Total Pageviews
Saturday, October 15, 2011
ဝါရင့်နိုင်ငံရေးသမားကြီးတဦး၏ သာသနာရေးအမြင်
၁။
          ဦးဘဘေ (သို့မဟုတ်) ဦးဘဖေ ----------။
သူမည်ကဲ့သို့လူစားမျိုးနည်း။ သူ၏နောက်ခံသမိုင်းရုပ်ပုံလွှာကို စဉ်းငယ်မျှခြေရာကောက်ကြည့်ကြပါစို့။
သူ့ကို ၁၈၈၃- ဧပြီ ၁၆ တနင်္လာနေ့မှာ မွေးသည်။ ကြို့ပင်ကောက်ဇာတိ-----။
၁၉၀၆ ခု-အသက်၂၃ မှာ ဘီအေ အောင်သည်။ Young Men’s Buddhist Associations (YMBA) ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း နှင့် သူရိယသတင်းစာကို စတင်တည်ထောင်ရာတွင်တဦးအပါအ၀င်
ဖြစ်ခဲ့သည်။ ၁၉၁၉ အော့ဖုန်းကော်မရှင်တွင် မြန်မာတို့၏နစ်နာချက်ကို တင်ပြရန် အင်္ဂလန်သွား မြန်မာ
ကိုယ်စားလှယ်တော်သုံးဦး ဘေ-ပု-ရှိန် တွင် ဘေ-မှာဦးဘဘေဖြစ်သည်။    ၁၉၂၀ တွင် မြန်မာပြည်ကို အိန္ဒိယနှင့်တန်းတူအုပ်ချုပ်ရေးပေးရန် အရေးဆိုကြသော အင်္ဂလန်သွားမြန်မာကိုယ်စားလှယ်သုံးဦး ဘေ-ပု-မောင် တွင် ဘေ-မှာ ဦးဘဘေပင်ဖြစ်သည်။  ၁၉၂၀-ပြည်မြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် YMBA အစည်းအဝေးတွင် အသင်းကြီးကို The General Council of Burmese  Associations (GCBA) မြန်မာ့အသင်းချုပ်ကြီး ဟုပြောင်းလဲဖွဲ့စည်းသည်။ မြန်မာပြည်အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေး (Home Rule) ကို တောင်းဆိုသည်။ ဗြိတိသျှအစိုးရက ယင်းတောင်းဆိုချက်ကို လက်မခံ၊  ဒိုင်အာခီ
အုပ်ချုပ်ရေး (Dyarchy)စနစ်ချမှတ်ပြီးရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ဆင်တော့သည်။ GCBA အတွင်း ရွေးကောက်ပွဲဝင်လိုသူအုပ်စု၊ ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အုပ်စု ဟု ၂ စု ကွဲသည်။ ဦးဘဘေသည်ကား ရွေးကောက်ပွဲဝင်သည့်အုပ်စုခေါင်းဆောင်ဖြစ်၏။ ပြီးနောက် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၃၀၀ပြည့် ရေနံမြေသပိတ်ကြီးတွင်လည်း ဦးဘဘေ ပါဝင်ခဲ့သည်။ တွဲရေး-ခွဲရေး ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် သစ်တောရေးရာဝန်ကြီး ဖြစ်ခဲ့သည်။ ၁၉၃၆ တွင်ပြည်ထဲရေးဝန်ကြီးဖြစ်
ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ယာယီကြားဖြတ်အစိုးရအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်ခဲ့
သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့သို့ သွားကာ ကန္နီစာချုပ်ချုပ်ခဲ့သည်။
မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အင်္ဂလန်သို့ သွားခဲ့သည်။ ငွေကြေးဆိုင်ရာ မသမာမှုများကြောင့် လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကတည်းကပင် ဖ-ဆ-ပ-လ နှင့် ဘုရင်ခံအမှုဆောင်ကောင်စီဝင်ဝန်ကြီးအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။  ပါလီမန်ဒီမိုကရေစီခေတ်ဦးတွင် ဘီအိုစီရေနံကုမ္ပဏီကိုယ်စားလှယ်အဖြစ်ဆောင်ရွက်သည်။ ထိုအချိန်က တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်ဖြစ်သည့် ဗိုလ်ချုပ်နေ၀င်းအား စစ်အာဏာသိမ်းရန် သွေးထိုးပေးခဲ့သော်လည်း ဗိုလ်ချုပ်နေ၀င်းက လက်မခံဘဲ ဖဆပလအစိုးရအား ဖွင့်ပြောခဲ့သဖြင့် ဦးဘဘေ ထောင်ကျခဲ့သည်။ ၁၉၇၂-ခု ဇန်န၀ါရီလ ၈ ရက် စနေနေ့၊ အသက် ၈၈ တွင် ကွယ်လွန်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ " တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊မောင်ဘဖေ
ငါးထောင်မရတာကြောင့်" ဟူသော လေးချိုးစာသားမှာ ဦးဘဘေအတွက် အမှတ်တရသမိုင်းဝင်
စကားဖြစ်နေပေတော့သည်။
၂။
          မြန်မာ့နိုင်ငံရေးတွင် အထင်ကရရှိလှသော ဦးဘဘေ၏ သတင်းစာဆောင်းပါးပေါင်းချုပ်စာအုပ် ၁ အုပ်ကို အွန်လိုင်းမြန်မာစာကြည့်တိုက်များ၏ မျှဝေမှုကြောင့် လေ့လာဖတ်ရှုခွင့် ရခဲ့ပါသည်။ စာအုပ်အမည်မှာ
"ခေါင်းဆောင်ကြီး ဦးဘဘေ၏ နိုင်ငံရေးရာအဖြာဖြာ-ဒုတိယတွဲ" ဖြစ်သည်။ ဟံသာဝတီသတင်းစာ
ပါဆောင်းပါးများကို စုပေါင်း၍ ၁၉၄၆ တွင် ဟံသာဝတီသတင်းစာတိုက်ကပင် စာအုပ်အဖြစ်ထုတ်ဝေခဲ့သည်။
ဆောင်းပါးပုဒ်ရေ ၂၈ ပါဝင်သည့်အနက် "သာသနာ့ဝန်"ဆောင်းပါးမှာ သာသနာရေးနှင့်ပတ်သက်သူတိုင်း
လေ့လာသင့်သော ဆောင်းပါးတပုဒ်ဖြစ်သည်ဟု ယူဆမိပါသောကြောင့် မူရင်းဆောင်းပါးကို တလုံးတပါဒမျှ
မဖြတ်မတောက်ဘဲ စာလုံးပေါင်းသတ်ပုံကိုလည်းမူရင်းအတိုင်း ကူးယူဖော်ပြပေးလိုက်ပါသည်။
၃။
          "မြန်မာပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဆိုကြ၏။ ၁၉၄၁-ခုနှစ်သန်ခေါင်စာရင်းအရ မြန်မာ
ပြည်တွင် လူဦးရေ ၁၆,၈၂၃,၇၉၈ ယောက်ရှိသည်ဟု သိရသော်လည်း ၄င်းအနက်ဘာသာအားဖြင့် ခွဲ
ခြားရေတွက်ချက်တို့ကိုကား စစ်ကြီးဖြစ်လာသဖြင့် မသိရတော့ပေ။ သို့ရာတွင် ၁၉၃၁-ခုနှစ် သန်းခေါင်
စာရင်းအရမှာ မြန်မာပြည်တွင် လူဦးရေ ၁၄,၆၄၇,၇၅၆ ယောက်ရှိ၍ ၄င်းတို့ကို ဘာသာအားဖြင့် ခွဲခြား
သောအခါ အောက်ပါအတိုင်း တွေ့ရ၏။
          ဗုဒ္ဓဘာသာ                         ၁၂,၃၄၈,၀၃၇
          နတ်ကိုးကွယ်သူ                         ၇၆၃,၂၃၄
          ဟိန္ဒူ                                      ၅၇၀,၉၅၃
          မူစလင်                                   ၅၈၄,၈၃၉
          ခရာစ်ယန်                                 ၃၃၁,၁၀၆
သာသနာတော်ဖွံ့ဖြိုးရန်
          အထက်ပါစာရင်းအရ မြန်မာပြည်သည် ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဆိုခြင်းသည် မှန်ပေသည်။ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သည့်အားလျော်စွာ၊ဗုဒ္ဓဘာသာဝင်တို့၏တာဝန်သည်အလွန်ပင်လေးပေသည်။
ဗုဒ္ဓဘာသာဝင်ဟူသည် ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမကို ယုံကြည်လိုက်နာသူတို့ပင်ဖြစ်၏။  ဖြစ်သည့်
အားလျော်စွာ ဗုဒ္ဓသာသနာတော်ကြီးစင်ကြယ်ရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးတို့သည် ဗုဒ္ဓဘာသာဝင်တို့
၏တာဝန်ဖြစ်၏။ ဤကဲ့သို့ သာသနာတော်ကြီးစင်ကြယ်တည်တံ့ စည်ပင် ထွန်းကား ပြန့်ပွားရန်အတွက်
အသင်းအပင်းအမျိုးမျိုးဖွဲ့စည်းကာ ရွက်ဆောင်ကြပေသည်။
ဗုဒ္ဓဘာသာဝင်တို့၏တာဝန်
          သာသနာတော်ကြီး စင်ကြယ် တည်တံ့ ပြန့်ပွားရေးအတွက် တာဝန်သည် မည်မျှလေးသည်ကို စဉ်းစားလျှင် အရေးကြီးသောအချက်ကြီး ၃ ချက်ကို တွေ့ရ၏။ ၄င်းတို့မှ--
                  မိမိကိုယ်မိမိဗုဒ္ဓဘာသာဝင်ဟု အသိအမှတ်ပြုသည့်အတိုင်းဗုဒ္ဓဘာသာတရား၏ အခြေခံကို သိရန်လိုခြင်း။
                  သာသနာတော်ဝန်ထမ်း ပုဂ္ဂိုလ်များနှင့် အသင်းများကို ထောက်ပံ့ခြင်း။
                  သာသနာတော်နှင့်ပတ်သက်သော ထုံးစံဓလေ့များကို စောင့်ရှောက်ခြင်း။
တို့ဖြစ်၏။  အဆိုပါ အချက်ကြီး ၃- ချက်ကို တခုစီ စဉ်းစားရန်လို၏။
အခြေခံကိုသိရန်
          မိမိကိုယ်ကိုမိမိက ဗုဒ္ဓဘာသာဝင်ပါဟု အသိအမှတ်ပြုသည့်အတိုင်း ဗုဒ္ဓဘာသာတရား၏အခြေ
ခံကို သိရန်မှာ အလွန်ပင်အရေးကြီး၏။ အခြေခံကိုမသိဘဲ သူများလုပ်သလို လိုက်၍လုပ်နေခြင်းမျှသာ ဖြစ်လျှင် ဘာသာကိုသိပြီးနောက်  နှစ်ခြိုက်၍လိုက်နာဆောင်ရွက်ခြင်းမဟုတ်၊    မိရိုးဖလာကြောင့်
သို့မဟုတ် အရပ်ရိုသေမှုကြေင့်သာလျှင် လိုက်နာရွက်ဆောင်နေခြင်း ဖြစ်ပေတော့မည်။  ဗုဒ္ဓဘာသာမှ အခြားဘာသာသို့ကူးပြောင်းသူများတွင် ကူးပြောင်းသောဘာသာကို နှစ်ခြိုက်၍၄င်း၊ မိမိမူလဘာသာကို မသိ၍၄င်း၊ ဘာသာကူးပြောင်းခြင်းဖြင့်လက်ငင်းကျေးဇူးရှိ၍၄င်း အကြောင်းအမျိုးမျိုးပင် ရှိပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာအခြေခံတို့ကိုသိ၍ ဗုဒ္ဓဘာသာကို တကယ်နှစ်ခြိုက်သူဖြစ်က မည်သည့်
အကြောင်းကြောင့်ပင် ဘာသာကူးပြောင်းခြင်းဖြစ်မည်မဟုတ်ပေ။
ထောက်ပံ့ကူညီရေး
          ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာ၏ အခြေခံတရားကို ကောင်းစွာသိရှိရန် အလုပ်တာဝန်မှာ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအသင်းအပင်းများ၏ တာဝန်ဖြစ်၏။ ယင်းသို့ဖြစ်၍ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအသင်းများကိုထောက်ပံ့
ရန် လို၏။၎င်းတာဝန်မှာ ဗုဒ္ဓဘာသာဝင်တို့၏တာဝန်ဖြစ်သည်။ ယခုအခါ သာသနာတော်ဝန်ထမ်းပုဂ္ဂိုလ်
များက နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောပြောကြ၏။ ဒါန၏အကျိုးကိုလည်း ဟောပြောကြ၏။ သာသနာရေးဆိုင်ရာအသင်းအပင်းများလည်း ၊ သင်္ဂြိုဟ် အဘိဓမ္မာ ၀ိပဿနာ အထက်တန်းတရားစုကို အားထုတ်ကြ၏။ ဤသို့ပြုလုပ်ဆောင်ရွက်နေကြသည်မှာ ကောင်းသည်ဖြစ်သော်လည်း လူသာမန်တို့
အဘို့ မထိရောက်ပေ၊ အထက်တန်းတရားကို မသိနားမလည်နိုင်သည်သာမက အောက်ခြေမှာပင် ၀ိုးရိုး
ဝါးရား ဖြစ်နေကြ၏။ ယင်းသို့ဖြစ်၍ လူနည်းစုအတွက်သာမဟုတ်၊လူများစုအတွက်ကိုလည်း စီမံသင့်၏။
"၀ိ "ရုံနှင့်တင်းတိမ်မနေဘဲ  "သိ "အောင်လည်း လုပ်ကြစေလို၏။
အခြေခံတရားကို မသိသဖြင့်
          အခြေခံတရားးစုတို့တွင် သေချာဂနစွာ နားမလည်ကြသဖြင့်၊တခြားဘာသာသို့ကူးပြောင်းသည်
သာမက ယခုအခါ နိုင်ငံခြားမှ ရောက်လာသော ဟိုဝါဒ ဒီဝါဒတို့တွင်ပင် ကူးဝင်လျက်ရှိ၏။ ဤသို့ကူးဝင်
ခြင်းသည် အခြေခံတရားကိုမှ သိအောင်စီမံမထား၍ ဖြစ်သည်။ အခြေခံတရားစုကို မသိသဖြင့် ဘာသာ
ကူးပြောင်းခြင်း၊ ဟိုဝါဒ -ဒီဝါဒကိုလက်ခံခြင်းထက် ကိုယ်ကျင့်တရားပျက်ပြားလျက်ရှိသည်မှာ လွန်စွာ
ဆိုးဝါလျက် ရှိသည်။  သီလမထိန်းသိမ်းခြင်းတွက် ရာဇ၀တ်မှုအမျိုးမျိုးဖြစ်ခြင်း၊ စီးပွားလစ်ဟင်းခြင်း၊ အမျိုးသားအရေးတို့တွင်မတွင်ကျယ်ခြင်း စသော မလိုအပ်သည့်အချက်စုပေါ်ထွက်လျက် ရှိလေသည်။
အပြန်အလှန်တာဝန်ရှိကြပုံ
          ဗုဒ္ဓဘာသာဝင်တို့၏တာဝန်မှာ သာသနာတော်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအ
သင်းအပင်းများကို၎င်း၊ သာသနာတော်ဆိုင်ရာထုံးစံဓလေ့များကို၎င်း ထောက်ပံ့ရန်ဖြစ်သည်။ သာသနာတော်ထမ်းပုဂ္ဂိုလ်များနှင့် သာသနာတော်ဆိုင်ရာအသင်းအပင်းတို့၏တာဝန်မှာ ဗုဒ္ဓဘာသာ
ဝင်တို့ မိမိဘာသာတရား၏အခြေခံကို ပဌမသိရှိရန်သင်ကြားပေးခြင်း၊ သာသနာတော်ဆိုင်ရာ ထုံးစံ
ဓလေ့တို့တွင် လမ်းပြပေးခြင်းတို့ပင် ဖြစ်ပေသည်။ ဤသို့အပြန်အလှန်တာဝန်ရှိရာ၌ ဗုဒ္ဓဘာသာဝင်
တို့၏ ငွေရေးကြေးရေးတာဝန်သည် အလွန်ပင်လေးပေသည်။ ၎င်းတို့မှာ---
(၁)     နေ့စဉ်နေ့တိုင်း ဆွမ်းတော်တင်- ဆွမ်းလောင်း။
(၂)     ရှင်ပြု-ပဉ္စင်းတက်။
(၃)     ဆွမ်းတော်ကြီးတင် ကထိန်ခင်း။
(၄)     သီတင်းကျွတ်ပွဲတော်-တန်ဆောင်တိုင်ပွဲတော်-ညောင်ရေသွန်းပွဲတော်-သင်းကြန်။
(၅)     ဘုန်းကြီးပျံ-ဘုရားပွဲ။
(၆)     ဘုရားတည်-ကျောင်းဆောက်-ဘုရားပြင်-ကျောင်းပြင်။
(၇)     ပရိယတ္တိစာမေးပွဲများဖြစ်ကြ၏။
စဉ်းစားရန်အချက်
          အထက်ပါကိစ္စအရပ်ရပ်တို့အတွက် ၊ နှစ်စဉ်ကုန်ကျသော ငွေမှာ ရာ-ထောင်မဟုတ်ပေ၊ သန်းကုဋေဖြစ်ပေသည်။  အဆိုပါအလှုငွေကို အစဉ်သဖြင့်သုံးနိုင်ရန်မှာ ငွေဝင်ရှိမှ ဖြစ်ပေလိမ့်မည်။ ငွေဝင်မရှိကြလျှင် အထက်ပါကိစ္စအရပ်ရပ်တို့တွင် လစ်ဟင်းတော့မည်၊ သာသနာတော်ကြီးကို ထိခိုက်
တော့မည်။ ယင်းသို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့၏ စီးပွားရေးမလစ်ဟင်းရန်သည် အလွန်ပင်အရေးကြီး၏။ စီးပွားရေးဘက်က မလစ်ဟင်းရန်အတွက် ဗုဒ္ဓဘာသာဝင်တို့လိုက်နာရမည့် ဘုရား၏အဆုံးအမတို့ကို
သိကြရန်လို၏။ သာသနာတော်ထမ်းပုဂ္ဂိုလ်များနှင့်သာသနာတော်ဆိုင်ရာအသင်းအပင်းတို့သည် ၊
ဤကိစ္စအချက်ကို လေးလေးနက်နက် စဉ်းစားစီမံကြရန် သင့်လှပေသတည်း။"
၎။      
          သာသနာရေးလောကတွင် အခြေခံအကြောင်းအရာများကိုနားလည်အောင်သင်ပြလိုအပ်နေပုံ၊ လွန်ခဲ့ပြီး နှစ် ၆၀ ကျော်ကလည်း ဗုဒ္ဓဘာသာဝင်နှင့် သာသနာတော်ဝန်ထမ်းတို့ "အဖျားတက် အမှည့်
ရနိုးနိုး "ဖြစ်နေပုံ၊ သာသနာဝန်ထမ်းနှင့် သာသနာတော်ဆိုင်ရာအဖွဲ့အစည်းတို့တာဝန်၊ ဘာသာဝင်တို့ တာဝန်၊ သာသနာရေးအတွက် လိုအပ်သောအသုံးစရိတ်ဝင်ငွေရှိသင့်ကြောင်း တင်ပြထားသည်များမှာ သတိပြုဖွယ်ကောင်းလှပါသည်။
၅။
ဥပဒေ" ဆောင်းပါးတွင် နိုင်ငံရေး နှင့် သာသနာရေး (ဘာသာရေး) ရောနှောပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်
နိုင်သည့်အကျိုးဆက်များကို တင်ပြထားလေသည်။သာသနာ့ဝန်ထမ်းနှင့် နိုင်ငံရေးကိစ္စကို ဦးဘဘေ ကလည်း တွေးခေါ်မြော်မြင်မိသလောက် ဆွေးနွေးတင်ပြထားပေရာ ယင်းအကြောင်းအရာသည် ယနေ့
ခေတ်တွင်လည်း ဆွေးနွေးလို့မပြတ်နိုင်ဘဲ ဖြစ်နေရလေသည်။ ဦးဘဘေဆောင်းပါးဖြစ်ပေါ်လာခြင်းမှာ ဗြိတိသျှလွှတ်တော်က မြန်မာပြည်မဲဆန္ဒပေးရေးဥပဒေကြမ်းကို အတည်ပြုလိုက်သောကြောင့် ဖြစ်၏။
ထိုဥပဒေကြမ်းတွင်ပါဝင်သည်တို့ ကို ဦးဘဘေဆောင်းပါးတွင် ဖော်ပြပါအတိုင်းရေးသားထား၏။
          "ယခုအတည်ပြုလိုက်သော ဥပဒေအရ မြန်မာပြည်အထက်အောက်လွှတ်တော် နှစ်ရပ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် အမတ်အရွေးခံနိုင်သူတို့၏ အရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်၏။
(၁) အောက်လွှတ်တော်တွင် ကျား,မမရွေး ဘုန်းကြီး,မယ်သီလတို့ ပါ အသက် ၂၁-နှစ်ရှိလျှင် မဲဆန္ဒစာ
ရင်းတွင် ပါဝင်နိုင်၏။ အမတ်အဖြစ်လည်း အရွေးခံနိုင်၏။
(၂) အထက်လွှတ်တော်တွင် အသက် ၃၀-ရှိ၍ တီပီအက်အစ အဂ္ဂမဟာပဏ္ဍိတအဆုံး ဘွဲ့ထူးတခုခုရ
သူ အရေးပိုင် စသောရာထူးကြီးများထမ်းဆောင်ခဲ့၍ ပင်စင်စားနေသူများ ကျား,မ မရွေး အမတ်အဖြစ်
အရွေးခံနိုင်၏။
လိုတာမရ-ရတာမလို
          အထက်ပါအတိုင်းဖြစ်လျက်ရှိရာ မြန်မာပြည်ကတောင်းဆိုချက်တို့ကို မပေး၊ မတောင်းဆိုချက်
များကိုသာ ပေးထား၏။ ပေးရာတွင်လည်း မြန်မာပြည်နိုင်ငံရေးပိုမိုဆိုးရွားမည့် အပြင် သာသနာတော်
ကြီးကိုလည်း ပျက်စီးစေရာအကြောင်းကြီးများ ပေါ်ပေါက်လျက် ရှိပေသည်။
အောက်လွှတ်တော်တွင်
          ယခုလက်ရှိဥပဒေ၌ အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် ရဟန်းတော်များ၊ သီလရှင်
များ မဲဆန္ဒပေးခြင်း၊ အမတ်အဖြစ်အရွေးခံခြင်းတို့ကို မပြုနိုင်ပေ။ ယခုပြင်ဆင်လိုက်သော ဥပဒေအရ သတ်မှတ်ထားသော အရည်အချင်းရှိက ရဟန်းတော်များ နှင့်သီလရှင်များပါ အောက်လွှတ်တော်တွင်
မဲဆန္ဒပေးခြင်း၊ အမတ်အဖြစ်အရွေးခံတို့ကို ပြုနိုင်ပသေည်။
အထက်လွှတ်တော်၌
          အထက်လွှတ်တော်တွင် လက်ရှိဥပဒေအရ အရွေးခံရာ၌ အောက်လွှတ်တော်အမတ်များက
သာ ဆန္ဒမဲပေးနိုင်၏။ အမတ်အရွေးခံသူတို့မှာ မြေခွန်အမြတ်တော်ကြေးစသဖြင့် တနှစ်တွင် မည်ရွေ့
မည်မျှဆောင်သူ၊ ဘွဲ့ ထူးများရသူ၊ အချို့ ပင်စင်စားအရာရှိများသာ ဖြစ်၏။ ဘွဲ့ တခုခုရသူကို အထက်
လွှတ်တော်အမတ်အဖြစ်ရွေးကောက်နိုင်သော်လည်း ရဟန်းတော်များကို ဥပဒေပြုလွှတ်တော်၌ မဲပေး
ခြင်း၊ အရွေးခံခြင်းတို့ ကို လက်ရှိဥပဒေက အခွင့်မပြုသဖြင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ရဆရာတော်များမှာ အရွေးကောက်မခံနိုင်ခဲ့ဖြစ်သည်။ ယခုပြင်ဆင်လိုက်သော ဥပဒေအရ ဘွဲ့ ရရဟန်းတော်များ၊ ဘွဲ့ ရလူ
ပုဂ္ဂိုလ်များနှင့် ပင်စင်စားအရာရှိကြီးများသာ အရွေးခံနိုင်တော့မည်ဖြစ်ရာ အထက်လွှတ်တော်ကို ထား
သင့်၊ မထားသင့်ပင်လျှင် စဉ်းစားရန်ဖြစ်၍လာတော့၏။
ဝိနည်းတော်နှင့်ဆန့်ကျင်ရုံမက
          ရဟန်းတော်များမှာ သံသရာဝဋ်မှ ကျွတ်လွတ်ရန်အတွက် အ၀တ်ကြောင်နှင့်လူ့ ဘောင်ကိုစွန့်
လွှတ်ခါ ရဟန်းဘောင်သို့ ဝင်သူတို့ဖြစ်ရာ ဂန္ထဓုရနှင့် ၀ိပဿနာဓုရတို့သာလျှင် ရဟန်းတော်တို့ နှင့်
သက်ဆိုင်၏။ အလွန်ရှုပ်ထွေးသော နိုင်ငံရေးတွင်ပါဝင်ပါက လူများနှင့်ရောပြွမ်းပြီးနောက် ၀ိနည်းတော်
နှင့်ဆန့်ကျင်သောအမှုအမျိုးမျိုးတွင် ပါဝင်နေကြမည် ဖြစ်ပေသည်။  ဤသို့ဖြစ်က ရဟန်းတော်များ၏ ဂုဏ်ကို ထိခိုက်မည်မှာ မလွဲပေ။  နိုင်ငံရေးတွင် ပါဝင်သည်နှင့်တပြိုင်နက် ရဟန်းတော်အချင်းချင်း
လည်း နိုင်ငံရေးဝါဒကွဲကြပြီးနောက်အကွဲကွဲအပြားပြားဖြစ်ပေတော့မည်။ တကာ-တကာမများကလည်း
မိမိတို့ နှစ်ခြိုက်သော နိုင်ငံရေးတွင်မပါသော ရဟန်းတော်များအပေါ်၌ အကြည်ညိုအလေးစားပေါ့ပေ
မည်။ နိုင်ငံရေးတွင်ပါဝင်သော ရဟန်းတော်များမှာလည်းနိုင်ငံရေးလုပ်ငန်းကိုတကယ်ဝင်ရောက်ဆောင်
ရွက်က အလုပ်တာဝန်တို့မှာ အလွန်များသဖြင့် ရဟန်းတော်များ၏ အလုပ်စစ် အလုပ်မှန်ဖြစ်သော ဂန္ထ
ဓုရ နှင့် ၀ိပဿနာဓုရ တို့မှာ များစွာလစ်ဟင်းရပေတော့မည်။ ဤသို့ဖြစ်က သာသနာတော်ကြီးမှာ မျော
တော့မည် မုချဖြစ်၏။
သာသနာတော်ကို ထိခိုက်မည်
          ပါလီမန်အမတ်များသည် မြန်မာပြည်ကိစ္စစဉ်းစားကြရာ၌ မြန်မာပြည်၏အကြောင်း ကောင်း
ကောင်းသိပုံမပေါ်ပေ။ ဘိလပ်တွင် ခရစ်ယာန်ဘုန်တော်ကြီးတို့မှာ  ဗုဒ္ဓဘာသာရဟန်းတော်များနှင့် မတူကြဖြစ်သည်။ ခရစ်ယာန်ဘုန်းတော်ကြီးများမှာ ဆရာဝန်အတတ်၊ အင်ဂျင်နီယာအတတ်၊ ရှေ့နေ
အတတ်တို့ကဲ့သို့  ဘုန်းကြီးလုပ်ရန်စာမေးပွဲများဝင်၍ အောင်မြင်သောအခါ ဘုန်းကြီးဖြစ်ကြ၏။ လောကကို စက်ဆုပ်၍ လောကကို စွန့်လွှတ်သူတို့မဟုတ်။ ပရိယေသန၀မ်းရေးအတွက် ဘုန်းကြီးဖြစ်
စာမေးပွဲဝင်၍ ဘုန်းကြီးအလုပ်ဖြင့် အသက်မွေးခြင်းဖြစ်သဖြင့် လူသာမန်နှင့်မခြားဖြစ်၏။ ဗုဒ္ဓဘာသာရ
ဟန်းတော်တို့မှာမူ ဤသို့ မဟုတ်ပေ။ လောကကို ငြီးငွေ့၍ သံသရာဘေးကို ကြောက်သဖြင့် သံသရာ
မှထွက်မြောက်ရန် လောကကို စွန့်သူတို့ဖြစ်၏။ သင်္ကန်းဝတ်၍ ပရိယေသနရှာသူတို့မဟုတ်။ဤအချက်
ကို မသိသဖြင့် မဟုတ်သော ကမောက်ကမဥပဒေကို ပြုကြပေသလော။ သို့မဟုတ် ဗုဒ္ဓသာသနာတော်
ကြီးကိုပင် ပျက်စီးစေလိုသော သဘောဖြင့် ပြုလုပ်ကြပေသလောဟု တွေးတောစရာ ဖြစ်၏။ အကယ်၍
ဗုဒ္ဓသာသနာကို ထိခိုက်စေလိုရိုးမှန်လျှင် ရဟန်းတော်များကို နိုင်ငံရေးတွင်းသို့ ဆွဲသွင်းလိုက်သော ဥပဒေမှာ ဗုဒ္ဓသာသနာတော်ကို ဖျက်ရန်အတွက် အနုမြူဗုန်းထက်ပင် ဆိုးဝါးသော သတ္တိရှိပေသည်။"
၆။ 
          ဦးဘဘေ သဘောမတူနိုင်ဖြစ်နေသည်မှာ ရှင်းပါသည်။နိုင်ငံရေးတွင်သာသနာရေးဝန်ထမ်းများ
အမတ်အဖြစ်ဝင်အရွေးခံခြင်း၊ လွှတ်တော်ထဲနေရာယူခြင်းတို့ ကို သဘောမတူခြင်းဖြစ်သည်။ ယနေ့ခေတ်မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံတွင်ပါဝင်နေကြသော ရဟန်းတော်များ၏ ရည်ရွယ်
ချက်မှာ ရွေးကောက်ပွဲဝင်ရန်၊ လွှတ်တော်အမတ်ဖြစ်ရန်မဟုတ်ကြပါ။ စစ်ဖိနပ်အောက်တွင် နင်းပြားဖြစ်
ကြသော၊ စီးပွားရေး,လူမှုရေး,ပညာရေး,ကျန်းမာရေး,သာသနာရေး,ယဉ်ကျေးမှု အနှောင့်အယှက်ကင်း
စွာ စီးဆင်းလည်ပတ်ရေး၊ လူအချင်းချင်းဖိနှိပ်ချုပ်ချယ်မှုကင်းရေး၊ ပြည်သူလူထု၏အသံကို အစိုးရက
အရေးတယူနားထောင်ပြီး လိုအပ်ချက်တို့ကို ဖြည့်ဆည်းဆောင်ရွက်ရေးစသည်တို့သာ ဖြစ်ကြပါသည်။
အမရဒီပ
၂၂-၄- ၂၀၁၁
No comments: