အမြင်မတော်တဲ့မြန်မာစာလုံးပေါင်းသတ်ပုံတွေကို စာဖတ်ရင်းတွေ့ ပြီး ပြင်ဆင်သင့်ကြောင်း အလျဉ်းသင့်သလို တင်ပြလာခဲ့တယ်။ ဥပမာ- ခရစ်ယန် (ခရစ်ယံ) ကို ယပက်လက်မှာ ရေးချနဲ့ ခရစ်ယာန် လို့ ရေးတာ၊ အစ္စလမ်ကို လမှာရေးချနဲ့ အစ္စလာမ်လို့ ရေးတာ။
အခုလည်း စုံထောက်ဝတ္ထုဖတ်ရင်းတွေ့ မိပြန်တယ်။ "ဂါတ်တဲ" ....ဆိုတဲ့စကားလုံး။ ဒီဂါတ်တဲ..ဟာ "ဂါတ" ဆိုတဲ့ ပါဠိကနေဆင်းသက်လို့ ဂငယ်မှာ ရေးချနဲ့  ဂါတ်တဲလို့ ရေးတာလား။ သံသယရှိတာနဲ့  မြန်မာ-အင်္ဂလိပ်အဘိဓာန်စာအုပ်ကို ကြည့်ပါတယ်။
*ဂါတ်
**ဂါတ်တဲ
***ဂါတ်ဗိုလ်..... လို့  တည်ပုဒ် ၃ ခုတွေ့ ပါတယ်။
ဂါတ်...ဆိုတဲ့ မူလစကားဟာ "ဂါတ" ပါဠိမဟုတ်ဘဲ "Guard" ဆိုတဲ့အင်္ဂလိပ်ဝေါဟာရဖြစ်နေတယ်။ ကြံဖန်ကာကွယ်ချင်တော့ D ရှေ့ မှာရှိတဲ့ R သံထွက်အောင် ဂတ်...လို့ မရေး ၊ "ဂါတ်" လို့ ရေးတယ် ပြောရင်ပြောမယ်။ ဒီလိုဆိုရင် တဝမ်းပူသံမထွက်စေဘဲ ဒဒွေးသံထွက်အောင် (ဒ်) အသတ်ပြ လို့ ပြောရမှာပဲ။
ဒီအတိုင်း "ဂါဒ်" လို့ ရေးပြန်လည်း "ဂါဒ" ကနေ "ဂါဒ်" ဖြစ်လာသလား ဆက်တွေးသူတွေ တသီတတန်းပေါ်မယ်။ အရှင်းဆုံးကတော့ ဂငယ်တသတ် "ဂတ်"တာ အဆီလျော်ဆုံးပါ .. မြန်မာစာအဖွဲ့ ဆရာ။
အမရဒီပ
Total Pageviews
Showing posts with label စာပေစကား. Show all posts

Wednesday, December 9, 2015
Wednesday, November 12, 2014
ဆိတ်စာ
ညောင်ကန်ဆရာတော် ၊ ဦးဗုဓ်ခေါ်၊ ထုတ်ဖော်မိန့် ခဲ့ရာ။
လူနတ်ဗြဟ္မာ ၊ ကဲ့ရဲ့မှာ ၊ ဆိတ်စာမကြောက်ရာ။
ဘုရားကဲ့ရဲ့ ၊ ကြောက်သူကွဲ့ ၊ ရောက်မယ့်နိဗ္ဗုတာ။
ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ ၊ စာမျက်နှာ ၃၄၃၊ လှေသင်းမင်းကျောင်းဆရာတော်အကြောင်းမှာ ဒီသံပေါက်ကဗျာစုကို တွေ့ မိတော့ ဒုတိယသံပေါက်မှာပါတဲ့ (ဆိတ်စာ) ဆိုတဲ့ ဝေါဟာရထူးအကြောင်းပြောချင်လာပါတယ်။
စုံထောက်မောင်စံရှားဝတ္ထုလား၊ ဆားပုလင်းနှင်းမောင်ဝတ္ထုလား သေချာမမှတ်မိပါဘူး။ " ဒီအကြောင်း တဆိတ်လောက်ပြောပါဦး" လို့ ဖတ်မိဖူးတယ်။
အညာဒေသမှာတော့ "ငပိစိမ်းစားကလေး ဆိတ်စာလောက်ပေးပါ" ဆိုတာ သုံးကြတယ်။
ဒီဝေါဟာရထူးကို ရှေးစာတွေမှာတော့ မက်မက်စက်စက်သုံးကြတယ်။
တထွေတလာ
သည်တခါတွင်
ဆိတ်စာလွဲချော်
သနားတော်ကို
ထိပ်ပေါ်တံ့တံ့
ခံ့ပါစံ့ဟု ။ (သူဇာပျို့ -၃၆။)
ဘယ်ရပ်ဘယ်ရွာ ၊ ဘယ်ခမ်းဝါက ၊ ကြွလာသတုန်း
ဆိုင်းပါအုန်းသည်တွင် ၊ ဝင်ပါအုန်းရှင်ဘုရား၊ နားပါအုန်းဆိတ်စာ
ခရီးပမ်းလို့ ၊ ညှိုးနွမ်းရှာရော့မည်။ (ဦးပုည၊ ဥပက နှင့်မဆာဝါ-တရားဟောစာ)
ဆိတ်စာ ကို မြန်မာအဘိဓာန်က အနည်းငယ်၊ တဆိတ်စာလို့  အနက်ဖွင့်ပြတယ်။
အမရဒီပ
နိုဝင်ဘာ ၁၂၊ ၂ဝ၁၄
စာကိုး။ နန်းစကား မန်းစကား မြန်မာတို့ ရဲ့ မြန်မာစကား၊ လူထုစိန်ဝင်း။

Friday, October 31, 2014
သဗ္ဗဘုံ
ပါဠိအဘိဓာန်ဂါထာတွေကို အလွတ်ရအောင် နုတ်ငုံဆောင်ဖူးပါရဲ့၊ ဝမ်းနာလို
့အိမ်သာကမန်းကတန်းရှာသူလို စာမေးပွဲဖြေဖို့ လောက်သာ
မှန်းပြီးလေ့လာခဲ့လေသမို့ 
ကိစ္စပြီးတာနဲ့ မေ့ပျောက်သွားခဲ့ပါတယ်။ ကောင်းလိုက်တဲ့ဥာဉ်....။
အဲသလိုလူက ဒီလို ကဗျာကြီး၊ စာကြီးကို လေ့လာတော့ (အနက်မသန် အဘိဓာန်) ဆိုတာကို လက်တွေ့ ခံစားရပါတော့တယ်။
သုဒ္ဓေါ်ခမည်း ၊ ဆွေနည်းဗိမ္ဗာ
သည်းချာရာဟု ၊ တစုဝန်းလျား
ခြွှေရံများနှင့် ၊ ပျော်ပါးရိပ်မြုံ
သဗ္ဗဘုံသို့ ၊ ပြည့်စုံချမ်းငြိမ်း
မင်းစည်းစိမ်အား ၊ စွန့် သွားရက်ရက်...။
(စတုဓမ္မသာရကိုးခန်းပျို့ ၊ အပိုဒ်-၁။)
မင်းနှင့် ပုဏ္ဏား ၊ ထိုနှစ်ပါးကား
သားမရှိကြီး ၊ လင်မှီးစုံကာ
မိရာ ဘရိုက် ၊ သိမ်းပိုက်မွေနှစ်
ကင်းသည်ဖြစ်၍ ၊ နောင်လစ်သောခါ
လူ့ ချမ်းသာကို ၊ တွယ်တာအောက်မေ့
တနေ့ သ၌ ၊ နှစ်ခြိုက်တူကွ
ရွှင်ပျော်ပလျက် ၊ နေကြသရော်
ကာမဘော်ဖြင့် ၊ မွေ့ လျော်ရိပ်ငြိမ်
ထိုစည်းစိမ်ကား ၊ ပျောက်တိမ်ရန်နှိပ်
လေးကျွန်းထိပ်ဝယ် ၊ ဘုန်းရိပ်လွှမ်းခြုံ
သဗ္ဗဘုံသို့ ၊ အပုံအယင်
ဖြစ်လင့်ကစား၊ သားနှင့်သမီး
မျိုးမသီးသော် ၊ ချည်းနှီးပွင့်ဆန်း
စေ့မဲ့ထွန်းသား ၊ ပန်း၏သဘွယ်....။
(စတုဓမ္မသာရကိုးခန်းပျို့ ၊ အပိုဒ်-၇။)
"ဘုန်းရိပ်လွှမ်းခြုံ ၊ သဗ္ဗဘုံသို့ " ဆိုတဲ့စကားအကြောင်း ပြောပြချင်တာပါ။ ဇာတ်လမ်းသဘောအရ မင်းမိဖုရား၊ ပညာရှိပုဏ္ဏား၊ ပုဏ္ဏားကတော်တို့ မှာ သား၊ သမီးမထွန်းကားပါဘူး။
လိုတရသူတွေဆိုတော့ သူရို့ နေရာဟာ (သဗ္ဗဘုံ) ဖြစ်တယ်လို့ စာဆိုတော်အရှင်မဟာရဋ္ဌသာရဆိုလိုက်တယ်လို့  နားလည်ခဲ့ပါတယ်။
မင်း-ပုဏ္ဏားစုံတွဲ ကလေးမထွန်းကားဘူးဆိုတာတော့ မှန်တယ်။ သဗ္ဗဘုံ ကို နားလည်တာမမှန်မှန်း သိတာက စကြာဝတေးမင်းကို ပါဠိအဘိဓာန် (သဗ္ဗဘုမ္မော၊ စက္ကဝတ္တိ) ပုဒ်ကိုတွေ့ လိုက်မှ။
သဗ္ဗဘုမ္မ ကို မြန်မာမှုပြုတော့ သဗ္ဗဘုံ လို့ ဖြစ်သွားပါလေရော။ မသိရင်တော့ လူ့ ဘုံ၊ နတ်ဘုံစတာတွေတော့သိရဲ့။ သဗ္ဗဘုံက ဘာဆိုလိုတာလဲ အတွေးပွားစရာ။
"ပျေက်တိမ်ရန်နှိပ်၊ လေးကျွန်းထိပ်ဝယ်၊ ဘုန်းရိပ်လွှမ်းခြုံ" ဆိုတဲ့ အဖွဲ့ မှာ စကြာမင်းဟာ ၄ ကျွန်းလုံးကို အစိုးရတယ်။ သက္ကတကျမ်းတွေအလို ဥပေါသထဆင်ကို သဗ္ဗဘုမ္မ လို့ ခေါ်ပြီး ဒီဆင်ဟာ စကြာဝတေးမင်းတို့ နဲ့ သာ ထိုက်တန်တယ်လို့ ဆိုပါတယ်။
သဗ္ဗဘုံ ကို အဓိပ္ပါယ်ဖြောင့်ဖြောင့်နားမလည်တော့ အချို့ စာပြင်ဆရာတွေက (သိကြားဘုံသို့ ) လို့ ပြင်လိုက်တတ်တယ်။ မှားပါတယ်။
သဗ္ဗဘုံ ဆိုတာ စကြာဝတေးမင်းကို ဆိုလိုတာသာဖြစ်ပါတယ်။
အမရဒီပ
အောက်တိုဘာ ၃၁၊ ၂ဝ၁၄
ကျမ်းကိုး။ သမန္တစက္ခုဒီပနီ ၊ ၂၂၅။

Thursday, October 30, 2014
မှဲ့ ချေ
မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ၄၇၂ မှာ နတ်သမီးအလှဖွဲ့ စကားတခုက.....၊
လမင်းသာသို့ 
စန္ဒာနန
ဝင်းဝင်းပသား
မဝရှုချင်
ရွှေပါးပြင်ဝယ်
ဝက်ခြင်မှဲ့ မဲ
ချေသမ်းမဲလျက်
မစွဲမကပ်
မစပ်ပြစ်ဆာ
ကင်းစင်ကွာ၏။.....တဲ့။
လမင်းစန္ဒာရွှန်းရွှန်းစားစားဝင်းပသလိုကြည့်မဝ ငေးမဝဖြစ်နေရတဲ့မျက်နှာရဲ့ ပါးပြင်မှာ ဝက်ခြံ၊ မှဲ့ စက်ဆိုတဲ့အပြစ်အနာအဆာ မရှိဘူး။ လုံးဝအပြစ်ကင်းတယ်။ နတ်သမီးတွေရဲ့မျက်နှာမှာ အနာအဆာ ရှင်းပါတယ် လို့ ဆိုလိုပါတယ်။
သတိထားရမှာက (ချေ)...ဆိုတာကလေး။
ဒီချေက အဓိပ္ပါယ်များစွာထဲက ဒီနေရာမှာ Mole လို့ အင်္ဂလိပ်လိုခေါ်ကြတဲ့ မှဲ့ ကို ဟောပါတယ်။
တိုက်ဆိုင်ကြည့်တဲ့ ပျို့ တစောင်က နေမိဘုံခန်းဖြစ်ပါတယ်။
အာစပ်ဝင်းရွှေ
ချေလည်းမပြောက်
ကြန်လျောက်နှာယောင်
မျက်တောင်ကော့ဖြူး
နဖူးပြင်လှ ။ (အပိုဒ်။၂)
ဒီမှာလည်း ချေ ဆိုတာ မှဲ့ ကို ဆိုပါတယ်။
အမရဒီပ
အောက်တိုဘာ ၃ဝ၊ ၂ဝ၁၄

Wednesday, October 29, 2014
မိုးသို့ နန့် ခြင်း
ဆရာကြီးမင်းသုဝဏ်က တွင်းသင်းတိုက်ဝန်ဦးထွန်းညို ရေးတဲ့ မဟာဇနကပျို့ ကို ရှင်းပြတဲ့ စံပယ်ဖြူမဂ္ဂဇင်းပါဆောင်းပါးတွေကို "မြန်မာစာပေပညာရှင်တွင်းသင်းမင်းကြီး" အမည်နဲ့ ဆောင်းပါးပေါင်းချုပ်စာတအုပ်ထုတ်ဝေခဲ့ပါတယ်။
ဆောင်းပါးက ၁ဝ ပုဒ်တည်းဆိုတော့ ဖတ်လို့ ၊ မှတ်လို့ အားမရနိုင်ပါဘူး။ ဆရာကြီး ဒီထက်အများကြီးရေးသားနိုင်ခဲ့ရင် ပိုကောင်းမယ်လို့ တွေးမိပါတယ်။
ဆရာကြီးက "တွင်းသင်းမင်းကြီး၏ဥပမာတချို့ " အမည်နဲ့  ပျို့ မှာပါတဲ့ ဥပမာတွေကို ကောက်နုတ်ချက်ပြ၊ ရှင်းပြတယ်။ "ပတ္တလားဥပမာ" ဆိုတာလည်း တွေ့ ပါတယ်။
-မယ်တော်မိန့် ချက် ၊ ရွှေခွန်းထွက်ကို
ဦးထက်တင်ရ ၊ ထိုသော်ကလျှင်
အဖမဲ့သား ၊ ဆဲရေးငြားလည်း
ပွင့်ထွားနန်းရန် ၊ မကြားဟန်နှင့်
မာန်ဆန်ချလျက် ၊ ထဲသို ဝှက်၍
သက်လေးနှစ်ကြွင်း ၊ နှစ်ဆယ်တွင်းတွင်
သုံးခွင်သင်ရိုး ၊ ဗေဒင်မျိုးကို
နှုတ်ကျိုးလျှာပြန့် ၊ မိုးသို့ နန့် ၍
မတွန့် မလျှောက်၊ ထိုးထွင်းဖောက်လျက်
ထက်အောက်ပြန်လှန် ၊ မြန်သန်ဖြိုးဖြိုး
ကျမ်းထိုမျိုးကို ၊ ကျိုး ကျိုး ကျည်ကျည်
စည်ပတ္တလား ၊ ခေါက်၍သွားသို့ ။ (ပိုဒ်ရေ-၂၁။)
မယ်တော်ပြောပြလို့  မိမိဟာ မိဓိလာပြည်ဘုရင်ရဲ့သားတော်ဖြစ်ကြောင်း မဟာဇနကမင်းသားသိသွားတယ်။ အဲဒီကတည်းက ကစားဖော်တွေက အဖမဲ့သားလို့ နှိမ့်ချဆဲဆိုကြပေငြားမကြားဟန်ဆောင်နေတယ်။ အရင်လိုအကြမ်းပတမ်းမတုံ့ ပြန်တော့ဘူး။ ဗေဒင်သုံးပုံပညာရပ်တွေကို ကြိုးစားသင်ယူပါတော့တယ်။ ပတ္တလားတီးသလို ဒိုးဒိုးဒေါက်ဒေါက်သွက်သွက်လက်လက်ဖြစ်သွားပါတော့တယ်လို့ ဥပမာပြတယ်။
ဒီဥပမာမှာ စည် ဆိုတာ သားရေကြက်ပြီးတီးရတဲ့ ဗုံကိုဆိုလိုပုံမရ၊ တူရိယာ-ဆိုတဲ့အနက်ကို ယူလိုပုံပေးတယ် လို့ ဆရာကြီးမင်းသုဝဏ်ဆိုပါတယ်။ ထူးထူးခြားခြားစကားတခွန်းကိုလည်း ဆရာကြီးကရေးသွားသေးတယ်။ ကြည့်....။
"ထို့ ပြင် (မိုးသို့ နန့် ၍) ဆိုသောဥပမာကို မတွေးတတ်သေးပါ။"
ဆရာကြီးရေးတာကိုဖတ်မိတိုင်း "မိုးသို့ နန့် ၍" ဆိုတဲ့သစ်ငုတ်ကလေးကို အားရှိသလောက် တွန်းကြည့်၊ နှဲု့ ကြည့်တယ်။
တန်ခိုးတုန်နန့် မြေကြောတည်း။ (မဃဒေဝလင်္ကာသစ်၊ ၂၅။)
မြေကြီးတုန်နန့် ရိုက်ဖြန်းတည်း။ (၄င်းကျမ်း၊ ၄၅။)
တုန်နန့် မြေကြီး၊ ရိုက်တီးဖြန့် ဖြန့် (၄င်းကျမ်း၊ ၄၆။)
"နန့် --ဟူသည် တုန်လှုပ်သည်ပင်" လို့ ပိုဒ်ရေ ၂၅၊၄၅ လီနတ္ထဒီပနီရှင်းချက်မှာ မန်လည်ဆရာတော်ကြီးကိုယ်တော်တိုင် ရေးပါတယ်။
မြေကြီးတုန်လှုပ်တာကိုပဲ (နန့် )လို့ ခေါ်တာပေါ့။ ဟုတ်ပြီ၊ မန်လည်ဆရာတော်က မြေကြီးနန့် တာကိုဖွဲ့ ဆိုတာ။ နားလည်ပြီ။
တွင်းသင်းမင်းကြီးက မိုးကိုနန့် ခိုင်းနေတာ၊ တုန်လှုပ်ခြင်းဆိုတဲ့အဓိပ္ပါယ်နဲ့ ဆက်စပ်ရခက်နေပါတယ်။
"မိုးသို့ နန့် ၍" စကားရဲ့ရှေးမှာ (သုံးခွင်သင်ရိုး၊ ဗေဒင်မျိုးကို၊ နှုတ်ကျိုးလျှာပြန့် ) ရှိနေတယ်။ နောက်မှာ (မတွန့် မလျှောက်၊ ထိုးထွင်းဖောက်လျှက်၊ ထက်အောက်ပြန်လှန်၊ မြန်သန်ဖြိုးဖြိုး) ရှိနေတယ်။
ဗေဒင် ၃ ပုံးကို နှုတ်တက်ရွရွ၊ ပီပီသသ၊ သန့် သန့် ရှင်းရှင်း၊ မထစ်မငေါ့ဆိုနိုင်၊ ရွတ်နိုင်တယ်။ စ-လယ်-ဆုံးမဟုတ်ဘဲ အလယ်ဖောက်မေးမလား၊ အဆုံးကအနေအလယ်ကိုမေးမလား။ ထက်အောက်အပြန်အလှန်မေးလည်း မင်းသားက သွက်လက်စွာဖြေနိုင်တယ်။ ကြီုက်သလိုမေး၊ ဖြေနိုင်တယ်ဆိုတာပြတယ်။
လောကနီတီအဆိုတခုရှိတာကို သတိရမိပါတယ်။ "ပညာရှိသည် မမေးမူစည်ကြီးသဖွယ်၊ မေးမြန်းမူကား မိုးကြီးသဖွယ်ဖြစ်ရာ၏" စကားလေ။ လောကနီတိကိုကြည့်ပြီး မင်းကြီးက "မိုးသို့ နန့် ၍" ကို ရေးလိုက်လေသလား။
ဗေဒင် ၃ ပုံသင်ရိုးကို မင်းသားငယ်ဟာ မိုးတဖွဲဖွဲရွာချသလို ပီသ၊ကြည်လင်၊ သွက်လက်စွာ၊ ထက်အောက်၊ အပြန်အလှန်ဆိုရွတ်နိုင်တယ်။ မိုးရွာချသလိုဖြစ်တယ်ဆိုတာကို ရည်ရွယ်ပြီး (မိုးသို့ နန့် ၍)ကို အဓိပ္ပါယ်ကောက်ကြည့်ရင် မဆိုးဘူးလို့ မြင်မိပါတယ်။
ဒီအတိုင်းဆိုရင် (နန့် )အတွက်အဓိပ္ပါယ်ကို (အဆက်မပြတ်ဖြစ်ခြင်း၊ တခြိမ့်ခြိမ့်တဖွဲဖွဲဖြစ်ခြင်း၊ မိုးစက်မိုးပေါက်ရွာချသလိုဖြစ်ခြင်း) လို့ အဓိပ္ပါယ်အနက်တခုဖွင့်ရပါတော့မယ်။
အမရဒီပ
အောက်တိုဘာ ၂၉၊ ၂ဝ၁၄

Thursday, October 23, 2014
မတကာ နဲ့  မသမာ
ဤလူ့ ရွာ၌ ၊ မတကာသူ
အမူကျင့်ဆိုး ၊ ထိုလူမျိုးကား
စောက်ထိုးပြောင်းပြန် ၊ သည်းထန်လွန်ကဲ
မီးငရဲ၌ ၊ မလွဲတပ်တပ်
မြေလက်အပ်သို့ ၊ စပ်စပ်မုချ
သေလျှင်ကျ၍ ၊ ဒုက္ခကြီးစွာ
ခံရရာကို ၊ ကရုဏာတရား
ဖြစ်ကာပွားသည်
သနားနောင်ဖို့ ရည်ချောင်းတည်း။ (အပိုဒ်-၄၄၂။)
မန်လည်ဆရာတော်ကိုယ်တိုင်ရေးတဲ့ မဃဒေဝလင်္ကာသစ် လီနတ္ထဒီပနီမှာ .......၊
"မတကာ...ဟူသည် ပေါရာဏ၊ မတော်မကောင်းသောသူ--ဟူလို။" လို့ ရှင်းပြပါတယ်။
ဒီ --မတကာ--ဆိုတာဟာ ဒီကနေ့ ခေတ် "မသကာ"ဆိုတာနဲ့ တူလေမလား အတွေးပေါက်တာနဲ့ မြန်မာအဘိဓာန်ကို ကြည့်မိတယ်။
သို့ သော် မသကာ ဆိုတာ ကြိယာကိုအထူးပြုပုဒ် (ကြိယာဝိသေသန)ဖြစ်နေတယ်။ ယုတ်စွအဆုံး၊ အဆိုးဆုံး လို့ ဆိုလိုတယ်။
မတကာ နဲ့  မသမာကို ဆက်စပ်လို့ မရတော့ဘူး။
နောင်တော့ "မသမာ" ကို တွေ့ တယ်။ မသမာ...ဆိုတာဟာ မ (မြန်မာ)+ သမ္မာ (ပါဠိ)= မသမာ ဖြစ်လာတယ်။ မသမာ အဓိပ္ပါယ်က ကလိန်ကကျစ်ဉာဏ်၊ မကောင်းသူ၊ မမျှတသူ၊ လူဆိုး စတာတွေဖြစ်ပါတယ်။
ဒီလိုဆိုရင် (မတကာသူ) နဲ့  (မသမာသူ) ဟာအဓိပ္ပါယ်ဆိုလိုချက်တူညီလိမ့်မယ်လို့  ယူဆမိပါတယ်။
အမရဒီပ
အောက်တိုဘာ ၂၃၊ ၂ဝ၁၄
Tuesday, October 21, 2014
ကလပ် နဲ့  ကလာပ်
မြန်မာမှု မြန်မာနယ်ပယ်မှာ အင်္ဂလိပ်ဘာသာစကားကဝင်လာတဲ့ စကားလုံးနဲ့  ဗုဒ္ဓဘာသာမှာရှိတဲ့အဘိဓမ္မာကျမ်းစာတွေကတဆင့် ချဉ်းနင်းရောက်ရှိလာတဲ့စကားလုံးက မြန်မာတို့ နှုတ်မှာ "ကလပ်-ကလာပ်" အသံထွက်ဟာ တယ်ပြီး ထူးခြားကွဲပြားတာမဟုတ်။
Club က ညကလပ်(နိုက်ကလပ်) ၊ ပဲခူးကလပ် တို့ လို လူသူစုစုရှိတဲ့နေရာကိုဆိုတဲ့ အင်္ဂလိပ်ဘာသာ "ကလပ်" ။ လ-မှာ ရေးချမပါ။
အစည်း၊အစုကိုဆိုလိုတဲ့ ပါဠိ (ကလာပ)ကတော့ မြန်မာလို ကလာပ်ဖြစ်လာတယ်။ ပါဠိပျက်မြန်မာဝေါဟာရဖြစ်လေတော့ လ-မှာ ရေးချကလေးထည့်ပေးထားတယ်။
ဒါကြောင့် ဒီစကားလုံးတွေကို ရေးပြုတဲ့အခါ လ-မှာ ရေးချပါခြင်း၊ မပါခြင်းကို သတိချပ်အပ်ပေတယ်။
အမရဒီပ
အောက်တိုဘာ ၂၁၊ ၂ဝ၁၄

Monday, October 13, 2014
ရေးချမလိုတဲ့ နံပတ်
မြန်မာစကားစစ်စစ်"အမှတ်စဉ်" ကို အင်္ဂလိပ်ဘာသာနဲ့  Number ။ အဲဒီ Number ကနေ "နံပါတ်" ဖြစ်လာတယ်။ အမှန်ဆို "နမ်ဘာ" ဖြစ်သင့်ရဲ့နဲ့  " နံပါတ်" ဖြစ်သွားတာ ပါဠိပျက်မြန်မာဝေါဟာရလိုလိုဖြစ်သွားတယ်။ နံပါတ်ဆိုတာဟာ "နံပါတ" ပါဠိကနေ ဖြစ်လာသလားပေါ့။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ပ-စောက်မှာ မလိုအပ်တဲ့ ရေးချပါနေလို့ ။ ပါဠိဘာသာကနေလာတာမဟုတ်ရင် ပ-မှာ ရေးချမထည့်လဲ အလိုလိုပြည့်စုံပြီးသားကို ရေးချထည့်နေတာ အပိုအလုပ်ဖြစ်နေပါတယ်။
ရှေးကလည်း ခရစ်ယန် ဆိုတာမှာ ရေးချနဲ့  ခရစ်ယာန်လို့ ရေးတယ်။ အစ္စလမ်မှာ အစ္စလာမ်လို့  ရေးချရေးတယ်။
ခရစ်ယန်၊ အစ္စလမ်တို့ ဟာ ပါဠိကနေဆင်းသက်လာတာမဟုတ်လို့ ရေးချမလိုအပ်သလို နံပတ်လည်း ပါဠိကနေလာတာမဟုတ်လို့  ရေးချမလို။ ဒီလိုပဲယူဆမိပါတယ်။
အမရဒီပ
အောက်တိုဘာ၊၁၃၊ ၂ဝ၁၄

Saturday, March 8, 2014
မောက် နဲ့  မာ တို့ ရဲ့ ကဗျာဉာဏ်
သက္ကရာဇ် ၈၃ဝ ပြည့်ဖွား အင်းဝခေတ်မဟာကဗျာကဝိ အရှင်မဟာရဋ္ဌသာရဆရာတော်ဟာ အသက် ၂၆ နှစ်မှာ ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးကို ရေးသားပြီးစီးတယ်။ ကျမ်းပြီးသက္ကရာဇ် ၈၅၆ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်သားအရွယ် သက္ကရာဇ် ၈၄၆ မှာ ဘူရိဒတ်လင်္ကာကြီးကို ရေးသားခဲ့တယ်။ လင်္ကာကြီးတခု
နဲ့ တခု နှစ်ပရိစ္ဆေဒအားဖြင့် ၁ဝ စုနှစ်တခုကွာသွားလို့  စာဆိုရဲ့ ကဗျာဉာဏ်၊ လောက-ဓမ္မအတွေ့ အကြုံ
တွေဟာ အများကြီးပြောင်းလဲသွားခဲ့ပြီ။ ဆရာတော် ၁၆ နှစ်သားတုန်းက ရေးခဲ့တဲ့လင်္ကာကြီးမှာ လောက
ကြောင်းတွေများတယ်။ အသက် ၂၆ နှစ်သားမှာရေးတဲ့ ဇာတ်ပေါင်းခန်းမှာ ဓမ္မကြောင်းတွေ များလာတယ်။
ကျမ်းဂန်စာပေပိုင်းကို အဓိကထားရေးဖွဲ့ လာတယ်-လို့  မြန်မာစာပေသမိုင်းမှာ ဆိုတယ်။
ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးမှာ လူတွေရဲ့ စိတ်နေသဘောသဘာဝတခုကို အဆင့် ၃ ခုထားပြီး
ရေးဖွဲ့ သွားတာ ဖတ်ရတယ်။ ပထမအဆင့်ကို ဒီလို ရေးပါတယ်။
- ရွှေငွေ ပစ္စည်း ၊ သိတ်းဆည်းကျိတ်ကျိတ်
ရေဖိတ်မယို ၊ ဝန်တိုဝှက်လျှို့ 
သူတချို့ ကား ၊ နှစ်လို့ ကြည်ညို
ပေးမည်ဆိုသော် ၊ နုတ်ကိုစွဲ၍
အမြဲရကြောင်း ၊ တောင်းလတံ့ဟု
ပေးအံ့မဟ ၊ ထိုင်းမျဉ်းလှ၏။ (အပိုဒ် ၄၂၊)
ပေးမယ်လို့ ပါးစပ်နဲ့ ပြောမိရင် အမြဲတောင်း၊ အမြဲအလှူခံနေမှာစိုးလို့  ၊ တွေးမိလို့  ပေးမယ်လို့ တောင်
နုတ်အားဖြင့် ပြောဖို့ လေးလံထိုင်းမှိုင်းနေပါသတဲ့။ အလှူပေး၊ အလှူရှင်အဖြစ်နဲ့ ဆိုရင် ပေးမယ်လို့ ပြော
ရမှာ နုတ်ကို ပိတ်ချုပ်မထားပေမယ့် ဖွင့်ပြောရမှာ နုတ်လေးတတ်တယ်ဆိုတာလည်း လူ့ သဘာဝပါပဲ။
ဒုတိယအဆင့် စိတ်သဘာဝအခြေအနေကို ဆရာတော်က ဒီလိုဖွဲ့ ပြန်တယ်။
-တည်းတွမမူ ၊ တချို့ လူကား
ပျူပျူငှါငှါ ၊ မလာဝမ်းထဲ
မုသားစွဲ၍ ၊ ခြေခဲလက်ခဲ
ဖက်လဲတကင်း ၊ သိမ်းမြန်းခြင်းဖြင့်
ပေးလျှင်းလိလိ ၊ မသိသသူ
ယုံစေဟူသို့ ၊ ယူလှည့်နက်ဖြန်
မှန်၏သန်ဘက်၊ ဆိုကြလျက်တည့်
ထိုထက်တနေ့ ၊ တရွှေ့ ရွှေ့ လျှင်
ရွှေ့ လတ်ကာကာ ၊ လက်မှာမရောက်
နှလုံးကောက်နှင့် ၊ ဖောက်ဖောက်ပြန်ပြန်
ဧကန်မကျ ၊ နုတ်သာပြ၏။ (အပိုဒ် ၄၂။)
စိတ်ထဲမပါ၊မပေးချင်ပေမယ့် အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပေးမယ်လို့ တော့ ပြောလိုက်တာပဲ။
အလှုပစ္စည်းပေးမှာကျတော့ နက်ဖြန်၊ သန်ဘက်အချိန်ဆွဲထားတယ်။ လက်မရောက်ဘဲ နုတ်သာရောက်
တတ်တဲ့ လူ့ သဘာဝကို ပြောတာပါပဲ။
တတိယအဆင့်ကို ဆရာတော်က သည်လိုဖွဲ့ ပြပါတယ်။
-ထိုမှတထူး ၊ သူတဦးကား
ညွတ်နူးသဒ္ဓါ ၊ ပေးတုံပါလျက်
တခါနောက်ပြီ့ ၊ အကြံရှိ၍
နှမိနှမြော ၊ ပေးလွန်သောဟု
တွေးတောလှည့်ထ ၊ ကုက္ကုစ္စဖြင့်
နောင်တတဖန် ၊ ယူပြန်လိုက်ချင်
မရွှင်မပြုံး ၊ ဒေါသဖုံးသည်
နှလုံးမဖြူ မထွားတည့်။ (အပိုဒ် ၄၂။)
ပေးကမ်းစဉ်တုန်းကတော့ သဒ္ဓါတရားအပြည့်ထားပြီး ပေးကမ်းလိုက်တာပဲ။ နောင် ကိုယ်ရေးကိုယ်တာ
ကိစ္စ၊ စီးပွားရေးကိစ္စပေါ်လာတဲ့အခါ လှုလိုက်မယ့်အစား ကိုယ့်စီးပွားရေးကိစ္စထဲ ထည့်သုံးလိုက်ရင် အကျိုး
ရှိမှာ ၊ အခုတော့ လက်လွန်ကုန်ပြီလို့ တွေးမိတိုင်း လှုလိုက်မိတာကို နှမြောစိတ်ဖြစ်တယ်။။ နောင်တရ
တယ်။ လွတ်သွားတဲ့ ငါး ပိုကြီးတာကို တွေးတွေးပြီး စိတ်ဓာတ်မဖြူစင်ဖြစ်ရတယ်။ ကုသိုလ်မပွားဖြစ်ရတယ်
လို့ ဆရာတော်က ဖွဲ့ ပါတယ်။
အပိုဒ် ၄၂ တပိုဒ်လုံးကို အနှစ်ချုပ်လိုက်ရင် ----
အဆင့် ၁ ပေးကမ်းမယ်၊ လှူမယ်ပြောဖို့ နုတ်လေးတယ်။
အဆင့် ၂ လှူဒါန်းပေးကမ်းဖို့ ပြောပြီးကာမှ လက်နှေးတယ်။
အဆင့် ၃ ပေးပြီးလှူပြီးတော့ နှမြောတယ်၊ စိတ်မပြတ်နိုင်ဖြစ်နေတယ်၊ နောင်တရတယ် လို့  ဆိုလိုကြောင်း
တွေ့ ရတယ်။
နောက်လင်္ကာတပိုဒ်ဆက်ရေးတဲ့အခါ ဆရာတော်က အဆင့် ၁ (ပထမအဆင့်) အတွက် ဥပမာတခုပြပြီး
ရှင်းပြပါတယ်။ ကြည့်ပါ။
-ထို့ ကြောင့်နှိုင်းရှဲ့၊ ပမာငဲ့သော်
သုံးဆဲ့သုံးဖန် ၊ လက်သစ်ပြန်အောင်
ရှည်ခြင်းဆောင်လျက် ၊ အရောင်ယူမြောက်
မရှုစောက်တည့် ၊ ဆင်ပေါက်လည်ပင်း
ပြတ်လျှင်းဘနန်း ၊ မျောမျောသွန်းသား
မြိုက်ချွန်းအသွား ၊ သန်လျက်ဓားကို
ဝံ့စားရဲလှ ၊ မျိုပြီးမှလျှင်
ဝမ်းချရောအန် ၊ ထွက်စေပြန်သား
မန္တာန်ကိစ္စ ၊ ထိုသိပ္ပထက်
ရက်ရက်ပင်ကို ၊ ပေးလျှင်းလိုဟု
ဆိုအံ့သည်မျှ ၊ ခဲယဉ်းလှ၏။ (အပိုဒ် ၄၃။)
အရှည် ၃၃ လက်သစ်၊ အရောင်တလက်လက်တောက်ပ၊ ခုတ်လိုက်ရင် ဆင်သားပေါက်ကလေးလည်ပင်း
လောက်ကို တိကနဲပြတ်ကျသွားစေနိုင်တဲ့ သန်လျက်ဓားကို မျိုချ၊ ပြီးတော့ ပြန်ထုတ်ပြတဲ့ မျက်လှည့်
အတတ်မျိုးဟာ အင်မတိအင်မတန် ခဲခက်ပါတယ်။ သန်လျက်ဓားကို မျိုချ၊ ပြန်ထုတ်ရတာထက် ပေးမယ်
လို့ ပြောရတာက ပိုပို ခက်ပါသတဲ့။
-မြွက်ဟဆိုတိုင်း ၊ မဆိုင်းကြံစည်
ပေးလျှင်းသည်ကား ၊ ပေးမည်ထိုသူ
ဟူသည်ထက်သော် ၊ ခဲခက်ဆယ်ဆ
ချီးမွမ်းရ၏။ (အပိုဒ် ၄၃။)
နုတ်နောက်က လက်လိုက်၊ တနည်း--အပြောနောက်အလုပ် (လက်တွေ့ )ပါသူဖြစ်ဖို့ ဆိုတာလည်း ပေးမယ်
လို့ ပြောရုံသာပြောသူဖြစ်ရထက် အဆပေါင်း ဆယ်ဆခက်ခဲပါတယ်။ ခက်ခဲတာကိုလုပ်နိုင်လို့  ချီးမွမ်းထိုက်
ပါတယ်။အဆင့် ၂ (ဒုတိယအဆင့်) ရဲ့ ခက်ခဲပုံကို ပြောပါတယ်။
-ဝမ်းကသက်သက် ၊ ပေးပြီးလျက်တည့်
တချက်တဖန် ၊ ယူပြန်မရ
နှမြောစွာ့ဟု ၊ နှစ်ခွမဲ့လျှင်း
ဝမ်းမြောက်ခြင်းကား ၊ ခပင်းထို့ ထက်
ဆယ်လေးတက်သည် ။ ။ ဖြစ်ခက်အခေါင်အဖျားတည်း။ (အပိုဒ် ၄၃။)
"ဝမ်းကသက်သက်" ဆိုတဲ့ ပါဒမှာ ဝမ်းဆိုတာ စိတ်ကို ဆိုလိုပါတယ်။ စိတ်ပါလက်ပါသဒ္ဓါအပြည့်လို့ ဆိုလို
ပါတယ်။ အလှူရှင်ရဲ့လက်ထဲကပစ္စည်းကို အလှူခံလက်ထဲ ထည့်ပေးလိုက်ပြီးပြီ။ ပြန်လိုချင်လို့ လည်း မရ
နိုင်တော့ဘူး။ မရနိုင်မှန်းသိတော့မှ စိတ်ကမပြတ်သားနိုင်ဖြစ်လာတယ်။ နှောင်ကြိုးမဖြတ်နိုင်တဲ့စိတ်ကြောင့်
လှူလိုက်တာကို အပြည့်အဝဝမ်းမသာနိုင်ရှာဘူး။ ဒါက အဆင့် ၃ (တတိယအဆင့်)မှာ ဖြစ်တာ။ သည်လို
အလှူပစ္စည်းအပေါ်စိတ်နှောင်ကြိုးကို ပြတ်ပြတ်သားသားပြတ်တောက်ပြီး လှူပြီးတာအတွက် ဝမ်းမြောက်
ဝမ်းသာဖြစ်ဖို့ ဆိုတာလည်း အဆင့် ၂ ထက် တဆယ်လေးဆတက် ခက်ခဲပြန်ပါရောတဲ့။ အခက်ခဲဆုံး
အပိုင်းဖြစ်ပါတယ်လို့  ဆရာတော်က ဆုံးမရေးဖွဲ့ ပြပါတယ်။
အပိုဒ် ၄၃ တခုလုံးကို အနှစ်ချုပ်ကြည့်ရင်
အဆင့် ၁ ကို ဓားသန်လျက်မျို၊ ပြန်ထုတ်တဲ့ ဥပမာပြတယ်။
အဆင့် ၂ ကို ဓားသန်လျက်မျို-ပြန်ထုတ်တာထက် ဆယ်ဆခက်တယ်လို့ ပြောတယ်။
အဆင့် ၃ ကို အဆင့် ၂ ထက် တဆယ်လေးဆတက်ခက်တယ် လို့ ပြပါတယ်။ တနည်းအားဖြင့် ခက်ခဲသော ဆိုတဲ့ နာမဝိသေသနကို (၁) ခက်ခဲသော (၂) ပိုခက်ခဲသော (၃) အခက်ဆုံး-ဆိုတဲ့ အဆင့် ၃ ခုစဉ်ပြသလို ပေးကမ်းမှုဆိုင်ရာလူ့ သဘာဝမှာလည်း သည်လိုအဆင့်တွေရှိတယ်၊ အဆင့်တိုင်းမှာ ခက်ခဲမှု
အတိုင်းအတာကိုယ်စီကိုယ်ငှရှိကြတယ်လို့  နားလည်ရပါတယ်။
ဆရာတော်အရှင်မဟာရဋ္ဌသာရက သည်လိုအဆင့် ၃ မျိုးကို ရှင်းပြရာမှာ အပိုဒ် ၄၂ မှာ ၄ လုံးတပါဒ နဲ့ 
ပါဒအရေအတွက်ပေါင်း ၄၈၊ ၇ လုံးအဆုံးသတ်ပါဒ ၁ ၊ အပိုဒ် ၄၃ မှာ ၄ လုံးတပါဒနဲ့  ပါဒပေါင်း ၃၈၊ ၇ လုံး အဆုံးသတ်ပါဒ ၁၊ သုံးစွဲပြီးရှင်းပြတာတွေ့ ရပါတယ်။
သက္ကရာဇ် ၁၂ဝ၃ ခုနှစ်ဖွား မန်လည်ဆရာတော်အရှင်ဇဝနဟာ သက်တော် ၃ဝ ပြည့်တဲ့ သက္ကရာဇ် ၁၂၃၃ မှာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကို စတင်ရေးသားတယ်။ ဘုရားကိစ္စ၊ သာသနာရေးကိစ္စတွေ
ကြောင့် လင်္ကာရေးသားမှု ခရီးမတွင်နိုင်ဘဲ ကြန့် ကြာနေခဲ့ရတယ်။ သက်တော် ၆၃ ၊ သက္ကရာဇ် ၁၂၆၆ မှာ
ရေးလက်စလင်္ကာသစ်ကို အပြီးသတ်နိုင်ခဲ့တယ်။
မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာသစ်ကျမ်း၊ အပိုဒ် ၂၈၅ မှာလည်း ဘူရိဒတ်ဇာတ်ပေါင်းခန်းအဆို နဲ့ 
ခပ်ဆင်ဆင် အရေးအဖွဲ့ တခုကို တွေ့ ရပါတယ်။ ပေးကမ်းတဲ့ကိစ္စမှာ ဘူရိဒတ်ဇာတ်ပေါင်းခန်းက အဆင့် ၃ မျိုးရှင်းပြပေမယ့် မဃဒေဝလင်္ကာသစ်ကတော့ အဆင့် ၄ မျိုးထားပြီး ရှင်းပြတယ်။ မဃဒေဝအဆိုကို ရှုပါ။
-မိမိဥစ္စာ ၊ နှစ်သက်စွာကို
သဒ္ဓါကြည်ဖြူ ၊ ပေးအံ့ဟူ၍
လှူမည်ဝမ်းထဲ ၊ ကြံမရဲရှင့်....။
လူသဘာဝစိတ်က ပေးဖို့ ကမ်းဖို့ ဆိုတာကို စိတ်နဲ့ တောင်မကြံရဲတဲ့ ကိစ္စဖြစ်ကြောင်း ပထမအဆင့် အဖြစ်
ပြောပါတယ်။ အဆင့် ၁ က စိတ်နဲ့ ကြံစည်ဖို့ ပင် ခက်ခဲတယ်။
-ကြံခဲစွာဘိ ၊ ကြံသည်ရှိလည်း
မငြိမနား ၊ မန္တာန်အားဖြင့်
အသွားမတုံး ၊ ထိလျှင်ဆုံးမျှ
သုံးဆဲ့သုံးဘန် ၊ လက်သစ်ပြန်သည့်
သန်လျှက်ဓားကို ၊ ထင်ရှားပြက်ပြက်
မျိုသောထက်လျှင် ၊ နုတ်ထွက်ငါသည်
ပေးမည်မြွက်ခဲ....။
ဘူရိဒတ်ဇာတ်ပေါင်းခန်းမှာ ပြတဲ့ သန်လျှက်ဓားဥပမာနဲ့ ပဲ ပေးကမ်းဖို့ အပြောရခက်ကြောင်း ဒုတိယအဆင့်
အနေနဲ့ ပြပါတယ်။
-မြွက်တပဲလျက် ၊ ရဲရဲရက်ရက်
အပေးခက်ရှင့်...။
ပေးမယ်ပြောပြီးတာတောင် လက်တွေ့ ပေးတဲ့အခါ နှောင်ကြိုးမဲ့ စွန့် လွှတ်ဖို့ ခက်ခဲကြောင်း တတိယအဆင့်
အနေနဲ့ ပြပါတယ်။
-ဆက်ဆက်မုချ ၊ ပေးပြီးမှလည်း
နောင်တမပူ ၊ ခဲစွဟူ၏။
ပေးကမ်းပြီးတဲ့အခါမှာလည်း နောင်တမရဖို့ လည်း ခက်ခဲကြောင်း စတုတ္ထအဆင့်အနေနဲ့  ပြပါတယ်။
အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်ဟာ အတွေးအခေါ်တရပ်အပေါ် မူတည်ပြီး ဒီအဆိုအမိန့် တွေ
ကို တင်ပြကြတာဖြစ်ပါလိမ့်မယ်။ သို့ သော် အဆင့် ၃ ဆင့်ထားပြီး တင်ပြတာနဲ့ ၊ အဆင့် ၄ ဆင့် ထားပြီး
တင်ပြတာမျိုး မတူကြပေဘူး။ မန်လည်ဆရာတော်က အဆင့် ၄ မျိုးကို ၄ လုံးတပါဒနဲ့ ပါဒပေါင်း ၂၆ ခုနဲ့ 
ရှင်းပြသွားခဲ့ပါတယ်။ ဒီနေရာမှာ အကြံတူ နောင်လူကောင်းစမြဲ ဆိုတဲ့စကား မှန်နေတာတွေ့ ရပါတယ်။
အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်တို့ ဟာ ကဗျာတင်ပြပုံမှာသာ ဆင်တူယိုးမှားဖြစ်တာမဟုတ်ဘဲ
ငယ်မည်တွေမှာလည်း ဆင်တူယိုးမှားဖြစ်နေပြန်တာ အမှတ်မထင်တွေ့ ရတယ်။ အရှင်မဟာရဋ္ဌသာရငယ်
မည်က မောင်မောက် ဖြစ်တယ်။ မန်လည်ဆရာတော်ငယ်မည်ကတော့ မောင်မာ ဖြစ်ပါတယ်။
အမရဒီပ
မတ်လ ၈၊ ၂ဝ၁၄

Monday, March 3, 2014
ခရစ်ယာန် နဲ့  အစ္စလာမ် ရဲ့ ယာန် နဲ့  လာမ်မှာပါတဲ့ ရေးချ
ခရစ်ယာန် နဲ့  အစ္စလာမ်.....။
ဒီခေါင်းစဉ်ကြောင့် ဘာသာရေးအကြောင်း ခက်ခက်ခဲခဲတွေ ပြောတော့မယ်လို့  မထင်စေချင်ပါဘူး။
ပြောလည်းမပြောပါဘူး။
ပြောချင်တာက "ခရစ်ယာန်" ဆိုတဲ့ စာလုံးပေါင်း၊ "အစ္စလာမ်" ဆိုတဲ့ စာလုံးပေါင်းအကြောင်းပါ။
လိုရင်းကို တိတိကျကျပြောစတမ်းဆိုရင် အဲသည်စာလုံး ၂ လုံးမှာပါတဲ့ ရေးချ (-ာ) အကြောင်းပဲ။
မြန်မာစာပေ၊ မြန်မာစာလုံးပေါင်းတွေမှာ ပါဠိဝေါဟာရကဆင်းသက်တဲ့ ပုဒ်ကို နောက်က အသတ်ပါလေ့ရှိ
တယ်။
ပါဠိဝေါဟာရတွေကနေ မြန်မာ ဝေါဟာရတွေ ဒီလိုဖြစ်သွားတာတွေ့ ပါတယ်။ ဥပမာ------
ပါဠိ ဝေါဟာရ မြန်မာဝေါဟာရ
ကာယ ကိုယ်
ကုသလ ကုသိုလ်
နိဗ္ဗာန နိဗ္ဗာန်
မဂ္ဂ မဂ်
ဖလ ဖိုလ်
အဘိဓာန အဘိဓာန်
အဓိဋ္ဌာန အဓိဋ္ဌာန်
အဓိပ္ပါယ အဓိပ္ပါယ်
အခုပြခဲ့တဲ့ ဝေါဟာရတွေအထဲက "ခရစ်ယာန်၊ အစ္စလာမ်" စာလုံးပေါင်းတွေနဲ့ သဘောသွားတူနေတဲ့
ပါဠိ၊ မြန်မာ ဝေါဟာရကတော့ "အဘိဓာန ၊ အဘိဓာန်" ဖြစ်ပါတယ်။ အဘိဓာန်မှာ ပါတဲ့ (ဓာန်)ဟာ
ရေးချမပါလည်း (ဓန်) လို့ ဖြစ်တာပါပဲ။ သို့ သော် မူရင်းပါဠိပုဒ် အငွေ့ အသက်မကင်းတာကြောင့် အဘိဓာန်စာလုံးပေါင်းမှာ ရေးချပါနေရတယ်။
ခရစ်ယာန် တို့ ၊ အစ္စလာမ်တို့ ဟာ မူလပါဠိဝေါဟာရတွေ မဟုတ်ကြပေဘူး။
ခရစ်ယာန် ဆိုရင် မူရင်း Christian
အစ္စလာမ် ဆိုရင် မူရင်း Islam/ Aslamc ဆိုတဲ့ အင်္ဂလိပ်-အာရပ်ဘာသာတို့ ကနေ မြန်မာဘာသာ
ထဲ ရောက်လာတာ ။ သို့ မဟုတ် ယူထားတယ်ပေါ့။
မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ "ခရစ်ယာန်" လို့ စာလုံးပေါင်းပြတယ်။ ပါဠိက ဆင်းသက်တာမဟုတ်လို့ 
ယ ကို ရေးချ-ပြီးတော့ နသတ်တာမလိုအပ်ပါ။ ခရစ်ယန် (သို့ မဟုတ်) ခရစ်ယံ ဆိုရင် လိုအပ်တဲ့ စာလုံး
ပေါင်း ပြည့်စုံတာပဲမဟုတ်လား။ ဒီတော့ မြန်မာ-အင်္ဂလိပ်အဘိဓာန်ရဲ့ စာလုံးပေါင်းကို စဉ်းစားရလိမ့်မယ်။
အစ္စလာမ်-ဆိုတဲ့ စာလုံးပေါင်းကိုတော့ မြန်မာ-အင်္ဂလိပ်အဘိဓာန်က (အစ္စလမ်) လို့ ပေါင်းပြတယ်။
လမ်-မှာ ရေးချမပါ။ သို့ သော် အခုတလောသတင်းတွေကို ဖတ်လိုက်ရင် လ-မှာ ရေးချထည့်ပြီး
အစ္စလာမ်-လို့ ပေါင်းနေကြတယ်။ မြန်မာအဘိဓာန်စာလုံးပေါင်းက (အစ္စလမ်)- လ-မှာ ရေးချမပါ။
အများစုကစာလုံးပေါင်းတာက (အစ္စလာမ်)။ လ-မှာ ရေးချထားတယ်။ မလိုအပ်ပါ။
ရေးချမလိုအပ်တဲ့ နေရာတွေမှာ ရေးချကို ရက်ရက်ရောရော ထည့်ပေါင်းနေကြတယ်လို့ ပဲ မြင်ပါတယ်။
အမရဒီပ
မတ်လ ၃၊ ၂ဝ၁၄

Thursday, February 27, 2014
ကွန်ယက် နဲ့  ကွန်ရက်
"ကွန်" တော့ "ကွန်" အကြောင်းပါပဲ ။ အင်တာနက်သုံးသူတွေဆိုလိုတဲ့ Connection ကို အတိုကောက်ဆို
လိုတဲ့ ကွန်တော့မဟုတ်ပါဘူး။ ကွန်မကောင်းဘူးလို့ အင်တာနက်သုံးသူတွေ ရေရွတ်တတ်ကြသကိုး။
၂ဝ၁၁ မြန်မာပြည်ရဲ့ ၂ဝဝ၈ အခြေခံဥပဒေနဲ့ အညီပြောင်းလဲလာတဲ့အေခြအနေအောက်မှာ ဖူးပွင့်ဝေစီ ငွါးငွါးစွင့်စွင့် ပွင့်လန်းလာကြတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သာသနာရေး စသည်စသည် အလီ
လီသော အဖွဲ့ အစည်းများ၊ အသင်းအပင်းများကို ခေတ်နဲ့ အညီ ခေါ်ဝေါ်ကြတဲ့ Network ကိစ္စပါပဲ။
စကားလုံး ၃ လုံးကို တွဲစပ်ပြု သုံးစွဲလိုက်တော့ အသုံးများတဲ့ အခေါ်အဝေါ်တွေဖြစ်လာတယ်။
ကွန် + ယက်= ကွန်ယက်
ကွန် + ရက်= ကွန်ရက်
(ကွန်+ယက်+ ရက်)
ကွန် =soar, net,casting net,cast- net
ယက်= rake,row,paddle (ခြစ်ထုတ်ပစ်တာ၊ လှေလှော်-ရေကူးရာမှာ အသာအယာ လှုပ်ရှားတာ)
ရက်= day,weave (အချိန်ကာလတခု၊ ဖျာ-ထရံ-အဝတ်အထည်ဖြစ်အောင် စနစ်တကျဖွဲ့ စည်းတာ)
Network ကို ဘာသာပြန်ရာမှာ "ကွန်ရက်" လို့ မြန်မာအဘိဓာန်မှာ စာလုံးပေါင်းပြတယ်။ ရကောက် နဲ့ 
"ရက်" တာနော်။ အများစုကလည်း ကွန်ရက် လို့  မှန်မှန်ကန်ကန် စာလုံးပေါင်းကြတာတွေ့ ရပေမယ့်
အွန်လိုင်းသတင်းတွေကို ဖတ်လိုက်ရင် ယပက်လက်နဲ့  "ယက်" ဖြစ်နေပြန်တယ်။
စာရေးဆရာမတယောက်ဆို "ဇနီးချောများ ကွန်ရက်" ဆိုပြီး ဝတ္ထုတပုဒ်ရေးထုတ်ထားသေးတယ်။
ရကောက်၊ ယပက်လက်အသံထွက်မကွဲတာကြောင့် စာလုံးပေါင်းတဲ့အခါ အသံထွက်ကိုလိုက်ပြီး
"ကွန်ယက်" လို့  ပေါင်းမိသွားတာလို့ နားလည်ပေးရမှာပေါ့။ ဒါပေမယ့် တခုနဲ့ တခုပေါင်းကူး
ယှက်နွယ်ထားတာကို ပြောတာလို့ သဘောပေါက်ပြီး စာလုံးပေါင်းရင်တော့ဖြင့် "ကွန်ရက်" လို့  အမှန်ဖြစ်လာဖွယ်ရှိကြောင်းပါ....။
အမရဒီပ
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၄
============

Tuesday, February 25, 2014
ထိုကြောင့် နဲ့  ထို့ ကြောင့်

အကြောင်းပြစကားကို ပြောပြီး ရေးပြီးနောက် အနှစ်ချုပ်တဲ့ စကားလုံးအနေနဲ့ (ထို့ ကြောင့်) လို့ ရေး
သားလာခဲ့ပါတယ်။ အချို့ စာရေးသူတွေက (ထိုကြောင့်) လို့ ရေးကြတယ်။ ဘာကြောင့် (ထို/ထို့ ) လို့ 
ဖြစ်နေရတာလဲ၊ ဘယ်ဟာက မြန်မာစာလုံးပေါင်းကျမ်းနဲ့ ညီသလဲ ဆိုတာ တွေးလာခဲ့တယ်။
မြန်မာစာအဖွဲ့ ရဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ (ထို)စကားလုံးတွေကို ဒီလိုတွေ့ ရတယ်။
ထို
ထိုထိုဤဤ
ထိုနည်းတူ= ထိုနည်းအတူ
ထိုမြို့ 
ထိုမှတစ်ပါး
ထိုမျှလောက်
ထိုအခါ
အောက်မြစ်ပါတဲ့ (ထို့ ) စကားလုံးတွေကိုလည်း ဟောသလို အစဉ်လိုက်ပြထားပါတယ်။
ထို့ ကြောင့်
ထို့ ထက်
ထို့ နောက်
ထို့ ပြင်
ထို့ အတူ= ထိုနည်းအတူ
ဒီအဘိဓာန်အလိုအရပြောရင်တော့ (ထိုကြောင့်- ထို့ ကြောင့်) ဆိုတဲ့ စာလုံပေါင်း ၂ မျိုးမှာ ထဆင်ထူး
လုံးတင်၊ တချောင်းငင်၊ အောက်မြစ်တဲ့ (ထို့ ကြောင့်) ကို တရားဝင်စာလုံးပေါင်းအဖြစ်ပြောနိုင်ပြီပေါ့။
အမရဒီပ
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၄
Tuesday, January 28, 2014
အသားကြီး ၁ဝ မျိုးလာ " အောင်း" အရှုပ်တော်ပုံ
ဝိနည်းဥပဒေအရ ရဟန်းတော်များ မစားအပ်တဲ့ "အကပ္ပိယမံသ" အသားကြီး ၁ဝ မျိုးကို မြန်မာဘာသာ
အားဖြင့် ပြောကြရာမှာ ၁) လူသား၊ ၂)ဆင်သား၊ ၃)မြင်းသား၊ ၄)ခွေးသား ၊ ၅)မြွေသား၊ ၆)ခြင်္သေ့သား၊
၇)ကျားသား၊ ၈) ကျားသစ်သား ၊ ၉) ဝံသား ၊ ၁ဝ) အောင်းသား-- လို့ စာရင်းပြပါတယ်။ အမှတ်စဉ် ၉ ဖြစ်
တဲ့ ဝံသားကို တိတိကျကျပြောရာမှာတော့ "ဝက်ဝံသား" လို့ ကျမ်းစာများမှာ တွေ့ ရတယ်။
အမှတ် ၁ဝ "အောင်း" ကို စူးစမ်းတဲ့အခါ အယူအဆများစွာ ကွဲပြားနေတာ သတိပြုမိပါတယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်နဲ့ ယုဒသန်မြန်မာ-အင်္ဂလိပ်အဘိဓာန် ၂ စောင်ကိုကြည့်ရာမှာ "အောင်း" ခေါ်တဲ့
သတ္တဝါဟာတိဘက်ဒေသမှာ အများဆုံးတွေ့ ရတတ်တဲ့ အမွှေးရှည် နွားကို ခေါ်ကြောင်း ပြဆိုကြတယ်။
အင်္ဂလိပ်ဘာသာ Yak, Tibet Bull လို့ ခေါ်ပါတယ်။ (ပုံ-၁ ကြည့်) Yak က နွားအထီးကို ခေါ်ပြီး အမကို
တော့ Dri သို့ မဟုတ် Nak လို့  တိဘက်ဘာသာနဲ့ ခေါ်ပါတယ်။
(ပုံ- ၂ ဟာယိန)
ဝိနည်းပါဠိတော်အင်္ဂလိပ်ဘာသာပြန်၊ အသားကြီး ၁ဝ မျိုးအကြောင်းအင်္ဂလိပ်ဘာသာနဲ့ ရှင်းပြကြတဲ့ ရဟန်း
ပညာရှင်များ၊ ပါဠိ-အင်္ဂလိပ်အဘိဓာန်များအလိုအရကတော့ "တရစ္ဆ=အောင်း" ခေါ်တဲ့ သတ္တဝါဆိုတာ
အာရှ နဲ့  အာဖရိကတိုက်တွေမှာ တွေ့ ရတတ်တဲ့ ဟာယိန (Hyena) ကို ညွှန်ပြကြပါတယ်။ မြန်မာစာအဖွဲ့ 
ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်က "Hyena (also Hyaena) အာဖရိကနှင့် အာရှတိုက်တို့ တွင် တွေ့ ရ
သည့် ခွေးနှင့်တူ၍ အုပ်ဖွဲ့ နေတတ်ကာ အသေကောင်ကိုစားလေ့ရှိသော၊ လှောင်ရယ်သံအလား အော်မြည်
တတ်သည့် တောရိုင်းတိရစ္ဆာန်" လို့ ရှင်းပြတယ်။
တိပိဋကပါဠိ-မြန်မာအဘိဓာန်-အတွဲ ၉၊ တ-ဝဂ်က "အာဖရိကတိုက်တွင် အရှိများ၍ မေးရိုးအထူးသန်မာပြီး
လျှင် အပုပ်ကောင်ကိုစားတတ်သည့် အသည်းကြောင်သော ခွေးအ။ အသားကိုစားသည့် ရိုင်းသောသတ္တဝါ၊
၎င်းသတ္တဝါသည် သန်မာ၏၊ သို့ သော် သူရဲဘောနည်း၏။ ခွေးကြီး သို့ မဟုတ် ဝံပုလွေနှင့်တူ၏- Hyena,
Hyaena ကိုကြည့်" လို့ ပြထားတယ်။ (ပုံ- ၂ ကြည့်)
ဦးဟုတ်စိန်ရဲ့ အများသုံးမြန်မာ-အင်္ဂလိပ်အဘိဓာန်ကတော့ "ဟာယိန (hyena), တိဘက်နွား (Yak)" ၂ မျိုးလုံးကို "အောင်း" လို့  သိမ်းကျူံးပြဆိုထားတာတွေ့ ရပါတယ်။
(ပုံ- ၃ ဝံပုလွေ)
ဆရာတော်အရှင်သြဘာသာဘိဝံသရဲ့ သုတေသနသရုပ်ပြအဘိဓာန်က "တရစ္ဆ" ကို " ဝံပုလွေ" လို့ ယူဆ
ကာ တရစ္ဆမံသ= ဝံပုလွေအသား လို့  အသားကြီး ၁ဝ မျိုးမှာ ပြဆိုပါတယ်။ ဝံပုလွေဟာ နေရာဒေသကို
လိုက်ပြီး အမွှေးအရောင်ကွာခြားမှုရှိနိုင်ပါတယ်။ (ပုံ- ၃ ကြည့်) ။ ပုံ ၃ မှာပြတဲ့ ဝံပုလွေကတော့ အမေရိကန်
နိုင်ငံမှာ တွေ့ ရတဲ့ ဝံပုလွေဖြစ်ပါတယ်။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ဗုဒ္ဓဝါဒနဲ့ သက်သတ်လွတ်အယူစာတမ်းမှာတော့"တရစ္ဆကို
ဟာယိန နဲ့ ဝံပုလွေ ဆိုတဲ့ သတ္တဝါ ၂ မျိုး" လို့  ပြပါတယ်။
တရစ္ဆ-ပါဠိကို ဝံပုလွေ လို့ ဘာသာပြန်မှုအပေါ် သဘောမတူတဲ့အယူအဆတွေ ရှိနေပါတယ်။ ပါဠိအဘိဓာန်နိဿယဂါထာအမှတ် ၆၁၅ မှာ "ကောက၊ ဝက= ဝံပုလွေ" လို့ ပရိယာယ် ၂ ပုဒ်ပြတယ်။
ရှေးအဘိဓာန်နိဿယများက ကောက၊ ဝက ပါဠိတို့ ကို သစ်ကျုတ် လို့ မြန်မာပြန်ခဲ့ကြတယ်။ (ပုံ ၄ ကြည့်)
အဲဒီ သစ်ကျုတ် ဘာသာပြန်ကို ပါဠိပညာရှင်များက ဆက်လက်လက်ခံအသုံးပြုတာ မတွေ့ ရပါဘူး။
သဒ္ဒနီတိဓာတုမာလာက "ကောကောတိ အရညသုနခေါ= ကောကဆိုတာ တောခွေး (ခွေးအ)" လို့ ပြော
တာကြောင့် တောခွေးဆိုတာ ခွေးနဲ့ အမျိုးအနွယ်ချင်းတူတယ်လို့ တောင်မဆိုသင့်ဘူး၊ တောခွေးဆိုတာ ခွေး
အစစ်ဖြစ်တယ်။ ဒီတော့ "အရညသုနခ=ဝံပုလွေ=Wolf" ဖြစ်တယ်လို့ ယူဆကြပါတယ်။
ကောက ပါဠိက ဝံပုလွေ Wolf ကို ပြောတာပဲလို့ အယူအဆညီကြပြီးနောက် အသားကြီး ၁ဝ မျိုးကို ဖွင့်ပြ
တဲ့ ဝိနည်းဟာဝါအဋ္ဌကထာ (ဝိ၊ဋ္ဌ၊ ၃၊၃၇၆) က-------
"ဝံပုလွေ (အရညကောက) ဆိုတာ ခွေးနဲ့ အတူတူပဲ။ ဝံပုလွေအသားကို စားကောင်းတယ်။ စားနိုင်တယ်။
ဝံပုလွေ က ခွေးနဲ့ ပေါင်းစပ်လို့ မွေးဖွားလာတဲ့ ခွေးဝံပုလွေကပြားရဲ့ အသားကိုတော့ မစားရဘူး" လို့ ပြော
ထားပါတယ်။ ဒါကြောင့် တရစ္ဆ ပါဠိကို ဝံပုလွေ လို့ ယူဆတာ အဋ္ဌကထာနဲ့ မညီညွတ်ဘူး။
ပါဠိကို တိုက်ရိုက်မြန်မာပြန်၊ အဲဒီမြန်မာပြန်ဝေါဟာရကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ကြည့်မိလို့ လိုရင်း
ပန်းတိုင်မရောက်နိုင်ဖြစ်တာလေးနဲ့ လည်း ကြုံရပါသေးတယ်။ "အရည+သုနခ= တော+ခွေး" ဆိုတဲ့
တိုက်ရိုက်ဘာသာပြန်ဟာ အင်္ဂလိပ်လို Jackal, ပါဠိလို ဇမ္ဗုက-သိဂါလ-သိင်္ဂါလ-ကောဋ္ဌု ဖြစ်သွားပြီး လမ်းကြောင်းလွဲသွားရော။ (ပုံ ၅ ကြည့်) ဒီပါဠိတွေက မြေခွေး, Fox ကိုလည်းဆိုလိုပြန်တော့
တောက်လျှောက်လွဲတော့တာပါပဲ။(ပုံ ၆ ကြည့်)
(ပုံ ၄ သစ်ကျုတ်)
(ပုံ ၅ တောခွေး)
(ပုံ ၆ မြေခွေး)
ရှေးအဘိဓာန်နိဿယ နဲ့  မြန်မာ-အင်္ဂလိပ်အဘိဓာန်တို့ အလို "ကောက=အရညသုနခ= သစ်ကျုတ်၊
တောခွေး၊ မြေခွေး" ဘာသာပြန်ဟာ မတည်ငြိမ်ဘူး။ "တရစ္ဆ=ဝံပုလွေ Wolf" ဘာသာပြန်ဟာလည်း
အငြင်းပွားစရာဖြစ်နေပါတယ်။
တိပိဋကပါဠိအဘိဓာန်က တရစ္ဆ ပါဠိကို (က) အောင်း (ခ) ကျားသစ် (ဂ) ခွေးကျား (ဃ) သစ်ကျုတ်
(င) ဝက်ဝံအထူး (စ)ခြင်္သေ့နက်၊ ဝက်ဝံနက် (ဆ) သစ် (ခွေးသဏ္ဍန်ရှိသော မည်းနက်သောအရေး
အကြောင်းတို့ ဖြင့် ပြောက်ကျားသော သားကောင်အထူး) လို့ ဆရာစုံတို့  အယူအဆစုံကို ပြည့်စုံအောင်
ပြပါတယ်။ သို့ သော် တိ-ပိအဘိဓာန်မှာ မပါသေးတာကတော့ "တရစ္ဆ-ဆိုတာ ကျားကျုတ်" ကိုဆိုလို
တယ်ဆိုတဲ့ အယူအဆပါပဲ။
(ပုံ ၇ ကျားကျုတ်)
ဆရာတော်အရှင်ကုမာရ-က ဝိနယသင်္ဂဟပန်းကုံး၊ မစ ၦမံသဝိနိစ ၦယကထာကုိ ရှင်းပြချက်မှာ တရစ္ဆ=ကျား
ကျုတ်ဖြစ်တယ် ဆိုတဲ့ အယူအဆကို တင်ပြထားပါတယ်။ ကျားကျုတ်ကို အင်္ဂလိပ်ဘာသာနဲ့ Leopard cat
ခေါ်ပါတယ်။ (ပုံ ၇ ကို ကြည့်)
ဆရာတော်က ဘာသန္တရအဘိဓာန်များစွာရဲ့ အယူအဆများကို ရှင်းပြရာမှာ----
အချို့ အဘိဓာန်တွေက တရစ္ဆ= ခွေးအအကြီးမျိုး၊ ဝံပုလွေထက်အနည်းငယ်ကြီးသော သားစားတိရစ္ဆာန်၊
အချို့ အဘိဓာန်တွေက တရစ္ဆ=ခွေးအအကြီးမျိုး၊ ကျားကလေးမျိုး၊
အချို့ အဘိဓာန်တွေက တရစ္ဆ= ဝံပုလွေ၊ ကျား
အချို့ အဘိဓာန်က တရစ္ဆ= သစ် (Leopard) လို့ ဆိုကြကြောင်း....။
အဘိဓာန်အားလုံးက ကောက ကို ဝံပုလွေ လို့ ဆိုကြပြီး ဝံပုလွေသား စားအပ်ကြောင်းကိုလည်း မဟာဝါဋ္ဌ
ကထာမှာ ဆိုထားပြန်တဲ့အတွက် ဒီနေရာ တရစ္ဆသဒ္ဒါရဲ့အနက်ကို ကျားကလေးမျိုး (ကျားကျုတ်) ဟုယူက
သင့်မည်လို့ ထင်ကြောင်း တင်ပြထားတာတွေ့ ရပါတယ်။
တရစ္ဆ-အောင်း ဆိုရာမှာ တင်ပြခဲ့ပြီးသလို ပညာရှင်များရဲ့အယူအဆ မတူကြောင်းသိကြရပါပြီ။ ဘယ်သူက
မှန်တယ်လို့ အတိအကျပြောဖို့ ဆိုတာလည်း သိမ်မွေ့ နက်နဲသလို ခက်ခဲရှုပ်ထွေးမှုလည်း ရှိနေပါတယ်။ ဖြစ်
နိုင်ခြေအနည်း-အများကို ချိန်ထိုးစဉ်းစားမိတာကို ပြောရရင် အသားကြီး ၁ဝ မျိုးကို မစားအပ်တဲ့ အကြောင်း
ပြအပေါ် အခြေခံပြီး ပြောချင်ပါတယ်။
-လူသားကတော့ ဇာတ်တူသားဖြစ်လို့ (၁)
-ဆင်၊ မြင်းအသားတွေကိုတော့ ဘုရင်မင်းတို့ အသုံးအဆောင်ဖြစ်လို့ (၂-၃)
-ခွေး၊ မြွေ အသားတွေကိုတော့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လို့ (၄-၅)
-ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ အောင်း အသားတွေကို ဘေးရန်ကင်းအောင်လို့ ရှောင်ကြဉ်ရတယ် (၆-၁ဝ)
အမှတ် ၆- ၁ဝ အသားကို ဘေးကင်းရန်ကွာအကျိုးငှါ ရှောင်ရတယ်ဆိုရင် သူတို့ အသားတွေကို စားသုံး
မိရင် ဘေးရန်ရှိလို့ ၊ ဘေးရန်ပြုနိုင်လို့ ဆိုတော့ တိဘက်အမွှေးရှည်နွား (Yak) ကတော့ တရစ္ဆ=အောင်း
စာရင်းထဲမှာ အန္တရာယ်အကင်းဆုံး၊ တရစ္ဆ-အရ ဖြစ်နိုင်ခြေ အနည်းဆုံးသတ္တဝါဖြစ်မယ်လို့ ထင်မြင်မိပါ
ကြောင်း......။
အမရဒီပ
ဇန်နဝါရီ ၂၉၊ ၂ဝ၁၄
မှီငြမ်းပြုကျမ်းစာများစာရင်း
-----------------------------
၁။ ဝိနယ မဟာဝါပါဠိတော်
၂။ ဝိနယမဟာဝါပါဠိတော်မြန်မာပြန်
၃။ ဝိနယ မဟာဝါဋ္ဌကထာ
၎။ ဝိနယ၊ မဟာဝါဘာသာဋီကာ၊ ဒုတိယအုပ်၊ အရှင်ဇနကာဘိဝံသ
၅။ ဝိနယသင်္ဂဟပန်းကုံး၊ ပထမအုပ်၊ အရှင်ကုမာရ
၆။ တိပိဋကပါဠိ-မြန်မာအဘိဓာန်၊တွဲ ၉၊ တဝဂ်
၇။ သုတေသနသရုပ်ပြအဘိဓာန်၊ အရှင်သြဘာသာဘိဝံသ
၈။ သပြေကန်ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ
၉။ အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်၊ ဦးဟုတ်စိန်
၁ဝ။ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ မြန်မာစာအဖွဲ့ 
11.The Book of the discipline (Vinaya Pitak) Volume IV, Translated by I.B.Horner
12.The Pali-English Dictionary
13. What Buddhists Believe by K.Sri Dhammananda
14. Eleven Holy Discourses of Protection, Maha Paritta Pali by Sao Htun Hmat Win
15. Buddhism and Vegetarianism by Ashin Nandamalabhivamsa
Monday, January 27, 2014
မီးရှုးသန့် စင်ဖွားမြင်ခြင်း
ဆရာနိုင်ပန်းလှဘာသာပြန်တဲ့ ရာဇာဓိရာဇ်အရေးတော်ပုံ၊ စာမျက်နှာ ၁၅ မှာ ဟောဒီဝါကျကို ဖတ်မှတ်
ခဲ့ဖူးပါတယ်။
"မဂဒူးသည် သက္ကရာဇ် ၆၁၄ ခုနှစ်၊ တန်ခူးလဆုတ် ၄ ရက်၊ ကြာသပတေးနေ့ တွင် တကော့ဝန်း+၌ မထင်ရှားသော ဆင်းရဲသား လယ်သမားမိဘနှစ်ပါးတို့ မှ မီးရှုးသန့်် စင် ဖွားမြင်လေသည်။
+တကအ်ဝါန်(တကော့ဝန်း)= မြေနီကျောက်၊ ဂဝံကျောက်ကုန်းမြေ"
နောင်တချိန် မွန်သမိုင်းမှာထင်ရှားတဲ့ ဘုရင်တပါးဖြစ်မယ့် မဂဒူးကို ၁) မထင်ရှားသော ၊ ၂) ဆင်းရဲသော၊
၃) လယ်သမားမိဘ တို့ က ဖွားမြင်တယ်ပေါ့။မွေးဖွားတယ်ပေါ့။ ဒါဖြင့် "မီးရှုးသန့် စင်" ကကော...။
အသေအချာမသိခင်ကတော့ မီးရှုးသန့် စင်- ဆိုတာ ကဗျာလင်္ကာသုံး အဖွဲ့ အနွဲ့ စကားလို့ သာ ထင်မှတ်ခဲ့
တာပါ။ သို့ သော် အဲသည်အထင် မမှန်ဘူး။
ဦးစွာ ကဗျာလင်္ကာကြီးများရဲ့ စကားလုံးသုံးစွဲပုံကို လေ့လာကြပါစို့ ။
-ပျော်သွားမငြီး ၊ ဇနီးအိမ်ရှင်
မိလွမ်းကြင်ကား ၊ ကြည်လင်သက်သက်
စိတ်ထက်ထက်လျှင် ၊ ပန်နက်ဆုတောင်း
ကုသိုလ်ဟောင်းကြောင့်၊ သားကောင်းဖြင်မျှ
မိန်းမယောက်ျား ၊ မွေးဖွားသရွေ့ 
ကြွေ့ ကြွေ့ ကြက်ကြက် ၊ ခြေလက်အင်္ဂါ
တရာမချို့ ၊ ပျို့ ရရို့ တည့်
မျှစ်စို့ အလား ၊ ထွားရရားသား
သားများနှင်နှင် ၊ မီးရှုးမြင်၏။ (ရွှေဟင်္သာမင်းပျို့ ၊ အပိုဒ် ၆၇)
ကိုယ်စိတ်ကျန်းမာ ရှေးကုသိုလ်အကြောင်း ဆုတောင်းပတ္ထနာကောင်းခဲ့တဲ့ မိဖုရားကြီးက မွေးဖွားသမျှ
သားတော် ၊ သမီးတော်တိုင်း ပြည့်ပြည့်ဖြိုးဖြိုး ၊ ကိုယ်လက်အင်္ဂါပြည့်စုံ မျှစ်စို့ ပေါက်များလို ဖြစ်ကြပါပေ
တယ်လို့ ဆိုပါတယ်။
-မိမင်းကြာခန်း ၊ စံမြန်းသိမ်မွေ့ 
လစေ့သန့် စင်၊ မီးရှုးမြင်သော်။ (မဃဒေဝ၊ အပိုဒ် ၄၉၉)
-မီးရှုးမြင်ပြီး၊ ရက်လျင်သတ္တ
လည်ကမရွေ့ ၊ နန္ဒာနေ့ ၌။ (မဃဒေဝ၊ အပိုဒ် ၅ဝဝ)
မန်လည်ဆရာတော်ကြီးက အလောင်းတော် မဃဒေဝမင်းသားမွေးဖွားပုံကို သရုပ်ဖော်ပြတဲ့ အဖွဲ့ အနွဲ့ 
တွေဖြစ်ပါတယ်။
ဒီတော့ "မီးရှုးသန့် စင်" ဆိုတာဟာ ကဗျာသုံးစကားဖြစ်တယ်ဆိုတာတော့ ထင်ရှားပါပြီ။ အများသူငါ
သူသူကိုယ်ကိုယ် ကလေးမွေးတိုင်း မီးရှုးသန့် စင်ပြီဟေ့လို့ ကော ပြောနိုင်သုံးနိုင်တဲ့ စကားဟုတ်သလား။
ဒီမေးခွန်းကို ရွှေနန်းသုံးဝေါဟာရအဘိဓာန် ၊၂၂၈ က ဖြေဆိုပါတယ်။
"တောင်နန်းညာနေ အဂ္ဂမဟေသီမိဖုရားခေါင်ကြီးက သားတော်ဖြစ်စေ၊ သမီးတော်ဖြစ်စေ ဖွားမြင်
တော်မူသည့်အခါ မီးရှုးမြင်တော်မူသည်ဟု ပြောဆိုမြဲဖြစ်သည်။ ၄င်း မီးရှုးမြင်သည်ဟူသော ဝေါ
ဟာရကို မြောက်နန်းတော်မိဖုရားမှစ၍ မိဖုရားကလေးများအထိ မသုံးစွဲရ၊ "သားတော်ဖွားသည်၊
သမီးတော်ဖွားသည်" ဟူသော ဝေါဟာရကိုသာလျှင် သုံးစွဲရသည်"
ဒီအဆိုအတိုင်းပြောရင် မီးရှုးသန့် စင်--ဆိုတဲ့စကားဟာ မိဖုရားခေါင်ကြီး သား၊သမီးဖွားမြင်တဲ့အခါသာ
သုံးရတယ်၊ အခြားမည်သည့်မိဖုရားမျှ သုံးစွဲခွင့်ရှိသော စကားလုံးမဟုတ်ချေပေါ့။ သာမန်အရပ်သူများ
အတွက်ကတော့ ဆိုဘွယ်ရာမရှိ။
ဒီတော့ မဂဒူးအမျိုးသားဟာ ဘုန်းကံရှင်ယောက်ျားကောင်းယောက်ျားမြတ်ဆိုတာတော့အမှန်ဖြစ်တယ်။
သို့ သော် သူ့ ဖခင်က ဘုရင်မဟုတ်သလို သူ့ မိခင်ကလည်း အဂ္ဂမဟေသီမိဖုရားခေါင်ကြီးမဟုတ်၊ သာမန်
လယ်သမားတဦးရဲ့ ဇနီးမယားမျှသာဖြစ်နေပါတယ်။ ဒါကြောင့် "မီးရှုးသန့် စင်" ကို သုံးစွဲတာ မမှန်ဘူး၊
"မွေးဖွားသည်၊ ဖွားမြင်သည်" လို့ သာ သုံးစွဲမှ အသုံးအစွဲမှန်ပေလိမ့်မယ်။
အမရဒီပ
ဇန်နဝါရီ ၂၇၊ ၂ဝ၁၄

Sunday, January 26, 2014
ညည်း နဲ့  ညဲ
မြန်မာမိန်းကလေးအချင်းချင်း၊ ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်လို့ စကားပြောရင် "ကောင်မ (သို့ မဟုတ်) ညည်း (သို့ မဟုတ်) မိန်းမ" ဆိုတဲ့အခေါ်အဝေါ်တွေ ကြားရတတ်တယ်။
"ကောင်မ" နောက်က "လေး" ထည့်စွက်ပြီး "ကောင်မလေး"လို့ ခေါ်ရင်၊ သုံးစွဲရင် စကားယဉ်ပေါ့။ "ကောင်မ" လို့ ပြောတော့ မရိုင်းရင်တောင် နည်းနည်းကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း
ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ သုံးကြတာကိုး။
မိန်းကလေးက မိန်းကလေးကို "မိန်းမ" လို့  ခေါ်ရင် လိင်တူအချင်းချင်းခေါ်လို့ ပြဿနာမရှိ။ ယောက်ျားတ
ယောက်က မိန်းကလေးတယောက် ၊ အမျိုးသမီးတယောက်ကို "မိန်းမ" လို့ ခေါ်ရင် အကြီးအကျယ်ပြဿ
နာကြီးတက်ပါတော့တယ်။ ယောက်ျားတယောက်က မိန်းမတယောက်ကို "မိန်းမ" လို့ ခေါ်ရင် လက်ထပ်ယူ
ထားတဲ့ သူ့ ဇနီးကို ခေါ်တဲ့ သဘောအဓိပ္ပါယ်သက်ရောက်သွားတာကိုး။ (ခပ်ရွတ်ရွတ်လူနောက်တွေဆိုရင်
သူ့ ကို မိန်းမလို့ ခေါ်လိုက်လို့ စိတ်ဆိုးနေတဲ့ မိန်းကလေးသူငယ်ချင်းတွေကို မိန်းမခေါ်လို့ စိတ်ဆိုးတယ်
ဆိုတော့ နင်က ယောက်ျားလား လို့ ထပ်ဆင့်စနောက်လိုက်သေးတယ်။)
မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ "ညည်း= ရွယ်တူ၊ ငယ်သူ မိန်းကလေးကို ခေါ်တဲ့စကား။ မြန်မာအမျိုးသမီး
အချင်းချင်း ခင်မင်ရင်းနှီးသမှုအနေဖြင့် သုံးစွဲသောစကားလုံးဝေါဟာရ" လို့ ပြောပါတယ်။
"ညဲ= လုံမပျို၊ အမျိုးသမီး" လို့  မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ပြပါတယ်။
ရှေးကဗျာလင်္ကာတွေမှာ ညည်း ကို သိပ်မတွေ့ ရပေမယ့် ညဲ ကိုတော့ အတွေ့ ရများပါတယ်။
အရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းမှာ.....
-တိမ်ဖြူမိုးယံ ၊ တန်ခိုးပျံလျက်
ချေငံအံ့အဲ ၊ သံဝှန်သဲမျှ
မိညဲစံတုန်း ၊ တဖြုန်းဖြုန်းသည်...... ။ (အပိုဒ်- ၁ဝ)
ဗီရဏီဘုံခန်းထဲက နတ်သမီးအဖွဲ့ အနွဲ့ တခုပေပေါ့။ "ညဲ" တောင်မဟုတ်၊ "မိညဲ" တဲ့။ လှပလိုက်တဲ့ ရှေးအသုံး။
နယ်နှင်ဒဏ်ခတ်ခံရပြီး တောထဲမှာ ရသေ့ဝတ်နဲ့ နေရင်း နဂါးမနဲ့ ဖူးစာဆုံလို့ သား ၁ ဦး၊ သမီး ၁ ဦးရပြီးကာမှ တိုင်းပြည်ပြန်အုပ်ချုပ်မင်းလုပ်ရတော့မယ့် ကြင်ယာတော်အိမ်ရှေ့ မင်းသားကို နဂါးမ
က လူ့ ပတ်ဝန်းကျင်နဲ့  နဂါးဘဝမသင့်တော်လို့  မောင်သွားရာမယ်မပါနိုင်၊မလိုက်လိုကြောင်းငြင်းပယ်
တဲ့အခန်းမှာ အရှင်မဟာရဋ္ဌသာရက အခုလို မိညဲကို သုံးပြပြန်တယ်။
-မိညဲရှင်ဘွား ၊ ငရဲလားမူ
မြောက်သားရှင်ပင်၊ သက်ပြတ်ကြင်သည်
ချစ်ရှင်တားပေလှာအံ့လော။ (ဘူရိဒတ်လင်္ကာကြီး၊ အပိုဒ်- ၆၃)
အချောအလှတွေ့ ရင် တော်ကောက်ဖို့ လက်မနှေးတဲ့မင်းသားတပါးလို စကားလုံးအလှအပတွေ့ ရင်
တော်ကောက်ပြီး သူ့ ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်စံအိမ်မှာ ထာဝစဉ်ခိုနားစေတဲ့ မန်လည်ဆရာတော်ကလည်း မိညဲကို လှလှပပ အလှဆင်ပြန်ပါတယ်။
-မညစ်မကြေး ၊ ထုံဆီမွှေးနှင့်
တင်ကျေးတွန့် တွန့် ၊ ကွန့် ရရွန့် ဖြင့်
ရွှေညွန့် ဝေဖြာ ၊ ပဒေသာတွင်
လိုရာဆွတ်ချွေ ၊ ဝင်းဝင်းရွှေသား
ဘော်ခြွေပေါယယ်၊ ရွှေဘုံလယ်၌
နတ်မယ်မိညဲ ၊ များဖြင်ပြဲလည်း
ရဲရဲရောင်ရှုး ၊ မိုးကြယ်မြူးသို့ 
နဖူးပါးပြင် ၊ မေးတခွင်နှင့်
လည်ရင်ကွက်လပ် ၊ ထိုထိုရပ်တို့ 
မြင်အပ်သမျှ ၊ မြင်မဝအောင်.....။ (အပိုဒ် ၄၇၃)
-မြိုးမြိုးမြမြ ၊ နှုတ်ဟခွန်းလှယ်
သံငယ်ငယ်နှင့် ၊ မထည်မထောင့်
မအောင့်မအီး၊ မညည်းမညူ
လွန်ကြည်ဖြူလျက် ၊ မငြူမစူ
ဒေါသမူဖြင့် ၊ မဆူမမှုန်
မသုန်မယစ်၊ သည်းအူနစ်မျှ
ချစ်ချစ်ကြင်ကြင်၊ တဝမ်းဝင်သို့ 
ကျွမ်းကျင်စုံမက် ၊ နှစ်သက်စဘွယ်
ညဲမိမယ်ဟု ၊ ပြုံးရယ်ရွှင်ပျော
ဆိုကြပြော........။ (အပိုဒ် ၄၇၄)
"နတ်မယ်မိညဲ၌ မိညဲ-ဟူသည် ပေါရာဏ၊ မိန်းကလေးဟူလို"
မဃဒေဝလင်္ကာသစ်နဲ့ တွဲဖက်ပါ လီနတ္ထဒီပနီလာ ရှင်းပြချက်တခုပါ။
နေမိဘုံခန်း၊ အပိုဒ် ၂၂ မှာတော့ တူစုံမောင်မယ်တို့  နေစာလှုံကြပုံကိုဖွဲ့ ပြလေရဲ့။
-ချမ်းမြေ့လွန်၍ ၊ ရေကန်တန်ဆာ
စုံအင်္ဂါဖြင့် ၊ ပျံဝဲလည်ရှက်
ကြင်ဘော်ဘက်နှင့် ၊ ခြေလက်ညောင်းဆန့် 
ရွှေတောင်ဖြန့် လျက် ၊ မြူးကွန့် စလှာ
ရွှေကြိုးကြာလည်း ၊ မကွာတူနေ
ဘော်နှစ်ဆွေဖြင့် ၊ သံခြေရင့်တွန်
ချစ်စဟန်ကို ၊ ကဲလွန်ဆင့်ပို
မျက်ပွင့်ဆိုလျက် ၊ မယ်ညိုသောင်တင်း
ရွှေပိန်ညှင်းလည်း ၊ ဘော်ချင်းငယ်ဘက်
ရည်းကြလျက်တည့်၊ ငှက်၏ဘာသာ
ခြင်းရာဘော်(ဖော်)လို ၊ ဝမ်းကွဲဆို၍
ဖရိုဖရဲ ၊ နှုတ်ထွက်ကြဲလျက်
ဆွေညဲမောင်နှံ ၊ နေရောင်ခံ၏။
အရင်ပုံစံတွေလို တွဲစပ်ပုဒ်တွေဖြစ်တဲ့ မိနဲ့ မယ်တို့ ကို မထည့်တော့ဘဲ ညဲ-ကို သုံးပြပါတယ်။
အဲသည်လို ကဗျာလင်္ကာတွေမှာပါတဲ့ ညဲ-ဟာ အပြောနယ်ပယ်ကို ရောက်တော့ ညည်း-ဖြစ်လာတယ်
ပေါ့။
အမရဒီပ
ဇန်နဝါရီ ၂၆၊ ၂ဝ၁၄

Saturday, January 25, 2014
မတူတခြား
ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ကို စာအုပ်အနေနဲ့  ပထမအုပ်၊
ဒုတိယအုပ်လို့  ၂ အုပ် ပိုင်ဆိုင်ဖူးပါတယ်။ အဲဒီကိုယ်ပိုင်စာအုပ်တွေသိုမှီးသိမ်းဆည်းထား၊ ယုံကြည်
ရမယ်လို့  ထင်ရတဲ့သူတွေဆီ စာအုပ်စာတမ်းတွေအပ်နှံပြီး အဝေးကို ရောက်နေခဲ့တာ ဆယ်စုနှစ်တခု
ပြည့်ခဲ့ပါပြီ။ အခုတော့ အွန်လိုင်းစာကြည့်တိုက်တွေကို အားကိုးပြီး စာဖတ်နေရတယ်။
တခြားတွေပြောနေရင် လိုရင်းပျောက်နေဦးမယ်။ တသက်တာမှတ်တမ်းစာအုပ်အကြောင်းကို ပြောချင်
လို့ ပါ။ အဲဒီစာအုပ်ကို အွန်လိုင်းမှာဖတ်တော့ စာမျက်နှာကို ၁၇ လို့ တော့ မှတ်စုမှာ မှတ်လိုက်မိတယ်။
ပထမအုပ်လား၊ ဒုတိယအုပ်လား သေသေချာချာ မမှတ်မိဘူး။ စာအုပ်ရှိသူများတော့ တိုက်ဆိုင်ကြည့်ချင်
တယ်ဆိုရင် ပထမအုပ်ရော ဒုတိယအုပ်ရော စာမျက်နှာ ၁၇ ကို ကြည့်ပါတော့။ အလုပ်များအောင် လုပ်မိ
တာ ခွင့်လွှတ်ပါ။
ဆရာကြီးရွှေဥဒေါင်းက အခုလို စာတကြောင်းရေးပါတယ်။
"ဤရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ထူးခြားချက်တခုမှာ မန္တလေးမြို့ ကြီးတွင် နှစ်ပေါင်းများစွာ
နေထိုင်ခဲ့ကြပြီးဖြစ်သော်လည်း ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံအလုံးစုံမှာ မန္တလေးမြို့ သူ
မြို့ သားနှင့်မတူ၊ မတူတခြားရှိနေခြင်းဖြစ်သည်။"
ပြောချင်တာ အဲဒီဝါကျမှာပါတဲ့ "မတူတခြား" စကားလုံးပါပဲ။ ခွဲကြည့်ပါဦး။
မတူ+ တခြား
မတူဘူးဆိုနေမှတော့ တခြားစီဖြစ်နေတာပဲပေါ့။
စာရေးသူကိုယ်တိုင်သာဆို "ထူးခြားသည်၊ မတူကွဲပြားဖြစ်သည်၊ တမျိုးတဘာသာဖြစ်သည်' လို့ 
ရေးမိမှာ အသေအချာပါ။ မတူတခြားလို့ တော့ ရေးမိမှာမဟုတ်ပါဘူး။ အခြားစာရေးဆရာကြီးတွေ
မတူတခြား--လို့ သုံးတာကိုလည်း မတွေ့ ဖူးပါ။ သူ့ စာဖတ်မိမှ တွေ့ တော့ ဒါ ရွှေဥဒေါင်း ကိုယ်ပိုင်
ဟန်စကားလုံးလို့ ပြောရင် လွန်ရာရောက်မယ်မထင်ပါဘူး။
ဆရာကြီးရွှေဥဒေါင်းကတော့ မတူ+တခြား ဆိုတာကို အဓိပ္ပါယ်လည်းပေါ်၊ စကားလုံးကလည်း ပြည့်ဝ၊
တိကျအောင် သုံးပြသွားတယ်။ သြော်--ဒါကြောင့်လည်း ရွှေဥဒေါင်းစာရေးလိုက်ရင် အခြားစာရေးဆ
ရာတွေနဲ့ "မတူတခြား" ဖြစ်နေတော့တာပါပဲလား။
အမရဒီပ
ဇန်နဝါရီ ၂၅၊ ၂ဝ၁၄

Friday, January 24, 2014
စကားလုံးအမွေ
ဒုတိယအင်းဝခေတ် လို့ ဆိုရတဲ့ ညောင်ရမ်းခေတ် သက္ကရာဇ် ၉၉၆ မှာ သာလွန်မင်းတရားကြီးထံ
ကျော်အောင်စံထားဆရာတော်ကြီးရဲ့တပည့် ရှင်ကရဝိကက "တက်ထွန်းလျှံဝါ" ချီ ပိုဒ်စုံရတု ဆက်
သွင်းရာမှာ--
"ဖြူရိပ်ဖြန့် လွှား၊ လူ့ ဘုရားလျှင်
လေးပါးတန်ခိုး၊ နေ့ တိုင်းတိုးလျက်"---ဆိုတဲ့ ထောမနာစကားလည်း ပါဝင်ပါတယ်။
သာလွန်မင်းတရားကြီးက ဒီရတုကို နှစ်သက်သဘောကျတယ်။ ထန်းရွက်ညွန့် ရှည်မှာ ရေးစီထားတဲ့
ဒီရတုကို ရွှေကျည်တောက်မှာထည့်၊ ခေါင်းရင်းမှာ အမြဲထားတော်မူတယ်။ နုတ်တက်အာဂုံ ဆောင်
တော်မူတယ်။
ဒီရတုမှာ ဘုရင်မင်းတရားကြီးရဲ့ ရင်ဘတ်ကို အထိဆုံးစာသားကတော့ ဘုရင်ကို "လူ့ ဘုရား" လို့ 
ခေါ်ထားတာပါပဲ။ (ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း၊ ၁၇၁။)
ကုန်းဘောင်မင်းဆက်ခေတ်နှောင်းစာဆိုတော်တဦးဖြစ်တဲ့ မန်လည်ဆရာတော်ကြီးကလည်း "လူ့ ဘုရား"
ဆိုတဲ့ စကားလုံးကို အမွေဆက်ခံပြီး မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းထဲမှာ အသုံးပြုထားတာ
တွေ့ ရပြန်ပါတယ်။
-ရွှေအိမ့်သခင် ၊ နန်းကြီးရှင်တို့ 
လူတွင်လူနတ် ၊ လူမြတ်ထွတ်ဖျား
လူ့ ဘုရားတည့် ........။ (အပိုဒ် ၂၂၇)
ရှေးရှေးစာဆိုတော်တွေရဲ့ စကားလုံးတွေ ကောင်းပြီ၊ လှပြီဆိုရင် နောက်နောက်စာဆိုတော်တွေကလည်း
ဒီစကားလုံးကို ဆက်ကာဆက်ကာ သုံးစွဲကြတာတွေ့ ရပါတယ်။
အမရဒီပ
ဇန်နဝါရီ ၂၄၊ ၂ဝ၁၄

Thursday, January 23, 2014
ခန္တီ-ပါဠိ မြန်မာပြန်
မြန်မာအဘိဓာန်မှာ ခန္တီ-ပါဠိအတွက်
၁။ သည်းညဉ်းခံ
၂။ သည်းခံ -----လို့  ဝေါဟာရနှစ်ခုကို တည်ပုဒ်ပြုတာတွေ့ ရပါတယ်။
ဒီ ဝေါဟာရတွေအတွက် ရှေးကဗျာကြီးမှာပါတာတွေကို သတိပြုမိပြီးတော့ ဆင်ခြင်မိတာတွေကို
ဒီဆောင်းပါးမှာ ပြောပြထားပါတယ်။
ဆရာတော်အရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ ၊အပိုဒ် ၁၄၁ ကို ဖတ်မိပါတယ်။
-နိဗ္ဗာန်အမြစ် ၊ သစ်တပင်ကြီး
သစ်ရွက်ထီးက ၊ ရှာမှီးမပန်း
ကျောင်းတခန်းဟု ၊ ထွေဆန်းမကြံ
စိတ်ကိုနွံလျက် ၊ သည်းညံခန္တီ
ပါရမီမြတ်ထွတ်၊ ဗောဓိသတ်မြတ်
ကျင့်ဝတ်ဖြောင့်ဖြောင့် ၊ သနောင့်သနား။
ပြီးတော့ မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ အပိုဒ် ၄ဝ၇ ကို
လည်း ဖတ်မိပါသေးတယ်။
-ကျွန်မမသိ ၊ မိုက်မှားဘိ၍
တင်မိကျူးလွန် ၊ ဤပြစ်ဝန်ကို
ဘုန်းမွန်သည်းညံ ၊ ခံတော်မူပါ။
ဒီစာတွေကို ဖတ်မိပြီးနောက် ခန္တီ=သည်းညံခံတယ်လို့  ရှေးကသုံးစွဲပုံရပါတယ်။ နောက်ပိုင်းမှာ
တော့ "သည်းညဉ်းခံ" လို့ ပြောင်းလဲလာပုံပေါ်ပါတယ်။
မဃဒေဝလင်္ကာသစ်၊ အပိုဒ် ၄ဝ၉ မှာလည်း အသုံးတမျိုးတွေ့ ပါတယ်။
- နန်းကြီးသခင် ၊ ကျွန့် ထိပ်တင်သည်
ဘွင်တော်မချော ၊ သဘောတော်ညို
လိုတော်မတွေ့ ၊ မချမ်းမြေ့က
ဘုန်းဟေ့မြတ်စွာ ၊ ဆင်ခြင်ကာလျှင်
မဟာသုဒဿန ၊ စကြာသနင်း
အလောင်းမင်းသို့ ၊ ဝမ်းတွင်းသိမ် မွေ့ 
သာချမ်းမြေ့လျက်၊ မျက်ငွေ့ မလျှံ
သည်းတော်ခံပ။
အဘိဓာန်တည်ပုဒ်ဖြစ်တဲ့ "သည်းခံ" ကို ဒီကဗျာမှာ တွေ့ တာပါပဲ။
ဒီကဗျာတွေအရ -----
၁။ သည်းညံခံ-- ကနေ --သည်းညဉ်းခံ လို့ ဖြစ်လာတယ်။
ညံ ကိုဖြစ်စေ၊ ညဉ်း ကိုဖြစ်စေ ဖျောက် (ချေ) လိုက်ရင်
၂။ သည်းခံ ဖြစ်လာတယ်။
ပြောပြီးသမျှတွေဟာ အမှန်တွေချည်းဖြစ်တယ်လို့  အာမမခံနိုင်ပါ။ မှားတာလည်းရှိ၊ မှန်တာလည်း
ရှိနိုင်တယ်။
အမရဒီပ
ဇန်နဝါရီ ၂၃၊ ၂ဝ၁၄

Wednesday, January 22, 2014
ရေပေါ်ဆီ ၊ ဆီ နှင့် ရေ
(၁)
"ယဉ်ရာတွင် သူဇာ၊ ခက်ရာတွင် ပါရမီ၊ တည်ရာတွင် ရွှေဟင်္သာ" ဟု ဆိုသင့်ကြောင်း ရွှေဟင်္သာမင်း
ပျို့ အဖြေဆရာ ရဝေထွန်းက ဆို၏။ ပျို့ အဖြေရေးသူအနေဖြင့် သက်ဆိုင်ရာပျို့ ကို အဖြေကျမ်းစာ
ဖြစ်လာအောင်အားထုတ်ရာတွင် မူရင်းပျို့ ဆရာပြီးလျှင် ဒုတိယပင်ပန်းသူဖြစ်သည်။အကြောင်းသိသူ
တဦးအနေဖြင့် ဆိုထိုက်သည်ကို ဆိုခြင်းသာ ဖြစ်၏။
ရွှေဟင်္သာမင်းပျို့ ကို အရှင်တေဇောသာရ ရေးသည်။ ယင်းပျို့ ကို မြန်မာသက္ကရာဇ် ၈၇၁ တွင် ရေးသည်
ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၅ဝဝ ကျော်သက်တမ်းတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။ ပျို့ ဆရာသည် ခေတ်
ကာလ ပဒေသရာဇ်တို့ ၏နိုင်ငံရေးဂယက်၊ တိုင်းပြည်ရေးရာမငြိမ်သက်မှု၊ အချင်းချင်းယုံကြည်မှုပျက်ပြား
ပြိုကွဲနေမှု၊ အင်အားကောင်းသူတို့ က အခွင့်ကောင်းကိုစောင့်ကြည့်မှု နှင့် အားစမ်းနေမှုတို့ ကို မြင်ရ၊
ကြုံရမည်မှာ သေချာသည်။ ယင်းအခြေအနေကို ထင်ဟပ်ပြီး နိုင်ငံမပျက်စီးရလေအောင် သတိပေးတိုက်
တွန်းချက်များပါသော ပျို့ ကဗျာကို ရေးသည်ဖြစ်ရာ တိုင်းပြည်ပြည်ပြုကဗျာ (သို့ မဟုတ်) နိုင်ငံရေးကဗျာ
အမျိုးအစားဖြစ်သည်ဟု ဆိုနိုင်သည်။
မှန်သည်။ ရွှေဟင်္သာမင်းပျို့ သည် နိုင်ငံရေးကဗျာဖြစ်သည်။ သို့ သော် ဘာသာစကားအသုံးအနှုံးကို
နိုင်ငံဆန်ဆန် အတုံးလိုက်အတစ်လိုက် ပြောဆိုထည့်သွင်းသည်မဟုတ်ဘဲ လိမ်မာပါးနပ်စွာ ၊ တနည်း
ဆိုသော် ၊ ပညာရှင်ဆန်ဆန်သာ ပြောဆိုသည့်အတွက် ကဗျာဖတ်သူများကို ငြီးစီစီဖြစ်အောင် မလုပ်
ဟု ဆိုရပါမည်။
(၂)
ရွှေဟင်္သာမင်းပျို့ ဆရာအရှင်တေဇောသာရသည် အပိုဒ်အမှတ် ၈ တွင်--
-နတ်ရှင်စောဓီး
မင်းကြီးပီပီ
ရေပေါ်ဆီသို့ 
သီညီလူ့ ဘောင်
ပြည်ထဲဆောင်သည်
အခေါင်ရိပ်ဖြူကာဆောင်းတည်း......ဟု ရေ နှင့် ဆီဥပမာပြုကာ ဆိုလေ၏။
တိုင်းပြည်အုပ်စိုးသူဘုရင်မင်းသည် ရေမျက်နှာပြင်ပေါ်တွင်ပြည့်နေသော ဆီပမာ ပြည်သူလူထုတို့ ၏
သဘော၊ ရင်တွင်းခံစားချက်ကို သိနားလည်ပြီး လိမ္မာကျွမ်းကျင်စွာတိုင်းကျိုးပြည်ကျိုးကိုရွက်ဆောင်
ကာ မင်းခေါင်မင်းဖျားမင်းတရားကြီးအဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေသည်ဟု ဆိုလိုပါ၏။
ဤကောက်ချက်နုတ်ပါ "ရေပေါ်ဆီ" ဥပမာမှာ ရေ နှင့် ဆီကို ရောနှောသော် ဆီသည်အပေါ်မှာတက်နေ
သကဲ့သို့  မင်းသည် တိုင်းသူပြည်သား၏အပေါ်က နေရသည်ဟု ပြထား၏။
မင်းသည် ဆီနှင့် တူစေရမည်။
တိုင်းပြည်လူထုသည် ရေနှင့်တူစေရမည်ဟု ဥပမာ၊ ဥပမေယျစပ်ဟပ်လိုဟန်ပြသည်။
(၃)
သာယာဝတီမင်းကြီးလက်ထက် ဆီမီးခုံ (ဆမိတ်ခုံ) ရွာစားကြီး မဟာမင်းလှမင်းခေါင်ဘွဲ့ ခံ ဦးရွှန်း၏
မဟာသုတသောမပျို့ ၊ အပိုဒ် ၁၁၄ တွင်--- လိုရာဆုတောင်းဟု စကားကမ်းလှမ်းလာသည့် လူသား
စားပေါရိသာဒအား သင်လို အကျင့်တန်သူ၏ဆုကို ငါမယူသင့်၊ သင်နှင့်ငါသည် အကျင့်အားဖြင့် ရေ
နှင့်ဆီပမာ ကွာခြားကြသည်ဟု မဟာသုတသောမမင်းကြီးက ပြောလေဟန် စပ်ဆိုပြသည်။
-မလွတ်ဇရာ ၊ မရဏာသည်
သင့်မှာအလျင်း၊ မရှိကင်းသို့ 
သေခြင်းတရား၊ သဘောများ၌
စီးပွားရှိမဲ့ ၊ မသိခဲ့တည့်
ငရဲ့အစာ ၊ အကျင့်ငှါနှင့်
နတ်ရွာရောက်သင့် ၊ ဤအကျင့်ဟု
ထောက်ချင့်မစပ် ၊ ကျိုးမနပ်သည်
အရပ်နှစ်တန်၊ ပစ္စုပ္ပန်နှင့်
နောင်ဖန်ကြိမ်ခါ၊ သံသရာဝယ်
ရောက်လှါကံဆန်း၊ သက်မွေးကြမ်း၍
ဆင်ကန်းတောတိုး၊ မသိနိုးလျက်
ကောင်းကျိုးမပါ၊ သင်ယုတ်မာသည်
ဘဇာငါ့အား၊ ဆုပေးငြားအံ့
သင်ကားငါ၌ ၊ မပေးထိုက်၍
ခံကြိုက်သဖြင့် ၊ ငါမသင့်ဟု
ထောက်ချင့်အနေ ၊ ဆီနှင့်ရေသို့ 
ကွာကြလေရာ ၊ သင်နှင့်ငါသည်
ပမာသဘောမတူတည်း------။
(၄)
ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ဗြိတိသျှကိုလိုနီခေတ်အစပိုင်းတွင် ပေါ်ထွန်းခဲ့သော မန်လည်ဆရာ
တော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်မဟာကဗျာကျမ်း၌လည်း ဆီ နှင့် ရေ ဥပမာပေးကာ
ဖွဲ့ ဆိုလေ၏။
-သဒ္ဓွါ ပညာ ၊ သမ္ဘာမမျှ
ဤလောက၌ ၊ မိန်းမရတနာ
ယုတ်မာယောက်ျား ၊ အတူထားလည်း
နီးပါးမသီ ၊ ရေ နှင့်ဆီကို
မညီစိတ်မှာ ၊ ဝေးကြကွာ၏ ။ (အပိုဒ် ၂၅၆)
- သမ္မာမိစ္ဆာ ၊ ဤနှစ်ဖြာကား
ဘယ်ခါသော်မှ ၊ မတူကြတည့်
ဗာလပဏ္ဍိတ ၊ ဒုဇ္ဇနနှင့်
သုဇနမျိုး ၊ ကောင်းဆိုးကိစ္စ
ကျင့်စာရက ၊ မမျှကျိုးပြစ်
ကျောက်စရစ်နှင့် ၊ ဖော့နှစ်သွေးသီ
ရေနှင့်ဆီသို့ ၊ မညီစင်စစ်
ပေါ်နစ်ဆန်မျော ၊ မနှီးနှောသည်
သဘောအောက်ထက်ကျေညာတည်း။ (အပိုဒ် ၂၆၁)
မိန်းမရတနာနှင့် ယုတ်မာယောက်ျား၊ သမ္မာတရား နှင့် မိစ္ဆာတရား၊ ဗာလနှင့်ပဏ္ဍိတ၊ ကောင်းဆိုး တို့ ကား
ရေ နှင့် ဆီ လို ကွာခြားကြလေကြောင်း ပြဆိုထား၏။
(၅)
ရေပေါ်ဆီအကြောင်း ပြန်ဆက်ပါမည်။ "ရေပေါ်ဆီ" ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်က Superficial person
အပေါ်ယံသိသူ၊ ပေါ့ပေါ့တန်တန်လူစားမျိုး- ဟု ပြဆိုထား၏။ ရွှေဟင်္သာမင်းပျို့ က စတင်လိုက်သော ရေပေါ်
ဆီဥပမာ အဓိပ္ပါယ်မဟုတ်တော့ပြီ။ အချိန်ကာလ၊ ခေတ်ကာလပြောင်းသည်နှင့်အမျှ စကားလုံးအဓိပ္ပါယ်
သည်လည်း ပြောင်းလဲသွားကြောင်း တွေ့ ရသည်။
ခေတ်စာပေများတွင် "ရေပေါ်ဆီလူတန်းစား' ဟူသော ဝေါဟာရကို ဖတ်နေရ၏။ ဤသည်မှာ မနှစ်သက်
စရာလေသံပါသည့် အပေါ်ယံလူတန်းစား၊ အမြတ်ကြီးဂုတ်သွေးစုပ်၊ အရင်းရှင်လူတန်းစား၊ ခရိုနီလူတန်း
စားကို သရုပ်ဖော်နေ၏။
အမရဒီပ
ဇန်နဝါရီလ ၂၂၊ ၂ဝ၁၄

Tuesday, January 21, 2014
ထွဋ် နဲ့  ထွတ်
ဘုန်းကြီးလောကမှာ မင်းတုန်းမင်းလက်ထက်က "ထွဋ်ခေါင်ဆရာတော်" မှ ယနေ့ ခေတ် စန္ဒရားလှထွဋ်၊
ဇော်မျိုးထွဋ်၊ ဇော်ဝင်းထွဋ်၊ ဝင်းထွဋ်ဇော်၊ ဗိုလ်ရဲထွဋ် ၊ မေထွဋ်ခေါင်အထိ "ထွဋ်"ကြပါတယ်။
ဘုရင့်နောင်မင်းကြီးဖြစ်လာမယ့် "ရှင်ရဲထွတ်"မှသည် ယနေ့ ခေတ်အထိ "ထွတ်" နေကြတဲ့ အမည်တွေ
ကိုလည်း တွေ့ ရပါတယ်။
ကောင်းပြီ။ ဋ-သံလျှင်းချိတ် အသတ်နဲ့  ပေါင်းတဲ့ ထွဋ်၊ တ-ဝမ်းပူအသတ်နဲ့ ပေါင်းတဲ့ ထွတ် ၂ မျိုးမှာ ဘယ် စာလုံးပေါင်းဟာ မြန်မာမှု ပိုဆန်သလဲဆိုတာ သုတေသနလုပ်ကြည့်ပါမယ်။
မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းကို ကြည့်ပါမယ်။
-မကိုဋ်နဝရတ် ၊ ကျောက်စိန်ထွတ်ဖြင့် (အပိုဒ်-၁)
-သုံးလူထွတ်ချာ ၊ စောမြတ်စွာလည်း (အပိုဒ်- ၈)
- လောကသုံးဆိုင်၊ ထွတ်ဆုံးတိုင်၍ (အပိုဒ် -၁၂)
-ခေါင်ဆုံးမကိုဋ်၊ ထွတ်ဆုံးစိုက်သို့ (အပိုဒ်- ၁၃)
-သနင်းထွတ်ဖျား၊ တို့ ဘုရားလျှင် (အပိုဒ်-၁၅)
-သမ္ဗောဓိထွတ်၊ တုလွတ်ဂုဏ်တော် (အပိုဒ် - ၁၅)
အခြားနေရာများစွာမှာလည်း မန်လည်ဆရာတော်ကြီးက တဝမ်းပူအသတ် ထွတ်-လို့ စာလုံးပေါင်းတာ
ကို တွေ့ ရပါသေးတယ်။
နတ်သျှင်နောင်ရတုပေါင်းချုပ်ကိုလည်း ကြည့်မိပါတယ်။
-သုံးတိုက်ပယ်မှောင်၊ ထွတ်ဘုန်းခေါင်
- ဖြူညွန့် ရွက်ဆိုင် ၊ ပန်းရိပ်မြိုင်လျက်
ရောက်တိုင်တိမ်ထွတ်၊ ပျံမတတ်တည့်။
- ခေါင်ထွတ်ဆက်ကာ ၊ မင်းတို့ သာလျှင်
ဆင်ရာမကိုဋ်၊ ရှင်တော်ရိုက်ဟု...။
-ချစ်ထွတ်တင်ထား ၊ သနားပါအောင်
လက်ဆောင်အသက် ၊ နှင်းဆက်ချင်ချင်
ဝါလုံးစင်သည် ၊ လွမ်းအင်ကြီးပြန်ခဲ့တကား။
နတ်သျှင်နောင်လည်း တဝမ်းပူအသတ်နဲ့ ထွတ်-တာပါပဲ။
အရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရကိုးခန်းပျို့ ကိုလည်း ကြည့်ပါဦး။
-မြေမိုးရပ်သူ ၊ လူခပ်သိမ်းတို့ 
ညွတ်တိမ်းပူဇော် ၊ ကျေးဇူးတော်လည်း
နှိုင်းဘော်တုကျွန်း၊ မြင့်မိုရ်ထွန်းသို့ 
ရဟန်းမျာ့ထွတ် ၊ သုံးလူ့ နတ်ကား...။ (အပိုဒ်- ၁)
-ဆွေရင်းခင်ပွန်း ၊ ငယ်ကမှန်း၍
ရွှေနန်းထွတ်ခေါင်၊ စိုးချုပ်အောင်လျှင် ...။ (အပိုဒ်- ၇)
-ရထားထက်က ၊ ဆင်းသက်လျင်ပြင်း
ပညောင်ရင်းသို့ ၊ ကပ်လျှင်းတုံလတ်
ပုဏ္ဏားထွတ်ကား.......။ (အပိုဒ်- ၉)
အရှင်မဟာရဋ္ဌသာရလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။
နဝဒေးကြီးရဲ့ ရတုများကိုလည်း ကြည့်ပါဦး။
-သုံးဖြာဗွေထွတ် ၊ ခေါင်တုလွတ်ကို
ရှိဝတ်ဦးတည် ၊ လျှောက်ဝံ့သည်ကား...။
-ရွှေရောင် နှင့် မြ၊ ရောင်တိုင်းလှသော်
မှိုင်းပြထက်ဝန်း၊ နှင်းသာဖြန်းက
ရန်းရန်းရွရွ ၊ ဆွဆွဖြူထွား
ပုလဲပွားသို့ ၊ ချရားမဉ္ဇူ
ခိုင်စုံတူကို ၊ ဆက်လှူရည်ထင်
လှထွတ်တင်နှင့် ၊ ရွှေရင်ရစ်ခွေ
စုံလွယ်စေလော့....။
နဝဒေးကြီးလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။
ပဒေသရာဇာရဲ့ သူဇာပျို့ ကိုလည်းကြည့်ပါ။
-ရွှေနန်းများရှင် ၊ ဘုရင်များမှုး
ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်
မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ
ပေးတော်မူမှ.....။ (အပိုဒ်- ၁)
-နဂါးနတ်ရှင် ၊ ငါပင်ကိုယ်ကား
တခြားပြည်က၊ ပါပမိစ္ဆာ
ပုဏ္ဏားလာ၍ ၊ တေဇာကြီးထွတ်
မန္တာန်မြတ်ကို ၊ ရွတ်ဘိသော့ထွေ...။ (အပိုဒ်-၈)
-ထိုအခါဝယ်၊ ဟေမာဂီရိ
အမည်ရှိသည် ၊ ထွန်းညိပြောင်ပြောင်
ရွှေစင်တောင်ကို ၊ ထွတ်ခေါင်ပိုင်စိုး (အပိုဒ်-၁ဝ)
ပဒေသရာဇာကြီးလည်းတဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။
တွင်းသင်းတိုက်ဝန်ရဲ့ မုဒုလက္ခဏပျို့ ကိုလည်း ကြည့်ပါဦး။
-ဘီလူးသိကြား၊ တိမ်ထွတ်ဖျားက (အပိုဒ်- ၂၈)
-မင်းကြီးမေးဟန်၊ ကြားလသွန်သော်
သုံးတန်ဘုံသူ၊ လူတို့ အထွတ်
ပွင့်မည့်နတ်လည်း ၊ ပြတ်ပြတ်သံချို
မိန့် လဆို၏။ (အပိုဒ်- ၅၂)
အရှင်မဟာသီလဝံသဆရာတော်ရဲ့ ပါရမီတော်ခန်းကကော။
-ဗောဓိမဏ္ဍိုင် ၊ ခန်းဝါပိုင်က
ချက်ရိုင်ပြည့်စုံ ၊ နဝဂုဏ်တည့်
ဆန်စုန်အောက်ထက်၊ ကျောက်ဝှန်တက်၍
ဘဝဂ်ရပ်သူ၊ သယမ္ဘူဟု
ခြောက်ဆူဘုံထွတ်၊ အနတ်နတ်တို့ ....။ (အပိုဒ် -၁)
တဝမ်းပူအသတ်နဲ့ ထွတ်ကိုပဲအတွေ့ များနေပါတယ်။ ဒါနဲ့ စိန္တကျော်သူဦးသြရဲ့ သြဝါဒထူးပျို့ ကို ကြည့်မိ
တော့ တမျိုးဖြစ်သွားပါတယ်။
-ပြည်ကြီးအရှင်၊ ထွဋ်သခင်ကား ၊ လူတွင်ခေါင်ထိ၊ သမုတိဟု၊
မည်ရှိနတ်စစ်၊ မြတ်ဆုံးဖြစ်ရှင့် ။ (အပိုဒ်-၁)
ဋသံလျှင်းချိတ်နဲ့  ထွဋ်ပါပြီကော။ သို့ သော် နောက်အပိုဒ်များတွင်တော့--------
-ရန်နင်းထွတ်ဖျား၊ မင်းတို့ အားမူ၊ ပွားများဝှန်ဖြိုး၊ တန်ခိုးလွန်မင်း၊
ကြီးမြတ်ခြင်းတည်း။ (အပိုဒ်-၃၃)
-ပြည်သူ့ တမွတ်၊ လောကနတ်နှင့် ၊ အထွတ်ညာတင်၊ ရှင်မိဖုရား...။(အပိုဒ် ၄ဝ)
လို့  တဝမ်းပူအသတ်နဲ့ ထွတ်ပါတော့တယ်။ ဋသတ်ကော-တသတ်ကော သုံးပြတယ်လို့ ဆိုရတော့မလို။
ဘဒူမင်းညိုရဲ့ ရခိုင်မင်းသမီးဧးချင်းကိုဖတ်ရာမှာ ဟံသာဝတီပုံနှိပ်တိုက်မူက (ထွတ်) လို့  စာလုံးပေါင်းပြီး
ရမ်းဗြဲကျွန်း၊ သရက်ချောင်းမူကတော့ (ထွဋ်) လို့ စာလုံးပေါင်းပါတယ်။သူ့ အယူအဆနဲ့ သူဖြစ်မယ်ထင်ပါ
တယ်။
-မဟာသမတ်၊ နွယ်မပြတ်လျှင်၊ အထွဋ် (ထွတ်) ထိပ်မိုး၊ ဖြိုင်ဖြိုင်စိုးသည်၊ မျိုးလည်းလွန်မြောက်။
(အပိုဒ်-၂)
၁၉၆၃ ခုနှစ်ထုတ် ဟံသာဝတီတိုက်ထုတ် လောကသာရပျို့ နဲ့ အဖြေကို ဖတ်ပါဦး။
-ဘုရား တရား သံဃာ၊ ရတနာထွတ်ထား
မြတ်သုံးပါးကို။ (အပိုဒ်- ၁)
လောကသာရပျို့ အဖြေရေးဆရာညီနောင် (အမိန့် တော်ရရှေ့ နေ ဦးသီး၊ စာတော်ပြန်-မြို့ အုပ် ဦးဘိုးဖြူ)
က ရတနာထွတ်ထားကိုရှင်းပြရာမှာ ဋသံလျှင်းချိတ်အသတ်နဲ့ ထွဋ်ဟာမြန်မာမှုမဆန်၊ တဝမ်းပူသတ်အ
သတ်နဲ့ ထွတ်ကသာ မြန်မာမှုမြန်မာဟန်ဆန်တယ်လို့  မိန့် ကြပါတယ်။ သူတို့ ရဲ့ ရှင်းချက်ကို ဖတ်ပါ။
"ထွတ်= အထိပ်-အဖျား-အမြတ်။ ယင်းထွတ်ဟူသော ဝေါဟာရသည် မြန်မာဘာသာသက်သက်ဖြစ်၍
တဝမ်းပူသတ်နှင့်သာ သင့်လျော်သည်။ အချို့ က မကုဋသဒ္ဒါအရ မကိုဋ်တွင် ဋသံလျှင်းချိတ်သည်ကို
အမှီပြု၍ ထွတ်ဟူသောစကားကို မကိုဋ်ဟူသောစကားနှင့်အဓိပ္ပါယ်တူယူပြီးလျှင် ဋသံလျှင်းချိတ်သတ်
ရေးပြုလေ့ရှိကြသည်။ ထွတ်-ဟူသောဝေါဟာရသည် မကုဋသဒ္ဒါပျက်မဟုတ်ကြောင်း သဒ္ဒနုသာရီသတ်ပုံဖြင့် သိအပ်၏။"
အမရဒီပ
ဇန်နဝါရီ ၂၁၊ ၂ဝ၁၄

Subscribe to:
Posts (Atom)