Total Pageviews

Tuesday, January 21, 2014

ထွဋ် နဲ့  ထွတ်

ဘုန်းကြီးလောကမှာ မင်းတုန်းမင်းလက်ထက်က "ထွဋ်ခေါင်ဆရာတော်" မှ ယနေ့ ခေတ် စန္ဒရားလှထွဋ်၊
ဇော်မျိုးထွဋ်၊ ဇော်ဝင်းထွဋ်၊ ဝင်းထွဋ်ဇော်၊ ဗိုလ်ရဲထွဋ် ၊  မေထွဋ်ခေါင်အထိ "ထွဋ်"ကြပါတယ်။

ဘုရင့်နောင်မင်းကြီးဖြစ်လာမယ့် "ရှင်ရဲထွတ်"မှသည် ယနေ့ ခေတ်အထိ "ထွတ်" နေကြတဲ့ အမည်တွေ
ကိုလည်း တွေ့ ရပါတယ်။

ကောင်းပြီ။ ဋ-သံလျှင်းချိတ် အသတ်နဲ့  ပေါင်းတဲ့ ထွဋ်၊ တ-ဝမ်းပူအသတ်နဲ့ ပေါင်းတဲ့ ထွတ် ၂ မျိုးမှာ ဘယ် စာလုံးပေါင်းဟာ မြန်မာမှု ပိုဆန်သလဲဆိုတာ သုတေသနလုပ်ကြည့်ပါမယ်။

မန်လည်ဆရာတော်ရဲ့ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကျမ်းကို ကြည့်ပါမယ်။
-မကိုဋ်နဝရတ် ၊ ကျောက်စိန်ထွတ်ဖြင့် (အပိုဒ်-၁)
-သုံးလူထွတ်ချာ ၊ စောမြတ်စွာလည်း (အပိုဒ်- ၈)
- လောကသုံးဆိုင်၊ ထွတ်ဆုံးတိုင်၍ (အပိုဒ် -၁၂)
-ခေါင်ဆုံးမကိုဋ်၊ ထွတ်ဆုံးစိုက်သို့ (အပိုဒ်- ၁၃)
-သနင်းထွတ်ဖျား၊ တို့ ဘုရားလျှင် (အပိုဒ်-၁၅)
-သမ္ဗောဓိထွတ်၊ တုလွတ်ဂုဏ်တော် (အပိုဒ် - ၁၅)
အခြားနေရာများစွာမှာလည်း မန်လည်ဆရာတော်ကြီးက တဝမ်းပူအသတ် ထွတ်-လို့ စာလုံးပေါင်းတာ
ကို တွေ့ ရပါသေးတယ်။

နတ်သျှင်နောင်ရတုပေါင်းချုပ်ကိုလည်း ကြည့်မိပါတယ်။
-သုံးတိုက်ပယ်မှောင်၊ ထွတ်ဘုန်းခေါင်
- ဖြူညွန့် ရွက်ဆိုင် ၊ ပန်းရိပ်မြိုင်လျက်
ရောက်တိုင်တိမ်ထွတ်၊ ပျံမတတ်တည့်။
- ခေါင်ထွတ်ဆက်ကာ ၊ မင်းတို့ သာလျှင်
ဆင်ရာမကိုဋ်၊ ရှင်တော်ရိုက်ဟု...။
-ချစ်ထွတ်တင်ထား ၊ သနားပါအောင်
လက်ဆောင်အသက် ၊ နှင်းဆက်ချင်ချင်
ဝါလုံးစင်သည် ၊ လွမ်းအင်ကြီးပြန်ခဲ့တကား။

နတ်သျှင်နောင်လည်း တဝမ်းပူအသတ်နဲ့ ထွတ်-တာပါပဲ။

အရှင်မဟာရဋ္ဌသာရ၏ စတုဓမ္မသာရကိုးခန်းပျို့ ကိုလည်း ကြည့်ပါဦး။
-မြေမိုးရပ်သူ ၊ လူခပ်သိမ်းတို့ 
ညွတ်တိမ်းပူဇော် ၊ ကျေးဇူးတော်လည်း
နှိုင်းဘော်တုကျွန်း၊ မြင့်မိုရ်ထွန်းသို့ 
ရဟန်းမျာ့ထွတ် ၊ သုံးလူ့ နတ်ကား...။ (အပိုဒ်- ၁)
-ဆွေရင်းခင်ပွန်း ၊ ငယ်ကမှန်း၍
ရွှေနန်းထွတ်ခေါင်၊ စိုးချုပ်အောင်လျှင် ...။ (အပိုဒ်- ၇)
-ရထားထက်က ၊ ဆင်းသက်လျင်ပြင်း
ပညောင်ရင်းသို့ ၊ ကပ်လျှင်းတုံလတ်
ပုဏ္ဏားထွတ်ကား.......။ (အပိုဒ်- ၉)
အရှင်မဟာရဋ္ဌသာရလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

နဝဒေးကြီးရဲ့ ရတုများကိုလည်း ကြည့်ပါဦး။
-သုံးဖြာဗွေထွတ် ၊ ခေါင်တုလွတ်ကို
ရှိဝတ်ဦးတည် ၊ လျှောက်ဝံ့သည်ကား...။
-ရွှေရောင် နှင့် မြ၊ ရောင်တိုင်းလှသော်
မှိုင်းပြထက်ဝန်း၊ နှင်းသာဖြန်းက
ရန်းရန်းရွရွ ၊ ဆွဆွဖြူထွား
ပုလဲပွားသို့ ၊ ချရားမဉ္ဇူ
ခိုင်စုံတူကို ၊ ဆက်လှူရည်ထင်
လှထွတ်တင်နှင့် ၊ ရွှေရင်ရစ်ခွေ
စုံလွယ်စေလော့....။
နဝဒေးကြီးလည်း တဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

ပဒေသရာဇာရဲ့ သူဇာပျို့ ကိုလည်းကြည့်ပါ။
-ရွှေနန်းများရှင် ၊ ဘုရင်များမှုး
ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်
မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ
ပေးတော်မူမှ.....။ (အပိုဒ်- ၁)
-နဂါးနတ်ရှင် ၊ ငါပင်ကိုယ်ကား
တခြားပြည်က၊ ပါပမိစ္ဆာ
ပုဏ္ဏားလာ၍ ၊ တေဇာကြီးထွတ်
မန္တာန်မြတ်ကို ၊ ရွတ်ဘိသော့ထွေ...။ (အပိုဒ်-၈)
-ထိုအခါဝယ်၊ ဟေမာဂီရိ
အမည်ရှိသည် ၊ ထွန်းညိပြောင်ပြောင်
ရွှေစင်တောင်ကို ၊ ထွတ်ခေါင်ပိုင်စိုး  (အပိုဒ်-၁ဝ)
ပဒေသရာဇာကြီးလည်းတဝမ်းပူအသတ်နဲ့  ထွတ်တာပါပဲ။

တွင်းသင်းတိုက်ဝန်ရဲ့ မုဒုလက္ခဏပျို့ ကိုလည်း ကြည့်ပါဦး။
-ဘီလူးသိကြား၊ တိမ်ထွတ်ဖျားက (အပိုဒ်- ၂၈)
-မင်းကြီးမေးဟန်၊ ကြားလသွန်သော်
သုံးတန်ဘုံသူ၊ လူတို့ အထွတ်
ပွင့်မည့်နတ်လည်း ၊ ပြတ်ပြတ်သံချို
မိန့် လဆို၏။ (အပိုဒ်- ၅၂)

အရှင်မဟာသီလဝံသဆရာတော်ရဲ့ ပါရမီတော်ခန်းကကော။
-ဗောဓိမဏ္ဍိုင် ၊ ခန်းဝါပိုင်က
ချက်ရိုင်ပြည့်စုံ ၊ နဝဂုဏ်တည့်
ဆန်စုန်အောက်ထက်၊ ကျောက်ဝှန်တက်၍
ဘဝဂ်ရပ်သူ၊ သယမ္ဘူဟု
ခြောက်ဆူဘုံထွတ်၊ အနတ်နတ်တို့ ....။ (အပိုဒ် -၁)

တဝမ်းပူအသတ်နဲ့ ထွတ်ကိုပဲအတွေ့ များနေပါတယ်။ ဒါနဲ့ စိန္တကျော်သူဦးသြရဲ့ သြဝါဒထူးပျို့ ကို ကြည့်မိ
တော့ တမျိုးဖြစ်သွားပါတယ်။
-ပြည်ကြီးအရှင်၊ ထွဋ်သခင်ကား ၊ လူတွင်ခေါင်ထိ၊ သမုတိဟု၊
မည်ရှိနတ်စစ်၊ မြတ်ဆုံးဖြစ်ရှင့် ။ (အပိုဒ်-၁)
ဋသံလျှင်းချိတ်နဲ့  ထွဋ်ပါပြီကော။ သို့ သော် နောက်အပိုဒ်များတွင်တော့--------
-ရန်နင်းထွတ်ဖျား၊ မင်းတို့ အားမူ၊ ပွားများဝှန်ဖြိုး၊ တန်ခိုးလွန်မင်း၊
ကြီးမြတ်ခြင်းတည်း။ (အပိုဒ်-၃၃)
-ပြည်သူ့ တမွတ်၊ လောကနတ်နှင့် ၊ အထွတ်ညာတင်၊ ရှင်မိဖုရား...။(အပိုဒ် ၄ဝ)
လို့  တဝမ်းပူအသတ်နဲ့ ထွတ်ပါတော့တယ်။ ဋသတ်ကော-တသတ်ကော သုံးပြတယ်လို့ ဆိုရတော့မလို။

ဘဒူမင်းညိုရဲ့  ရခိုင်မင်းသမီးဧးချင်းကိုဖတ်ရာမှာ ဟံသာဝတီပုံနှိပ်တိုက်မူက (ထွတ်) လို့  စာလုံးပေါင်းပြီး
ရမ်းဗြဲကျွန်း၊ သရက်ချောင်းမူကတော့ (ထွဋ်) လို့ စာလုံးပေါင်းပါတယ်။သူ့ အယူအဆနဲ့ သူဖြစ်မယ်ထင်ပါ
တယ်။
-မဟာသမတ်၊ နွယ်မပြတ်လျှင်၊ အထွဋ် (ထွတ်) ထိပ်မိုး၊ ဖြိုင်ဖြိုင်စိုးသည်၊ မျိုးလည်းလွန်မြောက်။
(အပိုဒ်-၂)

၁၉၆၃ ခုနှစ်ထုတ် ဟံသာဝတီတိုက်ထုတ် လောကသာရပျို့ နဲ့ အဖြေကို ဖတ်ပါဦး။
-ဘုရား တရား သံဃာ၊ ရတနာထွတ်ထား
မြတ်သုံးပါးကို။ (အပိုဒ်- ၁)
လောကသာရပျို့ အဖြေရေးဆရာညီနောင် (အမိန့် တော်ရရှေ့ နေ ဦးသီး၊ စာတော်ပြန်-မြို့ အုပ် ဦးဘိုးဖြူ)
က ရတနာထွတ်ထားကိုရှင်းပြရာမှာ ဋသံလျှင်းချိတ်အသတ်နဲ့ ထွဋ်ဟာမြန်မာမှုမဆန်၊ တဝမ်းပူသတ်အ
သတ်နဲ့ ထွတ်ကသာ မြန်မာမှုမြန်မာဟန်ဆန်တယ်လို့  မိန့် ကြပါတယ်။ သူတို့ ရဲ့ ရှင်းချက်ကို ဖတ်ပါ။

"ထွတ်= အထိပ်-အဖျား-အမြတ်။ ယင်းထွတ်ဟူသော ဝေါဟာရသည် မြန်မာဘာသာသက်သက်ဖြစ်၍
တဝမ်းပူသတ်နှင့်သာ သင့်လျော်သည်။ အချို့ က မကုဋသဒ္ဒါအရ မကိုဋ်တွင် ဋသံလျှင်းချိတ်သည်ကို
အမှီပြု၍ ထွတ်ဟူသောစကားကို မကိုဋ်ဟူသောစကားနှင့်အဓိပ္ပါယ်တူယူပြီးလျှင် ဋသံလျှင်းချိတ်သတ်
ရေးပြုလေ့ရှိကြသည်။ ထွတ်-ဟူသောဝေါဟာရသည် မကုဋသဒ္ဒါပျက်မဟုတ်ကြောင်း သဒ္ဒနုသာရီသတ်ပုံဖြင့် သိအပ်၏။"

အမရဒီပ
ဇန်နဝါရီ ၂၁၊ ၂ဝ၁၄

No comments: