(၁)
"ယဉ်ရာတွင် သူဇာ၊ ခက်ရာတွင် ပါရမီ၊ တည်ရာတွင် ရွှေဟင်္သာ" ဟု ဆိုသင့်ကြောင်း ရွှေဟင်္သာမင်း
ပျို့ အဖြေဆရာ ရဝေထွန်းက ဆို၏။ ပျို့ အဖြေရေးသူအနေဖြင့် သက်ဆိုင်ရာပျို့ ကို အဖြေကျမ်းစာ
ဖြစ်လာအောင်အားထုတ်ရာတွင် မူရင်းပျို့ ဆရာပြီးလျှင် ဒုတိယပင်ပန်းသူဖြစ်သည်။အကြောင်းသိသူ
တဦးအနေဖြင့် ဆိုထိုက်သည်ကို ဆိုခြင်းသာ ဖြစ်၏။
ရွှေဟင်္သာမင်းပျို့ ကို အရှင်တေဇောသာရ ရေးသည်။ ယင်းပျို့ ကို မြန်မာသက္ကရာဇ် ၈၇၁ တွင် ရေးသည်
ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၅ဝဝ ကျော်သက်တမ်းတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပေပြီ။ ပျို့ ဆရာသည် ခေတ်
ကာလ ပဒေသရာဇ်တို့ ၏နိုင်ငံရေးဂယက်၊ တိုင်းပြည်ရေးရာမငြိမ်သက်မှု၊ အချင်းချင်းယုံကြည်မှုပျက်ပြား
ပြိုကွဲနေမှု၊ အင်အားကောင်းသူတို့ က အခွင့်ကောင်းကိုစောင့်ကြည့်မှု နှင့် အားစမ်းနေမှုတို့ ကို မြင်ရ၊
ကြုံရမည်မှာ သေချာသည်။ ယင်းအခြေအနေကို ထင်ဟပ်ပြီး နိုင်ငံမပျက်စီးရလေအောင် သတိပေးတိုက်
တွန်းချက်များပါသော ပျို့ ကဗျာကို ရေးသည်ဖြစ်ရာ တိုင်းပြည်ပြည်ပြုကဗျာ (သို့ မဟုတ်) နိုင်ငံရေးကဗျာ
အမျိုးအစားဖြစ်သည်ဟု ဆိုနိုင်သည်။
မှန်သည်။ ရွှေဟင်္သာမင်းပျို့ သည် နိုင်ငံရေးကဗျာဖြစ်သည်။ သို့ သော် ဘာသာစကားအသုံးအနှုံးကို
နိုင်ငံဆန်ဆန် အတုံးလိုက်အတစ်လိုက် ပြောဆိုထည့်သွင်းသည်မဟုတ်ဘဲ လိမ်မာပါးနပ်စွာ ၊ တနည်း
ဆိုသော် ၊ ပညာရှင်ဆန်ဆန်သာ ပြောဆိုသည့်အတွက် ကဗျာဖတ်သူများကို ငြီးစီစီဖြစ်အောင် မလုပ်
ဟု ဆိုရပါမည်။
(၂)
ရွှေဟင်္သာမင်းပျို့ ဆရာအရှင်တေဇောသာရသည် အပိုဒ်အမှတ် ၈ တွင်--
-နတ်ရှင်စောဓီး
မင်းကြီးပီပီ
ရေပေါ်ဆီသို့ 
သီညီလူ့ ဘောင်
ပြည်ထဲဆောင်သည်
အခေါင်ရိပ်ဖြူကာဆောင်းတည်း......ဟု ရေ နှင့် ဆီဥပမာပြုကာ ဆိုလေ၏။
တိုင်းပြည်အုပ်စိုးသူဘုရင်မင်းသည် ရေမျက်နှာပြင်ပေါ်တွင်ပြည့်နေသော ဆီပမာ ပြည်သူလူထုတို့ ၏
သဘော၊ ရင်တွင်းခံစားချက်ကို သိနားလည်ပြီး လိမ္မာကျွမ်းကျင်စွာတိုင်းကျိုးပြည်ကျိုးကိုရွက်ဆောင်
ကာ မင်းခေါင်မင်းဖျားမင်းတရားကြီးအဖြစ် တိုင်းပြည်ကို အုပ်ချုပ်နေသည်ဟု ဆိုလိုပါ၏။
ဤကောက်ချက်နုတ်ပါ "ရေပေါ်ဆီ" ဥပမာမှာ ရေ နှင့် ဆီကို ရောနှောသော် ဆီသည်အပေါ်မှာတက်နေ
သကဲ့သို့  မင်းသည် တိုင်းသူပြည်သား၏အပေါ်က နေရသည်ဟု ပြထား၏။
မင်းသည် ဆီနှင့် တူစေရမည်။
တိုင်းပြည်လူထုသည် ရေနှင့်တူစေရမည်ဟု ဥပမာ၊ ဥပမေယျစပ်ဟပ်လိုဟန်ပြသည်။
(၃)
သာယာဝတီမင်းကြီးလက်ထက် ဆီမီးခုံ (ဆမိတ်ခုံ) ရွာစားကြီး မဟာမင်းလှမင်းခေါင်ဘွဲ့ ခံ ဦးရွှန်း၏
မဟာသုတသောမပျို့ ၊ အပိုဒ် ၁၁၄ တွင်--- လိုရာဆုတောင်းဟု စကားကမ်းလှမ်းလာသည့် လူသား
စားပေါရိသာဒအား သင်လို အကျင့်တန်သူ၏ဆုကို ငါမယူသင့်၊ သင်နှင့်ငါသည် အကျင့်အားဖြင့် ရေ
နှင့်ဆီပမာ ကွာခြားကြသည်ဟု မဟာသုတသောမမင်းကြီးက ပြောလေဟန် စပ်ဆိုပြသည်။
-မလွတ်ဇရာ ၊ မရဏာသည်
သင့်မှာအလျင်း၊ မရှိကင်းသို့ 
သေခြင်းတရား၊ သဘောများ၌
စီးပွားရှိမဲ့ ၊ မသိခဲ့တည့်
ငရဲ့အစာ ၊ အကျင့်ငှါနှင့်
နတ်ရွာရောက်သင့် ၊ ဤအကျင့်ဟု
ထောက်ချင့်မစပ် ၊ ကျိုးမနပ်သည်
အရပ်နှစ်တန်၊ ပစ္စုပ္ပန်နှင့်
နောင်ဖန်ကြိမ်ခါ၊ သံသရာဝယ်
ရောက်လှါကံဆန်း၊ သက်မွေးကြမ်း၍
ဆင်ကန်းတောတိုး၊ မသိနိုးလျက်
ကောင်းကျိုးမပါ၊ သင်ယုတ်မာသည်
ဘဇာငါ့အား၊ ဆုပေးငြားအံ့
သင်ကားငါ၌ ၊ မပေးထိုက်၍
ခံကြိုက်သဖြင့် ၊ ငါမသင့်ဟု
ထောက်ချင့်အနေ ၊ ဆီနှင့်ရေသို့ 
ကွာကြလေရာ ၊ သင်နှင့်ငါသည်
ပမာသဘောမတူတည်း------။
(၄)
ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ဗြိတိသျှကိုလိုနီခေတ်အစပိုင်းတွင် ပေါ်ထွန်းခဲ့သော မန်လည်ဆရာ
တော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်မဟာကဗျာကျမ်း၌လည်း ဆီ နှင့် ရေ ဥပမာပေးကာ
ဖွဲ့ ဆိုလေ၏။
-သဒ္ဓွါ ပညာ ၊ သမ္ဘာမမျှ
ဤလောက၌ ၊ မိန်းမရတနာ
ယုတ်မာယောက်ျား ၊ အတူထားလည်း
နီးပါးမသီ ၊ ရေ နှင့်ဆီကို
မညီစိတ်မှာ ၊ ဝေးကြကွာ၏ ။ (အပိုဒ် ၂၅၆)
- သမ္မာမိစ္ဆာ ၊ ဤနှစ်ဖြာကား
ဘယ်ခါသော်မှ ၊ မတူကြတည့်
ဗာလပဏ္ဍိတ ၊ ဒုဇ္ဇနနှင့်
သုဇနမျိုး ၊ ကောင်းဆိုးကိစ္စ
ကျင့်စာရက ၊ မမျှကျိုးပြစ်
ကျောက်စရစ်နှင့် ၊ ဖော့နှစ်သွေးသီ
ရေနှင့်ဆီသို့ ၊ မညီစင်စစ်
ပေါ်နစ်ဆန်မျော ၊ မနှီးနှောသည်
သဘောအောက်ထက်ကျေညာတည်း။ (အပိုဒ် ၂၆၁)
မိန်းမရတနာနှင့် ယုတ်မာယောက်ျား၊ သမ္မာတရား နှင့် မိစ္ဆာတရား၊ ဗာလနှင့်ပဏ္ဍိတ၊ ကောင်းဆိုး တို့ ကား
ရေ နှင့် ဆီ လို ကွာခြားကြလေကြောင်း ပြဆိုထား၏။
(၅)
ရေပေါ်ဆီအကြောင်း ပြန်ဆက်ပါမည်။ "ရေပေါ်ဆီ" ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်က Superficial person
အပေါ်ယံသိသူ၊ ပေါ့ပေါ့တန်တန်လူစားမျိုး- ဟု ပြဆိုထား၏။ ရွှေဟင်္သာမင်းပျို့ က စတင်လိုက်သော ရေပေါ်
ဆီဥပမာ အဓိပ္ပါယ်မဟုတ်တော့ပြီ။ အချိန်ကာလ၊ ခေတ်ကာလပြောင်းသည်နှင့်အမျှ စကားလုံးအဓိပ္ပါယ်
သည်လည်း ပြောင်းလဲသွားကြောင်း တွေ့ ရသည်။
ခေတ်စာပေများတွင် "ရေပေါ်ဆီလူတန်းစား' ဟူသော ဝေါဟာရကို ဖတ်နေရ၏။ ဤသည်မှာ မနှစ်သက်
စရာလေသံပါသည့် အပေါ်ယံလူတန်းစား၊ အမြတ်ကြီးဂုတ်သွေးစုပ်၊ အရင်းရှင်လူတန်းစား၊ ခရိုနီလူတန်း
စားကို သရုပ်ဖော်နေ၏။
အမရဒီပ
ဇန်နဝါရီလ ၂၂၊ ၂ဝ၁၄
No comments:
Post a Comment