Total Pageviews
Monday, April 16, 2012
တောင်ပုလု၏သရဏဂုံအမှား- ၂
၁။
တောင်ပုလု၏သရဏဂုံအမှား- ၁ ဆောင်းပါးတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် 
ဓမ္မပဒပါဠိတော်ကို အလွဲသုံးစားပြု ကိုးကားကာ ယင်း၏ကိုယ်ပိုင်အယူအဆဖြစ်သည့် " တရားကို အထူး
အားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"  ဟူသောထေရဝါဒဗုဒ္ဓဘာသာစာပေနှင့်မဆီလျော်
သော ဟောပြောမှုကို ပြုလုပ်ခဲ့ကြောင်း ရေးသားခဲ့၏။
စာဖတ်သူများအနေဖြင့် "တရားဟောတာပဲ၊ စာရေးတာမဟုတ်ဘူးလေ။ ဒီတော့ အမှားအယွင်းဆိုတာ မတော်
တဆ ပါသွားနိုင်တယ်၊ အဲဒါ ကိုယ်ချင်းစာကြည့်ပြီး ဒီအမှားလေးတခုကို ရေးကြီးခွင်ကျယ်မလုပ်သင့်ပါဘူး" ဟု ပြောနိုင်ပါ၏။ ပြောမည်ဟုလည်း မျှော်လင့်ပါ၏။
"တရားကိုအထူးအားမထုတ်ဘဲ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကိုရစေနိုင်တယ်"ဟူသော စကားတခွန်း (သို့ မဟုတ်) အယူအဆတခုကို ဟောပြောသူအနေဖြင့် မတော်တဆပြောမိဟောမိခြင်းမဟုတ်ကြောင်း သက်သေပြလိုပါ၏။ အမှားအသေးစားတခုလည်းမဟုတ်ကြောင်း ပြောလိုပါ၏။ 
၂။
"သရဏဂုံတည်ခြင်းအကျိုးတရား"အမည်ပေးထားသည့် ဟောပြောချက်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာ
တော်အရှင်နန္ဒိယက ဖော်ပြပါအတိုင်း ပြောဟောပြန်၏။
"လာဘ်ကိုစွန့် ပြီးတော့ ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ ရှိရင်လဲပဲ တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"
"ဒွေမာ ဘိက္ခဝေ ဒုပ္ပဇဟာ၊ ကတမာ ဒွေ၊ လာဘာသာ စ ဇီဝိတာသာ စ၊ ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာ ဒုပ္ပဇဟာ။ 
(အဂုင်္တ္တိုရ်၊ ၁၊ နှာ- ၈၆)
အဓိပ္ပါယ်ကတော့---မိမိ၏အသက်၌ကပ်ငြိတွယ်တာသာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်၊ လာဘ်၌ကပ်ငြိ
တွယ်တာ သာယာမက်မောတဲ့ အာသာကိုလဲ စွန့် နိုင်ခဲတယ်။ ဒီလိုစွန့် နိုင်ခဲတဲ့ အကြောင်းတရား နှစ်ပါးတို့ တွင် တပါးပါးကို
စွန့် ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါစွမ်းနိုင်လို့ ရှိရင် တရားကို အားမထုတ်ဘဲနဲ့  ရနိုင်တယ်"
အထက်ပါဟောပြောချက်ကိုကြည့်ခြင်းဖြင့် မတော်တဆ "လျှာခလုတ်တိုက်"ပြောမိဟောမိသော စကား
မဟုတ်ကြောင်း သိသာပေပြီ။
၃။
 တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ ကိုးကားသော အဂုင်္တ္တရနိကာယ်လာပါဠိတော်၏မြန်မာပြန်
မှာ ဖော်ပြပါအတိုင်းဖြစ်၏။
"ရဟန်းတို့ --- စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်း"အာသာ"တို့ သည် ဤနှစ်မျိုးတို့ တည်း။ အဘယ်နှစ်မျိုးတို့ နည်း
ဟူမူ--- လာဘ်ကိုတပ်မက်ခြင်း "အာသာ"၄င်း၊ အသက်ကိုတပ်မက်ခြင်း"အာသာ"၄င်းတို့ တည်း။ ရဟန်းတို့ --
စွန့် နိုင်ခဲကုန်သော တပ်မက်ခြင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း။"
(အဂုင်္တ္တိုရ်ပါဠိတော်မြန်မာပြန်၊ ၁၊ ၃၉။)
အဂုင်္တ္တရနိကာယ်၊ အာသာဒုပ္ပဇဟဝဂ်လာ ဘုရားရှင်၏စကားတော်ကို ကိုးကားသော ဟောပြောချက်၏ မူရင်းဆိုလိုချက်မှာ  သတ္တဝါတို့ သည် (၁) မိမိအသက်ကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်။ (၂) လာဘ်လာဘကို တွယ်တာသည်၊ စွန့် လွှတ်နိုင်ခဲသည်ဟုသာ ပြောလိုရင်းဖြစ်၏။
အသက်၌တပ်မက်မှု၊ လာဘ်လာဘ၌တပ်မက်မှုစိတ်တို့ ကို စွန့် လွှတ်ပြီး ရတနာသုံးပါး ကို ကိုးကွယ်ပါက 
တရားအားမထုတ်ရဘဲ အရိယမဂ်ဖိုလ်ကို ရစေနိုင်ကြောင်း မူရင်းပါဠိတော်နှင့် တကွ အဋ္ဌကထာ၊ ဋီကာကျမ်းတို့ 
တွင် မိန့် ဆိုထားခြင်းလုံးဝမရှိပေ--။
ဘုရားရှင်ဟောကြားတော်မူခဲ့သော ဓမ္မပဒပါဠိတော်နှင့် အဂုင်္တ္တရပါဠိတော်များကို "ဟန်ရေးပြ"လျက် တရားကို အထူးအားမထုတ်ရဘဲ (သို့ မဟုတ်) တရားကို အားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ကိုရစေနိုင်သည်ဟူ သော အယူအဆမှာ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယက ဘုရားရှင်၏စကားတော်ကို ဖျက်ဆီးမှုသာဖြစ်၏။ ဘုရားမဟောသည်ကို ဟောသည်ဟု ဘုရားရှင်အပေါ် စွပ်စွဲချက်ဖြစ်၏။ အာဘော်လွန်ဟောပြောချက်ဖြစ်၏။ အသင့်ယုတ္တိကင်းမဲ့သော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယတို့ လို ဂုဏ်ကြီးရှင်ဆရာတော်များရှောင်ရှားသင့်သော အပြုအမူဖြစ်၏။
၎။
ထိုမျှမကသေးပါ---။ "တရားအားထုတ်စရာမလို၊ တရားနာရုံမျှနှင့် အရိယာဖြစ်နိုင်သည်"ဟုလည်းကောင်း၊ "နာ(တရားနာ)စရာမလို၊ သိရင် အရိယာဖြစ်ပြီ"ဟုလည်းကောင်း အယူအဆမှားများ တချိန်က ပေါ်ပေါက်ဖူး၏။
ယခုလည်း တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကလည်း "တရားအားထုတ်စရာမလို၊ သရဏဂုံတည်ရုံနှင့်အရိယာဖြစ်ပြီ"ဟုထွင်လိုက်ပြန်ပြီ။စင်စစ်အားဖြင့်တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ဟောပြောချက်သည်  ပဋိပတ္တိသာသနာကိုကွယ်ပျောက်အောင်၊ ပျက်စီးအောင် အားပေးအားမြှောက်
ပြုသော စကားဖြစ်၏။ အယူအဆမှား (အဓမ္မဝါဒ၊ မိစ္ဆာဝါဒ)များ ပေါ်ထွက်စေရန် လမ်းခင်းပေးသော စကားဖြစ်၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယကိုယ်တိုင်က အယူမှားကိုလက်ခံယုံကြည်နေပြီးချဉ်းကပ်
လာသူတပည့်အပေါင်းကို ဟောပြော၊စာအုပ်အဖြစ်ထုတ်ဝေနေသည့်အတွက် သာသနာတော်အတွက် အလွန်
အန္တရာယ်ရှိသော လုပ်ရပ်လည်းဖြစ်၏။
မြတ်စွာဘုရားရှင်က ဤသို့ ဆုံးမဟောကြားတော်မူထား၏။
"ဒွေ မေ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ။ ကတမေ ဒွေ။ ပရတော စ ဃောသော၊ အယောနိသော စ မနသိကာရော။ ဣမေ ခေါ ဘိက္ခဝေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယာတိ။ "
(အဂုင်္တ္တရနိကာယ်၊ ဒုကနိပါတ်၊ အာသာဒုပ္ပဇဟဝဂ်)
"ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့ သည် ဤ နှစ်မျိုးတို့ တည်း---။ အဘယ်နှစ်မျိုးတို့ နည်းဟူမူ--
တပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၎င်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း၎င်း တို့ တည်း။ ရဟန်းတို့ --- မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန်အကြောင်းတို့ သည် ဤနှစ်မျိုးတို့ ပေတည်း (ဟု မိန့် တော်မူ၏။)
(အဂုင်္တ္တရနိကာယ်မြန်မာပြန်၊ ၁၊ ၁ဝ၂။)
"ပရတောဃောသ"ခေါ် သူတပါးအထံမှ တရားအစစ်အမှန်ကို ကြားနာရသူသည် အရိယာမဂ်ဉာဏ်ဆိုက်ရောက်
နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။ တရားအတုအယောင်ကြားနာရသူကား မိစ္ဆာဒိဋ္ဌိဖြစ်နိုင်ခြင်း၏အကြောင်းတရပ်ဖြစ်၏။
အမှန်အားဖြင့် တရားဟောသူသည် ဟောရုံနှင့်မပြီးသေး၊ စစ်မှန်သောတရားဖြစ်အောင် ကြိုးစားသင့်၏။
တရားနာယူသူသည် နာကြားရုံနှင့်မပြီးသေး၊ အစစ်အမှန်တရားကို နာယူတတ်အောင် ကြိုးစားသင့်ပါ၏။
ဟောသူ၊ နာသူတို့  ဟောရုံနာရုံလောက်နှင့် ရပ်တန့် ကျေနပ်နေကြလျှင် မိစ္ဆာဒိဋ္ဌိ (အယူမှား) ဖို့  အကြောင်း ဖန်လာတတ်လေသည်။
ယခုအချိန်တွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ သရဏဂုံအမှားကို အမွေဆက်ခံကာ "ဘုရားဘယ်လိုဟောဟောဂရုမစိုက်၊ငါ့ဆရာဟောတဲ့အတိုင်းသရဏဂုံတရားဟောသည်"ဟူသော နောက်လိုက်တပည့်
တဦးကြောင့် သရဏဂုံအမှားသည် ကွယ်ပျောက်မသွားဘဲ ဗုဒ္ဓ၏တရားတော်ကို ယုံကြည်လိုက်နာသူတို့ အား လမ်းမှားရောက်အောင် တွန်းပေးနေသည့် "ငှက်ဆိုးထိုးသံ"အဖြစ် ပေါ်ထွက်နေပြီ ဖြစ်ကြောင်း သတိပေးပါ၏။ 
အမရဒီပ
၎-၁၆-၂ဝ၁၂
Sunday, April 15, 2012
တောင်ပုလု၏ သရဏဂုံအမှား- ၁
၁။
လူ့ ယဉ်ကျေးမှုအရ သွားလေသူတို့ ၏ချွတ်ယွင်းချက်၊ အားနည်းချက်ကိုပြောဆိုခြင်းသည် နိုင်ငံကြီးသား လူယဉ်ကျေးများ၊ သူတော်ကောင်းများ၏အပြုအမူမဟုတ်မှန်း ကောင်းစွာနားလည်သဘောပေါက်ပါ၏။ကွယ်လွန်သူခေတ်စမ်းစာပေကဝိကြီး
တဦးဖြစ်သူသိပ္ပံမောင်ဝကို ကဗျာဘာသာပြန်နှင့်အင်္ဂလိပ်စာပြဆရာမောင်သာနိုးက ဝေဖန်စာရေးသောဖြစ်ရပ် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့် က မြန်မာစာပေလောကတွင် ဖြစ်ပေါ်ခဲ့ပါ၏။သိပ္ပံမောင်ဝနှင့်ပတ်သက်၍ မောင်သာနိုးဝေဖန်သောအကြောင်းအရာ အသေးစိတ်ကို မမှတ်မိတော့ပြီ။ ပတ်ဝန်းကျင်ကမူ မောင်သာနိုး၏ ဝေဖန်ရေးနှင့်စပ်လျဉ်း၍ -----
"ကွယ်လွန်သူ၏သင်္ချိုင်းမြေပုံပေါ်တွင်တံတွေးထွေး၊ဖနောင့်ပေါက်ပြီး သေသွားသူကို မောင်သာနိုးစိန်ခေါ်နေတယ်၊
 မောင်သာနိုးအတော်သတ္တိကောင်းတာပဲ"------ဟုဝိုင်းဝန်းသြဘာပေးကြ၏။
ဤဖြစ်စဉ်အရကွယ်လွန်လေပြီးသူတို့ အပေါ် ဝေဖန်ရေးလုပ်ခြင်းကားနားလည်သိမြင်နိုင်စွမ်းရှိမှုအပေါ်အခြေခံ၍ 
အကောင်းဘက်သို့ လည်းကောင်း၊ အဆိုးဘက်သို့ လည်းကောင်း ဦးတည်နိုင်ပေသည်။
၂။
မြန်မာနိုင်ငံ၊ ဗုဒ္ဓသာသနာသမိုင်းတွင် လူသေလူဖြစ်ဝါဒဆရာကြီး အရှင်ဥက္ကဋ္ဌသည် ယင်း၏အယူအဆကြောင့် အလွန်ထင်ရှားသော ဇာတ်ဆောင်ဖြစ်၏။ အရှင်ဥက္ကဋ္ဌကား "လူသေရင်လူဖြစ်တယ်"အပါအဝင်အခြားသော သာသနာနှင့်မဆီလျော်သော အယူဝါဒကို တီထွင်ဖန်တီးဟောပြောရေးသားမှုကြောင့် မြန်မာနိုင်ငံသံဃာထု၏ ဝိုင်းကြဉ်ခြင်းခံခဲ့ရ၏။ အရှင်ဥက္ကဋ္ဌကွယ်လွန်ပြီးနောက်တွင်လည်းလူသေလူဖြစ်ဝါဒသည်အရှိန်အဟုန်ကောင်းမြဲ ကောင်းဆဲပင်ဖြစ်၏။
ဆက်လက်ရှင်သန်၏။ အဘယ်ကြောင့်ဆိုသော် အရှင်ဥက္ကဋ္ဌ၏နောက်လိုက်တပည့်များက "မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အရှင်ဥက္ကဋ္ဌဝါဒမှန်ရင် လက်ခံတယ်"ဟုအတိအလင်း လူသိထင်ရှားပြောဆိုပြီး အမွေဆက်ခံခဲ့ကြသောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာလောကတွင် "လူသေလူဖြစ်အုပ်စု"ဟု တစင်ထောင်ကြ၏။ အကျိုးဆက်အားဖြင့် လူသေလူဖြစ်ဝါဒီတို့ သည် ဝါဒရေးရာအရ သက်ဆိုင်ရာ၏ အပြီးသတ်ချေမှုန်းခြင်းခံလိုက်ရ၏။
စာရေးသူဆိုလိုသည်မှာ ကွယ်လွန်ပြီးသူတို့ ၏အယူဝါဒအမှားများသည် ထိုသူတို့ ၏ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်ခြင်း၊မြေမြုပ်ခြင်းနှင့်အတူ ပျောက်ကွယ်သွားလေလျှင်ကား ထိုဝါဒမှားများအတွက် အချိန်ကုန်၊ လူပင်ပန်းခံကာ ပြောဆိုဆွေးနွေးရန် လိုအပ်သည်ဟု မယူဆပေ။ သို့ သော် ထိုထိုဆရာတို့ ၏ အယူအဆမှား၊
အရေးအသားမှား၊အပြောအဆိုမှားများကိုသက်ဆိုင်ရာ နောက်လိုက်အသီးသီးကဆက်လက်တည်တံ့အောင်၊
တွင်ကျယ်ပြန့် ပွားအောင် ဆောင်ရွက်နေလျှင်ကားပုဂ္ဂိုလ်ရေးထိုးနှက်ချက်မပါဘဲအယူအဆသက်သက်ကို
 ဝေဖန်ဆန်းစစ်ပိုင်ခွင့်ရှိသည်။ ဝေဖန်ဆန်းစစ်ပြီး ထေရဝါဒဗုဒ္ဓစာပေနှင့်မှတ်ကျောက်တင်သောသမိုင်းဝင်ဖြစ်ရပ်
များလည်းရှိခဲ့ဖူးသည်ဟူသောအချက်ပင်ဖြစ်၏။ဤသည်ပင်လျှင် ဆောင်းပါးရေးသားရခြင်း၏ အကြောင်းပြ
နိဒါန်းစကားပင်ဖြစ်ပါ၏။
၃။
မိတ္ထီလာဝမ်းတွင်းနယ် တဲစုရွာဇာတိ ရဟန်းတော်အရှင်နန္ဒိယသည် အရညဝါသီတောမှီရဟန်းတပါးဖြစ်၏။ ဓုတင်ဆောင်ပြီးဝိပဿနာတရားကျင့်သူဖြစ်၏။ တောင်ပုလုဆည်အနီး သီတင်းသုံးရာ "တောင်ပုလုဆရာတော်"
ဟုလူသိများ၏။ တောင်ပုလုတောင်ထိပ်တွင် "ကမ္ဘာအေးစေတီ"တည်သောကြောင့် "တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်" ဟု ယခုအခါ ခေါ်၏။
ဗိုလ်ချုပ်ကြီးနေဝင်း၏တော်လှန်ရေးအစိုးရ (ခေါ်) စစ်တပ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင် အမေရိကန်
နိုင်ငံသို့  ကြွရောက်ကာ သာသနာပြုတရားများလှည့်လည်ဟောပြောခဲ့ကြောင်းသိရ၏။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည် "သရဏဂုံအကျိုးတရား"ကို ဟောပြောရာတွင် အလွန်ထူးချွန်ကြောင်း တောင်ပုလုတပည့်များက အောက်ဖော်ပြပါ ဖြစ်ရပ်ဖြင့် ပြောလေ့ရှိကြ၏။
အလှုပွဲအခမ်းအနားတခုတွင် တောင်ပုလုတောရကမ္ဘာအေးဆရာတော်နှင့် မင်းကွန်းတိပိဋကဆရာတော်တို့ ဆုံမိ
ကြရာ မင်းကွန်းဆရာတော်က တောင်ပုလုဆရာတော်အားလက်အုပ်ချီ၍ ------------
"ဘုရားတပည့်တော်ပိဋကတ် ၃ ပုံကုန်အောင် ပါဠိတော်သုတ္တန်ကြီးတွေ ဟောနိုင်ခဲ့တယ်။ သို့ သော် သရဏဂုံ
အကျိုးတရားကို ဟောရာတွင်ကား တောင်ပုလုဆရာတော်ကဲ့သို့  စုံလင်အောင် မဟောနိုင်ခဲ့ပါ"----------
ဟု လျှောက်ထားသည်ဟူ၏။
၎။
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏နောက်လိုက်တပည့်တို့ မည်သို့ ပြောပြော၊ "သရဏဂုံ
တည်ခြင်းအကျိုး"ဟူသောဟောပြောချက်တခုကိုသာ အများသိထုတ်ဝေထား၏။ ယင်းဟောပြောချက်တွင် ထူးထူးဆန်းဆန်း အောက်ပါအတိုင်း ဟောပြောထား၏။
"ဧတံ ခေါ သရဏံ ခေမံ၊
ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊
သဗ္ဗဒုက္ခာ ပမုစ္စတိ"
(ဓမ္မပဒ၊ နှာ ၄၂၊ စာပိုဒ်-၁၉၂)
လို့ဟောတော်မူတဲ့အတိုင်း သရဏဂုံဟာ ဘေးကင်းရန်ကင်းဖြစ်စေတယ်။ တရားကို အထူးအားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"
တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယသည်ဘုရားဟောမူရင်းဓမ္မပဒပါဠိတော်ကိုအခိုင်အမာကိုး
ကားထား၏။ သို့ သော် ပါဠိတခြား၊ သူပြောသည်က တခြားဖြစ်နေသည့်အတွက် ပါဠိတော်ကို ကိုးကားသည်မှာ "လူရှိန်"အောင်လုပ်သည်မှတခြား အခြားအကျိုးမရှိချေ။ ပါဠိတော်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံ၊ အတွေးအမြင်ပိုင်း
တွင် တလွဲတချော်နားလည်နေသည်ကို တွေ့ ရ၏။
ဤအတွက် ဓမ္မပဒပါဠိတော်ကို တိတိကျကျ နိဿယဘာသာပြန်နည်းဖြင့် တင်ပြပြီး တောင်ပုလုတောရကမ္ဘာ
အေးဆရာတော်အရှင်နန္ဒိယဟောပြောထားသော "တရားကိုအထူးအားမထုတ်ဘဲနဲ့ သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်"စကားသည် သူကိုးကားသော ပါဠိတော်မှာ ပါသလား၊ မပါဘူးလားဆိုတာကို စူးစမ်းရှာဖွေကြပါစို့ -။
"ဧတံ ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ခေမံ-ဘေးရန်ကင်းကွာ လွန်ချမ်းသာသည့် ကိုးကွယ်ရာ
မျိုးပေတည်း။ ဧတံ ခေါ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာသည်။ ဥတ္တမံ- တုနှိုင်းမရ မြင့်မြတ်အထက်တန်း
ကျသော ကိုးကွယ်ရာမျိုးပေတည်း။ ဧတံ သရဏံ- သုံးပါးရတနာ ဤကိုးကွယ်ရာကို ။ အာဂမ္မ- ဒုက္ခပျက်ပြယ် မှန်းထားရွယ်လျက် ကိုးကွယ်လာမှု အကြောင်းပြု၍။ သဗ္ဗဒုက္ခာ- စွဲကပ်သန္ဓေ အိုနာသေဟု တွက်ရေမရ အလုံးစုံ
သော ဆင်းရဲဒုက္ခမှ။ ပမုစ္စတိ- ကိုးကွယ်သင့်ရာ ကိုးကွယ်ပါ၍ မှန်စွာမသွေ လွတ်မြောက်ရပါပေ၏"
မူရင်းဓမ္မပဒပါဠိတော်က သရဏဂုံသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သူသည် ဘေးရန်ကင်းသည်၊ မွန်မြတ်သော ကိုးကွယ်မှုကို ပိုင်ဆိုင်ရယူခွင့်ရသည်၊ မွေး အိုနာသေစသော ဆင်းရဲဒုက္ခမျိုးစုံမှ လွတ်မြောက်သည်
ဟု ဆိုထားသည်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်၏။
သို့ သော်-- တရားကို အထူးအားမထုတ်ရဘဲ သရဏဂုံတည်ရုံမျှဖြင့် မဂ်ဉာဏ်ကို ရနိုင်ကြောင်း လုံးဝမပါချေ။ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်အရှင်နန္ဒိယဟောပြောသော အဓိပ္ပါယ်အယူအဆမျိုး မူရင်းဓမ္မပဒပါဠိတော်တွင်
အလျဉ်းမပါဝင်ချေ။ ထို့ ကြောင့် တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏ " တရားကို အထူး
အားမထုတ်ဘဲနဲ့  သရဏဂုံတည်ရုံမျှနဲ့  မဂ်ကို ရစေနိုင်တယ်။"  ဟူသော ဟောပြောချက်သည် အလွဲအမှားသာ ဖြစ်၏။ ဓမ္မပဒပါဠိတော်ကို အကာအကွယ်ယူ၍ မသိနားမလည်သူများအား လှည့်စားထားချက်ဖြစ်၏။
 ဗုဒ္ဓ၏ဓမ္မအပေါ်လုပ်ကြံမှုသက်သက်မျှသာ ဖြစ်၏။
ယခုအခါ တောင်ပုလုတောရကမ္ဘာအေးဆရာတော်အရှင်နန္ဒိယ၏အထက်ပါဟောပြောချက်ကို အကြီးအကျယ်
ဖြန့် ချီနေသော  တောင်ပုလုတပည့်တဦး အမေရိကန်ပြည်ထောင်စုတွင် ရှိနေ၏။ သတိထားကြလေကုန်--။
အမရဒီပ
၎-၁၅-၂ဝ၁၂
Thursday, April 12, 2012
သံဃာနှင့် အစိုးရ-၂
မြန်မာသမိုင်းထဲက ဝိဟာရ နှင့် အစိုးရ
နိုင်ငံတော်ဘာသာအဖြစ် ၁၁ ရာစုပုဂံခေတ်တွင် ဗုဒ္ဓဘာသာပေါ်ထွန်းလာခဲ့သည်မှစ၍ မြန်မာပြည်ရှိ
ဝိဟာရ နှင့်အစိုးရအကြားမှာ အတွင်းကျသောအပြန်အလှန်ဆက်ဆံရေးတည်ရှိလာခဲ့သည်။ စင်စစ်အားဖြင့် ဝိဟာရသည် နိုင်ငံရေးနှင့်မပတ်သက်သော်လည်း အစိုးရအပေါ် ထိရောက်သောသြဇာလွှမ်းမိုးမှု
ရှိခဲ့သည်။ ရလာဒ်အဖြစ် အစိုးရက ရဟန်းတော်များအပေါ် ဂုဏ်ပြုမှုများ၊ ပစ္စည်း ၄ ပါးထောက်ပံ့
မှုများ ပေးအပ်ခဲ့သည်။
အထက်မှာပြောခဲ့သလို သဘောတရားပိုင်းဆိုင်ရာထည့်သွင်းစဉ်းစားစရာများအပြင် နန်းတော်(အစိုးရ)
သည် လူထုအသည်းစွဲထောက်ခံချက်ရရေးအတွက် ရဟန်းတော်များကို မျက်နှာလုပ်ရန် စိတ်စောနေ
ခဲ့သည်။ ထိုအကြောင်းကြောင့် နိုင်ငံရေးလှုပ်ရှားမှု၊ လူမှုရေး၊ စီးပွားရေးအကြပ်ဆိုက်သောခေတ်ကာလ
မှာပင် ဘုရင်များ ကျောင်းကန်စေတီအသစ်ဆောက်လုပ်လှုဒါန်းသည်ကို တွေ့ ရ၏။သံဃာတော်များ
အား ရက်ရက်ရောရောဒါနပြုမှုများ တိုးချဲ့ သည်ကို တွေ့ ရ၏။
အချုပ်အားဖြင့် အစိုးရသည် ရဟန်းတော်များအား ဘွဲ ထူးဂုဏ်ထူးများ ဆက်ကပ်သည်။ အစိုးရကျင်းပသည့် စာပြန်ပွဲများတွင်အထူးအောင်မြင်သူရဟန်းတော်များကိုစာအောင်ဆုပေးသည်။ ထေရ်ကြီးဝါကြီးရဟန်းတော်
များပျံလွန်သောအခါခမ်းနားကြီးကျယ်သောနိုင်ငံတော်အဆင့်ဈာပနပွဲများပြုလုပ်ပေးသည်။
ပျံလွန်တော်မမူခင်ကာလတွင် အစိုးရထောက်ပံ့သည့်အထူးစောင့်ရှောက်မှုကိုလည်း ရဟန်းများရကြသည်။
ရဟန်းတော်များသည် လစဉ်ဆွမ်းဆန်တော်များ ရကြသည်။ သာသနာရေးဆိုင်ရာတရားရုံးတော်မှာ တရားဆုံးဖြတ်နိုင်ကြသည်။ သင်္ကန်းဝတ်ဆင်ထားသူကို အသက်ချမ်းသာခွင့်( ဇီဝိတဒါန) ပေးနိုင်
သည်။ ရဟန်းဆွေတော်မျိုးတော်များသည် အခွန်တော်ကင်းလွတ်ခွင့် ရကြသည်။
ရွှေနန်းတော်သည်  သံဃာအား ဂုဏ်ပြုချီးမြောက်မှု၊ ထောက်ပံ့မှုတို့ ကိုသာ ပေးလှုရုံမကသေးဘဲ
"ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်"ဟု အခြေချထားသည်နှင့်အညီ သာသနာပိုင်၊ သာသနာပိုင်၏သာသနာရေးကောင်စီ (သုဓမ္မာဆရာတော်များ)ဟူသော အရေးပါသည့် သံဃာ့
အဖွဲ့ အစည်းအဆင့်ဆင့်ကိုလည်း ခန့် အပ်ခဲ့သည်။ သံဃာသည် အစိုးရထံမှရုပ်ပိုင်းဆိုင်ရာအခွင့်အ
ရေးကို ရယူခဲ့ရုံသာမက အစိုးရအပေါ်လည်း သြဇာအရှိန်အဝါလွှမ်းမိုးထားနိုင်သေးသည်။
ရဟန်းများသည် ဘုရင်နှင့် ဝန်ကြီးများအထိ ပေါက်ရောက်ဝင်ထွက်နိုင်သည်။ ပြည်သူကို အကူ
အညီပေးရာတွင် သည်အခွင့်အရေးကို ရဟန်းများ အသုံးချခဲ့သည်။ သေဒဏ်ကျအကျဉ်းသား
ကိစ္စတွင် ဝင်ရောက်ဖြန်ဖြေခဲ့သည်။ အဆင့်မြင့်အာဏာပိုင်အရာရှိများ၏ ခြိမ်းခြောက်အနိုင်ကျင့်ခံ
နင်းပြားပြည်သူများအား အကာအကွယ်ပေးခဲ့ကြသည်။  စီးပွားရေးအကျပ်အတည်းဆိုက်နေချိန် အခွန်
ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်။ အာဏာအလွဲသုံးစားလုပ်သူ ဒေသဆိုင်ရာ အရာရှိဆိုး
များ အလုပ်ပြုတ် (သို့ မဟုတ်) နယ်ပြောင်းရွှေ့ သွားအောင် တွန်းအားပေးခဲ့ကြသည်။ဘုရင့်ဘဏ္ဍာ
တော်အဖြစ် ပိုင်ရှင်လက်ထဲမှလယ်ယာမြေများအား မတရားသိမ်းပိုက်နေသည်ကို ဆန့် ကျင်ကာ
ထိရောက်စွာ ဟန့် တားကာကွယ်ပေးခဲ့သည်။  
စကော့နှင့် ဟာဒီမန်တို့ လေ့လာချက်အတိုင်း ရေးရလျှင် သဘောတရားအားဖြင့် နိုင်ငံရေး (သို့ မ
ဟုတ်) လောကီရေးကိုလုံးဝလုပ်ဆောင်ခဲ့ခြင်းမရှိသော ရဟန်းများမှာ တကယ်တမ်းတော့ နိုင်ငံရေး အာဏာပါဝါရှိနေသည်။ အုပ်ချုပ်ရေးယန္တရားအခြေအနေ အတည်တကျမရှိ၊ ရှိလျှင်လည်း လျောကျ
လုနီးနီးဖြစ်နေသည့်နိုင်ငံတခုတွင် အမြဲတမ်းအာဏာပါဝါရှိနေသူမှာ ရဟန်းများသာ ဖြစ်၏။  အစိုးရ နှင့် ပြည်သူလူထုကြားမှာ ကြားခံပုဂ္ဂိုလ်အဖြစ် ရဟန်းများဆောင်ရွက်သော်လည်း အစိုးရ၏ကိုယ်စား
အဖြစ်သာ ရဟန်းမှာသြဇာအာဏာရှိသည်ဟု ယုံစားလျှင် ယင်းမှာ အလွဲအမှားတခုသာဖြစ်၏။
ယင်းနောက်တွင် အစိုးရအဆက်ဆက်သည် အစိုးရနှင့်ရဟန်း အပြန်အလှန်အကျိုးဆောင်မှု
မျှော်လင့်ချက်မပါသော ချီးမြှောက်မှုနှင့် ထောက်ပံ့မှုကို ရဟန်းအားမပေးကြတော့ချေ။
စကော့နှင့်ဟာဒီမန်က ထောက်ပြထား၏။ ရဟန်းများသည် အစိုးရ၏ အာဏာယစ်မူးနေမှု၊ အာဏာရှင်ပုံစံ မတရားအုပ်စိုးနေမှုမှ ပြည်သူများအား ကာကွယ်ခဲ့သည်။ ယင်းသာမက ပြည်သူများကိုတရား
ဥပဒေနှင့်အညီ အုပ်ချုပ်လာရေးအတွက် ကြိုးပမ်းခဲ့သည်။ ဤကြိုးပမ်းချက်မှာ နန်းတော်က ရဟန်းများအား ပေးအပ်ချီးမြှင့်ထားသော "ဂုဏ်ပြုမှု"ဖြစ်ကြောင်း အထူးပြောစရာလိုမည်မဟုတ်ပါ။
ဘုရင်သည် "ရဟန်းများ၏ နိုင်ငံရေးထောက်ခံချက်ကို လိုအပ်သည်၊ ရဟန်းအပေါ် အကြမ်းပတမ်း
လုပ်မိလျှင် နောက်ဘဝတွင် ကြီးမားသော မကောင်းကျိုးခံစားရသည် "ဟူသော အချက်ကို နားလည်
ပြီး အထူးလုပ်ပိုင်ခွင့်ဖြင့် ကြားဝင်ဖြန်ဖြေမှုများတွင် ရဟန်းတို့ ၏ လွတ်လပ်ခွင့်ကို ကျယ်ကျယ်ပြန့် 
ပြန့် သဘောတူခဲ့လျှင် အပြန်အလှန်အားဖြင့် ရဟန်းများလည်း ဘုရင့်ကို အထောက်အကူပြုနိုင်သည်။ အကြောင်းမှာ ရဟန်းသည် ဘုရင်၏ချီးမြှောက်ထောက်ပံ့မှု၊ အခွင့်အရေးပေးမှုကို ယူနေရသည်၊
ထို့ အပြင် ရဟန်းဘဝရပ်တည်နေထိုင်မှုသည် သွယ်ဝိုက်နည်းအားဖြင့် ဘုရင့်အထောက်အပံ့အပေါ် မှီခိုနေရသောကြောင့်ဖြစ်၏။
မာဘယ်(လ်)ဘုတ်ကတင်ပြထား၏။သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်အောက်ရှိမြန်မာ့တရားရုံးတော်
သည်အစွန်းရောက်သက်ဦးဆံပိုင်ဝါဒ၏ ပြယုဂ်တခုဖြစ်လေသည်။
          "တဦးတယောက်မျှ ပစ္စည်း၊လုပ်သားပိုင်ဆိုင်ခွင့် မရှိစေရ---။ ရာဇဝတ်ပြစ်ဒဏ်သင့်သူ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ ထံမှ (အရာခပ်သိမ်းကို) သံဃာအားအထောက်အပံ့ပေးလိုက သိမ်းပိုက်ယူငင်ရမည်။ ငြိမ်းချမ်းမှုပြည့်လျှမ်း၍ ရိုးစင်းသော ရဟန်းဘဝ---၊ ကျမ်းစာရေးသားမှု၊ ကျမ်းစာလေ့လာမှုအတွက် လိုအပ်သော ငြိမ်သက်တိတ်ဆိတ်မှု---၊ (ဥသျှောင်ပုဂ္ဂိုလ်မြတ်များအတွက်သင့်တင့်လျှောက်ပတ်သောနေရာ)--၊ သာသနာရေးရုံးတော်ဆိုင်ရာ အခမ်းအနားအတွက် သီးသန့် ထားအပ်သော မြေ၊ရေ---ဤအရာအားလုံးကို ဘုရင့်မင်းမြတ်၏ ချီးမြှောက်မှု၊ ကာကွယ်စောင့်ရှောက်မှုတို့ ဖြင့်သာ ရယူနိုင်၏။ ဤအချက်ကို နှလုံးသွင်းထားလျှင် ဘုရင့်အပေါ် သံဃာ၏သစ္စာစောင့်သိမှုကို အလွယ်တကူနားလည်နိုင်သည်"
ဘုရင်သည် သာသနာ့ဒါယကာဖြစ်ရုံသာမက ရဟန်းကျောင်းရေးရာများတွင် သူ့ သဘောနှင့်သူ
မကြာခဏ ဝင်စွက်ဖက်သည်။ တခါတလေ ပန်ကြားမှုရှိလာသောကြောင့် ဝင်ပါသည်။ အားလုံးချုပ်လိုက်လျှင် ဘုရင်သည် ဘာသာတရားကို ကာကွယ်သူ၊ စင်ကြယ်စေသူ ဖြစ်လာ၏။ အထူးအားဖြင့် အလွန်အန္တရာယ်
ကြီးမားသော အကဲဆတ်ဘာသာရေးပြဿနာများ ဖြစ်ပွားလာသောအခါ ဖြေရှင်းရေးအတွက် ကြိုးပမ်း
အားထုတ်ရသည်မှာ ဘုရင်၏လုပ်ရိုးလုပ်စဉ်ကိစ္စဖြစ်၏။ ဘုရင့်နိုင်ငံ စတည်ထောင်သည်မှ ပျက်သုဉ်းသည်
အထိ သာသနာပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများကို ဘုရင်များက စတင်ပြုလုပ်ခဲ့သည်။ အထောက်အပံ့ပေးခဲ့သည်။ ယင်းအတွက် ဖြစ်ရပ်အချို့ ကို တင်ပြပါမည်။
၁၂ ရာစုတွင် နရပတိစည်သူမင်းနှင့်သက်ဆိုင်သောကိစ္စမှာ ကြားဝင်စေ့စပ်မှုဖြစ်ပြီးနောက်မှသာ သီဟိုဠ်နွယ်ဝင် ထေရဝါဒသံဃာသည် ကနဦးအောင်မြင်မှုရလာသည်။ ယင်းသံဃာသည် မြန်မာသံဃာတော်များ၏ စံပြလည်း ဖြစ်သည်။ အလားတူ ၁၅ ရာစု ဓမ္မစေတီမင်းလက်ထက်တွင် ဝိနည်းစည်းကမ်းအတိုင်း မလိုက်နာသော ရဟန်းများကို သန့် ရှင်းလိုက်သောအားဖြင့် မဟာအောင်မြင်မှုရခဲ့သည်။ ထိုမင်းသည် ဆေးကု၊ မှော်အတတ်၊အင်းအိုင်အတတ်ပညာလိုက်စားသော ရဟန်းများ၊ ဓနရှင်ဘုန်းကြီးများ၊ သဒ္ဓါတရားခေါင်းပါးသောရဟန်းများကို ပိတ်ပင်တားမြစ်ခဲ့သည်။
ထိုအချိန်က သာသနာပြုပြင်ပြောင်းလဲရေးကို အစပြုဆောင်ရွက်သူမှာ ရဟန်းများမဟုတ်၊ ဘုရင်သာဖြစ်၏။ ရဟန်းများသည် ဘုရင့်၏အမိန့် ပြန်တမ်းနှင့် စည်းကမ်းချမှတ်မှုကို ရှောရှောရှုရှု လိုက်နာခဲ့သည်။ ဤသည်မှာ ရွှေနန်းတော်နှင့် ဝိဟာရအကြားတည်ရှိခဲ့သော ဆက်ဆံရေးဖြစ်၏။
ပြုပြင်ပြောင်းလဲရေးသမား (အတင်ဂိုဏ်း) နှင့် အစဉ်အလာသမား (အရုံဂိုဏ်း) တို့ ကြား ရာစုနှစ်
ပေါင်းများစွာ အငြင်းပွားကာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။ နှစ်ဘက်လုံးက အာဏာပိုင်များအား ကူညီရန်ပန်ကြားခဲ့ကြသည်မှာ မင်း ၄ ဆက်တိုင်ဖြစ်၏။ နောက်ဆုံး ယင်းကိစ္စကို ဘိုးတော်ဘုရား
လက်ထက်တွင် ဖြေရှင်းနိုင်ခဲ့၏။
ရဟန်းများငွေကိုင်မှု၊ မွန်းလွဲပြီးနောက် ကွမ်းစားဆေးသောက်ဆေးငုံမှု၊ ရွာတွင်းဝင်သောအခါ ဖိနပ်စီး၊ ထီးဆောင်းမှုစသော ဝိနည်းစည်းကမ်းလိုက်နာမှုများလျော့ရဲ့အားနည်းလာမှုကြောင့် မင်းတုန်းဘုရင် စိတ်မသက်မသာဖြစ်လေသောအခါ ရဟန်းကျောင်းရေးရာတွင် နန်းတော်၏ကြားဝင်ဖျန်ဖြေမှုများမှာ ဘုရင်ခေတ် အုပ်ချုပ်ရေးနိဂုံးချုပ်လုချုပ်ဆဲအချိန်ထိ ဆက်တိုက်ရှိနေခဲ့သည်။ မင်းတုန်းမင်းသည်  ရဟန်းများ ဝိနည်းစည်းကမ်းနှင့်အညီနေထိုင်ရေးအတွက် "ဝိနယပြန်တမ်း"ထုတ်ပြန်ဆင့်ဆိုခဲ့သည်။ မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာဒါယကာလည်း ဖြစ်သည်။ 
နိဂုံးချုပ်အားဖြင့် ဘုရင်ခေတ် အစိုးရနှင့် ဝိဟာရဆက်ဆံရေးမှာ အပြန်အလှန်အကျိုးပြုရေးဖြစ်၏။ ရဟန်းများအား ထောက်ပံ့လှုဒါန်းခြင်း၊ တဖက်တွင် အယူအဆသဘောထားကွဲပြားသောအစုအဖွဲ့ 
များကို ရှင်းထုတ်ပစ်ခြင်းဖြင့် လွတ်လပ်သောနိုင်ငံရေးအင်အားစုတရပ်ဖြစ်ပေါ်ရေးအတွက် အလား
အလာရှိသော ဝိဟာရ၏ပါဝါ "အား"ကို အစိုးရက လျှော့ချထားနိုင်ခဲ့၏။
ဝိဟာရဖက်ကလည်း အစိုးရ၏တရားဝင်အသိအမှတ်ပြုမှုကို ၄င်းတို့ အပိုင်အနိုင်ဆုပ်ကိုင်လိုက်နိုင်ခြင်း
အားဖြင့် တချိန်တည်းမှာ ပြည်သူများအား မတရားအနိုင်ကျင့်အုပ်ချုပ်နေမှုကို ကာကွယ်တားဆီးနိုင်ခဲ့
ပြီးသံဃာသည် အစိုးရ၏အာဏာအလွန်အကျွံသုံးစွဲမှုအပေါ် သြဇာလွှမ်းမိုး"တန်းညှိ"ထားနိုင်ခဲ့သည်။
အမရဒီပ
၎-၁၂-၂ဝ၁၂
(Melford e. spiro ၏ Buddhism and Society စာအုပ်၊ အခန်း ၁၆ ကို ဘာသာပြန်သည်။ ဆက်လက်တင်ပြပါမည်။)
Thursday, April 5, 2012
ဦးအေးမောင်၏ သရဏဂုံအမှား
"ပထမအချက်က ဗုဒ္ဓတရားတော်တွေကို တင်ပြရာမှာ အနောက်တိုင်းဗုဒ္ဓစာပေတွေကို ကျွန်တော်အများကြီးမကိုး
ကားပါဘူး။ စာအုပ်ရဲ့နိဒါန်းမှာ ကျွန်တော်ရေးလိုက်တဲ့အတိုင်း ဆဋ္ဌသင်္ဂါယနာတင်မြန်မာပြန် သုတ္တန်နဲ့ ဝိနည်းပိဋ
ကတ်ကိုသာ အများဆုံးကိုးကားပြီး ရေးသားခဲ့ပါတယ်။ နောက်ပြီး အဲဒီကောက်နုတ်ချက်တွေကိုလည်း သက်ဆိုင်
ရာ နိကာယ်သုတ္တန်အမည်နဲ့  တကွ တိတိကျကျဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး အနောက်တိုင်း ဗုဒ္ဓကျမ်းပြုဆ
ရာတွေဟာလည်း စင်စစ်အားဖြင့် အဲဒီနိကာယ်ငါးကျမ်းကိုပဲ မှီငြမ်းပြုပြီးရေးသားခဲ့ကြတာပါပဲ။"
ဆရာအောင်သင်းအမေး၊ ဆရာဦးအေးမောင်အဖြေပြုလုပ်ထားသောဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်အင်တာဗျူးတွင် ဦးအေးမောင်၏ ပြောစကားတခုကို ကောက်နုတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဦးအေးမောင်က အခိုင်အမာဆိုထား
သည်မှာ
(၁)  အနောက်တိုင်းဗုဒ္ဓစာပေကို အများကြီးမကိုးကား
(၂) ဆဋ္ဌသင်္ဂါယနာတင်ဝိနည်း၊ သုတ္တန်ပိဋကတ်ကို အများကြီးကိုးကားသည်။ ကောက်နုတ်ချက်ကို နိကာယ်
      သုတ္တန်အမည်နှင့်တကွ တိတိကျကျအညွှန်းရေးသည်။
(၃) အနောက်တိုင်း ဗုဒ္ဓစာပေကျမ်းပြုဆရာတွေလည်း နိကာယ်ငါးရပ်ကို မှီငြမ်းကိုးကားသည်-ဟူ၍ ဖြစ်၏။
ကောင်းပြီ။ ဤဆောင်းပါးတွင် (၁) နှင့် (၃) တို့ ကို ဆွေးနွေးမည်မဟုတ်ပါ။ (၂) ကိုသာ ဆွေးနွေးပါမည်။
 ဦးအေးမောင်သည် သုတ္တန်၊ နိကာယ်အမည်ကို တိတိကျကျကျမ်းညွှန်းသော်လည်း ကောက်နုတ်ချက်ကို တိတိကျကျကောက်နုတ်ဖော်ပြသလား၊သို့ မဟုတ် တလွဲတချော်ဖော်ပြသလားဆိုတာကို ဆွေးနွေးပါမည်။
ဦးအေးမောင်၏ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်၊ တတိယအကြိမ်ထုတ်-စာမျက်နှာ ၃၃၅၊ စာကြောင်းရေ၂၁ တွင်--
"မဟာပရိနိဗ္ဗာနသုတ်၌ ရတနာသုံးပါးကို မတုန်မလှုပ်ကြည်ညိုသောသူသည် အပါယ်မလားတော့ဘဲ
သောတာပန်ဖြစ်နိုင်ကြောင်း ဖော်ပြထား၏။ဤအဆိုမှာဗုဒ္ဓကို ကြည်ညိုခြင်းအားဖြင့် အားမထုတ်ရဘဲ သောတာပန်ဖြစ်နိုင်
သည်ဟု ဆိုလိုရာရောက်၍ ဘက္ကတိဝါဒထင်ဟပ်နေသော အဆိုဖြစ်၏။" ဟု ရေး၏။
မြတ်စွာဘုရားသည် နာတိကရွာအုတ်ကျောင်းမှာသီတင်းသုံးနေထိုင်တော်မူစဉ် အရှင်အာနန္ဒာက ကွယ်လွန်ပြီးသူတို့ ၏ ဖြစ်ရာဘဝကို မကြာမကြာလာရောက်မေးမြန်းလျှောက်ထားသည်။ အရှင်အာနန္ဒာ၏ မေးခွန်းများကို ဖြေဆိုအပြီးတွင် တရားကြေးမုံ (ဓမ္မာဒါသ) ဒေသနာကို ဟောခဲ့သည်။
တရာကြေးမုံ (ဓမ္မာဒါသ)ဒေသနာကို ဆဋ္ဌသင်္ဂါယနာမူ၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ္တန်ပါဠိ၊
စာမျက်နှာ ၇၉-၈ဝ နှင့် မဟာပရိနိဗ္ဗာနသုတ္တန်မြန်မာပြန်၊စာမျက်နှာ ၉၁-၉၂ တို့ မှာ ဖတ်ရှုလေ့လာနိုင်သည်။
မူရင်းဆဋ္ဌသင်္ဂါယနာတင် မဟာပရိနိဗ္ဗာနသုတ္တန်ပါဠိနှင့် မြန်မာပြန်တို့ ၏ ဆိုလိုရင်းမှာ ---
"(သောတာပန်စသော) အရိယာသာဝကသည် ဘုရား၊တရား၊ သံဃာ ရတနာ ၃ ပါးအပေါ် မတုန်မလှုပ်သက်ဝင်
ယုံကြည်၏"ဟုသာ ဖြစ်ပါ၏။
ဦးအေးမောင်က "ရတနာသုံးပါးကို မတုန်မလှုပ်ယုံကြည်သူသည် သောတာပန်ဖြစ်သည်"ဟု ကောက်ချက်ဆွဲ၏။
ဆဋ္ဌမူပါဠိတော် မြန်မာပြန်တို့ က "သောတာပန်စသော အရိယာသာဝကသည် ရတနာ ၃ ပါးကို မတုန်မလှုပ်
သက်ဝင်ယုံကြည်၏"ဟု ဆိုထား၏။
ဦးအေးမောင်သည် (ယုံကြည်မှ သောတာပန်ဖြစ်သည်ဟု ကောက်ချက်ဆွဲမှားလေရာ အကျိုးဆက်အဖြစ် တရားအားထုတ်ရန်မလို၊ ယုံကြည်ရင်သောတာပန်ဖြစ်ပြီ)ဟု ဆက်တိုက်အသိမှား၊အယူအဆမှားလေတော့၏။
ဆင်ကိုစမ်းသည့် မွေးရာပါမျက်မမြင်သည်  ပကတိအစစ်အမှန်ကို သိနိုင်စွမ်းမရှိသည့်ပုံပြင်ပမာကဲ့သို့ 
အသိမှား၊ အယူအဆမှားတို့ ကြောင့်  ဉာဏ်မြင်ကန်းသူသည် "အရိယာသာဝကသည် ရတနာ ၃ ပါးအပေါ် မတုန်မလှုပ်ယုံကြည်၏"ဟူသော ဒေသနာ အမှန်ကို အမှန်အတိုင်းတင်ပြခြင်းငှါ မစွမ်းနိုင်ခဲ့ပါချေ။
ဦးအေးမောင်သည် နိကာယ်နှင့် သုတ္တန်ကို တိတိကျကျအညွှန်းရေး၏။ ကောက်နုတ်ချက်ကိုမူ တလွဲရေး၏။
အမရဒီပ
၎-၅-၂ဝ၁၂
Wednesday, April 4, 2012
သံဃာနှင့် အစိုးရ
နိဒါန်း
အများသူငါသိကြသည့်အတိုင်း နိုင်ငံရေးနှင့်ဆက်နွယ်သော ရဟန်းတော်များဆိုတာ
 မြန်မာ့သမိုင်းမှာ ကောက်ကာငင်ကာထွက်ပေါ်လာသော လျှပ်တပြက်ဖြစ်ရပ်များမဟုတ်ပေ။
 ဗြိတိသျှတို့  အထက်ဗမာပြည်ကို သိမ်းပိုက်သည့်  ၁၈၈၆ ခုနှစ်မှ စစ်တပ်အာဏာသိမ်းသည့် 
၁၉၆၂ ခုနှစ်အထိ ရဟန်းတော်များသည် လောကီနိုင်ငံရေးမှာ အခါမလပ်တက်ကြွစွာ ပါဝင်လှုပ်ရှား
ခဲ့ကြသည်။ အကြောင်းမှာ နိုင်ငံရေးသမား ရဟန်းတော်များသည် (လောကီနှင့်ဘာသာရေး)
 နှစ်ဘက်မြင်ပြီး (လောကီနှင့်ဘာသာရေးကို) ပေါင်းကူးဆက်သွယ်တတ်ကြသည်။
 မြန်မာသံဃာတော်များသည် နိုင်ငံရေးပိုဆန်သည်၊ ဘာသာရေးပန်းတိုင်ထက် နိုင်ငံရေးနှင့်
ဆက်စပ်မှုပိုများသည်ဟုရှုမြင်သုံးသပ်ခံနေရသည်။တကယ်တမ်းမှာ နိုင်ငံရေးသမားရဟန်းတော်များ
မှာ ရဟန်းအားလုံးအနက် အနည်းစုမျှသာ ဖြစ်ပါသည်။
သို့ သော် နိုင်ငံရေးလှုပ်ရှားမှုသည် သံဃာနှင့်အစိုးရကို ဆက်စပ်ထားသော တခုတည်းသောအရာဖြစ်
ပါသည်။ ရဟန်းသည် နိုင်ငံရေးနှင့်ဝေးဝေးနေရန် ပြဋ္ဌာန်းထားသော်လည်း ဗုဒ္ဓဘာသာသဘောတရား
အရမှာပင် သံဃာနှင့် အစိုးရတို့ တဦးနှင့်တဦးသီးခြားစီလွတ်လွတ်ကင်းကင်းရပ်တည်ကြရန် မျှော်လင့်
ခြင်းမရှိခဲ့ပါ။ တဖက်မှကြည့်လျှင် သံဃာနှင့်အစိုးရ၏ဆက်ဆံရေးမှာ တဦးနှင့်တဦးအပြန်အလှန်မှီခိုနေ
ကြသည်။ သံဃာသန့် ရှင်းစေရေးအတွက် အစိုးရတာဝန်ရှိသလိုအစိုးရသည်ဗုဒ္ဓဘာသာကျင့်ထုံးနည်း
စနစ်များကိုကျင့်သုံးလိုက်နာရေးအတွက် အာမခံပေးရမည့်တာဝန်မှာလည်း သံဃာမှာ ရှိလေသည်။
ဤသည်မှာ မြန်မာပြည်ရှိ ရဟန်းနှင့်အစိုးရအကြားဆက်ဆံရေးဖြစ်သည်။
သံဃာနှင့်အစိုးရအကြားတည်ရှိသော သတ်မှတ်ပြဋ္ဌာန်းးချက်၊ သမိုင်းစဉ်လာအရ ကျယ်ဝန်းခဲ့သော ဆက်ဆံရေးအတွင်းမှာပင် ခေတ်ပြိုင်ရဟန်းကျောင်းနိုင်ငံရေးဆိုသည်ကို နားလည်ဖို့ အကောင်းဆုံးဖြစ်
စေခဲ့သည်။
ဗုဒ္ဓဘာသာအခြေချစက ဝိဟာရ နှင့် အစိုးရ
ဗုဒ္ဓဘာသာ၏ဂန္ထဝင်မြောက်နိုင်ငံရေးအတွေးအခေါ်တွင် အစိုးရ (အထူးသဖြင့် ဘုရင်၊ လွှတ်တော်) နှင့် ဗုဒ္ဓဘာသာဝိဟာရကျောင်းတော်ကြားမှာ ရင်းနှီးသော ဆက်ဆံရေးတရပ်ရှိနေခဲ့သည်။ ဘုရင် (ပုံမှန်ရော လက်ရှိအခြေအခြေအနေအရရော လည်းကောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာနိုင်ငံရေးသီဝရီအရ ဗျာဒိတ်ခံဘုရင့်အစိုးရသည်လည်းကောင်း) သည် ဗုဒ္ဓဘာသာကိုကာကွယ်စောင့်ရှောက်သူဖြစ်သည်။  တနည်းအားဖြင့်ဆိုလိုသည်မှာ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်ဟု ဖြစ်၏။
ဗုဒ္ဓဘာသာအတွေးအခေါ်သည် ဘုရင်အားထူးခြားသောဘုန်းသမ္ဘာအာဏာအရည်အသွေးကိုရစေမည့်
ဘဏ္ဍာတော်စုဝေးရာဖြစ်သည်။  ဗုဒ္ဓဘာသာအယူအဆတွင် ဘုရင်သည် တကမ္ဘာလုံးကို အာဏာ
စက်ဝန်းဖြန့် လွှမ်းထားနိုင်သည့် စကြာဝတေးမင်းဖြစ်နိုင်သည်။ စကြာမင်းသည် နောင်တွင် ဘုရား
လည်း ဖြစ်မည်။ ယင်းအချက်မှာ အံ့သြစရာမဟုတ်ချေ။ သီဝရီနှင့် လက်တွေ့  ၂ မျိုးလုံးတွင် ဝိဟာရကျောင်းတော်အစုအဖွဲ့ နှင့် အစိုးရအစုအဖွဲ့ တို့ အကြား တဦးနှင့်တဦးအပြန်အလှန်မှီခိုနေရ
သော ဆက်ဆံရေးဖြစ်လေသည်။ ဤဆက်ဆံရေးမျိုးမှာ အိန္ဒိယဗုဒ္ဓဘာသာသမိုင်းတွင် အသောကမင်း
ခေတ်လောက်ကတည်းက ဖြစ်ပေါ်လာခဲ့သည်။
ဒွတ္တား၏သုတေသနပြုချက်မှာ ဖော်ပြပါအတိုင်းဖြစ်၏။
"အိန္ဒိယသာသနာရေးလောကသည် သာသနာရေးသမိုင်းမှာ ထူးခြားပါသည်။ အကြောင်းမှာ တရား
အားထုတ်သူ၊ တပသီ၊ ရသေ့များကို သီးသန့် လူ့ အဖွဲ့ အစည်းအဖြစ် ဝတ်ကြောင်ဝတ်သူများက
 ရှေးဦးမဆွကတည်းက အသိအမှတ်ပြုထားသောကြောင့် ဖြစ်၏။ အသောကမင်း၏ အမိန့် 
စာချွန်တော်များတွင်လည်း ယင်းအကြောင်းကို တွေ့ ရသည်။ ယင်းမှာ အစိုးရအနေဖြင့် သူတော်စင်
များ၏ တရားဝင်သီးသန့် ရပ်တည်ခြင်းကို ပထမဦးစွာ အသိအမှတ်ပြုခြင်းဖြစ်၏။ အိန္ဒိယရှေးဟောင်း
နိုင်ငံရေးအတွေးအခေါ်က တရားရှာဖွေသူကျင့်ကြံသူတို့ သည် မတူခြားနားသောအသိုင်းအဝိုင်းအဖြစ်၊
၊ တရားဝင်ရပ်တည်သောအုပ်စုအဖြစ်ပါဝင်နေသော လူအဖွဲ့ အစည်းတရပ်ဟု ရှုမြင်သုံးသပ်ခဲ့သည်။ တရားရှာ၊တရားကျင့်သူတိုင်းသည် ၄င်းတို့ ၏ အစဉ်အဆက်ကျင့်ထုံး (သမယ)ကို စောင့်ရှောက်ကြ၏။ ၄င်းတို အား အတွင်း၊အပြင်နှောင့်ယှက်ဖျက်ဆီးကြမည့်ဘေးရန်မှကာကွယ်ပေးရန်မှာအစိုးရ၏တာဝန်
ဖြစ်သည်။ အထူးအားဖြင့် ၄င်းတို့ ၏အစဉ်အဆက်ကျင့်ထုံးမပျက်စီးအောင်အာမခံချက်ပေးရန် အစိုးရ
တာဝန်ဖြစ်သည်။
ဗုဒ္ဓဘာသာ (သာသနာ)ကို တရားရှာ၊တရားကျင့်သူတို့ ၏အုပ်စုဝင်အဖြစ်အသိအမှတ်ပြုပြီးကတည်းက အစိုးရသည် ဗုဒ္ဓဘာသာကိုကာကွယ်ပေးရန် ၊တဆက်တည်းမှာပင်ဗုဒ္ဓဘာသာ၏အစဉ်အဆက်ကျင့်ထုံး
(ဝိနယ)နှင့်ပတ်သက်၍ မည်သည့်ကျူးလွန်ဖောက်ဖျက်မှုကိုမဆို ကာကွယ်ပေးရန် အခြေခံဥပဒေအရ အာမခံခဲ့သည်။"
လိုရင်းအားဖြင့် အစိုးရသည် ဗုဒ္ဓဘာသာကိုကာကွယ်သူဖြစ်ရုံသာမက ထိန်းသိမ်းစောင့်ရှောက်သူ၊ စင်ကြယ်သန့် ရှင်းစေသူလည်း ဖြစ်၏။
ဆိုလိုသည်မှာ ထိုအခါ၌ ဗုဒ္ဓဘာသာသည် အစိုးရအပေါ်မှီခိုအားထားသူဖြစ်လာသည်။ အရှေ့ တောင်
အာရှရှိနိုင်ငံများတွင် နိုင်ငံတော်ဘာသာဖြစ်လာပြီးနောက် အစိုးရ၏နို့ သက်ခံစို့ နေသူ ဗုဒ္ဓဘာသာ
 အမရဒီပ
၎-၄-၂ဝ၁၂ 
(Melford e. spiro ၏ Buddhism and Society စာအုပ်၊ အခန်း ၁၆ ကို ဘာသာပြန်သည်။ ဆက်လက်တင်ပြပါမည်။)
မောရစ်ဝင်တာနစ်၏ ဗုဒ္ဓစာပေသမိုင်း
မဟောင်းသေးသောအတိတ်ကာလကဟုပဲ မယုတ်မလွန်ဆိုပါရစေတော့----။
မြန်မာပြည်က ခေတ်ပညာတတ်ဆိုသူတွေ ဗုဒ္ဓဘာသာကို လေ့လာရာတွင် လက်ကိုင်ပြုခဲ့သောစာအုပ်တအုပ်ရှိခဲ့
ဖူးသည်။ စာအုပ်အမည်က "ဗုဒ္ဓစာပေသမိုင်း"----ဖြစ်၏။ ဗုဒ္ဓစာပေသမိုင်းစာအုပ်ကို ဖိုးသင်းနိုင်တို့ လိုစာအုပ်
အဟောင်းဆိုင်ကြီးတွေမှာ ဈေးကြီးပေးဝယ်က ရကောင်းရနိုင်သည်။ (သို့ သော် သုတအပိုင်းမှာ ငွေပေးရသည်နှင့်မတန်ဟု ခံစားမိက ဝယ်သူ၏တာဝန်သာ---။)
 Moriz Winternitz, Maurice Winternitz(မောရစ်ဝင်တာနစ်)ဆိုသူဂျာမန်ပညာရှင်တယောက်က ဂျာမန်
ဘာသာဖြင့် ရေးသားသော စာအုပ်ကိုအင်္ဂလိပ်ဘာသာပြန်ဆိုထားသည်။မြန်မာပြန်သူမှာမြန်မာရဟန်းတော်
"ဇာဂရာဘိဝံသ"ဖြစ်သည်။မြန်မာပြန်ဆိုသူမှာ အိန္ဒိယနိုင်ငံ၊ နာလန္ဒတက္ကသိုလ်၏ ဆရာတပါးဖြစ်ခဲ့ပြီး ယခုအခါ
 သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ၊ဆစ်ဒနီမြန်မာဗုဒ္ဓဘာသာဝိဟာရမှာ သီတင်းသုံးတော်မူသောဆရာတော်
ဒေါက်တာအရှင်ဇာဂရာဘိဝံသ ဖြစ်ပါသည်။
မောရစ်ဝင်တာနစ်၏အယူအဆများကိုလက်ခံယုံကြည်ကြသူ မြန်မာခေတ်ပညာတတ်အများစုမှာ တောင်တွင်း
ကြီး၊ နတ်မှီတောရရှင်ဥက္ကဋ္ဌသြဝါဒခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ချုပ်ဝင်များဖြစ်ကြသည်။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ 
၏ အခြေခံအယူအဆများကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)၏ လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယကျမ်း တွင် လေ့လာဖတ်ရှုနိုင်ပါသည်။
သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ချုပ်၏အယူအဆအချို့ မှာဖော်ပြပါအတိုင်း ဖြစ်သည်။
- ပထမ၊ဒုတိယ၊တတိယသင်္ဂါယနာပွဲများတွင် ဓမ္မနှင့် ဝိနယကို သင်္ဂါယနာတင်ခဲ့ကြသည်။ အဘိဓမ္မာမပါဝင်ပါ။ စတုတ္ထသင်္ဂါယနာပွဲတော်နှင့် ယင်းပွဲတော်နောက်ပိုင်းကာလရောက်မှာ အဘိဓမ္မာပါဝင်လာသည်။
- အဘိဓမ္မာကို ဗုဒ္ဓက တာဝတိံသာနတ်ပြည်မှာဟောသည်ဆိုခြင်းမှာ အဋ္ဌကထာဆရာအရှင်မဟာဗုဒ္ဓဃောသ၏ ထွင်လုံးမျှသာ ဖြစ်သည်။
- ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ။
မောရစ်ဝင်တာနစ်သည် သူ၏ဗုဒ္ဓစာပေသမိုင်းစာအုပ်တွင် ဗုဒ္ဓတရားတော်များကို ဤသုတ္တန်၊ ဤနိကာယ်ကား ရှေးကျသည်၊ ဤသုတ္တန်၊ဤနိကာယ်ကားကားနောက်ကာလရောက်မှ ထည့်သွင်းလာသောအရာများဖြစ်သည် စသည်ဖြင့် ဝေဖန်သုံးသပ်ထားလေရာ အငြင်းပွားဖွယ်ရာအချက်အလက်များစွာပါဝင်နေပါသည်။ သူ၏စာအုပ်ပါအချက်အလက်များကို အဟုတ်အမှန်ထင်ပြီး ပြောဆိုကိုးကားသူတို့ အတွက် အသိဉာဏ်
ပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာတွင် လမ်းကြောင်းလွဲချော်စေနိုင်ကြောင်း သတိပြုမိပါသည်။
လွန်ခဲ့သော ၁ဝ နှစ်ကျော်လောက်က ပြည်နယ်တခုမှာ နေထိုင်သည့် ဆရာတော်တပါးနှင့်အတူ စာတမ်းတခု
အတူတွဲပြီး ရေးသားဖူးသည်။ ဆရာတော်၏စာတမ်းက ပြည်နယ်ဆိုင်ရာသမိုင်းသုတေသီတယောက်၏
သမိုင်းနောက်ခံ ဗုဒ္ဓဘာသာရေးရာအယူအဆများကို ဝေဖန်ခြင်းဖြစ်သည်။ ထိုစာတမ်းတွင် သမိုင်းသုတေသီက ဗုဒ္ဓစာပေသမိုင်းလာ အယူအဆများအားလုံးလိုလိုလောက်ကို ကိုးကားဖော်ပြထားသည်။ သူကိုးကားသမျှတွေက ဗုဒ္ဓစာပေ၏ဆိုလိုရင်းမဟုတ်တော့ဘဲ တလွဲတချော်ဖြစ်နေသည်။ ယင်းအချက်အလက်များကို ထောက်ပြသုံးသပ်
ကြရာမှ ဗုဒ္ဓစာပေသမိုင်းစာအုပ်သည် ဦးဥက္ကဋ္ဌနောက်လိုက် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ဝင်၏ လက်စွဲစာအုပ်
အဖြစ်သိခဲ့ရသည်။  ယနေ့  အဓမ္မဝါဒတွေကိုတင်ပြထားသည်ဟုဆိုသော ဦးအေးမောင်၏ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်
နှင့် ဗုဒ္ဓစာပေသမိုင်းကို တွဲဖတ်လိုက်က မည်သို့ သော အကျိုးဆက်များပေါ်လာမည်ကို တွေးနေမိသည်။ 
အမရဒီပ
၎-၄-၂ဝ၁၂
Monday, April 2, 2012
ပစ်ဖမ်းပလိုက်မယ်
                                            စိတ်ကြိုက်တွေ့ တဲ့ ကာတွန်းဖြစ်ပါလိမ့်မယ်