Total Pageviews
Saturday, August 4, 2012
မြတ်ဗုဒ္ဓဝါဆိုသောနေရာများ- ၃
 မုံရွေးဇေတဝန်ဆရာတော်ရဲ့ ဘုရားဝါဆိုစဉ်လင်္ကာ
မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီးရဲ့ သမန္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ လာ ဝါဆိုစဉ်လင်္ကာကို ဆက်လက်တင်ပြ
လိုပါတယ်။
တက်ထွန်းကြက်သရေ ။  …….
သုံးလူ့ ဆွေကား ၊ အောင်မြေသီရိ
ဗောဓိသမီပ ၊ ရပ်ဌာန၌
နှစ်လမှန်ကယ် ၊ ရက်ခြောက်ဆယ်ဖြင့်
သပ္ပါယ်မျှတ ၊   နေပြီးမှလျှင်
(၁) ပဌမဝါ ၊ ဗာရာဏသီ
မြိုင်တောမှီ၏။
(၂-၃-၄) နောက်ချီ ဒုတိယ၊ တတိယနှင့်
စတုတ္ထဝါ ၊ ပြည်ရာဇဂြိုဟ် ၊ ဝါးညိုကျောင်းလှ
ဝါကပ်မျှ၏။
(၅) ပဉ္စမဝါ ၊ ပြည်ဝေသာလီ
လိစ္ဆဝီမင်းပေါင်း ၊ ဆောက်တုံရှောင်းသည်
ကျောင်းမဟာဝန်။
(၆) တတန်ဆဋ္ဌ ၊ ဗကုလတောင်မှာ။
(၇) ခုနစ်ဝါသော်၊ တာဝတိံသာရောက်။
(၈) မြောက်တုံရှစ်ဝါ ၊ ဘဂ္ဂါယန။
(၉) ကိုးဝကျသော် ၊  ဌာနပူရီ
ကောသမ္ဗီ၌ ၊  ဃောသီတာရုံ
ရွှေဘုံမှီကပ်။
(၁ဝ) ဆယ်ဝါရပ်ကား ၊ မလပ်သိပ်သည်း
ပလလည်းသာမော ၊ ဆင်မင်းတောဝယ်
ရှင်စောမှီကာ။
(၁၁) ဆယ့်တဝါကား၊ နာဠထင်ရှား
ပုဏ္ဏားနေထ၊  ရပ်ဂါမတည့်။
(၁၂) ဒွါဒသယှဉ်    ဝေရဉ္ဇခေါ်။
(၁၃) ဆယ့်သုံးသော်ကား၊ တောင်ကျော်သာလှ
စာလီယ၌ ၊ ကပ်ထပြီးခါ။
(၁၄) ဆဲ့လေးဝါတွင် ၊ သာဝတ္ထိတောင်စွန်
ဇေတဝန်ထင်ရှား ၊ ရွှင်ပျော်ပါး၏။
(၁၅) ဆယ့်ငါးဝါမှ ၊ ကပိလတွင်
စိမ်းမြရိပ်သာ၊ နိဂြောဓာဟု
ကျောင်းသာစံမြောက်။
(၁၆) ဆယ့်ခြောက်ဝါဆီ ၊ အာဠဝီဟု
ပူရီဖက်မဲ့၊ ပျော်စံခဲ့၍ ။
(၁၇) ဆယ့်ခုနစ်ဝါ ၊ ထိုသောခါလျှင်
ရာဇဂြိုဟ်ဌာနေ ၊ သာလှဗိမာန်
နတ်ဌာန်တူလျော ၊ ဝါးတောညိုလဲ့
အောင်ပွဲဖွဲ့ ၏။
(၁၈-၁၉) တဆယ့်ရှစ်ဝါ၊ ဆယ့်ကိုးဝါ၌
စာလီယရောက် ၊ ဝါဆိုမြောက်၏။
(၂) ပယ်ဖျောက်ရန်ကွာ ၊ နှစ်ဆယ်ဝါကား
ရာဇဂြိုဟ်၎င်း ၊ ရောက်တုံရှောင်း၏။
နှစ်ပေါင်းဝီသ ၊ ပဌမဗောဓိ
မုနိမြတ်စွာ ၊ ဝါဆိုပါလည်း
မြဲစွာမရှိ။     
နောက်ဗောဓိကား ၊ (၂၁-၄၄) သာဝတ္ထိမှာ
ပုဗ္ဗာရုံမွန် ၊ ဇေတဝန်ဟု
နှစ်တန်ကျောင်းမှာ ၊ လူးလာမဝေး
နှစ်ဆယ့်လေးဝါ ၊ နေပြီးခါမှ
(၄၅) နိဗ္ဗာနသို့ ၊ ကြွအံ့လှုလှု
ဝါတခုကား၊ ဝေဠုဝရွာ
ကပ်မှီလာ၏ ၊ သင်္ချာမှတ်သား
ပဉ္စစတ္တာ ၊ ဝါလေးဆဲ့ငါး
သက်ကားရှစ်ဆယ် ၊ တိုင်ခါဝယ်၌
ဘုန်းကြွယ်ထွတ်ခေါင် ၊ ခေမာသောင်သို့ 
ရွှေဖောင်တော်ယွန်း ၊  စံသိမ်းမြန်းသည်
သုံးခန်းလူတို့ မှန်ကူတည်း။           
ဤပျို့ ၌ဝါဆိုတော်မူရာ တဆယ့်ငါးဌာနကား..........
၁။ ဗာရာဏသီမိဂဒါဝုန်
၂။ ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်
၃။ ဝေသာလီ မဟာဝန်ကျောင်း
၎။ ဗကုလတောင်
၅။ တာဝတိံသာနတ်ပြည်
၆။ ဘဂ္ဂါယန
၇။ ကောသမ္ဗီ ဃောသိတာရုံကျောင်းတော်
၈။ ပလလည်းတော
၉။ နာဠကရွာ
၁ဝ။ ဝေရဉ္ဖာပြည်
၁၁။ စာလိယတောင်
၁၂။ သာဝတ္ထိပြည်
၁၃။ ကပိလဝတ်
၁၄။ အာဠဝီ
၁၅။ ဝေဠုဝရွာ
(သမန္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ ၊ ၆၃၂၊ ၆၃၃။)
ဒီဝါဆိုစဉ်လင်္ကာကို မဟာဗုဒ္ဓဝင် ၊တတိယတွဲ၊ ၁၆၃ မှာလည်း  တိုက်ရိုက်ယူပြီးဖော်ပြတာရှိပါတယ်။ အမှတ် ၄ ဗကုလတောင်ကို မကုဠတောင် လို့ မဟာဗုဒ္ဓဝင်ကပြင်ဆင်တာတွေ့ ရပါတယ်။
မဟာဗုဒ္ဓဝင်၊ တတိယတွဲမှာပဲ ဆရာတော်ဦးဗုဓ်ကဝါဆိုစဉ်ဘုရားရှိခိုး ၅ ဂါထာ၊ ပင်းယမြို့ စတုရင်္ဂဗလအမတ်က ဝါဆိုစဉ်ဘုရားရှိခိုး ၇ ဂါထာ၊ တောင်ခွင်သာသနာပိုင်ဆရာတော်က ဂုဠှတ္ထဝိနိစ္ဆယကျမ်းမှာ ဝါဆိုစဉ်ဘုရားရှိခိုး
လင်္ကာတွေ ရေးသားခဲ့တာရှိကြောင်း၊ အလိုရှိရင် ထိုထိုဆိုင်ရာကျမ်းတွေမှာ ထုတ်နုတ်မှတ်သားကြဖို့ တိုက်တွန်း
ထားပါတယ်။
ဓမ္မအလင်္ကာပဒေသာစာအုပ်မှာလည်း ဝါဆိုစဉ်ဘုရားရှိခိုးလင်္ကာအမျိုးမျိုးကို ဖော်ပြထားတာရှိပါတယ်။
၂ လ  ရက်  ၆ဝ
ဝါဆိုလင်္ကာမှာ "နှစ်လမှန်ကယ် ၊ ရက် ခြောက်ဆယ်ဖြင့်"လို့  ဖွဲ့ ဆိုတာတွေ့ ရပါတယ်။ မြတ်ဗုဒ္ဓ
ဗောဓိမဏ္ဍိုင်မှာလအားဖြင် ၂ လ ၊ရက်အားဖြင့် ၆ဝ နေခဲ့တယ်။ ကဆုန်လပြည့်နေ့ မှ ဝါဆိုလပြည့်နေ့ အထိ
လို့ အကြမ်းဖျင်းအားဖြင့် ပြောရင် ၂ လ ၊ရက် ၆ဝ အတိအကျဖြစ်ပါတယ်။ အသေးစိတ်တွက်ကြည့်ရင်လည်း
တမျိုးစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ပထမဦးစွာ "ပလ်-နိမ်-စင်-ဃ၊ အ-မု-ရ၊ မှတ်ကြသတ္တသတ္တာဟာ" ဆိုတဲ့ ခုနစ်ရက်ခုနစ်လီ (=၄၉) ရက် နေထိုင်ပုံနဲ့ တွက်ကြည့်ပါတယ်။ ဒီနေရာမှာ ပလ္လင်္ကသတ္တာဟ ကို ဘယ်နေ့ က စသလဲမေးရင် " ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် ၁ ရက်နေ့ သို့ ရောက်သစ်စအခါ၌
 မြတ်စွာဘုရားသည် ဝမ်းမြောက်ရွှင်လန်းဥဒါန်းကျူးရင့်တော်မူ၍ ထိုအပရာဇိတပလ္လင်တော်ပေါ်၌ ထက်ဝယ်ဖွဲ့ ခွေ (=တင်ပလ္လင်ခွေ) ထိုင်နေတော်မူစဉ်မှာပင်- ။ ……………… ထိုအပရာဇိတပလ္လင်တော်ထက်မှာပင် ခုနစ်ရက်ကြာ
သီတင်းသုံးထိုင်နေတော်မူလေသည်" ဆိုတဲ့ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၃၅၅၊၃၅၆။) အရ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ မှာ ပလ္လင်္ကသတ္တာဟ အစပြုတယ်လို့ ဖြေရမှာပါ။
ကောင်းပြီ။ သတ္တသတ္တာဟကို အကျဉ်းချုပ်တွက်ကြည့်ပါမယ်။
(၁) ပလ္လင်္ကသတ္တာဟ- ကဆုန်လပြည့်ကျော် ၁ မှ ၇ အထိ  (၇ -ရက်)
(၂) အနိမိသသတ္တာဟ- ကဆုန်လပြည့်ကျော် ၈ မှ ၁၄ အထိ (၁၄-ရက်)
(၃) စင်္ကမသတ္တာဟ- ကဆုန်လပြည့်ကျော် ၁၅ မှ နယုန်လဆန်း ၆ အထိ (၂၁-ရက်)
(၄) ရတနာဃရသတ္တာဟ- နယုန်လဆန်း ၇ မှ ၄င်းလဆန်း ၁၃ အထိ (၂၈-ရက်)
(၅) အဇပါလသတ္တာဟ- နယုန်လဆန်း ၁၄ မှ  ၄င်းလပြည့်ကျော် ၅ အထိ (၃၅-ရက်)
(၆) မုစလိန္ဒသတ္တာဟ- နယုန်လပြည့်ကျော် ၆ မှ ၄င်းလပြည့်ကျော် ၁၂ အထိ (၄၂-ရက်)
(၇) ရာဇာယတနသတ္တာဟ- နယုန်လပြည့်ကျော် ၁၃ မှ ဝါဆိုလဆန်း ၅ အထိ  (၄၉-ရက်)
ဒီလိုအသေးစိတ်ကြည့်ပြီးနောက် မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊၃၉၄။ ရေးသားချက်ကို ဖတ်ကြည့်နိုင်ပါပြီ။
"ထိုအခါ လေးဆယ့်ကိုးရက် (=သတ္တသတ္တာဟ) ပြည့်မြောက်သော ဝါဆိုလဆန်း ၅ ရက် ဗုဒ္ဓဟူးနေ့ တွင် ထိုလင်းလွန်းပင်ရင်း၌ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားအား မျက်နှာတော်သစ်လိုသော စိတ်အကြံဖြစ်သည်ကို သိရှိရ၍ သိကြားနတ်မင်းသည် ဆေးကြဇုသီးကို ဆက်ကပ်လေသည်"
"ထို့ နောက် ဘုရားဖြစ်သည့် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မှ သတ္တသတ္တာဟ (=လေးဆယ့်ကိုးရက်) လွန်မြောက်၍ ရက်ပေါင်းငါးဆယ်သို့ ရောက်သော ဝါဆိုလဆန်း  ၆ ရက်ကြာသပတေးနေ့  နံနက်ခင်းအခါ မြတ်စွာဘုရားသည် လင်းလွန်းပင်ရင်းသီတင်းသုံးထိုင်နေရာမှ ထပြီးလျှင် တဖန် အဇပါလ (=ဆိတ်ကျောင်း)ညောင်ပင်ရင်းသို့ ပင် ကြွ
သွားချဉ်းကပ်တော်မူလျက် ထိုအဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ ခွေ (=တင်ပလ္လင်ခွေ)ထိုင်နေတော်မူ၏"
သတ္တသတ္တာဟ (=၄၉ ရက်) ထဲ ဝါဆိုလဆန်း ၆ ရက်၊ ကြာသပတေး ၁ ရက်ထပ်ပေါင်းထည့် (၄၉+၁=၅ဝ) ဖြစ်သွားပါပြီ။ ဘုရားရှင် ဗောဓိမဏ္ဍိုင်မှ ထွက်ခွါတဲ့ရက်ကို သတိပြုကြည့်ပါဦး….။ 
မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၄၁၄ မှကူးယူဖော်ပြတာပါ။
"မြတ်စွာဘုရားသည် "ငါဘုရားသည် မိဂဒါဝုန်တောသို့ ကြွသွား၍ ဓမ္မစကြာတရားကို ဟောကြားမည်"ဟု ကြံစည်တော်မူပြီးလျှင် ဗောဓိဏ္ဍိုင်ကုန်း၏အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း ၁၄ ရက်
တိုင်အောင် နေတော်မူပြီးနောက် ဝါဆိုလပြည့်နေ့ သို့ ရောက်သောအခါ နံနက်စောစောကပင် "ဗာရာဏသီပြည်သို့ ကြွသွားတော့အံ့" ဟု သပိတ်သင်္ကန်းကို ပြင်ဆင်ယူဆောင်ကာ တဆယ့်ရှစ်ယူဇနာ
ဝေးကွာသော ခရီးကိုမြေပြင်မှ ခြေလျင်ကြွသွားတော်မူ၏"
ဝါဆိုလဆန်း ၇-၈-၉-၁ဝ-၁၁-၁၂-၁၃-၁၄-၁၅ ပေါင်း ၉ ရက် နဲ့  ဆိုခဲ့ပြီးရက် ၅ဝ နဲ့ ဆိုတော့ ၅၉ ရက် စာရင်း
ထွက်ပါတယ်။ ဒီ ၅၉ ရက် ဆိုတာ ကဆုန်လပြည့်နေ့ ကို ထည့်မတွက်ဘဲ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ က
စတွက်တာပါ။ ကဆုန်လပြည့် နေ့  ၁ ရက်ကို ပေါင်းထည့်တွက်ရင် ၂ လ ရက် ၆ဝ အတိအကျဖြစ်နေပုံ
ကိုကြည့်ပြီး မုံရွေးဇေတဝန်ဆရာတော်ကြီးက "ဗောဓိသမီပ၊ ရပ်ဌာန၌၊ နှစ်လမှန်ကယ်၊ ရက်ခြောက်ဆယ်"
လို့ လင်္ကာရေးဖွဲ့ တော်မူတာ ဖြစ်ပါကြောင်း………………။
အမရဒီပ
သြဂုတ် ၄၊ ၂ဝ၁၂
No comments: