Total Pageviews
Wednesday, February 27, 2013
Monday, February 25, 2013
Tuesday, February 12, 2013
ရွှေလရောင်
- မြို့ လုလင်သာတဲ့ကွန်းဆီသို့ 
တို့ သခင်စာဖွဲ့ လို့ ညွှန်းလိုက်ကဲ့
ဒါနဲ့ ပဲလွမ်းကြပေတော့ကွာ…။
- မြို့ သူကြီးရယ်လို့ 
တို့ ထီးနေတမျှပေပေါ့
ရွှေလရောင်ဘွဲ့ သတင်းရယ်နဲ့ 
ဦးမင်းရောင်ဗိုလ်ဝင်ခံလို့ မို
့
ဟိုအလျင်ယမန်စစ်အင်ကျင်းတယ်
ခင်းတဲ့ဗျူဟာ…။
- မြတ်လောကီသဘာဝတွင်ဖြင့်
ဓာတ်ကောလီခါမရတာမို့ 
မြန်မာများဘုန်းသမ္ဘာ
ရှုံးပါပေါ့ကံတမျိုး…။
- မန်းအပျက်မှာ
စန်းလဂ်မသာမယာမို့ 
ဗမာ ဗမာချင်းတောင်မှ
ရန်သူကိုရန်ဟူ၍မမှတ်တဲ့ပြင်
ကိုယ့်တပ်ကိုယ်ပြန်ကာနင်းကြတဲ့
ဖျင်းလှတဲ့ကမြင်းမကောင်ဗိုလ်တချို့ ရယ်က
ကိုယ့်ဖို့ အလွတ်ရုန်းရော့မယ်လို
့
တောင်ကုန်းသာသာယာယာမြင်းမဏိစခန်းဆီက
တရှောင်ရှောင်ပုန်းကာအတွင်းသိတဲ့
မင်းအမိဖမ်းချင်ကြတဲ့ပြင်
ပရမ်းပတာ
တော်ရာလျော်ရာပြေးကြတော့
အရေးရှင်မကြံသာသနဲ့ 
ကံကြမ္မာရှေးဝဋ်ကြွေးပေထင့်
လေးတိုင်စဉ်ရွာအတွင်းတွင်ဖြင့်
အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို
့စမ်းခဲ့တဲ့
တဖောင်ဖောင်သတင်း
တပြောင်ပြောင်လင်းခဲ့တဲ့
တောင်တွင်းကသခင်ကို
အောင်တြင်းမရခင်ဖမ်းတဲ့ပြင်
အကြမ်းပတမ်းမလုပ်ကောင်းသော်လဲ
ဥက္ခောင်းဖြတ်ကာ အသေသတ်ကြသတဲ့
မကျေနပ်ရှာသူချောင်တပဲ့ပန်းတို
့ရဲ့
ပြေရပ်မှာတဘောင်နဲ
့လွမ်းကြပေတော့
တောင်တမန်းမြို့ နေလနှစ်ဆောင်အညှိုးတွင်ဖြင့်
ပြေမြန်မာတဘောင်မစိုးရရှာတဲ့
အခေါင်အမြန်း အမှောင်သန်းသမို့  အောင်ပန်းညှိုးခဲ့ရတဲ့
အောင်ဆန်းတို့ ရွှေလရောင်အဖိုး…။
သခင်ကိုယ်တော်မှိုင်း
Friday, February 8, 2013
ဘူရိဒတ်လင်္ကာလာ လိပ်ရေချအမတ်နှင့် မျက်မှောက်ခေတ်သူ၏အနွယ်တော်များ-၁
ဘူရိဒတ်ဇာတ်အစကို
အကျဉ်းသံခိပ်မျှကို အချိတ်အဆက်မိအောင် ပြောလိုပါသည်။ ဗြဟ္မဒတ်မင်းသည်
သားတော်အကြီးအား အိမ်ရှေ့ အရာကိုပေးထားသော်လည်း
သားတော်၏အခြံအရံများတိုးပွားလာမှုကြောင့်
သူ၏ထီးနန်းကိုလုပ်ကြံလေမည်လားဟု
သံသယဝင်လာ၏။ ထို့ ကြောင့် သားတော်ကို သူကွယ်လွန်မှ တိုင်းပြည်ကို အုပ်ချုပ်လေ၊
ယခုအခါ တော်ရာနေလေဆိုကာ တိုင်းပြည်မှနှင်ထုတ်လိုက်သည်။
မင်းသားသည် ရသေ့အသွင်ယူကာ
ယမုနာမြစ်ကမ်းဘေးတနေရာတွင် နေရာစီစဉ်၍ နေထိုင်၏။ ယင်းနောက် နဂါးမတယောက်နှင့်
သင့်မြတ်ကာ သား ၁ ၊ သမီး ၁ ဖွားမြင်၏။ သားကို သာဂရ၊ သမီးကို သမုဒ္ဒဇာ အမည်ပေး၏။
မင်းသား၏ခမည်းတော်ကွယ်လွန်၏။
မုဆိုးတဦးက မင်းသားနှင့် တိုင်းပြည်ရှိမှုးမတ်များအကြား ဆက်သွယ်ပေး၏။ နဂါးမကမူ သူ
့အနေဖြင့် လူတို့ နှင့်မရောပြွမ်းလို၊ နဂါးပြည်သို့ သာပြန်ပါမည်၊
သားနှင့်သမီးမှာမူ ရေမျိုးဖြစ်၍ နေပူမခံရအောင်ဂရုစိုက်ရန်မှာကြားလေ၏။ မင်းသားသည်
တိုင်းပြည်သို့ ပြန်
ရောက်ကာ
မင်းအဖြစ်ခံယူ၏။သားနှင့်သမီးအတွက် ရေကန်ဖန်တီးပေး၏။ သားနှင့်သမီးလည်း ရေကန်ဝယ်
အမြဲမပြတ် ရေကစားကြ၏။
သာဂရမင်းသားနှင့်
သမုဒ္ဒဇာမင်းသမီးတို့ ရေကန်တွင်းရေကစားရင်း မှတ်သားဖွယ်ရာဖြစ်ရပ်တခု ပေါ်ပေါက်လာ၏။
ဤဆောင်းပါးပါလင်္ကာများမှာ
အရှင်မဟာရဋ္ဌသာရ အသက် ၁၆ နှစ်အရွယ် သက္ကရာဇ် ၈၄၆ တွင် ရေးစီသော ဘူရိဒတ်လင်္ကာကြီးမှ
ကောက်နုတ်ချက်များဖြစ်သည်။
တေ နိဗဒ္ဓံ တတ္ထ ကီဠိံသု။
-မောင်နှင့်နှမ ၊ တူကွမပြား
သားတော်များလည်း ၊
ပျော်ပါးချစ်ဘွယ်
ထိုကန်ဝယ်၌ ၊ ၊ မြူးရယ်နိစ္စကစားကြ၏။ (ပိုဒ်ရေ-၇၄။)
-ထိုရော်အကြိုက် ၊ တနေ့ ၌လျှင်
ပြိုက်ပြိုက်ညီညွတ် ၊
မှုးမတ်ကျေးစား
ဗိုလ်ပါအားဖြင့် ၊ ရေများခပင်း
ကန်တော်တွင်းသို့ ၊
သွင်းသောခါဝယ်
မြစ်မကျယ်မှ ၊ လိပ်ငယ်တခု
လူမှုလိမ်မာ ၊ ဝင်လတ်လာ၍
ထွက်ရာမမြင် ၊ ရေကန်ပြင်ထက်
ဝပ်တုံလျက်လျှင် ၊
ဝမ်းထွက်တူပေါက်
နှစ်ယောက်တူကွ ၊
မောင်နှမအား
ကစားသရော် ၊ ဦးခေါင်းမော်၍
နှစ်ဘော်မပြား ၊ မင်းသားများကို
မျက်ဝါးဝဝ ၊ ကြည့်ပြီးမှတည့်
ခဏဆောလျင် ၊ ရေတွင်တဖန်
ငုပ်တုံပြန်သည် ၊ ၊ သဏ္ဌန်ကြောက်ရုပ်ကြောက်ဝါတည်း။
(ပိုဒ်ရေ-၇၅။)
တေ တံ ဒိသွာ ဘီတာ ပိတုသန္တိကံ
ဂန္တွာ "တာတ ပေါက္ခရဏီယံ ဧကော ယက္ခော အမှေ တာသေသီ" တိ အာဟံသု။
-ထိုသို့ မူဟန် ၊ လိပ်သဏ္ဌန်ကို
အမှန်ထင်ထင် ၊မြင်လတ်ရကား
သတို့ သားတို့  ၊ တည်ကြားမရ
ထိတ်လန့် ကြ၍ ၊ ချစ်ဘမင်းဖျား
စောတရား၏ ၊ ထံပါးလျင်စွာ
ပြေးဝင်လာ၍ ၊ ရှုရှာသက်လုံ
ဆိုလတ်တုံခြင်း၊ မွေးဘမင်း……
စင်းလျင်းမချာ ၊ ရေကန်သာ၌
မကွာပျော်ပါး ၊ ကစားမြူးထူး
ရွှင်ပျံ့ ဖြူးရှင့် ၊
ဘီလူးတယောက်
တို့ ကိုချောက်၍ ၊ လန်
့ကျောက်ပြင်းဟုန်
ဖိန့် ဖိန့် တုံမျှ ၊
ခုန်ခုန်ဆင်းဆင်း
ပြန်လတ်လျှင်းသည် ၊ ၊ ဆိုခြင်းမသက်မသာတည်း။ (ပိုဒ်ရေ- ၇၆။)
ရာဇာ "ဂစ္ဆထ နံ ဂဏှာထာ"တိ
ပုရိသေ အာဏာပေသိ။
-ဗြဟ္မဒတ္တ၊ မည်တော်ရသား
မွေးဘရွယ်လူး ၊စောရန်ငူးလည်း
ဘီလူးငဆ ၊ ထိုယက္ခကို
ဆီးစပြွမ်းပြွမ်း ၊
ဖမ်းလျင်ချေဟု
အုပ်ထွေသောင်းသောင်း၊
အပေါင်းကျွန်တော်
တစုခေါ်၍ ၊ ၊ ထိုရော်ခပ်သွတ်စေဘိလတ်၏။ (ပိုဒ်ရေ-၇၇။)
တေ ဇာလံ ခိပိတွာ ကစ္ဆပံ အာဒါယ
ရညော ဒေဿသုံ။
-ဤသို့ မင်းမြတ် ၊ စေလတ်သရော်
ထိုကျွန်တော်တို့ ၊
ဖျော်ဖျော်ဖြဖြ
ရံဆီးစလျက် ၊ ခဏချက်ချင်း
ကွန်ပစ်လျင်း၍ ၊ အယင်းလိပ်ငယ်
အကြံကျယ်ကို ၊ အကယ်ဖမ်းပြီး
မင်းစောထီးအား ၊ ထင်ရှားလည်းပြ
ဆက်ကုန်ကြသည်၊ ၊ ဖြင်မျှတအုပ်တအာတည်း။ (ပိုဒ်ရေ၊ ၇၈။)
ကုမာရာ တံ ဒိသွာ "ဧသ တာတ
ပိသာစော"တိ ဝိရဝိံသု။
- ဤသို့ ပြပေ ၊လိပ်တဇ္ဇေကို
မြင်လေထင်ရှား ၊မင်းကြီးသားတို့ 
ခန့် ညားရွံ မူ၊ ဟူလတ်တုံခြင်း
တန်ခိုးပြင်းသည်၊
ရန်နှင်းပြည့်ရှင်
မွေးဘခင် …….၊ ပျော်ရွှင်နေ့ ည
ရေကန်ဝ၌ ၊ မကစားသာ
ခြိမ်းချောက်လာသည် ၊
မိစ္ဆာကြမ်းကြုတ်
ဘီလူးယုတ်ကား ၊ အဟုတ်ဧကန်
ချင်းလျင်မှန်ဟု ၊ တဖြန်လဲလဲ
မျက်ရည်ရွှဲနှင့် ၊ ဝမ်းထဲယူးယူး
ကြောက်မူးကြောက်မော် ၊
မည်ရည်ခေါ်၍
ဟစ်ကျော်ပြေးခုန်၊
မြည်တမ်းကုန်လျက်
တုန်တုန်လဲ့လဲ့ ၊ ကြက်သီးပြဲ့သည်
ချဲ့ ချဲ့ ခြေခါလက်ခါတည်း ။
(ပိုဒ်ရေ- ၇၉။)
ရာဇာ ပုတ္တသိနေဟေန ကစ္ဆပဿ
ကုဇ္ဈိတွာ "ဂစ္ဆထဿ ကမ္မကရဏံ ကရောထာ"တိ အာဏာပေသိ။
- တဆယ့်နှစ်ယူဇနာ ၊ ပြည်သာသခင်
ဖြစ်ထကျင်သား ၊ နတ်ရှင်မင်းစစ်
စောရန်လှစ်ကား ၊ ရန်နှစ်ဖော်စုံ
သားကြေးမုံကို ၊
ချစ်တုံလွန်ပြင်း
မြတ်နိုးခြင်းဖြင့် ၊
ဝမ်းတွင်းပြောင်းပြန်
မျက်တော်သန်၍ ၊ တိရစ္ဆာန်လိပ်ငယ်
သူမုန်းဘွယ်ကို ၊
နှိပ်နှယ်ညှဉ်းဆဲ
ဆင်းရဲခံမှု၊ သည်းစွာပြုလျက်
ယခုအသေ ၊ သတ်လျှင်းလေဟု
ပြောထွေဝန်းလျား၊ မှုးမတ်များကို
ထင်ရှားတဖန် ၊ စေလိုက်ပြန်သည်
တမန်ထပ်ခါထပ်ခါတည်း။ (ပိုဒ်ရေ-
၈ဝ။)
သက္ကရာဇ် ၁၁၄၈ တွင်စီရင်သော ဆရာတော်အရှင်နန္ဒမေဓာ၏
လင်္ကာဆိုင်ရာဘူရိဒတ်ဇာတ်တော်စကားပြေကား
ဤသို့ ဖြစ်၏။
-ပြည်တွင်း၌ ထိုမင်းသားတို
့၏ကစားရာ ပေါက္ခရဏီရေကန်ကိုပြု၏။ မင်းသားတို့ သည်လည်း ထိုရေကန်၌ ကစားကုန်၏။ တနေ
့သောအခါဝယ် ပေါက္ခရဏီရေကန်သို့ ရေသွင်းလတ်သော် လိပ်တကောင်သည် ဝင်လေ၍
ထွက်အံ့သောအရပ်ကို မမြင်သဖြင့် ရေကန်တွင်း၌ ဝပ်လျက်နေလေ၏။
မင်းသားမင်းသမီးတို့ သည်
ရေကစားလတ်သော် ထိုလိပ်သည် ဦးခေါင်းကိုဖော်၍ကြည့်လျက် တဖန်ငုပ်ပြန်၏။ မင်းသား မင်းသမီးတို
့သည် ထိုလိပ်ကိုမြင်၍ ကြောက်လန့် တကြားရေကန်မှတက်၍ ခမည်းတော်မင်းကြီးအား ဤသို
့လျှောက်၏။
"အရှင်မင်းကြီး…ရေကန်တွင်း၌
ဘီလူးတကောင်သည် အကျွန်ုပ်တို့ အား ခြောက်သည်"ဟု လျှောက်၏။ "
မင်းကြီးလည်း မင်းချင်းတို့ ကိုခေါ်၍ "ထိုလိပ်ကိုဖမ်းချေ"ဟု စေတော်မူ၏။
မင်းချင်းတို့ လည်း ကွန်ဖြင့်ပစ်၍ လိပ်ကိုဖမ်းပြီးလျှင် မင်းကြီးအားဆက်၏။
မင်းသားတို့ လည်း ထိုလိပ်ကိုမြင်လျှင် "ခမည်းတော်မင်းကြီး၊ အကျွန်ုပ်တို
့ကိုခြောက်သည်ကား ဤဘီလူးပင်တည်း"ငိုမြည်တမ်း၏။ မင်းကြီးသည်
သားတော်-သမီးတော်တို့ ကို ချစ်ခြင်းဖြင့် အမျက်ထွက်၍ "အမှုနှင့်လျော်စွာစီရင်ကုန်"ဟု
မိန့် တော်မူ၏။
ဆက်လက်ဖော်ပြပါမည်။
အမရဒီပ
ဖေဖော်ဝါရီ ၈၊ ၂ဝ၁၃
Saturday, February 2, 2013
Thursday, January 24, 2013
ဓာတ်ဆရာမောင်ပို နှင့် ဗလမင်းထင်

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ
့အမှတ် (၂ )က ရှင်ဥက္ကဋ္ဌ၏လူသေလူဖြစ်ဝါဒအမွေခံတပည့်များအား ယင်းတို့ ၏
မှားယွင်းသောအယူဝါဒများကို ပိဋကတ်တော်ကျမ်းများနှင့်အညီ
စီစစ်ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ရုံးလုပ်ငန်း
ဆိုင်ရာများဆောင်ရွက်ကြသည်။ ယင်းနောက်
ထိုစဉ်က နိုင်ငံတော်သံဃမဟာနာယကအလှည့်ကျအဖွဲ့ ခွဲဥက္ကဋ္ဌ
ပြည်မြို့ ၊ ဗာရာဏသီဆရာတော်ကြီးက လူသေလူဖြစ်ဝါဒစွန်
့လွှတ်ပြီးသူများကို သြဝါဒကထာ ပေးတော်မူ၏။
ဆရာတော်ကြီးသြဝါဒကောက်နုတ်ချက်မှာ
အောက်ဖော်ပြပါအတိုင်း ဖြစ်ပါ၏။
"၁။ သာသနာဝင် ရာဇဝင်တွေကို
ရှည်လျားစွာမပြောတော့ဘဲ "အောင်ကျော်ချမ်းအေး မန္တလေး"ဆိုတဲ့ဆောင်ပုဒ်
အရ ကောဇာသက္ကရာဇ်၁၂၂၁ခုနှစ်တွင်
မန္တလေးမြို့ တော်ကို တည်ထောင်တော်မူ၍ သူမတူအောင်သာသနာပြု
သွားသည့် မင်းတုန်းဘုရင်သည်
ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး၏တိုးတက်စည်ပင်ရေးကို ရှေးရှု၍ အလွန်သာသ
နာပြုတော်မူသည်၊
ကျောင်းတိုက်ပေါင်းမြောက်မြားစွာတည်ဆောက်၍ တံဆိပ်တော်ရ-မရ ရာတော်များအား
လစဉ်ဆွမ်းဆန်တော်များ ထောက်ပံ့လှုဒါန်းလေသည်။
ရဟန်းဝိနည်းသိက္ခာပုဒ်မပျက်ပြားစေရန်အတွက် မဟာဒါန်ဝန်များခန့် ထားတော်မူလျက်
အဘက်ဘက်မှမလိုရအောင် ဆောင်ရွက်တော်မူသည်။ ပါဠိတော်ပိဋကကျမ်းစာများကို
ကျောက်ဖြူပြား၌ရေးသားစေ၍ သေလက္ခရာရုဠှပဉ္စမသံဂါယနာဒါယကာခံယူတော်
မူသွားလေသည်။
၂။ သို့ ကလောက်သာသနာတော်ထွန်းကားနေသည့်အခါမှာပင်
ဓာတ်ဆရာဦးပိုသည် သာသနာ ၅ဝဝဝ ကိစ္စနှင့်
စပ်လျဉ်းပြီး မျှတသောအများဝါဒကို
ဆန့် ကျင်လျက် ရတနာသုံးပါးကို စော်ကားခဲ့သည်။ ထိုအခါ သာသနာပြု
မင်းတုန်းမင်းတရားကြီးက ငပိုကို ခေါ်ယူကိုယ်တိုင်စစ်မေးပြီး
သမာနဝါဒမျှတညီညွတ်သောအယူကိုယူဖို့ နှင့်
အများကိုမပုတ်ခတ်ဖို
့ဖျောင်းဖျတော်မူခဲ့သည်။ သို့ သော် ဦးပိုသည် တယူသန်အယူသည်းခေါင်းမာသူဖြစ်၍
သူ၏အယူကို မစွန့် သည်အတွက် ကွပ်မျက်ခံခဲ့ရလေသည်။ ဤကိစ္စတွင် ဦးပိုသည်
သတ္တိပြောင်သော သူရဲကောင်းမဖြစ်ဘဲ တပင်ရွှေထီးမင်းလက်ထက်က လက်မထိပ်၌
အပ်ရိုက်လူရွေးပွဲတွင် အရွေးမခံရ၍ ရှက်ရမ်း
ရမ်းပြီး မိမိဗိုက်ကိုခွဲ
အူထုတ်ပြီးအသေခံသွားသော ဗလမင်းထင်ကဲ့သို့ မိုက်ရူးရဲတဦးအဖြစ်သာ အဖတ်တင်ခဲ့
လေသည်။"
လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယဆုံးဖြတ်ချက်၊
၁၁၅၂။
ဗာရာဏသီဆရာတော်ကြီးအကျဉ်းမျှသာမိန်
့တော်မူသွားရာ အမှုအခင်းအကြောင်းအကျယ်တဝင့်မသိခဲ့ရ၊ နားမလည်ခဲ့ရပါ။ ထူးကြီးဆရာတော်၏
ပါရာယနဝဂ်ဟောစဉ်စာအုပ်တွင် စံဝတီဆရာတော်ကြီးရေးတော်မူသည့် နိဒါန်းကို ဖတ်မိလေမှ
အမှုအခင်းကိုရှင်းလင်းစွာသိရလေသည်။ မူရင်းစံဝတီဆရာတော်ကြီး၏မူရင်းအရေးအ
သားအတိုင်း ဖော်ပြပါရစေ…။
"ဓာတ်ဆရာကြီးဦးပိုသည်
မုံရွာစီရင်စု အလုံမြို့ နယ်အဝင်အပါ
မြို့ ပေါ်ရွာတွင် ဖွားမြင်လေသည်။
ဆေးကျမ်းဓာတ်ကျမ်းတို့ ကို ကျွမ်းကျင်တတ်မြောက်၍ အထူးအားဖြင့် သူနာတို
့အားဓာတ်စာပေး၍ ကုသပေးခြင်းဖြင့် ပျောက်ကင်းသူများသောကြောင့် မန္တလေးရတနာပုံ
ပဌမမြို့ တည် နန်းတည် ပဉ္စမသင်္ဂါယနာ
တင် ဘဝရှင်မင်းတုန်းမင်းတရားကြီး
ရွှေလက်ထက်တော်တွင် ဓာတ်ဆရာကြီးဦးပိုဟူသောအမည်ဖြင့် ထင်ရှားကျော်စောလေသည်။
၎င်းဓာတ်ဆရာကြီးဦးပို၏အယူဝါဒမှာ
အဋ္ဌကထာဆရာရှင်မဟာဗုဒ္ဓဃောသက မြတ်စွာဘုရားသာသနာတော် ငါးထောင်ထားခဲ့ကြောင်းနှင့်
ဖွင့်ဆိုခြင်းမှာ မမှန်ကန်၊ သာသနာတော်ငါးရာသာလျှင် စူဠဝါဘိက္ခုနီခန္ဓကပါဠိတော်
အထင်အရှားရှိသည်၊ ထို့ ကြောင့် ယခုအခါ ရဟန်းလည်းမရှိ၊ ရှိသောရဟန်းလည်း ရဟန်းမဟုတ်၊
အတုအပသာ ဖြစ်သည်ဟု မြို့ တွင်းမြို့ ပြင် ရောက်ရာအရပ်တိုင်းမှာ
အထင်အရှားဟောပြောလေသည်။
သက္ကရာဇ် ၁၂၃၂ ခုနှစ်တွင်
ရတနာပုံရွှေမြို့ တော် အနောက်မျက်နှာ ရဟိုင်းဈေးအနီး အလှုမဏ္ဍပ်တခု၌
တရားနာရန်ရောက်လာကြသော မင်းမိန်းမ မင်းယောက်ျား မှုးသား မတ်သား ကတော်မယား
ကုန်သည်ပွဲစား ပရိသတ်စုံလင်သည့်အခါဓာတ်ဆရာကြီးဦးပိုလည်း ရောက်ရှိနေသဖြင့်
အထက်ကနည်းအတိုင်း သာသနာတော်
ငါးထောင်ထားခဲ့သည်မဟုတ်၊
အနှစ်ငါးရာသာလျှင်ထားခဲ့ကြောင်းကို အကျယ်တဝင့်ဟောပြောသည်ကို ပဉ္စမသင်္ဂါယနာတင်
ဘဝရှင်မင်းတရားကြီးဘုရားသဒ္ဓါတော်မူသော သစ်တောဝန် မင်းကျော်သိဒ္ဓိပညာ၏ သမီး
ကျမ်းဂန်သိမြင် သီလရှင်မယ်စိုးက ဆရာကြီးဟောပြောသောအရာကား များစွာမှားယွင်း၍
လွန်ကျူးရာ ရောက်ပါ
သည် ၊ မည်သည့်ကျမ်းဂန်အရ
ဟောပြောပါသနည်း ဟူ၍ သည်းမခံနိုင်သော စိတ်အမူအရာနှင့်မေးမြန်းသောအ
ခါ မာတုဂါမတို့ ကို ရဟန်းပဉ္စင်းပြုရာ၌----------
"ဗြဟ္မစရိယံ ၊
သိက္ခာသုံးပါးဖြင့်ရေတွက်အပ်သော မြတ်သောသာသနာတော်သည်။ စိရတိဋ္ဌိကံ၊ ကြာမြင့်စွာတည်
ခြင်းရှိသည်။ န ဘဝိဿတိ၊
မဖြစ်လတံ့။ အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဒါနိ ဣဒါနိ၊ ယခုမာတုဂါမတို့ ရဟန်းပဉ္စင်းပြု
ရာ၌။ သဒ္ဓမ္မော၊
သူတော်ကောင်းတရားဟုဆိုအပ်သောသာသနာတော်သည်။ ပဉ္စေဝ ဝဿသတာနိ၊ အနှစ်ငါးရာ
တို့ ပတ်လုံးသာလျှင်။ ဌဿတိ၊
တည်လတံ့။" -------
ဟု စူဠဝါပါဠိတော် ဘိက္ခုနီခန္ဓက
ပဌမဘာဏဝါရနှာ (၄၆၆) ၌ ဟောတော်မူသည်။
သာသနာငါးထောင်ဆိုသောအရာကား
ရှင်မဟာဗုဒ္ဓဃောသအရမ်းမဲ့ ထင်သလိုဖွင့်ဆိုခဲ့သော အဋ္ဌကထာစကားမျှ
သာ ဖြစ်၍ အကျွန်ုပ်က အယူမရှိနိုင်၊
ပါဠိတော်ရှိသည့်အတိုင်းသာလျှင် မှန်ကန်သဖြင့် ယူဆနိုင်ကြောင်း ပြန်ပြော
လေသည်။
သီလရှင်မယ်စိုးက ချေပသည်မှာ----
အဋ္ဌကထာဟူသည်ကား ဘုရားပါဠိတော်၏အနက်ကို မဂဓပါဠိဘာသာဖြင့် ဖွင့်ဆိုသော ကျမ်းဖြစ်သည်။
ရှင်မဟာဗုဒ္ဓဃောသသည် သဗ္ဗညုမြတ်စွာဘုရားဟောတော်မူသော (၁) မဟာအဋ္ဌကထာ (၂) မူလအဋ္ဌကထာတို
့နှင့် (၃) မဟာပစ္စရိအဋ္ဌကထာ (၄) စူဠပစ္စရိအဋ္ဌကထာ (၅) ကုရုန္ဒီအဋ္ဌ
ကထာ (၆) အန္ဓကအဋ္ဌကထာ (၇)သင်္ခေပအဋ္ဌကထာ
(၈) အရိယအဋ္ဌကထာ ကျမ်းကြီးရှစ်ကျမ်းရှိခဲ့ရာ ၄င်းအဋ္ဌ
ကထာရှစ်ကျမ်းတို့ ၌
စကားအထပ်ထပ်အကျယ်ဖွင့်ပြသည်ကို မဖွင့်မပြ စကားလည်းလည်းအကျယ်မဆိုတော့ဘဲ
ချူံး၍ဖွင့်ပြခြင်းသာလျှင်ဖြစ်သောကြောင့်
အရမ်းမဲ့ထင်သလိုဖွင့်ဆိုသည်ဟု ပုတ်ခတ်စွပ်စွဲခြင်း မပြုထိုက်ပါ။
ဆရာကြီးစေ့စေ့နားထောင်ပါ၊
ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်တထောင်၊ သုက္ခဝိပဿကရဟန္တာခေတ်တထောင်၊ အနာဂါမ်၊ သကဒါဂါမ်၊
သောတာပန်ခေတ်တထောင်စီ၊ သာသနာငါးထောင်ပတ်လုံးပင် မဂ်ဖိုလ်ရလတံ့၊ ဤကား
ဘိက္ခုနီခန္ဓကဝိနည်းအဋ္ဌကထာဖြစ်ပါသည်။ ထိုမှတပါးလည်း ဒီဃနိကာယ်၊ သမ္ပသာဒနီသုတ်အဋ္ဌကထာ၊
သံယုတ်အဋ္ဌကထာ၊ အဂုင်္တ္တရအဋ္ဌကထာ ၊သမ္မောဟဝိနောဒနီအဋ္ဌကထာတို့ တွင်လည်း သာသနာငါးထောင်ပတ်
လုံးတည်လတံ့ဟူ၍
ကျမ်းဂန်အနည်းနည်းလာပါသည်။ ဆရာကြီးယခုယူဆနေသော အယူမှာ လွန်စွာမှားယွင်းနေ
သောကြောင့် ဆရာကြီး၏အယူဝါဒကိုစွန်
့ပစ်လိုက်ပါ။ သာသနာတော်ကိုထိခိုက်လွန်းလှပါသည်ဟု ပြောလေ၏။
ဤသို့ ပြောသောအခါ ကျွန်ုပ်ယူဆသော
ဝါဒက မိထွေးတော်ပဇာပတိဂေါတမီအား ရဟန်းပြုခြင်းကို ခွင့်ပြုတော်မူ
သည့်အခါမှာ ဟောတော်မူသော
ပါဠိတော်အတိုင်းဖြစ်သည်။ ထို့ ကြောင့် ကျွန်ုပ်အယူသာလျှင် မှန်ကန်သည်။
ပါဠိတော်နှင့်မညီသော အဋ္ဌကထာကျမ်းလာကို ယုံကြည်နေသူကား
အလွန်ပင်မှားယွင်းရှာကြလေသည်ဟူ၍
ဓာတ်ဆရာကြီးဦးပိုက ပြန်ပြောလေသည်။
ပရိသတ်ဗိုလ်ပုံအလယ်မှာ
ကြားသမျှလူအပေါင်းတို့ က ဟုတ်စနိုးထင်ယူလောက်အောင် အာပေါင်အာရင်းသန်
သန်နှင့် ဓာတ်ဆရာကြီးဦးပို၏
ဟောပြောချက်ပါစကားများသည် မြတ်စွာဘုရားသာသနာတော်ကြီးကို ထိခိုက်
ပုတ်ခတ်ရာရောက်လွန်းသဖြင့်
သီလရှင်မယ်စိုးက ၄င်းဦးပိုပြောဆိုသမျှစကားအရပ်ရပ်ကို သံတော်ဦးတင်လွှာ၌
အပြည့်အစုံရေးသားပြီးလျှင် နန်းတော်သို့ ဝင်၍
အရှင်နန်းမတော်မိဖုရားခေါင်ကြီးရွှေလက်တော်ရောက် ဆက်သ
သည့်အခါ သာသနာတော်ငါးထောင်မဟုတ်
၊ ငါးရာသာဖြစ်သည်၊ ရှင်ရဟန်းတို့ လည်း အစစ်မရှိ၊ အတုအေယာင်
သာရှိသည် ဟူသော
ဓာတ်ဆရာကြီးဦးပို ပြောဟောသည့်စကားအဓိပ္ပါယ်များကိုကြားသည့်အခါ နန်းမတော်ဘု
ရားလည်း အလွန်ပင်
စိတ်နှလုံးမချမ်းမသာဖြစ်လေသည်။
ထိုသို
့စိတ်နှလုံးမချမ်းမသာဖြစ်သည့်အလျောက် သီလရှင်မယ်စိုး၏တင်လွှာကို မဆိုင်းမတွပင်
အရှင်ဘဝရှင်မင်း တရားကြီးလက်တော်ရောက် အလျင်အမြန် ဆက်သည့်အခါ
အရှင်ဘဝရှင်မင်းတရားကြီးကိုယ်တော်တိုင် တင်လွှာကိုကြည့်ရှုပြီးလျှင်
ခပ်မဆိတ်နေတော်မူ၍ နောက်တနေ့ မှ အထောက်တော်များကို ရှေ့ တော်ဝင်စေ၍ ဓာတ်ဆရာငပိုသည် တင်လွှာတွင်ပါသည့်
အတိုင်းလှည့်လည်ဟောပြောနေသည်ဆိုသော သတင်းမှန်-မမှန်၊ မှန်လျှင်သင်း၏အယူဝါဒကို
မည်သူတို့ က လိုက်နာယုံကြည်နေကြောင်းနှင့်တကွ စုံစမ်းထောက်လှမ်းပြီးလျှင် ၄င်း
ထောက်လှမ်းချက်ရသမျှ မှတ်သား၍
သံတော်ဦးတင်စေ ဟု မင်းတရားကြီးဘုရားအမိန့် တော်ရှိလေသည်။
အမိန့် တော်မြတ်အတိုင်း အထောက်တော်တို
့လည်းနေပြည်တော်အတွင်း လေးပြင်လေးရပ် ရပ်စုကွက်စုနှံ့ 
အောင်
စုံစမ်းထောက်လှမ်းပြီးလျှင် ဓာတ်ဆရာဦးပိုဟောပြောချက်နှင့်တကွ အသင်းအပင်းပါလူတို
့၏စာရင်း
ကို
ဘဝရှင်မင်းတရားကြီးဘုရားရွှေလက်တော်ရောက်ဆက်သသည့်အခါ အရပ်ရပ်အကျိုးအကြောင်းများကို
သိရှိတော်မူရသဖြင့် ငါအရှင်ဧကရာဇ်မင်းမြတ်သည်
ရတနာသုံးပါး၌ယုံကြည်တော်မူသည့်အတိုင်း သာသနာ
တော်ကို အထူးသဖြင့်
ချီးပင့်ပြုစုတော်မူသည်။ ဓာတ်ဆရာငပိုကား မြတ်စွာဘုရား၏သူပုန်အစစ်ဖြစ်သည်။ ငါ့ကို
ပုန်ကန်သည်ထက် မြတ်စွာဘုရားကိုပုန်ကန်သောသူကိုကားသည်းခံတော်မူနိုင်မည်မဟုတ်၊
သင်းအတွက် အဝီစိ
မှာ ခါးတောင်းကျိုက်၍ ခံမည်။
သင်းအယူကို စွန့် -မစွန့် စစ်ဆေး၍ သင်းနှင့်သဘောတူအယူရှိသူတို့ ကိုလည်း ဖမ်းဆီးစေ
အမိန့် တော်မှတ်လိုက်သည်။
ထိုအခါ
ဓာတ်ဆရာကြီးဦးပိုနှင့်တကွ ၄င်း၏အယူဝါဒကိုယုံကြည်လိုက်နာသည်ဟု
ထောက်လှမ်းချက်ရရှိသော စာရင်းပါလူတို့ ကို မြို့ ဝန်မြို့ စာရေးတို့ က
ရှာဖွေဖမ်းဆီးရသည်။ ၄င်းစာရင်းပါလူတို့ အနက် အချို့ မှာလွတ်ရာ လွတ်ကြောင်းဖြင့် သရက်မြို
့ကျောက်တိုင်တောင်ဘက် အင်္ဂလိပ်မင်းပိုင် အောက်မြန်မာနိုင်ငံသို့  တိမ်းရှောင်
ထွက်ပြေးကြသည်။
အချို့ သူတို့ ကလည်း
ရောဂါပျောက်ကင်းလိုပါသဖြင့် ဦးပို၏ဓာတ်စာကိုစားမိပါသည်။ သူ၏အယူဝါဒကို
ယုံကြည်ခြင်းအလျဉ်းမရှိပါဟု အစစ်ခံကြသည်။ အချို့ အချို့ သောသူတို့ကလည်း
ဦးပိုပြောဟောသည့်အခါ ကြားနာဖူးပါသည်။ သို့ ရာတွင် သူ၏အယူဝါဒကို
လိုက်နာယုံကြည်ခြင်းမရှိဘဲ ရဟန်းသံဃာတော် အရှင်မြတ်
တို့ အား ကိုးကွယ်ဆည်းကပ်၍
မပြတ်လှုဒါန်းလျှက်ရှိပါကြောင်း အစစ်ခံကြသည်။
ဤအခါ၌ ဓာတ်ဆရာကြီးဦးပိုနှင့်
ပတ်သက်၍ ဆက်ဆံဖူးသူဟူသမျှတို့ မှာ အသက်ဆံဖျားထား၍ များစွာထိတ်လန်
့တုန်လှုပ်ခြင်းဖြစ်ကြရလေသည်။ ဓာတ်ဆရာကြီးဦးပိုကိုလည်း မြို့ ဝန်ထောင်မှုးတို့ က
ခေါ်ဆောင်လာပြီး လွှတ်တော်ရှေ
့ရောက်သောအခါ အဂ္ဂမဟာသေနာပတိဝန်ရှင်တော် သေနတ်ဝန်ကင်းဝန် လယ်ကိုင်းမြို
့စားမင်းကြီးမဟာစည်သူကိုယ်တိုင်စစ်မေးရာ မိမိလှည့်လည်ဟောပြောသည့်အတိုင်း
ကွယ်ထောင့်ခြင်းမရှိဘဲထွက်ဆိုသည့်အပြင် မိမိယူဆသောဝါဒသာလျှင်
ပါဠိတော်ရှိတိုင်းမှန်ကန်သည်ဟူ၍ ဓာတ်ဆရာကြီးဦးပို ကအစစ်ခံလေသည်။
ဤအခါ ဆရာကြီး၏အယူဝါဒကား
လွန်စွာသည်းရင့်လွန်းပါသည်၊ ဤအယူကိုစွန့် လိုက်က ကောင်းပါမည်ဟု
ပြေပြစ်သိမ်မွေ
့စွာလမ်းကြောင်းပြပြီးလျှင် ကင်းစဉ်ထန်ထောက်မင်းကပြောဆိုရာ (ထိုအခါက
ကင်းဝန်မင်းကြီးမှာ ကင်းစဉ်ဝန်ထောက်လောက်ပင် ရှိသေးသည်။) -------
-ပါဠိတော်ထင်ရှားရှိလျက်နှင့်
ရှင်ဗုဒ္ဓဃောသအရမ်းမဲ့ထင်သလိုဖွင့်ဆိုခဲ့သော အကျွန်ုပ်မယူနိုင်ပါ။ အသက်ကိုစွန့် 
မည်၊ အယူကိုမစွန့် လို ။
ဘုရားအယူတော်နှင့်သေရလျှင် မြတ်သည်၊ မောင်တို့ က သတ်လိုသောဆန္ဒရှိလျှင်
ယခုပင်သတ်ပါတော့---ဟူ၍ လွှတ်ော်အရာရှိကြီးတဦးကို အရိုအသေကင်းမဲ့လျက်
ဂုဏ်ရည်တူလူချင်း
ပြောဆိုဘိသကဲ့သို
့တင်းတင်းမာမာပြောဆိုလိုက်သည်တွင် အရှည်လေးတောင်ခန့်  အချင်းထိပ်ဝ တလက်မခန့် 
ရှိ ကြိမ်ဖြင့်
ချက်ရေများစွာရာဇဒဏ်ခတ်ခြင်းခံရလေသည်။
ထိုအခါ အသက် ၆ဝ ကျော်အရွယ်ရှိသော
ဓာတ်ဆရာကြီးဦးပိုသည် လွှတ်တော်ရှေ့ မှာပင်စုတိစိတ်ကျ၍ ဘဝတပါးသို
့ပြောင်းသွားရပါသည်။
ဓာတ်ဆရာကြီးဦးပို စစ်ဆေးဆဲအတွင်း
လက်လွန်ရှိကြောင်းနှင့် ဘဝရှင်မင်းတရားကြီးဘုရား ရွှေနားတော်ကြား
ရှိခိုးသံတော်ဦးတင်ရာ -------
"ငပိုသည်
မိစ္ဆာဒိဋ္ဌိအယူဝါဒကိုလှည့်ပတ်ဟောပြောသူဖြစ်သည်။ သင်း၏အယူဝါးအတိုင်း
လိုက်နာယုံကြည်ခြင်းရှိ
ကြက သတ္တဝါအပေါင်းမှာ
မိစ္ဆာဒိဋ္ဌိချည်းသာဖြစ်ရန် ရှိတော့သည်။ ကမ္ဘာပျက်ခါနီးဆဲဆဲ၌ ပဉ္စာနန္တရိယကံငါးပါး
တွင် တပါးပါးသင့်ရောက်၍
အဝီစိမှာခံရသော်လည်း ကမ္ဘာပျက်လျှင် အဝီစိမှလွတ်သေးသည်။ မိစ္ဆာဒိဋ္ဌိကိုယူကုန်
သော သတ္တဝါတို့ ကား
ကမ္ဘာပျက်သော်လည်း အဝီစိမှမလွတ်ဘဲ အခြားကမ္ဘာသို့ ပြောင်း၍ခံရလေသည်။
ဤမျှလောက်ကြီးလေးသော မကောင်းမှုအကုသိုလ်ကံကြီးဖြစ်၍ နောင်ကိုသင်း၏ အယူကဲ့သို
့မပေါ်ပေါက်ဝံ့
အောင် ကြောက်ရွံ့ စေခြင်းငှါ ငပိုကို ထင်ရှားစွာ ကားတင်၍ထားစေ"----------
ဟု အမိန့် တော်ရှိသည်။
ဤသို့ ဘဝရှင်မင်းတရားကြီး၏အမိန်
့တော်မြတ်အတိုင်း ရတနာပုံရွှေမြို့ တော်အနောက်မျက်နှာ ပုဏ္ဏကုန်းသင်း
ချိုင်း အနောက်ရေကြည်တံခါးလမ်း မြောက်ဘက်နံဘေး၌
ဓာတ်ဆရာကြီးဦးပို၏ရုပ်အလောင်းကို တောင်ဘက်
သို့ မျက်နှာမူ၍ လက်ဝါးကပ်စင်၌
ကားတင်လျက် သံတံကျင်လျိုခံရရှာလေသည်။ ထိုကားစင်ကြီးမှာ ဝါဆိုဝါခေါင်
ဧရာဝတီမြစ်ရေတိုးလာသောအခါ မြစ်ရေတိုက်ဝှေ့ သဖြင့် ရေထဲသို့ မျောပါသွားသည်ဟု
သိရပါသည်။
ဓာတ်ဆရာဦးပိုသည် ပုဂ္ဂလပညတ်ဓာတ်ကျမ်းကိုအမှီပြု၍
ဆေးကုသည်။ ထိုနည်းကို အုတ်ဖိုဆရာတော်ကြီးနှင့် စလေဦးပုညတို့ လည်း
တတ်ကျွမ်းကြသည်ဟု ပြောကြသည်။
အောက်ပြည်သို့ ပြေးလာသော
တပည့်သားမြေးအဆက်များက ထိုနည်းအတိုင်း ယခုအခါ ဆက်လက်ကုသနေ
ဆဲပင် ဖြစ်သည်။
နေလဝိဇ္ဇာဂိုဏ်းမှာ ထိုဆရာကြီး၏ နည်းနာပင်ဖြစ်သည်ဟု
ပြောကြပါသည်။ "
ဦးပိုနှင့်ပတ်သက်သော
စံဝတီဆရာတော်ကြီး၏ရေးသားပြဆိုချက်ကို ဤတွင်ရပ်နားပါမည်။ ဗာရာဏသီဆရာ
တော်ကြီးမိန့် ဆိုချက်နှင့်
ကွာဟသည်မှာ (၁) ဦးပိုကို မင်းတုန်းမင်းကြီးကိုယ်တိုင်စစ်မေးခြင်းအကြောင်း (၂)
အများနှင့်မဆန့် ကျင်ဖို့ ပြောသည့်အကြောင်း-----တို့ ပင် ဖြစ်ပါ၏။ မည်သို့ ပင်
ဦးပိုနှင့်သူ၏အယူအကြောင်း ပိုသိလာရခြင်းအကျိုးတရားကို ရခဲ့ပါပြီ။
ပြည်၊ဗာရာဏသီဆရာတော်ကြီး၏သြဝါဒတွင် တပင်ရွှေထီးမင်း
လက်ထက်
ဗိုလ်ဗလမင်းထင်အကြောင်းကိုလည်းဦးပိုအကြောင်းနှင့်ဆက်နွယ်၍မိန့် တော်မူသွားပါသည်။
ဗိုလ်ဗလမင်းထင်၏စွမ်းဆောင်ချက်ကို တိတိကျကျသိဖို
့ လေ့လာအားထုတ်ရပေဦးမည်။ ယခုအခိုက်အတန့် 
အားဖြင့်တော့ ဗလမင်းထင်ဆိုသူသည်
မိုက်ရူးရဲတဦးဖြစ်သည်ဟု သိထားမိသည်။ ယင်းမိုက်ရူးရဲကို ဂုဏ်ပြု
တည်ဆောက်ထားသော
ဗလမင်းထင်တံတားသည်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြီု့ အနီးမှာ ရှိကြောင်းသိရပါ၏။
အမရဒီပ
ဇန်နဝါရီ ၂၄၊ ၂ဝ၁၃
Tuesday, January 22, 2013
မျက်ကန်းသမိုင်းဆရာ နန္ဒာမိုးကြယ်
နန္ဒာမိုးကြယ်ပြုစုသော"
အမှတ်ထင်ထင်မြန်မာ့သမိုင်းဝင်ဖြစ်ရပ်များ (၁ဝဝ) "စာအုပ်ကို
အွန်လိုင်းစာကြည့်တိုက်
ကောင်းမှုဖြင့်ဖတ်ရ၏။
ယင်းစာအုပ်မာတိကာအမှတ်စဉ် ၂၈ တွင် "တောင်ပုလုဆရာတော်နှင့်ပတ်သက်
လို့ အံ့ဘွယ်ဘနန်း
ဖြစ်ရပ်ဆန်းတခုဟာဘာလဲ "နှင့်  အမှတ်စဉ် ၂၉ တွင် "တောင်ပုလုဆရာတော်ကြီးဆောက်
တည်ခဲ့တာဘယ်ဓူတင်လဲ" ဟူသော
အကြောင်းအရာဖြင့် ပုဂ္ဂိုလ်တဦး၏ဖြစ်ရပ်ကို ဖော်ပြသည်ကိုတွေ့ ရ၏။
ဤတွင် မာတိကာအမှတ် ၂၈ ကို
အဓိကထားဆွေးနွေးလို၏။
ယင်းစာအုပ်၊စာမျက်နှာ ၅၉ တွင်
-----------------
"ဆရာတော်သည်နိုင်ငံခြားတိုင်းပြည်များစွာသို
့လှည့်လည်ကြွမြန်း၍ တရားတို့ အားဟောဖော်ပြသခဲ့သည်။ ၏တခါသော် ပြည်ပ၌
တောင်ပုလုသတင်းဆန်းတခု ထွက်ပေါ်လာခဲ့၏။ ဖြစ်ရပ်ကား ဤသို့ တည်း။
ဆန်ဖရန်စစ္စကိုမှ
လော့စ်အိန်ဂျလိစ်သို့ လေယာဉ်တစင်းသည်ပျံသန်းနေခဲ့သည်။ လေယာဉ်စထွက်ကတည်းက
အစစအရာရာအဆင်ပြေချောမွန်နေသော လေယာဉ်သည် ဆင်းရမည့်ကွင်းသို့ ရောက်ခါနီးတွင်
အင်ဂျင်တလုံး
ပျက်သွား၏။ ထို့ ကြောင့်
လေယာဉ်ဘီးကို ချ၍မရဖြစ်နေ၏။
လေယာဉ်မှုးကြီး၏စိတ်အာရုံက
အင်ဂျင်ပျက်ပေါ်သို့ ရောက်ရှိနေရာ အမှတ်တမဲ့ဆိုသလို ကြည့်လိုက်မိ၏။
ဤတွင်လေယာဉ်၏အတောင်ပံပေါ်ထိုင်လျက် ပျက်သွားသောအင်ဂျင်ကို လက်ညှိုးဖြင့်ထိုးနေသော
ဝတ်ရုံအဝါနှင့်ပုဂ္ဂိုလ်တဦးကို မြင်တွေ့ လိုက်ရသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
ဤ၌ လက်ထောက်လေယာဉ်မှုးကို
ခေါ်၍ပြ၏။ ထိုအဝါရောင်ဝတ်ပုဂ္ဂိုလ်အား လေယာဉ်မှုးကြီးကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ
့နေရပါသော်ငြား လက်ထောက်လေယာဉ်မှုးမှာမူ မတွေ့ မမြင်ဘဲ ဖြစ်နေ၏။
ထိုစဉ်မှာပင် ပျက်နေသော
အင်ဂျင်ကောင်းမွန်လာပြီး လေယာဉ်ဘီးကို ချနိုင်လျက် အန္တရာယ်ကင်းစွာ ကွင်းထဲသို့ 
ဆင်းသက်နိုင်ခဲ့၏။
ဤတွင် လေဆိပ်မှ
လမ်းလျှောက်ထွက်လာတော်မူသော တောင်ပုလုဆရာတော်ကို လေယာဉ်မှုးကြီးမြင်လိုက်
သည့်ခဏ
ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။
အကြောင်းမူ လေယာဉ်တောင်ပံပေါ်မှပုဂ္ဂိုလ်သည်
တောင်ပုလုဆရာတော်ဖြစ်နေသောကြောင့်ပါလေ။"
တောင်ပုလုဆရာတော်၏
လေယာဉ်တောင်ပံပေါ်က ရဟန်းကိစ္စသည် နီးစပ်သူတို့ ၏လုပ်ကြံဖန်တီးမှုဇာတ်လမ်း
သာဖြစ်ပြီး ယုတ္တိမရှိ၊
ယုတ္တာမရှိဖြစ်သော အယုံအကြည်မဲ့ဖွယ်ရာရေးသားချက်ဖြစ်ကြောင်း ထပ်မံပြောလိုပါ၏။
အကြောင်းပြများကို အောက်ဖော်ပြပါ
ဆောင်းပါး ၂ စောင်တွင် ရေးသားရှင်းပြခဲ့ပါပြီ။
"စရယ်ကားရယ်ပေါင်းတော့ စကား"
"လူပြောသူပြောတန်ခိုးရှင်များ"
ယခုတခါတွင် နန္ဒာမိုးကြယ်ဆိုသူက
အထောက်အထားမဲ့၊ စားပေါက်ထွင်ထားသော ဇာတ်လမ်းကြီးကို "သမိုင်းဝင်ဖြစ်ရပ်"ဟု
သမိုင်းတင်လိုက်ခြင်းသည် ရှေးလူမှားသည်ကို နောက်လူက မျက်စိမှိတ်လိုက်မှားနေခြင်း
သာဖြစ်၍
မျက်ကန်းသမိုင်းဆရာနန္ဒာမိုးကြယ်ဟုသာ အမည်ပေးလိုက်ချင်တော့၏။
အမရဒီပ
ဇန်နဝါရီ ၂၂၊ ၂ဝ၁၃
Subscribe to:
Posts (Atom)


