Total Pageviews

Friday, October 14, 2011

- မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ သာသနာရေး-နိုင်ငံရေးအမြင်-

၁။
            မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ----။
            အထူးအထွေမိတ်ဆက်ပေးနေစရာမလိုဘဲ "တောင်မြို့ ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ ဘာသာဋီ
ကာကျမ်းပြုဆရာတော်" ဟု ပြောလိုက်ရုံဖြင့် အများသိပြီးသား ဆရာတော်တပါးဖြစ်သည်။ သို့ သော်အနုသန္ဓေ
စကားအဆက်အစပ်ကို ပြသည့်အနေဖြင့် ဆရာတော်၏"ဘ၀ပုံရိပ်" ကို ဆောင်းပါး၏နိဒါန်းအဖြစ်တင်ပြပါမည်။
ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ သရိုင်ရွာဇာတိဖြစ်ပြီး ၁၉၀၀-ပြည့်နှစ်တွင် ဖွားမြင်သည်။ ရွှေကျင်နိကာယဒုတိယမြောက်သာသနာပိုင် မဟာဝိသုဒ္ဓါရုံဆရာတော်၊ ထရံကာဆရာကြီး ဦးအုန်းညွန့် တို့ နှင့် ဆွေမျိုးတော်စပ်သည်။ ကျောင်းသားငယ်ဘ၀ဖြင့် အခြေခံပိဋကတ်သင်ရိုးစာပေများကို သရိုင်ရွာကျောင်း(ပင်း
ကျောင်း) နှင့် မဟာဝိသုဒ္ဓါရုံတိုက်(မန္တလေး)တို့ တွင်သင်ယူခဲ့သည်။ မန္တလေး၊ မဟာဝိသုဒ္ဓါရုံတိုက်တွင် မြောင်းမြ
ဆရာတော်လောင်းစာချဘုန်းကြီးနှင့် စတွေ့ သည်။ ပထမကြီးတန်းကို အသက်၁၈ နှစ်အရွယ်တွင် ရှင်သာမဏေ
ဘ၀ဖြင့် အောင်မြင်ခဲ့သည်။ ပထမကြီးတန်းအောင်မြင်ပြီးနောက် ပခုက္ကူမြို့ ၊မဟာဝိသုတာရာမတိုက်တွင်အထက်
တန်းပိဋကတ်စာပေများ ဆက်လက်သင်ယူသည်။ အသက် ၂၀ အရွယ်တွင် ရဟန်းဖြစ်သည်။ ပခုက္ကူတွင်စာသင်
တပည့်အဖြစ် ၃-နှစ်၊စာချဆရာအဖြစ် ၃-နှစ် စုစုပေါင်း ၆ နှစ်နေထိုင်ခဲ့သည်။ ယင်းနောက် ပထမကျော်တန်း၊ သကျသီဟစာချတန်းများကို ဆက်တိုက်ဖြေဆိုအောင်မြင်သည်။ ၀ိသုဒ္ဓါရုံ၊ သုဝဏ္ဏ၀တီကျောင်းဆရာတော် အဘယာရာမရွှေဂူတိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးသောအခါ စာချဘုန်းကြီးအဖြစ်လိုက်ပါခဲ့ရသည်။ သက္ကတစာ
ပေကိုလည်း သင်ယူခဲ့ရသည်။ သက်တော် ၃၈ နှစ်အရွယ်တွင် သဂြိုင်္ဟ်ဘာသာဋီကာကျမ်းစာကို ရေးသားထုတ်
ဝေခဲ့သည်။ သဂြိုင်္ဟ်ဘာသာဋီကာစာအုပ်၏ အရည်အချင်းသည် "အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့ရထိုက်လောက်အောင်
 မြင့်မားသည်၊ သို့သော် "ကျမ်းပြုပုဂ္ဂိုလ်က အသက်အရွယ်ငယ်လွန်းသည်"ဟု ပြောစမှတ်တွင်ခဲ့ရသည်။
နောင်တွင်"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသည်။ ဆိုလိုသည်မှာ ယနေ့ခေတ်စစ်အာဏာရှင်
အစိုးရကပေးထားသော"ခြင်းကြားရေခပ်" ဘွဲ့ ကို ငွေနှင့်ဝယ်ကြသော အချို့ ပုဂ္ဂိုလ်လိုမျိုး မည်ကာမတ္တ"အဂ္ဂ
မဟာပဏ္ဍိတ"ပိုင်ရှင်မဟုတ်-----။  
            အဘယာရာမရွှေဂူတိုက်မှတဆင့် အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးသည်။
ဘ၀တသက်တာလုံးပြုစုရေးသားခဲ့သော ကျမ်းစာအုပ်ပေါင်း ၆၃ ကျမ်းရှိသည်။ နေထိုင်ရာ မဟာဂန္ဓာရုံတိုက်ကို
အနေအထိုင်ပိုင်း၊စာပေပိုင်းတို့ တွင် အများတကာ၏ စံနမူနာပြဖြစ်ရလေအောင် တည်ဆောက်ပြနိုင်ခဲ့သည်။ ဆ
ဋ္ဌသံဂါယနာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်တော်မူခဲ့သည်။ ရွှေကျင်နိကာယ၏ ဒုတိယသာသနာပိုင်လည်း ဖြစ်
တော်မူခဲ့သည်။ သက်တော် ၇၈-နှစ် (၁၉၇၇)တွင် တဘ၀အတွက်ငြိမ်းတော်မူခဲ့သည်။ 
၂။
            ဆရာတော်သည် ကိုယ်တိုင်ရေးထေရုပ္ပတ္တိ "တဘ၀သံသရာ" ကို ရေးသားပြုစုခဲ့သည်။ ဆရာတော်၏ သာသနာရေး(ဘာသာရေး)နှင့် နိုင်ငံရေးတို့ အပေါ်ရှုမြင်သုံးသပ်ပုံကို " တဘ၀သံသရာ"စာအုပ်တွင်ဖော်ပြသည်
ကို တွေ့ ရ၏။ ဆရာတော်၏ မူရင်းရေးသားချက်ကို ဖော်ပြပါမည်။ ယင်းနောက် သုံးသပ်ချက်ကို တင်ပြပါမည်။
၃။
            "တပည့်တော်က သာသနာရေးစိတ်နဲ့ ချည်း ကြိုးစားတာ မဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့ လဲ ကြိုးစားပါ
တာပါ။ ဒါပေမယ့် "နိုင်ငံရေး၌ ဘုန်းကြီးများတိုက်ရိုက်မပါထိုက်" လို့ လဲ ယူဆပါတယ်။ လွတ်လပ်ရေးမရခင်တုန်း
က အိန္ဒိယနဲ့ မြန်မာနိုင်ငံ တွဲနေဖို့ -ခွဲနေဖို့ ဝါဒနှစ်မျိုး ကွဲခဲ့ပါတယ်။ အမြော်အမြင်ကျယ်တဲ့ခေါင်းဆောင်တစုက ခွဲဖို့
နဲ့  အခြားတစုက တွဲဖို့ ကိုမူထားပြီးရွေးကောက်ပွဲလုပ်ကြတဲ့အခါ အတွဲသမားတွေက ကျေးရွာဘုန်းတော်ကြီးတွေ
ကိုကပ်ထားကြလို့  ဘုန်းကြီးသြဇာများတဲ့ ကျေးရွာသားတွေက အတွဲဘက်မဲပေးလိုက်ကြတဲ့အတွက် အခွဲသမား
တွေ ခွက်ခွက်လန်အောင် ရှုံးခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံရေးမှာ ဘုန်းကြီးတွေ မပါမှ ကောင်းတယ်။"

            "သာသနာက ဒီလိုရွေးကောက်ပွဲတွေမှာ ပါကောင်းတဲ့သာသနာမျိုး မဟုတ်ပါဘူး၊ ဘီလူးစည်း လူ့ စည်း
ခွဲထားသလို ကိုယ့်စည်းနဲ့ ကိုယ် က္ကုနြေ္ဒရရ နေရမယ့် သာသနာပါ၊ အဲဒီသာသနာမျိုး ဖြစ်ဖို့ ရန် အခြေခံကစပြီး တဖြည်းဖြည်းပြုပြင်ရဦးမှာပါ။ "  (တဘ၀သံသရာ-၃၄၄၊ ၃၄၅)
           
            ဆရာတော်၏ယူဆချက်မှာ ရဟန်းတော်များ နိုင်ငံရေးမှာတိုက်ရိုက်မပါသင့်၊ အထူးသဖြင့် ရွေးကောက်ပွဲ
လို"သူ့ ဘက်ကိုယ့်ဘက်"ရှိသောနေရာမျိုးမှာဝင်မပါသင့်ဟူ၍ ဖြစ်သည်။ဤနေရာတွင်"တိုက်ရိုက်"ဟူသောစကား
လုံးကို အထူးသတိပြုရပါသည်။ "တိုက်ရိုက်"စကားလုံး၏ဆန့် ကျင်ဘက်"သွယ်ဝိုက်"ဟူ၍လည်းရှိပေရာ နိုင်ငံရေး
တွင်သွယ်ဝိုက်ပါဝင်ပတ်သက်ခြင်းကား ရှိမည်သာဖြစ်ကြောင်း"တပည့်တော်က သာသနာရေးစိတ်နဲ့ ချည်းကြိုးစား
တာ မဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့ လဲကြိုးစားတာပါ" ဟူသော ဆရာတော့်စကားဖြင့်ပင်ထင်ရှားသိသာလှပေပြီ။
ဆရာတော်သည် တဘ၀သံသရာ၊ အနာဂတ်သာသနာရေးကျမ်းစာ(ပစ္စက္ခသာသနာအခန်း)တို့ တွင် ရေးသားခဲ့
သည့်အတိုင်းကျောင်း-ဘုရားတည်ဆောက်ရေးကို စနစ်တကျပြုပြင်ရေး၊ ကျေးရွာကျောင်းထိုင်ဘုန်းတော်ကြီးများ
သည်  ကလေးပညာရေးနှင့်ရွာသူရွာသားများ၏စာရိတ္တကောင်းမွန်ရေးကို တာဝန်ယူနိုင်ရေး(တာဝန်မယူနိုင်ပါက
ကျောင်းထိုင်ဘုန်းကြီးဘ၀၌နေခွင့်ရမည်မဟုတ်ပါ)၊ဘုန်းကြီးကျောင်းမှာလည်းစာသင်ကျောင်း၊ ကမ္မဋ္ဌာန်းကျောင်း
ဟု၂ မျိုးသာရှိပြီး အပိုကျောင်းများကို သင့်လျော်သလို စုပေါင်းပေးရေး၊ ပိဋကတ်စာသင်နည်းကို ပြုပြင်ရေးစသည်
တို့ ကို အစဉ်တစိုက် ရေးသားတင်ပြခဲ့သည်။

            ရဟန်းတော်များကကလေးပညာရေးကို ပံ့ပိုးကူညီပေးခြင်း၊ လူကြီးများစာရိတ္တကောင်းအောင်ဟောပြော
ပေးခြင်းတို့ ကြောင့် နိုင်ငံရေးနှင့်သာသနာရေးတို့ သည် အပြန်အလှန်အထောက်အကူဖြစ်ကာ နိုင်ငံတိုးတက်မှု
ဖြစ်မည်ဟု ဆရာတော်က ယူဆသည်။ ရွေးကောက်ပွဲ-တွင်တိုက်ရိုက်မပါသင့်ဟုဆိုခဲ့သေည်လည်း အချို့ နေရာ
တွင် နိုင်ငံရေးနှင့် သာသနာရေးတွဲနိုင်ကြောင်း ဆရာတော်က ရေးသားတော်မူပါသည်။

            "ဘုရားရှင်ပွင့်တော်မူလာတာကိုကသတ္တ၀ါတို့ မှာ လောကီ-လောကုတ္တရာနှစ်ဖြာတိုးပွား၍ လူရော-ရှင်ပါ
အကျိုးများဖို့ ပွင့်တော်မူလာတာဖြစ်ပါတယ်။ဤနည်းအတိုင်းလဲ အနော်ရထာ-ရှင်အရဟံတို့ လက်ထဲမှစ၍ ဆရာ-ဒကာညီညာပေါင်းစုလျက် နိုင်ငံနဲ့ သာသနာကို ပြုခဲ့ကြတယ်မဟုတ်ပါလားဘုရား။ ဒါကြောင့် တပည့်တော်တော့ သာသနာ့အရေးကိုမပြုပြင်ရသေးသမျှတပည့်တော်ရဲ့ရည်ရွယ်ချက်ဟာအထမြောက်ပြီလို့ မဆိုနိုင်သေးဘူး။"
(တဘ၀သံသရာ-၃၄၆)

            ဆရာ-ဒကာညီညွတ်သော် နိုင်ငံရေး၊ သာသနာရေးတိုးတက်နိုင်သည်။ ယနေ့ ခေတ်မြန်မာနိုင်ငံတွင်
ဆရာ-ဒကာတို့ ညီညွတ်ကြပါ၏လော။ ဆရာ-ဒကာမညီညွတ်သည့်အတွက် ဆရာတရားဟောမည်ဆိုလျှင် ဒကာ
များအား မည်သည့်အကြောင်းအရာကိုဟောပါမည်၊တရားဟောခွင့်ပါမစ်ပေးပါဟူသော အခြေအနေမျိုး ယနေ့ 
ကြုံနေရပါသည်။ မင်းကျင့်တရား ၁၀ ပါးဟောလျှင်ပင် ဘုန်းကြီးနိုင်ငံရေးတရားဟောသည်ဟု နိုင်ထက်စီးနင်းစွပ်
စွဲနေသော ဒကာတို့ အား ဆရာတို့ လည်း လမ်းကြောင်းမှန်ပေါ်တင်နိုင်စွမ်းမဲ့ခဲ့လေပြီ---။ သံဃာ့အုပ်ချုပ်ရေးတွင်
ဒကာတို့ အလိုတော်ကျအမိန့် ညွှန်ကြားလွှာများထုတ်ပြန်ပေးခြင်းကြောင့်ရဟန်းကြီးတို့ အပေါ် ရဟန်းငယ်တို့ က
ယုံကြည်မှုကင်းကာ မြန်မာပြည်သာသနာတွင်းစုစည်းမှုအားလည်း ပြိုကွဲခဲ့လေပြီ---။
၎။
            မဟာဂန္ဓာရုံဆရာတော်လောင်း စာသင်သားဘ၀ဖြင့် ပခုက္ကူစာသင်တိုက်တွင်ပညာသင်ကြားနေစဉ် ၀ံသာနုခေတ်၊၀ံသာနုစိတ်ဓာတ်နိုးကြားလာသည်။ တရားဟောဓမ္မကထိကတို့ လည်း ၀ံသာနုတရားတွင်တွင်ဟော
လာကြသည်။ဆရာတော်သည်လည်း အများပွဲတောင်း၍ ၀ံသာနုတရားဟောခဲ့သည်။

            "နောက်မကြာခင် ၀ံသာနုခေတ်က ကြီးစိုးလာလို့  ပခုက္ကူတိုက်ကလဲ ဓမ္မကထိတွေ ထွက်ပါတယ်။ ပခုက္ကူကိုလဲ အကျော်အမော် ဓမ္မကထိကတွေလာပြီး ဟောကြပါတယ်၊ ရှေ့ ပိုင်းကတော့ ဆရာတော်များကလဲ
ကျေနပ်ပုံရလို့  သွားပြီးနားထောင်ပါတယ်။ နောက်ပိုင်းကျတော့ ဆရာတော်များက နည်းနည်းမကျေနပ်ဟန်တူလို့
အများသွားပေမယ့် တပည့်တော်မသွားပါဘူး။" (တဘ၀သံသရာ-၁၄၆)

            "နောက်ပိုင်းကျတော့ သီတင်းသုံးဖော်ဓမ္မကထိကများ ကူညီပြီးဟောပါဦး လို့ တိုက်တွန်းတာနဲ့ ဟောပါ
တယ်။" (တဘ၀သာသနာ-၁၄၈)

            "တပည့်တော်ကို သီတင်းသုံးဖော်များက တိုက်တွန်းလို့  ၀ံသာနုတရားဟောနေတုန်း၊ ပဋ္ဌာန်းအဋ္ဌကထာ
လဲဆိုနေတုန်းမှာ ဆရာတော်များက စာချမြှောက်လိုက်ပါတယ်"  (တဘ၀သံသရာ-၁၅၃)
၅။
            မဟာဂန္ဓာရုံဆရာတော်လောင်းသည်ပခုက္ကူစာသင်တိုက်ကြီးတွင်စာချဘုန်းကြီးဖြစ်ပြီးနောက်တွင် ၀ံသာ
နုတရားဟောပြောခြင်းကိုရပ်လိုက်သည်။     ကိုယ့်အမျိုး၊ဘာသာ၊သာသနာကိုချစ်မြတ်နိုးကာ ထိန်းသိမ်းစောင့်
ရှောက်တတ်အောင် ၀ံသာနုတရားကို ဟောခဲ့သော်လည်း ကိုယ်နှင့် အမျိုး၊ဘာသာ၊သာသနာချင်းကွဲပြားသူတို့ 
က "သူတို့ ကိုထိခိုက်အောင်၊ နစ်နာအောင်လှုံ့ ဆော်သူဟုသာ သတ်မှတ်ကြောင်း" တဘ၀သာသနာမှတ်တမ်း
စာအုပ်တွင် ဖော်ပြထားလေသည်။

            "အစိုးရထိအောင်မဟုတ်ပေမယ့်တိုင်းတပါးသားရဲ့ လက်အောက်ခံနေရတာဟာ မကောင်းတဲ့အကြောင်း
တော့ဟောရတာပဲ။ဒါလောက်ဟောတာကိုလဲအုပ်ချုပ်တဲ့အစိုးရကမခံနိုင်ဖြစ်မှာပေါ့။ ဒါကြောင့် စာချဖြစ်ပြီးနောက်
မကြာခင်ဘဲ အရေးပိုင်က လွှတ်လိုက်လို့ ဆိုပြီး စုံထောက်က လာမှတ်တာပါပဲ။" (တဘ၀သံသရာ-၁၅၄)
၆။
            မဟာဂန္ဓာရုံဆရာတော်က ဘုန်းတော်ကြီးများ နိုင်ငံရေး၌ တိုက်ရိုက်မပါဝင်သင့်ကြောင်း ဆိုထားပါပြီ။ မြန်မာနိုင်ငံတော်၏တခုတည်းသော သံဃအဖွဲ့ အစည်းအချုပ်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ ညွှန်ကြားလွှာအမှတ်(၈၃)ဖြင့်သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီနိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်
ခြင်း၊လှုံ့ဆော်ခြင်း၊အားပေးခြင်း၊သူတပါးအားတိုက်တွန်းခြင်းမပြုလုပ်ကြရန်(၁၃-၇-၉၁)ရက်စွဲဖြင့် ညွှန်ကြားခဲ့
သည်။ အကြောင်းပြရပ်တည်ချက်မှာ ဖော်ပြပါအတိုင်း ဖြစ်ပါ၏။

            "အကယ်၍ ရဟန်းသာမဏေများ ပါတီနိုင်ငံရေးများ၌ ပါဝင်ဆောင်ရွက်ပါက နိုင်ငံရေးပါတီများသည် ရဟန်းသာမဏေများထံချဉ်းကပ်၍ ဆရာမွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်းသာမဏေများသည် မိမိနှစ်သက်ရာ
ပါတီအနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ
သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဦးတည်ချက်ကို ထိခိုက်လာမည့်အပြင် ရဟန်းသာမဏေအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်းတည်ဆောက်ထားရသော ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်ရေးကြီးပြိုကွဲ၍ သံဃာ့
အဖွဲ့ အစည်းအဆင့်ဆင့်တို့ ဧကန်ပျက်စီးရပေလိမ့်မည်။

            ရှေးယခင်အင်္ဂလိပ်အုပ်စိုးစဉ်အခါက၀ံသာနု၊ဒိုင်အာခီစသည်ကွဲပြားကြရာရဟန်းတော်များ ပါတီနိုင်ငံရေး
၌ ပါဝင်ဆောင်ရွက်ကြသဖြင့် ၀ံသာနုဘုန်းကြီး၊ ဒိုင်အာခီဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ
မဆောင်နိုင်၊ သံဃာစင်အတူမတက်နိုင်သည်အထိ အချင်းချင်းကွဲပြားခဲ့ကြသည်။"

            "ပါတီနိုင်ငံရေးဟူသည်လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စတာဝန်သာ ဖြစ်သည်။ ရဟန်းသာမဏေများ
သည်ကား မည်သည့်ပါတီကပင် အစိုးရအဖြစ်တက်ရောက်လာသည်ဖြစ်စေ၊ ထိုတက်ရောက်လာသော အစိုးရ၏
တရားနှင့်အညီ ပေးအပ်သော အာဏာစက်အကူအညီ အထောက်အပံ့ကို ရယူ၍​ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်
ကြီးကို စောင့်ရှောက်ထိန်းသိမ်းသွားရမည်သာ ဖြစ်ပါသည်။"

            "ဖက်ဒရယ်"ကို ကိုယ့်ရှုထောင့်နှင့်ကိုယ်အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး မြန်မာပြည်တွင်ရှိနေသလို "နိုင်ငံရေး"
ကိုလည်း အတ္တနောမတိအဘိဓာန်ဆရာတို့ ဉာဏ်သဘောသက်ရောက်တော်မူတိုင်း သူတမျိုး ငါတဖုံလက်စွမ်းပြ ဖွင့်ဆိုကြပေရာဗြဟ္မဇာလသုတ္တန်လာ "အမရာဝိက္ခေပ၀ါဒ"လက်ကိုင်ထားသူကို မေးမြန်းခန်းလုပ်ရသည်နှင့်ပင်တူ
သယောင်ထင်ရ၏။ထို့ကြောင့်"နိုင်ငံရေး"ဟူသောစကားလုံးအတွက် အငြင်းပွားမှုကို ရှောင်လွှဲရန်  "ရွေးကောက်ပွဲ
နိုင်ငံရေး၊ပါတီနိုင်ငံရေး"ဟုမဟာဂန္ဓာရုံဆရာတော်၊မြန်မာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့က တိကျပြည့်စုံစွာ ဆိုထားကြလေသည်။

            မဟာဂန္ဓာရုံဆရာတော်ဆိုလိုသော နိုင်ငံရေးမှာ မည်သည့်အရာကိုဆိုလိုကြောင်း"သာသနာရေးစိတ်နဲ့
ချည်းကြိုးစားတာမဟုတ်ပါဘူး၊ နိုင်ငံရေးစိတ်နဲ့လဲ ကြိုးစားပါတယ်" စကားမျှလောက်ဖြင့် သိသာပေပြီ။ စာတတ်
သူတိုင်းစာဖတ်ကြရာတွင် စာဖတ်သူ၏အခြေခံတွေးခေါ်အားအလျောက် နားလည်မှုအမျိုးမျိုးကွဲပြားစွာ ပေါ်နိုင်
ကြောင်း ကြိုတင်မျှော်လင့်ထားပါသည်။

အမရဒီပ
၅-၁၃-၂၀၁၁

No comments: