၁။
ဆရာကြီးက သူရေးသောစာအုပ်များတွင် ကလောင်အမည်ကို "ဦးရွှေအောင်၊ ဝဋံသကာ၊ သိရောမဏိ၊ မဟာဝိဇ္ဇာ
(သက္ကတ) "ဟု တပ်လေ့ရှိသည်။ မဟာဝိဇ္ဇာ(သက္ကတ)ဆိုတာ M.A ဘွဲ့ ကို သက္ကတ (Sanskrit)ဘာသာအထူး
ပြုဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း သိနားလည်ကြသည်။ ဝဋံသကာ၊ သိရောမဏိဆိုတာ ဘာဆိုလိုမှန်း သေသေချာချာ မသိသူများသည်။ ဆရာကြီးဦးအောင်သင်း၏ ဆောင်းပါးတပုဒ်တွင် "ဝဋံသကာနှင့် သိရောမဏိတို့ မှာ အထွတ်
တံခွန်ဟူသောသဘောမျိုးဖြစ်သည်ဟု မှန်းဆရသည်။ သေသေချာချာမသိပါ"ဟု ရေးသားသည်ကို တွေ့ ရ၏။ သို့ဖြစ်ရာ အများတကာနှင့်မရင်းနှီးသော "ဝဋံသကာ၊ သိရောမဏိ"အကြောင်း မိတ်ဆက်စကားဆိုလိုက်ပါရစေ--။
"ဝဋံသကာ"ဟူသည် "ဦးဆောက်ပန်း"ဟု မြန်မာအနက်ထွက်သည်။ဦးဆောက်ပန်းကို မြန်မာ-အင်္ဂလိပ်အဘိဓာန်
၌ 1. floral motif on either side of the Indra figure on the upper part of the Myanmar throne. 2. bejeweled ornament worn above the forehead. 3. [Fig] object of adoration ဟု အနက် ၃ မျိုးပေးပြ
ထားသည်။ ပါဠိ-အင်္ဂလိပ်အဘိဓာန်တွင် a kind of head ornament, perhaps ear-ring or garland worn around the forehead ဟု အနက်ပေးသည်။ မြန်မာမင်းသုံးရာဇပလ္လင်တွင် မှန်ကင်းအောက်ခြေရှိ ဘယ်ညာ
အချွန်အတက် ၂ ခုကို ဦးဆောက်ပန်းခေါ်ကြောင်း မြန်မာစာအဖွဲ့ ထုတ်မြန်မာအင်္ဂလိပ်အဘိဓာန်ပါပုံတွင် ဖော်ပြ
သည်။ "ဦးစောက်ပန်း"ဟုလည်း စာလုံးပေါင်းပါသည်။
မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းက စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ ကို နှစ်မခြားဘဲအောင်မြင်သော စာအောင်သံဃာတော်များကို"ဝဋံသကာ"ဘွဲ့ ပေးပါသည်။ပရိယတ္တိသာသနဟိတအသင်း၏ပထမဦးဆုံးဝဋံသကာ
ပိုင်ရှင်မှာ မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီးဖြစ်ပါသည်။ ၁၉၅၃ ခုနှစ်တွင်ပရိယတ္တိသာသနဟိတအသင်း
၏ ဝဋံသကာဘွဲ့ ရ ၃ ပါး တပြိုင်နက်ပေါ်ထွက်လာသည်။ ဦးကုမာရာဘိဝံသ (ယခု နဝမဗန်းမော်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ) ဦးသုန္ဒာဘိဝံသ (ဦးရွှေအောင်) နှင့် ဦးနာရဒါဘိဝံသ (ဓမ္မာစရိယ
ဦးထွန်းလှိုင်) တို့ ဖြစ်ကြသည်။
ရှေးအခါက နိုင်ငံပိုင်အစိုးရကျင်းပပေးသော ပထမပြန်စာမေးပွဲမှာ ပထမငယ်၊ပထမလတ်၊ ပထမကြီးဟု ၃ တန်း
သာရှိခဲ့သည်။ နောင်တွင် (မြန်မာနှစ် ၁၃၁၄) တွင် ဓမ္မာစရိယတန်းတိုးချဲ့ ပြဌာန်းသည်။ ဓမ္မာစရိယကျမ်းရင်း ၃ နှင့် အတူဂုဏ်ထူးကျမ်း ၉ ကျမ်းကို အပြီးအောင်မြင်ပါက "ခေါင်းပေါ်ကပတ္တမြား"ဟု အဓိပ္ပါယ်ရသော "သိရောမဏိ"ဘွဲ့ ပေးပါသည်။(လက်ရှိအစိုးရဓမ္မာစရိယတန်း၊ ဂုဏ်ထူးတန်းဆိုင်ရာစည်းကမ်းများနှင့်မတူတော့ပါ၊
သိရောမဏိဘွဲ့ လည်းမပေးတော့ပါ။)
လိုရင်းချုပ်ပါက "ဝဋံသကာဘွဲ့ "ကို မန္တလေး၊ ပရိယတ္တိသာသနယိတအသင်းက ပေးသည်။ (ရန်ကုန်၊ ရွှေတိဂုံစေ
တီတော်၊စေတိယင်္ဂယစာမေးပွဲကလည်း ပေးပါသည်။) "သိရောမဏိဘွဲ့ "ကို ယခင်အစိုးရဓမ္မာစရိယစာမေးပွဲစည်း
မျဉ်းအရပေးပါသည်။ ဦးရွှေအောင်သည် မန္တလေး၊ပရိယတ္တိသာသနဟိတအသင်း၏ ဝဋံသကာဘွဲ့ ၊ အစိုးရဓမ္မာစ
ရိယစာမေးပွဲ၏ သိရောမဏိဘွဲ့ များကို ရရှိခဲ့ပါသည်။
၂။
ဦးရွှေအောင်သည် ၁၉၂၈ ခုနှစ်ဖွားဖြစ်သည်။ ၁၉၉၄-ခုနှစ်တွင်ကွယ်လွန်သည်။ ရဟန်းဝတ်ဖြင့် စေတိယင်္ဂယဓမ္မာ
စရိယ၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယ (ဝဋံသကာ)၊ အစိုးရဓမ္မာစရိယ (သိရောမဏိ)ဘွဲ့ များရရှိခဲ့သည်။ လူဝတ်လဲပြီးနောက် ဝိဇ္ဖာဘွဲ့ ၊ မဟာဝိဇ္ဇာဘွဲ့ (သက္ကတ) M.A (Sanskrit) ဘွဲ့ များရှိခဲ့သည်။ သာသနာရေးဦးစီးဌာ
န တွဲဖက်ညွန်ကြားရေးမှုး၊ သာသနာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်၊ ရန်ကုန်တက္ကသိုလ်၊ဒဿနိကဗေဒဌာနပြင်
ပစာစစ်အဖြစ်ဆောင်ရွက်ခဲ့သည်။ အိမ်ထောင်ရှင်တဦးဖြစ်ကာ သား ၂ ယောက်ထွန်းကားသည်။ ရေးသားပြုစုခဲ့
သော စာအုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ရသစာပေ၏ ရသ
(၂) အတ္တဝါဒမှအနတ္တဝါဒသို့ ခရီးစဉ်
(၃) သိဒ္ဓန္တကောမုဒီ (ပ)
(၄) ဓမ္မပဒ (ဝဂ် ၄ ခုပေါင်းချုပ်)
(၅) ဗုဒ္ဓ-လောကသားတို့၏အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်)
(၆) စာဖတ်သူများ
(၇) ချမ်းသာကိုရှာဖွေခြင်း
(၈) ဘဝအမြင်သစ်
(၉) အမြင်များပြောင်းလဲခြင်း
(၁ဝ) ဘဝအကျဉ်းသား
(၁၁) ကုသိုလ်၊ အကုသိုလ်
(၁၂) ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း
(၁၃) ထေရဝါဒအုတ်မြစ်
၃။
ဦးရွှေအောင်၏ဘာသာရေးနှင့် နိုင်ငံရေးအမြင်ကို တင်ပြရာတွင် "ဘဝအမြင်သစ်"စာအုပ်ပါအချက်အလက်များ
ကို အဓိကတင်ပြပါမည်။ ဘဝအမြင်သစ်ဆောင်းပါးများကို သာသနာရေးဦးစီးဌာနမှထုတ်ဝေသော သာသနာ့
ရောင်ခြည်စာစောင်မှာ အခန်းဆက်ရေးသားခဲ့သည်။ ထိုဆောင်းပါးများကို စာဖတ်သူများစောင့်စားဖတ်ခဲ့ကြရ၏။ ထိုဆောင်းပါးများမှာ ၅ ပါးသီလကို ရှင်းပြသောဆောင်းပါးဖြစ်သည်။ ၅ ပါးသီလတွင် ရှေ့ ၄ ပါးအထိသာ ဦးရွှေအောင်ရေးသားခဲ့နိုင်သည်။ နောက်ဆုံး သုရာမေရယသိက္ခာပုဒ်အကြောင်းရေးသားခါနီးတွင် ဦးရွှေအောင်
ကွယ်လွန်သွားသည်ဟု သိရ၏။
ဘဝအမြင်သစ်အခန်း(၉) လူ့ ဘဝ၏တာဝန်၂ ရပ်ဆောင်းပါးတွင် လူသည် တဦးတယောက်တည်းနေ၍မရနိုင်
သောသတ္တဝါဖြစ်သည့်အတွက် အချင်းချင်းဆက်ဆံပေါင်းသင်းရေးဖြစ်ပေါ်လာသည်။ဆက်ဆံပေါင်းသင်းရေး
ပညာဟူ၍ဖြစ်ပေါ်လာကြောင်းရှင်းပြလေသည်။
"မလွဲမရှောင်သာအချင်းချင်းဆက်ဆံရခြင်းရှိလေရာ ဆက်ဆံမှုပြေပြစ်စေရန် များစွာအရေးကြီး၏။ ဆက်ဆံမှုပြေပြစ်ပါမှ လူ့ လောကသည် ငြိမ်းချမ်းမည်ဖြစ်၏။ ထို့ ကြောင့် နိုင်ငံတိုင်း၌ အချင်းချင်းဆက်ဆံရသော
နယ်ပယ်များကို အရေးကြီးသောဘာသာရပ်များအဖြစ် ကြိုးစားပမ်းစားလေ့လာကြလေ၏။" (ဦးရွှေအောင်)
အချင်းချင်းဆက်ဆံပေါင်းသင်းရေးနယ်ပယ်များဟု သတ်မှတ်ခံရသောအရာများကို အရေးတယူလေ့လာအား
ထုတ်ကြပုံ၊ ဘာသာရေးကိုမူ အချင်းချင်းဆက်ဆံပေါင်းသင်းရေးနယ်ပယ်၏စည်းဝိုင်းအပြင်ဘက်ရောက်အရာတခု
ဟု သတ်မှတ်ရှုမြင်လာကြပုံကိုလည်း ဦးရွှေအောင်က ရှင်းပြထား၏။
"ထိုအမြင်အရ ကျန်းမာရေး၊လူမှုရေး၊ပညာရေးစသော အချင်းချင်းတဦးနှင့်တဦးဆက်ဆံရသောနယ်
ပယ်များသည် အရေးကြီးသောနယ်ပယ်များဖြစ်ကြ၏။ ထို့ ကြောင့် ထိုန်ပယ်များကို နိုင်ငံတော်က တာဝန်ယူ၍ အရေးတကြီးထားပြီးလေ့လာကြခြင်းဖြစ်၏။ ထိုအမြင်အရဆိုလျှင် ဘာသာရေးဟူသည်မည်သူတဦးတယောက်
နှင့်မျှမဆက်ဆံရဘဲ "ဆိတ်ငြိမ်လေပို၍ကောင်းလေ"သဘောရှိသဖြင့် နိုင်ငံတော်က တစုံတရာလုံ့ လစိုက်ထုတ်
ရန်မလိုသော ရေးရာတခုဖြစ်ပါ၏။ ထို့ ကြောင့် လည်း ဘာသာရေးနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ၌ယနေ့ တိုင်
အောင် နိုင်ငံနှင့်အဝှမ်း ဖြစ်ဖြစ်မြောက်မြောက် လေ့လာမှုမရှိခြင်းဖြစ်လေ၏။"
ဆက်လက်၍ ထေရဝါဒဗုဒ္ဓဘာသာအလိုအရ ဘာသာရေးသည် ပညာရေး၊လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာ
ရေး၊ အုပ်ချုပ်ရေးစသော လောကရေးရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးက စိတ်ကောင်းထားတတ်အောင် (ကုသိုလ်စိတ်ဖြစ်အောင်) ညွှန်ပြသောကြောင့် ဖြစ်သည်။မြင့်မြတ်
သောစိတ်ထားကောင်းဖြင့် ပညာရေး၊လူမှုရေး၊စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကို အရည်အသွေး
ကောင်းသူတို့ ဆောင်ရွက်မှသာ တိုးတက်သာယာမှုဖြစ်ထွန်းနိုင်ပေမည်။ ဦးရွှေအောင်၏ ရှင်းလင်းချက်ကို ဖတ်ပါ
ဦး---။
"အခြားဝါဒများအရမဆိုသာသော်လည်း ထေရဝါဗုဒ္ဓဘာသာအရဆိုလျှင် ဘာသာရေးသည် များစွာအ
ရေးကြီးပါ၏။ ဘာသာရေးသည် "ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်နိုင်လေကောင်းလေ"သဘောရှိသည်မှန်သော်လည်း ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေးစသော ရေးရာအားလုံးတို့ ၏အခြေခံအုတ်
မြစ်ဖြစ်၏။ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေးစသော ရေးရာဟူသမျှတို့ သည် ဘာသာရေးအခြေခံအုတ်မြစ်ပေါ်၌တည်ဆောက်ရသော အပေါ်ထပ်အဆောက်အအုံများဖြစ်ကြ၏။အမှန်အားဖြင့်
မည်သည့်လုပ်ငန်းကိုလုပ်သည်ဖြစ်စေ စိတ်ဖြင့်လုပ်ရသည်သာ ဖြစ်၏။စိတ်ဟူသည်မှာလည်း ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်ဟူ၍ ၂ မျိုးသာရှိလေရာ လုပ်ငန်းတခုခုကိုလုပ်ရာ၌ ကုသိုလ်စိတ်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင်အကု
သိုလ်စိတ်ဖြစ်ရပေလိမ့်မည်။ အမှန်အားဖြင့် ဘာသာရေးကိုနားလည်မှ ကုသိုလ်စိတ်ဖြစ်အောင်ထားတတ်၏။ အကုသိုလ်စိတ်ဖြစ်အောင်ကား ဘာသာရေးကိုနားလည်ဖို့ မလို။ လောဘ၊ ဒေါသ၊မောဟနှင့်မာန်မာနများခြံရံပြီး မိမိ၏စိတ်ကိုထားချင်သလို အထိန်းအကွပ်မရှိဘဲ ထားလိုက်လျှင်ပင် အကုသိုလ်စိတ်များ အလိုလိုရောက်လာမည်
ပင်ဖြစ်၏။ "
"လောကရေးရာအားလုံးတို့ တွင် ဘာသာရေးသည် အချင်းချင်းကိုမငဲ့ဘဲ တဦးတည်းတယောက်တည်း
ဆောင်ရွက်ရသည့်ရေးရာပင်ဖြစ်သော်လည်း အခြေခံအကျဆုံးနှင့် အပြဋ္ဌာန်းဆုံးဖြစ်ပါ၏။"
ဘာသာရေးကို အခြားရေးရာများ (အထူးသဖြင့်)နိုင်ငံရေးနှင့်စည်းခြားလိုသူများက ဘာသာရေးကို နိုင်ငံရေးနှင့်
ရောစပ်လိုက်လျှင် ဘာသာရေးသဘောတရားကို ဆန့် ကျင်ရာရောက်ကြောင်း ဆိုကြ၏။ ယင်းပြောဆိုသူတို့ မှာ
ယင်းသို့ ပြောဆိုရသည့်အကြောင်းပြရှိမှာသေချာသည်။ သို့ သော် အကြောင်းပြသည် ဘာသာရေး၏အာဘော်
မဟုတ်ဘဲသူတို့ ၏ကိုယ်ပိုင်အတွေ့ အကြုံ သို့ မဟုတ် အတွေးအမြင်မျှသာ ဖြစ်နေတတ်သည်။ ထို့ ကြောင့် နိုင်ငံရေးနှင့် ဘာသာရေးကိုစည်းခြားထားလိုသူများ၏သဘောထားကိုနားလည်မှုပေးသောအားဖြင့် မည်သို့ မျှ
အငြင်းမပွားလိုပါ။ ဘာသာရေးနှင့် နိုင်ငံရေးဆက်စပ်မှုရှိ၊ မရှိကို ဦးရွှေအောင်တို့လိုဘာသာရေးကျွမ်းကျင်သူတွေ
ကသာ မျှမျှတတရှင်းပြနိုင်လိမ့်မည်ဟု မျှော်လင့်သောအားဖြင့် ဖော်ထုတ်တင်ပြခြင်းဖြစ်ပါသည်။ ဦးရွှေအောင်၏
ရှင်းပြချက်အတိုင်းထပ်ဆင့်ပြောရလျှင်------
ဘာသာရေးသည် ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊အုပ်ချုပ်ရေးစသည်တို့ ၏ အခြေခံအုတ်
မြစ်ဖြစ်သည်။ ဘာသာရေးနှင့် အခြားရေးရာများကို စည်းခြား၍မရနိုင်------------။
အမရဒီပ
သြဂုတ်လ ၄၊ ၂ဝ၁၁
No comments:
Post a Comment