Total Pageviews

Friday, August 3, 2012

မြတ်ဗုဒ္ဓဝါဆိုသောနေရာများ- ၂


ရွှေတောင်မြို့ ၊ ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ ဇိနတ္ထပကာသနီကျမ်းလာ ဝါဆိုစဉ်လင်္ကာကို ဆက်လက်တင်ပြ
ပါမယ်။

သုံးလူ့ သခင် ၊ ငါးမာရ်သင်၍
ပလ္လင်ပတ်ရံ ၊ သတ္တဋ္ဌာန်ဝယ်
သတ္တာဟံဖွဲ့ ၊ စံပယ်ခဲ့ပြီး
တဆဲ့ရှစ်ယူဇနာ ၊ ထိုမှကွာတည့်
ဗာရာနဂရ ၊ မိဂဒ၌
နန္ဒိယဝိဟာ ၊ ပထမဝါတည့်
ဒွါ-တိ-ဇယ ၊ ရာဇဂဟံ
ဝေဠုဝန်ပျော် ၊ ငါးသော်ဝေသာလီ
လိစ္ဆဝီဝိဟာ ၊ ဆဝါမကုဠ
သတ္တမဝတိံသာ ၊ အဋ္ဌာ ဘဂ္ဂ
နဝမ ကောသမ္ဗီ ၊ ဃောသီရွှေဘုံ
ရဂုံ ပါလိလေယျ ၊ ဒသမတည့်
နာဠပုဏ္ဏားရွာ ၊ ဧကာဒသဉ် (သင်-ဟုဖတ်)
ဝေရဉ် ဗာရသ် ၊ တောင်မြတ်စာလိယ
တေရသတည့် ၊ စုဒ္ဒသဝါ
သာဝတ်တောင်စွန် ၊ ဇေတဝန်စံမှီ
ကပီ ပန္နရသ် ၊ ကျောင်းမြတ် နိဂြော
သောဠသမီ ၊ အာဠဝီတည့်
ဂီရိဗ္ဗဇ ၊ သတ္တရသာ
ဆယ့်ရှစ်ဝါ၌ ၊ နဝါ ဒသ
စာလိယကပ်ဆို ၊ ရာဇဂြိုဟ်ဝီသ
ဤထိုမျှကား ၊ ပထမဗောဓိ
အနိယဝါ ၊  နောင်လာတွက်ဖွဲ 
နှစ်ဆယ့်လေးတန် ၊ ဇေတဝန် ပုဗ္ဗာ
လှည့်လည်ကာဖြင့် ၊ ခေမာနီးသော်
ရွာကြီးဝေဠုဝ ၊ ဝါတော်မျှ၍
ပဉ္စစတ္တာလီ ၊ အသီတျာယု
တိုင်သမှုဖြင့်  ၊ ဤလူ့ သက္ကရာဇ်
အဉ်-ဇော-ဧက်၌ ၊ နှစ်သစ်ကဆုန်
ပုဏ္ဏမီစေ့ ၊ အင်္ဂါနေ့ တွင်
နိဗ္ဗာန်ဝင်သား ၊ ရှင်ဘုရားကို
ညွတ်တွားဝန္ဒနာ ၊ ပူဇော်ပါ၏……..။    

(ပုံတော်စုံ ဇိနတ္ထပကာသနီ နှစ်တရာပြည့်အထူးထုတ်၊ ၁၅၈။)

မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီးတဝိုက်နေရာတွေမှာ သတ္တသတ္တာဟ (၄၉ ရက်) စံနေတော်မူပြီးနောက် ၁၈ ယူဇနာဝေးတဲ့ ဗာရာဏသီ၊ မိဂဒါဝုန်တောသို့ ကြွရောက်တော်မူတယ်။ 
ဒီနေရာမှာ ကျီးသဲလေးထပ်ဆရာတော်ကြီးရဲ့ မူရင်းအရေးအသားစကားပြေကို ကောက်နုတ်ပြလိုပါတယ်။

"ယင်းသို့ ပဉ္စဝဂ္ဂီအစရှိကုန်သော ခြောက်ကျိပ်ကုန်သောသူတို့ အားလည်းကောင်း ၊ ထိုသူတို့ ၏မိဘ ဆွေဉာ ဒါယကာစသည်တို့ အားလည်းကောင်း တရားအမြိုက်တိုက်ကျွေးတော်မူ၍ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နန္ဒိယမည်သော ဥပါသကာသည် ဆောက်လုပ်အပ်သောကျောင်း၌ ပထမဝါဆိုတော်မူသည်။ "

(ယင်းကျမ်း၊ ၉၂-၉၃။)

ကျီးသဲလေးထပ်ဆရာတော်အဆိုအရ ကျောင်းဒကာအမည် နန္ဒိယဆိုတာ ပါလာတယ်။ ထူးခြားမှုပါ။ ဆရာတော်ကြီးကိုးကားပြတဲ့ ဗုဒ္ဓဝံသဋ္ဌကထာ၊ ၄။) ပါဠိမှာတော့ ကျောင်းဒကာအမည်ဖော်ပြထားတာ မတွေ့ ရပါ
ဘူး။

"ဒွိ-တိ-ဇယ၊ ရာဇဂဟံ" ဆိုတာ ၂-၃-၄ မြောက်ဝါတို့ ကို ရာဇဂြိုဟ်မှာ ကုန်လွန်စေတယ်ဆိုတာတော့ အတွေးပေါက်ပါတယ်။ သို့ သော် "ဇယ" ဆိုတာ "၄ ဂဏန်း"ကိုဆိုလိုကြောင်း ဉာဏ်မမှီပါ။ ပိဋကတ်သင်္ချာဖော်
နည်းနဲ့ လည်း ဘယ်လိုမှာဆက်စပ်လို့ မရဖြစ်နေပါတယ်။

"ဂီရိဗ္ဗဇ၊ သတ္တရသာ"မှာ ရာဇဂြိုဟ်ကို "ဂီရိဗ္ဗဇ" လို့  သုံးစွဲထားတယ်။ ရာဇဂြိုဟ်မြို့ ဟာ ဂိဇ္ဈကုဋ်တောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင်၊ ဝေဘာရတောင်၊ ဝေပုလ္လတောင် ဆိုတဲ့ တောင်ကြီး ၅ လုံးအလယ်မှာ တည်နေတယ်။ မြို့ ပတ်ဝန်းကျင်တဝိုက် တောင်ကြီးတွေကဝန်းရံတည်နေလို့  မြို့ ဟာ နွားခြံကြီးတခုနဲ့ တူနေလို့  ရာဇဂြိုဟ်ကို ဂီရိဗ္ဗဇလို့ ခေါ်တာဖြစ်ပါတယ်။
(မူလပဏ္ဏာသဋ္ဌကထာ၊ ဋီကာ၊ အနင်္ဂဏသုတ်အဖွင့်နဲ့ သုတ္တနိပါတ်ဋ္ဌကထာ၊ ပဗ္ဗဇသုတ်အဖွင့်။)

ပဉ္စစတ္တာလီ ဆိုတာက ၄၅…..။ ဘုရားရှင်ရဲ့ဝါတော်ကို ရည်ညွှန်းပါတယ်။
အသီတျာယု ဆိုတာ (အသီတိ +အာယု= ၈ဝ+ အသက်) ဘုရားရှင်ရဲ့သက်တော် ၈ဝ ကို ရည်ညွှန်းပါတယ်။

အဌ်-ဇော-ဧက်ဆိုတာမှာ အဌ်-က အဋ္ဌ (၈) ကို ၊ ဇော-က (၄) ကို ၊ ဧက်-က (၁)ကို ဆိုလိုပြီး ပြောင်းပြန်ပြန်တော့ ၁၄၈ (ဘုရားပရိနိဗ္ဗာန်စံတဲ့နှစ်) ဖြစ်လာတယ်။

ဆရာတော်ကြီးဝါဆိုစဉ်လင်္ကာမှာ ရှင်းရှင်းနားမလည်နိုင်တာက (ဇယ) နဲ့  (ဇော) ဖြစ်နေတာတွေ့ ရပါတယ်။ ဒွိ-တိ-ဇယ ဆိုတာမှာ ဇယ-ဆိုတာဘာကိုဆိုလိုမှန်း သဘောမပေါက်ပါဘူး။ ဇော-မှာလည်း ထို့ နည်းတူ..။
 တခြား အမှတ်အသားရှိလို့ သာ သက္ကရာဇ် ၁၄၈ ကို ဆိုလိုတာဖြစ်မယ်လို့ မှန်းဆရတာပါ။ ဇော-ကို ဘာကြောင့် (၄)ဂဏန်းအဖြစ် သတ်မှတ်တယ်ဆိုတာ မရှင်းလှပါဘူး။ ဆရာတော်ကြီးရဲ့ ဝါဆိုစဉ်လင်္ကာမှာ မရှင်းတာက ဇယ
နဲ့  ဇော ၊ ထူးထူးခြားခြားသတိပြုမိတာက ပထမဝါ ဗာရာဏသီ၊ မိဂဒါဝုန်မှာဆိုတော့ ကျောင်းဒကာအမည် နန္ဒိယ ဆိုတာကို ဖော်ပြတာတို့ ပါပဲ………။

အမရဒီပ
သြဂုတ် ၃၊ ၂ဝ၁၂

No comments: