Total Pageviews

Sunday, October 16, 2011

ကျီးပေါင်းတက်သာသနာ


No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းခေါင်းဆောင် (သို့ မဟုတ်) ဗုဒ္ဓသာသနာတော်အတွက်အဆိပ်ထုပ်ကြီး ခမျာ မြန်မာနိုင်ငံမှာ သာသနာရေးဌာနက အရေးယူလို့ အနီကတ်ထိ၊ကစားခွင့်ပိတ်ခံထားရသော်လည်း "စီးပွားရေးပိတ်ဆို့ တာ တို့မမှုပါ"သီချင်းစာသားအလိုက်ကလေး"သာသနာရေးက ပိတ်ဆို့ တာ ဘုန်းဘုန်းတို့ 
 မမှုပါ"ဟု ဟစ်ကြွေးကာ ၀ိုင်းတော်သူ၊ ၀ိုင်းတော်သားများနှင့်အတူ မလေးရှားနိုင်ငံသို့ သင်တန်းဖွင့်လှစ်ရန် ရောက်လာကြောင်း သတင်းများမှတဆင့် ဖတ်လိုက်၊မှတ်လိုက်ရ၏။ မြန်မာနိုင်ငံတ၀ှမ်း မည်သည့်နေရာ၌မဆို ရဟန်းတပါးအနေဖြင့် လူမှုဆက်ဆံရေးနှင့်အောင်မြင်မှုနည်းပညာသင်တန်းနှင့်အလားတူသင်တန်းများကို သင်ကြားပို့ ချခြင်းမပြုလုပ်တော့ပါ၊ သင်တန်းနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်း၊ လက်ကမ်းစာစောင်များနှင့် စီဒီများကိုလည်း ဖြန့်ဝေခြင်းမပြုတော့ပါကြောင်း မြန်မာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်တွင် သင်တန်းနည်းပြကြီးကိုယ်တိုင် ၀န်ခံကတိပြုလက်မှတ်ရေးထိုးပြီးနောက် ၃ လအကြာ "တတ်သည့်ပညာ မနေသာ"၍ မလေးရှားမှာ သင်တန်းပေးခြင်း ဖြစ်ပုံရသည်။

"၀န်ခံကတိပြုချက်"အရ သင်တန်းနည်းပြကြီးက အကြောင်းပြချက်ပေးနိုင်သည်မှာ"မြန်မာနိုင်ငံမှာသာ သင်တန်း
မဖွင့်ရန်တားမြစ်သည်၊ နိုင်ငံခြားမှာ သင်တန်းမဖွင့်ရဟူသောစကားမပါဝင်"ဟူ၍တည်း။ အလွန်ခိုင်မာတိကျသော အကြောင်းပြဖြစ်ပါသည်။ သက်ဆိုင်ရာအာဏာပိုင်များ၏ စကားမပြည့်စုံ၊အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကျိုးကြောင်းဆင်ခြေပေးသည့်အတွက် နိုင်ငံတော်သံဃမဟာနာယကများအတွက် သင်ခန်းစာယူစရာကိစ္စဖြစ်ပေ
သည်။

စကားကြုံခိုက် အနည်းငယ်တင်ပြလိုပါသည်။ ဆဋ္ဌသင်္ဂါယနာတင်စဉ်ကာလက ပါဠိဝေါဟာရတခုကို မြန်မာဘာ
သာပြန်ဆိုရာတွင် ဆရာတော်တပါးနှင့်တပါးအကြိတ်အနယ်ရှိလှသဖြင့် အပြီးသတ်သဘောတူညီချက်ရနိုင်ရေးအ
တွက် ၃-ရက်တိတိ ဆွေးနွေးညှိနှိုင်းခဲ့ရကြောင်း သိရသည်။ "ကေနစိ"ဟူသောပါဠိကို မြန်မာဘာသာဖြင့်"တစုံတ-
ယောက်"ဟု ဘာသာပြန်သည်။ ယင်းဘာသာပြန်ကို အခြားဆရာတော်တပါးက "တစုံမှာ ၂-ခုရှိသဖြင့် ကေနစိ-ကို (ကေနစိ-တစုံနှစ်ယောက်)ဟု ဘာသာပြန်သင့်ကြောင်း" အဆိုတင်သွင်းရာ "ကေနစိ-တစုံတယောက်"က အဆိုတဘက်၊ "ကေနစိ-တစုံနှစ်ယောက်"ကအဆိုတဘက် အပြိုင်အဆိုင်ဖြစ်ခဲ့လေသည်။ မြန်မာသံဃာကြီးများ
သည် ဤမျှပင် စကားအသုံးအစွဲကို အလေးဂရုပြုခဲ့ကြပါသည်။
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ သံဃနာယကလက်စွဲစာအုပ်)

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အသီးသီး၏ "အဓမ္မ၀ါဒစွန့်လွှတ်ကြောင်းပဋိညာဉ်ဝန်ခံကတိပြုခြင်း"အပိုင်းတို့ကို လေ့လာကြည့်ရာ " ယခုအချိန်မှစ၍ ရှေ့သို့ ဆက်လက်ပြီး"ဟုလည်းကောင်း၊ "နောင်အနာဂတ်ကာလ၌လည်း"ဟု
လည်းကောင်းအစချီကာ အဓမ္မ၀ါဒများကို ဟောပြောခြင်း၊ရေးသားခြင်း၊ ဆွေးနွေးခြင်း၊တိတ်ခွေဖွင့်ခြင်း၊ သင်တန်း
ပေးခြင်း စသည့်အပြုအမူအားလုံးကို မိမိကိုယ်တိုင်လည်းမပြုလုပ်၊ သူတပါးပြုလုပ်သည်ကိုလည်း မပြုလုပ်စေရန် တားမြစ်ဆုံးမသြ၀ါဒပေးမည်ဖြစ်ကြောင်း ကတိပြုဝန်ခံစေကာလက်မှတ်ထိုးစေသည်ကို တွေ့ ရ၏။ "ယခုအချိန်မှ
စ၍"ဟု အချိန်ကိုသာ သတ်မှတ်သည်၊ နေရာကို မသတ်မှတ်သည့်အတွက် အဓမ္မ၀ါဒီများသည် (ဇာတိနိုင်ငံ၊ နိုင်ငံခြား) မည်သည့်နေရာ၌မဆိုအဓမ္မ၀ါဒကို ပြသပါက ယင်းတို့ ၏၀န်ခံကတိကိုချိုးဖောက်သောကြောင့် အရေးယူနိုင်ပေသည်။ ယခု No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းခေါင်းဆောင်အတွက် ထုတ်ပြန်သော ၀န်ခံကတိပြုချက်များတွင်ကား "လူမှုဆက်ဆံရေးနှင့်အောင်မြင်မှုနည်းပညာသင်တန်းနှင့်အလားတူသင်တန်း
များကို မြန်မာနိုင်ငံတ၀ှမ်း မည်သည့်နေရာ၌မဆို ရဟန်းတပါးအနေဖြင့် သင်ကြားပို့ ချခြင်းမပြုလုပ်တော့ပါ
ကြောင်း ၀န်ခံကတိပြုပါသည်"ဟု ဆိုထားသဖြင့် မြန်မာနိုင်ငံမှာသာ တားမြစ်သည်၊ အခြားပြင်ပနိုင်ငံများတွင် သင်တန်းပြခြင်းကို မတားမြစ်ဟု အဓိပ္ပါယ်ထွက်ပေသည်။ ယင်းသည်ပင် ဤကိစ္စတွင် နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ၏အားနည်းချက်ဖြစ်၏။ ယင်းသို့မဟုတ်ဘဲ " နောင်အနာဂတ်ကာလ၌လူမှုဆက်ဆံရေးနှင့်
အောင်မြင်မှုနည်းပညာသင်တန်းနှင့်အလားတူသင်တန်းများကို မည်သည့်နေရာ၌မဆို ရဟန်းတပါးအနေဖြင့် သင်ကြားပို့ချခြင်းမပြုလုပ်တော့ပါကြောင်း ၀န်ခံကတိပြုပါသည်"ဟု ၀န်ခံကတိပြုစေက မလေးရှားမှာ သင်တန်း
လာဖွင့်သည့်ဖြစ်ရပ်မျိုးကို တားဆီးနိုင်ပေလိမ့်မည်။

"ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်"စကားကဲ့သို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ပေါ့ဆမှုကြောင့်
No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းကို မလေးရှားသာမက အရှေ့၊ အနောက်နိုင်ငံစုံအောင် နောင်အခါ ဖွင့်ကြ
ပေတော့မည်။ နိုင်ငံရပ်ခြားသင်တန်းများတွင်  ကတုံးပြောင်ပြောင်၊သင်္ကန်းနက်မှောင်မှောင်၊အ၀ါရောင်ပုခုံးတင်
ကလေးဆင်ယင်ကာ စင်မြင့်ပေါ်တွင်သင်တန်းပေးနေသော  စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းနည်းပြကြီး၏
အောင်မြင်သောဟန်ပန်ကို နောင်လာနောက်သားရှင်ငယ်၊ ရဟန်းငယ်တို့ အတုယူမှားကြပေဦးမည်။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်ရဟန်းတပါးအနေဖြင့် မိမိလက်ခံယုံကြည်ထားသောဘာသာ၏အဆုံးအမကို ဆန့်ကျင်
သော အယူအဆ၊အပြုအမူများကိုလက်ခံသိမ်းပိုက်ကာ ဟောပြောဖြန့်ဝေနေခြင်းသည် (မြန်မာစစ်အစိုးရ၊ အရပ်သားအမည်ခံအစိုးရတို့ တွင်တွင်သုံးကာ သာသနာ့ဝန်ထမ်းများကိုဖမ်းဆီးထောင်ချနေသောပုဒ်မဖြစ်သည့်) "သာသနာညှိးနွမ်းစေမှု"ပင် မဟုတ်ပါလော။

No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းနှင့် အခြားအဓမ္မ၀ါဒီတို့ ရောက်လေအရပ်ဒေသများတွင်အငြင်းပွားမှု၊ခိုက်
ရန်ဖြစ်မှုစသည်တို့သည်လည်း ဆက်တိုက်ဖြစ်ပွားလာနိုင်ပါသည်။ No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းနည်း
ပြကြီး မလေးရှားတွင် သင်တန်းလာဖွင့်သည်ကို မလေးရှားနိုင်ငံတွင်နေထိုင်သာသနာပြုကြသော ဆရာတော်၊ သံဃာတော်များက ကန့်ကွက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ၏အစည်းအဝေးမှတ်တမ်းဟောင်းတခုတွင် ဖတ်ခဲ့ရ၏။ ယခုအခါ အထင်ကရဖြစ်လှသော ကမ္မဋ္ဌာနာစရိယဆရာတော်ကြီးတပါးသည် အမေရိကန်နိုင်ငံသို့ တရားဟော၊ တရား
ပြကြွရောက်လေသည်။ အမေရိကန်န်ုင်ငံ၌ ဟောပြောသောဆရာတော်ကြီး၏တရားတပုဒ်တွင်"သရဏဂုံဟူသည်
သက်ရှိလူမှာသာတည်သည်၊ လူသေအလောင်းမှာ သရဏဂုံမတည်နိုင်ကြောင်း"ပါဝင်လေသည်။ ဆရာတော်ကြီး၏
ဟောပြောချက်သည် အမှန်ပင်ဖြစ်၏။ (အကျယ်ကို အမရပူရ၊မဟာဂန္ဓာရုံဆရာတော်၏အနာဂတ်သာသနာရေး
ကျမ်း၊ ချမ်းမြေ့ဆရာတော်၏ တက္ကသိုလ်ဓမ္မသဘင်စာအုပ်တို့၌ရှုပါ။)သို့သော်ဆရာတော်ကြီး၏ဟောပြောချက်ကို
 မနှစ်သက်သူတို့ က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့ စာရေးတိုင်ကြားကြလေသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က သရဏဂုံတရားဟောပြောသော ဆရာတော်ကြီးကို ကမ္ဘာအေးသို့
ပင့်ဖိတ်၍ နောက်နောင် အငြင်းပွားမှုဖြစ်ပေါ်နိုင်သောတရားမျိုးကို ဟောပြောမှုမပြုရန်သတိပေးစကား
လျှောက်ထားခဲ့ရကြောင်း မှတ်တမ်းတွင်တွေ့ ရ၏။ (ဆရာတော် ဦးသီလာနန္ဒာဘိဝံသ၏ ဗုဒ္ဓဘာသာသင်တန်း
ဟောပြောချက်တွင် သရဏဂုံတရားဟောပြောသူဆရာတော်သည် အမေရိကန်သို့ သွားခွင့် နှစ်အနည်းငယ်မျှ
ပိတ်ပင်ခံရကြောင်း ဆိုထားသည်။)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သည် အမှန်တရားဟောပြောသူဖြစ်စေကာမူ တိုင်ကြားသူပေါ်ပေါက်လာက အရေးတယူစုံစမ်းမေးမြန်းတတ်သည်။ No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းနည်းပြကြီးလို ဗုဒ္ဓသာသနာတော်
အပေါ် ဖျက်လိုဖျက်ဆီးပြုလုပ်နေသူများအား သက်သေအထောက်အထားနှင့်တကွတင်ပြတိုင်ကြားပါက
အဘယ်မှာလျှင် အရေးယူဖြေရှင်းမှုမပြုဘဲ နေအံ့နည်း-------။

No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းဖွင့်ရာ နေရာတိုင်း၊ နိုင်ငံတိုင်းက ဗုဒ္ဓဘာသာဝင်များ၊ ဗုဒ္ဓသာသနာ၏ အဆုံး
အမမှန်ကို နားလည်သူများသည် ဗုဒ္ဓဘာသာအဆုံးအမကို ဆန့်ကျင်ကာထင်တိုင်းကြဲနေသောနည်းပြကြီး၏ အပြု
အမူ၊ဟောပြောချက်များကို သက်သေပြလျက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သို့ အကြောင်းကြားသင့်ပါ
ကြောင်း နိဂုံးချုပ်အားဖြင့် အကြံပြုလိုပါသည်။

အမရဒီပ
၂၀-၅-၂၀၁၁

No comments: