မင်းဟိန်းထိဝ်ခေတ်သစ်ဂဏ္ဌိ
စာအုပ်ရှာရင်း စာအုပ်ဖတ်ရင်း
စာအုပ်များပွကြဲလာသည်။ စာအုပ်ပုံကို သပ်သပ်ရပ်ရပ်ဖြစ်
အောင်
တကန့် စီ တကန့် စီ ခွဲစီလိုက်တော့မှ လက်ထဲရှိနေပေမဲ့ မဖတ်ဖြစ်သေးသည့် စာတအုပ်ကို
သွားတွေ့ သည်။
စာအုပ်အမည်မှာ "မိဘမေတ္တာရသစာစုများ" ဖြစ်၏။
"မေတ္တာရှင် (ရွှေပြည်သာ) နှင့်
မင်းဟိန်းထိဝ်"
တို့ ရေးကြသည်။
စတုတ္ထအကြိမ်ပုံနှိပ်ပြီးစာအုပ်ဖြစ်ပါ၏။
စာအုပ်အကြောင်းပြောစရာကား
အထူးအထွေမရှိလှပါ။ ကလောင်အမည်ပါ စာလုံးပေါင်းအကြောင်းကို သာ ပြောချင်ပါသည်။ "မင်းဟိန်းထိဝ်"
ဆိုတဲ့ကလောင်အမည်မှာပါတဲ့ "ထိဝ်"စာလုံးပေါင်း……..။
"ထိဝ်"စာလုံးပေါင်းကို
အသံမထွက်တတ်ပါ။ ဘယ်လိုစာလုံးပေါင်းပါလိမ့်….။ မွန်၊ ရှမ်း၊ ပအိုဝ့် စသည့်
တိုင်းရင်းသားဝေါဟာရတခုခုများဖြစ်လေမလား တွေးမိပါသည်။ အတွေးသာဖြစ်သည်။ တကယ်မသိ။
ဆရာမင်းသုဝဏ်၏
မြန်မာစာမြန်မာမှု၊ မြန်မာစာလုံးပေါင်းဖြစ်စဉ်ဆောင်းပါးဖတ်မိတော့မှ "ထိဝ်"
အတွက် သဲလွန်စကို ခြေရာကောက်မိနိုင်ခဲ့သည်။ ပုဂံခေတ်မြန်မာစာအရေးအသားမှာ
အစပိုင်းဖြစ်ဖြစ်လေရာ
စာလုံးပေါင်းမတည်ငြိမ်လှကြောင်း၊ အာ-အ၊ ဧ-အ၊ အိ-အို ၊ သြ-အောက်ဆွဲဝအက္ခရာ
ရေးသားရာတွင် ပုဂံခေတ်ပညာရှင်တို့ လက်ခုပ်လက်ဝါးပြုရေးသားကြသည်ဟု ဆရာမင်းသုဝဏ်ရေးသားထား၏။
အာ-အ အတွဲ
ပါယ်လွမ် /ပယ်လွမ်
ဧ-အအတွဲ
ဖ္လေစ် / ဖ္လစ်
အိ-အိုအတွဲ
ထိဝ် /ထိုဝ်
သြ-အောက်ဆွဲဝအက္ခရာအတွဲ
ကျောန် /ကျွန်
လောန် /လွန်
"ထိဝ်"မှာ
အိ-အိုအတွဲဝင် စာလုံးပေါင်းဖြစ်ကြောင်း ဆရာမင်းသုဝဏ်ကျေးဇူးကြောင့် သိရပြီ။
ထ-ဆင်ထူးအက္ခရာအပေါ် လုံးကြီးတင်ထားမှန်းသိသော်လည်း အသံထွက်ဖတ်နည်းကို မသိသေးပါ။
ဆရာ"မင်းဟိန်းထိဝ်"ကို ထင်ကြေးဖြင့် "ဆရာမင်းဟိန်းထိ"ဟု
ခေါ်ချေက မှန်သော်ကောင်း၏၊ မမှန်လျှင် အားနာစရာဖြစ်ရပေတော့မည်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်ကိုကြည့်တော့မှ
ပြေလည်မည့်အရိပ်လက္ခဏာ ရှိလာ၏။ ယင်းအဘိဓာန်
နိဒါန်းတွင်
ပုဂံခေတ်မြန်မာစာအရေးအသားစတင်ခါစတွင် "အဲ ၊ အော် ၊ အို " ရေးထုံးမှ
မတည်ငြိမ် ၊ စိတ်ကူးရသလို ရေးနေကြပုံပေါ်၏။
အဲနောက်ပစ်အစား
ယငယ်သတ်ကို သုံးသည်။ ဥပမာ -ပါယ်ကြီး ၊ ပါယ်လွမ်း (ပဲကြီး ၊ ပဲလွမ်း)
သဝေထိုးအရေးချ ရှေ
့ထိုး "အော်"အစား "ဝ်" ကိုသုံးသည်။ ဥပမာ- တဝ် ၊ ပုဇဝ် (တော် ၊
ပူဇော်)
အလုံးတင်တချောင်းငင်
"အို"အစား " -ိဝ် ၊ -ုဝ် ၊ေ-ိဝ် ၊ -ို ဝ် " ကိုသုံးသည်။ ဥပမာ
- ထိဝ် ၊ ထုဝ် ၊ ထေိဝ်၊ ထိုဝ် ။
ယခုခေတ်သုံးမှာ "ထို" ။ ထဆင်ထူးလုံးတင်တချောင်းငင် "ထို"ဟု
အသံထွက်သည်။
သည်ရှင်းလင်းချက်ရတော့
ဆရာ"မင်းဟိန်းထိဝ်"သည် "ဆရာမင်းဟိန်းထိ"မဖြစ်တော့ ၊
"ဆရာမင်းဟိန်းထို"ဟု မှန်မှန်ကန်ကန်ခေါ်နိုင်ပေတော့မည်။
ပို၍အသေးစိတ်သောရှင်းလင်းချက်ကို
မြန်-လိပ်အဘိဓာန်မှာ ပြဆိုသေးသည်။ ၁၂
ရာစုအစ ပုဂံခေတ် တုန်းက "အော်"ကို "- ဝ်" ဟု ရေးကြသည်။ ဥပမာ -
ပုထိုဝ်တဝ် (ပုထိုးတော်)၊ လှဝ်ကာ (လှော်ကား) ခဝ် (ခေါ်)။
၁၂
ရာစုနှောင်းပိုင်းရောက်လာတော့ "- ဝ်"အစား "ç̲ " ကို သုံးသည်။ ဥပမာ- စာတီတ် (စေတီတော်)၊
ရခ္လေသ် (ရချေသော်) ၊ အဟိန်အစ် (အရှိန်အစော်) ဟုရေးကြသည်။ ဤသို့ ဖြင့် "အော်"ရေးထုံးမှာ
"- ဝ်"ဟုတမျိုး ၊ "-်"ဟု တဖုံဖြင့် ၂ နည်းဖြစ်လာသည်။
ရေးသူတို့ ကလည်း သူတို့ ကြိုက်နှစ်သက်သလို ရေးထုံးပြုကြသည်။
အော်အတွက် "-
်" ရေးထုံးမှာ ကျောက်စာအတိုကောက်ရေးနည်းဟု ဆရာကြီးမင်းသုဝဏ်ဆိုပါသည်။
၁၃ ရာစုတွင်
အော်အတွက် တတိယရေးထုံး "ေ-ာ်" ပေါ်ပေါက်လာသည်။ ၁၄ ရာစုအရောက်တွင်ကား
ပထမရေးထုံး "- ဝ်"အသုံးပြုမှုနည်းပါးလာသည်။ ဒုတိယရေးထုံး "-်"ကတော့
အသတ်နှင့် အထင်မှားခံရတာများသောကြောင့် အသုံးမှေးမှိန်လာသည်။ ထိုစဉ်မှစ၍
"ေ-ာ်"ကို တွင်ကျယ်စွာ ဆက်တိုက်သုံးလာကြသည်။
ခြွင်းချက်အနေဖြင့်
"ဝ် "မပါဘဲ "အို"ကို ပုဂံခေတ်ကျောက်စာအနည်းငယ်တို
့သုံးခဲ့သော်လည်း အများသုံး စံရေးထုံးမဖြစ်ခဲ့ပါ။ "အိုဝ်"ကို
ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ် (မြန်မာနှစ် ၁၁၅ဝ၊ အေဒီ ၁၇၃၈)အထိ
ထီးသုံးနန်းသုံးအဖြစ် တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ သို့ သော် ရတနာပုံမန္တလေးခေတ်
တွင်ကား
"အိုဝ်"မှာ အသုံးနည်း ၊ အတွေ့ အမြင်နည်းသွားလေ၏။
"- ဝ်"မပါသော
"အို"အရေးအသားကို မြန်မာနှစ် ၁ဝဝဝ (အေဒီ ၁၆၃၈) ခန့် မှစ၍ တွင်ကျယ်စွာ
ရေးသားကြသည်ဟု မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် ဆိုပါသည်။
ဤခြေရာကောက်ရှင်းပြချက်များ
နှင့်တိုင်းတာလျှင် "ထိဝ်" မှာ ပုဂံခေတ်သမိုင်းရုပ်ကြွင်းစာပေအရေး
အသားဖြစ်ပြီး
ယခုခေတ်တွင် အသံထွက်ဖတ်နိုင်သူနည်းပါးနိုင်သောကြောင့် "ထိဝ်--ကို --ထို-ဟု ဖတ်ပါ"ဟု အညွှန်းထည့်ပေးသင့်ပါကြောင်း …။
အမရဒီပ
မတ်လ ၁ဝ၊ ၂ဝ၁၅
No comments:
Post a Comment