Total Pageviews
Wednesday, June 12, 2013
အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ် - ၁၉
အခန်း ၄ ၊ တကျော့ပြန်ကိုရင်
လမ်းဘေးတနေရာမှာ သူငယ်ချင်းဂုဏဝါဒေနက ဘုန်းကြီးကို  ဗြုန်းစားကြီး စွန့် ခွါသွားခဲ့ပြီး တနာရီလောက်
အကြာ တယောက်တည်းယောက်ယက်ခတ်ကာ ဘုန်းကြီး ထိုနေရာမှာ ထိုင်နေခဲ့သည်။ ဘုန်းကြီးကျောင်းမှ
ထွက်ပြေးကာ မဟာစွန့် စားခန်းခရီးအဖြစ် စတင်ခဲ့သောအရာသည် ကြောက်မက်ဖွယ် ဒုက္ခသုက္ခ
္ခဖြစ်နေနေပြီ။ မြွေကိုက်ခံရ၍ ယောင်ကိုင်းနာကျင်နေသော ခြေထောက်ပြဿနာလည်း ရှိနေ၏။ ဆာလောင်နေသည်။ ဘုန်းကြီးသိသမျှ ခရီးသွားဖော်ကလည်း အပြီးအပိုင် စွန့် သွားခဲ့ပြီ။ 
 ထိုစဉ်ကလောက် နိမ့်ပါးကျဆင်းမှုကို ဘုန်းကြီးဘဝတလျှောက်လုံး လုံးဝမတွေ့ မကြုံဖူးခဲ့ပါချေ။
နောက်ဆုံးတွင် ဘုန်းကြီး၏ခန္ဓာကိုယ်ထဲမှတခုခုက မတ်တပ်ရပ်ရန် အမိန့် ပေးသည်။
"ဆက်လျှောက်" ဟု ပြောနေပုံပေါ်သော အသံ….။
သို့ နှင့်ပင် ခြေထောက်ကို အားယူပြီး ကန္တာရလမ်းတလျှောက်လုံး ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြင့် စလျှောက်လှမ်းခဲ့သည်။ နာရီပေါင်းများစွာကြာအောင်လျှောက်လာပြီး သစ်ပင်ရိပ်အောက် မိန်းကလေးတယောက် ထိုင်နေသည့်နေရာသို့ ဘုန်းကြီးရောက်လာခဲ့သည်။ မိန်းကလေးမှာ သစ်သီး၊ သစ်စေ့ ၊ ပေါင်မုန့် ၊ လက်ဖက်ရည် နှင့် ဟင်းသီးဟင်းရွက်ရောင်းနေခြင်းဖြစ်သည်။ ဘုန်းကြီးက ခပ်ကြမ်းကြမ်း ခုံတန်းပေါ်
ထိုင်လိုက်သည်။
"ဘာလို့ ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြစ်နေတာလဲ"
မိန်းကလေးက မေးသည်။
တမြန်နေ့ ညက ခြေထောက်ကို မြွေကိုက်သည့်အကြောင်း ဘုန်းကြီး သူ့ ကို ရှင်းပြသည်။ နာမည်ဘယ်လို
 ခေါ်လဲ၊ ဘယ်ကလဲ ၊ တယောက်တည်း ဘာလို့ ခရီးသွားနေတာလဲ ဟူ၍လည်း မိန်းကလေးက ထပ်ဆင့်
မေးလာသည်။ ဖြစ်ကြောင်းကုန်စင်အလုံးစုံကို ဘုန်းကြီး ပြောပြလိုက်သည်။
သူက ဘုန်းကြီးကို ပေါင်မုန်တချပ်၊ ပဲတောင့်ရှည်သီးဟင်းတခွက်၊ ရေနွေးကြမ်းကျကျတခွက် ပေးသည်။ အစားအသောက်ကို ကျေးဇူးတင်ဝမ်းမြောက်စွာ ဘုန်းကြီး လက်ခံခဲ့ပါသည်။
သူ၏တဲအိမ်ကျဉ်းကျဉ်းလေးအတွင်းဖက်သို့ ဝင်သွားပြီး ပြန်ထွက်လာသည့်အခါ သံပုရာသီးတစိတ် လက်ထဲကိုင်လာသည်။ ဘုန်းကြီး၏ပေါင်ပေါ်ကဒဏ်ရာကို သံပုရာခြမ်းဖြင့် ပွတ်ပေးပြီးနောက် ဆီတမျိုးကို ဒဏ်ရာအတွင်းသို့ လိမ်းပေးသည်။ သူ၏ဖခင်အလုပ်မှပြန်လာသည့်အထိအိမ်မှာ နေပါဟု ဘုန်းကြီးကို ပြောသော်
လည်း လဝမဟာပယမှာ ပြန်ဆုံကြဖို့ ပြောထားသည့်အတွက် သွားရမည်ဖြစ်ကြောင်း ပြန်ပြောခဲ့ရသည်။ တကယ်လည်း ဂုဏဝါဒေနသည် လဝမဟာပယမှာ စောင့်နေလိမ့်မည်ဟု ဘုန်းကြီး မျှော်လင့်နေမိပါသည်။
ထော့နဲ့ နဲ့ ဖြစ်နေသည့်ကြားမှပင် ဘုန်းကြီးသည် လမ်းပေါ်သို့ ပြန်တက်ရသည်။ အနုရာဓပူရမြို့ သို့  မကြာမီ ရောက်သွားသည်။  ပထမဦးဆုံးမြင်ရသော အဆောက်အဦးမှာ သီယသီရိအမည်ရှိ ဟိုတယ်တခုဖြစ်သည်။ (ထိုခေတ်အခါက စားသောက်ဆိုင်ကို ဟိုတယ်ဟု ခေါ်ကြသည်။) မန်နေဂျာက ဘုန်းကြီးကို နုတ်ဆက်ပြီး
 ခြေထောက်ထော့နဲ့ နဲ့ ဖြစ်ရပုံအကြောင်း မေးနေပြန်၏။ ခြေထောက်ကို မြွေကိုက်သည့်အကြောင်း ပြန်ဖြေလိုက်
သည်။ သူက တယောက်တည်းဖြစ်နေခြင်းအကြောင်းကို မေးပြန်၏။ ဘုန်းကြီးသည် ခရီးသွားဖော်နှင့်အတူ မလိုက်နိုင်သည့်အကြောင်းနှင့် ခရီးသွားဖော်က လဝမဟာပယသို့ ကြိုတင်သွားနှင့်ကြောင်း ပြောလိုက်သည်။
"ဒီမြို့ ကို ဖြတ်သွားတဲ့သူတိုင်း ဒီဟိုတယ်ကို ရောက်ကြတာပဲ။ မင်းဒီမှာ နေလိုက်ဦး။ မင်းခရီးဖော်တွေ ဒီမြို့ ကို ဖြတ်တဲ့အခါ သူတို့ ရောက်လာရင် သူတို့ နဲ့  မင်းတွေ့ လိမ့်မယ်ပေါ့"
မန်နေဂျာက ပြောသည်။
ဘုန်းကြီး သူပြောသည်ကို လက်ခံလိုက်သည်။ တနေရာမှာ ထိုင်စောင့်နေလိုက်သည်။ 
ည ၁၁ နာရီ တွင် အိပ်ငိုက်လာသည်။ မန်နေဂျာကလည်း ဘုန်းကြီးပင်ပန်းနေမှန်း မြင်ပေလိမ့်မည်။
"မင်းဒီမှာ ညအိပ်လိုက်တော့"
သူက ပြောပြီး ခင်းအိပ်ရန် ကောက်ရိုးဖျာတချပ် ပေးသည်။
ထိုမှစ၍ နောက်တနေ့ နံနက် ရှစ်နာရီအထိ ဘုန်းကြီး နောက်ဆုံးသိလိုက်သည်မှာ သူကောက်ရိုးဖျာပေးသည်မျှ
ကိုသာ ဖြစ်သည်။
ဘုန်းကြီးအိပ်ရာနိုးနိုးချင်း ဂုဏဝါဒေန ရောက်လာသလားဟု မန်နေဂျာကို မေးသည်။ "ဟင့်အင်း" ဟု ဦးခေါင်းခါရင်း သူပြန်ဖြေသည်။
"မင်းကိုလာရှာတဲ့သူ တယောက်မှမရှိဘူး။ ဒါပေမယ့် မင်းဒီမှာ နေလို့ ရပါတယ်။ ငါ မင်းအတွက် အလုပ်အကိုင်ပေးပါ့မယ်"
ဘုန်းကြီး ဘာဆက်လုပ်မှန်းမသိ။ ဘယ်ဆက်သွားရမှန်းလည်းမသိတော့ပါပြီ။ ထို့ ကြောင့် မန်နေဂျာပေးသည့် အလုပ်ကို လက်ခံလိုက်သည်။
ဤနည်းဖြင့် ဘုန်းကြီးသည် အနုရာဓမြို့ ရှိ သီယသီရိဟိုတယ်မှာ စားပွဲထိုးဖြစ်လာသည်။ စားပွဲထိုးအလုပ်ကား ပျော်စရာကောင်းပါသည်။ စားသောက်ဆိုင်မှာ အခြားလူငယ်များနှင့်အတူ အလုပ်လုပ်ရသည်။ ဘုန်းကြီးတို့ အားလုံး သင့်သင့်မြတ်မြတ်ဖြစ်ပြီး အဆင်ပြေလှသည်။ ဖောက်သည်များကို ဘုန်းကြီးစောင့်ရသည်။ စားပွဲများကိုသန့် ရှင်းရေးလုပ်ရသည်။ ပန်ကန်ဆေးရသည်။
သီတင်းပတ်များစွာ ကြာသွားပြန်သည်။ တနေ့ တွင် ဘုန်းကြီးငှက်ဖျားရောဂါဖြစ်လာသည်။ နေထိုင်မကောင်း၍ အလုပ်မလုပ်နိုင်။ အနားယူနေရခိုက်ဘုန်းကြီးရောက်နေသည့်နေရာကို အသိပေးရန် မိခင်ထံသို့  စာတစောင် ရေးသည်။ ဘုန်းကြီးကျောင်းမှ ထွက်ပြေးသည့်အကြောင်း မိခင်သိနှင့်ပြီးလောက်ပြီ၊ ဘုန်းကြီးအတွက် မိခင်ခမျာ အလွန်အမင်း စိတ်သောကရောက်ရှာတော့မည်ကို နားလည်လာပြီး နောင်တရမိသည်။
ရက်အနည်းငယ်အကြာ အလုပ်ပြန်ဝင်သည်။ စားသောက်ဆိုင်အတွက် ရေခပ်ရန် အနီးအနားရှိ ရေတွင်းသို့ လာခဲ့
သည်။အခြား ကောင်လေးတယောက် ရေတွင်းသို့ ရောက်နေ၏။သူ့ ဆီက ရေပုံးကိုငှါးပြီး ရေဆွဲတင်ကာ ရေပုံးထဲထည့်သည်။ ပြီးနောက် ပုံးပိုင်ရှင်သို့ ရေပုံးကို ပြန်ပေးသည်။ ပုံးပိုင်ရှင်က ရေပုံးကို ရေတွင်းသို့ လွှတ်ချရာပုံးရော ကြိုးပါ ရေတွင်းထဲသို
ရေနွေးသောက်ရန် စားသောက်ဆိုင်မှာ စောင့်ဆိုင်းနေကြမည့် ဖောက်သည်များကလည်းတဖက်ရှိနေသေးရာ ဘုန်းကြီးမှာ အလျင်စလိုဖြစ်နေ၏။ သို့ နှင့် ရေပုံးပိုင်ရှင်ကောင်လေးအား ငါ စားသောက်ဆိုင်ကို ရေပုံးပြန်ပို့ လိုက်
ဦးမည်၊ ပြီးလျှင် ပြန်လာပြီး သူ့ ရေပုံးကို ပြန်လာဆယ်ပေးမည်ဟု ဘုန်းကြီးပြောထားခဲ့သည်။
ရေအပြည့်နှင့်ရေပုံးကိုသယ်ကာ စားသောက်ဆိုင်တွင်းသို့ အဝင် ဘုန်းကြီး၏အကိုအကြီးဆုံး "တိကိရိဘဏ္ဍ" သည် ဆိုင်ပေါက်ဝမှာ မတ်တတ်ရပ်နေလေသည်။ ဘုန်းကြီးကို သူမြင်မြင်ချင်း သူနှင့်အတူ ပြန်လိုက်ရမည်ဟု ပြော၏။ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးထွက်ပြေးသည့်သတင်းကို ကြားပြီကတည်းက မိခင်ကြီးသည် မရပ်တမ်းငို နေကြောင်း သူပြောပြ၏။ 
အကိုကြီးကိုလည်း ဖခင်လိုပင် ဘုန်းကြီးကြောက်နေရ၏။ သူ့ အမိန့် ကို ကလန်ကဆန်မလုပ်ရဲ။
သူ့ ရေပုံးကိုဆယ်ယူပေးရန် အကူအညီပေးမည့်ဘုန်းကြီးကို ရေတွင်းမှာ စောင့်မျှော်နေရော့မည့် သနားစရာ
ကောင်လေးကို ဘုန်းကြီး မေ့ပစ်လိုက်ရသည်။  ဘဝပြန်စနိုင်အောင် အကူအညီပေးခဲ့သော စိတ်ကောင်းရှိသည့် စားသောက်ဆိုင်မန်နေဂျာကိုလည်း ဘုန်းကြီးမေ့ပစ်လိုက်ရသည်။
"ငါအခု ဆိုင်လေးတဆိုင် ဖွင့်ထားတယ်။ ငါနဲ့ လိုက်ပြီး ဆိုင်မှာ ကူလုပ်ပေါ့"
 အကိုကြီးက ဘုန်းကြီးကို ပြောသည်။
ဂုဏဝါဒေနနှင့် ဘုန်းကြီးတို့  ဘုန်းကြီးကျောင်းမှထွက်ပြေးပြီးနောက် ဖြစ်ပျက်သမျှကိုလည်း ဘုန်းကြီးသိရပါ၏။
ဆရာတော်အရှင်သောဏုတ္တရသည် ဘုန်းကြီးတို့ ပျောက်ဆုံးသွားကြောင်း ပုလိပ်များသို့ အကြောင်းကြားသည်။ ဖခင်ကြီးသည်လည်း ဘုန်းကြီးကျောင်းသို့ သွားကာ ဘုန်းကြီးကို ပြန်ရှာပေးပြီး အိမ်ပြန်ပို့ ပေးရန်  ဆရာတော်
အား အပြင်းအထန် တောင်းဆိုသည်။ ဘုန်းကြီးကျောင်း၏ ပြဿနာမှာ ဘုန်းကြီး၏ ထောင့်မကျိုး ပုံစံမဝင်မှုတခု
တည်းကြောင့်မဟုတ်ဘှဲ ဆရာတော်အရှင်သောဏုတ္တရသည်လည်း  ဒေါသကြီးပြီး ကြမ်းတမ်းသူ ဖြစ်ကြောင်း
ထိုအချိန်တွင်မှ ဖခင်ကြီး နားလည်သည်ဟူ၏။ ဆရာတော်အရှင်သောဏုတ္တရက ဘုန်းကြီးကို ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာသည်ဟူသည်မှာလည်း ဘုန်းကြီး လိမ်ညာပြောခြင်းမဟုတ်ကြောင်း ဖခင်ကြီး သိလာ၏။ သို့ ရာ
တွင် သိခြင်းသည် နောက်ကျလေပြီ။ ဘုန်းကြီးသည် ဘုန်းကြီးကျောင်းမှ ပြေးလေပြီ။ ဤတကြိမ် အိမ်သို့ ပြန်ပြေး
လာခြင်းလည်း မဟုတ်တော့ပြီ။
ထိုအချိန်တွင် ပုလိပ်အရာရှိများသည် ဘုန်းကြီးကို တောနယ်တဝိုက် ပိုက်စိပ်တိုက်ရှာဖွေကြသည်ဟူ၏။
ထိုနောက်တွင် အနုရာဓပူရမှ ဘုန်းကြီးစာ ရောက်လာသည်။ စာရလျှင်ရချင်း မိခင်နှင့်ဖခင်တို့ သည် ဘုန်းကြီးကို ပြန်ခေါ်ရန် အကိုကြီးကို စေလွှတ်လိုက်ကြသည်။
မသေမပျောက်သက်ရှိထင်ရှား ကောင်းမွန်စွာ ဘုန်းကြီးပြန်တွေ့ ရသည့်အတွက် မိဘများ အထူးသဖြင့်မိခင်ကြီး
မှာ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရှာသည်။ သို့ သော် စိတ်စနိုးစနောင့်ဖြစ်စရာကား အိမ်မှာ ကြုံ ရပြန်သည်။ ဘုန်းကြီးကို အိမ်နီးချင်းအားလုံးက "ကိုရင်လူထွက်"ဟု ခေါ်ကြသည်။ ဤသို့ ခေါ်ခြင်းသည် အပြင်းအထန် ရိုင်းပျစော်ကားခြင်းတမျိုးဖြစ်၏။ ဖခင်သည်  "မျက်နှာပန်းမလှသည့်သား"ကို သူ့ ပတ်ဝန်းကျင်မှာ ရှိစေလိုပုံမရချေ။ ဘုန်းကြီးကို ကိုရင်ပြန်ဝတ်ခိုင်းသည်။
ဘုန်းကြီးသည်လည်း ဖခင်နှင့် စကားများများမပြောလိုသောကြောင့် ဖခင်နှင့် ဝေးနိုင်သမျှဝေးအောင်
 နေသည်။ ပေါ့ပေါ့ပါးပါးအလုပ်ကိုပင် ရေးကြီးခွင်ကျယ်လုပ်ကာ အလုပ်များဟန်ပြသည်။ ဟန်ပြအလုပ်များအနက်တခုမှာ ဘုန်းကြီးတို့ အိမ်အနီးရှိ ရာဘာခြံအတွင်း ရေနုတ်မြောင်း
တူးဖော်ခြင်းအလုပ်ဖြစ်သည်။
ထိုရာဘာခြံကို ကုမ္ပဏီကြီးတခုက လုပ်ကိုင်သည်။ လစာနည်းနည်းပေးပြီး အလုပ်မှာ သေလောက်အောင် ပင်ပန်းသည်။ ဘုန်းကြီးက ပုံးထဲ မြေကြီးထည့်ပေးပြီးအမျိုးသမီးများဆီ လက်ဆင့်ကမ်းရသည်။ 
အမျိုးသမီးများကမြေကြီးပုံးကို မြေစုပုံရမည့်နေရာသို့ သယ်သွားရသည်။ တကြိမ်တွင် ဂေါ်ပြားကိုင်သည့် ဘုန်းကြီးလက်မှာ ရေကြည်ဖုကြီးများ ထနေသည်ကို အမျိုးသမီးတဦးမြင်သွားသည်။ သူကဘုန်းကြီးနှင့် အလုပ်ချင်းလဲလိုက်ကာ သူက မြေကြီးတူး၊ ဘုန်းကြီးက မြေကြီးပုံး သယ်သည်။
ထိုအလုပ်ပြီးနောက်တွင် လက်ဖက်ရွက်ခူးသည့်အလုပ်ကိုလည်း ဘုန်းကြီးလုပ်ခဲ့သေးသည်။ အလုပ်ကြမ်းပင်ဖြစ်
သည်။ ထိုအလုပ်မှာ အပြောင်းအလဲမရှိ၍ ငြီးငွေ့ ဖွယ်ဖြစ်သည်။ အကိုကြီး၏ဆိုင်အလုပ်ကိုကားဘုန်းကြီးနှစ်သက်
သည်။ သို့ သော် ဆိုင်ဖွင့်ပြီးနောက် လအနည်းငယ်အကြာ ဆိုင်ပိတ်လိုက်ရသည်။ ရွာသားများမှာ အလွန်ဆင်းရဲ
ကြလေရာ သူ့ ဆိုင်ကို အထောက်အပံ့မပြုနိုင်ကြချေ။  အများစုမှာ ရိုးရိုးစားသောက်ကုန်များကိုပင် မဝယ်နိုင်ကြပါ
အားလပ်ချိန်အများစုကို အမကြီးအိမ်မှာပင် ကုန်လွန်စေခဲ့သည်။ အမကြီးမှာ ဘုန်းကြီးငယ်စဉ်က ဘုန်းကြီးကို နို့ 
တိုက်ပေးခဲ့သူဖြစ်ပြီး ဘုန်းကြီးက သူ့ ကို "ဒုတိယအမေ"ဟု ခေါ်သူပင်ဖြစ်သည်။ အမခင်ပွန်းမှာ ကွယ်လွန်သွား
သောကြောင့် အိမ်မှာ အားကိုးအားထား ယောက်ျားသားမရှိချေ။ အမနှင့် မွေးကင်းစသားတယောက် နှင့် သမီးတယောက်တို့ သာ ရှိကြသည်။ အမ၏သမီး ဘုန်းကြီးတူမမှာ ဘုန်းကြီးထက် ငါးလအသက်ကြီးသည်။
အမမိသားစုသည် ဘုန်းကြီးအပေါ် အလွန်ကြင်ကြင်နာနာရှိလှသည်။ မိဘရင်းအိမ်ထက် သူတို့ အိမ်မှာ ပိုပျော်ပိုက်သည်။ မိဘအိမ်ပြန်လာပြီးနောက် ရက်သတ္တပတ်အတန်ကြာလျှင် အမအိမ်သို့ ဘုန်းကြီးပြောင်းလာခဲ့
တော့သည်။ ပြောင်းလာခြင်းက ပိုပြီးငြိမ်းချမ်းသော အစီအစဉ်ဖြစ်သည်။ သို့ သော် အိမ်နေလူသားတယောက်
အဖြစ်ကား ဘုန်းကြီးအတွက် တကယ်တမ်း အထိုင်မကျလှသေးပေ။  ဖြစ်ခဲ့ပြီးသမျှအရာအားလုံးသည်
 ဖြစ်ခဲ့လင့်ကစား ဘုန်းကြီးတပါးဖြစ်လိုသော ဆန္ဒကား ရင်ထဲမှာ လောင်မြိုက်ဆဲပါတည်း။
ဘုန်းကြီး၏ဆရာတော်နှင့် ထွက်မပြေးခင် ငါးလလောက်ကနေထိုင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအကြောင်း တစတစတွေးမိလာသည်။ ထွက်ပြေးခဲ့သည့်အတွက် နောင်တရသည်။ ဘုန်းကြီး၏ ဆရာတော်အရှင်သောဏုတ္တ
ရအပေါ်ထားသော စိတ်သဘောများ နူးညံ့ပျော့ပျောင်းလာသည်။ သူ၏ကောင်းကွက်များကို သတိရမိလာသည်။ အနည်းဆုံး ဆရာတော်ဘုရားကို ဘုန်းကြီးတောင်းပန်သင့်သည်ဟု တွေးမိပါသည်။
အမကြီးသည် ကွယ်လွန်လေပြီး သူ့ ခင်ပွန်းသည်၏အမျိုးများထံသို့ ခရီးသွားနေခိုက် တနေ့ တွင် ဆရာတော့်ကို တိတ်တဆိတ် သွားရောက်ဖူးတွေ့ ရန် ဘုန်းကြီးဆုံးဖြတ်လိုက်သည်။ ခရီးဝေးသည့်အတွက် တညအိပ်တော့ ကြာမည်။  သို့ သော် အမကြီး ပြန်မရောက်ခင် ဘုန်းကြီးအလျင်ကြိုရောက်ရပေမည်။ ဆရာတော်ဘုရားထံသွား
သည်ကို အမကြီးကြိုက်မည်မဟုတ်မှန်း ဘုန်းကြီးသိသည်။  အမကြီးသည် ဘုန်းကြီးအနေဖြင့် ဘုန်းကြီးဖြစ်ချင်
သည့် အိပ်မက်ကိုစွန့် လွှတ်ပြီး သူ့ အိမ်မှာ အမြဲတမ်းနေသွားစေလိုသူဖြစ်သည်။
 ဘုန်းကြီး ခရီးထွက်ရန် ပြင်ဆင်နေစဉ်  တူမ ဖြစ်သူသည် ငိုယိုကာ မသွားရန် ပြောတော့သည်။ ဘုန်းကြီးက သူ့ 
ကို စိတ်မပူရန် နှင့် နောက်တနေ့ ပြန်လာမည်ကို ပြောထားခဲ့သည်။ ဘုန်းကြီးက ဘုန်းတော်ကြီးကျောင်းဖက် ခြေဦးလှည့်လိုက်စဉ်မှာပင် တူမသည် အငိုမရပ်၊ ငိုနေရစ်၏။
ဘုန်းကြီးကို ဆရာတော်အရှင်သောဏုတ္တရ မြင်လိုက်သောအခါ သူအသက်ရှုချောင်သွားရ၏။ သူသည် အမြဲတစေ နူးညံ့ချိုသာလေ့ရှိသော ဆရာတပါးမဟုတ်သော်ငြား ဘုန်းကြီးက မိမိကိုယ်မိမိ ဘုန်းတော်ကြီးဖြစ်ချင်
သလို ဆရာတော်ကလည်း ဘုန်းကြီးကို ဘုန်းတော်ကြီးဖြစ်စေလိုသည်။ ကျောင်းမှထွက်ပြေးခြင်း ဘုန်းကြီးက
 တောင်းပန်စကားလျှောက်ထားပါသည်။ ဆရာတော်က သင်္ကန်းပြန်ဝတ်ဖို့ အဆင်သင့်ဖြစ်ပလားဟု မေးတော့
သည်။
"မှန်ပါဘုရား"
ဘုန်းကြီး၏ဆန္ဒအတိုင်း ဖြေလိုက်ပါသည်။ 
"ဒါပေမယ့် ကိုရင်တပါးဖြစ်ရုံလောက်နဲ့  ဘုန်းကြီးကျောင်းမှာ မနေချင်ပါဘူး ဘုရား။ တပည့်တော် စာသင်တိုက်သွားချင်ပါတယ် ဘုရား"
ဆရာတော်က မဆိုင်းမတွ သဘောတူသည်။
အမရဒီပ
ဇွန်လ ၁၂၊ ၂ဝ၁၃
Bhante Henepola Gunaratana ၏ Journey to Mindfulness  ကို ဘာသာပြန်သည်။
No comments: