Total Pageviews

Wednesday, April 4, 2012

မောရစ်ဝင်တာနစ်၏ ဗုဒ္ဓစာပေသမိုင်း


မဟောင်းသေးသောအတိတ်ကာလကဟုပဲ မယုတ်မလွန်ဆိုပါရစေတော့----။
မြန်မာပြည်က ခေတ်ပညာတတ်ဆိုသူတွေ ဗုဒ္ဓဘာသာကို လေ့လာရာတွင် လက်ကိုင်ပြုခဲ့သောစာအုပ်တအုပ်ရှိခဲ့
ဖူးသည်။ စာအုပ်အမည်က "ဗုဒ္ဓစာပေသမိုင်း"----ဖြစ်၏။ ဗုဒ္ဓစာပေသမိုင်းစာအုပ်ကို ဖိုးသင်းနိုင်တို့ လိုစာအုပ်
အဟောင်းဆိုင်ကြီးတွေမှာ ဈေးကြီးပေးဝယ်က ရကောင်းရနိုင်သည်။ (သို့ သော် သုတအပိုင်းမှာ ငွေပေးရသည်နှင့်မတန်ဟု ခံစားမိက ဝယ်သူ၏တာဝန်သာ---။)

 Moriz Winternitz, Maurice Winternitz(မောရစ်ဝင်တာနစ်)ဆိုသူဂျာမန်ပညာရှင်တယောက်က ဂျာမန်
ဘာသာဖြင့် ရေးသားသော စာအုပ်ကိုအင်္ဂလိပ်ဘာသာပြန်ဆိုထားသည်။မြန်မာပြန်သူမှာမြန်မာရဟန်းတော်
"ဇာဂရာဘိဝံသ"ဖြစ်သည်။မြန်မာပြန်ဆိုသူမှာ အိန္ဒိယနိုင်ငံ၊ နာလန္ဒတက္ကသိုလ်၏ ဆရာတပါးဖြစ်ခဲ့ပြီး ယခုအခါ
 သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ၊ဆစ်ဒနီမြန်မာဗုဒ္ဓဘာသာဝိဟာရမှာ သီတင်းသုံးတော်မူသောဆရာတော်
ဒေါက်တာအရှင်ဇာဂရာဘိဝံသ ဖြစ်ပါသည်။

မောရစ်ဝင်တာနစ်၏အယူအဆများကိုလက်ခံယုံကြည်ကြသူ မြန်မာခေတ်ပညာတတ်အများစုမှာ တောင်တွင်း
ကြီး၊ နတ်မှီတောရရှင်ဥက္ကဋ္ဌသြဝါဒခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ချုပ်ဝင်များဖြစ်ကြသည်။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ 
၏ အခြေခံအယူအဆများကို နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)၏ လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္ဆယကျမ်း တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ချုပ်၏အယူအဆအချို့ မှာဖော်ပြပါအတိုင်း ဖြစ်သည်။
- ပထမ၊ဒုတိယ၊တတိယသင်္ဂါယနာပွဲများတွင် ဓမ္မနှင့် ဝိနယကို သင်္ဂါယနာတင်ခဲ့ကြသည်။ အဘိဓမ္မာမပါဝင်ပါ။ စတုတ္ထသင်္ဂါယနာပွဲတော်နှင့် ယင်းပွဲတော်နောက်ပိုင်းကာလရောက်မှာ အဘိဓမ္မာပါဝင်လာသည်။
- အဘိဓမ္မာကို ဗုဒ္ဓက တာဝတိံသာနတ်ပြည်မှာဟောသည်ဆိုခြင်းမှာ အဋ္ဌကထာဆရာအရှင်မဟာဗုဒ္ဓဃောသ၏ ထွင်လုံးမျှသာ ဖြစ်သည်။
- ဗုဒ္ဓဝါဒတွင် သမထနှင့် ဝိပဿနာလုပ်ငန်းစဉ်များ မပါဝင်ပါ။

မောရစ်ဝင်တာနစ်သည် သူ၏ဗုဒ္ဓစာပေသမိုင်းစာအုပ်တွင် ဗုဒ္ဓတရားတော်များကို ဤသုတ္တန်၊ ဤနိကာယ်ကား ရှေးကျသည်၊ ဤသုတ္တန်၊ဤနိကာယ်ကားကားနောက်ကာလရောက်မှ ထည့်သွင်းလာသောအရာများဖြစ်သည် စသည်ဖြင့် ဝေဖန်သုံးသပ်ထားလေရာ အငြင်းပွားဖွယ်ရာအချက်အလက်များစွာပါဝင်နေပါသည်။ သူ၏စာအုပ်ပါအချက်အလက်များကို အဟုတ်အမှန်ထင်ပြီး ပြောဆိုကိုးကားသူတို့ အတွက် အသိဉာဏ်
ပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာတွင် လမ်းကြောင်းလွဲချော်စေနိုင်ကြောင်း သတိပြုမိပါသည်။

လွန်ခဲ့သော ၁ဝ နှစ်ကျော်လောက်က ပြည်နယ်တခုမှာ နေထိုင်သည့် ဆရာတော်တပါးနှင့်အတူ စာတမ်းတခု
အတူတွဲပြီး ရေးသားဖူးသည်။ ဆရာတော်၏စာတမ်းက ပြည်နယ်ဆိုင်ရာသမိုင်းသုတေသီတယောက်၏
သမိုင်းနောက်ခံ ဗုဒ္ဓဘာသာရေးရာအယူအဆများကို ဝေဖန်ခြင်းဖြစ်သည်။ ထိုစာတမ်းတွင် သမိုင်းသုတေသီက ဗုဒ္ဓစာပေသမိုင်းလာ အယူအဆများအားလုံးလိုလိုလောက်ကို ကိုးကားဖော်ပြထားသည်။ သူကိုးကားသမျှတွေက ဗုဒ္ဓစာပေ၏ဆိုလိုရင်းမဟုတ်တော့ဘဲ တလွဲတချော်ဖြစ်နေသည်။ ယင်းအချက်အလက်များကို ထောက်ပြသုံးသပ်
ကြရာမှ ဗုဒ္ဓစာပေသမိုင်းစာအုပ်သည် ဦးဥက္ကဋ္ဌနောက်လိုက် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ ဝင်၏ လက်စွဲစာအုပ်
အဖြစ်သိခဲ့ရသည်။  ယနေ့  အဓမ္မဝါဒတွေကိုတင်ပြထားသည်ဟုဆိုသော ဦးအေးမောင်၏ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒစာအုပ်
နှင့် ဗုဒ္ဓစာပေသမိုင်းကို တွဲဖတ်လိုက်က မည်သို့ သော အကျိုးဆက်များပေါ်လာမည်ကို တွေးနေမိသည်။ 

အမရဒီပ
၎-၄-၂ဝ၁၂


No comments: