့်
တင့်အောင်စိတ်ကိုပြုပြင်မှ ကုသိုလ်ရ၏။

ယုတ္တိယုတ္တာဖြင့် အကျင့်ကောင်းဟန်ဆောင်သော အလွန်မကွဲပြားလွန်းသည့် အကျင့်တခုကို ကျင့်မိလျှင် တစတစလမ်းခွဲမှန်းမသိ ခွဲ၍ မဇ္ဈိမပဋိပဒါမှမှ ချွတ်လွဲတတ်သည်"

ဘုရားရှင်ခေတ်ကနေ ယခုခေတ်အထိ မေးလို့ ဖြေလို့ မပြီးနိုင်တဲ့ သတ်သတ်လွတ်စားခြင်းကိစ္စအတွက် ဆရာတော်ကြီးရဲ့ ဆုံးမတော်မူချက်စကားပါ……..။

မိုင်းခိုင်းဆရာတော်က စေတီတော်ရင်ပြင် ဖိနပ်စီးအပ်၊ မစီးအပ်ပြဿနာမှာ အယူအဆနှီးနှောချင်လို့ လျှောက်
ထားလာတော့ လှေသင်းမင်းကျောင်းဆရာတော်က ချက်ချင်းပဲ အခုလို ထုတ်ပြောပါတယ်။

"ဝိနည်းအလို တံတိုင်းရှိလျှင် တံတိုင်းအတွင်း ဖိနပ်မစီးသင့်…။ တံတိုင်းမရှိလျှင် တံတိုင်းပြုသင့်သော နေရာအတွင်းမစီးသင့်။ သုတ္တန်အလို စေတီကိုမြင်ရာအထိ မစီးအပ်။ အဘိဓမ္မာအလို ဘုရားဂုဏ်တော်များကို အာရုံပြုသောအခါ ဂါရဝစိတ်ထား၍ မစီးထိုက်"……………တဲ့။ ဖိနပ်အဆုံးအဖြတ်တရပ်ပါပဲ။

နိဗ္ဗာန်အတွက်ကြိုးစားကျင့်သူတွေအတွက် ဆရာတော်ကြီးက အခုလိုဆုံးမတော်မူတယ်။
"နိဗ္ဗာန်ကိုမက်၊ ကိုယ်အသက်၊ငဲ့ကွက်မပြုရာ။"
"လှေသင်းမင်းကျောင်း၊နေတ္တိကောင်း၊ သိကြောင်းအစဉ်မှာ။"လို့  ဆုံးမတော်မူခဲ့တယ်။ အခြားဆရာတော်များရဲ့ အဆုံးအမတော်တွေကိုလည်း သံပေါက်ကဗျာတွေရေးသားပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။

လှေသင်းမင်းကျောင်းဆရာတော်ကြီးဟာ ကျမ်းဂန်ရေးသားပြုစုခြင်းအပိုင်းမှာ ဝိသုဒ္ဓိမဂ်မဟာဋီကာရဲ့ နိဿယကို ပြုစုတော်မူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးလက်ရာ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယဟာ
ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။ (မဟာစည်ဆရာတော်ရဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယကတော့ ဆဋ္ဌသံဂါယနာနောက်ပိုင်းမှာ ပေါ်ထွက်လာပါတယ်။)

လှေသင်းမင်းကျောင်းဆရာတော်ကြီးရဲ့ ဘဝ၊ အနေအထိုင်၊ စာပေ၊ အကျင့်အကြောင်းကို ဓမ္မာစရိယဦးဌေးလှိုင်ရဲ့
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်မှာ အကျယ်လေ့လာမှတ်သားနိုင်ပါတယ်။

အမရဒီပ
ဇူလိုင် ၁၆၊ ၂ဝ၁၂


1 comment:

Khet Htan said...

ယုတ္တိယုတ္တာဖြင့် အကျင့်ကောင်းဟန်ဆောင်သော အလွန်မကွဲပြားလွန်းသည့် အကျင့်တခုကို ကျင့်မိလျှင် တစတစလမ်းခွဲမှန်းမသိ ခွဲ၍ မဇ္ဈိမပဋိပဒါမှမှ ချွတ်လွဲတတ်သည်

အနှစ်သာရ ရှိတဲ့ မိန့်ဆိုချက်ပါပဲ