Total Pageviews

Saturday, March 8, 2014

မောက် နဲ့  မာ တို့ ရဲ့ ကဗျာဉာဏ်

သက္ကရာဇ် ၈၃ဝ ပြည့်ဖွား အင်းဝခေတ်မဟာကဗျာကဝိ အရှင်မဟာရဋ္ဌသာရဆရာတော်ဟာ အသက် ၂၆ နှစ်မှာ ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးကို ရေးသားပြီးစီးတယ်။ ကျမ်းပြီးသက္ကရာဇ် ၈၅၆ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်သားအရွယ် သက္ကရာဇ် ၈၄၆ မှာ ဘူရိဒတ်လင်္ကာကြီးကို ရေးသားခဲ့တယ်။ လင်္ကာကြီးတခု
နဲ့ တခု နှစ်ပရိစ္ဆေဒအားဖြင့် ၁ဝ စုနှစ်တခုကွာသွားလို့  စာဆိုရဲ့ ကဗျာဉာဏ်၊ လောက-ဓမ္မအတွေ့ အကြုံ
တွေဟာ အများကြီးပြောင်းလဲသွားခဲ့ပြီ။ ဆရာတော် ၁၆ နှစ်သားတုန်းက ရေးခဲ့တဲ့လင်္ကာကြီးမှာ လောက
ကြောင်းတွေများတယ်။ အသက် ၂၆ နှစ်သားမှာရေးတဲ့ ဇာတ်ပေါင်းခန်းမှာ ဓမ္မကြောင်းတွေ များလာတယ်။
ကျမ်းဂန်စာပေပိုင်းကို အဓိကထားရေးဖွဲ့ လာတယ်-လို့  မြန်မာစာပေသမိုင်းမှာ ဆိုတယ်။

ဘူရိဒတ်ဇာတ်ပေါင်းလင်္ကာကြီးမှာ လူတွေရဲ့ စိတ်နေသဘောသဘာဝတခုကို အဆင့် ၃ ခုထားပြီး
 ရေးဖွဲ့ သွားတာ ဖတ်ရတယ်။ ပထမအဆင့်ကို ဒီလို ရေးပါတယ်။
- ရွှေငွေ ပစ္စည်း ၊ သိတ်းဆည်းကျိတ်ကျိတ်
ရေဖိတ်မယို ၊ ဝန်တိုဝှက်လျှို့ 
သူတချို့ ကား ၊ နှစ်လို့ ကြည်ညို
ပေးမည်ဆိုသော် ၊ နုတ်ကိုစွဲ၍
အမြဲရကြောင်း ၊ တောင်းလတံ့ဟု
ပေးအံ့မဟ ၊ ထိုင်းမျဉ်းလှ၏။ (အပိုဒ် ၄၂၊)

ပေးမယ်လို့ ပါးစပ်နဲ့ ပြောမိရင် အမြဲတောင်း၊ အမြဲအလှူခံနေမှာစိုးလို့  ၊ တွေးမိလို့  ပေးမယ်လို့ တောင်
နုတ်အားဖြင့် ပြောဖို့ လေးလံထိုင်းမှိုင်းနေပါသတဲ့။ အလှူပေး၊ အလှူရှင်အဖြစ်နဲ့ ဆိုရင် ပေးမယ်လို့ ပြော
ရမှာ  နုတ်ကို ပိတ်ချုပ်မထားပေမယ့် ဖွင့်ပြောရမှာ နုတ်လေးတတ်တယ်ဆိုတာလည်း လူ့ သဘာဝပါပဲ။

ဒုတိယအဆင့် စိတ်သဘာဝအခြေအနေကို ဆရာတော်က ဒီလိုဖွဲ့ ပြန်တယ်။
-တည်းတွမမူ ၊ တချို့ လူကား
ပျူပျူငှါငှါ ၊ မလာဝမ်းထဲ
မုသားစွဲ၍ ၊ ခြေခဲလက်ခဲ
ဖက်လဲတကင်း ၊ သိမ်းမြန်းခြင်းဖြင့်
ပေးလျှင်းလိလိ ၊ မသိသသူ
ယုံစေဟူသို့ ၊ ယူလှည့်နက်ဖြန်
မှန်၏သန်ဘက်၊ ဆိုကြလျက်တည့်
ထိုထက်တနေ့ ၊ တရွှေ့ ရွှေ့ လျှင်
ရွှေ့ လတ်ကာကာ ၊ လက်မှာမရောက်
နှလုံးကောက်နှင့် ၊ ဖောက်ဖောက်ပြန်ပြန်
ဧကန်မကျ ၊ နုတ်သာပြ၏။ (အပိုဒ် ၄၂။)

စိတ်ထဲမပါ၊မပေးချင်ပေမယ့် အခြေအနေ၊ အကြောင်းကြောင်းကြောင့် ပေးမယ်လို့ တော့ ပြောလိုက်တာပဲ။
အလှုပစ္စည်းပေးမှာကျတော့ နက်ဖြန်၊ သန်ဘက်အချိန်ဆွဲထားတယ်။ လက်မရောက်ဘဲ နုတ်သာရောက်
တတ်တဲ့ လူ့ သဘာဝကို ပြောတာပါပဲ။

တတိယအဆင့်ကို ဆရာတော်က သည်လိုဖွဲ့ ပြပါတယ်။
-ထိုမှတထူး ၊ သူတဦးကား
ညွတ်နူးသဒ္ဓါ ၊ ပေးတုံပါလျက်
တခါနောက်ပြီ့ ၊ အကြံရှိ၍
နှမိနှမြော ၊ ပေးလွန်သောဟု
တွေးတောလှည့်ထ ၊ ကုက္ကုစ္စဖြင့်
နောင်တတဖန် ၊ ယူပြန်လိုက်ချင်
မရွှင်မပြုံး ၊ ဒေါသဖုံးသည်
နှလုံးမဖြူ မထွားတည့်။ (အပိုဒ် ၄၂။)

ပေးကမ်းစဉ်တုန်းကတော့ သဒ္ဓါတရားအပြည့်ထားပြီး ပေးကမ်းလိုက်တာပဲ။ နောင် ကိုယ်ရေးကိုယ်တာ
ကိစ္စ၊ စီးပွားရေးကိစ္စပေါ်လာတဲ့အခါ လှုလိုက်မယ့်အစား ကိုယ့်စီးပွားရေးကိစ္စထဲ ထည့်သုံးလိုက်ရင် အကျိုး
ရှိမှာ ၊ အခုတော့ လက်လွန်ကုန်ပြီလို့ တွေးမိတိုင်း လှုလိုက်မိတာကို နှမြောစိတ်ဖြစ်တယ်။။ နောင်တရ
တယ်။ လွတ်သွားတဲ့ ငါး ပိုကြီးတာကို တွေးတွေးပြီး စိတ်ဓာတ်မဖြူစင်ဖြစ်ရတယ်။ ကုသိုလ်မပွားဖြစ်ရတယ်
လို့ ဆရာတော်က ဖွဲ့ ပါတယ်။

အပိုဒ် ၄၂ တပိုဒ်လုံးကို အနှစ်ချုပ်လိုက်ရင် ----
အဆင့် ၁ ပေးကမ်းမယ်၊ လှူမယ်ပြောဖို့ နုတ်လေးတယ်။
အဆင့် ၂ လှူဒါန်းပေးကမ်းဖို့ ပြောပြီးကာမှ လက်နှေးတယ်။
အဆင့် ၃ ပေးပြီးလှူပြီးတော့ နှမြောတယ်၊ စိတ်မပြတ်နိုင်ဖြစ်နေတယ်၊ နောင်တရတယ် လို့  ဆိုလိုကြောင်း
တွေ့ ရတယ်။

နောက်လင်္ကာတပိုဒ်ဆက်ရေးတဲ့အခါ ဆရာတော်က အဆင့် ၁ (ပထမအဆင့်) အတွက် ဥပမာတခုပြပြီး
ရှင်းပြပါတယ်။ ကြည့်ပါ။
-ထို့ ကြောင့်နှိုင်းရှဲ့၊ ပမာငဲ့သော်
သုံးဆဲ့သုံးဖန် ၊ လက်သစ်ပြန်အောင်
ရှည်ခြင်းဆောင်လျက် ၊ အရောင်ယူမြောက်
မရှုစောက်တည့် ၊ ဆင်ပေါက်လည်ပင်း
ပြတ်လျှင်းဘနန်း ၊ မျောမျောသွန်းသား
မြိုက်ချွန်းအသွား ၊ သန်လျက်ဓားကို
ဝံ့စားရဲလှ ၊ မျိုပြီးမှလျှင်
ဝမ်းချရောအန် ၊ ထွက်စေပြန်သား
မန္တာန်ကိစ္စ ၊ ထိုသိပ္ပထက်
ရက်ရက်ပင်ကို ၊ ပေးလျှင်းလိုဟု
ဆိုအံ့သည်မျှ ၊ ခဲယဉ်းလှ၏။ (အပိုဒ် ၄၃။)

အရှည် ၃၃ လက်သစ်၊ အရောင်တလက်လက်တောက်ပ၊ ခုတ်လိုက်ရင် ဆင်သားပေါက်ကလေးလည်ပင်း
လောက်ကို တိကနဲပြတ်ကျသွားစေနိုင်တဲ့ သန်လျက်ဓားကို မျိုချ၊ ပြီးတော့ ပြန်ထုတ်ပြတဲ့ မျက်လှည့်
အတတ်မျိုးဟာ အင်မတိအင်မတန် ခဲခက်ပါတယ်။ သန်လျက်ဓားကို မျိုချ၊ ပြန်ထုတ်ရတာထက် ပေးမယ်
လို့ ပြောရတာက ပိုပို ခက်ပါသတဲ့။

-မြွက်ဟဆိုတိုင်း ၊ မဆိုင်းကြံစည်
ပေးလျှင်းသည်ကား ၊ ပေးမည်ထိုသူ
ဟူသည်ထက်သော် ၊ ခဲခက်ဆယ်ဆ
ချီးမွမ်းရ၏။ (အပိုဒ် ၄၃။)
နုတ်နောက်က လက်လိုက်၊ တနည်း--အပြောနောက်အလုပ် (လက်တွေ့ )ပါသူဖြစ်ဖို့ ဆိုတာလည်း ပေးမယ်
လို့ ပြောရုံသာပြောသူဖြစ်ရထက် အဆပေါင်း ဆယ်ဆခက်ခဲပါတယ်။ ခက်ခဲတာကိုလုပ်နိုင်လို့  ချီးမွမ်းထိုက်
ပါတယ်။အဆင့် ၂ (ဒုတိယအဆင့်) ရဲ့ ခက်ခဲပုံကို ပြောပါတယ်။

-ဝမ်းကသက်သက် ၊ ပေးပြီးလျက်တည့်
တချက်တဖန် ၊ ယူပြန်မရ
နှမြောစွာ့ဟု ၊ နှစ်ခွမဲ့လျှင်း
ဝမ်းမြောက်ခြင်းကား ၊ ခပင်းထို့ ထက်
ဆယ်လေးတက်သည် ။  ။ ဖြစ်ခက်အခေါင်အဖျားတည်း။ (အပိုဒ် ၄၃။)

"ဝမ်းကသက်သက်" ဆိုတဲ့ ပါဒမှာ ဝမ်းဆိုတာ စိတ်ကို ဆိုလိုပါတယ်။ စိတ်ပါလက်ပါသဒ္ဓါအပြည့်လို့ ဆိုလို
ပါတယ်။ အလှူရှင်ရဲ့လက်ထဲကပစ္စည်းကို အလှူခံလက်ထဲ ထည့်ပေးလိုက်ပြီးပြီ။ ပြန်လိုချင်လို့ လည်း မရ
နိုင်တော့ဘူး။ မရနိုင်မှန်းသိတော့မှ စိတ်ကမပြတ်သားနိုင်ဖြစ်လာတယ်။ နှောင်ကြိုးမဖြတ်နိုင်တဲ့စိတ်ကြောင့်
လှူလိုက်တာကို အပြည့်အဝဝမ်းမသာနိုင်ရှာဘူး။ ဒါက အဆင့် ၃ (တတိယအဆင့်)မှာ ဖြစ်တာ။ သည်လို
အလှူပစ္စည်းအပေါ်စိတ်နှောင်ကြိုးကို ပြတ်ပြတ်သားသားပြတ်တောက်ပြီး လှူပြီးတာအတွက် ဝမ်းမြောက်
ဝမ်းသာဖြစ်ဖို့ ဆိုတာလည်း အဆင့် ၂ ထက် တဆယ်လေးဆတက် ခက်ခဲပြန်ပါရောတဲ့။ အခက်ခဲဆုံး
အပိုင်းဖြစ်ပါတယ်လို့  ဆရာတော်က ဆုံးမရေးဖွဲ့ ပြပါတယ်။

အပိုဒ် ၄၃ တခုလုံးကို အနှစ်ချုပ်ကြည့်ရင်
အဆင့် ၁ ကို ဓားသန်လျက်မျို၊ ပြန်ထုတ်တဲ့ ဥပမာပြတယ်။
အဆင့် ၂ ကို ဓားသန်လျက်မျို-ပြန်ထုတ်တာထက် ဆယ်ဆခက်တယ်လို့ ပြောတယ်။
အဆင့် ၃ ကို အဆင့် ၂ ထက် တဆယ်လေးဆတက်ခက်တယ် လို့ ပြပါတယ်။ တနည်းအားဖြင့် ခက်ခဲသော ဆိုတဲ့ နာမဝိသေသနကို (၁) ခက်ခဲသော (၂) ပိုခက်ခဲသော (၃) အခက်ဆုံး-ဆိုတဲ့ အဆင့် ၃ ခုစဉ်ပြသလို ပေးကမ်းမှုဆိုင်ရာလူ့ သဘာဝမှာလည်း သည်လိုအဆင့်တွေရှိတယ်၊ အဆင့်တိုင်းမှာ ခက်ခဲမှု
အတိုင်းအတာကိုယ်စီကိုယ်ငှရှိကြတယ်လို့  နားလည်ရပါတယ်။

ဆရာတော်အရှင်မဟာရဋ္ဌသာရက သည်လိုအဆင့် ၃ မျိုးကို ရှင်းပြရာမှာ အပိုဒ် ၄၂ မှာ ၄ လုံးတပါဒ နဲ့ 
ပါဒအရေအတွက်ပေါင်း ၄၈၊ ၇ လုံးအဆုံးသတ်ပါဒ ၁ ၊ အပိုဒ် ၄၃ မှာ ၄ လုံးတပါဒနဲ့  ပါဒပေါင်း ၃၈၊ ၇ လုံး အဆုံးသတ်ပါဒ ၁၊ သုံးစွဲပြီးရှင်းပြတာတွေ့ ရပါတယ်။

သက္ကရာဇ် ၁၂ဝ၃ ခုနှစ်ဖွား မန်လည်ဆရာတော်အရှင်ဇဝနဟာ သက်တော် ၃ဝ ပြည့်တဲ့ သက္ကရာဇ် ၁၂၃၃ မှာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကို စတင်ရေးသားတယ်။  ဘုရားကိစ္စ၊ သာသနာရေးကိစ္စတွေ
ကြောင့် လင်္ကာရေးသားမှု ခရီးမတွင်နိုင်ဘဲ ကြန့် ကြာနေခဲ့ရတယ်။ သက်တော် ၆၃ ၊ သက္ကရာဇ် ၁၂၆၆ မှာ
ရေးလက်စလင်္ကာသစ်ကို အပြီးသတ်နိုင်ခဲ့တယ်။

မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာသစ်ကျမ်း၊ အပိုဒ် ၂၈၅ မှာလည်း ဘူရိဒတ်ဇာတ်ပေါင်းခန်းအဆို နဲ့ 
ခပ်ဆင်ဆင် အရေးအဖွဲ့ တခုကို တွေ့ ရပါတယ်။ ပေးကမ်းတဲ့ကိစ္စမှာ ဘူရိဒတ်ဇာတ်ပေါင်းခန်းက အဆင့် ၃ မျိုးရှင်းပြပေမယ့် မဃဒေဝလင်္ကာသစ်ကတော့ အဆင့် ၄ မျိုးထားပြီး ရှင်းပြတယ်။ မဃဒေဝအဆိုကို ရှုပါ။

-မိမိဥစ္စာ ၊ နှစ်သက်စွာကို
သဒ္ဓါကြည်ဖြူ ၊ ပေးအံ့ဟူ၍
လှူမည်ဝမ်းထဲ ၊ ကြံမရဲရှင့်....။

လူသဘာဝစိတ်က ပေးဖို့ ကမ်းဖို့ ဆိုတာကို စိတ်နဲ့ တောင်မကြံရဲတဲ့ ကိစ္စဖြစ်ကြောင်း ပထမအဆင့် အဖြစ်
ပြောပါတယ်။ အဆင့် ၁ က စိတ်နဲ့ ကြံစည်ဖို့ ပင် ခက်ခဲတယ်။

-ကြံခဲစွာဘိ ၊ ကြံသည်ရှိလည်း
မငြိမနား ၊ မန္တာန်အားဖြင့်
အသွားမတုံး ၊ ထိလျှင်ဆုံးမျှ
သုံးဆဲ့သုံးဘန် ၊ လက်သစ်ပြန်သည့်
သန်လျှက်ဓားကို ၊ ထင်ရှားပြက်ပြက်
မျိုသောထက်လျှင် ၊ နုတ်ထွက်ငါသည်
ပေးမည်မြွက်ခဲ....။

ဘူရိဒတ်ဇာတ်ပေါင်းခန်းမှာ ပြတဲ့ သန်လျှက်ဓားဥပမာနဲ့ ပဲ ပေးကမ်းဖို့ အပြောရခက်ကြောင်း ဒုတိယအဆင့်
အနေနဲ့ ပြပါတယ်။

-မြွက်တပဲလျက် ၊ ရဲရဲရက်ရက်
အပေးခက်ရှင့်...။

ပေးမယ်ပြောပြီးတာတောင် လက်တွေ့ ပေးတဲ့အခါ နှောင်ကြိုးမဲ့ စွန့် လွှတ်ဖို့ ခက်ခဲကြောင်း တတိယအဆင့်
အနေနဲ့ ပြပါတယ်။

-ဆက်ဆက်မုချ ၊ ပေးပြီးမှလည်း
နောင်တမပူ ၊ ခဲစွဟူ၏။

ပေးကမ်းပြီးတဲ့အခါမှာလည်း နောင်တမရဖို့ လည်း ခက်ခဲကြောင်း စတုတ္ထအဆင့်အနေနဲ့  ပြပါတယ်။

အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်ဟာ အတွေးအခေါ်တရပ်အပေါ် မူတည်ပြီး ဒီအဆိုအမိန့် တွေ
ကို တင်ပြကြတာဖြစ်ပါလိမ့်မယ်။ သို့ သော် အဆင့် ၃ ဆင့်ထားပြီး တင်ပြတာနဲ့ ၊ အဆင့် ၄ ဆင့် ထားပြီး
တင်ပြတာမျိုး မတူကြပေဘူး။ မန်လည်ဆရာတော်က အဆင့် ၄ မျိုးကို ၄ လုံးတပါဒနဲ့ ပါဒပေါင်း ၂၆ ခုနဲ့ 
ရှင်းပြသွားခဲ့ပါတယ်။ ဒီနေရာမှာ အကြံတူ နောင်လူကောင်းစမြဲ ဆိုတဲ့စကား မှန်နေတာတွေ့ ရပါတယ်။

အရှင်မဟာရဋ္ဌသာရ နဲ့ မန်လည်ဆရာတော်တို့ ဟာ ကဗျာတင်ပြပုံမှာသာ ဆင်တူယိုးမှားဖြစ်တာမဟုတ်ဘဲ
ငယ်မည်တွေမှာလည်း ဆင်တူယိုးမှားဖြစ်နေပြန်တာ အမှတ်မထင်တွေ့ ရတယ်။ အရှင်မဟာရဋ္ဌသာရငယ်
မည်က မောင်မောက် ဖြစ်တယ်။ မန်လည်ဆရာတော်ငယ်မည်ကတော့ မောင်မာ ဖြစ်ပါတယ်။

 အမရဒီပ
မတ်လ ၈၊ ၂ဝ၁၄

No comments: