Total Pageviews
Saturday, March 31, 2012
စ ရယ် ကား ရယ်ပေါင်းတော့ စကား
လေယာဉ်တောင်ပံပေါ်က တန်ခိုးရှင်
တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် ၁၉၇၈ခုနှစ်တွင် သူ၏ပထမအကြိမ် တိုင်းတပါး သာသနာပြုခရီးစဉ်ကို စတင်လိုက်၏။
ရက်အတိအကျကား-- သြဂုတ်လ ၁ ရက် ၊ ခရစ်နှစ် ၁၉၇၈ ခုနှစ်။
ခရီးစဉ်ဦးတည်ချက်ကား-- အမေရိကန်ပြည်ထောင်စုနိုင်ငံ။
ထိုအချိန်က မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ (ခေါ်) စစ်တပ်အစိုးရက ထိန်းချုပ်ထား ခဲ့သည်။ တံခါးပိတ်ဝါဒကျင့်သုံးသည်။ အပြင်လူ အတွင်းမဝင်ရ။ အတွင်းကလူ အပြင်မထွက်ရ ဟု တင်းကျပ်ထားသည်။
အပြင်ထွက်ချင်သူများအား နယ်နှင်ဒဏ်ပေးပြီး တိုင်းပြည်မှ အပြီးအပိုင်ထွက်ခွါစေခဲ့သည်။ တင်းကျပ်ချုပ်ချယ်လွန်းသော စစ်အစိုးရ၏ အုပ်ချုပ်ရေးအခြေအနေအောက်မှာ နိုင်ငံခြားခရီးထွက်ခွင့်၊ သွားလာခွင့်ရခြင်းကား  ရခဲလှသော အခွင့်အလမ်းတရပ်ဖြစ်ပါ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယအမေရိကန်သို့ ကြွလာခြင်းကြောင့်ရဟန်းတော်များနှင့်ဝေးနေရသော
 ပြည်ပရောက်မြန်မာများအတွက် ဘာသာရေးလုပ်ငန်းများလုပ်ဆောင်ရန် အင်အားတိုးပွားခဲ့သည်။ အမေရိကန်လူမျိုးများ
အတွက်လည်း အကျိုးများသင့်သလောက်များခဲ့ပေသည်။
တိုင်းတပါးခရီးဝေးမှပြန်ရောက်လာသော တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ ရေခြားမြေခြား
အတွေ့ အကြံများကို မျက်စိပိတ်နားပိတ်ခံနေရသော မြန်မာပြည်သူပြည်သားများ ဗဟုသုတတိုးပွားရေးအလို့ ငှါ 
စာရေးတတ်သူ တပည့်ဒကာများက စာစောင်၊မဂ္ဂဇင်းမှတဆင့်လည်းကောင်း၊ စာအုပ်ထုတ်ဝေ၍လည်းကောင်း တခမ်းတနားရေးသားထုတ်ဝေခဲ့ကြလေသည်။  ထိုအရေးအသားများတွင် ထူးဆန်းအံ့သြဖွယ်ဖြစ်သော  တန်ခိုးပြာဋိဟာပြခန်းများ ပါဝင်လာသည်ကို တွေ့ ရ၏။
ပထမဦးစွာ ဦးတင်ဦးဆိုသူ စာရေးသူတဦး၏ရေးသားချက်ကို ကြည့်ပါ---။
" ပထမဆုံးအကြိမ် ဆရာတော်ဘုရား အမေရိကန်သို့ ကြွစဉ် စီးလာသောလေယာဉ်၏ စက်တလုံးချွတ်ယွင်း ကြောင်း လေယာဉ်မှုးကပြောပါသည်။ လေယာဉ်မှုးက ပျက်သောစက်ခေါင်းဘက်သို့ ကြည့်ရာ အဝတ်အဝါရောင်ဝတ်ထားသောသူတဦးက လေယာဉ်၏အတောင်ပံပေါ်ထိုင်ပြီးပျက်သောစက်ကို လက်ညှိုးဖြင့်
ထိုးနေသည်ကို မြင်တွေ့ သဖြင့် သူ၏လက်ထောက်လေယာဉ်မှုးအား "ကြည့်စမ်း၊ ဟိုမှာလူတယောက်"ဟု ပြောလိုက်သည်။
ထိုသူကကြည့်ရာ "ဘယ်သူမှမမြင်"ဟု ပြောသဖြင့် လေယာဉ်မှုးလည်း မိမိမြင်ယောင်မြင်မှားဖြစ်သလားဟု
ဆိတ်ဆိတ်ပင် နေလိုက်ပါသည်။ ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ချောမောစွာလေယာဉ်ဆိုက်ရောက်၍ ဆရာတော်ဘုရား
လမ်းလျှောက်လာသည်ကို လေယာဉ်မှုးမြင်တွေ့ သောအခါ အနားရှိသူများအား မိမိမြင်ခဲ့သော လေယာဉ်တောင်ပံပေါ်၌
ထိုင်နေသူမှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း၊ မျက်မှန်အမည်းတပ်ထားသည်ကို မိမိကောင်းစွာမှတ်မိကြောင်း ပြောပါသည်။"
{မြတ်မင်္ဂလာစာစောင်၊ ၂ဝဝ၆၊ ဇန်နဝါရီလ}
အထက်ဖော်ပြပါ သတင်းမှာ ချဲ့ ကားလုပ်ကြံထားသော "ထိုးဇာတ်"တခုမျှသာ ဖြစ်လေသည်။ ခိုင်မာသော ယုံကြည်ဖွယ်ရာ သက်သေအထောက်အထားဘာတခုမျှ ပြစရာမရှိသော စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်မျှသာ ဖြစ်ကြောင်း အသေအချာ
ဆိုနိုင်ပေသည်။ စာရေးဆရာဦးတင်ဦးသည် အမေရိကန်နိုင်ငံ၊ မြို့ ကြီးတခုရှိ လေဆိပ်တခုမှာဖြစ်ခဲ့သည်ဟုဆိုသော အဆိုပါဇာတ်လမ်းကို မည်သူ့ ထံမှ ကြားသိရသနည်း။
လေယာဉ်မှုးက အနားရှိသူများအား လေယာဉ်တောင်ပံပေါ်ထိုင်နေသူအကြောင်းပြောပြသည်ဆိုရာမှာ စာရေးဆရာ
ကိုယ်တိုင်ကြားသိခဲ့ရလေသလော---- သို့ မဟုတ် လေယာဉ်မှုးပြောစကားကို နားထောင်ပြီးတဆင့်စကားအနေဖြင့် 
စာရေးဆရာကိုပြောပြခဲ့လေသလော။ ယင်းသို့ ဖြစ်ခဲ့ပါက တဆင့်ပြောသူ၏အမည် ကိုသိရန်လိုအပ်ပါ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယနှင့်နောက်ပါသာသနာပြုအဖွဲ့ ကို  လေဆိပ်မှာ ခရီးဦးကြိုပြုသူ ရှိမည်။ လေယာဉ်မှုးက သူ၏ကိုယ်တွေ့ ကို ကြိုဆိုရေးအဖွဲ့ ဝင်တဦးဦးအား  ပြောဆိုခဲ့ပါသော် အမေရိကန်ရှိ
 မြန်မာလူထုကြားမှာ တောမီးပမာပျံ့နှံ့ ခဲ့ပေလိမ့်မည်။ နောင်လာနောင်သားများသိစေရန် မှတ်တမ်းတင်ကြပေလိမ့်မည်။ 
ဆရာတော်အား အမေရိကန်သို့ ကြွရောက်ရန် ဖိတ်မန္တကပြုခဲ့သူတို့ ကလည်း သူတို့ ပင့်ဖိတ်လိုက်သောသူ၏ 
စွမ်းရည်အကြောင်း "လာခြင်းကောင်းသူ၏ဖြစ်စဉ်"ကို မသိဘဲနေမည်မဟုတ်ပါ။ ဖော်ပြပါဖြစ်ရပ် အကယ်စင်စစ် အမှန်ဖြစ်ပွားခဲ့ပါက နုတ်ဆိတ်နေမည့်အနေအထားမှာ မရှိနိုင်ပါ။
သို့ သော် အမေရိကန်နိုင်ငံရှိ တောင်ပုလုတောရကမ္ဘာအေးဆရာတော်နှင့် ဆရာဒကာဖြစ်သူတို့ ပင် မသိခဲ့သော ဖြစ်ရပ်တခုကို မြန်မာပြည်နေ စာရေးဆရာက "လေယာဉ်မှုးပြောစကားကို သူကိုယ်တိုင်နားထောင်ခဲ့ရ
သယောင်ယောင်" လက်စွမ်းပြရေးသားလိုက်သောအခါ လျို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းတပုဒ်ဖြစ်လာလေသည်။
ယနေ့ အချိန်တိုင် ယင်း"လံကြုပ်"ဇာတ်လမ်းကို အဟုတ်ထင်နေသူတွေများစွာရှိနေကြောင်း တွေ့ ရှိရပါ၏။ ဤမျှ အထောက်အထားမရှိ၊ သက်သေပြစရာမရှိသည့်ဇာတ်လမ်းကိုယုံသူကို တွေ့ ရတိုင်း ဇာတ်လမ်းထွင်ခဲ့သူ၏ စိတ်ကူးကို ချီးမွမ်းမိပါ၏။ "စာရေးဆရာစိတ်ကူးယဉ်တာကို အဟုတ်ထင်ပြီးယုံရသလားဗျာ၊ ခေါင်းလေးးဘာလေးသုံးပါဦး"ဟု ပြောမိ၏။ အပြောခံရ၍ စိတ်ဆိုးသွားကြသော်လည်း နောင်တွင် စဉ်းစားချင့်ချိန်နိုင်ပေလိမ့်မည်။
အခြားဖြစ်ရပ်တခု
အခြားစာရေးသူတဦးဖြစ်သူကြည်လွင်ကလည်း လေယာဉ်တောင်ပံပေါ်ထိုင်သည့်ဖြစ်ရပ်ကိုမိတ္တူပွားကာ ဖြစ်စဉ်တခု
ဖန်တီးပြန်သည်။ ယင်းဖြစ်စဉ်မှာ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကို လေယာဉ်ဘီးချသည့်နေရာမှာ သရုပ်ဆောင်စေခြင်းဖြစ်၏။ ကြည်လွင်၏မူရင်းအာဘော်အတိုင်း ကူးယူတင်ပြပါမည်။ 
{အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ ၂ဝဝ၉၊ ဧပြီလ }
"ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ ဆန်ဖရန်စစ္စကိုမြို့ မှ လော့(စ်)အင်ဂျလီ(စ့်)သို့ လေယာဉ်ဖြင့်ကြွစဉ်ကလည်း လေယာဉ်မှုး
သည်ဘီးချမရဘဲ အခက်အခဲဖြစ်နေစဉ်၌ သူ၏မျက်စိတွင် ဆရာတော်ဘုရားကြီးအား ဖူးမြင်လိုက်သည်ဟု ထင်မိပြီး 
ဘီးချ၍ရသွားကြောင်း ပြောပြဖူးလေသည်"
မည်သူက မည်သူကို ပြောပြသည်ဟု တိတိကျကျ ပြောမထားသည်ကြောင်းသတိပြုရပါမည်။ မသိလျှင် လေယာဉ်မှုးကိုယ်တိုင် စာရေးသူကြည်လွင်ကို ပြောပြလိုက်သလိုလို ပုံမှားရိုက်ထားသည်။  တကယ်တော့ 
ဖတ်ကောင်းအောင် ရေးထားသည်မှအပ တခြား ယုံကြည်နိုင်ဖွယ်ရာ အထောက်အထားလုံးဝမရှိချေ--။  
သရဲတစ္ဆေ၊ ဂမ္ဘီရ၊ လျို့ ဝှက်ဆန်းကြယ်ဝတ္ထု၊ ဟာသဝတ္ထု တွေ စာဖတ်သူကြိုက်ကြောင်းတွေ့ ရတော့ အချို့ စာရေးဆရာတွေ 
ကလောင်နာမည်အမျိုးမျိုးဖြင့် သရဲဝတ္ထုလိုင်း၊ ဟာသလိုင်းဝင်ရေးသလို တောင်ပုလုတောရကမ္ဘာအေးဆရာတော်
အရှင်နန္ဒိယသည် လေယာဉ်ပျံနှင့်တွဲဖက်ပြီးအများစိတ်ဝင်စားခံရကြောင်းသိသောစာရေးဆရာက လေယာဉ်ဘီးချ
သည့်ဇာတ်လမ်းတပုဒ်ကိုပီပီပြင်ပြင်ရေးသားတင်ပြခြင်းဖြစ်သည်။စာရေးသူ၏စိတ်ကူးစိတ်သန်းကိုချီးကျူးပါသည်။
သို့ သော်ရဟန်းတော်များနှင့်ပတ်သက်၍ မဟုတ်မဟတ်လုပ်ဇာတ်ခင်းခြင်းကား မသင့်လျော်လှချေ--။
ပုဂံမင်းဆက်အနွယ်တော်တဲ့
မြန်မာပြည်က စာရေးဆရာဦးတင်ဦး နှင့် ကြည်လွင်တို့  တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယအတွက်  
 အမေရိကန်ပြည်ဖြစ်လေယာဉ်ပျံဇာတ်လမ်းတွေ ပေါပေါလောလောရေးသားကြောင်းလေ့လာမိပြီး နောက်
 မြန်မာစာရေးဆရာ ၂ ဦး နှင့်မတူကွဲပြားစွာ အမေရိကန်စာရေးဆရာတို့ စိတ်ဝင်စားသည်ကား မျိုးရိုးစဉ်ဆက် ဖြစ်ဖွယ်ရှိ၏။
အမေရိကန်ပြည်ကတောင်ပုလုတောရကမ္ဘာအေးဆရာတော်တပည့်များနှင့် မြန်မာပြည်ကတပည့်များတို့  စုပေါင်းရေးသားကြသော BLOOMING IN THE DESERT အမည်ရှိစာအုပ် ၁ အုပ် ဖတ်ဖူး၏။ ယင်းစာအုပ်တွင် “Though born into the village life,Taungpulu Sayadaw came from royal linage; he is descendant of King Anawratha and King Kya Swa”  ဟု တွေ့ ရ၏။ ရေးသူမှာ Anne Teich ဆိုသူဖြစ်၏။
"တောရွာမှာမွေးသော်လည်း တောင်ပုလုဆရာတော်သည် တော်ဝင်မင်းမျိုးမင်းနွယ်မှာဆင်းသက်လာသူဖြစ်၏။ အနော်ရထာမင်း၊ ကျစွာမင်းတို့ ၏ အဆက်အနွယ်ဖြစ်၏" ဟု ဝံ့ဝံ့စားစားဆိုထား၏။ ဤအဆိုမှန်က တောင်ပုလုတောရကမ္ဘာအေးဆရာတော်၏မျိုးရိုးမှာ မြန်မာနိုင်ငံ၏ရှားပါးတန်ဘိုးကြီးသော သက်ရှိရတနာများ ဖြစ်ဖွယ်ရှိ၏။ သမိုင်းတန်ဘိုးအရလည်း ကြီးမားလှ၏။
အလောင်းမင်းဦးအောင်ဇေယျ၏ကုန်ဘောင်မင်းဆက်အနွယ်တော်များ ယနေ့ တိုင် ရှိဆဲဖြစ်ပါသည်။ဘုရင့်နောင်
မင်းကြီး၏ မျိုးဆက်များကား အစအနပျောက်ကွယ်ခဲ့လေပြီ။ ဦးအောင်ဇေယျမျိုးဆက်၊ ဘုရင့်နောင်မျိုးဆက်တို့ 
ထက်ရှေးကျသော ပထမမြန်မာနိုင်ငံ၏မျိုးဆက်အနွယ်တော်များ ယနေ့ တိုင်ရှိသည်ဆိုခြင်းမှာ ရှားရှားပါး
ပါးဖြစ်ရပ်ပါပေတကား---။ အံ့ဖွယ်ဖြစ်ဘိ၏။
တော်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ မွေးရပ်ဇာတိမြေသည် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ နယ်၊ တဲစုရွာဖြစ်၏။ တဲစုရွာအမည်တွင်ရခြင်းအကြောင်းကို ဒေသခံလူကြီးများပြောပြလေ့ရှိသည်မှာ အနော်ရထာမင်း ဆင်ဖြူချည်ကန်တော်ကြီးဆည်ဖို့ ခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲနေစဉ်ကာလအတွင်း တနေရာမှာ တဲနန်းဆောက်လုပ်နေထိုင်ခဲ့သည်။ ကန်တော်ကြီးကိစ္စပြီးဆုံးပြီးနောက် အနော်ရထာမင်း ပုဂံနန်းတော်ပြန်သည်။
နှစ်အနည်းငယ်ကြာသော် ကျန်ရစ်သော ဆည်ကန်လုပ်သားမိသားစုများက အနော်ရထာမင်း၏တဲနန်းတော်
နေရာမှာ ရွာတည်ထောင်ကာ နေထိုင်ရာမှ ယင်းရွာအမည် "တဲစု"တွင်သည်ဟူ၏။
အနော်ရထာမင်းတဲနန်းစိုက်ခဲ့ရာမြေနေရာမှာ ရွာတည်နေထိုင်ကြသူများမှ ပေါက်ဖွားဆင်းသက်လာရုံမျှဖြင့် "ဘုရင့်အနွယ်တော်"ဖြစ်ကြောင်း ပြောဆိုရေးသားခြင်းမှာ ရယ်ဖွယ်သာဖြစ်၏။ အနော်ရထာမင်း၊ ကျစွာမင်းတို့ 
နှင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ မည်သို့ မည်ပုံသွေးသားဆွေမျိုးတော်စပ်ပါသနည်း။
စဉ်းစားဖွယ်ဖြစ်ပါ၏။
ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်တဦးဦးကျော်ကြားမှုရလာလျှင် သူ၏နောက်လိုက်တို့ က မဆင်မခြင်မြှောက်ပင့်ပေးကာ သမိုင်းဝင်ပုဂ္ဂိုလ်ကျော်ကြီးများနှင့် ဆွေမျိုးစပ်ပေးတတ်ကြလေသည်။ အရင်ဘဝက မည်သည့်ဘုရင်ဖြစ်ခဲ့သည်။ ဘုရင်၏ဆရာတော်ဖြစ်ခဲ့သည်စသည်ဖြင့် မဟုတ်ကို အဟုတ်လုပ်တတ်ကြ၏။ ထိုသဘောအရ တောင်ပုလုတော
ရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ နောက်လိုက်တပည့်တို့ က အနော်ရထာမင်း၊ ကျစွာမင်းတို့ ၏ အရှိန်အဝါ
ကို အသုံးချလျှက် သူတို့ ဆရာကို အမွှမ်းတင်ခြင်းသာ ဖြစ်၏။ အကြောင်းမှာ သက်သေအထောက်အထား
မရှိခြင်းပင်ဖြစ်ပါ၏။
 ( အထောက်အထားမရှိဘဲ ပြောဆိုခြင်းမှာ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှုးကြီး ၂ ဦး ဘုရင်စိတ်ပေါက်၍ ဘုရင်ရူး-ရူးခြင်းနှင့် ဘာများထူးတော့မည်နည်း။)
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယလောင်းလျာမောင်ပေါ်လာ အသက် ၁၃ နှစ်မှာ သာမဏေဖြစ်သည်ဟု
 တောင်ပုလုတပည့်တချို့ ကရေး၏။ တချို့ က အသက် ၁၄ နှစ်မှာ သာမဏေဝတ်သည် ဆိုပြန်၏။ ရဟန်းဖြစ်တော့ အသက် ၂ဝ မှာ ရဟန်းဖြစ်သည်ဟု တချို့ က ဆို၏။ တချို့ က အသက် ၂၁ နှစ်မှာ ရဟန်းဖြစ်သည်ဟု ဆိုပြန်၏။ သာမဏေဖြစ်တာ အသက် ၁၃ လား၊ ၁၄ လားပင်မသိ---။ ရဟန်းဖြစ်တာ အသက် ၂ဝ မှာလား၊ ၂၁ မှာလား သေချာမသိသူတွေက တောပုလုတောရ
ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် မြန်မာ့သမိုင်းမှာထင်ရှားသောအနော်ရထာမင်း၊ကျစွာမင်းတို့ ၏ ဆွေတော်မျိုးတော်
ဖြစ်ကြောင်းသိနေပြန်၏။သိသူတို့ ၏ သိမြင်နှံ့ စပ်မှုကား မကြုံစဖူး ထူးဆန်းလွန်းလှပါ၏။
ငါ့ကျောင်း ဘုရားလောင်းမနေရ
အမေရိကန်ပြည်ကတောင်ပုလုတပည့်ကျော်များ စိတ်ဝင်တစားရေးသားသော အခြားအကြောင်းတခုမှာ "ဗောဓိသတ္တ ခေါ် ဘုရားလောင်း"ကိစ္စပင်ဖြစ်၏။ BLOOMING IN THE DESERT စာအုပ်တွင်----
“The Late Venerable Mahasi Sayadaw and Taungpulu Sayadaw were both students of Jetavana Mingon Sayadaw.  According to Mahasi Sayadaw, Jetavana Mingon Sayadaw asked one of his students to take up the Bodhisatta path, and that it is Taungpulu Sayadaw who had done so.  In a separate report, one of Taungpulu Sayadaw’s diciples said that the Sayadaw had done pointed out on a map of India the local where he would be reborn in a future time.” ဟု တွေ့ ရ၏။
"မဟာစည်ဆရာတော်နှင့် တောင်ပုလုဆရာတော်တို့ သည် မင်းကွန်းဇေတဝန်ဆရာတော်၏ တပည့်များဖြစ်ကြ၏။ 
မဟာစည်ဆရာတော်ပြောဆိုသည်မှာ ဇေတဝန်မင်းကွန်းဆရာတော်က သူ၏တပည့် ၂ ပါးအနက် ၁ ပါးကို ဘုရားလောင်း
လမ်းစဉ်လိုက်ရန် တိုက်တွန်း၏။ ယင်းတိုက်တွန်းမှုဖြင့် တောင်ပုလုဆရာတော်သည် ဘုရားဆုပန်သူဖြစ်လာသည်။
 တောင်ပုလုဆရာတော်တပည့်တဦး၏သီးခြားတင်ပြချက်တွင် တောင်ပုလုဆရာတော်က နောင်တွင်သူပြန်လည်မွေးဖွားမည့်
ဒေသကို အိန္ဒိယမြေပုံပေါ်တွင်ထောက်ပြကြောင်း ဆို၏။"
Guy Armstrong သည် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘယ်ရီ ဝိပဿနာဌာန (Insight Meditation Society (IMS)၏ ဆရာတဦးဖြစ်သည်။ သူ၏ The Paramis: A Historical Background စာတမ်းတွင် “Though a minority, there are many Theravadin practioners in Burma today following the Bodhisatta path.  There are stories in Burma that the meditation master Mingun Sayadaw early in the last century instructed one student, Mahasi Sayadaw, to become an arahant and another student, Taungpulu Sayadaw, to follow the Bodhisatta path. Such stories are exteremely hard to verify. Because monks are forbidden to talk to laypeople about their attainments, they rarely offer details of their practices.”
" လူနည်းစုဖြစ်သော်လည်း မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာနည်းအားထုတ်သူများတွင် ဘုရားလောင်း (ဘုရားဆုပန်)
လမ်းစဉ်လိုက်သူတွေ များစွာရှိ၏။ လွန်ခဲ့သောရာစုနှစ်ဦးက မြန်မာဝိပဿနာဂုရုဖြစ်သူမင်းကွန်းဆရာတော်သည် 
သူ၏တပည့်တပါးဖြစ်သူ မဟာစည်ဆရာတော်ကို ရဟန္တာဖြစ်အောင်လုပ်ရန်၊ အခြားတပည့်တပါးဖြစ်သူ တောင်ပုလုဆရာတော်ကို ဘုရားလောင်းကျင့်စဉ်လိုက်ရန် ညွန်ကြားခဲ့လေသည်။ ယင်းသို့ သောဖြစ်ရပ်မျိုးမှာအတည်ပြုရန်အလွန်ခက်ခဲပါသည်။အဘယ်ကြောင့်ဆိုသော်တရားထူးပေါက်မြောက်မှု၊ကျင့်စဉ်
အသေးစိတ်အချက်အလက်များအား လူဝတ်ကြောင်များအား မပြောဆိုရန် ရဟန်းတော်များကို တားမြစ်ထားသောကြောင့်ဖြစ်၏။"
ဂိုင်း အမ်းစထရောင်း၏ တင်ပြချက်မှာ မြန်မာစာဖတ်ပရိသတ်များအတွက် ထူးဆန်းနေပါလိမ့်မည်။ သထုံမင်းကွန်းဇေတဝန်ဆရာတော်ကြီး၏ ရဟန္တာနှင့် ဗောဓိသတ္တစီမံကိန်းအကြောင်းကို မြန်မာပြည်တွင် ပြောဆိုသူ အလွန့် အလွန်နည်းပါသည်။ မည်သို့ ဖြစ်စေ အမ်းစထရောင်းလို နိုင်ငံခြားသားတဦးက သူ၏လေ့လာသိရှိသမျှကို တင်ပြလိုက်ပေပြီ။ ဆက်လက်ဆင်ခြင်စူးစမ်းကြရန်ပင် ဖြစ်ပါ၏။
သထုံ မင်းကွန်းဇေတဝန်ဆရာတော်ကြီးနှင့် ဘုရားလောင်းအကြောင်း မြန်မာစာရေးဆရာတဦး ရေးသားသည်ကို
 တွေ့ ဖူးပါ၏။ စာရေးဆရာမှာ ဓမ္မာစရိယ ဦးဌေးလှိုင် ဖြစ်၏။ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်တွင်ဖော်ပြပါအတိုင်း
တင်ပြထား၏။
"ယခုအခါထင်ရှားသော ဆရာတော်တပါးသည် ဆရာတော်ထံ၌ သတိပဋ္ဌာန်ကိုနည်းခံကျင့်သုံးရာ "သင်္ခါရုပေက္ခာဉာဏ်"အဆင့်ရောက်နေပြီဟု ယူဆရသောအခါ တော်တော်နှင့်တရားမတက်၍ အမျိုးမျိုးလှည့်ပြီး စစ်ဆေးရာ အဆိုပါဘုန်းကြီးက  "တပည့်တော်ဘုရားဆုပန်ထားပါတယ်ဘုရား။ ဒီဘုရားသာသနာမှာ သာဝကဆု မယူလိုပါ"
ဟုလျှောက်ထားသတတ်--။ ထိုမှနောက်ကာလတွင်
"တို့ ကျောင်းမှာဘုရားဆုပန်တဲ့ယောဂီဆိုရင်လက်မခံဘူး"ဟု နုတ်မိန့် ထားတော်မူသောဟူ၏။
(သို့ ရာတွင် အဆိုပါပုဂ္ဂိုလ်ကြီးကား စစ်မှန်သော ဆုကြီးပန်ဖြစ်ဟန်ရှိပေ၏။)
ဘုရားဆုပန် (ဆုကြီးပန်) ဝါဒမှာ အချို့ နေရာတွင်အလွန်ခေတ်စားလျက်ရှိရာဆင်ခြင်စဉ်းစားသင့်သော
 ပြဿနာတရပ်ဖြစ်မှန်းမသိ ဖြစ်လျက်ရှိသည်။ "ငါ့ကျောင်းမှာ ဘုရားလောင်းမနေရ" ဆိုသောစကားသည် အလွန်ရင့်သီးလှသယောင်ရှိသော်လည်း ဆက်၍စဉ်းစားပါသော် အလွန်လျော်သော၊ မှန်သော်လည်း အပြောခက်သော စကားဖြစ်၏။ ဘုရားဆုပန်သည်ဆိုရာ၌ အလွန်သိခက် နက်ရှိုင်းသော အမွှေဓာတ်သဘောများလည်း ငုပ်ကွယ်နေတတ်သည်။ "
ဤအကြောင်းကိုဓမ္မာစရိယဦးဌေးလှိုင်က  ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၊ သထုံမင်းကွန်းဇေတဝန်ဆရာတော်
အခန်းတွင် ဖော်ထုတ်တင်ပြထား၏။ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် သထုံမင်းကွန်း
ဇေတဝန်ဆရာတော်ထံ သတိပဋ္ဌာန်ဝိပဿနာတရားနည်းယူအားထုတ်ခဲ့ဖူး၏။
ဦးဌေးလှိုင်၏ "ယခုအခါ ထင်ရှားသောဆရာတော်တပါး"ဟူသည် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်
နန္ဒိယကို ရည်ညွှန်းခြင်းဖြစ်ပါက ဂိုင်းအမ်းစထရောင်း၏စကားကို စဉ်းစားသင့်၏။
ဦးဌေးလှိုင်၏အဆိုအရ မင်းကွန်းဇေတဝန်ဆရာတော်အနေဖြင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အား
 ဘုရားဆုပန် (ဘုရားလောင်းလမ်းစဉ်လိုက်)ရန် တိုက်တွန်းဖွယ်အကြောင်းမရှိချေ---။ ဂိုင်းအမ်းစထရောင်း၏ အဆိုမှန်ပါကလည်း ဦးဌေးလှိုင်၏ရေးသားချက်မှာ အချက်အလက်ခိုင်မာမှုအားနည်းသည်ဟု သုံးသပ်ယူဆပါ၏။
စ----ကား----။ တဦးတယောက်က ရည်ရွယ်ချက်တခုခုဖြင့် ချဲ့ ကားလိုက်သော ယုတ္တိမဲ့အကြောင်းအရာတခုခုကို ဆက်ကာဆက်ကာ လက်ဆင့်ကမ်းသယ်ဆောင်ကြလေသောအခါ အယုံလွယ်သူ၊ စဉ်းစားရမှာဝန်လေးသူတို့ အ
တွက် အံ့သြချီးမွမ်းမဆုံးသော "လံကြုတ်"ဇာတ်လမ်းများ ဖြစ်မှန်းမသိ ဖြစ်လာလေ၏။ ဆင်ခြင်စဉ်းစားကြပါလေ။
အမရဒီပ
၃-၃၁-၂ဝ၁၂
Thursday, March 29, 2012
ဒါဖတ်ပြီးမှ နယ်လှည့်ဓမ္မကထိကလုပ်
မ-ဟ-န-အဖွဲ့ ၏ နယ်လှည့်ဓမ္မကထိကဂုဏ်အင်္ဂါအရည်အချင်းများ (ရဟန်း၊သီလရှင်၊ လူ)
နယ်လှည့်ဓမ္မကထိကပုဂ္ဂိုလ်သည်
၁။       ဒါနသီလကြောင့်နတ်ပြည်၌စည်းစိမ်ခံစားရပုံ၊ ကာမဂုဏ်တို့ ၏အပြစ်၊ကာမဂုဏ်မှထွက်
          မြောက်လိုမှုဟုဆိုအပ်သော တစ်ဆင့်ထက်တစ်ဆင့်မြင့်သော အစဉ်အတိုင်းသော      (အနုဗုဗ္ဗိကထာ) အစဉ်အတိုင်းဖြစ်သောတရားစကားကို ဟောကြားခြင်း။
၂။       အကျိုးအကြောင်းဆက်စပ်ပြသော (ပရိယာယဒဿာဝီ) တရားစကားကိုဟောကြား
          ခြင်း။
၃။       သံသရာဆင်းရဲဒုက္ခကိုခံစားနေရသော တရားနာပရိသတ်အား သနားခြင်းကြောင့်       တရားဟောကြားခြင်း။
၎။       ငွေကြေးလှုဖွယ်ပစ္စည်း(အာမိသ)ကို မငဲ့ကွက်သောစိတ်ဖြင့် တရားဟောခြင်း။
၅။       မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမပုတ်ခတ်မူ၍ တရား    ဟောကြားခြင်း။
၆။       သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်တော်လာ တရားတော်များကိုသာ ဟော
          ကြားခြင်း။
၇။       ထေရဝါဒပိဋကတ်တော်နှင့်ဆန့် ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည်တို့    နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟေကြားမှုမပြုခြင်း။
၈။       အနည်းဆုံးသိက္ခာဝါ (၁ဝ) ရှိ၍ ကိုယ်ကျင့်သီလနှင့်ပြည့်စုံသည့် သီလဝန္တပုဂ္ဂိုလ်ဖြစ်
          ခြင်း။
၉။       နယ်လှည့်ဓမ္မကထိပုဂ္ဂိုလ်၏ပညာအရည်အချင်းမှာ "သာသနဓဇ ဓမ္မာစရိယ၊ သကျသီ
          ဟ ဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သာသနာ့တက္ကသီလ ဓမ္မာစရိယ၊ 
သာသနာ့  တက္ကသီလ မဟာဓမ္မာစရိယ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် 
          မှ ဘွဲ့ တစ်ခုခု၊ နိုင်ငံတော်မှ ဆက်ကပ်သော ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ တခုခု"ရ 
          ရန်လိုအပ်ခြင်း၊ သင်္ဂါယနာခြောက်တန်တင်အပ်သော ထေရဝါဒပိဋကတ်တော်နှင့် ညီ
          ညွတ်သည့်တရားတော်များကို ဟောကြားနိုင်သောပုဂ္ဂိုလ်ဖြစ်ခြင်း (ထေရဝါဒပိဋကတ်
          တော်နှင့်မညီညွတ်သောအချက်များကို ဟောကြားပါက ဟောကြားသူ၏တာဝန်သာ    ဖြစ်သည်။)
-ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာခြောက် တန် ပိဋကတော်နှင့်လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယတန်း )
 အောင်ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို မကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတော်နှင့်မညီညွတ် ဆန့် ကျင်သည့်အချက်များကို
 ဟောကြားမိပါက တရားနာပရိသတ်များအမြင်မှား၊အယူမှား ဖြစ်သွားနိုင်သော ကြောင့် ပရိယတ္တိစာပေမကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်း ဖြစ်သည်။
မှတ်ချက် ။ အထက်ဖော်ပြပါအချက်အလက်မျှကိုသာ အွန်လိုင်းမှာ ရှာတွေ့ ပါသည်။  ပူးတွဲပါ အခြား ညွှန်ကြားချက်များကို မတွေ့ ရသေးပါ။ တွေ့ ပါက တင်ပြပေးပါမည်။ (အမရဒီပ)
Sunday, March 25, 2012
ရဟန်းသံဃာနှင့်စပ်လျဉ်းသော လယ်တီဆရာတော် သြ၀ါဒ
ယခုကာလ ရုပ်ပုံ၊ ရုပ်ပွား၊ ရုပ်တု၊ ဆင်းတုများကို ပူဇော်သည်ရှိသော် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကိုလည်း ပူဇော်ခြင်းကိစ္စပြီးစီးသကဲ့သို့
ကလျာဏပုထုဇန်သံဃာတော်များကို လှူဒါန်းပူဇော်ခြင်းသည်လည်း သက်တော်
ထင်ရှားရှိသော မြတ်စွာဘုရားကို ပူဇော်ခြင်းကိစ္စပြီးတော့သည်သာဟု မှတ်ယူ
အပ်​​​၏။
        ဥပမာကား------- တစ်ယောက်သောသူမှာ သားသမီးအများရှိ၏။ တစ်ဦး
သော သူက ထိုသားသမီးများကို ကြည်ညိုသောစိတ်ဖြင့် ငွေ ၁၀၀၀ စီ ပေး၏
သားသမီးများကို ငွေ ၁၀၀၀ စီပေး မှူသည် အဖဖြစ်သူကိုလည်း ချီးမြှောက်ခြင်း
ကိစ္စပြီး ၏။
        ထို့အတူ သားသမီးကို နှိပ်စက်ညှဉ်းဆဲသည်ရှိသော် အဖကိုလည်း နှိပ်စက်
ခြင်းကိစ္စ၊ သားသမီးကိုလည်း နှိပ်စက်ခြင်းကိစ္စပြီးသကဲ့သို့ ယခုကာလရှိကြသော သမုတိသံဃာများကို ရှူတ်ချထိပါးသည်ရှိသော် မြတ်စွာဘုရားကိုလည်း နှိပ်စက်
ခြင်းကိစ္စ၊ သံဃာတော်များကိုလည်း နှိပ်စက်ခြင်းကိစ္စပြီးတော့သည်သာတည်း။
သတိကြီးကြီးထားကြလေကုန်-----------။
လယ်တီဆရာတော်ဘုရားကြီး
သာသန၀ိသောဓနီ။ ပဌမတွဲ။
Friday, March 23, 2012
ဝင့်ထန်းရဲ့ မဟနအဖွဲ့ နှင့် သာသနာရေးဝန်ကြီးဌာန ဆောင်းပါး
ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဖျက်သိမ်းပစ်ရမယ့် မဟန နဲ့ သာသနာရေးဝန်ကြီးဌာန
Details
Published on Tuesday, 20 December 2011 17:24
Written by ၀င့်ထန်း
Hits: 3893
မကြာခင်က မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောခဲ့တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟ ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက ဆိုဆုံးမရခက်တဲ့ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး သူ့ရဲ့ကျောင်းတိုက်ကနေ ထုတ်ပစ်ဖို့ အမိန့်စာထုတ်ခဲ့ပါတယ်။
တကယ်တော့ ဒီဖြစ်ရပ်ဟာ အထူးအဆန်းမဟုတ်ဘဲ၊ မြန်မာနိုင်ငံ ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းမှာ သာသနာပြု ဆရာတော်တွေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင်တဲ့ ရာဇဂုရု ဆရာတော်တွေကြားမှာ ခေတ်အဆက်ဆက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာမျိုးပါပဲ။ ခေတ်တိုင်းမှာ သာသာနာပြုဆရာတော်တွေနဲ့ မင်းဆရာတော်တွေကြား မကြာမကြာ ပြဿနာတွေတက်ခဲ့ရသလို နောက်နောင် ထပ်ဖြစ်လာနိုင်တာမျိုးလည်း ဖြစ်ပါတယ်။
အရင်ဆုံး မင်းဆရာတော်တွေ ဩဇာအာဏာထက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်အချို့ကို တင်ပြချင်ပါတယ်။
မင်းဆရာတော်ဆိုတာ ပြဋ္ဌာန်းသောအရာတည်
ညောင်ရမ်းသာသနာကိုကြည့်ရင် သာလွန်မင်းကိုးကွယ်တဲ့ တောင်ဖီလာဆရာတော်ရဲ့ တန်ခိုးဩဇာ ကြီးထွားမှုကို မြင်နိုင်ပါတယ်။ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ဟာ သက်တော် ၀ါတော်တူတဲ့ ကျမ်းတတ် ဆရာတော်တွေ ဖြစ်ပါတယ်။ သူတို့နှစ်ပါး တွေ့ဆုံတဲ့မြင်ကွင်းဟာ မှတ်သားစရာကောင်းပါတယ်။
တောင်ဖီလာဆရာတော်က ရွှေဥမင်ဆရာတော်ကို “အရှင်ဘုရား၊ တပည့်တော်က မင်းကျွမ်းဝင်ဆရာတော် ရာဇဂုရုဖြစ်ပါတယ်။ ဒါကြောင့် အရှင်ဘုရားက ရှေ့က ကြွပါ” လို့ပြောပါတယ်။ ဒါကို ရွှေဥမင်ဆရာတော် ပြန်ပြောပုံက “လောကမှာ ရာဇဂုရုရဟန်းမည်သည် ပြဋ္ဌာန်းသော အရာတည်တယ်၊ အရှင်ဘုရား ရာဇဂုရုကသာ ရှေ့ကကြွပါ” လို့ ပြောတဲ့အတွက် တောင်ဖီလာဆရာတော်က ရှေ့ကကြွရပါတယ်။ မင်းဆရာတော်ဆိုတာ ပညာတူ ၀ါတူရင်တောင် ရှေ့ကနေရာပေးရတယ်ဆိုတာ ဒီဆရာတော်ကြီးနှစ်ပါး တွေ့ဆုံမှုက ဖော်ပြနေပါတယ်။
အလောင်းမင်းတရား အလွဲ
ကုန်းဘောင်ခေတ် သာသနာမှာ အလောင်းမင်းတရားက “ဤနိုင်ငံတော်အတွင်း နေထိုင်သီတင်းသုံးတော် မူကြကုန်သော ရဟန်း သံဃာတို့သည် မိမိချီးမြှောက်ထားတဲ့ မင်းဆရာတော်၏ အလိုအယူသို့သာလိုက်ပြီး ကျင့်ကြံနေထိုင်ကြရမည်” ဟု အမိန့်ပြန်တမ်း အလွဲတစ်ခုထုတ်ခဲ့ပါတယ်။ အဲဒီ ဘုရင့်အမိန့်ကြောင့် မင်းဆရာတော် အတုလယသမထေရ် ဟာ ဩဇာထက်လာပြီး၊ သူနဲ့ ဂိုဏ်းမတူ သူ့အလိုမလိုက်တဲ့ မောင်းထောင်ရွာက မထေရ်ကြီးနှစ်ပါးကို သဲဒဏ် ရေဒဏ်ပေး နှိပ်စက်ခဲ့ဖူးပါတယ်။
အလောင်းဘုရားလက်ထက် မြန်မာနိုင်ငံတွင်း ရှိသမျှ သံဃာတော်အားလုံးဟာ မင်းအလိုနဲ့ မင်းဆရာတော်ရဲ့ အလိုကို လိုက်ခဲ့ကြရပြီး၊ ဆန့်ကျင်အာခံသူဆိုလို့ ကျမ်းတတ် ရှင်မုနိန္ဒဃောသ မထေရ်တစ်ပါးသာ ရှိခဲ့ပါတယ်။
အဲဒီ မထေရ်ကို မင်းဆရာတော်တွေက သုဓမ္မာဇရပ်မှာ “သင့်ဆရာ ဘယ်သူဖြစ်လို့ ခေါင်းမာနေတာလဲ” ဆိုပြီး ခေါ်ယူစစ်ဆေးတဲ့အခါ၊ ဇရပ်ပေါ်ရှိ ရုပ်ဆင်းတုတော်ကို ထိုးပြပြီး “ဤသည်ပင်လျှင် ငါ့ဆရာတည်း” ဆိုပြီး ဖြေပါတယ်။
နောက် သံဃာထုအလယ်မှာ ဆောင့်ကြောင်ထိုင် လက်အုပ်ချီပြီး၊ “အရှင်ဘုရား တပည့်တော်သည် အသက်ဆုံးသည့်တိုင်အောင် တပည့်တော် အသက်ကိုသာ စွန့်ပါမည်၊ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်တော်ကို မစွန့်ပါ” ဟု ဆင်းတုတော်ကို လျှောက်ထားပါတယ်။
အဲဒီဖြစ်ရပ်ကို မင်းဆရာတော်က မကျေနပ်လို့ အလောင်းမင်းတရားကို ပြန်ပြောပြတော့၊ “ဤမထေရ်သည် မာန ခက်ထန်လှသည်၊ ငါ့နိုင်ငံတော်အတွင်းမှာ မနေသင့်” ဆိုပြီး တိုင်းတစ်ပါး နှင်ထုတ်ပါတယ်။ နောက် ထပ်မံ ဖမ်းဆီး အကျဉ်းချထားပြီး ပြန်လာမှ သတ်မယ်ပြောပြီး စစ်ချီတက်ရင်း အလောင်းမင်းတရား နတ်ရွာစံသွားပါတယ်။   
စိတ်ဖောက်သွားတဲ့ ဘိုးတော်ဦးဝိုင်း
ဘိုးတော်မင်းတရားလက်ထက် အမရပူရခေတ် သာသနာကိုကြည့်ရင်  မောင်းထောင် သာသနာပိုင်နဲ့ သာသနာပိုင်ဆရာတော်ဟောင်း အတုလယသမထေရ် တို့ကြား အယူဝါဒပြဿနာတက်ပါတယ်။ မောင်းထောင် သာသနာပိုင်နဲ့ သူ့တပည့်တွေက “ဤ အတုလယသပုဂ္ဂိုလ်သည် သာသနာတော်၏ ရန်ဆူးငြောင့် ပြုကျင့်နေသူဖြစ်သည်” ဆိုပြီး ကျောင်းတိုက်ကနေ မောင်းထု နှင်ထုတ်ခဲ့ပါတယ်။
ဘိုးတော်ဘုရားကလည်း အတုလယသ ရဟန်း (လူအမည် ဦးပန်းထွေး) ကို ကြက် ငှက် တိရိစ္ဆာန်တို့ကဲ့သို အ၀တ်ဗလာမဲ့ ထားပြီး ခြင်းကြားဆောင်းနဲ့ လှောင်ထားပါတယ်။ စလောင်းဖုံးနဲ့ ထမင်းကြွေး၊ လှံ ဓား ရံပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံမျှောခဲ့ပါတယ်။ ‘အတုလ သာသာနပိုင်ဟောင်း ငပန်းထွေး အား နှင်ထုတ်ခြင်း’ ဆိုတဲ့ စာလုံးကြီးကြီးရေးပြီး ရောက်လေရာ မြို့တွေ ရွာတွေ ၀ိုင်းကြည့်ဖို့ အမိန့်ထုတ်ထားခဲ့ပါတယ်။
နောက်ပိုင်း ဘိုးတော်မင်းတရား ဦးဝိုင်း စိတ်ဖောက်ပြန်ချိန်မှာ မောင်းထောင်သာသနာပိုင်ကိုလည်း လူဝတ် အတင်းချွတ်ခိုင်းလို့၊ သာသာနာပိုင်ဆရာတော်ကြီးခမျာ ၀ဋ်လည်ပြီး လူ ‘ဦးမြတ်နေ’ ဖြစ်သွားခဲ့ရပါတယ်။
သုဓမ္မာ တန်ခိုးထွားမှု ရွှေကျင်မခံနိုင်
ရတနာပုံ မန္တလေးခေတ်သာသနာကိုကြည့်ရင်လည်း ကိလေသာ ၀ဋ္ဋ်မြစ်ကင်းရာ နိဗ္ဗာန်ဆုပန်ပြီး မိဘုရား ၁၅၀ နီးပါးယူထားတဲ့ မင်းတုန်းမင်းကြီးဟာ ပဉ္စမသင်္ဂါယနာတင်ပြီး သာသနာကို ချီးမြောက်ခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းတုန်းလက်ထက် တန်ခိုးထွားတဲ့ သုဓမ္မာမင်းဆရာတော်တွေက သူတို့ကို မလေးမခန့်ပြုတယ်ဆိုပြီး ရေစကြိုဆရာတော် ဦးဂန္ဓနဲ့ ရွှေကျင်ဆရာတော် ဦးဇာဂရ တို့ကို အောက်ပြည်အောက်ရွာ နှင်ထုတ်ခဲ့ပါတယ်။ သီပေါမင်းလက်ထက်မှာလည်း သုဓမ္မာကို ပမာမခန့်ပြုတဲ့ မိုးကောင်းဆရာတော် ဦးဂန္ဓမာ ဟာ အောက်မြို့ ဟင်္သတကို နှင်ထုတ်ခံခဲ့ရပါတယ်။
အင်္ဂလိပ်စာသင်တာ မိစ္ဆာအယူ
အင်္ဂလိပ်ခေတ်မှာတော့ ဘာသန္တရတိုက်ပွဲတစ်ခု ဘုန်းကြီးတွေကြား ပေါ်ထွက်လာပါတယ်။ ဆရာတော် အရှင် အာဒိစ္စ၀ံသ ပြုစုတဲ့ စာသင်သား ရဟန်းသံဃာများ သာသနာပြုဖို့ အင်္ဂလိပ်စာသင်ကြားရေး ဆိုတဲ့ “ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို အကြောင်းပြုပြီး ပြဿနာတက်ခဲ့တာပါ။
အဲဒီခေတ် ဆရာတော်ကြီးအများစုက အရှင် အာဒိစ္စ၀ံသရဲ့ အဆိုပြုချက်ကို မိစ္ဆာအယူဆိုပြီး ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ယနေ့ မြန်မာနိုင်ငံက ရဟန်းသံဃာ အများအပြား တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာကို အကြီးအကျယ်လိုက်စားနေကြပေမဲ့၊ အခုထိ ရှင်အာဒိစ္စ၀ံသရဲ့ ‘ဘာသန္တရ လမ်းညွှန်ကျမ်း’ ကို သာသနာရေး ၀န်ကြီးဌာနက ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ထားဆဲပဲ ဖြစ်ပါတယ်။ ရှင်အာဒိစ္စ၀ံသအပေါ် အမှားလုပ်ခဲ့တာကို ၀န်မခံနိုင်သေးလို့ ဖြစ်ပါတယ်။
သာသနာကြီးပွားဖို့ မင်းကိုပဲ အမှီပြုရမလား
အထက်က တင်ပြခဲ့တာဟာ မင်းဆရာတော်တွေနဲ့ ရိုးရိုးကျင့်ကြံနေထိုင်တဲ့ ဆရာတော်တွေရဲ့ ပြဿနာတွေထဲက အထင်ကရဖြစ်ခဲ့တဲ့ ဥပမာ အချို့သာဖြစ်ပြီး၊ ကျေးလက်၊ တောရွာ မြို့နယ်တွေမှာ အာဏာရှိသူနဲ့ နီးစပ်တဲ့ဘုန်းကြီးနဲ့ အာဏာနဲ့မနီးစပ်တဲ့ ဘုန်းကြီးရဟန်ုးတွေကြား  ခေတ်အဆက်ဆက် ပြဿနာ ကြီးကြီးသေးသေးတွေ ရှိနေခဲ့၊ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ထေရ၀ါဒသာသနာရဲ့ အရေးပါတဲ့ သင်္ဂါယနာ ခြောက်ကြိမ်တင်တာကိုကြည့်ရင်လည်း အဇာတသတ်မှ ဦးနု အထိ ရဟန်းသံဃာတွေဟာ မင်းတွေကို  အမှီပြုခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် အစိုးရ မင်းတွေရဲ့ ဂုဏ်ပြုပူဇော်မှုခံရတဲ့ ဆရာတော်တွေက ဘုန်းကြီးအချင်းချင်းကြားမှာကို ခေါင်းတစ်လုံးပိုပြီး၊ နိဗ္ဗာန်နဲ့ ပိုနီးလေဟန် အထင်ခံရတတ်ပါတယ်။ မင်းတွေနဲ့ အစိုးရတွေကလည်း သာသနာကိုလည်း ချီးမြောက်ရင်း၊ လူထုကြား သူတို့အာဏာတည်မြဲရေးအတွက် ဘာသာရေးကို တစ်ချက်ခုတ်နှစ်ချက်ပြတ် အသုံးချခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ယနေ့ မြန်မာအစိုးရနဲ့ သံဃာမဟာနယကအဖွဲ့ (မဟန) အထိ လက်ဝါးရိုက် ဆက်လက် ကျင့်သုံးနေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ သံဃာနာယက ဆရာတော်တွေဟာ ဗုဒ္ဓဘုရားရှင်နဲ့ သံဃာထုကို ကိုယ်စားပြုဖို့ထက်၊ အစိုးရရဲ့ အမိန့်ကို လိုက်နာအကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေကြတာ ဖြစ်ပါတယ်။
မဟနအဖွဲ့ကို မဆလခေတ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ အစိုးရက ဖွဲ့စည်းခဲ့သလဲဆိုတာ တွေးကြည့်ရင် မြင်သာပါတယ်။ မဟနဟာ ဘယ်သူကို ကိုယ်စားပြုပေးနေသလဲဆိုတာ ရွှေဝါရောင်တော်လှန်ရေးမှာ အားလုံး ထင်ထင်ရှားရှား မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုတစ်ခါ ရွှေည၀ါဆရာတော်ကိစ္စမှာလည်း ရုပ်ပျက်ဆင်းပျက် ထပ်မြင်တွေ့ရပါတယ်။
မဟနအဖွဲ့အစည်း နောက်နောင် ဆက်ရှိနေသမျှလည်း မြန်မာနိုင်ငံက သံဃာထုအရေးနဲ့ သာသာနာ့အရေး ဆောင်ရွက်ဖို့ထက်၊ အစိုးရအကျိုးကာကွယ်ဖို့ပဲ လုပ်သွားဖို့ရှိပါတယ်။ အကြောင်းကတော့ သံဃာမဟာနာယက အဖွဲ့ဆိုတာ သာသနာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဌာနတစ်ခု ဖြစ်နေရလို့ပါပဲ။ လွတ်လပ်တဲ့ ဘာသာရေး အဖွဲ့အစည်း မဟုတ်လို့ပါပဲ။
ဘာသာရေးနဲ့ ဒီမိုကရေစီ
အခု စာရေးသူ တင်ပြနေတာက ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ ဘယ်လို လက်တွဲသွားနိုင်မလဲဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွန်းဖို့ ထေရ၀ါဒဘာသာရေးက ဘယ်လို ဆက်လက် အကျိုးပြုနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးကို ဆွေးနွေးကြည့်ခြင်းမျှ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ လက်တွဲသွားနိုင်ဖို့အတွက် အရင်ဆုံး ဒီမိုကရေစီရဲ့ နောက်ကြောင်း နည်းနည်း ပြန်ကြည့်ဖို့လိုအပ်ပါမယ်။
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေဟာ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို ကြီးကျယ်ခမ်းနားဂုဏ်မြင့်သူတွေလို့ ထင်ပါစေ၊ အခုမှ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရဆဲ ဒီမိုကရေစီကို ကျင့်သုံးဖို့ စမ်းတ၀ါးဝါး သွားနေရဆဲဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ ဒီမိုကရေစီမှာ လေးဘက်တွားအဆင့်ပဲ ရှိပါသေးတယ်။ ဒီတော့ လစ်ဘရယ် ဒီမိုကရေစီ ဘိုးအေ အနောက်နိုင်ငံတွေရဲ့ ဖြတ်သန်းမှုကို တစေ့တစောင်း လေ့လာရမှာပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ဒီမိုကရေစီကို သူတို့ ဘယ်လို လက်တွဲသွားခဲ့သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။
လစ်ဘာတီအစ ကျောင်းတော်က
ယနေ့ ဒီမိုကရေစီလို့ ပြောနေကြတဲ့အခါ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ပြောတာဖြစ်ပါတယ်။ လစ်ဘရယ်ဆိုတဲ့ တစ်ဦးချင်း လွတ်လပ်ခွင့် (လစ်ဘာတီ) နဲ့ လူအများ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ကို နှစ်ခု ပေါင်းစပ်ထားတာကို ပြောကြတာဖြစ်ပါတယ်။
လစ်ဘာတီ မရှိရင် ဒီမိုကရေစီဟာ အာဏာရှင်စနစ်ကိုတောင် ဦးတည်စေပါတယ်။ ဥပမာ၊ ဂျာမဏီက ဟစ်တလာနဲ့ ယူဂိုစလပ်က မီလိုဆဗစ် တို့ဟာ လူထုရဲ့ မဲအပြတ်အသတ် ထောက်ခံမှုနဲ့ တင်မြှောက်ခံခဲ့ရပြီး အာဏာရှင်တွေ ဖြစ်လာသူတွေပါ။
အဲတော့ ဒီမိုကရေစီဖွံ့ဖြိုးဖို့နဲ့ လမ်းမှန်ရောက်ဖို့အတွက် လစ်ဘာတီက ထိန်းကြောင်းပေးပါတယ်။ အနောက်မှာ ဒီမိုကရေစီ မဖြစ်ထွန်းမီ လွတ်လပ်မှုဆိုတဲ့ လစ်ဘာတီက အရင်စလာပါတယ်။ အဲဒီ အနောက်ရဲ့ လစ်ဘာတီကို စတင်ဖြစ်ထွန်းစေရာမှာ ခရစ်ယာန်ကျောင်းတွေရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ တစ်နည်းပြောရရင် အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်ဒီမိုကရေစီမှာ ကျောင်းတော်နဲ့ နိုင်ငံတော် စည်းခြားမှု (Separation of Church and State) က အလွန် အရေးပါပါတယ်။
ခရစ်ယာန်ကျောင်းတွေနဲ့ ဘုရင်တွေဟာ ခေတ်အဆက်ဆက် အားပြိုင်ပွဲတွေ ရှိခဲ့ကြပါတယ်။ ဘုရင်တွေက ဘာသာရေးကို ချုပ်ကိုင်နိုင်တာထက် ပုပ်ရဟန်းမင်းတွေက ဘုရင်တွေကို ပြန်လည်ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီလို ကျောင်းတော်နဲ့ နိုင်ငံတော် အားပြိုင်မှုတွေကနေ အကျိုးထွက်တာက လူသားတွေရဲ့ လွတ်မြောက်မှုပါပဲ။ အုပ်ချုပ်သူတွေက လူထုကို ဖိနှိပ်ဖို့လုပ်တဲ့အခါတိုင်း ခရစ်ယာန်ကျောင်းတွေတွေ အကာကွယ်ပေးပါတယ်။
ဒီဖြစ်ရပ်ကို နောက်ဆုံး နိုင်ငံလေးဆယ်ကျော် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ တတိယလှိုင်းဖြစ်စဉ်မှာလည်း (၁၉၇၄ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်တွေအထိ) တွေ့ရပါတယ်။ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား စတဲ့ အရှေ့ဥရောပနိုင်ငံတွေနဲ့ လာတင်အမေရိက တိုင်းပြည်တွေကို သွားတဲ့ ပုပ်ရဟန်းမင်း ဂျွန်ပေါရဲ့ ခရီးစဉ်တွေဟာ အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးပြီး ကတ္တီပါတော်လှန်ရေးတွေ ဖြစ်ထွန်းစေခဲ့ပါတယ်။
ဒီနေရာမှာ ခရစ်ယာန်ဘာသာကောင်းတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ၁၆ ရာစု၊ ၁၇ ရာစုလောက်က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေဆို အတွေးအခေါ်သစ်ရှိသူတွေကို ပိတ်ပင် ကားစင်တင် မီးရှို့ လုပ်ခဲ့ကြတာပါပဲ။
ဒါပေမဲ့ ခရစ်ယာန် ကျောင်းတော်တွေက နိုင်ငံတော်ရဲ့ အာဏာကို အမြဲဆန့်ကျင့်ပေးထားတတ်ပါတယ်။ အဲဒီလို ဘုရင်တွေရဲ့ အာဏာကို ကန့်သတ်ထားမှုကနေ နိုင်ငံသားတွေအတွက် မွေးခြင်း သေခြင်း၊ အိမ်ထောင်ပြုခြင်း လွတ်လပ်စွာ စီးပွားရှာခြင်း စတဲ့ လူမှုအကာအကွယ်တွေ ပေးလာနိုင်ခဲ့ပါတယ်။ တစ်ဦးချင်း အခွင့်အရေးတွေ တိုးတက်လာစေခဲ့ပါတယ်။
ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားဖို့ ဦးဗုဓ်ပြော
အခု ပြောနေတာ ဘယ်ဘာသာက ဘယ်ဘာသာထက် ပိုကောင်းတယ်ဆိုတဲ့ ဘာသာရေး အငြင်းပွားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာသာရေးက လူ့အဖွဲ့အစည်းအတွင်း လစ်ဘရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။
အနောက်ဒီမိုကရေစီရဲ့ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှု (Separation of Church and State) ဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်သင့်ပြီဆိုတာ တင်ပြနေခြင်း ဖြစ်ပါတယ်။
လက်ရှိ သံဃာမဟာနယကအဖွဲ့ဟာ နိုင်ငံတော်အစိုးရရဲ့ အောက်ကနေ ရုန်းထွက်ပြီး သီးခြားလွတ်လပ်တဲ့ ဘာသာရေးအဖွဲ့အစည်းအဖြစ် ရပ်တည်သင့်ပါတယ်။ ဒီလို ခွဲခြားရပ်တည်တာဟာ ရဟန်းသံဃာတွေ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ အစိုးရက အစိုးအာဏာလုပ်ငန်းသတ်သတ်၊ ရဟန်းတွေက ကိုယ့်ဘာသာရေးလုပ်ငန်း သတ်သတ် စည်းခြားလိုက်ကိုင်ကြခြင်းသာဖြစ်ပါတယ်။
အဲဒီလို ခွဲထွက်နိုင်မှုကသာ ဗုဒ္ဓသာသနာကို  လွတ်လပ်မှု အပြည့်နဲ့ ပိုမိုတိုးတက်လာစေပြီး၊ လူထုအတွက်အတွက်လည်း လွတ်လပ်မှုနဲ့ အကာအကွယ်တွေ ပိုမို ပေးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ လစ်ဘရယ်ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကျောင်းတော်နဲ့ နိုင်ငံတော် ခွဲခြားမှုဆန်ဆန် ပြောခဲ့တဲ့ ဆရာတော်တစ်ပါးကတော့ သာသနာ့ အာဇာနည် ညောင်ကန်ဆရာတော် ဦးဗုဓ် ဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ် ဟာ ပရိယတ္တိကိစ္စပြီးနေသူဖြစ်သလို၊ မင်းဧကရာဇ်ကိုတောင်မှ လုံးဝ ဂရုမစိုက်တဲ့ ရဟန်းဖြစ်ပါတယ်။
ရွှေဘိုမင်းက ဩ၀ဒါပေးဖို့ လျှောက်တဲ့အခါ၊ ဆရာတော် ဦးဗုဓ်က "မင်းက မင်းအလုပ် မင်းလုပ်ရင် ငါတို့ ဩ၀ါဒပေးစရာမလို၊ မင်းက မင်းအကျင့်မကျင့်ရင်လည်း ဒါဟာ ငါတို့ ကိစ္စမဟုတ်၊ အ၀ီစိ ကိစ္စပဲ" ဆိုပြီး ခပ်မာမာ ပြောခဲ့ပါတယ်။ ဆရာတော်ရဲ့ စကားက တိုတောင်းပေမဲ့၊ သာသနာ့အလုပ်နဲ့ မင်းအလုပ် ကိုယ့်အလုပ်ကိုယ် ခွဲလုပ်ကြဖို့ ခပ်ပြတ်ပြတ် ပြောခဲ့တဲ့စကားဖြစ်ပါတယ်။
နိုင်ငံရေးလုပ်နေတာ မဟနအဖွဲ့
တကယ်တော့ ရဟန်းသံဃာတွေဟာ အာဏာနိုင်ငံရေးရဲ့ ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်နေတဲ့ သံဃာတွေဟာ ထောင်ထဲက ကိုယ်တော်တွေ မဟုတ်ပါဘူး။ သာသနာရေးဝန်ကြီးဌာန လက်အောက်မှာ ဌာနကြီးတစ်ခုသဖွယ် ရပ်တည်နေတဲ့ သံဃမဟာနာယကအဖွဲ့က ဆရာတော်တွေပဲ ဖြစ်ပါတယ်။
ဒီဆရာတော်ကြီးတွေကသာ အဏာနိုင်ငံရေးနဲ့ နီးစပ်ပြီး အစိုးရကို ကျေးဇူးပြုနေတာ ဖြစ်ပါတယ်။ အစိုးရ ဆက်ကပ်ထားတဲ့ ရှည်လျားတဲ့ ဘွဲ့တံဆိပ်တော်တွေ၊ ဇိမ်ခံကားသစ်တွေနဲ့ လေအေးပေးစက်အောက်မှာနေပြီး မိမိတို့ရဲ့ တပည့်သံဃာတွေကို စောင့်ကြည့်ဖို့ အစိုးရအတွက် အလုပ်လုပ်ပေးနေရတာ ဖြစ်ပါတယ်။ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ လဘ်လာဘတွေနောက် ရဟန်းတွေလိုက်တာဟာ ဗုဒ္ဓသာသနာ ခြစားမှုကြီး ဖြစ်စေတာပါပဲ။
အပြီးတိုင်ဖျက်ပစ်ရမယ့် ဌာနပို
နောက် တစ်ဆက်ထဲ ပြောလိုတာက သာသနာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနဆိုတာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ မထားရှိတဲ့ ဌာနဖြစ်ပါတယ်။ အီရန်နဲ့ ဆော်ဒီတို့လို နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းပြီး အစိုးရက လူထုကို ဘာသာရေးအကြောင်းပြနှိပ်ကွပ်ဖို့ ထားရှိတဲ့ ဌာနမျိုးဖြစ်ပါတယ်။
သာသနာရေးဝန်ကြီးဌာနကို သာမန်အားဖြင့် သာသနာကို ချီးမြှောက်တဲ့ အဖွဲ့လို့ ဗုဒ္ဓဘာသာဝင်တွေက မြင်တတ်ပါတယ်။ အမှန်တော့ ဘာသာရေးကို အာဏာနဲ့ ရောထွေးစေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မဟန ဆရာတော်ကြီးတွေကို အာဏာနဲ့ ပတ်သက်စေပြီး သာသနာကိုပျက်စီးစေတဲ့ ဌာနကြီးဖြစ်ပါတယ်။ ဘာသာရေး သာသနာရေးဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းပုံစံဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အနာဂတ် ဗုဒ္ဓသာသနာ သန့်ရှင်းရေးတည်တံ့ရေးအတွက် လွတ်လပ်တဲ့ သံဃာ့အဖွဲ့အစည်းပုံစံသစ် မြန်မာနိုင်ငံမှာ ရှိဖို့လိုအပ်နေပါပြီ။ နိုင်ငံတော်အောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်တဲ့ မဟနအဖွဲ့အသစ် ပေါ်ထွန်းဖို့နဲ့ သာသနာရေးဝန်ကြီးဌာန ဖျက်သီမ်းဖို့ လိုအပ်နေပါပြီ။ ဒီလိုဖြစ်ဖို့ကိုလည်း ရဟန်းသံဃာတိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက တာဝန်တစ်ရပ်အဖြစ် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဗုဒ္ဓဘာသာဟာ ပင်ကိုယ်အားဖြင့် လွတ်လပ်မှုအပြည့်ရှိတဲ့ ဘာသာရေးဖြစ်ပါတယ်။ အာဏာနိုင်ငံရေး ကင်းရှင်းတဲ့ ဘာသာရေး ဖြစ်ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ သာ အပြည့်အ၀ လွတ်လပ်မှု ရှိလာခဲ့ရင် တိုင်းပြည်ရဲ့ ယိုယွင်းခြစားနေတဲ့ စာရိတ္တမဏ္ဍိုင် ပြည်လည်တည့်မတ်ဖို့ ဦးဆောင်လမ်းပြနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ လျှောက်လှမ်းနေတဲ့ လစ်ဘရယ်ဒီမိုကရေစီလမ်းကို ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲနေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ဝင့်ထန်း
http://www.maukkha.org/index.php/feature-article/1664-maukkha-monks 
မောက္ခပညာရေးမဂ္ဂဇင်းမှာဖတ်ခဲ့ရတာကို ပြန်လည်မှတ်တမ်းပြုခြင်းဖြစ်ပါတယ်။ (အမရဒီပ)
ဝင့်ထန်းရဲ့ မိုးပြာဆောင်းပါး
သံဃမဟာနာယက အဖွဲ့က မိုးပြာဆရာတော်ကို အနိုင်ကျင့် ထောင်ချသလား
Details
Published on Saturday, 03 September 2011 12:39
Written by ၀င့်ထန်း
Hits: 10023
 ဗုဒ္ဓ၀ါဒသည် အစဉ်အလာ ထုံးစံအားဖြင့် အကြမ်း ဖက်မှုကို ဆန့်ကျင်ပြီး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား လက်ကိုင်ပြုကာ ငြိမ်းချမ်းရေးကို လျှောက်လှမ်းသော ဘာသာတရား ဖြစ်သည်။
ဘာသာမတူသူ၊ အယူဝါဒ မတူသူနဲ့ အမြင်မတူသူများအပေါ် သည်းခံမှု (tolerance) ပေးစွမ်းနိုင်တဲ့ ဘာသာတရား တစ်ခုအဖြစ်လည်း ကမ္ဘာ့အလယ်မှာ ကျော်ကြားနေဆဲ ဖြစ်သည်။
အယူအဆ မတူသူများအပေါ် ဗုဒ္ဓ၀ါဒရဲ့ ခန္တီတရားနဲ့ပတ်သက်ပြီး၊ ဘီစီ ၂၆၈ မှာ ရေးထိုးခဲ့တဲ့ အိန္ဒိယပြည့်ရှင် အသောကမင်းရဲ့ ကျောက်စာတိုင်ကလည်း ထပ်မံသက်သေခံနေသည်။ အသောကမင်းက သူ့ကျောက်စာတိုင်မှာ အောက်ပါအတိုင်း ရေးထားသည်။
"အခြားဘာသာများအပေါ် ဝေဖန်ရှုတ်ချပြီး မိမိဘာသာကိုသာ ချီးမွမ်းမနေသင့်။ မိမိဘာသာ သာသနာကို တိုးတက်ကြီးပွားအောင်လုပ်ရင်းပင်၊ အခြားဘာသာ အယူဝါဒများကိုလည်း အားပေးချီးမြှောက်မှု ပြုကြရမည်။ ဒီလိုမဆောင်ရွက်ရင်၊ အခြားဘာသာ အယူဝါဒများအတွက် ဘေးအန္တရာယ်ဖြစ်စေသလို၊ မိမိဘာသာကိုလည်း မြေမြှုပ်သဂြိုင်္ဟ်ပြီးသား ဖြစ်သွားလိမ့်မည်...."
အနောက်တိုင်း အတွေးအခေါ်မှာ ပြင်သစ်စာရေးဆရာကြီး ဗောလ်တဲယား ရဲ့ အဆိုအမိန့်တစ်ခုကလည်း ဘာသာအယူဝါဒနဲ့ အမြင် အယူအဆ မတူသူတို့အပေါ် သည်းခံမှုနဲ့ ပတ်သက်ပြီး နာမည်ကြီးသည်။
"ခင်ဗျား ပြောတဲ့ဟာကိုတော့ ကျုပ်သဘောမတူဘူး၊ ဒါပေမဲ့ ခင်ဗျား အဲဒါ ပြောဆိုခွင့် ရဖို့တော့ ကျုပ် အသေခံပြီး ကာကွယ်ပေးသွားမယ်" ဆိုတဲ့ စကားဖြစ်သည်။
အသောကမင်းကြီးရဲ့ ကျောက်စာတိုင်ရော၊ ဗောလ်တဲယား ရဲ့ စကားကပါ နှစ်ခုစလုံးက လူသားထုအတွက် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့ကို အကြီးအကျယ် အားပေးရာ ရောက်ခဲ့သည်။
-------------------------
မကြာခင်က မြန်မာအင်ဂျင်နီယာဖိုရမ် အဖွဲ့က သူတို့ ၀ဘ်ဆိုဒ်မှာ အငြင်းပွားဖွယ် ဗုဒ္ဓဘာသာ အယူအဆ တစ်ခုအကြောင်း ဆွေးနွေးထားသည်။ အင်ဂျင်နီယာတွေက ဘာသာရေးကို ဆွေးနွေးထားတဲ့အတွက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ ဘာသာရပ်နယ်ပယ်များ ပေါင်းစည်းထိစပ်မှု သက်သေပြယုဂ်တစ်ခုဟုပင် ဆိုရမည်။
မြန်မာအင်ဂျင်နီယာတွေ ဆွေးနွေးတဲ့ အကြောင်းရာက ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း ဖြစ်သည်။ ပစ္စုပ္ပန် ကမ္မ၀ါဒ အယူအဆကို တင်ပြတဲ့ မိုးပြာဆရာတော် (ခေါ်) ဆရာတော် ဓမ္မ၀ိဟာရီ ရှင်ဥာဏ အကြောင်း ဖြစ်သည်။
ရှင်ဥာဏ က သံဃမဟာနာယအဖွဲ့ကို ရှေ့ဘ၀၊ နောက်ဘ၀ အယူမှားတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အခါ၊ သံဃာဂိုဏ်းခွဲဖို့ ကြံတယ်ဆိုပြီး၊ သံဃာမဟာနာယက ဆရာတော်ကြီးများက ရှင်ဥာဏ ကို (၃) နှစ် ထောင်ချလိုက်တဲ့ အကြောင်း ဖြစ်သည်။ နောက်မှ နာယက ဆရာတော်ကြီးများက တရားနိုင် ပြန်ပေးပြီး မှားယွင်းမှုလို့ဟု ပြောဆိုဝန်ခဲ့သည်။
ကျမ်းစာအုပ် တစ်ဒါဇင်ကျော် ရေးသားသူ ဆရာတော် ဓမ္မ၀ိဟာရီ ရှင်ဥာဏ ထောင်ကပြန်ထွက်လာတော့လည်း ပစ္စုပ္ပန် ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆိုပြီး ရန်ကုန်တွင် သီးခြားရပ်တည် သီတင်းသုံးသည်။ ၀ါနီရောင် သင်္ကန်း မ၀တ်ဆင်စေဘဲ၊ သင်္ကန်းအပြာရောင်သာ ၀တ်ခွင့်ပြုသည်။
အမြင်မကြည်လင်တဲ့ သံဃာမဟာနာယကအဖွဲ့က ရှင်ဥာဏကို စစ်အစိုးရနဲ့ပေါင်းပြီး ထောင်ထဲ ပြန်ထည့်လိုက်ပြန်သည်။ ဆရာတော် ရှင်ဥာဏ မှာ သူ့အယူအဆအတွက် အဓမ္မ၀ါဒီအဖြစ် အစွပ်စွဲခံရပြီး၊ လက်ရှိအချိန်ထိ ထောင်ထဲမှာပင် ရှိနေသေးသည်။
ဆရာတော် ရှင်ဥာဏရဲ့ ပစ္စုပ္ပန် ကမ္မ၀ါဒ အယူအဆမှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာဝင်များကြားတွင် ယခုချိန်ထိ ရေပန်းစားမှု မရှိပါ။ သို့သော် သံဃနာယက အဖွဲ့အတွက်တော့ ပြိုင်ဘက် အဓမ္မအယူအဆအဖြစ် သဘောထားကာ အမျိုးမျိုး ပိတ်ပင်တားမြစ်ထားရုံမက၊ မိမိအမြင်ရှုထောင့်တစ်ခု တင်ပြသူကို ထောင်ချထားသည်။ ထိုကဲ့သို့ အတွေးသစ်အမြင်သစ် တင်ပြသူကို နိုင်ငံတကာ တက္ကသိုလ်များတွင်တော့ မိစ္ဆာဒိဌိ ဟု မသတ်မှတ်ဘဲ စာတမ်းတစ်ခု(thesis) အဖြစ် လက်ခံထားကြမည်သာ ဖြစ်သည်။
အခုတော့ အခြားဘာသာကွဲများကိုတောင် ရပ်တည်ခွင့် ပေးထားတဲ့ မြန်မာနိုင်ငံမှာ၊၊ ဗုဒ္ဓဘာသာကို အမြင်တစ်ခုဖြင့် တင်ပြသူကို ထောင်ချထားသည်မှာ ခန္တီတရား လက်ကိုင်ထားတဲ့ ထေရ၀ါဒ သမိုင်းအတွက် အမည်းစက် စွန်းထင်းဖွယ်ရာ ဖြစ်သည်။
သံဃမဟာနာယက ဆရာတော်များရဲ့ လုပ်ရပ်က မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အားနည်းမှုကို ထင်ဟပ်ဖော်လျက် ရှိသည်။ သံဃာမဟာနာယက အဖွဲ့ဟာ လွတ်လပ်သော ဘာသာရေးအဖွဲ့ မဟုတ်ဘဲ၊ အာဏာပိုင် ယန္တရားသဖွယ် အမြင်ကွဲလွဲသူများအပေါ် ရက်ရက်စက်စက်ပြုမူရာ ရောက်နေသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဆရာတော် ဦးဇ၀နကတော့၊ ရှင်ဥာဏ ရဲ့ ပစ္စုပ္ပန် ကမ္မ၀ါဒ အပေါ် အမှားအမှန် ဝေဖန်မှုမပေးလိုကြောင်း၊ အားလုံးလွတ်လပ်စွာ ဆွေးနွေးရမည့် အကြောင်းအရာဖြစ်ကြောင်း ပြောသည်။
သို့သော် ရှင်ဥာဏရဲ့ အယူအဆကို လက်ခံတာ မခံတာ အပထား၊ သူ့အယူအဆကို တင်ပြခွင့်ရဖို့အတွက် ထောင်အကြိမ်ကြိမ်ကျခံ နေရသူမို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သံဃာနာယကအဖွဲ့အနေနဲ့ အာဏာရှိသူနဲ့ ပေါင်းပြီး ရှင်ဥာဏကို အနိုင်ကျင့်ရာရောက်ကြောင်း ဦးဇ၀န ကမိန့်ကြားသည်။
မြန်မာနိုင်ငံသည် အမြင်အယူအဆ ပေါင်းစုံ ရှင်သန်ခွင့်ရှိဖို့၊ ဘာသာရေး လွတ်လပ်ခွင့်ရရှိဖို့၊ ဒီမိုကရေစီပန်းတိုင် ရောက်ရှိဖို့ လျှောက်လှမ်းနေကြချိန် ဖြစ်သည်။ လက်ရှိ သံဃမဟာနာယကအဖွဲ့ရဲ့ ရှင်ဥာဏ အပေါ် ပြုမူပုံမှာ မြန်မာလူထုရဲ့ အတွေးအခေါ် လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိစေရုံသာမက၊ အနာဂတ် ထေရ၀ါဒ သာသနာရေး အတွက်ပါ စိုးရိမ်ဖွယ် ရှိမှုကို ထင်ဟပ်ပြသနေသည်။
ဝင့်ထန်း
http://www.maukkha.org/index.php/news-menu/local-news-maukkha/1218-2011-09-03-12-45-24 
မောက္ခပညာရေးမဂ္ဂဇင်းမှာဖတ်ခဲ့ဖူးတာကို ပြန်လည်ဝေမျှတာပါ။ (အမရဒီပ)
ရွှေယပ်တောင်ကိုင်ကာဟောချင်ပေမယ့်
ဓမ္မာစရိယအောင်မှနယ်လှည့်ဓမ္မကထိကလုပ်ခွင့်ပြုမယ်-သတင်းထွက်လာတော့ ကြားဖူးသိဖူးသလောက်ဓမ္မက
ထိကဆရာတော်တွေကို ဓမ္မာစရိယအောင်သလား၊ မအောင်ဘူးလားပေတံနဲ့ တိုင်းနေမိတော့တယ်။
သည်လိုတိုင်းတာမိလို့  ထိခိုက်မှုရှိလေမလား၊အပြစ်များရှိနေမလားလို့ တွေးမိတယ်။ ဘယ်သူကိုမှ မထိခိုက်စေ
ချင်တာ ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မာစရိယအောင်မှ နယ်လှည့်ဓမ္မကထိကလုပ်ရမယ်--ဘောင်ကန့် 
သတ်လိုက်တဲ့အတွက် ရွှေပလ္လင်တက်ခွင့်မရတော့တဲ့ဆရာတော်များထဲမှာ ခင်မင်လေးစားရတဲ့ ညီနောင်ရဟန်း
များပါနေတော့ သူတို့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
ဓမ္မာစရိယတန်းမအောင်ဘဲ ကျော်ကြားတဲ့ဓမ္မကထိကဆရာတော်ဖြစ်နေသူတွေကတော့---
"ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ"
"ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ"
"မေတ္တာရှင်အရှင်ဇဝန (ရွှေပြည်သာ) "
"တွံတေး အရှင်ဣန္ဒက"
"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ"
"အောင်ဆန်းဆရာတော်"
"ရွှေညဝါဦးပညာသီဟ"
"ဆူနာမီဦးဥတ္တမသာရ"
"ဒလဦးသန်းရွှေ"
"ဦးကိတ္တိသာရ (ခေါ်) ရုပ်ရှင်မင်းသားကြီးကျော်ဟိန်း"
စသည်တို့ ဖြစ်ကြတယ်။ သိသလောက်ကြားဖူးသလောက်ကိုသာ အမည်စာရင်းချကြည့်တာပါ။ အားလုံး
မဟုတ်ပါဘူး။
တချို့ ဆောင်းပါးရှင်၊ ရေဒီယိုမှာပင်တိုင်အသံလွှင့်ခွင့်ရသူတို့ က သံဃာ့မဟာနာယကရဲ့ ဓမ္မာစရိယနဲ့ ဓမ္မကထိက
ဘောင်ကန့် သတ်ချက်ဟာ ဒယ်အိုးဆရာတော်ကို တိုက်ခိုက်တာပဲ၊ မေတ္တာရှင်ဆရာတော်ကို တိုက်ခိုက်တာပဲလို့ 
ပြောကြ၊ ရေးကြတာ တွေ့ ရပါတယ်။ ဆိုခဲ့ပြီး ဆရာတော် ၂ ပါးသာ ဒီစည်းကမ်းချက်ကြောင့် ထိခိုက်နစ်နာရတာ 
မဟုတ်ပါဘူး။  တခြားနစ်နာထိခိုက်ရတဲ့ ဓမ္မကထိကဆရာတော်များလည်းရှိနေသေးတယ်ဆိုတာဖြည့်စွက်ပြော
ပြချင်တယ်။ ဒီဆရာတော်တွေနယ်လှည့်ဓမ္မခရီးမထွက်ဖြစ်ရင်ဓမ္မပူဇာငွေနဲ့ ရပ်တည်လှုပ်ရှားနေတဲ့ ပရဟိတ
လုပ်ငန်းတွေလည်း ထိခိုက်ယိုယွင်းလာမယ့်အကျိုးဆက်တွေရှိနေပါတယ်။ သည်လုပ်ငန်းတွေ အရှိန်အဟုန်
မပျက်လည်ပတ်နိုင်အောင် နည်းလမ်းရှာကြံရတော့မှာဖြစ်ပါတယ်။
နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ ဓမ္မကထိကတွေအတွက် ဓမ္မာစရိယပညတ်ချက်ကြောင့် ဓမ္မကထိက
လောကမှာအချိုးအကွေ့ တခုတော့ ဖြစ်သွားပါလိမ့်မယ်။ဓမ္မကထိကခါးဆက်ပြတ်မလား။ ဓမ္မာစရိယအောင် တရားဟောဆရာတွေဟာ ဓမ္မာစရိယမအောင်သူတရားဟောဆရာတွေရဲ့ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်
စံချိန်ကို ကျော်နိုင်မလား၊ မကျော်နိုင်ဘူးလား ဆိုတာကို စောင့်ကြည့်ရတော့မှာပဲလေ--။
အမရဒီပ
၃-၂၃-၂ဝ၁၂
Wednesday, March 21, 2012
အပြာရောင်ဝတ်ဘုန်းကြီး၊ ဓမ္မာစရိယတန်းအောင် ဓမ္မကထိက
နိဒါန်း
ဒီနေ့  အင်တာနက်သတင်းမှာ ဘာသာ၊ သာသနာဆိုင်ရာ သတင်း ၂ ပုဒ်တွေ့ မိတယ်။ တပုဒ်က မိုးပြာဦးဉာဏသတင်း၊ နောက်တခုက ဓမ္မာစရိယတန်းအောင်မှ နယ်လှည့်ဓမ္မကထိကဘဝနဲ့  အနယ်နယ်မှာ တရားဟောပြောခွင့်ရမယ်ဆိုတဲ့သတင်းတွေပါပဲ--။
အပြာရောင်ဝတ်စုံနဲ့ မြန်မာဘုန်းကြီးတမျိုး
၁၉၈၃ ခုနှစ်က သာသနာညှိုးနွမ်းစေမှုနဲ့  ထောင်ဒဏ်အပြစ်ပေးခံရဖူးသူ ဦးဉာဏဟာ ထောင်ကလွတ်မြောက်တဲ့အခါ 
ထေရဝါဒဗုဒ္ဓဘာသာအဖြစ်ကို စွန့် လွှတ်၊ အပြာရောင်ဝတ်၊ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ (ခေါ် )ဝိသေသဗုဒ္ဓဘာသာကိုထူထောင်ပြီး တပည့်သာဝကများစွာခြံရံမှုရရှိလာချိန် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ နယ်၊ ကျီကုန်းရွာ၊ အနုပါဒါယဉ်ကျေးမှုမိုးပြာခြံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အခြေခံကနေ စပြီး စော်ကားပုတ်ခတ်တဲ့ စာအုပ်စာတမ်း
များထုတ်ဝေခြင်း၊ ဟောပြောပြသခြင်း၊ သင်တန်းပေးခြင်း၊ အင်တာနက်သို့ တင်ပြီး ကမ္ဘာဖြန့် ခြင်း စတဲ့ စတဲ့ လုပ်ငန်းတွေ
လုပ်ဆောင်သီတင်းသုံးနေခိုက်မှာ ဖမ်းဆီးခံရတယ်။ ဘာသာရေးပုဒ်မတွေနဲ့  တရားစွဲခံရပြီး ထောင်ဒဏ်နှစ် ၂ဝ ချမှတ်ခံထားရတယ်၊ အခု သူဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်မှာ အကျဉ်းသားအဖြစ်ရောက်နေတယ်၊
အာရှလူ့ အခွင့်အရေးကော်မရှင်က ဦးဉာဏကိုအခုလိုလုပ်တာဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိမှုနဲ့ လွတ်လပ်စွာ အသင်းဖွဲ့ စည်းခွင့်မရှိဖြစ်နေတယ်လို့  ထုတ်ဖော်ပြောဆိုကြောင်း သတင်းက ဆိုပါတယ်။
မြန်မာပြည်ကထင်ရှားတဲ့ ရှေ့ နေကြီးတဦးဖြစ်တဲ့ ဥပဒေအကျိုးဆောင် ဦးအောင်သိန်းကလည်း ဦးဉာဏဟာ ၁၉၈၃ ခုနှစ်အဖမ်းရတာ၊ ၂ဝ၁ဝ အဖမ်းခံရတာ အမှုတခုတည်းကြောင့်ဖြစ်တယ်။ အမှုတခုကို ၂ ခါအပြစ်ပေးခံတာဖြစ်လို့ 
 တရားမျှတမှုမရှိဘူးလို့  ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။
"ကျနော်တို့ က သူ့ ကို ယုံကြည်ချက်အကျဉ်းသားလို ဖြစ်နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့ ဘာသာ
လမ်းခွဲထွက်ပြီးတော့ အပြာဝတ်ပြီး ရပ်တည်နေတဲ့သဘောပေါ့။ ကျနော်သူ့ အစီအစဉ်ကို မပြောလိုဘူး။ ကျနော်ပြောတာက ဥပဒေဆိုင်ရာကိစ္စကိုပြောတာပါ။ ဥပဒေက ချပြီးသားအမှုကို ထပ်ပြီးချတယ်ဗျာ"
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၇/ ၂ဝ၁၁) ရဲ့ ရှင်းလင်းပြောဆိုချက်အရ ဦးဉာဏဟာ ထေရဝါဒ၊ မဟာယာနဗုဒ္ဓဘာသာမဟုတ်ဘူး။ ဒါကြောင့် သူ့ ဂိုဏ်းကို "ဝိသေသဗုဒ္ဓဘာသာ" နာမည်ပေးတယ်။
ပြီးတော့ ၁၃၄၁ ခုနှစ်၊ ၁၉၈ဝပြည့်နှစ်နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဂိုဏ်းအသစ်ထူထောင်ခွင့်ကို အစိုးရက တားမြစ်ခဲ့ပြီးဖြစ်တယ်။ ဦးဉာဏက အဲဒီတားမြစ်ချက်ကို မလိုက်နာဘဲ ပစ္စပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီး ဂိုဏ်းသစ် ထောင်တယ်။ အခု ဦးဉာဏက အဲဒီဥပဒေနဲ့ မလွတ်ကင်းတာကြောင့် ထောင်ကျနေရတယ်။
လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာနဲ့ ပတ်သက်လို့  သီးခြားဝိနည်းဓိုရ်အဖွဲ့ ရဲ့ ပြဆိုချက်ကို တိုက်ရိုက်ပဲ တင်ပြလိုပါတယ်။ တခုခုလွဲချော်သွားရင် စာဖတ်သူအတွက် မကောင်းဖြစ်မှာစိုးရိမ်လို့ ပါပဲ။
            "တိုင်းပြည်တပြည်ရဲ့ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အတိအလင်း
ပေးထားတာပဲ-ဟု အကြောင်းပြကာကွယ်လိုကြသေး၏။ မှန်ပါ၏။ "မည်သည့်ဘာသာများကို(မဆို) လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်"
ဗုဒ္ဓဘာသာ ခရစ္စယန် မွစ္စလင် ဟိန္ဒူဘာသာစသည် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်ကြောင်း၊ နတ်ကိုးကွယ်သောဘာသာစသည်မျာများကိုသာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ဟု ဆိုလိုသည်။ ကိုးကွယ်မှုကို မကန့် သတ်၊ မချုပ်ချယ်ရန် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်မှာ မှန်ပါ၏။
သို့ သော် ဗုဒ္ဓဘာသာဝင်များထဲမှ (မူလရှိပြီးဂိုဏ်းကြီးကိုးဂိုဏ်းမှတပါး) အခြားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲများကို လွတ်လပ်စွာ ထူထောင်ခွင့်ရှိသည်၊ ကိုးကွယ်ခွင့်ရှိသည်ဟု ဆိုလိုသည်မဟုတ်ပေ။
အရေးကြီးသည်မှာ မည်သည့်ဘာသာမျှ မဝင်ဘဲ အလွတ်နေလိုလျှင် နေနိုင်သည်။ နေကြသည်။ မနေဘဲ ဘာသာတခု ဂိုဏ်းတခုသို့ သက်ဝင်ခဲ့လျှင်ကား ထိုဘာသာ ထိုဂိုဏ်း၏ ဘာသာရေးစည်း ဂိုဏ်းစည်းကိုမူ လေးစားလိုက်နာရမည်ဖြစ်ပါ၏။"  (မိုးပြာဝိနိစ္ဆယ၊ စာမျက်နှာ ၁၂)
ဒီပြဆိုချက်အရ မိုးပြာဦးဉာဏဟာဗုဒ္ဓဘာသာထဲမှ နုတ်ထွက်နိုင်တယ်၊ ပြဿနာမရှိဘူး။ ပြဿနာက ညောင်ပင်ကြီးအောက်
 ညောင်ပင်လေးစိုက်တာပါပဲ။ ထေရဝါဒဗုဒ္ဓဘာသာစာပေတွေကို အသုံးပြုပြီ ထေရဝါဒဗုဒ္ဓဘာသာ ကို ဆန့် ကျင်တာ။ လိုရင်လိုသလို အသုံးချပြီး မလိုရင်မလိုသလို အပုပ်ချတာကို ဦးဉာဏလုပ်တာပါပဲ။ ဗုဒ္ဓဘာသာကထွက်တယ်ဆိုပြီး
ဗုဒ္ဓဘာသာနဲ့  လွတ်လွတ်ကင်းကင်းဟောပြောတာမျိုးလုပ်သင့်ပါရဲ့နဲ့ မလုပ်ဘဲ မလွတ်မကင်းလုပ်လာတာကြောင့်
 အခုပြဿနာပေါ်တာပါပဲ။
ဦးဉာဏတယောက် ထောင်ကလွတ်မြောက်လာတယ်ပဲထား--။ သူ့ ပြဿနာဟာ "ရိုဟင်ဂျာ"ကိစ္စလို ဖြေရှင်းရခက်လာမယ်။
 မြန်မာပြည်တိုင်းရင်းသားအဖြစ် ရိုဟင်ဂျာတွေ သတ်မှတ်ခြင်းမခံရသလို ဦးဉာဏရဲ့ ပစ္စပ္ပန် ကမ္မဝါဒဂိုဏ်းကို သက်ဆိုင်ရာဘာသာရေးအဖွဲ့ အစည်းက တရားဝင်ဂိုဏ်းဂဏတခုအဖြစ် လက်ခံမယ်မထင်ဘူး။ 
ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့နယ်မြေတစိတ်တဒေသကိုလွှမ်းမိုးပိုင်ဆိုင်ဖို့ ကြိုးစားသလို ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ
ဆိုတာလည်း ထေရဝါဒ၊မဟာယာနဗုဒ္ဓဘာသာဝင်တွေအကြားနေရာတနေရာယူနိုင်အောင် ကြိုးစားမှာပါပဲ။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားတခုအဖြစ်လက်ခံတာ၊ လက်မခံတာရှိပစေဦး--လူ့ အခွင့်အရေးဆိုတဲ့ ရှုထောင့်က ကြည့်သူရှိသလို ဦးဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဆိုတာကို လက်ခံတာ၊ လက်မခံတာထား-- လူ့ အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊
 လွတ်လပ်စွာယုံကြည်ခွင့်ဆိုတဲ့ ရှုထောင့်ကကြည့်ပြီး ပြောကြဆိုကြဦးမှာမို့  မိုးပြာရောင်ဝတ်ရုံရှင် ဦးဉာဏကိစ္စဟာ
"ပြောမဆုံးပေါင်တောသုံးတောင်"ဖြစ်နေဦးမယ်ဆိုတာ ခန့် မှန်းမိပါတယ်။
နယ်လှည့်၊ ကမ္ဘာလှည့်တရားဟောဆရာများ
ဘာသာ၊ သာသနာ၊ အယူအဆတခုခုကို ဟောပြောပို့ ချသူတိုင်း ကိုယ့်အလုပ်ကိုယ်ပိုင်ပိုင်နိုင်နိုင်ရှိသင့်တာ အထူးပြောစရာမလိုပါဘူး။ တရားဟောတယ်ဆိုတာ ပရိသတ်ကို စကားပြောရဲတာ၊ စကားပြောကောင်းတာ
လောက်နဲ့  မပြီးပါဘူး။ ဝိနည်း၊ သုတ္တန်၊ အဘိ၊မ္မာသဘောတရားတွေကို အခြေခံကျကျသင်ယူတတ်မြောက်နား
လည်ထားသင့်တယ်။ အရင်ခေတ်ကတော့ စာမေးပွဲဦးစားမပေးဘဲ တကယ်သိအောင်၊ တတ်မြောက်အောင် သင်ခဲ့ကြတယ်။ စာမေးပွဲအောင်လက်မှတ်ပြစရာမရှိဘဲ ကျမ်းပြုသွားတဲ့ ရှေးဆရာတော်ကြီးတွေရဲ့စာတွေပဲ ကြည့်ပါ။
အခုခေတ်ကတော့ စာမေးပွဲခေတ်ဖြစ်နေတယ်။ တတ်တာ၊ မတတ်တာမသိဘူး၊ စာမေးပွဲအောင်အောင် ကြိုးစားလာကြတယ်။ အဲဒီတော့ ရိုးရိုးသားသားနဲ့ စာမေးပွဲအောင်သူတွေက စာမေးပွဲလည်းအောင် တကယ်လည်း စာတတ်သူတွေဖြစ်လာတယ်။ ခိုးဖြေ၊ ခိုးကူးသူတွေကတော့ စာမေးပွဲကို အဆင့်မြင့်မြင့်အောင်ပေမယ့် အရည်အချင်းဆင်းရဲနိမ့်ကျသူတွေ ဖြစ်လာတယ်။
"ဂုဏ်ရှိသူကိုမှ လူမြင်တယ်"စကားအရှိသားပဲ--။ ဘွဲ့ ထူးဂုဏ်ထူးတွေဆိုတာ အဲဒါကို အထင်ကြီးသူတွေအတွက် ဆွဲဆောင်မှုတမျိုးဖြစ်တယ်။ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ဟာ စာမေးပွဲတွေ မအောင်လည်း သူ့ အရည်အ
ချင်းကို သူယုံပြီးသားပဲ။ ဒါပေမယ့် ဂုဏ်ရှိမှအလုပ်ဖြစ်မယ်ဆိုတာမြင်လို့  စာမေးပွဲဆိုင်ရာဂုဏ်တွေ ရအောင်ကြိုးစားခဲ့တယ်။
ဒီကနေ့ မှာ အချို့ တရားဟောဆရာတွေ စာတွေနားလည်တယ်၊ စာမေးပွဲဂုဏ်မရှိဘူး။ဂုဏ်မရှိလို့ 
မတွင်ကျယ်ဖြစ်ကြတယ်။ အဲဒီဆရာတွေ သံဃမဟာနာယကပြောသလို ဓမ္မာစရိယတမျိုးမျိုးအောင်ဖို့ လိုတယ်။ (မအောင်ရင် ကိုယ့်ကျောင်းကိုယ်ဟောပေါ့။ နယ်လှည့်ခွင့်တော့မရဘူးပေါ့လေ။)
ငယ်စဉ်ကတည်းက သာမဏေဝတ်၊ ရဟန်းပြုခဲ့ပေမယ့် ဗုဒ္ဓစာပေမသင်ဘဲ တိုင်းရင်းဆေးကုနည်းကိုသာ သဲကြီးမဲကြီးလိုက်စားခဲ့တဲ့ဘုန်းတော်ကြီးတပါး သက်တော် ၇ဝ လောက်မှာ စစ်အစိုးရကပ်တဲ့ "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ ရတယ်။ အဲဒီအဂ္ဂမဟာပဏ္ဍိတပုဂ္ဂိုလ်ကြီးကလည်း တရားဟောရင် "သရဏဂုံသာတည်ရင် တရားအားမထုတ်ဘဲ မဂ်ဖိုလ်ရနိုင်တယ်"  
အမှားကိုဟောနေတာပဲ။ (နယ်လှည့်ဓမ္မကထိကများ ဓမ္မာစရိယအောင်ရမယ်သတ်မှတ်တဲ့ မဟနအဖွဲ့ အနေနဲ့  တရားအမှားတွေဟောတဲ့ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတစတဲ့ ဘွဲ့ ရပုဂ္ဂိုလ်တွေ
ကိုလည်း ပြန်လည်စစ်ဆေးခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်းစတာတွေကို လုပ်သင့်တာပေါ့။)
အချို့ တရားဟောဆရာတွေ လောကီအတန်းကျောင်းဆိုင်ရာ ဘီအေ၊ ဘီအက်(စီ) ဘွဲ့ တွေ ရကြတယ်။ ဗုဒ္ဓစာပေကို ကောင်းကောင်းမလေ့လာဘဲ တရားဟောကြတယ်။ အားနည်းချက်တွေ ရှိတယ်။ ရဟန်းပညာရှိ၊ လူပညာရှိတွေရဲ့ နှစ်သက်မှုကို မရရှိကြဘူး။
အမေရိကားမှာ ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ရသူတဦး၊ ဓာတုဗေဒနဲ့ ဒေါက်တာဘွဲ့ ရသူတဦး တို့ ကို တွေ့ ဖူးတယ်။
 နှစ်ဦးလုံးက မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ။ သူတို့ က ဗုဒ္ဓဘာသာနဲ့ မဆိုင်တဲ့ ပညာရပ်တွေနဲ့ 
 ဒေါက်တာဘွဲ့ ရရုံလောက်နဲ့  ဗုဒ္ဓဘာသာတရားတွေကို နားလည်တယ်လို့  ထင်နေကြတယ်။ တဦးကဆို
"သမထကျင့်ရင် နိဗ္ဗာန်ရောက်တယ်"ပြောနေလို့  ပြင်ပေးတာ-- အကြီးအကျယ်စိတ်ဆိုးသွားတယ်။
 လောကီဘွဲ့ ရတရားဟောရဟန်းတော်တပါးဆိုရင် "ဝင်လေ-ထွက်လေမှတ်ချက်တိုင်းမှာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဖြစ်တယ်" ဆိုပြီး နယ်တင်မက ကမ္ဘာပါပတ်ပြီးဟောနေတာပဲ--။
အဲဒီလိုလောကီဘွဲ့ ရတွေ ဗုဒ္ဓသာသနာထဲရောက်လာရင်၊ တရားဟောဝါသနာလည်းရှိမယ်ဆိုရင် အတိုင်းအတာ တခုအထိတော့ ပရိယတ္တိစာပေကို ပေါက်မြောက်အောင်သင်ရပေလိမ့်မယ်။
လန်ဒန်၊ တိသရဏဝိဟာရမြောင်းမြဆရာတော်ကြီးသြဝါဒတခုမှာ "လောကရေးလည်းမညံ့စေနဲ့ ။ သာသနာရေးလည်း မချွတ်ယွင်းစေနဲ့ " ဆိုတာကို မျှဝေချင်တယ်။ ကမ္ဘာလှည့်၊နယ်လှည့်ကြမယ့်  တရားဟောဆရာတွေဟာ လောကရေးဖြစ်တဲ့ ဘွဲ့ ဂုဏ်လည်း ပိုင်ဆိုင်ကြပါစေ။ မြတ်ဗုဒ္ဓအဆုံးအမအစစ်အမှန်ကိုလည်း မချွတ်ယွင်းအောင် ဟောပြောနိုင်ကြပါစေ။
အမရဒီပ
၃-၂၁-၂ဝ၁၂
ရည်ညွှန်း။ 
 http://burmese.dvb.no/archives/22920
 http://burmese.dvb.no/archives/22917
Sunday, March 18, 2012
ဆီမီးလျှံ၊ ရေအလျဉ်ဥပမာနှင့် ဝိပဿနာဉာဏ်စဉ်-၂
ဒုတိယပိုင်း
ဆီမီးလျှံနှင့် မြစ်ရေအလျဉ်ဥပမာအကြောင်း ကိုယ်တွေ့ အားထုတ်သိမြင်မှုနှင့်နှိုင်းယှဉ်စပ်ဟပ်လျက် အမေးအဖြေပြုတော်မူကြသော ယောဂီဆရာတော်ကြီး၂  ပါးတွင် အမေးရှင် ပြည်နိဗ္ဗိန္ဒဆရာတော်ကြီး
အကြောင်းကို အကျဉ်းချုပ်အားဖြင့် လေ့လာမိသမျှ တင်ပြခဲ့ပါ၏။ အဖြေရှင် စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံချောင်
ဆရာတော်ကြီး၏ ဘဝနှင့် အလုပ်လုပ်ပုံအကြောင်းကိုလည်း စုဆောင်းမိသမျှ တင်ပြပါမှ ဆရာတော်၏နုတ်တော်ထွက်
စကားရပ်သည် လေးနက်မှုနှင့်အတူ ရုပ်လုံးကြွလျက် ပီပြင်ထင်ရှားပေလိမ့်မည်ဟု ယုံကြည်ပါသည်။
ဆရာတော်ကြီး (ဘွဲ့ တော် အရှင် ဥတ္တရ) သည် မကွေးမြို့ ဇာတိဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၂ဝ ပြည့်နှစ်မှာ 
ဖွားမြင်တော်မူသည်။ မကွေး၊ ဂုံတောဆရာတော်ထံသာမဏေ ၅ ဝါ၊ ရဟန်း ၅ ဝါ ပေါင်း ၁ဝ ဝါ တိတိ နေထိုင်ပညာသင်ကြားခဲ့သည်။ ယင်းနောက် အောက်မြန်မာပြည်အရပ်ဒေသများဖြစ်သည့် အိမ်မဲမှာ ၁ ဝါ၊
 ဒေးဒရဲမှာ ၃ ဝါ၊ ကွမ်းခြံကုန်းမှာ ၂ ဝါ စီ နေထိုင်ခဲ့သည်။ ထို့ နောက် မန္တလေး၊ မဟာဝိသုဒ္ဓါရုံဆရာတော်ထံရောက်ရှိပြီး 
၎ ဝါတိတိပညာသင်ကြားခဲ့သည်။ ရဟန်းဝါ ၁ဂ ဝါတွင် စစ်ကိုင်းတောင်သို့ တောထွက်တော်မူသည်။ ဆရာတော်ကြီးနယ်လှည့်ပညာရှာခဲ့သည့်နှစ်ပေါင်း (ဝါပေါင်း)မှာ ၁၅ ဝါသာဖြစ်သည်။ တောထွက်သည်မှာ 
၁ဂ ဝါပြည့်မှဖြစ်ရာ စာရင်းအရ အခြား ၃ ဝါကို မည်သည့်အရပ်ဒေသမှာ နေထိုင်တော်မူခဲ့ကြောင်း 
မှတ်တမ်းမတွေ့ ရပါ။
အရညဝါသီတောပျော်ယောဂီရဟန်းဘဝခံယူပြီး ၁၁ နှစ်ကြာသော် ကျော်ကြားလာသည်။ ပရိသတ်အဝင်အထွက်
များလာသည်။  မူလနေရာမှ အရှေ့ ဂန္ဓာရုံသို့ ပြောင်းရွှေ့ သီတင်းသုံးသည်။ ထိုနေရာတွင်လည်း ပရိသတ်များ
လာပြန်ရာ မူလနေရာသို့ ပြန်ပြောင်းခဲ့သည်။ ၁၂၇၂ ခုနှစ်ဝါကို ဝင်္ကပါတောင် မဟာသုခချောင်၊ လိုဏ်ဂူတွင်းမှာ 
ကပ်တော်မူသည်။
လူတွေ့ မခံဘဲ ၃ နှစ်ခန့် တပါးတည်းလိုဏ်ဂူတွင်း သီတင်းသုံးကာ အားထုတ်တော်မူသည်။ ဆွမ်းပို့ သူရဟန်းငယ်
က အကပ်ခံပြီးသောဆွမ်းသပိတ်ကို လိုဏ်ဂူဝသတ်မှတ်ထားသောနေရာ၌ချထားပြီး အချက်ပေးရသည်။ ဆွမ်းပို့ 
သူနှင့်ပင် အတွေ့ မခံဟု ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်တွင် ဖော်ပြသည်။
အမရပူရမြို့ ၊ ဘာသာဋီကာကျမ်းပြု မဟာဂန္ဓာရုံဆရာတော်သည် ဆရာတော်၏နောက်ဆုံးဥပဇ္ဈယ်ယူတပည့်ဖြစ်
သည်။ ဘာသာဋီကာကျမ်းပြုဆရာတော်က " ဆရာတော်ကြီး၏အပေါ်မျက်ခွံတော်မှာ မလှုပ်သလိုထင်ရအောင် အမြဲစက္ခုနြေ္ဒရတော်မူသည်။ ငြိမ်သက်တည်ကြည်တော်မူသည်။ သူ (ဘာသာဋီကာကျမ်းပြုဆရာတော်) နှင့် အခြားဘုန်းတော်ကြီးတပါးအနားရှိစဉ်စကားပြောရင်း "ငယ်စဉ်ကရောဂါများတဲ့အတွက် ခန္ဓာဝန်လက်စသိမ်း
အောင်လို့  ကြိုးစားတာပဲ၊ ဒါပေမယ့်-----"ဟုဆိုပြီး ရှေ့ မဆက်တော့ဘဲ စကားစရပ်သွားသည်။ "အောက်မဂ်
အောက်ဖိုလ်လောက်ရလို့ အားရဟန်မတူ"ဟု ထင်မြင်စဉ်းစားမိကြောင်း တဘဝသံသရာတွင် မှတ်တမ်းတင်ထား
ပါ၏။
ဆရာတော်သည် ဗုဒ္ဓါနုဿတိ (အရဟံ)ဂုဏ်တော်ကို အခြေခံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဝိပဿနာစွဲမြဲတော်မူသည်။ ဆရာတော်၏တည်ငြိမ်လေးနက်သော အမူအရာတော်နှင့် နုတ်တော်က "ရုပ်နာမ်ဖြစ်ပျက်"ဟု မိန့် မြွက်တော်
မူသံသည် ကြားရသူစိတ်ကို အလွန်ဆွဲဆောင်မှုရှိလှ၏။ (တဘဝသံသရာ)
ဗုဒ္ဓါနုဿတိ နှင့် ဝိပဿနာဉာဏ်စဉ်များအကြောင်း လယ်တီဆရာတော်ဘုရားကြီးနှင့် စစ်ကိုင်းမဟာဂန္ဓာရုံဆရာ
တော်တို့ ဆွေးနွေးခန်းမှာ အံ့မခန်းရှိလှ၏။ မှတ်တမ်းများမပျောက်မပျက်အောင်ကာကွယ်ခဲ့သူသူတော်ကောင်း
များလည်း ကျေးဇူးတင်ဦးခိုက်မဆုံးဖြစ်မိပါသည်။ သိမ်တောင်ဆည်ကြီးဆရာတော်၏ အရိယာဝိဇ္ဇာမဂ္ဂအလင်းပြ ကျမ်း၏မှတ်တမ်းကို ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်တွင် ထပ်ဆင့်ဖော်ပြထားသည်။ အောက်တွင် ရှုပါလေ။
ဂန္ဓာရုံ။               ။ဆရာတော်ဘုရား၊ ဘုရားတပည့်တော် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပေးရာ တပည့်ယောဂီများ ၄-၅-၇ ရက်နှင့် ဘုရားနိမိတ်ကို ကောင်းစွာရရှိကြပါသည်။ ထို့ နောက် နာမ်ရုပ်အဖြစ်အပျက်ကို အရှုခိုင်းသောအခါ
ဝိပဿနာဉာဏ် ၁ဝ ပါးကို ၇-ရက် ၈ ရက် ၉ ရက် ၁ဝ ရက်ဖြင့် ထင်မြင်ပေါက်ရောက်သော ယောဂီတွေရှိပါသည်
ဘုရား။ ဝိသုဒ္ဓိမဂ်အလိုက လွန်စွာခက်ခဲကြောင်း ပြသည်။ ယခုအားထုတ်သောယောဂီများမှာလွန်စွာလွယ်နေ
ပါသည်ဘုရား။
လယ်တီ။                        ။ ဆရာပေးသော ဗုဒ္ဓါနုဿတိက ဘယ်လိုပေးသနည်း။
ဂန္ဓာရုံ။               ။ ဘုရားတပည့်တော်ပေးသည်မှာ မဟာဗောဓိပင်ရင်းရွှေပလ္လင်ပေါ်၌ မြတ်စွာဘုရားကိုယ်တော်
မြတ်ကြီး မာရ် ၅ ပါးအောင်၍ သစ္စာ ၄ ပါးထိုးထွင်းသိပုံကို မိမိရှေ့ မှာ စမ္မခံခင်း၍ ပန်းရေ ဆီမီး ကပ်လှုပူဇော်
စေပါသည်။  နာမ်ရုပ် ၂ ပါးကို ဘုရားရှင်အားအပ်နှင်းစေ၍  ၂ တောင့်ထွာလောက် ရိုသေစွာ ရှိခိုးပြီး "အရဟံ၊ အရဟံ"ဟု နှလုံးသွင်းနေရမည်ဟု ခိုင်းပါသည်။ ယောဂီများမှာ သက်တော်ထင်ရှား နိမ္မိတရုပ်ပွားတော်ကဲ့သို့  ရောင်ခြည်တော် ၆ သွယ်နှင့်တကွ အာရုံနိမိတ်များ ကောင်းစွာထင်၍ ဖူးတွေ့ ကြရပါသည် ဘုရား။
ကြားဖြတ်စကားဆိုလိုက်ပါရစေ--။  ဂန္ဓာရုံဆရာတော်ကြီး၏စကားများတွင် အောက်ခြေမျဉ်းသား (Underline)
 ပြသည်တို့ ကို သတိပြုမိစေလိုပါ၏။ လယ်တီဆရာတော်ကြီး၏ ပြန်လည်မိန့် ဆိုချက်များတွင် အဆိုပါစကားလုံး
မှာ အလွန်အရေးပါသည်ကို တွေ့ ရပါလိမ့်မည်။
လယ်တီ။             ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် နိမိတ်မထင်ကောင်း၊ ပီတိသာဖြစ်ကောင်းသည်ဟု ဝိသုဒ္ဓိမဂ်
၌လာ ရှိသည်။ ဗုဒ္ဓါနုဿတိဆိုသည်ကား ဘုရားရှင်၏ဂုဏ်တော်ကို စွဲလမ်းသမှု အာရုံပြု၍ ဖြစ်သော အဖန်တလဲလဲ
အောက်မေ့ခြင်း သတိကို ဗုဒ္ဓါနုဿတိ ခေါ်သည်။ ဗုဒ္ဓါနုဿတိ-ကမ္မဋ္ဌာန်း အားထုတ်သူတို့ သည် ဗုဒ္ဓါနုဿတိအာရုံကိုသာ ကောင်းစွာစွဲလမ်းကပ်ငြိသောစိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကျေးဇူး
တော်တို့ ကို အဖန်တလဲလဲ အောက်မေ့၍ ပွားမျာသောသူတို့အား ထိုအခိုက် ရာဂစိတ်၊ ဒေါသစိတ်၊ မောဟစိတ်
မဖြစ်---။ ဘုရားအာရုံ၌သာ ဖြောင့်မတ်တည်ကြည်၏။ နီဝရဏကင်း၏။ ဘုရားရှင်ဂုဏ်ကျေးဇူးသို့ ညွှတ်သော ဝိတက်ဝိစာရ ဖြစ်၏။ နှစ်သက်ခြင်း ပီတိဖြစ်၏။ ငြိမ်းအေးခြင်း ပဿဒ္ဓိဖြစ်၏။ ကိုယ်ရောစိတ်ပါချမ်းသာခြင်းသုခ
ဖြစ်၏။
သုခရှိသူအား ဘုရားဂုဏ်လျှင် အာရုံရှိသည်ဖြစ်၍ စိတ်သည် တည်ကြည်၏။ ဤသို့ အစဉ်အတိုင်း တခုသော
ခဏ၌ ဈာန်အင်္ဂါတို့ သည် ဖြစ်ကုန်၏။ ဂုဏ်တော်တို့ ၏နက်နဲလှသောကြောင့်လည်းကောင်း၊ အထူးထူး
အပြားပြား များသောဂုဏ်တို့ ကို အောက်မေ့ခြင်းဖြင့် စုတ်စုတ်နစ်နစ်ဖြစ်၍ လေးမြတ်ယုံကြည်သည်၏
အဖြစ်ကြောင့်လည်းကောင်း အပ္ပနာသို့ မရောက်မူ၍ ဥပစာရဈာန်မျှသာဖြစ်ကြ၏။
ထိုဥပစာရဈာန်သည် ဘုရားဂုဏ်ကို အဖန်တလဲလဲအောက်မေ့သည်၏အစွမ်းအားဖြင့် ဖြစ်သောကြောင့် 
ဗုဒ္ဓါနုဿတိဟူ၍သာလျှင် ဆိုရ၏။ ထို့ ကြောင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ပီတိသာဖြစ်ကေင်း၍ နိမိတ်မထင်ကောင်းသည်မှာထင်ရှားလှပေသည်။ သို့ ရာတွင် ဆရာက ပရိကံလုပ်၍ပေးသောကြောင့်
 ပေးသောပရိကံနှင့်ထင်သော နိမိတ်တည့်ပေသည်။ အတုမရှိသော အတိဣဋ္ဌာရုံ ဘုရားနိမိတ်ထင်ခြင်းသည်
 ကောင်းပေသည်။ ရသောနိမိတ်ကို ဖျက်၍ မပစ်ကောင်း--။ ဗုဒ္ဓါနုဿတိလို့ ခေါ်လျှင် စာနှင့်မညီညွတ်
ဖြစ်ပေလိမ့်မည်။ အဆင်းရှိသောကသိုဏ်း ၄ ပါးတွင်သွင်း၍  ဗုဒ္ဓကသိုဏ်း လို့ ခေါ်မှ ရသောနိမိတ်နှင့် တည့်မည် (ဟု လယ်တီဆရာတော်က အမိန့် ရှိလေသည်။)
လက်တွေ့ အလုပ်ခွင်ဝင်ကြရာမှာ ကြုံတွေ့ နိုင်သောအခက်အခဲ၊ အခက်အခဲရှိလျှင် အမှား၊ အမှန်၊ ဆက်တိုးသင့်၊ မတိုးသင့် ဆုံးဖြတ်ပေးနိုင်မှု၊ အတွေ့ အကြုံဖော်မြူလာအသစ်တွေ့ ရှိခြင်းတို့ ကို အထက်ပါဖြစ်ရပ်ကို စေ့စေ့တွေး
လေ ပြတ်ပြတ်သားသားမြင်လေဖြစ်သည်။ 
မဟာဂန္ဓာရုံချောင်ဆရာတော်၏ ဆရာမဟာဝိသုဒ္ဓါရာမဆရာတော်ကြီးသည်  ၁၂ဝဝ-ပြည့်ဖွားဖြစ်ရာ ၁၂ဝ၈
ခုနှစ်ဖွား လယ်တီဆရာတော်ထက် သက်တော် ၈ နှစ်ကြီးသည်။ မဟာဝိသုဒ္ဓါရုံဆရာတော်သည် ဆိဒ္ဒပိဓာနနီ
ကျမ်းတွင် လယ်တီဆရာတော်၏ နိဗ္ဗာနဒီပနီတကျမ်းလုံးကို ဌပနာထည့်သွင်းတော်မူခဲ့၏။ ဤအချက်ကိုကြည့်
လျှင် မဟာဝိသုဒ္ဓါရုံဆရာတော်၏ လယ်တီဆရာတော်အပေါ်လေးစားမှုအတိုင်းအတာကို ခန့် မှန်းနိုင်ပေသည်။
မဟာဂန္ဓာရုံချောင်ဆရာတော်သည် ဆရာဖြစ်သူမဟာဝိသုဒ္ဓါရုံဆရာတော်လေးစားသော လယ်တီဆရာတော်ကို အားကိုးလေးစားတော်မူလေသည်။
မဟာဂန္ဓာရုံချောင်ဆရာတော်သည် "ရဟန္တာမဖြစ်သမျှ ဤဂူမှမထွက်ပြီ"ဟု အဓိဋ္ဌာန်ထက်သန်ပြင်းပြစွာဖြင့် အားထုတ်တော်မူလေရာ ကျန်းမာရေးတနေ့ တခြားဆိုးရွားလာ၏။ တပည့်ကြီးများက ဂူပြင်ထွက်၍ ဆေးကုသ 
ခံယူတော်မူပါရန် ကြိမ်ဖန်များစွာ လျှောက်ထားကြ၏။ ဆရာတော်ကလည်း ငြင်းပယ်တော်မူ၏။ နောက်ဆုံး လယ်တီဆရာတော်ကြီးအား လျှောက်ထားအကူအညီတောင်းကြရာ လယ်တီဆရာတော်ကြီးကိုယ်တိုင် ဂူထဲသို့  ကြွရောက်တော်မူလာပြီး ဂူပြင်ပတွင် သီတင်းသုံး၍ ဆေးကုသရန် ပြောဆို၏။ "အဓိဋ္ဌာန်ရှိနေလို့ ပါ"ဟု ငြင်းမြဲတိုင်း
 ငြင်းတော်မူရာ လယ်တီဆရာတော်သည် မဟာဂန္ဓာရုံချောင်ဆရာတော်အပေါ်ကရုဏာနှင့်ယှဉ်သော
အာဏာကို သုံးတော်မူခဲ့လေ၏။ လယ်တီဆရာတော်က အတူပါလာသော ရဟန်းငယ်များဖက်သို့ လှည့်၍----
"ကဲ--မောင်ပဉ္ဗင်းတို့ ၊ အပြင်ထမ်းထုတ်ကြ၊ အဓိဋ္ဌာန်တာက ဦးဥတ္တရ၊ ဂူအပြင်ထုတ်တာက လယ်တီဆရာတော်
ပဲ" ဟု မိန့် တော်မူကာ ကျောင်းသို့ ပင့်ဆောင်ခဲ့လေ၏။
မဟာဂန္ဓာရုံချောင်ဆရာတော်သည် ပထမတွင် ဘုရားဆုပန်သော်လည်း နောင်တွင် အရိယာဖြစ်သည်ဟု ယူဆကြသည်။
နိဗ္ဗာနမဂ္ဂဒီပနီကျမ်း၊ နိဗ္ဗာနမဂ္ဂဘေဒနီကျမ်း၊ နိဗ္ဗာနဂတဗောဇ္ဈင်္ဂဒီပနီကျမ်းတို့ ကို ပြုစုစီရင်တော်မူခဲ့သည်။
ဆရာတော်သည် စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်း၏ အချုပ်ပဓာနနာယကဆရာတော်ဖြစ်သည်။ သက်တော် ၆၁၊ 
ဝါတော် ၄၂ ဝါအရ ၁၂၈၁ တွင် မဟာသုခချောင်၌ ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူသောာညက စစ်ကိုင်း
တောင်တန်းတလျှောက် အလင်းရောင်များကွန့် မြူးကူသန်းနေသည်ကိုတွေ့ မြင်ရကြောင်း မှတ်တမ်းတင်ကြ၏။
 (တဘဝသံသရာ၊ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ)
လယ်တီဆရာတော်က မဟာဂန္ဓာရုံဆရာတော်၏ ဝိပဿနာဉာဏ် ၁ဝ ပါးပေးပုံနှင့်ပတ်သက်၍ ယူဆချက်ကို အလျဉ်းသင့်သောအခါ ထည့်သွင်းရေးသားပါမည်။ (ဆက်လက်တင်ပြပါမည်။)
အမရဒီပ
၃-၁၈-၂ဝ၁၂
ဖြည့်စွက်ချက်။  နိဗ္ဗာနမဂ္ဂဒီပနီကျမ်း PDF  http://www.kelasa.org/book/12_Nivana_low_resNoS.pdf
Thursday, March 15, 2012
ဆီမီးလျှံ၊ ရေအလျဉ်ဥပမာ နှင့် ဝိပဿနာဉာဏ်စဉ်
(ပထမပိုင်း)
၁။
"ဤသို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ၄ ပါးသော အကြောင်းတို့ ကြောင့်ဖြစ်သောရုပ်ကလာပ်အစဉ်သည် 
ကာမဘုံ၌ ဆီမီးလျှံကဲ့သို့ လည်းကောင်း၊ မြစ်ရေအလျဉ်ကဲ့သို့ လည်းကောင်း အသက်ရှည်သမျှကာလပတ်လုံး 
 မပြတ်မစဲ တဖွဲဖွဲ ဖြစ်၏"
အထက်ပါဖော်ပြချက်သည် သင်္ဂြိုဟ်ကျမ်းခေါ် အမည်ရင်း အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ၊ ရုပ်ပိုင်းလာ
ကောက်နုတ်ချက်စကားဖြစ်၏။ ရုပ်တို့ ၏ဖြစ်စဉ်ကို ဆီမီးလျှံ၊ မြစ်ရေ ဟူသော ဥပမာ ၂ ခုဖြင့် ထင်သာမြင်သာ
အောင် နှိုင်းယှဉ်ပြထားပုံမှာ အလွန်ထိမိ၏။ သဘာဝဖြစ်စဉ်ကိုသဘာဝဥပမာဖြင့် ပြဆိုထားသည်ဟု နားလည်မိ
၏။
ဥပမာ ၂ ရပ်ကို နားလည်လွယ်သည်ဟု အဘိဓမ္မတ္ထသင်္ဂဟဆိုင်ရာအဖွင့်ကျမ်းပြု ရှေးဆရာမြတ်အချို့ တို့ ယူဆ
ခဲ့ပုံရ၏။  ပါဠိဘာသာရေး ဋီကာကျော်ကျမ်း နှင့် ပရမတ္ထဒီပနီတို့ တွင် ဥပမာအကြောင်းတို့ ကို ရှင်းပြတော်မမူခဲ့ပါ
ချေ။
မြန်မာဘာသာရေး အရှင်ဇနကာဘိဝံသဆရာတော်၏ အခြေပြုသင်္ဂြိုဟ် ကျမ်းတွင် အခြေပါဒ လေ့လာသင်ယူစ
သူတို့  နားလည်အောင် ရှင်းလင်းရေးပြတော်မူထား၏။
"ဒီပဇာလာဝိယ ။                         ။ မီးစာ ဆီတို့ ကြောင့် တောက်၍နေသောဆီမီးသည် တခုတည်း
ထင်ရသော်လည်း ရှေးရှေးမီးစာအပိုင်းနှင့် ဆီတို့ ကြောင့်ဖြစ်သော မီးတောက်၊ နောက်နောက်မီးစာ
အပိုင်းနှင့် ဆီတို့ ကြောင့်ဖြစ်သော မီးတောက်တို့ သည် တခုတည်းမဟုတ်၊ရှေးရှေးမီးစာနှင့် ဆီတို့ 
အမြဲကုန်သလောက် မီးတောက်လည်း အမြဲချုပ်ပျောက်၏။နောက်နောက်မီးစာနှင့် ဆီတို့ အတွက် 
အသစ်အသစ်မီးတောက်လည်း ပေါ်ထွက်၏။ ထို့ အတူ ရုပ်ခန္ဓာလည်း တခုတည်း တခုတည်းထင်ရစေကာမူ
 ရှေးရှေး ကံစိတ်ဥတု အာဟာရတို့ ကြောင့်ဖြစ်သော ရုပ်အစဉ်သည် ဥပါဒ် ဌီ ဘင်စေ့က ချုပ်ကြရ၏၊
 နောက်နောက်ကံစသည်အတွက် ရုပ်သစ်အစဉ်များ ပေါ်ထွက်လာပြန်သည်။ "
"နဒီသောတော ဝိယ။      ။ မြစ်ရေအလျဉ်ကိုကြည့်ရှုရာ၌ တခုတည်းထင်ရသော်လည်း ပထမမြင်ရသောမြစ်ရေ
သည် အောက်သို့ စီးလေပြီးနောက် ဒုတိယရောက်လာသကဲ့သို့  ထို့အတူ ပထမရုပ်အစဉ်ချုပ်ပြီးနောက် ဒုတိယစ
သောရုပ်အစဉ်သည် ပေါ်ပေါက်လာ၏။ဤသို့ လျှင် ၄ ပါးသောအကြောင်းကြောင့်ဖြစ်ရသော ရုပ်များသည် ဆီမီးလျှံ မြစ်ရေအလျဉ်တို့ ကဲ့သို့  အစဉ်မပျက် ဆက်ကာဆက်ကာ အသက်ရှည်သမျှပျက်ကြလေသည်။"
အရှင်ဇနကာဘိဝံသဆရာတော်ပင်စီရင်ရေးသားသည့် သင်္ဂြိုဟ်ဘာသာဋီကာကျမ်းတွင် ထပ်ဆင့်ရှင်းပြ
တော်မူပြန်၏။
"မီးစာနှင့်ဆီအစွမ်းကြောင့် တောက်ပသော ဆီမီးလျှံသည် မူလမီးတောက်မပျက်ဘဲ တည်မြဲတည်နေသကဲ့သို့  ထင်ရသော်လည်း ရှေးရှေး မီးစာနှင့် ဆီကုန်လျှင် ထိုမီးစာ ဆီကြောင့်ဖြစ်သော မီးတောက်လည်း ချုပ်ပျောက်၍ နောက်နောက်မီးစာနှင့်ဆီအတွက် နောက်တောက်မီးတောက်များ ပေါ်ထွက်သကဲ့သို့ လည်းကောင်း၊
 မြစ်ကမ်းစ၌ ရပ်လျက် မြစ်ရေကို ကြည့်ရှုသောအခါ မူလရေသည် တည်မြဲတည်နေသည်ဟုထင်ရသော်လည်း
ရှေးရှေးရေသည်အောက်သို့ စီးသွား၍ အသစ်အသစ်ရေများ ထပ်မံရောက်လာသကဲ့သို့ လည်းကောင်း ထို့ အတူ ခန္ဓာကိုယ်တွင်း၌ လေးပါးသောအကြောင်းကြောင့်ဖြစ်သော ရုပ်ကလာပ်အစဉ်သည် မပျက်မစဲ တည်မြဲတည်နေသည်ဟု
ထင်ရသော်လည်း ရှေးရှေးအကြောင်းကြောင့် ရှေးရှေးရုပ်ကလာပ်တို့ ဖြစ်ပြီး၍ ချုပ်ပြီးသည့်အခါနောက်နောက်
အကြောင်းကြောင့်  နောက်နောက်ရုပ်ကလာပ်သစ်များ ဖြစ်ပေါ်လာခြင်းအားဖြင့် အသက်ရှည်သမျှ ဆက်ကာ ဆက်ကာဖြစ်ကြပေသည်။"
ဆီမီးတောက်အလျှံ နှင့် မြစ်ရေစီးဆင်းအလျဉ်အကြောင်း စာတွေ့ အဖြစ် ဆရာမြတ်တို့ ထံတော်မှ ရှင်းလင်းစွာ
မှတ်သားခဲ့ဖူး၏။ ကိုယ်တွေ့ အမြင်ပိုင်းနှင့် စာတွေ့ ဆက်စပ်မှုအပိုင်းတွင်ကား ရှာဖွေရန် အကြံစိတ်ကူးမပေါ်မိခဲ့ပါ။
ပြည်နိဗ္ဗိန္ဒဆရာတော်ဘုရားကြီးအကြောင်းဖတ်မိသောအခါ ဆီမီးတောက်နှင့် မြစ်ရေအလျဉ်ဥပမာကို လက်တွေ့ 
နှင့်ယှဉ်တွဲသိမြင်ရန် စိတ်အတွေးဖြစ်ပေါ်ခဲ့ရကြောင်း ဝန်ခံပါ၏။
၂။
ပြည်နိဗ္ဗိန္ဒဆရာတော်ဘုရားကြီးဟူသည် သာယာဝတီခရိုင်၊ မိုးညိုမြို့ နယ်၊ ဧရာဝတီမြစ်အနီးမြေဇာကျွန်း ခေါ် 
ရွာကြီး၌ ၁၂၄၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ဝ ရက်၊ သောကြာနေ့ နံနက်အချိန်တွင် ဖွားမြင်တော်မူခဲ့၏။
ခမည်းတော် ဦးကြာညို၊ မယ်တော် ဒေါ်လုံမ ဖြစ်၏။ ၁၅ နှစ်သားအရွယ်မှာ သာမဏေဖြစ်၏။ ဘွဲ့ တော် ရှင်သီရိ ဖြစ်၏။ 
ပခုက္ကူ၊ မန္တလေး၊ ပြည်မြို့ မှာ စာပေသင်ယူခဲ့၏။ ၁၂၇၄ ခုနှစ်၊ တန်ဆောင်မုန်းလတွင် တောရဝင်တော်မူ
၏။ ပြည်အင်ကြင်းမြောင်ဆရာတော်ဘုရားကြီးထံနည်းခံအားထုတ်ခဲ့၏။ ၁၂၇၅ ခုနှစ်မှစ၍ ကျောင်းတိုင်အစေ့ရေး
ထိုးထားသော "နိဗ္ဗိန္ဒ"ကို အစွဲပြုတွင်ခေါ်သော နိဗ္ဗိန္ဒတောရမှာ သီတင်းသုံးတော်မူ၏။
အင်ကြင်းမြောင်ဆရာတော်ကြီးအပါအဝင် လယ်တီဆရာတော်ကြီး၊ သထုံ မင်းကွန်းဇေတဝန်ဆရာတော်ကြီး၊ စစ်ကိုင်း ဃောသိတဝန်ဆရာတော်ကြီး၊ စစ်ကိုင်းမဟာဂန္ဓာရုံချောင်ဆရာတော်ကြီးတို့ ထံတော်တွင် လက်တွေ့ 
ပိုင်းဆိုင်ရာ မရှင်းလင်းသည်များကို စုံစမ်းလျှောက်ထားခဲ့ဖူး၏။ သေက္ချတောင်ဆရာတော်ကြီဦးတိလောကထံသို့ 
လည်း ရောက်ခဲ့ဖူး၏။  ဆရာတော်ကိုမဖူးတွေ့ ခင် ဖိုရုံဝင်ပြီးဖိုဆွဲဖိုးထိုးနေသည်နှင့် တိုက်ဆိုင်နေရာ စိတ်ပြောင်းသွားခဲ့ရ၏။ တရားစကားပြောဆိုဆွေးနွေးခြင်းမပြုခဲ့ကြောင်း သိရ၏။
စစ်ကိုင်း မဟာဂန္ဓာရုံချောင်ဆရာတော်နှင့် တွေ့ သောအခါ "ရုပ်ကလာပ်အစဉ်သည် မြစ်ရေလျဉ်၊ မီး
လျှံအသွင်ကဲ့သို့ ဟု စာရှိသဖြင့် ထိုကဲ့သို့ မြင်လျှင် မည်သို့ ဖြစ်ပါသလဲဘုရား"ဟု မေးလျှောက်ခဲ့၏။
မဟာဂန္ဓာရုံချောင်ဆရာတော်ကြီးက "ဤကဲ့သို့ မြင်လျှင် ပေါက်တဲ့ပုဂ္ဂိုလ်ဟု ဆိုရမည်"ဟု အမိန့် ရှိသည် ဆို၏။
ဆက်လက်စုံစမ်းလျှောက်ထားလိုသော်လည်း မဟာဂန္ဓာရုံချောင်ဆရာတော်မှာ စကားမပြောနိုင်လောက်အောင် ကျန်းမာရေးချို့ တဲ့နေသောကြောင့် မိန့် ကြားတော်မူသမျှကိုသာ နာယူပြီး ပြန်ခဲ့ရ၏။ (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ)
ဆရာတော်ကြီး ၂ ပါးတို့ ၏မေးခွန်းနှင့်အဖြေကို ဖတ်မိပြီးနောက် ဝိပဿနာတရားအားထုတ်ရာတွင်  ကိုယ်တွေ့ 
အားဖြင့် ရုပ်ကလာပ်ဖြစ်စဉ်အား ဆီမီးလျှံ နှင့်မြစ်ရေအလျဉ်ကဲ့သို့ မြင်သောဉာဏ်အမြင်မျိုးသည်မည်သည့်
အခြေအနေမှာ  ဖြစ်ပေါ်နိုင်သနည်းဟု သိလိုသောဆန္ဒဖြစ်ပေါ်ခဲ့၏။ "ဤကဲ့သို့ မြင်လျှင် ပေါက်တဲ့ပုဂ္ဂိုလ်ဟု ဆိုရမည်"ဟုဆိုရာ ဘယ်ရွေ့ ဘယ်မျှပေါက်ရောက်သူနည်းဟု အတွေးဖြစ်ပေါ်ခဲ့၏။ ယင်းအကြောင်းကြောင့်
 လက်လှမ်းမီသမျှ ရှာဖွေလေ့လာခဲ့၏။  (ဆက်လက်တင်ပြပါမည်)
အမရဒီပ
၃-၁၅-၂ဝ၁၂