Total Pageviews
Wednesday, April 1, 2015
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် (နောက်ဆက်တွဲ)
နောက်ဆက်တွဲ
        ယခုနှစ်(၂ဝဝ၃) တွင် ဘုန်းကြီး၏ ၇၅ နှစ်မြောက် မွေးနေ့ ပွဲ ကျင်းပပြီးခဲ့ပြီ။ ဘုန်းကြီးဘဝကို သမင်လည်ပြန်ကြည့်မိသည်။ အံ့သြစရာပါတကား..။ 
လွန်ခဲ့သော ၇၅ နှစ်က ဘုန်းကြီးသည်အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းလေးတကျွန်းပေါ်တည်ရှိသော
 တောကြိုအုံကြားတောရွာကလေးတွင် ခြေထောက်ဗလာနှင့် ကောင်လေးတယောက်ဖြစ်ပြီး သဲသောင်ပြင်ပေါ်မှာ 
တုတ်တချောင်းနှင့် ပုံများ ရေးခြစ်နေခဲ့သည်။ ယနေ့ တွင် ဘုန်းကြီးသည် ဒေါက်တာဘွဲ့ ရ ပညာတတ်ရဟန်းတပါးဖြစ်နေပြီ။
 ပြီးတော့ ခရီးဆောင်အိတ်ထဲမှာ ပါဝါဘုတ်ဂျီဖိုးအိတ်ဆောင်ကွန်ပြူတာထည့်ဆောင်ပြီး လေယာဉ်ဖြင့် မိုင်ထောင်ချီခရီးသွားနေရပြီ။
(ပါဝါဘုတ်ဂျီဖိုးအိတ်ဆောင်ကွန်ပြူတာမှာ အဲလ်ပဲမှ ၂ဝဝ၁-၂ဝဝ၆ နှစ်ကြားမှာ ထုတ်လုပ်သည်။)
          ကမ္ဘာတဝှမ်းလုံးမှာ ဘုန်းကြီး၏မိတ်ဆွေများ၊ တပည့်များ ရှိနေပါသည်။ အန္တာတိကတိုက်တခုတည်းသာ
 ဘုန်းကြီးမမြင်ဖူးသေးပါ။ ဘုန်းကြီး၏ပထမဦးဆုံးစာအုပ် "အင်္ဂလိပ်လိုသတိပဋ္ဌာန်" ကို တရုတ်၊ ကိုရီးယား၊ စပိန်၊ အီတာလျံ ၊ ဂျာမန်၊ ပြင်သစ်ဘာသာပြန်ဆိုထားပြီးလည်း ဖြစ်ပါသည်။
          ဘုန်းကြီးကြွားလုံးထုတ်နေခြင်းမဟုတ်ပါ။ ကုသိုလ်ကံနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ဆုပ်ကိုင် လိုက်သောအခါ ပုဂ္ဂိုလ်တယောက် မည်မျှဝေးဝေးရောက်အောင်သွားနိုင်သည်ကို ကောက်ကြောင်း ဆွဲပြခြင်းမျှသာ ဖြစ်ပါသည်။ အတိတ်ဘဝကုသိုလ်ကံများကြောင့် ဘုန်းကြီး၏များစွာသော စွန့် စားခန်းများ ၊ အောင်မြင်မှုများ ဖြစ်ပေါ်လာရသည်ဟု 
မမှိတ်မသုန်ယုံကြည်ပါ၏။
          သို့ ပါသော်လည်း နောက်တဆင့်ဆီဆက်လက်ရွှေ့ လျားဖို့ ကိုလည်း မောင်းနှင်အားများအောက် ဘုန်းကြီး အမြဲတစေ
 ကျရောက်ခဲ့ရပါသည်။ ဘဝနောက်ကြောင်းကို ပြန်လှည့်ကြည့်မိလေတိုင်း ပထမဦးစွာ ခံစားရသည်မှာ ဘုန်းကြီးသည် 
လမ်းလျှောက်ဖို့ ခက်ခဲနေသူတဦးပမာဖြစ်နေကြောင်း ခံစားရပါသည်။ ယင်းနောက်သူသည် ခြေလှမ်းအနည်းငယ်လှမ်းဖို့ နှေးကွေး
ခက်ခဲစွာ လေ့လာခဲ့ရသည်။ ခြေထောက်ပေါ်ခိုင်ခိုင်မတ်မတ်ရပ်နိုင်သောအခါ မျက်နှာမော့ကြည့်မိတော့ ပေပေါင်းတရာ
လောက်မြင့်သော တောင်ကုန်းကိုမြင်ရသည်။ သို့ နှင့် ယင်းတောင်ကုန်းကို သူတက်ကြည့်သည်။ ပြီးနောက်  ပိုမြင့်သည့် ပေနှစ်ရာတောင်ကုန်းတခုကို ထပ်တွေ့ ရပြန်သည်။ ယင်းတောင်ကုန်းကိုလည်း သူတက်ရောက်လိုက်ပြန်၏။
          အရင်တွေ့ ခဲ့ရသမျှတောင်ကုန်းများထက် ပို၍ပို၍မြင့်မားသောတောင်ကုန်းများသာ ပေါ်လာကြသည်။ သူကလည်း တက်မြဲတက်နိုင်ခဲ့သည်မှာ တခုပြီးတခုဖြစ်ပေတော့၏။ နောက်ဆုံး သူတွေ့ မြင်ဖူးသမျှတောင်များအနက် အမြင့်ဆုံးတောင်
          တောင်ထိပ်တွင် ဟိုဟိုသည်သည်ကြည့်လေရာ အခြားတောင်ထွတ်များကို မြင်ရပြန်၏။ နောက်ဆုံးတွင် သူနားလည်မိသည်ကား တောင်တက်ဖို့ ရာ သူသည်အိုမင်းလွန်းလှချေပြီ ဟူ၏။
          ယခု ဘုန်းကြီးသည် အသက်ရှစ်ဆယ်အတွင်းရောက်နေပါပြီ။ နောက်နှစ်အနည်းငယ်နေရပါဦး
မည်ဟု ထင်ပါသည်။ နောက်ထပ်တောင်မြင့်ကြီးများ ဆီတက်နိုင်ဖို့ အရေး နောက်ဘဝအထိ ဘုန်းကြီး စောင့်ဆိုင်းရပါဦးမည်။
          စင်စစ် အကြီးတကာ့အကြီးဆုံးတောင်တခုဆီ ဘုန်းကြီးဆက်တက်ရပေဦးမည်။ ရှေ့ တွင် တည်ရှိနေသည့် ဧရာမတောင်ထွတ်ကြီးနှင့်နှိုင်းယှဉ်လျှင် ဘုန်းကြီးရရှိထားပြီးသည့်အောင်မြင်မှုတို့ မှာ မပြောပလောက်သောအရာများဖြစ်ကြ၏။ ဧရာမတောင်ထွတ်ကြီးဟူသည် ပြီးပြည့်စုံသော ၊ အနှိုင်းမဲ့သော သဗ္ဗညုတဉာဏ်တော်ပင်ဖြစ်ပါ၏။
                    ဤဘဝဤသက်တမ်းအတွင်းမှာပင် စိန်ခေါ်မှုများအတော်အတန်ရှိနေပါသည်။ ဘုန်းကြီး၏ဆောင်ရွက်လုပ်ကိုင်ရမည့်ကိစ္စများအနက်တခုမှာ ယခုလူ့ ဘဝလူ့ လောကမှာ သက်ရှိ
နေထိုင်စဉ်အတွင်း ရဟန်းတပါး၏ဝိနည်းစည်းကမ်းကို ထိန်းသိမ်းစောင့်စည်းနိုင်ရေးပင် ဖြစ်ပါ၏။
          တခါတရံ ဘုန်းကြီးခရီးသွားလျှင် လူဝတ်ကြောင်များက  နန်းတော်တမျှအသုံးအဆောင်
များနှင့် ဘုန်းကြီးကို နေရာချပေးထားသည်။ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးများ ၊ အိပ်ခန်းကျယ်ကြီး
များဖြင့်ဖွဲ့ စည်းတည်ဆောက်ထားပြီး ရေကူးကန်လည်းပါသည့် အထက်တန်းစားအိမ်ကြီးအိမ်ကောင်း
များမှာ ဘုန်းကြီးကို သီတင်းသုံးစေကြ၏။ ဓနအင်အား  ကြွယ်ဝပြည့်စုံသူများသည် သူတို့ ၏ ဘန်တလေကားအမျိုးအစား ၊ ပိုးချေးကားအမျိုးအစားများဖြင့် ဘုန်းကြီးအားတင်ခေါ်ကာ ဟိုနားသည်နား ပို့ ပေးကြသည်။ 
တခါကများဆိုလျှင် အမိုးခေါက်ရိုးရွိက်စ်ကားဖြူကြီးဖြင့် လာကြိုဖူးသည်။ နောက်တကြိမ်တွင်မူ ကိုယ်ပိုင်ဟယ်လီကော်ပတာဖြင့် ကြိုဆိုကြပြန်သည်။
          ဤဒကာ ၊ ဒါယိကာများတို့ သည် ဘုန်းကြီးကို ကြည်ညို့ပူဇော်ကြသည်ဆိုသော်ငြားလည်း
သည်လိုဇိမ်ခံကိစ္စများနှင့်ပတ်သက်၍မူ ဘုန်းကြီးမှာ အပြစ်တခုကို ကျူးလွန်မိသည်ဟု ခံစားရပါသည်။
 ရဟန်းဟူသည် ရိုးစင်းသော နေထိုင်မှုရှိရပေမည်။ အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်မှုအတိုင်း
အတာဘောင်ကိုကျော်လွန်သော ဇိမ်ခံမှု ၊ ပကာသနဇာချဲ့ မှုကင်းရှင်းရပေမည်။ ဖောင်းကားကြွရွနေ
သည့်အိပ်ရာကုတင်နှင့်မကြာခဏကြုံရသော်လည်း ဧည့်ဝတ်ပြုသူများမရိပ်မိလေအောင်
စောင်တထည်ကို သိုသိပ်စွာယူကာ ကြမ်းပြင်ပေါ် ဖြန့် ခင်းပြီး ယင်းအပေါ်မှာသာအိပ်စက်ခဲ့ပါသည်။
          ဘုန်းကြီး၏ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများသည် သီရိလင်္ကာမှာ နေထိုင်နေဆဲပင်ဖြစ်
သည်။ ဘုန်းကြီး၏ငယ်ဘဝကဲ့သို့ ပင် သူတို့ သည် နွားချေးလိမ်းကျံထားသည့် ကြမ်းပြင်ညစ်ညစ်ပေပေ
ပေါ်တွင် လမ်းလျှောက်နေကြသည်။ လေယာဉ်ပေါ်ရှိ ပထမတန်းနေရာ သက်သာချောင်ချိသောနေရာ
တွင် ထိုင်မိစဉ် ယင်းအကြောင်းများ အတွေးဝင်လာလျှင် ဘုန်းကြီးမျက်ရည်ကျမိပါသည်။
          လွန်ခဲ့ပြီးနှစ်အနည်းငယ်ကပင် ကမ္ဘာ့ဒေသအသီးသီးမှ တရားဟော၊ တရားပြပင့်လျှောက်သည့် ဓမ္မဒူတခရီးစဉ်များကို အကျဉ်းချုံ့ ထားခဲ့သော်လည်း ကနေဒါ ၊ ဘရာဇီးလ်၊ မလေးရှား၊ စင်္ကာပူ ၊ သြစတေးလျ ၊ စကင်ဒီနေးဗီးယား နှင့် ဥရောပသို့ မူ နှစ်စဉ်လိုလို ကြွနေရဆဲပင် ဖြစ်ပါ၏။ နိုင်ငံကူးလက်မှတ်ရှိ ဗီဇာစာမျက်နှာများသည်ပင် နေရာလွတ်ဟူ၍ မရှိချေပြီတည်း…။
          ၁၉၇၇ ခုနှစ်တွင် ဘုန်းကြီး အမေရိကန်နိုင်ငံသား ဖြစ်လာသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် ဘုန်းကြီး၏အိမ်ပေတည်း။ တကမ္ဘာလုံးကျယ်ပြန့် စွာ အများစုသုံးစွဲနေသည့် ဘာသာစကားဖြင့် တရားဓမ္မသင်ကြားရေးဟူသည့် ဘုန်းကြီး၏ရည်ရွယ်ချက်ကိုလည်း နားလည်လာပါသည်။
          ဘာဝနာရိပ်သာမှာလည်း  လာတလှည့် မလာတလှည့် အလှုများ၊ ပုဂ္ဂိုလ်ရေးဝိရောဓိများ ၊ လှည့်ပတ်သွားလာနေသောဟစ်ပီများ၊ နေခွင့်တောင်းပြီးနောက် ဘဏ်ချက်စာအုပ်ကိုဖြစ်စေ၊ အသင်းအဖွဲ့ ပိုင်ကားကိုဖြစ်စေ အလစ်သုတ်ခိုးပြေးသူ ..ဟူသည့် အခက်အခဲများစွာ ရှိပါသည်။ 
မည်သို့ ပင် ဖြစ်စေကာမူ ဘုန်းကြီးတို့ ဒါရိုက်တာအဖွဲ့ ဝင်များ ကျေနပ်ဝမ်းမြောက်ကြပါသည်။ ၁၉၉၇ ခုနှစ်တွင် အလွန်တင့်တယ်သော ကမ္မဋ္ဌာန်းခန်းမဆောင်တခုကို ဘုန်းကြီးတို့ တည်ဆောက်ခဲ့ကြသည်။ 
အများဆုံးအလှုငွေဒေါ်လာ တသိန်းငါးသောင်းရအောင် စုစည်းပေးနိုင်သော အမေရိကန်နိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ထိုင်းအလှုရှင်များအား ကျေးဇူးတင်မဆုံးဖြစ်ရပါသည်။
          ကမ္မဋ္ဌာန်းခန်းမဆောင်မှာ နှစ်သက်ဖွယ်ကောင်းလှသည်။ ဝေလငါးကြီးတကောင်၏ နံရိုးများလို အဝါရောင်ထင်းရူးယက်မတန်းများယက်ရှယ်ကာအခုံးပြုလုပ်တည်ဆောက်ထားပြီး ဘုရားရှိခိုးကျောင်းကြီးတခုအလား
 ဖြစ်နေသည်။ လေးလံကြီးမားသော ပေါင်ခုနစ်ရာရှိ ဗုဒ္ဓရုပ်ပွားတော်တဆူက ရောင်စုံမှန်ပြူတင်းပေါက်အောက်ရှိ ပလ္လင်မြင့်ပေါ်မှာ သီတင်းသုံးစံပယ်တော်မူနေသည်။ ပြူတင်းပေါက်မှာ သဗ္ဗညုတဉာဏ်တော်ရတော်မူမည့်ညတွင် တရားအားထုတ်ထိုင်တော်မူရာ
ဗောဓိညောင်ရိပ်ကို ကောင်းစွာအမှတ်ရစေနိုင်သော အလှုဖြစ်သော ဗောဓိညောင်ရွက်တရွက်ပုံစံသရုပ်ဖော်ထားသည်။
 ဤအပြင်အဆင်က ဤဌာနသို့ လာရောက်တရားကျင့်သူတို့ အား အားပေးလှုံဆော်မှုပေးလိမ့်မည်ဟု ဘုန်းကြီးမျှော်လင့်ပါသည်။
          ကမ္မဋ္ဌာန်းခန်းမဆောင်တွင် လောကသဘာဝမျှတနေထိုင်နိုင်ရေးကိုလည်း ပိုမိုထည့်သွင်းလှုဒါန်းထားသည်။
 အနောက်ဗာဂျီးနီးယားပြည်နယ်၏ ရိုးတွင်းခြင်ဆီအထိခိုက်အောင်အေးမြသော ဆောင်းရာသီအတွင်းမှာပင် တရားကျင့်သူများသည် ကမ္မဋ္ဌာန်းခန်းမကြမ်းပြင်အောက်ရှိ ရေပူပိုက်များကြောင့် နွေးထွေးစွာနေနိုင်ကြပေမည်။
 သင်္ကန်းဝတ်နှင့်မြဲသူလည်းမြဲသည်။ မမြဲသူလည်း မမြဲပါ။
          ရိပ်သာဧရိယာပိုင်နက်ရှိသစ်တောအတွင်း ကုဋိ ခေါ် ကျောင်းငယ်ကလေးများကို ပြင်တန်ပြင် ၊
အသစ်ဆောက်တန်ဆောက် ပြုလုပ်ထားပါသည်။ ယောဂီဆောင် ၉ ခုထားရှိပါသည်။ ညအိပ်ဧည့်သည်ပေါင်း
 ၆ဝ အထိ လက်ခံထားနိုင်ပါပြီ။
          နောက်ဆုံးတွင် နောက်ဆုံးလက်ကျန်အချိန်များအတွက် မျှော်မှန်းထားခဲ့သော ဘဝတခုကို အထိုင်ချပြီးပြီဟု ဘုန်းကြီးခံစားမိသည်။ ရေပိုင်ပြင်ခြင်း ၊ နံရံအတွင်းသို့ အပူအအေးကာပစ္စည်းအင်ဆူလေးရှင်းမှုတ်သွင်းခြင်း
၊ မြက်ရိတ်ခြင်းကို ဘုန်းကြီးလုပ်စရာမလိုတော့ပြီ။ ကားမောင်းစရာလည်းမလိုတော့ပြီ။ 
ဘဏ်ချက်လက်မှတ်စာအုပ်လည်း ကိုင်စရာမလိုတော့ပြီ။ ထိုအလုပ်များကို ဘုန်းကြီးးအနီးမှာ ရှိသူတွေ လုပ်ကြပေမည်။
          ကျမ်းစာအုပ်များမှရအပ်သောငွေများ၊ တရားစခန်းများမှလှုကြသောအလှုငွေများသည် ဘာဝနာရိပ်သာ
ဘဏ်စာရင်းသို့ သာ ရောက်သည်။ ဘုန်းကြီးမွေးနေ့ မှာဖြစ်စေ၊ အခြားရက်မှာဖြစ်စေ ဆွေမျိုးများနှင့် မိတ်ဆွေများက ဘုန်းကြီးအား ငွေချက်လက်မှတ်ပေးလှုကြသည်။ လျှောက်ထားကြသည်။
          "အရှင်ဘုရား…ဒီအလှုငွေကို အရှင်ဘုရားကိုယ်ရေးကိုယ်တာအတွက်သုံးပါ၊ ဘာဝနာရိပ်သာ အတွက် မထည့်ပါနဲ့ "
          ဘုန်းကြီး ပြုံးရုံသာပြုံးနေလိုက်သည်။ ထိုအလှုရှင်များကို ကျေးဇူးတုံ့ ပြန် မေတ္တာပို့ သည်။ ပြီးနောက် ချက်လက်မှတ်ကို ဘာဝနာရိပ်သာဘဏ်စာရင်းထဲထည့်ပါသည်။ သည်ကိစ္စသည်လိုသာ ဖြစ်သင့်ပါသည်။ ဘုန်းကြီးသည် ရဟန်းတပါးဖြစ်သည်။
 ငွေကြေးချမ်းသာစရာမလိုပါ။ မည်သည့်ပိုင်ဆိုင်မှုမျှမရှိဘဲ မွေးဖွားလာသလို မည်သည့်ပိုင်ဆိုင်မှုမျှမပါဘဲ သေဆုံးရဦးမည်။ မည်သူမဆို ပိုင်ဆိုင်သောအရာအစစ်အမှန်မှာ ကိုယ်ပိုင်ကံတရားသာဖြစ်ပါသည်။
          တရားဓမ္မကိုသင်ပေးနိုင်သောရဟန်းဘဝကလွဲပြီး အခြားမည်သည့်ဘဝကိုမျှ ဘုန်းကြီး မမျှော်မှန်းခဲ့ပါ။ သည်အလုပ်ကိုလုပ်ဖို့ ဘုန်းကြီးမွေးဖွားလာသည်။ သည်အခွင့်အရေးကိုပေးခြင်းအတွက်လည်း ဘုန်းကြီးဝမ်းသာမဆုံးဖြစ်ရပါသည်။
          ဆင်းရဲသူတို့ တွင် အဆင်းရဲဆုံးသူ ၊ ချမ်းသာသူတို့ တွင် အချမ်းသာဆုံးသူ၊ ကျော်ကြားသူ ၊ ဒွန်းစဏ္ဍား ၊ သူတော်ကောင်း ၊ ကောက်ကျစ်သူတို့ နှင့် ဘုန်းကြီး အပေါင်းအဖက်ပြုခဲ့ပါသည်။ ကျွန်ုပ်တို့ ဝန်းကျင်ရှိအရာအားလုံးအနက် သစ္စာ ၄ ပါးတရားကို သိနားလည်သည်ကလွဲ၍ အခြားအရေးကြီးသောအရာမရှိဟု ထိုသူအားလုံးတို့ ထံမှပင် ဘုန်းကြီးလေ့လာသိမြင်ခဲ့ရပါသည်။
          အလိုရမ္မက်(လောဘ)၊ အမျက် (ဒေါသ) နှင့် အမိုက် (မောဟ) တို့ က လူ့ ဘဝကို စိုးမိုးခြယ်လှယ်ထားကြသည်။ 
ကိုယ်စိတ်ဆင်းရဲများပယ်ရှားလိုလျှင် စိတ်အညစ်အကြေးများကို ကျော်လွှားနိုင်သော အလုပ်ကို လုံ့ လအားစိုက် ကြိုးစားထိုက်ပါ၏။
          ဆိုးရွားသောမုန်တိုင်းကြားတွင် ဓမ္မသည် ဘုန်းကြီး၏ ဒိုင်းဖြစ်ခဲ့ပါ၏။ ထီးဖြစ်ခဲ့ပါ၏။
ယခုလည်း ဓမ္မသည် ဘုန်းကြီး၏ ဒိုင်းဖြစ်ပါ၏။ ထီးဖြစ်ပါ၏။
          ရှင်းလင်းပီပြင်စွာသတိထားနိုင်ပါလျှင် ဓမ္မသည် အားလုံးအားကိုးနိုင်သော ခိုလှုံရာဌာန ဖြစ်ပါသည်။ စာဖတ်သူများလည်း ဘဝမှာ ခိုလှုံရာနေရာတွေ့ နိုင်ပါစေဟု ဘုန်းကြီး မျှော်လင့်ပါသည်။
ဘန္တေဟန်နေပေါလ ဂုဏရတန
ဟိုင်းဗျူး ၊ အနောက်ဗာဂျီးနီးယား
နွေဦးရာသီ ၊ ၂ဝဝ၃ ခုနှစ်
(Journey to the Mindfulness မှ Afterword ကို ပြန်ဆိုသည်။)
အမရဒီပ
ဧပြီ ၁၊ ၂ဝ၁၅
No comments: