Total Pageviews

Friday, February 24, 2012

ဗုဒ္ဓဘာသာလေ့လာသူများအတွက် စာအုပ်မိတ်ဆက်

စာအုပ်အမည်                   ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)
ရေးသားသူ                      သာသနာရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်များ
ထုတ်ဝေသူ                      ဦးဝင်းနိုင်၊ ညွှန်ကြားရေးမှုး။သာသနာရေးဦးစီးဌာန
ပုံနှိပ်တိုက်                       ကမ္ဘာအေးစာပုံနှိပ်တိုက်၊ သာသနာရေးဦးစီးဌာန၊သာသနာရေးဝန်ကြီးဌာန၊
                                    ကမ္ဘာအေးကုန်းမြေ၊ရန်ကုန်မြို့ ။
စာမျက်နှာပေါင်း                ၅၃ဝ

တန်ဖိုး                            ဖော်ပြမထားပါ

ဓမ္မမိတ်ဆွေ ဦးထွန်းအောင်ရဲ့မေတ္တာစေတနာကြောင့် ဒီစာအုပ်အကြောင်းကို အခုလိုစာတတန်၊ပေတတန်
 ရေးဖြစ်တာမို့ သူ့ ကို မမေ့မလျော့ ကျေးဇူးတင်ပြီးရင်းတင်ဖြစ်နေရပါတယ်။ အခုစာအုပ်ကိုလည်း သူပဲ
အမရဒီပကို ဓမ္မဒါနပြုတာပါ။

ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)စာအုပ်ကို သာသနာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်များဖြစ်တဲ့ 
ဦးကျော်ထွတ်၊ ဦးစဝ်ထွန်းမှတ်ဝင်း၊ ဦးအေးနိုင်၊ ဦးထွန်းလှိုင်၊ ဦးရွှေအောင်၊ဦးသောင်းလွင်၊ ဦးဌေးလှိုင်နဲ့ 
ဒေါက်တာမင်းတင်မွန်တို့ က စုပေါင်းပြုစုပါတယ်။  သာသနာရေးဦးစီးဌာန နဲ့  သာသနာတော်ထွန်းကားပြန့် ပွား
ရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ်များ၊ ကျမ်းပြုစာတည်းများ၊ ရုံးလုပ်ငန်းဆိုင်ရာအရာရှိများက အကူအညီပေးခဲ့
ကြတယ်လို့  စာအုပ်နိဒါန်းမှာ တွေ့ ရတယ်။

စာအုပ်ကို အခန်းပေါင်း ၁၁ ခန်းနဲ့ ဖွဲ့ စည်းထားတယ်။ အခန်း (၁) မှာ ပါဠိဖတ်နည်း၊ ပါဌ်ဆင့်ဖတ်နည်းကို 
စနစ်တကျဖြစ်အောင် ရှင်းပြတယ်။ ပါဠိစာလုံးတွေမြင်တိုင်း "အထပ်တွေများလွန်းလို့ ခေါင်းမူးတယ်"အော်တတ်
တဲ့ အမရဒီပမိတ်ဆွေ အဘို့  နဲ့  ဒေါ်လေးလေးမြင့်၊ ဦးမြင့်သိန်းတို့ လို "ပါဠိဆိုကြောက်ကြောက်"ဖြစ်နေသူများ အတွက် ဆေးနည်းကောင်းတလက်ဖြစ်တယ်။ စိတ်ရှည်ရှည်ဇွဲကောင်းကောင်းနဲ့ လေ့လာရင် ပါဠိကို မှန်မှန်
ကန်ကန် ရေးနိုင်ဖတ်နိုင်သွားမယ်။ မြန်မာအသံထွက်နဲ့ စာလုံးပေါင်းပြတဲ့ ပရိတ်ကြီးစာအုပ်တကူးတက
ရှာဝယ်ရတဲ့ဒုက္ခကင်းဝေးမယ်။

အခန်း(၂)  မှာ ဘုရားဖြစ်ရန်ကျင့်စဉ်များဖြစ်တဲ့  ပါရမီ ၁ဝ ပါး၊ စွန့် ခြင်းကြီး ၅ ပါး၊စရိယ ၃ ပါး အစ ဘုရားရှင်ရဲ့
ဉာဏ်တော်တွေ၊ လက္ခဏာတော်ကြီးတွေ၊ အောင်ခြင်း (၈) တို့ ကို အသေးစိတ်ဖော်ပြထားတယ်။

အခန်း (၃) မှာ ဂုဏ်တော်များအကြောင်းရေးပါတယ်။ ဘုရား၊တရား၊သံဃာရဲ့ဂုဏ်တော် ပါဠိ နဲ့အနက်၊ 
သရဏဂုံ နှင့် ဥပါသကာအကြောင်း၊ကိုးကွယ်မှုအမျိုးမျိုး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း၊ ဘာသာကူးပြောင်းရာ၌
သတိပြုဖွယ်၊ အသုဘ၌ သရဏဂုံတင်ခြင်းစတဲ့အကြောင်းတွေကို ရှင်းပြတယ်။

အခန်း (၄) မှာ ကံနှင့် ကံအမျိုးအစားများ၊ ကံ၏အကျိုးတရား၊ ၃၁ ဘုံအကြောင်း၊ စုတိပဋိသန္ဓေအကြောင်း၊ 
ထာဝရဝိညာဉ်နှင့် တမလွန်ဘဝအကြောင်းတို့ ကို ရှင်းပြပါတယ်။

အခန်း (၅) မှာ ဒါနအကြောင်း၊ စေတနာ ၃ တန်နဲ့ ဒါနရဲ့လက္ခဏာ၊ အကျိုးကြီးတဲ့ဒါနနဲ့  အကျိုးနည်းတဲ့ဒါန၊ 
ဆွမ်း ပန်း  ရေချမ်း ဆီမီးကပ်လှုပုံနှင့်ဆုတောင်းများ၊ ဒါနအကျိုးပြဝတ္ထုများကို ရေးပြတယ်။

အခန်း (၆) မှာ သီလအကြောင်းရေးတယ်။ ၅ ပါး၊ ၈ ပါး၊ ၁ဝ ပါး သီလဆောက်တည်ပုံ၊ သိသင့်သိထိုက်တဲ့ 
ကွဲပြားခြားနားမှုများ၊ မှတ်သားဖွယ်များ၊ အကျိုးကြီးအောင်ဥပုသ်စောင့်နည်းများကို တိုတိုရှင်းရှင်းရေးပြတယ်။

အခန်း(၇) ကတော့ ဘာဝနာအကြောင်း ပြောပြထားတယ်။ ကမ္မဋ္ဌာန်း ၄ဝ သရုပ်နဲ့ အဓိပ္ပါယ်အကျဉ်း၊
 စတုအာရက္ခကမ္မဋ္ဌာန်း ခေါ် အစောင့်အရှောက်တရား ၄ ပါး နှင့် အဲသည်ကမ္မဋ္ဌာန်း၎ ပါး
လုပ်နည်းကားအကြောင်းကို ခြုံငုံမိအောင်မကျဉ်းမကျယ်ရေးသားပြတယ်။

အခန်း (၈) မှာအဘိဓမ္မာတရားတော်နဲ့မိတ်ဆက်ပေးထားတယ်။ ပရမတ္ထတရား ၄ ပါး၊ ရုပ်အမျိုးမျိုးဖြစ်ပုံ၊
 ခန္ဓာ ၅ ပါး၊ အာယတန ၁၂ ပါး၊  ဓာတ် ၁၈ ပါး၊ သစ္စာ ၄ ပါး၊ မဂ္ဂင် ၈ ပါး၊ မဂ္ဂင် ၈ ပါးကနေ 
သီလ သမာဓိ ပညာလို့  ၃ မျိုးဖြစ်ပုံအကြောင်း၊ အာသဝ၊ သြဃ၊ ယောဂ၊ ဂန္ထ၊ ဥပါဒါန်၊ နီဝရဏ၊ 
အနုသယ၊ သံယောဇဉ်၊ ကိလေသာ၊ ၁၅ဝဝ ကိလေသာအကြောင်း ၊ဈာနင်၊ မဂ္ဂင် ၁၂ ပါး၊ 
ဣနြေ္ဒ ၂၂ ပါး၊ ဗိုလ် ၉ ပါး၊ အဓိပတိ ၄ ပါး၊ အာဟာရ ၄ ပါး၊ သြဠာရိကရုပ် သုခုမရုပ်စတဲ့ ရုပ်အမျိုးအစားများ၊
 ဗောဓိပက္ခိယ ၃၇ ပါးအကြောင်းအသေးစိတ်သရုပ်များကို ရှင်းပြထားတယ်။  
ရဟန်းတော်တွေဝိပဿနာတရားဟောရင် ပါလေ့ပါထရှိတဲ့ ပါဠိစကားလုံးတွေဖြစ်တာမို့  ကြိုတင်လေ့လာ
ထားရင် အဘိဓမ္မာအခြေခံလည်းရ၊ တရားကိုလည်း သေသေချာချာနားလည်မှတ်မိနိုင်ပါလိမ့်မယ်။

အခန်း(၉) မှာ တန်ခိုးထက်မြက်သည့်နုတ်ငုံဆောင်ဂါထာတော်များကို ဖော်ပြထားတယ်။ အလွတ်မကျက်မှတ်နိုင်
သေးရင် စာအုပ်ဖွင့်ဖတ်၊ဖတ်ပါများရင် မှတ်မိသွားပါတယ်။ စိတ်ရှည်ရှည်နဲ့  ကြိုးစားရင် မကြာခင် နုတ်ငုံဆောင်
ဂါထာ (တကယ်)ဖြစ်လာမှာပါ။

အခန်း(၁ဝ) ကတော့ ဗုဒ္ဓသာသနာသမိုင်းအကြောင်းဖြစ်တယ်။ "ပိဋကတ်နိကာယ်သိမှတ်ဖွယ်"ဆိုတဲ့
 ခေါင်းစဉ်ငယ်အောက်မှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဆိုတဲ့ သာသနာ ၃ ပါးရှိပုံအကြောင်းနဲ့ စကားစတယ်။
 သာသနာ ၃ ပါးကိုအဓိပ္ပါယ်ရှင်းပြတယ်။ သာသနာ ၃ ပါးထဲက ပရိယတ္တိ ဆိုတာ ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋကလို့ ပိဋကအားဖြင့် ၃ ပါးရှိတယ်။ ပိဋက ၃ ပုံဟာ နိကာယ်အားဖြင့် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ 
သံယုတ္တနိကာယ်၊ အဂုင်္တ္တရနိကာယ်၊ ခုဒ္ဒကနိကာယ် လို့  ၅ ရှိတယ်။ ပိဋကနဲ့ နိကာယ်ဆိုတဲ့အမည်တွေဟာ ပထမသံဂါယနာတင်စဉ်က ပေးထားတဲ့အမည်တွေ ဖြစ်တယ်။ ပိဋက ၃ ပုံက တခြား၊၊ နိကာယ် ၅ ခုကတခြား
မဟုတ်ကြဘူး။ ဘုရားစကားတော်တွေကို အုပ်စု ၃ မျိုးခွဲခြားခြင်း၊ အုပ်စု ၅ မျိုးခွဲခြားခြင်းမျှသာ ဖြစ်တယ်။
 အမည် ၂ မျိုးရှိတဲ့လူတယောက်လို သဘောထားကြည့်ပါလေ။အခုခေတ်မှာ ပိဋကတ်နဲ့ နိကာယ်မတူဘူး
ပြောသူတွေရဲ့စကားမှားသလား၊ မှန်သလားသိချင်ရင် အခန်း (၁ဝ) ကိုသာဖတ်ကြည့်ပေါ့။
အဖြေရပါလိမ့်မယ်။

ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ်ဟာ ဆဋ္ဌသံဂါယနာမူစာအုပ်အရေအတွက်အားဖြင့် အုပ်ရေ-၄ဝ ရှိပြီး 
စာမျက်နှာအားဖြင့် ၁၆၅၂၈ ရှိတယ်။

ပထမသံဂါယနာ၊ ဒုတိယသံဂါယနာ၊ တတိယသံဂါယနာ၊ စတုတ္ထသံဂါယနာ၊ ပဉ္စမသံဂါယနာ၊ ဆဋ္ဌသံဂါယနာ
အကြောင်းတွေကို စိတ်ဝင်စားစဖွယ်ပြောပြထားတယ်။ လက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့ဒေသတဝိုက်ကို ဗုဒ္ဓသာသနာ
 ရောက်ရှိပုံ၊ ဘုရားမပွင့်မီကာလလက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့ဒေသတဝိုက်အခြေအနေများ၊ မဇ္ဈိမဒေသ
သာသနာရေးအခြေအနေများ၊ ဂိုဏ်းကွဲများပေါ်ပုံ၊ ၉ တိုင်း ၉ ဌာနသာသနာပြုစီမံကိန်းအကြောင်းတွေစသည်ကို
 ချောမွေ့ တဲ့မြန်မာစကားပြေအရေးအသားနဲ့ ရေးသားထားတယ်။

သမိုင်းရှုထောင့်၊ ပထဝီရှုထောင့်ကနေ အငြင်းပွားဖွယ်၊ တွေးတောဖွယ်တခုကတော့ ရှိလေရဲ့။ အဲဒါကတော့---
            "၁။ ဘုရားရှင်အား ပထမဆုံးဖူးတွေ့ ရသူ (ဘုရားဖူးဦး)၊ ၂။ ပထမဆုံး မုန့် ဆွမ်းလှုဒါန်းရသူ (ဆွမ်းလှုဦး)
            ၃။ ပထမဆုံးဒွေဝါစိကသရဏဂုံတည်ကြသူ (သရဏဂုံဦး) ၄။ ပထမဆုံး ဆံတော်ရှင်ချီးမြှင့်ခံရသူ
            (ဆံတော်ဓာတ်တော်ဦး) ၅။ ပထမဆုံးဘုရားစေတီတည်ကြရသူ (စေတီဦး-ဘုရားဦး) ဦး ၅ ဦးဖြင့်
            သာသနာတော်ကို ကိုးကွယ်ခွင့်ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ ပင်ဖြစ်ကြောင်း
            သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။"  (စာ-၄၇၃-၄၇၄) ဆိုတာပါပဲ။
ဦး ၅ ဦးတွေဟာ ဥက္ကလာတိုင်းဖွားမြန်မာပြည်သားဆိုတဲ့ကိစ္စကတော့ ပြောခဲ့သလို အငြင်းပွားဖွယ်ရာဖြစ်နေလို့ 
စိတ်ဝင်စားရင်ဆက်လက်လေ့လာကြဖို့ ပါပဲ။

သွားလေသူသမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးခဲ့ဖူးတာကို အမှတ်ရမိတယ်။ မြန်မာပြည်မှာ လူမျိုး ၃ မျိုးက ဘုရားနဲ့ စတွေ့ တာ ဘယ်သူကပထမဆုံးဆိုပြီး အကြွားပြိုင်ကြပါသတဲ့--။ တဦးကပြောပါတယ်။ မဟာမုနိရုပ်ရှင်
တော်မြတ်ကို ဘုရားရှင်ကိုယ်တော်တိုင် ရင်ငွေ့ တော်ပေးပြီးသွန်းတော်မူခဲ့တယ်။ ဘုရားနဲ့ ကိုယ်တိုင်ကိုယ်ကျ
တွေ့ ကြောင်းသက်သေပြတာ--။ နောက်တဦးကပြောပြန်တယ်။ အို-- တို့ က ဘုရားနဲ့ တွေ့ ပြီး ဆံတော်တွေပေး
သနားတော်မူတာ ကိုယ်တိုင်ပဲလက်ခံယူပြီး စေတီတည်ခဲ့ရတာ--။ သူက ဘုရားနဲ့ ခပ်စောစောကတည်းကတွေ့ 
တယ်ပြောချင်တာပဲ--။ နောက်ဆုံးတယောက်ကပြောတယ်။ တို့ သုနာပရန္တတိုင်းသား အရှင်ပုဏ္ဏပင့်လို့ ဘုရား
ရှင်နဲ့ ရဟန္တာ ၅ဝဝ ကြွလာလို့  စန္ဒကူးကျောင်းတော်ဆောက်ပြီး လှူခဲ့ရတာပဲ--အခုထိ မကွေးတိုင်း၊ ပွင့်ဖြူမှာ
ကျောင်းတော်ရာဆိုတာရှိသေးတယ်--တို့ လူမျိုးလဲ ဘုရားနဲ့ တွေ့ ဖူးတာပဲ--။

 ဒေါက်တာသန်းထွန်းမှတ်ချက်က "သူတို့ တွေ စကားနိုင်လုကြတာပဲ၊ ဘယ်သူပြောတာမှမမှန်"--တဲ့။
မျက်စိကြီးကြီး၊ နားကြီးကြီးထားပြီး ဆင်ခြင်ရမယ့်အချက်အလက်တွေပါ။ လူတိုင်းက ဒီစကားကိုသဘောတူမှာ
မဟုတ်လို့ ပါပဲ။


အခန်း (၁၁) မှာ  ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ အနန္တ ၅ ပါး၊ ရှေးစာဆိုတော်၊ ဆရာတော်များရဲ့ ဆုံးမစာတွေကို ကောက်နုတ်ဖော်ပြထားတယ်။  အင်မတန်တန်ဖိုးရှိလှပါတယ်။

နောက်ဆက်တွဲအနေနဲ့  ခက်ဆစ်ဝေါဟာရအဓိပ္ပါယ်ပိုင်းဖြစ်ပါတယ်။ ကြားနေကျစကားလုံးဖြစ်ပေမယ့် ဆိုလိုရင်းအတိအကျပြောပါဆိုရင် ရှင်းပြဖို့ ခက်ခဲတဲ့စကားလုံးတွေကို ရွေးချယ်ပြီး ရှင်းပြထားတယ်။

စာအုပ်တအုပ်လုံးကို အနှစ်ချုပ်လိုက်ရင် ဗုဒ္ဓဘာသာဝင်တယောက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ စာအုပ်တအုပ်ဖြစ်တာကတော့ သေချာပါတယ်။ ဗုဒ္ဓဘာသာဝင်တော့ ဟုတ်ပါရဲ့၊ ဗုဒ္ဓဘာသာအကြောင်းမသိဘူး၊
 သိချင်တယ်၊ ဘယ်စာအုပ်ဖတ်ရမှန်းမသိဘူး၊ ကိုယ်ရွေးမိတဲ့စာအုပ်က အမှားတွေဖြစ်မှာလဲ စိုးရိမ်တယ်ဆိုသူတွေ
အတွက် ဗုဒ္ဓဘာသာတရားတော် (အထက်တန်းအဆင့်)စာအုပ်ဟာလက်တွေ့ အသုံးဝင်မယ့်၊ လမ်းမှန်ကို
ဆောင်ကြဉ်းပေးမယ့်စာအုပ်ကောင်းတအုပ်ဖြစ်တာကတော့ မလွဲရေးချမလွဲပါ-----------။

အမရဒီပ
၂-၂၄-၂ဝ၁၂




No comments: