Total Pageviews

Saturday, October 15, 2011

လူပြောသူပြောတန်ခိုးရှင်များ

၁။
ဆရာဆန်းလွင်၏ "ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတယောက်အကြောင်း" ဖတ်စဉ်က တန်ခိုးရှင်များနှင့်ပြကွက်ဆန်းများကို ရေးပြတော့ အံ့သြခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းသက်ဝင်ခါစ ဆရာဆန်းလွင်သည် ဟန်ပြဗုဒ္ဓဘာသာအမျိုးအစားဖြစ်သော ဝိဇ္ဖာလှည့်၊ နတ်လှည့်၊ ဓာတ်လှည့်တို့တွင် နစ်မွန်း
အချိန်ကုန်ခဲ့ဖူးသည်။ သဘာဝလွန်အစွမ်းသတ္တိထူးတခုကို အသုံးချပြီး ပါးစပ်က သာသနာပြုသည်ဟုဆိုသော
လှည့်ဖျားစည်းရုံးသိမ်းသွင်းမှုအောက်ဆန်းလွင်ရောက်သွားသည်။ဝိဇ္ဇာလမ်းနှင့်တန်ခိုးသိဒ္ဓိကိုရတနာသုံးပါးထက်ပို
ယုံကြည်လာသည်။ ထူးဆန်းအံ့သြဖွယ် (Miracle) များ၏ဖမ်းစားမှုအောက်တွင် အခိုက်အတန့် မျှလမ်းမှန်အကျင့်
စခန်းနှင့် ဝေးကွာခဲ့ရသည်။ ထိုအကြောင်းကို စာအုပ်စတုတ္ထတွဲ ၊"ပါရမီလမ်းအကျင့်စခန်းမှဆန်းလွင်အခန်း"တွင်
ဖတ်ရှုရသည်။ စိတ်ဝင်စားခြင်းနှင့်အတူ ဆရာဆန်းလွင်တွေ့ ကြုံခဲ့ရသလို တန်ခိုးရှင်များကို ကိုယ်တွေ့ မြင်လို
စိတ်များ တဖွားဖွားဖြစ်ပေါ်ခဲ့ရပါသည်။သို့ သော်တန်ခိုးရှင်များနှင့်တွေ့ ဆုံရန်အခွင့်အရေးကားယနေ့အထိအလှမ်း
ဝေးဆဲဖြစ်သည့်တိုင် စာအုပ်များဖတ်ရင်းတွေ့ ခဲ့ရသောတန်ခိုးရှင်များအကြောင်းကို"လူပြောသူပြောတန်ခိုးရှင်
များ"အဖြစ် တင်ပြရပါသည်။ ဤဆောင်းပါးဖြင့်  ဗုဒ္ဓဘာသာကို စော်ကားတိုက်ခိုက်ခြင်းမဟုတ်၊ ဗုဒ္ဓဘာသာဟု ဟန်ရေးပြကာ အလွဲအချော်ပြုမူနေသမျှကို ဖော်ထုတ်တင်ပြခြင်းသာဖြစ်ကြောင်းကြိုတင်အသိပေးပါရစေ--။

၂။
မြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းတွင် လူသေလူဖြစ်ဝါဒသည် ဗုဒ္ဓဘာသာယုံကြည်မှုကို အတွင်းစည်းမှတိုက်ခိုက်ခဲ့
သော အယူအဆတရပ်ဖြစ်ခဲ့သည်။ လူသေလူဖြစ်ဝါဒကို အခြေခံ၍ ဗုဒ္ဓဘာသာအသိုင်းအဝန်းအတွင်း တင်းမာမှု၊ ငြင်းခုံမှု၊ ကွဲပြားမှု၊ မညီညွတ်မှုများ အထိန်းအကွပ်မဲ့ဖြစ်ပေါ်ခဲ့သည်။ ၁၉၈၁-ခုနှစ်၊ ဇွန်လ ၃ဝ ရက်မှာ ရန်ကုန်မြို့၊
ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာနကျောင်းဆောင်၌ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိ
ဓမ္မာဝါဒတို့ ကို ဓမ္မ-အဓမ္မအဖြစ်ကြားနာစစ်ဆေးခဲ့သည်။ ဆုံးဖြတ်ချက်များကို စာအုပ်အဖြစ် "လူသေလူဖြစ်ဝါဒါနု
ဝါဒဝိနိစ္ဆယ" အမည်ဖြင့် ထုတ်ဝေထားသည်။ အဆုံးအဖြတ်ပေးသူမှာ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂)
ဖြစ်သည်။တရားရုံးတော်ဖွင့်အခမ်းအနားတွင်ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏သဘောထားကိုထိုစဉ်ကသာသနာရေးဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးကြည်ညွှန့် က လျှောက်ထားခဲ့သည်။သူ၏လျှောက်ထားချက်တွင်
စကားကြုံ၍ ထည့်သွင်းပြောဆိုသော စကားချပ်တခုပါသည်။ မိုးအေးဆရာတော် ခေါ် တန်ခိုးရှင်တဦးအကြောင်း
ဖြစ်သည်။
            "အရင်တလောကပဲ စတုတ္ထပါရာဇိကသိက္ခာပုဒ်လွန်ကျူးပါတယ်လို့ ဝန်ခံပြီးလူထွက်သွားတဲ့ မိုးအေးဆ
            ရာတော်ကိစ္စဆိုရင် ထင်ရှားပါတယ်။ မိုးအေးဘုန်းကြီးဟောတဲ့တိတ်ခွေ တပည့်တော်တို့ ဆီမှာ ရှိပါ
            တယ်။ သူက နဂါးပြည်သွားပြီးစွယ်တော်ပင့်လာတယ်တဲ့။ ဒါ သတင်းစာထဲမှာ ပါပါတယ်။ အဲဒီကိစ္စတွေ
            မှာ သူ့ ကိုယုံကြည်တဲ့ဒကာ ဒကာမတွေထဲမှာ ခေတ်ပညာတတ်တွေလဲ အများကြီး ပါပါတယ်။ ခေတ်ပ
            ညာတတ်အစိုးရအရာရှိတာဝန်ကိုထမ်းဆောင်နေတဲ့ တော်တော်ကြီးကြီးမားမား  ပုဂ္ဂိုလ်တွေလဲပါပါ
            တယ်။ ဒီပုဂ္ဂိုလ်တွေကို တပည့်တော်တို့ သာသနာရေးဌာနအနေနဲ့  ခေါ်ယူပြီးတော့ (မဖြစ်နိုင်တဲ့အ
            ကြောင်း) ဆွေးနွေးပါတယ်။ ဘယ်လိုပဲရှင်းပြပြ၊ သူတို့ လက်မခံဘူး။ သူတို့ ယုံကြည်တာကိုး။ ဒီယုံကြည်
            မှုအစွဲဟာအတော်ကလေးအချွတ်ရခက်ပါတယ်ဆိုတဲ့အကြောင်း အလျဉ်းသင့်တုန်း လျှောက်ထားရခြင်း
            ဖြစ်ပါတယ်။"
(နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယ (ထေရဝါဒစွယ်စုံကျမ်း)၊ ဇ။)

စတုတ္ထပါရာဇိကအကြောင်းအနည်းငယ်ရှင်းပြပါရစေ---။ ဈာန်၊မဂ်၊ဖိုလ်တရားကို မရဘဲရသည်ဟု ပြောလျှင် ပါရာဇိကအာပတ်သင့်သည်။ ပါရာဇိကအာပတ်သင့်လျှင် ရဟန်းအစစ်မဟုတ်တော့သောကြောင့် လူဝတ်လဲ
ရသည်၊သို့ မဟုတ် ရှင်သာမဏေ ခေါ် ကိုရင်အဖြစ်သို့ ပြောင်းလဲရသည်။

(တရုတ်ပြည်သို့ စွယ်တော်ပင့်သွားသည်မဟုတ်သော)နဂါးပြည်သွားကာစွယ်တော်ပင့်သောမိုးအေးဆရာတော်
ခေါ် တန်ခိုးရှင်သည် ဈာန်တန်ခိုးမရှိဘဲ ဈာန်ရသည်၊ဈာန်ပိုင်သည်ဟုပါရာဇိကပြစ်မှုဖြစ်သည့်လိမ်ညာမှုကျူးလွန်
သောကြောင့် လူဝတ်လဲသည်ဟု သာသနာရေးဌာနညွှန်ကြားရေးမှုးချုပ်က တင်ပြလျှောက်ထားခြင်းဖြစ်သည်။ မိုးအေးဆရာတော် ခေါ် တန်ခိုးရှင်ကို စာဖတ်ရင်းဤနည်းဤပုံတွေ့ လိုက်ပါသည်။

၃။

အခြားတန်ခိုးရှင်တဦးကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၁)၏ စမ်းကလေးဝါဒဝိနိစ္ဆယကျမ်းကို ဖတ်ရင်း တွေ့ ခဲ့ရပြန်သည်။ စမ်းကလေးဝါဒကို ၁၉၉၈-ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ တွင် ကြားနာစစ်ဆေးခဲ့သည်။
စမ်းကလေးဝါဒဆိုင်ရာ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ တွင် ယခုအခါ အမေရိကန်ပြည်ထောင်စုတခွင်သာသနာ
ရေးဆိုင်ရာခရီးလှည့်လည်နေသော သက်တော်ရှည်နဝမဗန်းမော်ဆရာတော် အရှင်ကုမာရာဘိဝံသ၊ ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသတို့ ပါဝင်
ကြသည်။ စမ်းကလေးဝါဒသည် ဗုဒ္ဓတရားတော်နှင့်မညီညွတ်သော တရးဟောပြောမှု၊ လုပ်ကြံလီဆည်ထားသော တန်ခိုးစွမ်းရည်ပြသမှုတို့ ကြောင့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်ခုံရုံးသို့ ရောက်လာရခြင်း ဖြစ်သည်။စမ်းကလေးဝါဒ
ဝိနိစ္ဆယကျမ်းစာအရ ပဲခူးတိုင်း၊ညောင်လေးပင်မြို့ နယ်၊ စမ်းကလေးကျေးရွာနေ စမ်းကလေးဆရာတော် (ဘွဲ့ 
တော် ဦးနန္ဒောဘာသ)သည်---
(က) ခန္ဓာကိုယ်မှ ရောင်ခြည်တော်များကွန့် မြူးတောက်ပနိုင်သူ
(ခ)  သူ၏ကျင့်စဉ်အရလိုက်နာကျင့်သူတို့ အား ၁၅ မိနစ်၊ မိနစ် ၂ဝ အတွင်း သောတာပန်ဖြစ်သွားအောင် တရားပြနိုင်သူ
(ဂ) နတ်များအား နတ်ဘာသာစကားဖြင့် တရားဟောနိုင်သူ----ဟု သိရ၏။ (တခုမှအမှန်မဟုတ်ပါ။)

နတ်ပြည်သွားနိုင်သူ၊ နတ်ဘာသာစကားပြောနိုင်သူဟုဆိုသူ စမ်းကလေးဆရာတော်အားဝိနည်းဓိုရ်အဖွဲ့ က မေးခွန်း ၂ ချက် မေးမြန်းခဲ့သည်။ စစ်ဆေးခဲ့သည်။
အမေး ၁။            ။ အရှင်ဘုရားနတ်ပြည်မှာဟောခဲ့တဲ့တရားဟုပြောရာ ဘယ်နတ်ပြည်မှာ ဟောခဲ့ပါသလဲ။ နတ်ပြည်တက်နိုင်တယ်ဆိုရင် အထက်တပေလောက်တက်ပြစမ်းပါ။
စမ်းကလေးအဖြေ။            ။ ဘယ်နတ်ပြည်ရယ်လို့  မသိပါ။ အာကာသတခုသို့  ရုပ်သစ် နာမ်သစ်ဖြင့်ရောက်
သွားပါသည်။
(အကယ်၍ ဒီခန္ဓာကိုယ်နှင့်ရောက်သွားပါတယ်ဆိုလျှင်"တပေလောက်အထက်တက်ပြစမ်းပါ"ဟု ဝိနည်းဓိုရ်များ
ကခိုင်းမှာကိုရှောင်ရှားလို၍ ဒီခန္ဓာကိုယ်နှင့်တက်တာမဟုတ်ပါ။ ရုပ်သစ်နာမ်သစ်ဖြင့်ရောက်တာပါဟု ဂိုဏ်းဆရာ
၊ ဝိဇ္ဇာဆရာများလို ဖြေကြားလိုက်သည်။ဤကားဝိနည်းဓိုရ်အဖွဲ့ ၏မှတ်ချက်။)

အမေး၂။             ။ ယခု ၅ မိနစ်လောက် မဂဓဘာသာဖြင့် ဟောပြစမ်းပါ။
အဖြေ။               ။ ယခု မဂဓဘာသာဖြင့် ဟောမပြနိုင်ပါ။
(ရုပ်သစ်နာမ်သစ်ဖြင့်ရောက်၏ဟူသည် စိတ်ကူးဖြင့်ရောက်သည်ဟု ဆိုလိုသည်။ တကယ်ရောက်တာမဟုတ်၊ တောရောက်တောင်ရောက် စိတ်ကူးရင်းဖြင့် စိတ်ဖြင့်ရောက်သွားခြင်းသာ ဖြစ်သည်။စိတ်ကူးဖြင့်ရောက်ခြင်းကား လူတိုင်းပင် ရောက်နိုင်ကြပေသည်။
တရားရှာစဉ်ပုထုဇဉ်ဘဝတုန်းက မဂဓဘာသာဖြင့်ဟောတတ်ပါလျှင် ယခုအရိယာဖြစ်နေတယ်လို့ ပြောရာ
အရိယာဘဝ၌ ပို၍ပင် မဂဓဘာသာဖြင့်ဟောတတ်ရာ၏။ မဟောတတ်ပါဆိုသဖြင့် (သောဓနာလွှာ ၁၅ ၌) သူ
ကိုယ်တိုင်ဝန်ခံထားသောအရိယာသည် အစစ်မဟုတ်၊အတုသာဖြစ်၍ မဟောတတ်တာဖြစ်ပေရာ၏ဟုသုံးသပ်
တော်မူကြပေသည်။ဤကားဝိနည်းဓိုရ်အဖွဲ့ ၏ဆုံးဖြတ်ချက်။)
စမ်းကလေးတန်ခိုးရှင်ကား တကယ့်အရေးကြုံသောအခါ သူ၏စွမ်းရည်သတ္တိကို (သူပြောသလို)မပြသနိုင်ခဲ့သည့်
အတွက် မျက်လှည့်ဆရာအဆင့်လောက်ပင် ခရီးမရောက်ခဲ့ပါတကား------။
(နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် ၁၁ ၏ စမ်းကလေးဝါဒဝိနိစ္ဆယကျမ်း။)

၎။

ရန်ကုန်တိုင်း၊လှည်းကူးဖက်မှာ သီတင်းသုံးတော်မူသည့် ဆရာတော်ဦးနန္ဒဝံသက စီနီယာကျောင်းထိုင်ဘုန်းကြီး
ဟောင်းအကြောင်းပြောပြဖူးသည်။ အဆိုပါ ကျောင်းထိုင်ဘုန်းကြီးသည် ကျင်ကြီးစွန့် တိုင်း ဓာတ်တော်များကျ
သည်ဟူ၏။ ဓာတ်တော်များမှာ အစူး၊ အချွန်အတက်များပါသည့် ပင်လယ်ကျောက်ခက် (Coral) တွေဖြစ်သတဲ့--။
ဘုန်းတော်ကြီးသည် ဝမ်းသွားလိုက ကုဋီ(အိမ်သာ)သို့ မသွား၊ တောထဲရှိ ခြုံနွယ်အုပ်အုပ်ရှိရာသို့ ဝင်ရောက်ပြီး ကိစ္စရှင်းသည်။ ပြီးတော့မှ ကပ္ပိယအား ဓာတ်တော်ကျခဲ့သည့်နေရာကိုညွှန်ပြကာ ရေဆေးသန့် စင်ပြီး ဓာတ်တော်
ကောက်ရသည်။ ဓာတ်တော်များကို ဌပနာကာ ကိုးတောင်ပြည့်စေတီတဆူပင်တည်ထားခဲ့သည်။ နောက်ပိုင်းတွင် မြို့ နယ်သံဃာ့နာယကအဖွဲ့ ကခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်လာသောအခါဓာတ်တော်ကျဘုန်းကြီးသည်ကျောင်း
ကိုစွန့် ပစ်ကာ သံလျင်မြို့ နယ်ဖက်ထွက်ပြေးသွားသည်ဟု သိရသည်။

ဒီဃနိကာယ်အဋ္ဌကထာအဆို ဓာတ်တော်အရွယ်အစား ၃ မျိုးရှိသည်။ အကြီးဆုံးမှာ ပဲနောက်ခြမ်းပမာဏ၊ အလတ်စားမှာ ဆန်ကွဲပမာဏနှင့် အသေးဆုံးမှာ မုန်ညှင်းစေ့ပမာဏတို့သာ ဖြစ်ကြသည်။ ဝမ်းသွားရင်းပင်လယ်
ကျောက်ခက်ဓာတ်တော်ကျသူ၏ ဓာတ်တော်ပမာဏမှာ ကြီးမားလွန်းနေသည်။

မြတ်စွာဘုရားများပရိနိဗ္ဗာန်စံဝင်သောအခါ အဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင်းအရောင်အဆင်းအမျိုး၊ အရွယ်အစား
အမျိုးမျိုးကွဲပြားပြီးဓာတ်တော်များ ကြွင်းကျန်သည်။ ဓာတ်တော်အရောင်အဆင်း ၃ မျိုးမှာ မြတ်လေးပန်းအငုံနှင့်
တူသောဓာတ်တော်များ၊ ပုလဲနှင့်တူသောဓာတ်တော်များ၊ရွှေနှင့်တူသောဓာတ်တော်များဖြစ်ကြသည်။ ပစ္စေကဗုဒ္ဓါ
ရှင်မြတ်များသည် ပရိနိဗ္ဗာန်စံဝင်ခါနီး အဘိညာဉ်ဝင်စား၍ အဓိဋ္ဌာန်ပြုတော်မူမှသာ ဓာတ်တော်ကျသည်။ ရဟန္တာ
အရှင်မြတ်များသည် သုက္ခဝိပဿက (ရိုးရိုး)ရဟန္တာဖြစ်လျှင် လူသာမန်ကဲ့သို့ ပကတိအရိုးသာ ကြွင်းကျန်သည်။ အဘိညာဉ်ရ၍ အဓိဋ္ဌာန်ပြုမှသာ အဓိဋ္ဌာန်ပြုသည့်အတိုင်း ဖြစ်နိုင်သည်။

အရှင်သာရိပုတ္တရာ၏ဓာတ်တော်များ ပွတ်သစ်စခရုသင်းကဲ့သို့ ကြွင်းကျန်သည်။ အရှင်ဗာကုလဓာတ်တော်များ မြတ်လေးပန်းအငုံပမာ ဓာတ်တော်များကျသည်။ အရှင်ကောဏ္ဍည၊ အရှင်ရာဟုလ၊ အရှင်ဒဗ္ဗတို့ ပရိနိဗ္ဗာန်စံဝင်
သောအခါ ဓာတ်တော်များ ကြွင်းကျန်ကြောင်း ကျမ်းဂန်အဆိုမရှိပါ---။ ဓာတ်တော်ကျသည်၊ ဓာတ်တော်ကြွင်း
သည်ဟူသည် အဘိညာဉ်ရသူဖြစ်ခြင်း၊ မကွယ်လွန်ခင်ဓာတ်တော်အတွက် အဓိဋ္ဌာန်ပြုခြင်း တို့ ရှိရသည်။ မကွယ်လွန်ခင်ကတည်းက ကျင်ကြီးစွန့်ပြီး ဓာတ်တော်ကျသည်ဆိုခြင်းမှာ အသိဉာဏ်ညံ့ဖျင်းသူ၊ ယုတ်မာသော အလိုဆန္ဒဆိုးရှိသူတို့သာ လုပ်ကြသောလုပ်ရပ်ဖြစ်သည်။

၅။

အဲလ်ဘတ်ဆာကား (Albert Sircar) သည် စစ်တပ်ဆရာဝန်တဦးဖြစ်သည်။ တောင်ပုလုဆည်လုပ်ငန်းတည်
ဆောက်ရေးလုပ်ငန်းကာလ (မြန်မာသက္ကရာဇ် ၁၃၁၃-ခုနှစ်)က အဲလ်ဘတ်ဆာကားလည်း တောင်ပုလုဆည်မှာ
 တာဝန်ကျနေသည်။ ဆည်အနီး တောရဆောက်တည်ရင်း သီတင်းသုံးနေထိုင်သောရဟန်းတပါးနေမကောင်း
ဖြစ်ရာ ဆရာဝန်အဲလ်ဘတ်ဆေးကုသပေးရန် ရဟန်းတော်ထံရောက်သွားသည်။ဆေးထိုးရန်လိုအပ်နေသော
ကြောင့် ဆရာဝန်က ဆေးထိုးအပ်ပြင်သည်။ ရဟန်းတော်က သူ့ ကိုဆေးထိုးပေးမည့်အစား အခန်းတွင်းရှိအပင်
ငယ်တပင်ကို ဆေးထိုးဖို့ ပြောသည်။ ကျန်းမာရေးကောင်းလာသောအခါ ယင်းရဟန်းတော်ကို ရန်ကုန်မြို့ရှိ မိသားစုနေအိမ်သို့ ပင့်လေတော့သည်။ ယင်းရဟန်းတော်သည် နောက်ပိုင်း "တောင်ပုလုဆရာတော်"ဟု
ကျော်ကြားလာသည်။ (Bloomig in the desert-စာအုပ်မှ။ ရေးသူ Anne Teich)
လူကိုဆေးထိုးမည့်အစား အပင်ကို ဆေးထိုးခိုင်းခြင်းမှာ တန်ခိုးပြလိုသောအမူအရာသာဖြစ်သည်။

၆။
အခြားဖြစ်ရပ်တခုကို ဘာသာရေးစာစောင်တခုမှာ ဖော်ထုတ်ထားသေးသည်။ တောင်ပုလုဆရာတော်အကြောင်း
ပင်ဖြစ်သည်။ဘုန်းတော်ကြီးကျောင်းဘေးနားတွင် အမြင့်လေးပေ၊ အကျယ်လေးပေပတ်လည် အုတ်ရေကန်တခု
ရှိသည်။ ကန်တွင်းမှာ ရေမရှိ၊ ခြောက်သွေ့ နေသည်။အဝတ်စတခုခင်းထားသည်။ ကန်တွင်းသို့ ဆင်းရန်လှေကား
ထစ်ရှိသည်။ ဆရာတော်သည် လှေကားထစ်မှဆင်းပြီး အဝတ်စပေါ်ထိုင်လိုက်သည်။ ကပ္ပိယက ရေပိုက်မှတဆင့်
ကန်တွင်းသို့  ရေဖြည့်သည်။ နောက်ဆုံးရေကန်ငယ်အတွင်း ရေပြည့်သွားသည်။ ဆရာတော်က ကန်အတွင်း
ရေအောက်မှာ ထိုင်ပြတာ ၁ နာရီတိတိကြာသည်။ ကန်တွင်းမှရေကို ဖောက်ထုတ်လိုက်သည်။ ဆရာတော်၏
သင်္ကန်းများမှာ ရေမစို----။ ထိုတန်ခိုးရှင်မှာ တောင်ပုလုဆရာတော်ဖြစ်ကြောင်း သိရသည်။ ဤဖြစ်ရပ်တို့ မှာ မျက်လှည့်ဆရာတို့ ၏ မျက်လှည့်ပြနည်းအဆင့်သာ ဖြစ်သည်။ သာသနာရေးအတွက် အသိဉာဏ်ပွားစရာ တစိုး
တစိမျှပင် မပါရှိချေ-----။
(ခင်မာသွေး၊ မြတ်မင်္ဂလာစာစောင်၊ အတွဲ ၂၁၊ အမှတ် ၈၊ ၂ဝဝ၆-ဖေဖော်ဝါရီ၊ စာမျက်နှာ၊ ၆၂-၆၄။)

၇။
လူသိများသောဖြစ်ရပ်တခုတင်ပြပါဦးမည်။ ၁၉၈၁-ခုနှစ်---။
ပထမဆုံးအကြိမ် ဆရာတော်ဘုရားအမေရိကန်သို့ ကြွစဉ်စီးလာသောလေယာဉ်၏စက်တလုံးချွတ်ယွင်းပျက်စီး
ကြောင်းလေယာဉ်မှုးက ပြောပါသည်။ လေယာဉ်မှုးကပျက်သောစက်ခေါင်းဘက်သို့ ကြည့်ရာ အဝတ်အဝါရောင်
ဝတ်ထားသော လူတဦးက လေယာဉ်၏အတောင်ပံပေါ်ထိုင်ပြီး ပျက်သောစက်ကိုလက်ညှိုးထိုးနေသည်ကို မြင်
တွေ့ သဖြင့် သူ၏လက်ထောက်လေယာဉ်မှုးအား "ကြည့်စမ်း ဟိုမှာလူတယောက်"ဟု ပြောလိုက်သည်။ ထိုသူက
ကြည့်ရာ"ဘယ်သူမှမမြင်"ဟု ပြောသဖြင့် လေယာဉ်မှုးလည်းမိမိမြင်ယောင်မြင်မှားဖြစ်လေသလားဟု ဆိတ်ဆိတ်
ပင်နေလိုက်သည်။
ဆန်ဖရန်စစ္စကိုလေဆိပ်သို့ ချောမောစွာ လေယာဉ်ဆိုက်ရောက်၍ ဆရာတော်ဘုရားလမ်းလျှောက်လာသည်ကို
လေယာဉ်မှုးမြင်တွေ့ သောအခါ အနားရှိသူများအား မိမိမြင်ခဲ့သောလေယာဉ်တောင်ပံပေါ်၌ ထိုင်နေသူမှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ကြောင်း၊ မျက်မှန်အမည်းတပ်ထားသည်ကို မိမိကောာင်းစွာမှတ်မိကြောင်း ပြောပါသည်။
(ဦးတင်ဦး၊ မြတ်မင်္ဂလာစာစောင်၊ အတွဲ ၂၁၊ အမှတ် ၇၊ ၂၀၀၆-ဇန်နဝါရီလ၊ စာမျက်နှာ၊ ၂၆။ နှင့် ကြည်လွင်၊ အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ အတွဲ ၁ဝ၊ အမှတ် ၄၊ ၂ဝဝ၉-ဧပြီလ။ စာမျက်နှာ၊ ၂၂-၂၃)
ဆရာတော်ဟူသည် တောင်ပုလုဆရာတော်ကို ဆိုလိုခြင်းဖြစ်၏။ မြန်မာစာရေးဆရာ ဦးတင်ဦးနှင့် ကြည်လွင်တို့
သည် မည်သူ့ ထံမှ လေယာဉ်တောင်ပံပေါ်က တန်ခိုးရှင်ဇာတ်လမ်းကို ရခဲ့ကြသနည်း။ သူတို့ သည်တောင်ပုလု
ဆရာတော် ပထမအကြိမ် အမေရိကန်နိုင်ငံခရီးထွက်စဉ်က လိုက်ပါသွားသူများလား။ လေယာဉ်မှုးပြောပြသည်ကို ဦးတင်ဦးနှင့် ကြည်လွင်တို့ သေသေချာချာနားထောင်ရပြန်ကလည်း "အနီးအနားရှိသူများကို ပြောသည်"ဟုမရေး
တန်ရာ။ " ဘယ်သူက၊ ဘယ်သူ့ ကို၊ ဘယ်အချိန်မှာ၊ ဘယ်လို၊ ဘာကြောင့်၊ ဘယ်နေရာမှာပြောခဲ့သလဲ" မှတ်
ကျောက်နှင့်တိုက်ဆိုင်ကြည့်ပါ။ ယုတ္တိယုတ္တာမရှိတာ ထင်ရှားပါသည်။  ဦးတင်ဦးနှင့် ကြည်လွင်တို့သည် သူတပါး
အပြောကို နားထောင်ကာဤဇာတ်လမ်းကို ရေးခဲ့ခြင်းဖြစ်မည်ဟု ကောက်ချက်ချရပါသည်။ မည်သို့ ဆိုစေ မြန်မာ
စာရေးဆရာတို့ သည် တောင်ပုလုဆရာတော်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံကို အခြေတည်ကာ အခြေအမြစ်
ကင်းမဲ့သောဇာတ်လမ်းတပုဒ်ကိုလုပ်ကြံဖန်တီးခဲ့ပုံရသည်။
အမေရိကန်နိုင်ငံမှာ တောင်ပုလုဆရာတော်နေထိုင်စဉ် အနီးကပ်ဆည်းကပ်ကိုးကွယ်ခဲ့သူများက Blooming in the desert အမည်ရှိ တောင်ပုလုဆရာတော်အကြောင်းစာအုပ်ထုတ်ဝေထားသည်။ အကယ်၍ ဦးတင်ဦးနှင့် ကြည်လွင်ရေးသောဇာတ်လမ်းသာ အမှန်အကန်ဖြစ်ပါလျှင် အမေရိကန်နိုင်ငံသားတောင်ပုလုတပည့်တွေသတိ
ပေါ့ဆ၊လက်လွတ်ခံမည့်ကိစ္စမဟုတ်ပါချေ---။ ဖြစ်ရပ်အပြည့်အစုံကို လေယာဉ်မှုးဓာတ်ပုံနှင့်တကွ တင်ပြကြမှာ သေချာပါသည်။အမေရိကန်နိုင်ငံရှိတပည့်တို့ကလေယာဉ်တောင်ပံပေါ်ကတန်ခိုးရှင်ဇာတ်လမ်းကိုရေငုံနုတ်ပိတ်
ဖြစ်နေကြပြီး မြန်မာနိုင်ငံနေတပည့်များမှာမူကားထိုဇာတ်လမ်းကို ယနေ့တိုင်အုတ်အုတ်ကျက်ကျက်ဖြစ်ကာ
ပြောမဆုံးပေါင်တောသုံးထောင် လုပ်ကောင်းဆဲရှိနေကြ၏။
ကြည်လွင်၏ အပ္ပမာဒဓမ္မရသမဂ္ဂဇင်းပါ ဆောင်းပါးတွင် "ဆရာတော်ဘုရားကြီးနှင့်အဖွဲ့ ဆန်ဖရန်စစ္စကိုမှ လော့အိန်ဂျယ်လိစ်သို့ လေယာဉ်ဖြင့်ကြွစဉ်ကလည်း လေယာဉ်မှုးသည် ဘီးချမရဘဲ အခက်အခဲဖြစ်နေစဉ်၌ သူ၏မျက်စိတွင် ဆရာတော်ဘုရားကြီးအား ဖူးမြင်လိုက်ရသည်ဟု ထင်မိပြီး ဘီးချ၍ ရသွားကြောင်း ပြောပြခဲ့ဖူး
လေသည်"ဟု နောက်ထပ်အခြေအမြစ်မဲ့ပုံပြင်တပုဒ်လုပ်ကြံရေးထားပြန်၏။ ဘယ်သူက ဘယ်သူ့ ကို ပြောခဲ့မှန်း
လည်း တိတိကျကျမပြော---။

၈။
အမေရိကန်နိုင်ငံရှိတပည့်တို့ ကသူတို့ ၏ဆရာ(တောင်ပုလုဆရာတော်)သည် မင်းမျိုးမင်းနွယ်မှဆင်းသက်လာသူ၊
အနော်ရထာမင်း၊ ကျစွာမင်းတို့ အဆက်အနွယ်ဖြစ်ကြောင်း ရေးသားထားလေသည်။ အထောက်အထားကားမရှိ။
Though born into village life, Taungpulu Sayadaw came from royal lineage; he is the descendant of King Anawratha and King Kya Saw.
(Blooming in the desert, Gold from gold by Anee Teich)
ရှင်းပါသည်။ မြန်မာတပည့်တို့က သူတို့ ဆရာသည် အမေရိကန်နိုင်ငံမှာ လေယာဉ်မှုးတွေကို တန်ခိုးပြခဲ့ကြောင်း မဟုတ်မမှန်ဝါဒဖြန့်သည်။ အမေရိကန်တပည့်တို့က သူတို့ ဆရာသည် ပုဂံဘုရင်တို့ ၏ အနွယ်တော်၊ မင်းမျိုးဟု အထောက်အထားမဲ့ဝါဒဖြန့် သည်။ မြန်မာပြည်မှာပုဂံခေတ်ဘုရင့်အနွယ်တော်ဆိုတာ မူးလို့ တောင် ရှုစရာရှိတာ
မဟုတ်။လူပြောသူပြောစကားများကား "နှလုံးနင့်စရာ" ပေတကား----။

၉။
တရားအသိပညာပေးသူကို "သာသနာပြု"ဟုအသိအမှတ်ပြုရကောင်းမှန်းမသိသူလူသားတို့သည် တန်ခိုးရှင်ကို
"သာသနာပြု"အဖြစ် အထင်ကြီးကြသည်။ လေးစားအားကိုးကြသည်။ ဤအချက်ကိုအခွင့်ကောင်းယူပြီး အချို့ က
မိမိကိုယ်မိမိ တန်ခိုးရှင်အဖြစ် လူသိအောင်လုပ်သည်။ သို့မဟုတ် နောက်ခံအင်အားတပည့်များက လုပ်ကြံ
သတင်းဖြန့် သည်။ အစစ်အမှန်မဟုတ်ဘဲ "လုပ်ဇာတ်ခင်း"ပြီး ကျော်ကြားလာသောတန်ခိုးရှင်ကို "လူပြောသူပြော တန်ခိုးရှင်"ဟု သာမှတ်တမ်းတင်ရပေလိမ့်မည်။
အမရဒီပ    ဇူလိုင်-၁၉-၂ဝ၁၁

No comments: