၁။
ဓမ္မာစရိယဦးဌေးလှိုင်၏ " မြန်မာနိုင်ငံပဋိပတ္တိသာသနာဝင် ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ"စာအုပ်သည်အရေးအသား
နှင့် အကြောင်းအရာ ၂ မျိုးလုံးပြောင်မြောက်လှပသောကျမ်းစာဖြစ်သည်။ ရဟန်းတော်များအကြောင်းရေးသား
ထားသောကြောင့် ထေရုပ္ပတ္တိဖြစ်သည်။ သို့ သော် လေးအီမသွား၊ စဖတ်မိလျှင် လက်ကမချချင်အောင် ဆွဲဆောင်
အားကောင်းလှသည်။ ဒဂုန်တာရာစကားအသုံးအတိုင်းပြောက ရုပ်ပုံလွှာအရေးအဖွဲ့ ဟု ဆိုချင်ပါသည်။ထေရုပ္ပတ္တိ
စာရေးဆရာဦးဌေးလှိုင်သည် တရားရှာဖွေသူတို့ ၏အတွေ့ အကြုံ၊ အဟောအေပြာမျှကိုသာတင်ပြသူမဟုတ်၊ စကားအစွန်းမလွတ်သည်တို့ ကိုလည်း ဆင်ခြင်တွေးတောနိုင်အောင်လမ်းကြောင်းပြပေးသူဖြစ်သည်။ဘာသာရေး
ဆိုင်ရာအယူဝါဒပြဿနာဖြစ်နိုင်ကြောင်း လိမ္မာပါးနပ်စွာတင်ပြနိုင်ခဲ့ပါသည်။ ဓမ္မာစရိယဦးဌေးလှိုင်၏အရေးအ
သားပရိယာယ်ကို သဘောပေါက်နားလည်ပြီး ဆက်စပ်စဉ်းစားသောအခါ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးစာအုပ်ပါ
ဆရာတော်၂ ပါးတို့ ၏ စာအုပ်များ၊ ဟောပြောချက်များသည် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၊ သီးခြား
ဝိနည်းဓိုရ်များ၏ ဝိနိစ္ဆယခုံရုံးတော်မှာ အမှားလား၊ အမှန်လားစိစစ်သုံးသပ်ခံပြီးအနေအထားသို့ ရောက်ခဲ့ပြီဖြစ်
ကြောင်း ထင်ရှားစွာ တွေ့ လိုက်ရပါတော့သည်။ ၂။
ပထမကြောင်ပန်းဆရာတော်---။ ဘွဲ့ တော် ဦးဣန္ဒက--။ လယ်တီဆရာတော်ကြီး၏တပည့်တပါးဖြစ်သည်။ ၁၄ နှစ်ကျော် ၁၅ နှစ်ခန့် တရားအားထုတ်ပြီးနောက် "တုံးနာမ်တိုင်နာမ်"အယူအဆကို စတင်ဟောပြောသည်။ လယ်တီဆရာတော်တပည့်များပင်ဖြစ်ကြသော ဦးထွန်းဦး၊ ဦးထွန်းလှ၊ ဦးရန်ငြိမ်းစသော အဘိဓမ္မာဆရာများက တုံးနာမ်တိုင်နာမ်ဟောပြောချက်ကို ငြင်းချက်ထုတ်ကြသည်။ လယ်တီဆရာတော်ထံ အဆုံးအဖြတ်ပေးရန်တင်ပြ
ကြရာ "အဆုံးအဖြတ်ငါမပေးလို "ဟု ငြင်းပယ်တော်မူခဲ့သည်။ တုံးတိုင်တို့ ကို နာမ် စိတ် ဝိညာဏက္ခန္ဓာဟုယူဆ
ပြောဟောချက်၏အကျိုးဆက်မှာ ဗူးရွက်၊ ကန်စွန်းရွက်ချက်စားသည့်အခါ နာမ်အသက်ရှိနေ၍ ပါဏာတိပါတကံ
ကျူးလွန်ရာရောက်သည်ဟု အစွန်းထွက်များပေါ်လာခြင်းပင်----။
စာပေနည်းအရဖြစ်စေ၊ လက်တွေ့ အားထုတ်နည်းအရဖြစ်စေ စိတ်သည်မှီရာအာရုံနှင့်မကင်း---။ အာရုံ အာရမ္မဏိက ဟု အတွဲစကားလုံးရှိသည်။ မြင်သိစိတ်ဝီထိဖြစ်စဉ်အရ မျက်လုံးက တုံးတိုင်ကို မြင်သောအခါ တုံးတိုင်သည် အာရုံ၊ မြင်သိစိတ်နာမ်သည် အာရမ္မဏိက ဖြစ်သည်။ ကြောင်ပန်း၏အယူအဆမှာ တုံးသည်ပင်နာမ်
တရား၊ တိုင်သည်ပင်နာမ်တရားဟု တုံးနှင့်နာမ်၊တိုင်နှင့်နာမ်ကို လုံးထွေးပြောဆိုထားသည်။ ထိုအချက်ကိုထောက်
၍ တုံးနာမ်တိုင်နာမ်ဝါဒသည် ဓမ္မဝါဒမဟုတ်(အဓမ္မဝါဒ)ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၃) က ဆုံး
ဖြတ်သည်။
တုံးနာမ်တိုင်နာမ်ဝါဒကို အဆုံးအဖြတ်မပေးလိုငြင်းဆိုတော်မူခဲ့သောလယ်တီဆရာတော်ကြီးက ကြောင်ပန်းဆရာ
တော်အား "မင်းတရားက နွားမဝှေ့ တရားကိုးကွယ့်။ နွားထီးများကတော့ ဝှေ့ကြတဲ့အခါ တကောင့်တကောင် တွန်ခြိမ်းဟိန်းဟောက်ကာ ခွါပေါက်စောင်းမြောင်းပြီးမှဝှေ့ကြတာကွယ့်။ နွားမဆိုတာကတော့ ဘာသံမပေး၊ ညာသံမပေး တေ့ဆက်ဒက်ကနဲ ဝှေ့ ပြေးကြတယ်။ မင်းတရားကလဲ နွားမဝှေ့သလို အကျဉ်းဒက်ကနဲတေ့လိုက်
တော့ လူတိုင်းနားမခံနိုင်ကြဘူးကွယ့်။သိပ်ပြီးကျယ်လွန်းတော့လဲလင်ဗန်းထဲရေထည့်သောက်ရသလိုဖြစ်တတ်ပြန်
ရော "ဟု တိုက်ရိုက်ပင် မိန့် တော်မူခဲ့သည်။
ဓမ္မာစရိယဦးဌေးလှိုင်က လယ်တီဆရာတော်၏မှတ်ချက်စကားကိုအခြေခံကာ ကြောင်ပန်းဆရာတော်၏ကျင့်ကြံ
အားထုတ်မှုကို သံသယမရှိပါ။ တုံးနာမ်တိုင်နာမ်ကိစ္စမှာ ဟောပြောမှုအတတ်ပညာခေါ်စကားအသုံးအနူန်းပညတ်
တင်မှုအားနည်းသောကြောင့် ငြင်းခုံပြောဆိုရမှုများပေါ်ခဲ့ရကြောင်း သုံးသပ်ထားလေသည်။
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁) က ကျောက်သင်္ဘောဝါဒကို အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ခဲ့သည်။ နိုင်ငံ
တော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) က လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်သီး
ခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၃) က ကြောင်ပန်းတောရဝါဒရှိအချို့ အယူအဆကို ဓမ္မ၊ အချို့ အယူအဆကို အဓမ္မဟု ဆုံးဖြတ်ခဲ့သည်။ ကျောက်သင်္ဘောဆရာတော်သည် ကြောင်ပန်းဆရာတော်၏ တုံးနာမ်တိုင်နာမ်ဝါဒကို အားထုတ်
ရာမှ တရားအမြင်ပေါက်ကာ တုံးစိတ်တိုင်စိတ်ဝါဒဖြစ်ပေါ်လာသည်။ ထို့ ကြောင့် ကြောင်ပန်းဝါဒသည် ကျောက်
သင်္ဘောဝါဒ၏ ပင်မအတွေးအခေါ်ဖြစ်သည်။
ဆက်လက်၍ ဓမ္မာစရိယဦးဌေးလှိုင်က ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်တွင် ကြောင်ပန်းဆရာတော်၏ "ဤကဲ့သို့
စာပေကို ကြည့်၍လည်းကောင်း၊ သူတပါးပြောဟောသောတရားကိုကြား၍သော်လည်းကောင်း မိမိစိတ်၌ ခြိုက်ခ
နဲသိမြင်လျှင် သောတာပန်ဟုသာမှတ်ပါ "ဟူသောရေးသားချက်ကို ဖော်ပြသည်။ ယင်းနောက် "လျင်မြန်စွာတရား
ထူးရကြသော်လည်းရုပ်နာမ်ဓမ္မကို မရှုမှတ်မပွားများဘဲ သောတာပန်စသည်ဖြင့် ဖြစ်ရိုးထုံးစံမရှိကြလေ။ ယခုအခါ (လျင်မြန်စွာတရားထူးရသော) ထိုပုဂ္ဂိုလ်မျိုးလည်း ရှားပေလိမ့်မည်။ ကြောင်ပန်းတောရဆရာတော်ဘုရားကြီး
ကိုယ်တိုင်ပင်လျှင် တဆယ့်လေးငါးနှစ် ကြိုးစားတော်မူခဲ့ရ၏ "ဟု ပါးနပ်စွာစောဒနာတက်ပြထား၏။ ရှင်းရှင်းဆို
လျှင်ကြောင်ပန်းဆရာတော်၏စကားမှာ "ကျင့်ကြံနေစရာမလို၊ သိရင်သောတာပန်ဖြစ်ပြီ"ဟု ဆိုလိုနေ၏။
ကြောင်ပန်းတောရဝါဒကို ဝိနိစ္ဆယခုံရုံးတင်ရာတွင် ကြောင်ပန်းဆရာတော်၏အထက်ပါစကားရပ်အပြင် "ဤကဲ့သို့ 
ရုပ်ဓာတ် နာမ်ဓာတ်တို့ကို ပေါက်အောင်ရှုမြင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပညာရှိတို့ သိမြင်ပုံတည်း။ ဤကဲ့သို့ စာပေ
ကြည့်၍သော်လည်းကောင်း၊ သူတပါးဟောသောတရားကိုကြား၍သော်လည်းကောင်း မိမိစိတ်၌တကယ်နှစ်ခြိုက်
စွာသိမြင်လျှင် သောတာပန်ဟုသာ မှတ်ပါ"ဟူသော ရေးသားချက်ကို အကိုးသာဓကပြုပြီး ကြောင်ပန်းဝါဒသည် အကျင့်ကိုပယ်ပြီး သိရုံနှင့်သောတာပန်ဟုယူဆသောကြောင့် အဓမ္မဝါဒဖြစ်နေကြောင်း စောဒနာတင်ကြ၏။
ဓမ္မာစရိယဦးဌေးလှိုင်ကောက်နုတ်ဖော်ပြသမျှအတိုင်းသာဆိုပါက ကြောင်ပန်းဝါဒသည် အမှန်တကယ် အဓမ္မဝါဒ
ဖြစ်နေပါသည်။ ကျင့်နေစရာမလို၊ သိရင်သောတာပန်ဝါဒဖြစ်နေပါသည်။ သို့ သော် စကား ၂ ရပ်လုံးကို ဆက်စပ်
ကာ "ပရတောဃောသ (တရားနာ၊စာပေဖတ်မှု)ကြောင့် မိမိစိတ်ဓာတ်၌ ရုပ်ဓာတ်နာမ်ဓာတ်တို့ ပေါက်အောင်
သမ္မာဒိဋ္ဌိမဂ္ဂင်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်သိမြင်လျှင် သောတာပန်ဟုမှတ်ပါ"ဟု အဓိပ္ပါယ်ယူကသင့်လျော်သောကြောင့်
အဓမ္မဝါဒသဘောမသက်ရောက်ဟု ဝိနည်းဓိုရ်အဖွဲ့ က ဆုံးဖြတ်ချက်ချမှတ်ခဲ့လေသည်။ ဤနေရာတွင် ကြောင်
ပန်းဝါဒမှန်၏ ဟု အမှတ်ပေးလိုက်ခြင်းပေတည်း-------။
၃။
မိုးကုတ်ဆရာတော်--။ ဘွဲ့ တော် ဦးဝိမလ---။ နှစ်ပေါင်း ၃ဝ ကျော် မာတိကာ-ဓာတုကထာ၊ ယမိုက်နှင့် ပဋ္ဌာန်း
ကျမ်းများကို ပို့ ချပေးတော်မူခဲ့သော အဘိဓမ္မာအထူးပြုစာချဘုန်းတော်ကြီးတပါးဖြစ်ခဲ့သည်။ အဘိဓမ္မာတရား
တော်များကိုလည်း အခါအခွင့်အားလျော်စွာ ဟောပြောတော်မူခဲ့သော အဘိဓမ္မာဓမ္မကထိကလည်းဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်မြို့ နှင့် ၄ မိုင်အကွာဘော်ဘတန်းရွာအနီးရှိ ကျောက်လိုဏ်ဂူအတွင်း တရား
အားထုတ်တော်မူခဲ့သည်။ သီဟိုဠ်ကျွန်း မဟာဗောဓိစေတီတော်၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော်များဝယ် ရတနာစိန်ဖူးတော်များကို ဦးဆောင်တင်လှူတော်မူခဲ့ပါသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကိုလည်း အလှူ
ခံရရှိတော်မူခဲ့သည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကိုပဓာနထား၍ တရားဟောပြောမှုများသောကြောင့် မိုးကုတ်ဆ
ရာတော်နှင့် ပဋိစ္စသမုပ္ပါဒ်၊ ပဋိစ္စသမုပ္ပါဒ်နှင့် မိုးကုတ်ဆရာတော်ဟူ၍ ယှဉ်တွဲကျော်ကြားခဲ့ပါသည်။
မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ လောကမှန်ကင်းကျောင်းတိုက်ဆရာတော်ဦးဝိသုဒ္ဓက မိုးကုတ်ဆရာတော်
ကြီး၏ဟောပြောချက်တရားတော်များသည် ထေရဝါဒဗုဒ္ဓစာပေများနှင့်မညီညွတ်သည့်အချက်အလက်များပါဝင်
နေကြောင်း၊ ဓမ္မအဓမ္မကွဲပြားအောင်ကြားနာစစ်ဆေးအဆုံးအဖြတ်ပေးပါရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ 
သို့ ၂ဝဝ၂ ခုနှစ်တွင် တင်ပြလျှောက်ထားခဲ့သည်။ဆရာတော်ဦးဝိသုဒ္ဓဘက်၊ မိုးကုတ်ဝိပဿနာအဖွဲ့ ချုပ်ဘက်တို့ မှ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ ၏ဆုံးဖြတ်ချက်ကိုလိုက်နာရန်သဘောတူညီကြသည်။ ၂ဝဝ၅ ခုနှစ်တွင် မိုးကုတ်ဝိနိစ္ဆယကိစ္စပြီးစီးသည်။
ထူးခြားချက်မှာ တရားသူကြီး (ဝိနည်းဓိုရ်)အဖွဲ့ အမှတ်(၁၂) သည် မိုးကုတ်ဆရာတော်ကြီး၏ဟောတရားများတွင်
ပါဝင်နေသော ပါဠိမှား၊ အနက်မှား၊ ပုဂ္ဂိုလ်မှား၊ဌာနမှား၊ကျမ်းညွှန်းမှား၊အရေအတွက်မှား၊အချက်အလက်မှားများ
ကိုဟောစဉ်စာအုပ်အဖြစ်ထုတ်ဝေကပြင်ဆင်ရန်၊အသံသွင်းတိပ်ခွေဖြစ်ကအမှားများကိုပယ်ဖျက်ရန်ဆုံးဖြတ်လိုက်
သည်။ အဓမ္မဝါဒဖြစ်သည်ဟုကား မဆုံးဖြတ်ပါ-----။မိုးကုတ်ဝိနိစ္ဆယစာအုပ်ပါအမှားပြင်ဆင်ချက်များအပြင် တခြား
အမှားများကိုလည်းပိဋကတ်ပညာရှင်များအကူအညီယူကာပြင်ဆင်ခြင်းဖြင့်မိုးကုတ်ဆရာတော်ကြီးအားပူဇော်ကြရန် ဝိနည်းဓိုရ်အဖွဲ့ က မိုးကုတ်ဝိပဿနာအဖွဲ့ ချုပ်ကို တိုက်တွန်းထားသည်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပေါ်ခင်ကလည်း မိုးကုတ်ဆရာတော်၏တရားဟောပြောချက်ကိုအကြောင်း
ပြုကာ ဝိနိစ္ဆယဌာနသို့ ပြဿနာရောက်လာခဲ့သေးကြောင်း ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၌ ဖော်ပြထား၏။
"မင်းတို့ အမေမိဘတွေ အဘိုးအဘွားတွေ ဒီတရားမျိုးနာမသွားရရှာဘူး။ ကျောင်းဒကာကျောင်းအမလောက်နဲ့ သေသွားကြရရှာတယ်။ ကြိုးစားနာကြ"ဟု တချိန်က ဆရာတော်ဟောဖူး၏။ ပဋိပတ္တိသာသနာ ပြန်လည်ပွင့်ထွန်း
လာသည့်သဘောကို တိုက်တွန်းဟောကြေားလိုရင်းဖြစ်၏။ ပရိယတ္တိသန်သူများက မကြိုက်ကြချေ။ မည်သူတွေ
က မည်သို့ တို့ ကြ၊ တိုင်ကြ၊စောဒနာကြသည်မသိ။ ဝိနိစ္ဆယဌာနသို့ ပင်ပြဿနာတက်လာသည်ဟု ထင်သည်။ ကောင်းစွာမမှတ်မိ။" (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ၊ အဋ္ဌမအကြိမ်၊ စာမျက်နှာ-၆၄၆။)
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၊ မိုးကုတ်ဆရာတော်အကြောင်းတနေရာတွင် "ဆရာတော်၏လေသံကိုလိုက်၍ တပည့်အချို့ ကလည်း "သွားတယ်၊လာတယ်မှတ်နေရုံနှင့်တရားမရနိုင်။ ပဋိစ္စသမုပ္ပါဒ်သိပြီးမှ၊ ဖြစ်ပျက်ထိအောင်ရှု
နိုင်မှ ကိစ္စပြီးသည်"ဟု ရေးသားပြောဆိုမှတ်ထင်နေကြသေး၏။ တရားသဘောကား သီသီကလေးဖြစ်၍ "တရား
သေ"မစွဲယူကြရာ။ ဝိပဿနာအလုပ်သည်ပညတ်ဖြင့်သာ အစတည်ကြရ၏။ သမထလှေကားထစ်ကိုသာ စ၍ နင်းကြရသည်။ အခွံကိုခွာဦးမှ အသားကိုရ၏။ "သွားတယ်၊လာတယ်"မှတ်နေခြင်းသည် အခွံခွာနေခြင်းဖြစ်သည်။ ခွာပါများလျှင် အသားကိုမတွေ့ ချင်၍မရပြီ။ ရုပ်နာမ်ဖြစ်ပျက်ကိုထိုးထွင်း၍သိရန်လည်း အဆုံးအမဒေသနာဗဟုသု
တကို အသင့်ရနိုင်သော ခေတ်လည်းဖြစ်ပေ၏။"ဟုတွေ့ ရ၏။စကားအစွန်းမလွတ်၊ ဘာသာရေးအယူဝါဒပြဿနာ
ပေါ်နိုင်ကြောင်း အရေးအသားလိမ္မာချောမွေ့ စွာဖြင့် ဓမ္မာစရိယဦးဌေးလှိုင်တင်ပြခဲ့၏။
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)ကလည်း "မိုးကုတ်ဆရာတော်ကြီးသည် ပဋိစ္စသမုပ္ပါဒ်၌လေ့လာမှု
များသောကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကိုတိုက်ရိုက်မဟောသည့်သုတ္တန်များကိုပင် ပဋိစ္စသမုပ္ပါဒ်တရားဟောကြား
လေဟန် ဟောကြားထားခြင်း---စသည်ဖြင့် ပညာရှိတို့ လက်မခံနိုင်စရာ ဟောကြားချက်များလည်းပါရှိနေရာ ထိုအချက်များကိုစိစစ်သုံးသပ်ရာတွင် သတိပညာရှေ့ သွားပြုလျက် ကျမ်းဂန်အသီးသီးဖြင့် တိုက်ဆိုင်စိစစ်ရသော
ကြောင့် မလွယ်ကူလှပါ"ဟု မိုးကုတ်ဝိနိစ္ဆယစာအုပ်နိဒါန်းတွင် ဖော်ပြထားသည်။
မြင်းမှီဆွဲမောင်ဆန်ခေါ် အရှင်ဆန္နအကြောင်းမိုးကုတ်ဆရာတော်ကြီး၏ဟောပြောချက်ကို ဓမ္မာစရိယဦးဌေးလှိုင်
က စကားလုံးရွေးချယ်မှုကောင်းကောင်းဖြင့် ငြင်းပယ်ခဲ့လေသည်။ "ကတ္တီပါလက်အိတ်စွပ်ထားသော သံလက်သီး
အရေးအသား"ဟု အမည်ပေးသော် သင့်အံ့ထင်၏။ ကြည့်ပါလေ---။
"ရှင်ဆန္နဟာ ဒီသဿတခံနေလို့  ၄၅ နှစ်လောက် အနိစ္စ ဒုက္ခ အနတ္တရှုပေမယ့် တရားမရတာ ရှင်းပလား၊ ဖြစ်
သင့်လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်လို့ သိရင်မပူနဲ့ တော့။ ဗလဝဝိပဿနာဖြစ်ပြီ။ (မိုးကုတ်ဆရာတော်)
ဤနေရာ၌ ဆရာတော်က "သက္ကာယ၊ သဿတ၊ ဥစ္ဆေဒမခွာဘဲ တရားအားထုတ်လျှင် ၊ ပဋိစ္စသမုပ္ပါဒ်နားမလည်
သေးဘဲ တရားအားထုတ်လျှင် တသက်လုံးအားထုတ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်မရနိုင်ဘူး "ဟု ပိုပိုသာသာ
ဟောလေ့ရှိသည်ဟု ဆိုရပေမည်။ ပရိညာသုံးပါးအဓိပ္ပါယ်ကိုလည်း ပိုပိုသာသာဟောထား၏။စင်စစ် ရှင်ဆန္နထေရ်
ကို သာဓကထိုးသည်ကိုလည်း အခိုင်အမာမစွဲယူကြရာ။ အဘယ့်ကြောင့်ဆိုသော် သဿတနှင့်စပ်၍ သာသနာ
တွင် ရှင်ဆန္နတပါးလောက် ဥပမာပြရုံသာ ရှိလေသည်။ ကြိုတင်ဟောပြောပေးသော ထိုအသိသည်လည်း "သုတ
မယ "မျှသာ ရှိသေးရာ တရားသဘောကား ကွာရမည့်အရာသည် လုပ်မှပင် အစစ်ကွာ၏။ သိရမည့်အရာလည်း လုပ်မှပင် အစစ်သိလာရမြဲ ဖြစ်သည်။ ပုံသေတထစ်ကျ မသုံးသပ်မစွဲယူသင့်-----။ " (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး၊ ၆၃၈)
ဓမ္မာစရိယဦးဌေးလှိုင်က မိုးကုတ်ဆရာတော်သည် ပဋိစ္စသမုပ္ပါဒ်၊ ပရိညာတရားတို့ ကိုဟောပြောပြီဆိုလျှင် "ပိုပိုသာသာဟောသည်"ဟု မှတ်ချက်ပေး၏။ ယင်းစကားသည် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)၏
" မိုးကုတ်ဆရာတော်ကြီးသည် ပဋိစ္စသမုပ္ပါဒ်၌လေ့လာမှုများသောကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို တိုက်ရိုက်
မဟောသည့်သုတ္တန်များကိုပင် ပဋိစ္စသမုပ္ပါဒ်တရားဟောကြားလေဟန် ဟောကြားသည်"စကားနှင့် ညီမျှပါသည်။
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများကျမ်းလာ ဝေဖန်ချက်သည် မိုးကုတ်ဝိနိစ္ဆယ၏အမှတ် ၄ စောဒနာစိစစ်ချက်ဖြစ်လာပါ
သည်။ ဤဆောင်းပါးတွင် နောက်ဆုံးဆုံးဖြတ်ချက်ကိုသာ ကူးယူဖော်ပြထားပါသည်။
"ထို့ ကြောင့် အရှင်ဆန္နရဟန္တာဖြစ်ရေးတွင် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို နာကြားရခြင်းသည် အားကြီးသောအ
ကြောင်းဖြစ်၍ "ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တတွေ နင်းပြီးကြိုးစား၊ရကိုမရဘူး။"ဟူသော မိုးကုတ်ဆရာတော်ကြီး၏ ဟောပြောချက်သည် မှားယွင်းသည်ဟုမဆိုနိုင်ပေ။
သို့ သော် ဉာဏ်နုနယ်သူ၊ ပရိယတ္တိအားနည်းသူများအဖို့  ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှသာ ဝိပဿနာဉာဏ် မဂ်ဉာဏ်ရနိုင်သည်။ သစ္စာတရား၊ သတိပဋ္ဌာန်တရားစသည်တို့ ကို နားလည်ရုံမျှဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ်မ
ရနိုင်ဟု အသိမှားနိုင်သောကြောင့် "ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့"ဟူသောစကားကို "ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောကိုနားမလည်ဘဲနဲ့"ဟုလည်းကောင်း၊ "ဘာနားမလည်လို့ တုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့"ဟူသောစကားကို "ဘာနားမလည်လို့ တုန်းဆိုတော့ ကြောင်းကျိုးဆက်ပြီး ဖြစ်ပျက်တဲ့သဘောကို နားမလည်တော့ "ဟူ၍လည်းကောင်း ပြင်ဆင်ပေးရမည်။
တိတ်ခွေ၌လည်း "ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲနဲ့"ဟူသောစကား၊"ဘာနားမလည်လို့ တုန်းဆိုတော့ပဋိစ္စသမုပ္ပါဒ်
နားမလည်တော့"ဟူသောစကားရပ်တို့ ကို ပယ်ဖျက်ပေးရမည်။
ထို့ ပြင် "သူရှုနေတာ ၄၄ နှစ်၊၄၅ နှစ် ကြာပါပြီတဲ့"ဟူသော စကားသည်လည်းကျမ်းဂန်တွင် တိုက်ရိုက်မပါသော
ကြောင့် ယင်းစကားရပ်နှင့်အလားတူစကားရပ်များကို ဖြုတ်ပယ်ပေးရမည်။အသံသွင်းတိတ်ခွေတို့ ၌လည်း ယင်းစကားရပ်များကို ပယ်ဖျက်ပေးရမည်။" (မိုးကုတ်ဝိနိစ္ဆယ၊ ၅၇၊)
၎။
ပထမကြောင်ပန်းဆရာတော်ကြီးလွန်တော်မူပြီး ၅၅ နှစ်အကြာ ကြောင်ပန်းတောရဝိနိစ္ဆယပေါ်ပေါက်လာသည်။ မိုးကုတ်ဆရာတော်ကြီးလွန်တော်မူပြီး ၄၁ နှစ်အကြာ မိုးကုတ်ဝိနိစ္ဆယပေါ်ထွက်လာသည်။ဓမ္မာစရိယဦးဌေးလှိုင်
သည် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်နိဒါန်းအရ ကြောင်ပန်းဆရာတော်၊မိုးကုတ်ဆရာတော်အပါအဝင် ဆရာ
တော်များစွာတို့ ၏ကျင့်ကြံဟောပြောမှုအဖုံဖုံကို ၁၉၇၃-ခုနှစ်ဝန်းကျင်တွင် ရေးသားခဲ့သည်ဟု ယူဆရပါသည်။
ဆရာတော်ကြီး ၂ ပါး၏ဟောပြောချက်ကို တင်ပြရာတွင် ဦးဌေးလှိုင်၏ရေးသားချက်သည် ဝိနည်းဓိုရ်ဆရာတော်
များ၏ စိစစ်သုံးသပ်ချက်နှင့်နှိုင်းယှဉ်လျှင် လိုသည်၊ပိုသည်များရှိသည်ကို တွေ့ ရပါသည်။ ဦးခေါင်းတလုံးတည်း၏
ဝေဖန်စိစစ်ဉာဏ်ဖြင့်သာတင်ပြရေးသားရသည့်အတွက် အဆုံးအဖြတ်ကိစ္စပိုင်းတွင် အားပျော့နေသည်။ သို့ သော်
ဓမ္မစာပေစာရေးဆရာတဦး၏ အမြင်တွင် ဆရာတော်ကြီးများ၏မိန့် ဆိုရေးသားချက်သည် ဂယက်အနက် (သို့မဟုတ်)အယူဝါဒမီးပွားမီးစငွေ့ ငွေ့ မျှရှိနေကြောင်းကိုမူ စာဖတ်သူများကို ထင်သာမြင်သာပြခဲ့လေသည်။
သီးခြားဝိနည်းဓိုရ်ခုံရုံးတော်သို့  ဆရာတော်ကြီး ၂ ပါး၏ ရေးသားမိန့် ဆိုချက်များရောက်ရှိလာသောအခါတွင် အယူဝါဒဂယက်ထသည်ကို ငြိမ်အောင်၊ မီးစငွေ့ ငွေ့ တောက်လောင်သည်ကိုအပြီးတိုင်ငြိမ်းအောင်ဖြေရှင်းသည်
ကို တွေ့ ရကြောင်း ဓမ္မစာပေပရိသတ်များအတွေးနက်နက်ပွားနိုင်စေရန် ရည်ရွယ်တင်ပြလိုက်ပါသည်။
အမရဒီပ
ဇူလိုင် ၁၈၊ ၂ဝ၁၁
No comments:
Post a Comment