Total Pageviews

Saturday, August 17, 2013

အနယ်ထိုင်ချိန် မြင်မိတဲ့ ကိုယ့်အရိပ်- ၂၅

နောက်တနေ့ …. ဇွန်လ ၂၅ ရက်တွင် ကန္ဒီမြို့ သို့  ဘုန်းကြီးတို့ သွားကြသည်။ ရဟန်းခံပွဲကို သျှာမနိကာယဌာန
ချုပ်မဟာသိမ်တော်ကြီး၌ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထိုနေ့ တွင် ဘုန်းကြီးအပါအဝင်ရဟန်းလောင်း ၂၆ ယောက်ကို ရဟန်းခံရန် စီးစဉ်ထားသည်။

ဘုန်းကြီး၏ဆွေမျိုးမိတ်ဆွေများနှင့် သဒ္ဓါကြည်လင်စေတနာရှင်များတို့ သည် သိမ်တော်အတွင်းရောက်နေနှင့်ကြ
ပြီးဖြစ်သည်။

ဘုန်းကြီးစိုးရိမ်သည့်အတိုင်း အရှင်သုမနတိဿသည် ဤပွဲကို အသာတကြည် "လွှတ်ပေး" လိမ့်မည်မဟုတ်ချေ။
သူသည်မလံဒေနီယရွာကျောင်းထိုင်ဆရာတော်ဖြစ်သောကြောင့် ဘုန်းကြီး၏ရဟန်းခံပွဲကို ကန့် ကွက်ကြောင်း တရားဝင်စောဒနာလွှာတစောင် တင်သွင်းလာသည်။ ထိုစောဒနာလွှာအရ ဘုန်းကြီး၏ဆရာအရှင်သောဏုတ္တရ
သည် ရဟန်းပွဲမှတ်တမ်းလွှာတွင် သူ၏အမည်ကို "ကျောင်းထိုင်ဆရာတော်အဖြစ် "လက်မှတ်ထိုးပိုင်ခွင့်မရှိ၊ အရှင်သောဏုတ္တရအနေဖြင့် "ကျောင်းနေရဟန်း"အဖြစ်သာ လက်မှတ်ထိုးပိုင်ခွင့်ရှိကြောင်း ဆရာတော်အရှင် သုမနတိဿက တဖက်သတ်တင်ပြလာသည်။

ဘုန်းကြီး၏ဆရာတော်အရှင်သောဏုတ္တရသည် စာပေကျမ်းဂန်မတတ်ကျွမ်းသူဖြစ်ပြီး စကားပြောဆိုရာတွင်
လည်း လိမ္မာပါးနပ်သူမဟုတ်ပြန်ချေ။ သူ့ ထက်သိက္ခာဝါကြီးသူရဟန်းများကို အတိုက်အခံဆန့် ကျင်ဘက် မလုပ်ဝံ့ချေ။ ထို့ ထက်အရေးကြီးသည်ကား ဤအငြင်းပွားမှုကြောင့် ဘုန်းကြီ၏ရဟန်းခံပွဲအခွင့်အရေး
မပျက်စီး စေလိုခြင်းပင် ဖြစ်သည်။

ကိုယ့်ဆရာကို စော်ကားသောကြောင့်လည်းကောင်း၊ ဘုန်းကြီးဘဝမှာအရေးအကြီးဆုံးရက်ကို ဖျက်ဆီးရန် ကြိုးစားမှုကြောင့်လည်းကောင်း အရှင်သုမနတိဿကို ဘုန်းကြီးဒေါသထွက်ခဲ့သည်။

စိတ်ပျက်ဖွယ်လိလိဖြစ်ရပ်တခုလုံး၏ရင်းမြစ်မှာ "နိုင်ငံရေး"ဖြစ်ကြောင်း ဘုန်းကြီး နားလည်သိမြင်လာသည်။
သို့ ဖြစ်စေကာမူ ထိုကိစ္စနှင့်စပ်လျဉ်း၍ ဘုန်းကြီးလုပ်နိုင်စွမ်းသော အရေးအရာကား လုံးဝမရှိ နတ္ထိ…။

ဘုန်းကြီး၏ဆရာတော်သည် သူ့ အမည်ဘေးတွင် "ကျောင်းနေရဟန်း"ဟူသော စကားလုံးဖြင့် အရှင်သုမနတိဿ တောင်းဆိုချက်အတိုင်း အငြင်းအခုံလုပ်မနေတော့ဘဲ ရဟန်းခံမှတ်တမ်းလွှာပုံစံတွင် လက်မှတ်ထိုးပေးလိုက်လေ၏။
                                                            +++++++++++  

အခမ်းအနားမစမီ နာရီအနည်းငယ်ကြိုတင်ပြီး ဆရာတော်နှစ်ပါးက ဘုန်းကြီးကို အဖြူရောင်ဝတ်စုံ ဆင်မြန်းပေး
သည်။ ဦးခေါင်းတွင်လည်း သရဖူလို ခေါင်းဆောင်းတခု ဆောင်းစေသည်။

ရဟန်းလောင်း၏ ဆွေမျိုးများ၊ ထောက်ပံ့သူများမှာ ပြည့်စုံကြွယ်ဝသူဖြစ်ကြလျှင် ကြီးကျယ်ခမ်းနားမှုနှင့် အဆင့်အတန်းသင်္ကေတပုံဆောင် ဆင်ယာဉ်စီးနိုင်သည်။ ဆင်နောက်မှာ စည်တော်၊ ခရုသင်း နှဲပုလွေတီးဝိုင်း၊ ကပြသူများ၊ လူရာဂဏန်းလောက် လိုက်ပါတတ်သည်။ ဘုန်းကြီး၏မိသားစုမှာ ဆင်းရဲနွမ်းပါးသောကြောင့် အခမ်းအနားမှာ သာမန်မျှသာ ဖြစ်သည်။

ဘုန်းကြီးကို အဝတ်အစားဆင်မြန်းပေးနေခိုက် ဘုန်းကြီး၏အမျိုးများနှင့် ဆရာများသည် ရဟန်းခံရာတွင်ပါဝင်ကြ
မည့် ကာရကသံဃာတော်များအတွက် လှူဖွယ်ဝတ္ထုပစ္စည်းလင်ဗန်းများ ပြင်ဆင်ကြရသည်။ လင်ဗန်းတိုင်းမှာ ကွမ်းယာနှင့်ကွမ်းသီး၊ ဆေးရွက်ကြီး၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာတောင့်၊ သွားတိုက်ဆေး၊ ဒန်ပူ (သစ်သားချောင်း
သွားပွတ်တန်) နှင့် မုန့် သေတ္တာဗူးတို့  ပါဝင်ကြသည်။

ရဟန်းခံပွဲသို့ ထိပ်တန်းသံဃာတော် အပါး နှစ်ဆယ်တက်ရောက်သည်။ သျှာမနိကာယဂိုဏ်းချုပ်ဆရာတော်ကြီး၊ ဒုတိယဂိုဏ်းချုပ်နှစ်ပါး၊ အတွင်းရေးမှုးဆရာတော်နှင့် အခြားဆရာတော် တဆဲ့ခြောက်ပါးတို့ ဖြစ်ကြ၏။ ရဟန်းလောင်းသည် ထိုဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ ကျောင်းငယ်များသို့ ဝါစဉ်ကြီးငယ်အလိုက် သွားရောက်ကန်တော့ကြရသည်။ လှူဖွယ်ပစ္စည်းတင်ထားသည့် လင်ဗန်းကိုလည်း လှူဒါန်းသည်။ ဤအခမ်းအနားမှာ တနာရီခန့် ကြာသည်။

အမရဒီပ
သြဂုတ်လ ၁၇၊ ၂ဝ၁၃

No comments: