၁။
ဗုဒ္ဓခြေတော်ရာအကြောင်း ရေးသားပြုစုထားသည့် ကျမ်းစာတစောင်ကို မိတ်ဆွေတဦး ဓမ္မလက်ဆောင်ပေးသွား
သည်။
ကျမ်းစာအုပ်အမည်---- အဖေ့ခြေရာ
ပြုစုသူ ----- ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ)
ပထမကျော်၊ အဂ္ဂမဟာအကျော်၊ အဋ္ဌကထာပြန်အကျော်၊ သ-စ-အ ဓမ္မာစရိယ၊
ဝဋံသကာ၊ ပါဠိပါရဂူ
ပုံနှိပ်ခြင်း ----- ဒုတိယအကြိမ်၊ အောက်တိုဘာ၊ ၂ဝ၁ဝ
ထုတ်ဝေသူ ----- ဦးမြင့်ဦး (ရွှေကျေးစာပေ)
စာအုပ်အတွက် အမှာစကားများကို နဝမဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ၊ ရွှေသုဝဏ်ဆရာတော် ဘဒ္ဒန္တသဒ္ဓိယ၊ ဓမ္မဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဝိလာသ (ဝေမိုး-ကျွန်းလှ)၊ စာအုပ်အလှူရှင် ဒေါ်လဲ့လဲ့ဝင်း၊ ကျမ်းပြုအရှင် (ပထမအကြိမ်၊ဒုတိယအကြိမ်) တို့ က ရေးသားထားကြ၏။ အမှာစာများကို အနှစ်ချုပ်လိုက်တော့ ဗုဒ္ဓခြေတော်ရာရှိ (၁ဝ၈)ကွက်စက်လက္ခဏာများအနက် အမှတ်စဉ် (၃) နှင့် အမှတ်စဉ် (၆) ပါ အမှတ်အသားပုံ
များကို သုတေသနပြုလုပ်မှုများမှတဆင့်ရှာဖွေတွေ့ ရှိသောအထောာက်အထားများအရ ပြင်ဆင်ထားကြောင်း သိရ၏။
ရှေးမူများအရ အမှတ်စဉ် (၃) ၏လက္ခဏာအမှတ်အသားမှာ ဇလပ်ပန်းပုံ-----။ ယခုအသစ်ပြင်ဆင်ချက်
မှာ ဇလပ်ပန်းသဏ္ဌန်ကလာပ်ပုံ----။ ရှေးမူများအရ အမှတ်စဉ် (၆)၏လက္ခဏာအမှတ်အသားမှာ ထမင်းပွဲပုံ---။ ယခုအသစ်ပြင်ဆင်ချက်မှာ ယောက်ျားတဦးကို အခြားယောက်ျားတဦးက ထမ်းထားသည့်ပုံ---။
၂။
ကျမ်းပြုအရှင်သည် ဗုဒ္ဓခြေတော်ရာကို ကြည်ညိုစိတ်ဝင်စားသည်။ မြန်မာပြည်တွင်းရှိ ခြေတော်ရာ (၁၅ဝ)ကျော်
နှင့် အိန္ဒိယ၊ နီပေါ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့ သို့ ကြွရောက်ကာ ဗုဒ္ဓခြေတော်ရာများကို ဖူးမြော်ခဲ့
သည်။ ခြေတော်ရာမှာပါရှိသော (၁ဝ၈)ကွက်စက်လက္ခဏာမှာ တနိုင်ငံနှင့် တနိုင်ငံမတူကြ၊ မြန်မာနိုင်ငံတွင်းမှာ
ပင် ခေတ်အလိုက်မူအမျိုးမျိုးကွဲပြားနေကြောင်း တွေ့ ရှိခဲ့သည်။ (မူအမျိုးမျိုးဖြစ်နေရာ မိမိနှစ်သက်သဘောကျ
သောမူဖြင့် ကြည်ညိုပူဇော်နိုင်သည်။ ငြင်းခုံယှဉ်ပြိုင်နေခြင်းဖြင့် ကုသိုလ်မဖြစ်နိုင်ပါ။ ကုသိုလ်ဖြစ်ဖို့ သာအဓိကကျ
ပါသည်။ အဖေ့ခြေရာစာအုပ်၊ ၁၁၈။)
ထေရဝါဒဗုဒ္ဓစာပေများနှင့်အညီ ခြေတော်ရာပါ (၁ဝ၈)ကွက်စက်လက္ခဏာကို ထုလုပ်ပူဇော်ရမူ သဒ္ဓါတရား
ပိုမိုဖြစ်ပွားပေလိမ့်မည်ဟုလည်း ယူဆခဲ့သည်။ ထို့ ကြောင့် ဗန်းမော်ဆရာတော်ဦးဆောင်သော "ဗုဒ္ဓခြေတော်
ရာမူမှန်ပူဇော်ရေးအဖွဲ့ "ကို ဖွဲ့ စည်းခဲ့သည်။ အဖွဲ့ တွင် ပိဋကတ်ပညာရှင်ရဟန်းတော်များ၊ မြန်မာမှုဒီဇိုင်းပညာရှင်၊
ဓာတ်ပုံပညာရှင်၊ စာရေးဆရာများပါဝင်ကြသည်။
"သြောင်း--- တရာ့ရှစ်ကွက်၊ ဗုဒ္ဓစက် "ဟု စက်ကြီး (၁၃) ပါး ဘုရားရှိခိုးစာရှိပါ၏။ သို့ သော် (၁ဝ၈)ကွက်ကို ယူပုံ
ရေတွက်ပုံမှာ မူအမျိုးမျိုးဖြစ်နေ၏။ ပုဂံခေတ် ဇိနာလင်္ကာရဋီကာမူ၊ အင်းဝခေတ်ရှင်မဟာရဋ္ဌသာရ၏လင်္ကာမူ၊ ကုန်းဘောင်ခေတ် ပထမမောင်းထောင်သာသနာပိုင်ဆရာတော်မူ၊ ရတနာပုံခေတ် တောင်ခွင်သာသနာပိုင်မူ၊ တိပိဋကမဟာဗုဒ္ဓဝင်မူ၊ မြန်မာစွယ်စုံကျမ်းမူ၊ သုတေသနသရုပ်ပြအဘိဓာန်မူ၊ ခြောက်ထပ်ကြီးရွှေသာလျောင်းဘု
ရားကြီးမူ ဟူသော မူအမျိုးမျိုးတို့ ၏ စက်လက္ခဏာပုံအမှတ်အသားများကို အဖေ့ခြေရာစာအုပ်တွင် စာရင်းထုတ်
ပြထား၏။ ယခုနောက်ဆုံးမူမှာ "ဗုဒ္ဓခြေတော်ရာမူမှန်ပူဇော်ရေးအဖွဲ့ "၏ အနန္တဇိနဗုဒ္ဓခြေတော်ရာမူပင်
ဖြစ်ပါ၏။
မြတ်စွာဘုရား၏ခြေဖဝါးတွင် အရေးအကြောင်းအနေဖြင့်ရှိနေသော အမှတ်အသားများမှာ (၁) စက်ဝန်း (၂) အကန့် တထောင် (၃) အကွပ်တံကူ (အနားရေးနခမ်းသတ်) (၄) ပုံတောင်း (ဗဟိုချက်မ) (၅) လှံမအိမ်မွန်စသော မင်္ဂလာအမှတ်အသားများ ရှိ၏။ ထိုငါးမျိုးတွင် စက်ဝန်းသည် အဓိကပဓာနဖြစ်၏။ လှံမအိမ်မွန်စသော အမှတ်အသားများသည် စက်ဝန်းကို ဝိုင်းရံလျှက် တည်ကြရသည်။ (အဖေ့ခြေရာ၊ ၁၇။) တည်ထားပြီး ဗုဒ္ဓခြေတော်ရာများ၌ စက်ဝန်း၏တည်နေရာသည် အမျိုးမျိုးဖြစ်နေ၏။ ထို့ ကြောင့် ပထမဦးစွာ စက်ဝန်း၏ တည်နေရာကို ရှာဖွေစုံစမ်းရသည်။ အဋ္ဌကထာ၊ ဋီကာနှင့်ညီသော မောင်းထောင်သာသနာပိုင်၏အဆုံးအဖြတ်မှာ "ခြေတော်ကို (၄) ဖို့ ပြုပြီးသော် ရှေ့  (၂)ဖို့ ကို ခြေချောင်းနှင့်ဖြစ်၍ ခြေဖျား၊ မြင်းခေါင်းတော်အောက် (၃) ဖို့ 
မြောက်သည် ခြေလယ်၊ (၄)ဖို့ မြောက် ဖနောင့်တော်သည် ခြေရင်းမည်ရကား ဖမျက်တော်အောက် (၃)ဖို့ မြောက်
ဟူသော အလယ်အရပ်တွင် စက်တော်တည်သည်" ဟူ၏။ (စာမျက်နှာ-၄၅)
၃။
"ဗုဒ္ဓခြေတော်ရာမူမှန်ပူဇော်ရေးအဖွဲ့ "က အမှတ်စဉ် (၃)၏လက္ခဏာအမှတ်အသား ဇလပ်ပန်းပုံမှသည် ဇလပ်ပန်းသဏ္ဌန်ကလာပ်ပုံဟု ပြောင်းလဲသတ်မှတ်ရခြင်းကို ဤသို့ ဖော်ပြထား၏။
"နန္ဒိယာဝဋ္ဋ ဟူသည်ကို ရှေးက ဇလပ်ပန်းဟု မြန်မာပြန်ဆို၍ စက်လက္ခဏာပုံတွင် ဇလပ်ပန်းကို ပြကြ၏။ သို့ 
သော် သာရတ္ထဋီကာ၊ဝိမတိဋီကာတို့ ဖွင့်ပြချက်အရ နန္ဒိယာဝဋ္ဋ ဟူသည် ဇလပ်ပန်းသဏ္ဌာန်ဖြင့်ပြုလုပ်ထားသော
ကလာပ်ဟူ၍ သိရ၏။ ထို့ကြောင့် စက်လက္ခဏာပုံတွင် ကလာပ်ကိုပင် ပြရသည်။ " (စာမျက်နှာ-၅၉။)
အမှတ်စဉ် (၆)၏ လက္ခဏာအမှတ်အသားပြောင်းလဲသတ်မှတ်ရခြင်းကို ဤသို့ ရှင်းပြထား၏။
"ဤ ဝဍ္ဎမာနကအရာ၌ ခေတ်အဆက်ဆက်က ထမင်းပွဲဟု ဘာသာပြန်ကြ၍ စက်လက္ခဏာပုံ၌ ထမင်းပွဲ ဒေါင်းလန်းပုံအမျိုးမျိုးကို ရေးဆွဲကြ၏။ ပဏ္ဏာသဋီကာနှင့်အဒ္ဓမာဂဓီအဘိဓာန်တို့ အလို စီတန်းနေသော ယောင်္ကျားတို့ တွင် ရှေ့ ဆုံးမှာရှိသော ယောင်္ကျားက အခြားတဦးထမ်းနေသည့်ပုံသာအမှန်ဟူ၍
အဘယာရာမဆရာတော် ဒေါက်တာဦးသီလာနန္ဒာဘိဝံသက ဆုံးဖြတ်သည်။ (စာမျက်နှာ-၅၉။)
အမှာစကားရေးသူများက အမှတ်စဉ် (၆)၏ ထမင်းပွဲပုံမှ ယောက်ျားပုံသို့ ပြောင်းလဲပြင်ဆင်ရာတွင် ယခင်ရှိနှင့်ပြီး
သားပုံကိုသာ သဘောကျနှစ်ခြိုက်သောပညာရှင်များနှင့် သဘောထားအမြင်ချင်း၊ အယူအဆချင်းမတူသည်များရှိ
ကြောင်း ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြကြ၏။ တဖက်တွင်လည်း အသစ်ပြင်ဆင်ချက်ပြုလုပ်ရခြင်းအကြောင်း
ကို တိကျခိုင်လုံစွာ အကျယ်တဝင့်ရှင်းလင်းချက်ပေးကာ ပညာရှင်များထံ တင်ပြထား၏။
"ဝဍ္ဎမာနက"ပါဠိကို ဝဍ္ဎမာနကန္တိ ပုရိသဟာရိ ပုရိသင်္ဂံဟု မဇ္ဈိမပဏ္ဏာသဋီကာ (၃၊ ၁၂၇) ဖွင့်ဆို၏။ မဇ္ဈိမ
ပဏ္ဏာသဋီကာကို ဆဋ္ဌသံဂါယနာတင်စဉ်က မူအမျိုးမျိုးဖြစ်နေ၍ အနက်မှန် ပါဠိမှန်ကို ဆုံးဖြတ်ရန်ခဲယဉ်းနေ
ခဲ့ကြသည်။ ပါဠိရှိသည့်အတိုင်းပင် ထားခဲ့ရသည်။ အဒ္ဓမာဂဓီအဘိဓာန်၊ ပါကဋအဘိဓာန်များနှင့်လည်း တိုက်ဆိုင်
ညှိနှိုင်းမှု မပြုနိုင်ခဲ့ကြပါ။ ဤကား စာပေအခက်အခဲအပိုင်း-----။
ဝဍ္ဎမာနကပုဒ်သည် ပိဋကစာပေအလို (၁) ကြီးပွားတိုးတက်သောအနက် (၂) ကြီးပွားတိုးတက်စေတတ်
သောအနက် (၃) ခူးခပ်ကော်ခပ်လောင်းထည့်အပ်သောအနက် (၄) ထမင်းပွဲထမင်းအုပ် အနက်တို့ ကို ဟောသည်--ဟူသောအနက်မျှလောက်ကိုသာ ယူ၍ ရှေးဆရာအဆက်ဆက်ဆက်တို့  အဆိုအမိန့် မှားယွင်းနေခဲ့
ကြသည်။ ဆရာတော်ဦးသီလာနန္ဒာဘိဝံသ အိန္ဒိယသီဟိုဠ်တို့ မှ ပြန်လည်ကြွရောက်လာသည့်အခါမှ အဒ္ဓမာဂဓီ
အဘိဓာန်ရလာခဲ့သည်။ ယင်းအဘိဓာန်တွင် ဝဍ္ဎမာနကပုဒ်ကို (၁) မဟာဝီရသွာမိ-အနက် (၂) မြေအိုးခွက်၊ စတန်နီတနတ်သား၏အဆောင်အယောင်၊ သူ တို့၏သရဖူများထဲ၌ မြေဖြင့်ပြုလုပ်ထားသော ဦးထုပ်ကဲ့သို့ အမှတ်
အသား (၃) စီတန်းနေသော ပရိသတ်ရှေ့ ၌ ပုခုံးများဖြင့် လူတယောက်ကို ထမ်းနေသောယောက်ျားအနက် (၄) အကန့် အသတ်ရှိသောပညာရပ်တမျိုးအနက် (၅) ဗိသုကာပညာဖြင့်ဆောက်လုပ်ထားသည့်အိမ်အနက်တို့ကို ဟောသည်။ ဝဍ္ဎမာနကပုဒ်သည် ပါဠိစာပေအလို အနက် ၄ မျိုး၊ အဒ္ဓမာဂဓီအဘိဓာန်အလိုအနက် ၅ မျိုး စုစုပေါင်း အနက် ၉ မျိုးကို
ဟောသည်။ ဤတွင် "ဝဍ္ဎမာနကန္တိ ပုရိသဟာရိ ပုရိသင်္ဂံ= ယောက်ျားတယောက်ကို ပုခုံးပေါ်မှာတင်၍ ပရိတ်သတ်ရှေ့ ၌ထမ်းဆောင်နေသော ယောက်ျား၏လက္ခဏာသည် ဝဍ္ဎမာနကမည်၏"
ဟူသော မဇ္ဈိမပဏ္ဏာသဋီကာအဖွင့်မှာ အဒ္ဓမာဂဓီအဘိဓာန်၏ အမှတ် (၃)အနက်နှင့်တိုက်ဆိုင်ညီညွတ်နေ
ကြောင်း တွေ့ ရ၏။ ထို့ ကြောင့် အမှတ်စဉ် (၆)အတွက် အမှတ်လက္ခဏာပုံကို ယောက်ျားတဦးကို အခြား
ယောက်ျားတဦးက ထမ်းထားသည့်ပုံကို ပြောင်းလဲပြင်ဆင်ရခြင်းဖြစ်ပေ၏။
၎။
အဖေ့ခြေရာကျမ်းစာတွင် ရှင်တော်မြတ်ဗုဒ္ဓ၏ ခြေတော်အကြောင်း၊ ခြေတော်ရာအကြောင်း၊ ခြေတော်ရာထုလုပ်
ကိုးကွယ်ပုံအကြောင်း၊ စက်လက္ခဏာရေတွက်ပုံအကြောင်း၊ ခြေတော်ရာ၏ပတ်ဝန်းကျင်မှအခြံအရံများ၊ ခြေတော်
ရာကို ရှိခိုးပူဇော်ရခြင်းအကျိုးပြဝတ္ထုများ၊ ခြေတော်ရာပုံတော်ကိုးကွယ်နည်းနှင့်အကျိုးများ၊ ခြေတော်ရာပုတီးစိပ်
နည်းနှင့် အကျိုးများ၊ မိဘခြေရာပူဇော်နည်း၊ ခြေတော်ရာဘုရားရှိခိုးများ၊ခြေတော်ရာပါဒစေတီတည်ရှိရာနေရာဌာ
နများ၊ ရွှေစက်တော်ဗုဒ္ဓခြေတော်ရာသမိုင်းဟူ၍ အခန်းပေါင်း ၁၂ ခန်း ပါဝင်သည်။ အခန်းတိုင်းတွင် ခြေတော်ရာ
ဆိုင်ရာသိမှတ်ဖွယ်များ ပါဝင်နေကြ၏။
အဖေ့ခြေရာကျမ်းစာကို အင်္ဂလိပ်ဘာသာဖြင့်လည်း ဘာသာပြန်ဆိုထုတ်ဝေမည့်အကြောင်းလည်း သိရပါ၏။
ဆရာတော်အရှင်နာရဒါဘိဝံသသည် အဖေ့ခြေရာကျမ်းစာအပြင် ပါဒစေတိယဝန္ဒနာကျမ်း၊ သင်္ကဿနဂိုရ်ဗုဒ္ဓ
ခြေတော်ရာကျမ်းတို့ကိုလည်း ပြုစုထားသေးကြောင်း သိရပါ၏။
ဗုဒ္ဓခြေတော်ရာအကြောင်းကျမ်းတစောင်တဖွဲ့ အနေဖြင့် သုတေသနပြုလုပ်ကာ ရေးသားတင်ပြသော ကျမ်းစာ
များကား မြန်မာနိုင်ငံစာပေလောကတွင် အရေအတွက်နည်းပါးလှပါသည်။ အရေအတွက်နည်းပါးနေသေးသော
ဗုဒ္ဓခြေတော်ရာဆိုင်ရာစာပေကို ပံ့ပိုးထည့်ဝင်လာသော အဖေ့ခြေရာ ကျမ်းစာကို ကြိုဆိုဂုဏ်ပြုလိုက်ပါ၏။
အမရဒီပ
စက်တင်ဘာ ၂၆၊ ၂ဝ၁၁
No comments:
Post a Comment