လူ့ ဘဝဖြူဆွဖို့ မလွယ်
“ဆိုးလိုက်တဲ့ရှင်ရယ်…ရှင့်ကိုယ်ရှင့်
ဈာန်အဘိညာဉ်ရသေ့တပါးဆိုတာ မေ့နေပြီလား“
အိမ်ဆိုးအိမ်ညစ်တလုံးကို
ပြုပြင်သန့် ရှင်း၊ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း၊ ရေချိုးခန်းအိမ်သာအထွေ
ထွေလိုအပ်ရာအသုံးအဆောင်တို့ ကို
မင်းထံတောင်းတန်တောင်း ၊ ကိုယ်တိုင်လုပ်တန်လုပ်ဖြင့် တနေ
ကုန်တနေခမ်းမမောတမ်းမနားတမ်းဗျာများနေခဲ့ရသည်။ ညနေစောင်း ရေမိုးချိုး ၊
စားသောက်ပြီး ၊ တူနှစ်ကိုယ်ကမ္ဘာဘုံတည်ဆောက်မည့် ချစ်ကမ္ဗလာအခင်းလွှမ်းပေါ်ဝယ်
သည်းဖိုတုန်လှိုက် ရင်တထိတ်ထိတ်အတွေးဖြင့် ဟရိတစရသေ့ဟောင်းခမျာ ထိုင်မိရုံရှိသေး
….သည်အကွက်ကို ဗျူဟာချစောင့်စားနေမည့် မုဒုလက္ခဏဒေဝီက ရသေ့ဟောင်းကြီး၏
မုတ်ဆိတ်ဖွားဖွားကို မနာ့တနာဆုပ်ကိုင်ကာ အထက်ပါအတိုင်း အကျင့်ကောင်းဖို
့စကားလောင်းနိဒါန်းအဖွင့် ပြောလိမ့်မည်ဟု ယူဆပါသည်။
ဟရိတစခမျာ
ချက်ကောင်းထိသွားရှာသည်။
သည်လိုချက်ကောင်းထိသောကြောင့်သာလျှင် ဟရိတစ သတိပြန်လည်လာရ၏။ ကိလေသာ
ဇောကပ်ပြီး ပညာမျက်စိကန်း ၊
ဆင်ခြင်တုံကင်း ကာမအရူးဇာတ်ခင်းနေသည့် သူ့ ကိုယ်သူ ပြန်မြင်လာ
သည်။ မူလဇာတ်အဋ္ဌကထာပါဠိတွင်ကား
ဖွယ်ဖွယ်ရာရာမဆိုချေ။ သို့ သော်ကဗျာဆရာတွင်းသင်းမင်း
ကြီးကတော့ ရသေ့ကြီးသတိရပြီး
တရားဆင်ခြင်ခန်းကို ပီပီပြင်ပြင်ကဗျာဖွဲ့ လေသည်။ မုဒုလက္ခဏပျို့  တွင်
ပုဒ်ရေ ၆၆ မှ
၇၆ အထိမှာ ရသေ့ကြီး၏သံဝေဂယူခန်းပင် ဖြစ်ပါသည်။
အဆိုပါသံဝေဂါကာရခန်းလာ ပိုဒ်ရေ ၇၂ တွင် ကဗျာဆရာကြီးက ဤသို
့ဖွဲ့ ဆိုပြပါ၏။
ထင်းခွေရေခပ် ၊ ဆန်ဖွပ်မောင်းနင်း
ညှဉ်းပန်းခြင်းလည်း ၊ မကင်းဆူလှယ်
လူတို့ ဝယ်ကား ၊ ကုန်သွယ်လယ်လုပ်
မြဲချုပ်ဆီးတား ၊ ကျွဲနွားမိုးမြေ
ရွှေငွေအလို ၊ ဆိုသည်မုသား
ဒဏ်အားထိုက်လျောက် ၊ ရောက်သည်ပြစ်ဆာ
ပြုသူသာလျှင် ၊ ဃရာဝါသ
ကိစ္စပြီးတိုင်
မတတ်နိုင်သော် ၊ စပ်ဆိုင်လူ့ တမ်း
မှုမပြွမ်းခဲ့ ………။ (၇၂)
လူ့ ဘဝ ၊ လူ့ လောကဟူသည် ပြေးရင်ပြေး ၊
မပြေးရင်လိုက်ရမည့်လောကဖြစ်သည်။ တတောတတောင်ထဲ အတူတူနေကြသည့် ကျား နှင့်သမင်ကဲ့သို
့ဖြစ်သည်။ မနက်ရောက်လျှင် သမင်ကို ဘယ်လိုချောင်းမြောင်းကိုက်သတ်ရကောင်းမလဲ ဟု
ကျားကတွေးသည်။ မနက်ရောက်လျှင် ကျားလက်ကဘယ်လိုလွတ်အောင်ပြေးရ၊
ပုန်းရှောင်ရကောင်းမလဲဟု သမင်ကတွေးသည်။ ကျား ရော သမင်ရောနှစ်ကောင်လုံးသည်
အသက်ရှင်ရပ်တည်ရေးကို ဦးတည်တွေးကြ ၊ လုပ်ကြသည်။ ကိုယ့်ဘဝ၊
ကိုယ့်ဝန်းကျင်ရပ်တည်နိုင်အောင်ရုန်းကန်လှုပ်ရှားနေကြသည်။ တကွက်တလေပင်
အမှားမခံနိုင်…။ လူ့ ဘဝဆိုတာလည်း ထိုနည်းနှင်နှင် ကျားလိုတွေးသူတွေး ၊
သမင်လိုတွေးသူတွေးသည်။
အတွေးပြီးတော့ အပြော၊
အလုပ်ဆိုတာ ဆက်တိုက်ကပ်ပါလာသည်။ တိုက်စစ်ဘယ်လိုဆင်
မည်၊
ခံစစ်ဘယ်လိုကာမည်တွေးပြီဆိုမှတော့ ကိုယ်စိတ်ဆင်းရဲညှဉ်းပန်းခြင်းတွေ ပါလာမည်။ ပြစ်ဒဏ်တွေပါလာမည်။
လယ်တောမှာ လယ်ထွန်သည်ပဲထား…။ နွားကို အတင်းအဓမ္မခိုင်းစေမှု
ဖြစ်လာသည်။ မြေကြီးကို ထွန်ယက်တူးဆွသောကြောင့် ပုရွက်ဆိတ်၊ တီကောင်တို့ လို သတ္တဝါတွေ
အစုလိုက်အပြုံလိုက်
ဆင်းရဲဒုက္ခရောက်ကြ၊
ပျက်စီးသေကြေကြသည်။ ဘယ်မှာ အပြစ်လို့ လဲ။ မြင်းလှည်းမောင်း၊
နွားလှည်းမောင်းတော့ရော
ဘာထူးသနည်း။
ကိုယ်တိုင်ကငွေကြေးပြည့်စုံသူဖြစ်လျှင် မပြည့်စုံသူတွေက
ချေးကြ၊ ငှါးကြမည်။ ထိုအခါ ရှိပေငြား မရှိဟု လိမ်ရ၊ ညာရတာ ရှိပေမည်။ ချေးသမျှ၊
ငှါးသမျှသာ ထုတ်ပေးနေရလျှင် လောက်ငှမည့် ကိစ္စလည်းမဟုတ်လေတော့ သည်လိုပြောရတာ
ရှိပါမည်။ ချေးငှါးပြီး ပြန်မရလို့ အကျယ်အကျယ်မငြိမ်းဖွယ် ဖြစ်တာတွေလည်း
ရှိမည်။
အို…ဒါတွေဒါတွေကို ကြည့်တော့ ချောက်တန်ချောက်၊ မြှောက်တန်မြှောက်၊
နဂါးမှန်းသိအောင်
အမောက်ထောင်ပြသင့်ပြ လုပ်မှသာ လူ့ ဘဝ ဆိုတာ အဆင်ပြေသည်။
သည်လိုမလုပ်လို့ ကတော့
လူရာမဝင်၊ ခံဖက်ကချည်း ဖြစ်ပေမည်။ သည်သဘောကို
တွင်းသင်းမင်းကြီးက ကဗျာဖွဲ့ ထားသည်။
တွင်းသင်းမင်းကြီးဆိုလိုသည်ကား လူ့ ဘဝဆိုတာ ကိုယ်ကျင့်သီလနှင့်ပြည့်စုံအောင်
နေနိုင်
ဖို့ မလွယ်ရေးချမလွယ်။ ကိုယ်ကျင့်တရားမပြည့်စုံလျှင်
အပြစ်မကင်း၊။ အပြစ်ကင်းအောင်နေလျှင်
လည်း လူ့ ကိစ္စ လူ့ ဘဝတွေ
အောင်မြင်ဖြစ်ထွန်းမည်မဟုတ်ပါ..ဟူ၏။
ဤအတွေးဤအမြင်တို့ သည်တွင်းသင်းမင်းကြီး၏ပင်ကိုထွက်အတွေးအမြင်ဖြစ်ပါလျှင်
နောင်လာနောက်သားစာဖတ်သူတဦးအနေဖြင့် မှတ်သားသုတပွားစရာစကားအဖြစ် သတ်မှတ်လိုပါ၏။ ပိဋကတ်ကိုမွှေ
နှောက်ပြီး ဆိုင်ရာဆိုင်ရာတို့ ကို အဆီအနှစ်အဖြစ်စုစည်းသည့်အနေဖြင့် တနေရာမှ
စကားတရပ်ကို ဤမုဒုလက္ခဏကဗျာတွင် ထည့်သွင်းစပ်ဆိုထားလျှင်လည်း မင်းကြီးကိုးကားသည့်
မူရင်းစာကို သိမှီအောင်
ကြိုးစားသင့်သည်ဟု သဘောရပါသည်။
ဇာတကအဋ္ဌကထာ၊ ဒုကနိပါတ်၊ဥပါဟနဝဂ်၊ ဝစ္ဆနခဇာတ်တော်တွင် မင်းကြီး၏
လူ့ ဘဝအမြင်
ယူဆချက်နှင့် တူမျှသော
အမြင်တခုကို တွေ့ ရပါသည်။ ဝစ္ဆနခရသေ့သည်
ဟိမဝန္တာမှ ဗာရာဏသီ သို့ ခေတ္တကြွလာပြီး မင်းဥယျာဉ်တွင် နေသည်။ ဗာရာဏသီသူဌေးတဦးသည်
ဝစ္ဆနခရသေ့ကို ရသေ့ သူတော်အဖြစ်ကြည်ညိုသည်။ ရွယ်တူဖြစ်၍ ညီအကိုပမာလည်း
ချစ်ခင်မြတ်နိုးသည်။ ရသေ့ ရဟန်း
ဘဝဟူသည် သူတပါးပေးစာကမ်းစာကိုမှီကာအသက်ရှင်ရပ်တည်ရသောကြောင့်
ဆင်းရဲပင်ပန်းသည်။
ဝစ္ဆနခကို လူဝတ်လဲစေပြီး သူ့ စည်းစိမ်တဝက်ကို
ခွဲပေးမည်။ ဝစ္ဆနခကိုလည်း ကုန်သွယ်ကုန်ရောင်း စီးပွားရှာပုံအကြောင်းသင်ပေးမည်၊
နှစ်ယောက်အတူ ပျော်ရွှင်ချမ်းသာစွာ ဘဝစည်းစိမ်ကို ခံစားစံစား
မည်ဟု ဗာရာဏသီသူဌေး အတွေး
ပေါက်ကာ ဝစ္ဆနခရသေ့ကို တိုင်ပင်သည်။
ထိုအခါ ဝစ္ဆနခရသေ့ပြန်ပြောသောစကားမှာ----------------၊
"အမြဲမပြတ် လယ်ထွန်၊ နွားကျောင်း၊ စီးပွားရှာစသောအလုပ်ဖြင့်
ကြိုးစားအားထုတ်မှုမပြုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ လယ်ယာ-ဥစ္စာ-ရွှေငွေဓနစသည်အကျိုးစီးပွားအကျိုးငှါ
မုသားမဆိုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ သူတပါးနှိပ်စက်ညှဉ်းပန်းခြင်းကို
မခံလိုသူ-မခံနိုင်သူ၏အိမ်သည်လည်း မတည်မြဲနိုင်၊ သူတပါးတို့ အား မနှိပ်စက် မညှဉ်းပန်းလိုသူ၏အိမ်သည်လည်း
မတည်မြဲနိုင်၊ဤသို့ အကုသိုလ်ဖြစ်စရာ
အပေါက်အလမ်းများစွာရှိသော၊
ကုသိုလ်ဖြစ်ဖို့ ခက်ခဲသော သဘောရှိသော အိမ်ကို ဘယ်သူက စိုးမိုးအုပ်ချုပ်နေချင်မှာလဲ"…….ဟူ၏။
တွင်းသင်းမင်းကြီး နှင့် ဝစ္ဆနခရသေ့ပြောသည့်စကားမှာ
သဘောထားတူညီကြောင်း တွေ့ ရပါ
သည်။ လူ့ ဘဝ လူ့ လောကဟူသည်
ကုသိုလ်စိတ်အဖြစ်နည်းသည်။ အကုသိုလ်စိတ်အဖြစ်များသည်။ ဖြူဆွဖို့ မလွယ်ပါတည်း…။
အမရဒီပ
ဧပြီ ၂၊ ၂ဝ၁၅
No comments:
Post a Comment