Total Pageviews
Friday, December 28, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ မဟာဗျူဟသုတ်အနှစ်ချုပ်
(၁)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
  • ဘာသာရေးအယူသည်းနေကြသူတို့ သည် ကိုယ့်အယူဝါဒသာမှန်၏၊ သူတပါးမှား၏ဟု ငြင်းခုံနေကြရာ သူများ၏ကဲ့ရဲ့ခြင်းကိုသာ ရနေကြပါသလား၊ သူများ၏ချီးမွမ်းခြင်းကိုလည်းရကြပါသေးသလား--။
(၂)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • ဘာသာရေးအယူဝါဒငြင်းခုံနေသောကြောင့် နှစ်သက်သူတို့ ၏ချီးမွမ်းကောင်းချီးပေးမှုမှာ အနည်းငယ်မျှ သာတည်း။ ယင်းကောင်းချီးပေးမှုသည် ကိလေသာငြိမ်းရန် မစွမ်းနိုင်ပါ။ ငြင်းခုံခြင်းအကျိုးတို့ သည် ၂ ပါးတို့ ဟူ၍ ငါဘုရားဟောပါ၏။ ငြင်းခုံခြင်း၏ရလာဒ်အပြစ် နှင့် ငြင်းခုံမှုကင်းရာနိဗ္ဗာန်ကို ရှုဆင်ခြင်ပြီး ငြင်းခုံခြင်းအမှုကို ပယ်စွန့် ရာ၏။
(၃)
  • အလုံးစုံသောအယူဝါဒတို့ သည် ဘာသာရေးဆရာအများကြောင့်ဖြစ်ကုန်၏။ ဤဘာသာရေးအယူဝါဒတို့ ကို ဘုရားတပည့်ပညာရှိသည် မချဉ်းကပ်တော့ပေ---။ ဘုရားတပည့်ရဟန္တာပညာရှိသည် မည်သည့်အ ရသို့ မျှ တဏှာ၊ ဒိဋ္ဌိဖြင့် မကပ်ရောက်ရာ---။ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာတို့ ၌ သာယာနှစ်သက်မှုကင်းရာ၏။
(၄)
  • သီလကို အမြတ်ဆုံးဟု ယူဆသူတို့ သည် ကိုယ်နှင့်နုတ်ကိုစောင့်စည်းခြင်းဖြင့် သံသရာဆင်းရဲမှလွတ် မြောက်ခြင်းကို ဟောပြကြကုန်၏။ ထိုသူတို့ သည် နွား ခွေးစသည်တို့ ၏အကျင့်၊ နတ်သိကြားစသည်ကို ကိုးကွယ်သောအကျင့်ကို လက်ခံယူစွဲကြကုန်၏။ လိုက်နာကျင့်သုံးကြ၏။ ကောင်းချီးပေးကြ၏။ သူတို့   အကျင့်ဖြင့် ဘဝကောင်းရောက်မည်၊ ဆင်းရဲမှလွတ်မည်ဟု ယုံကြည်ယူဆကြ၏။ ပညာရှိဟုဝန်ခံကြ၏။   
(၅)
  • သီလအကျင့်ကိုအမြတ်ဆုံးဟုယူဆသူသည် သူ၏ဘာသာတရားညွန်ကြားချက်အတိုင်း ဆောင်ရန် ရှောင်ရန်တို့ ကို လိုက်နာ၏။ မလိုက်နာမိပါက စိတ်သောကရောက်၏။ ဥပမာ- ခရီးကြမ်း၌သင်းကွဲကျန် ရစ်သူသည် သူ၏အဖော်များကို အမှီလိုက်ရန်တောင့်တသကဲ့သို့ တည်း--။
(၆)
  • ထို့ ကြောင့် သီလအကျင့်ကိုပယ်စွန့် ပါလေ--။ အပြစ်ရှိအပြစ်ကင်းကံတို့ ကိုပယ်စွန့် ပါလေ--။သုဒ္ဓိ နှင့်အသုဒ္ဓိကိုလည်း မတောင့်တလေနှင့်--။ မိစ္ဆာအယူဟူသော သန္တိကိုလည်းမယူစွဲဘဲ နေရာ၏။ (တနည်း) သန္တိဟူသော နိဗ္ဗာန်ကိုချီးမြှောက်၍နေရာ၏။
(၇)
  • ကိုယ်ကာယကိုပင်ပန်းစေသောတပအကျင့်ကြောင့် အကုသိုလ်ကံဟောင်းသည် အကျိုးပေးပြီးဖြစ်သွား သည်၊ ယခုအခါ ကာမရာဂကင်းနေသည်၊ နောက်ဘဝမှာ အိုနာသေလွတ်မည်၊ ဒိဋ္ဌ၊သုတ၊မုတမင်္ဂလာကို ယုံသူသည် နောက်ဘဝတွင် ဆင်းရဲမှလွတ်သည်ဟု ဥဒ္ဓံသရခေါ် သဿတဝါဒီတို့ ပြောဟောကြ၏။ ထိုသူတို့ သည် ဘဝအသွယ်သွယ်၌ တပ်မက်မှုမကင်းကြချေ--။
(၈)
  • တဏှာမကင်းသူသည် လိုရာလိုရာကို တောင့်တ၏။ နောင်ရေးအကြောင်းအရာကို ကြံတွေးပူပန်၏။ ဤလောက၌ ရဟန္တာအား ဖြစ်ခြင်း-သေခြင်းမရှိ၊ တုန်လှုပ်ခြင်းလည်း မရှိ--။
(၉)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား---
  • အချို့ ဘာသာရေးဆရာတို့ သည် သူတို့ ဘာသာရေးတရားကို အမြတ်ဆုံးဟု ပြောဆိုကြ၏။ သို့ သော် ထိုဘာသာရေးတရားကိုပင် အပေါစား၊ အညံ့စားဟု အချို့ ဆရာတို့ ဆိုကြပြန်၏။ သူတို့ ဝါဒတွင် အဘယ်ဝါဒသည် အမှန်ဖြစ်ပါသနည်း----။
(၁ဝ)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • စူဠဗျူဟသုတ်-စာပိုဒ် ၁၊၂၊ ၃၊ ၄၊ ၅၊ ပြန်ကြည့်ပါ။
(၁၁)
  • ရဟန္တာသည် သစ္စာ ၄ ပါးကို သိပြီးသူဖြစ်သည်။ တပါးသူက သင်ကြားပေးရန်မလိုအပ်ပြီ။
  • အယူမှားခြင်း၊ အယူမှားကိုစွဲလမ်းခြင်း ကင်းသည်။ ငြင်းခုံခြင်းလည်း ကင်းသည်။အရိယာအကျင့်မှတပါး အခြားအကျင့်ကို မကျင့်တော့ပြီ--။
(၁၂)
  • သူတပါးစိတ်ကိုသိခြင်း၊ ရှေးဘဝအကြောင်းကိုသိခြင်း၊ နတ်မျက်စိရခြင်းတို့ သည် ဝဋ်ဆင်းရဲမှလွတ် မြောက်ကြောင်းဖြစ်သည်ဟု အချို့ ယုံကြည်ယူဆကြ၏။ သူတို့ ၏အဘိညာဉ်သည် သစ္စာ ၄ ပါးကို သိခြင်းကိစ္စကို မပြီးစီးစေနိုင်လျှင် ဝဋ်မှလွတ်မြောက်ခြင်းဟူသည် မဖြစ်နိုင်ပါ။ သူတို့ သည် နည်းလမ်းမှန်ကို ပစ်ပယ်၍ နည်းမှားဖြင့်စင်ကြယ်ခြင်းကို ပြောဆိုကြကုန်၏။
(၁၃)
  • ပကတိမျက်စိ၊ အဘိညာဉ်တို့ ဖြင့် မြင်သောလူသည် နာမ်ရုပ်ကို ရိုးရိုးသာမန်သာမြင်၏။ မြင်ခဲ့သောနာမ်ရုပ်ကို ရိုးရိုးမြင်ခဲ့ပြီးအတိုင်းပင် ပုဂ္ဂိုလ်-သတ္တဝါစသည်ဖြင့် ကြံတွေးသိလတံ့။ ပကတိမျက် စိ၊ လောကီအဘိညာဉ်မျက်စိတို့ ဖြင့် နည်းနည်းဖြစ်စေ၊ များများဖြစ်စေ နာမ်ရုပ်ကိုသိမြင်သော်လည်း ယင်းအမြင်ကို သံသရာမှလွတ်သည်ဟု ဘုရားစသောသူမြတ်တို့ မဟောကြပါ။
(၁၄)
  • အယူမှားကိုသက်ဝင်စွဲလမ်းလျက်ဟောပြောနေသူကို ဆုံးမသွန်သင်ပြုပြင်ပေးရန် မလွယ်ကူပါ။ အတွေးအကြံမှားကို စွဲလမ်းမှု၊ ဆရာမှားကို အထင်ကြီးမှုတို့ သည် အယူမှားကိုစွဲလမ်းမှုတို့ ၏ အကြောင်းဖြစ်ပေ၏။
(၁၅)
  • ဗြာဟ္မဏ ခေါ် ရဟန္တာသည် သိသင့်သမျှကိုသိပြီးသောကြောင့် တဏှာ-ဒိဋ္ဌိဖြင့်တွေးကြံခြင်းကင်း၏။
      တိတ္ထိတို့ ၏အယူမှားကိုလည်း ဂရုမစိုက်လျစ်လျူရှုလေတော့၏။ ဂန္ထ ၄ ပါး (အဘိဇ္ဈာ-ဗျာပါဒ-သီလဗ္ဗတ
      ပရာမာသ- ဣဒံသစ္စာဘိနိဝေသ  ကာယဂန္ထ) ကိုစွန့်ပယ်ပြီးသောကြောင့် အယူမှားအသင်းအပင်းတွင်မ
      ပါဝင်တော့ပြီ---။ ရဟန္တာမဟုတ်သူတို့ မှာ မိစ္ဆာအယူကို မြဲမြံစွာယူကြကုန်၏။
(၁၆)
  • ရဟန္တာသည် အာသဝအဟောင်းကိုစွန့် ပယ်ပြီး အာသဝအသစ်ကို မပြုတော့ပြီ။ အလိုဆန္ဒနောက်လည်း မလိုက်တော့ပြီ။ အယူမှားမှန်သမျှမှလည်း ကင်းရှင်းလွန်မြောက်ပြီ။ တဏှာဖြင့်လည်း လောကကိုမကပ် ငြိတော့ပြီ။ မိမိကိုယ်ကိုလည်း ကဲ့ရဲ့ခြင်း ကင်းလေပြီ။
(၁၇)
  • မြင်-ကြား-နံ-စား-ထိ-ကြံရသမျှသောအရာတို့ ၌   ရဟန္တာသည် သေမင်းစစ်သည် ကင်းလေပြီ။ ကိလေသ-အဘိသင်္ခါရ-ခန္ဓာဝန်ထုပ်များကို ပစ်ချထားပြီးပြီ။ ကိလေသာအနှောင်အဖွဲ့ မှ လွတ်မြောက်ပြီ။
မဟာဗျူဟသုတ်အနှစ်ချုပ်ပြီးပြီ။
Monday, December 24, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ စူဠဗျူဟသုတ်အနှစ်ချုပ်
ဂေါတမနွယ်ဖွား မြတ်စွာဘုရား-----
  • ကိုယ့်အယူအဆနှင့်ကိုယ်နေထိုင်ကြပြီး ကျွမ်းကျင်လိမ္မာသူ-ဟုဝန်ခံသူတို့ သည် ကွဲပြားခြားနားစွာဖြင့် အယူအဆအမျိုးမျိုးကို ဟောပြောနေကြပါ၏။ သူတို့ အယူကိုသိလျှင် အမှန်သိမြင်သူ၊ ဆန့် ကျင်တား မြစ်ပယ်ချလျှင် အသိဉာဏ်မပြည့်စုံသူ-ဟု ဆိုကြပါသည်။
(၂)
  • သူတို့ အယူကိုသိလျှင် အမှန်သိမြင်သူ၊ ဆန့် ကျင်တား မြစ်ပယ်ချလျှင် အသိဉာဏ်မပြည့်စုံသူ-ဟု
  •  ပြောဆိုနေကြသူတို့ ၏မှန်ကန်သောအယူဝါဒကား အဘယ်ပါနည်း--။ ဤမေးခွန်းမေးရခြင်းအကြောင်း  မှာ ဤသူအားလုံးတို့ သည် ဘာသာရေးအယူဝါဒအရာမှာ ကျွမ်းကျင်သူဟု ဝန်ခံနေသောကြောင့် ဖြစ်ပါသည်။
(၃)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • သူတပါး၏ဘာသာတရားကိုလက်မခံဘဲ ပစ်ပယ်သူသည် အသိဉာဏ်ပညာနိမ့်ကျသူ "လူညံ့လူဖျင်း"ဖြစ်  သည်ဆိုပါက လူအားလုံးသည် အသိပညာမဲ့သူချည်းသာ ဖြစ်ရာ၏။ အကြောင်းပြမှာ အားလုံးပင် အမြင် မှားနေသောကြောင့်ဖြစ်၏။
(၄)
  • ကိုယ့်အယူကိုယ်သိမြင်လက်ခံသူတိုင်း အသိဉာဏ်ပညာစင်ကြယ်မြင့်မြတ်သူဖြစ်ခဲ့ပြန်လျှင် အယူမှားသူ တိုင်း အသိဉာဏ်ပညာမြင့်မြတ်သူချည်းသာဖြစ်ရာ၏။ အကြောင်းပြမှာ သူ့ အယူနှင့်သူပြည့်စုံ
  • (ကောင်းမွန်) သောကြောင့်ပင်ဖြစ်၏။
(၅)
  • ကိုယ်အားသန်ရာအယူအဆကိုအစွဲသန်ပြီး အယူကွဲပြားသူတို့ သည် အချင်းချင်း(တဦးကိုတဦး) "လူညံ့လူဖျင်း"ဟု နှိမ့်ချပြောကြားကြကုန်၏။ ငါသည် သူတို့ စွဲကိုင်သောအယူကို အမှန်တရားဟု မပြောဆိုပါ။ အကြောင်းပြမှာ သူတို့ သည် မိမိအယူကို မှန်လှပြီဟု အယူသည်းနေကြပြီး အယူကွဲပြားသူ ကို "ဗာလ"ဟု မှတ်ထင်တတ်သောကြောင့်ပါတည်း---။
(၆)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
  • တဦးကအမှန်သစ္စာဟုဟောပြောသည်ကို နောက်တဦးက မမှန်၊အမှားဟု ပြောဆိုသည်။ ဤနည်းဖြင့် အယူအစွဲကွဲလွဲပြီး ငြင်းခုံနေကြသည်။ အမှန်သစ္စာတရားကို တပါးတည်းသာ ဟောသင့်ပါလျက် အမှန်သစ္စာကို တပါးမကများပြားစွာဟောပြောနေကြပါသနည်း---။
(၇)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား---
  • အမှန်တရားသည် တပါးတည်းသာရှိပါသည်။ နှစ်ခုမြောက်အမှန်တရားဟု မရှိပါ။ အမှန်သစ္စာတရားကို သိသော နတ်လူဗြဟ္မာအရိယာပုဂ္ဂိုလ်သည် ငြင်းခုံမှုမပြုတော့ပါ။ အမှန်တရားကိုမသိဘဲငြင်းခုံသူတို့ မှာ သောင်းပြောင်းထွေလာသစ္စာတရားတို့ ကို ကိုယ်တိုင်တွေးခေါ်ကြံစည်၍ ကိုယ်ပိုင်အမှန်ကို ကိုယ်တိုင် ချီးမွမ်းပြောဆိုနေကြပါသည်။ ကိုယ့်အထင်နှင့်ကိုယ်ဟောပြောကြသောကြောင့် သစ္စာသည် တပါးမက များစွာပေါ်ပေါက်လာသည်။
(၈)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား------
  • အရာရာသိသူပညာရှိဆိုသူတို့ သည် အဘယ်ကြောင့် သစ္စာအမျိုးမျိုးတို့ ကို ဟောပြောနေကြသနည်း။ သစ္စာအမျိုးမျိုးကို ဆရာအဆက်ဆက်ထံမှကြားဖူးသောကြောင့် ဟောသလော။ သို့ မဟုတ် ကိုယ်တိုင် ကြံတွေးကာ ဟောသလော---။
(၉)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား-----
  • လောကမှာအမြဲတည်သောသစ္စာဟူသည် မူကွဲအမျိုးမျိုးမရှိပါ--။ အလွဲအမှားကိုမှတ်သားသည့်သညာ ကြောင့်သာ သစ္စာအမျိုးမျိုးကို ဟောပြောကြပါသည်။ မိမိယုံကြည်နှစ်သက်သောအယူဝါဒအရ အဖန်ဖန် ကြံစည်တွေးဆပြီး "ငါမှန်၊ သူမှား"နှစ်ပါးသောတရားကိုသာ ဟောပြောနေကြပါသည်။ (သညာ၊ ဝိတက်)
(၁ဝ)
  • ထိုမှတပါး ဟောပြောပုံကား ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ၊အလေ့အကျင့် (သီလဝတ)အယူအ ဆတို့ ကိုစွဲမှီ၍ ကျေနပ်ဖွယ်မရှိ၊ ကဲ့ရဲ့ရှုတ်ချပြစ်တင်ဖွယ်ရှိသည်ကို (ဆင်ခြင်စဉ်းစားလျှင်) တွေ့ မြင်နိုင် သော်လည်း မူလစွဲယူဆုံးဖြတ်ထားသည့်အတိုင်း "ငါမှန်၊ သူမှား" "ငါပဏ္ဍိတ၊ သူဗာလ"ဟု အယူမတူသူ ကို ရွှင်ရွှင်ပျပျရှုတ်ချပြောဆိုတတ်လေသည်။
(၁၁)
  • မိမိကိုယ်ကိုချီးမွှမ်း၊ အယူမတူသူကိုရှုတ်ချပြီး မိမိအယူကိုစိတ်အားထက်သန်စွာပြောဟောသူမှာ အကြောင်း-လက္ခဏာ-ဌာနဟူသောအနှစ်သာရကင်းမဲ့သောအယူကိုယူကာ မာန်ယစ်၏။ မိမိကိုယ်မိမိပညာရှင်ဘိသိက်သွန်း၏။
(၁၂)
  • အထင်ကြီးသူက နှိမ်ချပြောဆိုသည့်အတိုင်း ပြောခံရသူမှာ ဉာဏ်ပညာနိမ့်ကျသူဖြစ်လျှင် ပြောသူသည် လည်း ဉာဏ်ပညာနိမ့်ကျသူပင်ဖြစ်၏။       အကြောင်းမှာ သူတပါးအားနှိမ်တတ်သူကို အခြားသူများက လည်း နှိမ်မည်သာဖြစ်၏။ ထိုသို့ မဟုတ် နှိမ်ပြောတတ်သူသည် ပညာရှိစစ်စစ်ဖြစ်ပါလျှင် ဘာသာရေး   ငြင်းခုံသူများထဲတွင် လူယုတ်လူညံ့တယောက်မျှမရှိဘဲ အားလုံးပညာရှိသူတို့ သာ ဖြစ်ရာ၏။
(၁၃)
  • "ငါတို့ အယူဝါဒမှအခြားအယူဝါဒကိုဟောပြောသူတို့ သည် လမ်းမှန်နှင့်ဝေးသူဖြစ်သည်၊ အယူလွဲသူ-ဗာလ--ဖြစ်သည်"ဟု များစွာသော တိတ္ထိတို့ ပြောဆိုကြ၏။ ယင်းသို့ ပြောခြင်းအကြောင်းမှာ ကိုယ့်အယူ ကိုသာအထင်ကြီးပြီး အလွန်တပ်မက်စွဲလမ်းနေသောကြောင့် (မပြောသင့်သောစကားကို)ပြောဆိုခြင်း ဖြစ်၏။
(၁၄)
  • ကိုယ့်အယူကိုသာအစွဲသန်သူတို့ သည် မိမိတို့ အယူကိုသာ ကောင်းမြတ်သန့် ရှင်းသည်၊ သူတပါးအယူ မကောင်း၊မမြတ်၊မသန့် ရှင်းဟု ဆိုကြ၏။ ကိုယ့်အယူ၊အကျင့်လမ်းစဉ်မှာ ခိုင်မာသည်ဟု ဆိုကြ၏။
(၁၅)
  • ကိုယ့်အယူကိုကောင်းမွန်ခိုင်မာသည်ဟု ဆိုနိုင်ပါ၏။  အယူကွဲပြားသူကိုကား "ဗာလ"ဟု မပြောဆိုရပါ။ အခြားသူ၊ အခြားအယူကို "မသန့် ရှင်းသောအယူရှိသူဗာလ"ဟုပြောဆိုပါမူ "မိမိကိုယ်တိုင်ပင် မိမိထံသို့  ငြင်းခုံပွဲကို ဆောင်ယူလာရာရောက်၏။"
(၁၆)
  • ငြင်းခုံပွဲဝင်အယူသည်းသူသည် အယူမှားကိုစွဲစွဲမြဲမြဲလက်ကိုင်ပြု၍ လောကတခွင် ငြင်းပွဲဆင်၏။
  • မိစ္ဆာအယူစွဲလမ်းမှု၊ ဆုံးဖြတ်မှုအားလုံးကိုပယ်စွန့် သူ ရဟန္တာသည် မည်သူနှင့်မျှ ငြင်းခုံခြင်းမပြုပေ-။
စူဠဗျူဟသုတ္တန်ပြီးပြီ
Friday, December 14, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ ကလဟဝိဝါဒသုတ်အနှစ်ချုပ်
(၁)
ဂေါတမနွယ်ဖွား မြတ်စွာဘုရား----
  • ခိုက်ရန်ဖြစ်ခြင်း
  • ငြင်းခုံခြင်း
  • ငိုကြွေးခြင်း
  • စိုးရိမ်ပူဆွေးခြင်း
  • ဝန်တိုခြင်း
  • မာန်ထောင်လွှားခြင်း
  • မိမိကိုယ်ကိုအထင်ကြီး၍ သူတပါးကို မထီမဲ့မြင်ပြုခြင်း
  • ကုန်းတိုက်ခြင်း---ဟူသော အကုသိုလ်တရား ၈ ပါးတို့ သည် ဘယ်အကြောင်းကြောင့်ဖြစ်ကြသနည်း--။
(၂)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား-----
  • ခိုက်ရန်ဖြစ်ခြင်း
  • ငြင်းခုံခြင်း
  • ငိုကြွေးခြင်း
  • စိုးရိမ်ပူဆွေးခြင်း
  • ဝန်တိုခြင်း
  • မာန်ထောင်လွှားခြင်း
  • မိမိကိုယ်ကိုအထင်ကြီး၍ သူတပါးကို မထီမဲ့မြင်ပြုခြင်း
  • ကုန်းတိုက်ခြင်း---တို့ သည် ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံတို့ ကြောင့် ဖြစ်ကုန်၏။
(၃)
ဂေါတမနွယ်ဖွား မြတ်စွာဘုရား---
  • လောက၌ ချစ်ခင်နှစ်သက်ဖွယ်တို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်သနည်း---။
  • လောဘသည် ဘယ်အကြောင်းကြောင့်ဖြစ်သနည်း--။
  • ကာမဂုဏ်အကျိုးစီးပွားတို့ ၌တောင့်တမှုအာသာ၊ တောင့်တတိုင်းရမှုနိဋ္ဌာတို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း---။
(၄)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား--------
  • လောက၌ ချစ်ခင်နှစ်သက်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံတို့ သည် လိုချင်မှုဆန္ဒကြောင့် ဖြစ်ကုန်၏၊
  • လောကသားတို့ သည် လောဘစိတ်ဖြင့် ပျော်ရွှင်ကျက်စားနေကြကုန်၏။ ထိုလောကသားတို့ ၏ လောဘသည်လည်း ဆန္ဒကြောင့်ပင် ဖြစ်၏။
  • ကာမဂုဏ်အကျိုးစီးပွားတို့ ၌တောင့်တမှုအာသာ၊ တောင့်တတိုင်းရမှုနိဋ္ဌာတို့ သည်လည်း တဏှာဆန္ဒ
ကြောင့်ပင် ဖြစ်ပါသည်။
(၅)
ဂေါတမနွယ်ဖွား မြတ်စွာဘုရား-------
  • လိုချင်နှစ်သက်မှုတဏှာဆန္ဒသည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
  • ဆုံးဖြတ်ခြင်းသည်ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။
  • အမျက်ထွက်၊ လိမ်ပြော၊ ယုံမှားသံသယတို့ သည် ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း--။
(၆)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား-----
  • သာယာဖွယ်၊ ရွံမုန်းဖွယ်ကို အမှီပြု၍ တဏှာဆန္ဒဖြစ်ပေါ်သည်။
  • လောက၌ ပုဂ္ဂိုလ်သတ္တဝါသည် ရုပ်ဝတ္ထုတို့ ၏ဖြစ်ပျက်ကိုမြင်၍ လိုချင်စရာ၊ မည်သို့ ပြုရမည်ဟူသော ဆုံးဖြတ်ချက်ဖြစ်ပေါ်သည်။
  • အမျက်ထွက်၊ လိမ်ပြော၊ ယုံမှားသံသယတို့ သည် သာယာဖွယ်၊ ရွံမုန်းဖွယ်ကိုအမှီပြု၍ ဖြစ်ကြသည်။
  • = ယုံမှားသူသည် ကိုယ်တိုင်သိသူသမဏက ဟောသည့်အတိုင်း သိအောင်ကျင့်ရာ၏။
(၇)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
  • သာယာဖွယ်သည်လည်းကောင်း၊ မသာယာဖွယ်ရွံမုန်းဖွယ်သည်လည်းကောင်း အဘယ်အကြောင်း
ကြောင့် ဖြစ်ကြပါသနည်း။ အဘယ်တရားမရှိလတ်သော် သာယာဖွယ် မသာယာဖွယ်တို့ သည် မဖြစ်ဘဲရှိကြ
ပါသနည်း။
  • ပြတ်စဲအယူ၊ တည်မြဲအယူတို့ ဖြစ်ပေါ်လာခြင်းအကြောင်းတရားကိုလည်း ဖြေရှင်းပြပါလော-----။
(၈)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား--------
  • သာယာဖွယ်သည်လည်းကောင်း၊ မသာယာဖွယ်သည်လည်းကောင်း အာရုံကို တွေ့ ထိသော ဖဿကြောင့်ဖြစ်ကြ၏။ ဖဿမရှိလျှင် သာယာခြင်း၊ မသာယာခြင်းဟူသည် မဖြစ်တော့ပါ။
  • တည်မြဲ၊ ပြတ်စဲအယူ ၂ပါးသည်လည်း ဖဿကြောင့်ပင် ဖြစ်ပေါ်ပါသည်။
(၉)
ဂေါတမနွယ်ဖွားမြတ်စွာဘုရား-----
·         ဖဿသည်အဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်း--။
·         ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်ပါသနည်း--။
·         အဘယ်တရားရှိလျှင် ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းကင်းရှင်းပါသနည်း--။
·         အဘယ်တရားပျက်လျှင် ရုပ်ဒွါရ-ရုပ်အာရုံအတွေ့  ဖဿကင်းပါသနည်း။
(၁ဝ)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား------
  • မြင်သိမှုစသောနာမ်၊ မျက်စိ-အဆင်းစသောရုပ်ကို အစွဲပြုသောကြောင့် ဖဿဖြစ်ပေါ်သည်။
  • ငါ-ငါ့ဥစ္စာဟုသိမ်းပိုက်ခြင်းမှာ တဏှာကြောင့် ဖြစ်ပါသည်။
  • တဏှာမရှိတော့လျှင် ငါ-ငါ့ဥစ္စာဟု သိမ်းပိုက်ခြင်းကင်းရှင်းပါသည်။
  • ရုပ် (ရုပ်အာရုံ)မရှိတော့လျှင် မြင်-ကြား-နံ-စား-ထိတွေ့ ဟုဆိုသော ရုပ်အတွေ့ ဖဿကင်း၏။
(၁၁)
ဂေါတမနွယ်ဖွား မြတ်စွာဘုရား----
  • အဘယ်သို့ ကျင့်က ရုပ်အာရုံကို ကျော်လွန်နိုင်ပါသနည်း။
  • သုခ-ဒုက္ခဖြစ်ကြောင်း အကောင်း-အဆိုးရုပ်အာရုံ ၂ မျိုးကို အဘယ်သို့ ကျင့်ကကျော်လွန်နိုင်ပါသနည်း။
(၁၂)
နိမ္မိတရုပ်ပွား မြတ်စွာဘုရား---
  • ပကတိကာမသညာမရှိ၊ အရူးသညာမရှိ၊   ရူပဈာန်သညာမရှိ၊   အမှတ်သညာလုံးဝမရှိသည်လည်း
(၁၃)
ဂေါတမနွယ်ဖွား မြတ်စွာဘုရား----
  • ပကတိကာမသညာမရှိ၊ အရူးသညာမရှိ၊ ကသိုဏ်းရုပ်စသည်ကိုအာရုံပြုသည့်  ထင်ရှားသော
ရူပါဝစရဈာန်    သညာမရှိ၊ အာကာသစသည်ကိုအာရုံပြုသော အရူပါဝစရဈာန်သညာရှိနေသောကြောင့် သညာမရှိ သည်လည်းမဟုတ်ဟုဆိုခဲ့သောအထက်ပါစကားဖြင့် လူနတ်ဗြဟ္မာသတ္တဝါတို့ ၏ ဆင်းရဲမှ
  • ထိုသို့ မဟုတ် အရူပဈာန် အရူပဘုံမှအခြားသောအရာကို အမြတ်ဆုံး--ဟု ဆိုကြပါသလား။
(၁၄)
နိမ္မိတရုပ်ပွားမြတ်စွာဘုရား---
  • အရူပဈာန်၊အရူပဘဝကို အချို့ က--အမြတ်ဆုံး--ဟုဆိုကြသည်။
  • အချို့ ကား ဥစ္ဆေဒ(ပြတ်စဲ)အယူကို --အမြတ်ဆုံး--ဟု ဆိုကြသည်။
  • ရဟန္တာရဟန်းသည် အရူပဘဝကိုအမြတ်ဆုံးဟု၎င်း၊ လူနတ်ဗြဟ္မာဘဝမှ စုတေလျှင် ဘဝပြတ်သည်ဟု ယူဆသူတို့ သည်၎င်း တည်မြဲ-ပြတ်စဲအယူကို ယူစွဲနေကြသည်ဟုသိ၍ စွဲမှီရာဒိဋ္ဌိနှင့်ခန္ဓာတို့ ကို သိပြီး သစ္စာသိသောဉာဏ်ပညာနှင့်ပြည့်စုံ၊ အာသဝ-ကိလေသာတို့ မှ  လွန်မြောက်သဖြင့် ငြင်းခုံခြင်းသို့   မရောက်တော့ပေ--။
  • ရဟန္တာရဟန်းသည် ဘဝယုတ်မြတ်သို့ လည်း နောက်ထပ်တဖန် မရောက်တော့ပြီ--။
ကလဟဝိဝါဒသုတ်အနှစ်ချုပ်ပြီးပြီ။
Thursday, December 13, 2012
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ ပုရာဘေဒသုတ်အနှစ်ချုပ်
(၁)
  • မသေမီ တဏှာကင်းအောင်ကြိုးစားပါ
  • ရှေးအစွန်းကို မမှီရ
  • နောင်ကာလကို မျှော်၍တောင့်တခြင်းမရှိရ
  • ပစ္စုပ္ပန်မှာ တပ်မက်သူဟု ခေါ်ဝေါ်မခံရအောင် နေထိုင်ပါ။
(၂)
  • အမျက်မထွက်ရ
  • စိုးရိမ်ပူပန်ခြင်းကင်းပါစေ
  • မကြွားဝါရ
  • စက်ဆုပ်ဖွယ် ကိုယ်၊ နုတ်အမူအရာကင်းပါစေ
  • နှိုင်းနှိုင်းချင့်ချင့် စကားပြောပါ
  • စိတ်မပျံ့လွင့်စေနှင့်။
(၃)
  • အနာဂတ်ကို မမျှော်ခြင်း
  • အတိတ်ကိုမပူဆွေးမတမ်းတခြင်း
  • မြင်တွေ့ မှုစသောဖဿတို့ ကို ခွဲခြား၍သိခြင်း
  • အယူမှား (မိစ္ဆာဒိဋ္ဌိ)ဟူသမျှ ကင်းရှင်းအောင် အားထုတ်ပါ။
(၄)
  • ကိလေသာဖြစ်မည်ကို တွန့် ဆုတ်ရမည်
  • မြင်သူတိုင်းက အံ့သြနေအောင် ဟန်မဆောင်ရ
  • အားကျပြီး မတောင့်တရာ
  • ဝန်တိုစိတ်ကင်းရှင်းပါ
  • ကိုယ်နုတ်စိတ်မကြမ်းတမ်းပါစေနှင့်
  • ကြည်ညိုဖွယ်ကိုယ်နုတ်စိတ်ရှိပါစေ
  • ကုန်းချောစကားမပြောရ။
(၅)
  • ကာမဂုဏ်ဝတ္ထုတွင်းသို့  မသက်ဝင်မစီးဆင်းစေရာ
  • အထင်ကြီး၊ အထင်သေးမာနကင်းပါစေ
  •  တည်ငြိမ်သိမ်မွေ့  ရမည်
  • လေ့လာ၊ ကျင့်ကြံမှု၊ ပြဿနာများကို ထင်မြင်သော အသိဉာဏ်ပြည့်စုံပါစေ
  • သူတပါးကိုချည်းပုံပြီးယုံသူမဖြစ်စေရ
  • တပ်မက်ခြင်းကင်းပါစေ။
(၆)
  • လာဘ်ပစ္စည်းလိုချင်သောကြောင့် မကျင့်ရ
  • လာဘ်ပစ္စည်းမရသောကြောင့် စိတ်ဆိုး၊အမျက်ထွက်ခြင်းမရှိရ
  • ဆန့်ကျင်ဘက်ကြောင့် စိတ်မဆိုးပေရာ
  • တဏှာဖြင့် အရသာတို့ ၌ မစွဲလမ်းရာ (အစားကောင်းကို မမက်ရာ-စသည်)--။
(၇)
  • အမြဲတမ်းအမှတ်သတိနှင့်နေ
  • သူတပါးနှင့်မိမိ အတူတူပဲဟုထင်သော မာနမရှိရာ
  • မိမိကသူတပါးထက်ထူးကဲသာလွန်တာပဲဟုထင်သောမာနမရှိရာ
  • မိမိက သူတပါးအောက်နိမ့်ကျသိမ်ငယ်တာပဲဟုထင်သော မာနမရှိရာ
  • သံသရာ၏မြေသြဇာ ကိလေသာကံများလည်း မရှိရာ---။
(၈)
  • မှီတွယ်ရာ တဏှာ၊ ဒိဋ္ဌိမရှိရာ
  • ရုပ်နာမ်ဓမ္မသင်္ခါရကိုသိပြီး အမှီအတွယ်ကင်းရာ၏
  • ရဟန္တာမှာ ဘဝဒိဋ္ဌိ၊ သဿတဒိဋ္ဌိကိုတပ်မက်သည့် တဏှာမရှိ
  • ရဟန္တာမှာ ဝိဘဝဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိကို တပ်မက်သည့်တဏှာမရှိ--။
(၉)
  • ရဟန္တာပုဂ္ဂိုလ်သည်ကာမဂုဏ်တို့ ၌ ငဲ့ကွက်တွယ်တာခြင်းမရှိ
  • ဘဝသံသရာကို ရှည်စေသော ကြိုးထုံးနှင့်တူသော ဂန္ထတရားမရှိ
  • တဏှာနယ်ကို ကျော်လွန်ပြီးပြီ။
(၁ဝ)
  • ရဟန္တာမဖြစ်ခင် မိသားစု၊ ပစ္စည်းပိုင်ဆိုင်မှုအပေါ် သာယာတပ်မက်မှုရှိခဲ့သော်လည်း ရဟန္တာဖြစ်ပြီးချိန်
မှစ၍ သာယာတပ်မက်ခြင်းလုံးဝမရှိတော့ပြီ
  • အတ္တဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိလည်းမရှိတော့ပေ။
(၁၁)
  • ရဟန္တာပုဂ္ဂိုလ်သည် သူတပါးကိုလည်း မစွပ်စွဲ၊ သူတပါးစွပ်စွဲပုတ်ခတ်သည်ကိုလည်း မတုန်လှုပ်--။
(၁၂)
  • ရဟန္တာသည် မက်မောခြင်းကင်း၏
  • ဝန်တိုခြင်းကင်း၏
  • အရည်အချင်း၊ ဂုဏ်သာလွန်မြင့်မြတ်သူတို့ ထက် မိမိကသာလွန်၊ တန်းတူ၊ နိမ့်ကျကြောင်း ဆက်စပ်ပြီးမပြောဆို
  • လိုချင်နှစ်သက်မှု (တဏှာ) အယူအဆမှားမှု (ဒိဋ္ဌိ)လည်း မရှိ--။
(၁၃)
  • ရဟန္တာသည် ငါ၊ ငါ့ဥစ္စာဟု စွဲလမ်းခြင်းမရှိ၊ စိုးရိမ်ပူဆွေးခြင်းမရှိ
  • အဂတိ ၄ ပါးမလိုက်မှားတော့ပြီ။
ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိတော်၊ အဋ္ဌကဝဂ်လာ ပုရာဘေဒသုတ်အနှစ်ချုပ်ပြီးပြီ။
အညွှန်း။ အကျယ်ဖတ်လိုက မဟာစည်ဆရာတော်၏ ပုရာဘေဒသုတ်တရားတော်စာအုပ်ကို ဖတ်ပါလေ...။
Saturday, November 24, 2012
Friday, November 2, 2012
ချွတ်ချော်စပြုလာနေတဲ့မဟာစည်ကျမ်းစာတအုပ်
၁။
မဟာသတိပဋ္ဌာန်သုတ္တန်သင်တန်းအတွက် ကျမ်းစာအုပ်အလှုရှင်တဦးပေးလာတဲ့ "မဟာစည်-မဟာသတိပဋ္ဌာန
သုတ်နိဿယ"စာအုပ်ကို လက်ခံရရှိတာ ၂ဝဝ၉ ခုနှစ်လောက်ကတည်းကလို့ မှတ်မိတယ်။ လက်ဆောင်ရတဲ့စာ
အုပ်က ဆဋ္ဌမအကြိမ်ပုံနှိပ်မူဖြစ်ပါတယ်။ စာရေးသူမှာ ပဉ္စမအကြိမ်ပုံနှိပ်မူစာအုပ်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ စာအုပ် ၂ အုပ်ရှိတော့ အသစ်ဖတ်လိုက် ၊ အဟောင်းဖတ်လိုက်လုပ်နေခဲ့ရာက အသစ်စာအုပ်တနေရာမှာတွေ့ ရတဲ့ စာ တခုကြောင့် အံ့သြသင့်သွားရတယ်။ အဲဒါကတော့………………………
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း လွန်မြောက်နိုင်ပေ၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤ
သို့ ရှင်းလင်းပြထားလေပြီ။"
အထူးသတိပြုသင့်တဲ့ဝါကျဟာ " ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများမှာ သတိပဋ္ဌာန်
နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ 
ရှင်းလင်းပြထားလေပြီ။"
တရားနာတဲ့တထိုင်အတွင်း မဂ်ဖိုလ်ဉာဏ်၊ ဝိပဿနာဉာဏ်ကို ဆိုက်ရောက်သွားကြတဲ့ သူတော်စင်တွေဟာ သတိပဋ္ဌာန်တရား ၄ ပါးထဲက တပါးပါးကို ရှုပွားနေရင်း ရောက်သွားကြတာဖြစ်တယ်။ သတိပဋ္ဌာန်တရားကို
ပွားများအားထုတ်တဲ့ လုပ်ငန်းစဉ်မပါဘဲ ဒီလို တရားထူး၊ တရားမြတ်ကို မရနိုင် မရောက်နိုင်ပါဘူးဆိုတာ အဲသည်
သတိပဋ္ဌာန်သုတ်အဋ္ဌကထာမှာ ပြောထားပြီးသားပါ။ မဟာစည်ဆရာတော်ကြီးကိုယ်တိုင်လည်း အဋ္ဌကထာထဲက
"ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ= ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိပဋ္ဌာန်၏အာရုံလေးပါးထဲက တပါးပါးကိုမျှ မသုံးသပ်၊ မရှုမှတ်မူ၍ ဝိပဿနာဉာဏ်-မဂ်ဉာဏ်ကိုဖြစ်စေနိုင်
သော ပညာဘာဝနာမည်သည်ဖြစ်ရုံးမရှိချေ" ဆိုတဲ့ ဖော်ပြချက်ကို ကိုးကားပြီ့း ဝိပဿနာရှုနည်းကျမ်း၊ သတိပဋ္ဌာန်တရားစတာတွေမှာ အကြိမ်ကြိမ် အဖန်ဖန်ဟောတော်မူတာ လေ့လာတွေ့ ရှိရပါတယ်။ ဒီလိုဖြစ်နေပါ
လျက် အခုကောက်နုတ်ပြတဲ့ ဝါကျဟာ မဟာစည်ဆရာတော်ဆိုလိုတဲ့အာဘော်မဟုတ်နိုင်ဘူးလို့  သံသယဖြစ်
လာပါတယ်။
၂။
သံသယအခြေခံတော့ ပဉ္စမအကြိမ်ပုံနှိပ်တဲ့ မဟာစည်သတိပဋ္ဌာန်သုတ်နိဿယစာအုပ်နဲ့  တိုက်ဆိုင်ဖတ်ကြည့်
တယ်။ ပဉ္စမအကြိမ်ပုံနှိပ်မူမှာ တွေ့ ရတာက……..
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ
ကဲ့သို့ ပင် ပရိဒေဝကိုလည်း လွန်မြောက်နိုင်၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြသောသူများ
မှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားရသော တရားကို သဘောကျရုံမျှဖြင့်ပင် ကိစ္စပြီးသွားသည်ဟုထင်
မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့ ရှင်းလင်းပြထားလေပြီ……." လို့ သာ ဖြစ်နေ
တယ်။
ဒီဆန့် ကျင်ဘက်ဝါကျ ၂ ကြောင်းကို ဇယားကွက်ချကြည့်တော့ အခုလိုတွေ့ ရပါတယ်။
ပဉ္စမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၉
ဆဋ္ဌမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၈
ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြ
သောသူများမှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားသောတရားကို သဘောကျရုံမျှဖြင့် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ဤအရာ၌ တရားနာစဉ်တွင်မဂ်ဖိုလ်သို့ ရောက်သော
သူများမှာ သတိပဋ္ဌာန်နည်းဖြင့်ပင်ကိစ္စပြီးသွားသည်
ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ပဉ္စမအကြိမ်ပုံနှိပ်မူက "တရားနာရုံ၊ တရားသိရုံနဲ့ ကိစ္စပြီးတယ်၊ တရားကို အကူးတကအားထုတ်နေစရာမလိုဘူး"
လို့ အမှားပြောနေသူတွေရဲ့  အဓမ္မဝါဒကို အမှန်တရားဓမ္မနဲ့ တိုက်ဖျက်တယ်။ ဓမ္မကို ပြတယ်။
ဆဋ္ဌမအကြိမ်ပုံနှိပ်မူကတော့ သူတပါးအမှားကို ပြင်ဖို့ အသာထား၊ သူကိုယ်တိုင်က အဓမ္မဝါဒဖြစ်နေပါတယ်။
၃။
မဟာစည်ဆရာတော်ကြီးရဲ့စာပေတွေဟာ သာသနာနယ်၊ စာပေနယ်မှာ အင်မတန်သြဇာကြီးကြောင်း၊ ပညာရှင်တွေ တန်ဘိုးထားလေးစားကြောင်း အထူးပြောစရာမလိုပါ။ ၁၉၈ဝ နှစ်တွေလောက်က တွေ့ ရတဲ့
မဟာစည်စာအုပ်တွေဟာ အပြင်အဆင်၊ သပ်ရပ်ကောင်းမွန်ခဲ့ပါတယ်။ သို့ သော် နောက်ပိုင်းမှာမဟာစည်
ကျမ်းစာတွေထုတ်ဝေမှုမှာ ပြီးစလွယ် (ပစ္စလက္ခတ်) လုပ်လာတာတွေ့ ရတာ အင်မတန်ဝမ်းနည်းဖွယ်ကောင်းပါ
တယ်။ ဒါကြောင့် သက်ဆိုင်ရာ မဟာစည်အသိုင်းအဝိုင်းတို့ က မဟာစည်ဆရာတော်ကြီးရဲ့ဂုဏ်သိက္ခာမထိခိုက်
ရအောင် ကျမ်းစာတွေကို မျက်နှာလွှဲခဲပစ်လုပ်မထားဘဲ ပညာရှင်အင်အားနဲ့ ပြန်လည်စီစစ်သင့်ပြီလို့  တိုက်တွန်း
ချင်ပါတယ်။
မဟာသတိပဋ္ဌာန်သုတ်နိဿယမှာ အခုပြောခဲ့အမှားအပြင် အခြားပြင်ဆင်စရာတွေလည်း အများအပြား
ရှိနေပါတယ်။ အရင့်အရင်နှစ်တွေက ထုတ်ဝေခဲ့တဲ့ ပုံနှိပ်မူတွေနဲ့ တိုက်ဆိုင်ကြည့်ရင် သိသာနိုင်တာမို့ လို့ 
 အကျယ်တဝင့် မပြောတော့ပါ။ မဟာစည်ဆရာတော်ကြီး အမှန်ရေးခဲ့တာကို ငါတို့ လက်ထက်ရောက်မှ အမှားဖြစ်ရင် ငါတို့ ညံ့လို့ ပဲ၊ ငါတို့ မညံ့အောင် ဆရာတော်ကြီးရဲ့စာအုပ်တွေကို စီးပွားဖြစ်ထုတ်တာမဟုတ်ဘဲ သာသနာပြုတဲ့အနေထုတ်ဝေတာမျိုးဖြစ်အောင် ငါတို့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။
အမရဒီပ
နိုဝင်ဘာ ၂၊ ၂ဝ၁၂
Thursday, November 1, 2012
ပဉ္စသီခရဲ့ ချစ်ဒုက္ခကဗျာစာရင်း
၁။
တာဝတိံသာနတ်ပြည်က ဂီတလုလင်စောင်းဆရာ ပဉ္စသီခနတ်သားဟာ သိကြားမင်းရဲ့ဘုရားဖူး၊ တရားနာခရီးစဉ်
ရှေ့ တော်ပြေးအဖြစ်နဲ့ မြတ်စွာဘုရားသီတင်းသုံးရာနေရာ မလှမ်းမကမ်းသို့ ရောက်လာပြီး  သူ့ ရဲ့ချစ်ဒုက္ခ
ကဗျာသီချင်းတွေကို ကိုယ်တိုင်ဆို၊ ကိုယ်တိုင်စောင်းတီးပြီး ဘုရားရှင်ကို ရွှေနားတော်သွင်းခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်၊ သက္ကပဥှသုတ္တန်မှာ အပြည့်အစုံတွေ့ နိုင်ပါတယ်။
အခုတင်ပြလိုတာက ပဉ္စသီခချစ်ဒုက္ခကဗျာသီချင်း (ဂါထာ) စာရင်းကိစ္စအကြောင်းပါ။ အကြောင်းခံကတော့ ဟောဒီ မဟာသုတကာရီမဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၁ အဆိုကြောင့်ပဲဖြစ်ပါတယ်။
"နတ်ပြည်မိုးမြင့် ၊ ဘုံခြောက်ဆင့်က
မာရ်မင်းစောင်းရင်း  ၊ ဥသျှစ်ဆင်းကို
ဝင်းဝင်းပိုက်ကာ ၊ ငြိမ်းအေးစွာလျှင်
ဂါထာဆဲ့ငါး ၊ မြတ်စွာကြားအောင်
ဘုရားလူ့ ဘ ၊ သမ္ဗုဒ္ဓ၏
ဣန္ဒသာလာ ၊ ဂုဟာနီးကပ်
သာတင့်ရပ်က ၊ ဂန္ဓဗ်သနင်း
သျှောင်ငါးကွင်းနှင့် ၊နတ်မင်းဉ္စသီ
ဒေဝီရောင်ပ ၊ သူရိယဝစ်
မ-မာန်ယစ်လျှက် ၊ လက်ရစ်သံစုံ
ဥဿုံမချို့ ၊ ငွေညှို့ ခုနစ်ချောင်း
သံစုံညောင်းလျက် ၊ သံမောင်းသံညှင်း
မတင်းမလျော့၊ လက်ကုန်ဆော့၍
ရှင်တော့်ထံမှောက် ၊ ကျူးသီလျှောက်သို့ ….."
တွေ့ တဲ့အတိုင်းပါပဲ …..။
ပဉ္စသီခနတ်သားဟာ မြတ်စွာဘုရားကို ဂါထာ ၁၅ ပုဒ်နဲ့  သူရိယဝစ္ဆသာနတ်သမီးနဲ့ ပတ်သက်ပြီး ဘယ်လိုခံစား
နေရပါတယ်ဆိုတာ လျှောက်ထားတယ်ဆိုတဲ့အကြောင်း "ဂါထာဆဲ့ငါး ၊ မြတ်စွာကြားအောင်"….လို့ မန်လည်
ဆရာတော်ကြီးဖွဲ့ သွားခဲ့ပါတယ်။
၂။
တိုက်ဆိုင်ချင်တော့ အကြောင်းတခုနဲ့ မှတ်စုစာအုပ်ထဲမှာ "ပဉ္စသီခနတ်သားရဲ့မယ်ဘွဲ့ "ဆိုတဲ့ခေါင်းစဉ်နဲ့ 
ပါဠိရော၊ မြန်မာပြန်ပါကူးရေးထားတာ ရှိနေပါတယ်။ အဲဒါကိုသတိရပြီး ပြန်ဖတ်ကြည့်တော့ မဃဒေဝလင်္ကာသစ်ဆရာတော်ကြီးရေးသလို ၁၅ ဂါထာမဟုတ်ဘဲ ၁ ဂါထာလျော့ပြီး ၁၄ ဂါထာသာ
ရှိနေတာတွေ့ ရပါတယ်။ ဆိုင်ရာအဋ္ဌကထာ၊ ဋီကာတို့ မှာ ဂါထာအရေအတွက်ကိုဖော်ပြထားတာရှိလေမလား
လို့ လည်းအတွေးပေါက်ကာ ကြည့်မိပြန်တယ်။ ဋ္ဌ-ဋီတို့ မှာဂါထာအရေအတွက်ကို တိတိကျကျဖော်ပြတာ
မတွေ့ ပါဘူး။ မဟာစည်ဆရာတော်ကြီးရဲ့ သက္ကပဥှသုတ္တန်တရားတော်ကြီးစာအုပ်ထဲမှာလည်း ပဉ္စသီခ
နတ်သားဘုရားကို လျှောက်တာ ၁၄ ဂါထာလို့ သာ ဖော်ပြထားတာတွေ့ ရပြန်တယ်။
 မင်းကွန်းတိပိဋကဆရာတော်ကြီးရဲ့ မဟာဗုဒ္ဓဝင်၊ ၅၊ ၆၇-၇၆ မှာလည်း ပဉ္စသီခနတ်သားရဲ့ စောင်းချင်းဂါထာများကို ၁၄ ဂါထာလို့ သာ အတိအကျဆိုထားပြန်ပါတယ်။ မဟာစည်ဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်တို့ ဆိုတာ ဆဋ္ဌသင်္ဂါယနာမူကို ပဓာနထားသုံးစွဲလို့ ဒီလို ၁၄ ဂါထာလို့ တညီတညွတ်တည်းဆိုတော်မူသလောလို့ 
ဆင်ခြင်စရာလည်း ရှိပြန်ရဲ့ …။ သို့ သော် မဟာဗုဒ္ဓဝင် ၅ မှာပါတဲ့ ပဉ္စသီခစောင်းချင်းဂါထာအနက်တွေကို ပဉ္စမသင်္ဂါယနာအကြီးအမှုးတပါးဖြစ်တော်မူတဲ့ ဆီးဘန်းနီဆရာတော်ကြီးရေးသားတော်မူတဲ့ ကဝိမဏ္ဍနမေဒနီကျမ်း
လာမြန်မာအနက်ကို ဆင့်ပွားဖော်ပြပါတယ်။
ဒါကြောင့် မန်လည်ဆရာတော်ကြည့်ရှုတဲ့မူဟာ ပဉ္စမသင်္ဂါယနာတင်မူ ဖြစ်နိုင်လို့  ကဝိမဏ္ဍနမေဒနီကျမ်းလိုပဲ 
ဂါထာ ၁၄ ခုသာဖော်ပြတဲ့ မူဖြစ်ဖွယ်ရှိပါတယ်။  မိုးထိမူစာချနက်၊ သုတ်မဟာဝါနိဿယမှာလည်း ၁၄ ဂါထာကို
သာ မြန်မာပြန်ထားတာ တွေ့ ရပါတယ်။ 
၃။
ဖော်ပြပါ ပဉ္စသီခနတ်သားရဲ့ချစ်ဒုက္ခသီချင်းပါဠိ၊ မြန်မာများဟာ ဆဋ္ဌသင်္ဂါယနာမူ၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိတော်
၊ သက္ကပဥှသုတ္တန်၊ စာမျက်နှာ ၂၁၂၊ ၂၁၃ နဲ့  ယင်းမြန်မာပြန် ၂၃၈-၂၄ဝ တို့ မှာပါတဲ့အတိုင်း မူအတိုင်းကူးယူထား
တာဖြစ်ပါတယ်။ (မဟာဂန္ဓာရုံဆရာတော်ရဲ့ သုတ်မဟာဝါဘာသာဋီကာ၊ ၃၊ ပါဠိတော်၊ အဋ္ဌကထာအနက်ကိုလည်း
ရှုစားသင့်ပါတယ်။)
(၁) ဝန္ဒေ တေ ပိတရံ ဘဒ္ဒေ ၊ တိမ္ဗရုံ သူရိယဝစ္ဆသေ။
     ယေန ဇာတာသိ ကလျာဏီ ၊ အာနန္ဒဇနနီ မမ။
(၁) ချစ်နှမသူရိယဝစ္ဆသာ….. အကြင်နတ်မင်းကြောင့် ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံ၍ ငါ့အားနှစ်သက်မြတ်နိုး
ခြင်းကိုဖြစ်စေနိုင်သည့် သင်သည် ဖြစ်ပေါ်လာရပေ၏။ သင်၏ဘခင် ထို တိမ္ဗရုသကနတ်မင်းကို ငါ ရှိခိုး၏။
(၂) ဝါတောဝ သေဒတံ ကန္တော၊ ပါနိယံဝ ပိပါသတော။
     အင်္ဂီရသိ ပိယာမေသိ ၊ ဓမ္မော အရဟတာမိဝ။
(၂) ပြိုးပြိုးပြက်ပြက်အရောင်ထွက်သော ချစ်နှမ.. ချွေးထွက်နေသူတို့ သည် လေအေးကို နှစ်သက်သကဲ့သို့  ၊ ရေငတ်နေသူတို့ သည် ရေအေးကို နှစ်သက်သကဲ့သို့ ၊ ရဟန္တာတို့ သည် (လောကုတ္တရာ) တရားကို
 နှစ်သက်တော်မူသကဲ့သို့  ငါသည် သင့်ကို ချစ်ကြိုက်လျက်ရှိပါ၏။
(၃) အာတုရေဿဝ ဘေသဇ္ဇံ ၊ ဘောဇနံဝ ဇိဃစ္ဆတော။
    ပရိနိဗ္ဗာပယ မံ ဘဒ္ဒေ ၊ ဇလန္တမိဝ ဝါရိနာ။
(၃) (ချစ်နှမ) … ဆေးသည် သူနာ၏ရောဂါကိုငြိမ်းစေသကဲ့သို့ ၊ အစာသည် ငတ်မွတ်နေသူ၏ဆာလောင်ခြင်း
ကို ငြိမ်းစေသကဲ့သို့  ငါ၏အချစ်မီးကို ငြိမ်းစေပါလော့….။
(၄) သီတောဒကံ ပေါက္ခရဏီ ၊ ယုတ္တံ ကိဉ္ဇက္ခရေဏုနာ။
    နာဂေါ ဃမ္မာဘိတတ္တောဝ ၊ သြဃာဟေ တေ ထနူဒရံ။
(၄) (ချစ်နှမ)… အလွန်ပူအိုက်သောဆင်ပြောင်ကြီးသည် ကြာဝတ်မှုန်ပြွမ်းလျက် အေးမြသောရေရှိသည့်ရေကန်
ထဲသို့ (သက်ဆင်းသကဲ့သို့ ) ငါသည် သင်၏ရင်ခွင်ထဲသို့ သက်ဆင်းလိုပါ၏။
(၅) အစ္စကုင်္သောဝ နာဂေါဝ ၊ ဇိတံ မေ တုတ္တတောမရံ။
     ကာရဏံ နပ္ပဇာနာမိ ၊ သမ္မတ္တော လက္ခဏူရုယာ။
(၅) (ချစ်နှမ)… ချွန်းအုပ်မရအောင် အမုန်ကျနေသော ဆင်သည် လှံလျင်လှံမကို ငါနိုင်ပြီဟု မာန်ယစ်လျက် မည်သည့်အကြောင်းကိုမျှ မသိသကဲ့သို့  လက္ခဏာနှင့်ညီညွတ်သည့်ပေါင်ရှိသော သင်နှမကြောင့် အချစ်မာန်ယစ်
နေသော ငါသည် မည်သည့်အကြောင်းကိုမျှ မသိတော့ပါ။
(၆) တယိ ဂေဓိတစိတ္တောသ္မိ ၊  စိတ္တံ ဝိပရိဏာမိတံ။
     ပဋိဂန္တုံ န သက္ကောမိ ၊ ဝင်္ကဃသ္တောဝ အမ္ဗုဇော။
(၆) (ချစ်နှမ)…. ငါ၏စိတ်သည်သင်နှမအပေါ်၌ တဖက်သတ်တိမ်းညွတ်လျှက် စွဲမက်နေချေပြီ။ ငါးမျှားချိတ်ကို မျိုမိသော ငါးကဲ့သို့ ပင် ငါ၏စိတ်ကိုပြန်လည်ဆုတ်နစ်စေရန် မစွမ်းနိုင်တော့ပါ။
(၇) ဝါမူရု သဇ မံ ဘဒ္ဒေ ၊ သဇ မံ မန္ဒလောစနေ ။
     ပလိဿဇ မံ ကလျာဏိ ၊ ဧတံ မေ အဘိပတ္ထိတံ ။
(၇) တင့်တယ်သောပေါင်လုံးရှိသောချစ်နှမ… ငါ့ကိုဖက်လှည့်ပါလော့၊ မခို့ သရိုကြည့်လေ့ရှိသောချစ်နှမ.. ငါ့ကိုဖက်လှည့်ပါလော့။ ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ… ငါ့ကိုဖက်လှည့်ပါလော့။ ဤသို့ ဖက်ခြင်း
ကို ငါသည် အလွန်ပင်တောင့်တလျက်ရှိပါ၏။
(၈) အပ္ပကော ဝတ မေ သန္တော၊ ကာမော ဝေလ္လိတကေသိယာ။
အနေကဘာဝေါ သမုပ္ပါဒိ ၊ အရဟန္တေဝ ဒက္ခိဏာ။
(၈) ချစ်နှမ…. ငါ၏ချစ်ခင်တပ်မက်မှုသည် ပကတိအားဖြင့် အနည်းငယ်မျှဖြစ်သော်လည်း ရဟန္တာပုဂ္ဂိုလ်၌ လှုဒါန်းခြင်းဒါနစေတနာသည် အတိုင်းမသိတိုးပွားသကဲ့သို့  အဖျားကော့သောဆံပင်ရှိသည့် သင်နှမ၌ ငါ၏ချစ်ခင်တပ်မက်မှုသည် အမျိုးမျိုးတိုးပွားဖြစ်ပေါ်လျက်ရှိ၏။
(၉) ယံ မေ အတ္ထိ ကတံ ပုညံ ၊ အရဟန္တေသု တာဒိသု။
     တံ မေ သဗ္ဗင်္ဂကလျာဏိ ၊  တယာ သဒ္ဓိံ ဝိပစ္စတံ။
(၉) အလုံးစုံသော ကောင်းခြင်းငါးဖြာလက္ခဏာနှင့်ပြည့်စုံသော ချစ်နှမ… သည်းခံခြင်းစသည် တာဒိဂုဏ်နှင့်ပြည့်စုံ
ကုန်သော တာဒိဂုဏ်နှင့်ပြည့်စုံကုန်သော မြတ်စွာဘုရားတို့ ၌ ပြုခဲ့သော ငါ၏ကောင်းမှုဟူသမျှသည် သင်နှမနှင့်
အတူ အကျိုးပေးပါစေသတည်း။
(၁ဝ) ယံ မေ အတ္ထိ ကတံ ပုညံ ၊ အသ္မိံ ပထဝိမဏ္ဍလေ။
        တံ မေ သဗ္ဗင်္ဂကလျာဏိ ၊  တယာ သဒ္ဓိံ ဝိပစ္စတံ။
(၁ဝ) အလုံးစုံသောကောင်းခြင်းငါးဖြာလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ…. ဤမြေပြင်၌ ငါပြုထားသော
 ကောင်းမှုဟူသမျှသည် သင်နှမနှင့်အတူ အကျိုးပေးပါစေသတည်း။
(၁၁) သကျပုတ္တောဝ ဈာနနေ ၊ ဧကောဒိ နိပကော သတော။
       အမတံ မုနိ ဇိဂိသာနော ၊ တမဟံ သူရိယဝစ္ဆသေ။
(၁၁) (ချစ်နှမ)… သာကီဝင်မင်းသားမြတ်စွာဘုရားသည် ဈာန်ဖြင့်တစိတ်တည်းရှိလျှက် သတိပညာနှင့်ယှဉ်လျက် အမြိုက်နိဗ္ဗာန်ကိုရှာသကဲ့သို့ ငါလည်းသင့်ကိုရှာနေပါ၏။
(၁၂) ယထာပိ မုနိ နေႏၵယ် ၊ ပတြာ သေမၺာဓိမုတၱမံ။
       ဧဝံ နေႏၵယ်ံ ကလ်ာဏိ ၊ မိႆီဘာဝံ ဂေတာ တယာ။
(၁၂) ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသောချစ်နှမ…. မြတ်စွာဘုရားသည် မြတ်သောသမ္ဗောဓိဉာဏ်သို့ ရောက်၍ ဝမ်းမြောက်တော်မူသကဲ့သို့ ဤအတူပင် ငါသည်သင်နှင့်ပေါင်းသင်းရသည်ဖြစ်၍ ဝမ်းမြောက်ရပါစေသား….။
(၁၃) သက္ကော စေ မေ ဝရံ ဒဇ္ဇာ ၊ တာဝတိံသာနမိဿရော။
      တဝဟံ ဘဒ္ဒေ ဝရေယျာဟေ ၊ ဧဝံ ကာမော ဒဠှော မမ။
(၁၃) (ချစ်နှမ) သူရိယဝစ္ဆသာ… တာဝတိံသာနတ်တို့ ၏အရှင်သိကြားမင်းသည် ငါ့အားလိုရာဆုကိုပေးခဲ့လျှင် ငါသည် သင်နှမကိုသာ တောင်းယူပါအံ့။  ငါ၏ချစ်ကြိုက်ခြင်းသည် ဤမျှလောက်ခိုင်မြဲလျှက် ရှိပါ၏။
(၁၄) သာလံဝ န စိရံ ဖုလ္လံ ၊ ပိတရံ တေ သုမေဓသေ။
       ဝန္ဒမာနော နမဿာမိ ၊ ယဿာ သေတာဒိသီ ပဇာ။
(၁၄) လိမ္မာရေးခြားရှိလှပေသော ချစ်နှမ… ဤသို့ ကောင်းခြင်းလက္ခဏာနှင့်ပြည့်စုံသည့် သမီးရတနာရှိသော ပွင့်သစ်စအင်ကြင်းပန်းသဖွယ်တင့်တယ်သော သင့်ဘခင်တိမ္ဗရုသကနတ်မင်းကြီးကို ဦးညွတ်ရှိခိုးပါ၏။
၎။
 မူလကျမ်းရင်းဖြစ်တဲ့ သက္ကပဥှသုတ္တန်မှာ ပဉ္စသီခနတ်သားရဲ့ သီချင်းဂါထာကို ၁၄ ပုဒ်မျှသာပြဆိုထားလို့ မဃဒေဝ
လင်္ကာသစ်ကျမ်းမှာဖွဲ့ ဆိုတဲ့ "ဂါထာဆဲ့ငါး ၊ မြတ်စွာကြားအောင်"….ဆိုတဲ့စကားဟာ ကျမ်းအဆိုနဲ့ ကွဲလွဲနေကြောင်း
 အထူးပြောဖွယ်မလိုပါဘူး။ မန်လည်ဆရာတော်ကြီးကြည့်ရှုတော်မူတဲ့ သက္ကပဥှသုတ္တန်မှာ ဂါထာ ၁၅ ပုဒ်ပါခဲ့သည်
မှန်သော် ကြားကာလတခုမှာ ဂါထာ ၁ ပုဒ်ပျောက်ဆုံးသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ သို့ မဟုတ် ဂါထာ ၁၄ ပုဒ်
အမှန်ရှိနေတာကို အကောက်အယူချွတ်ချော်ပြီး ပမာဒလေခအနေနဲ့  ၁၅ ပုဒ်လို့ ရေးသားမိတာလည်း ဖြစ်နိုင်
ကောင်းပါတယ်။ မည်သို့ ပင်ဖြစ်စေ…. မြန်မာစာပေနဲ့ ပိဋကတ်ပညာရှင်များအတွက် စဉ်းစားတွေးတောဖွယ်
အကြောင်းအရာတခုရသွားကြမယ်ဆိုရင် စာရေးသူအတွက် ဒီဆောင်းပါးကိုရေးရကျိုးနပ်တယ်လို့  ယုံကြည်
မျှော်လင့်မိပါတယ်….။
အမရဒီပ
နိုဝင်ဘာ ၁၊ ၂ဝ၁၂