Total Pageviews
Thursday, September 27, 2012
လီနတ္ထဒီပနီနှင့် မြန်မာစကား၊ သမိုင်းအခင်းအကျင်း- ၁
၁။
မန်လည်ဆရာတော်ကြီး၏ မဟာသုတကာရီမဃဒေဝလင်္ကာသစ်ကို ၁၉ဝ၇ မှာ ပထမအကြိမ်ပုံနှိပ်ထုတ်ဝေတော့ ၊ အဓိပ္ပါယ်အဖွင့်ကျမ်း လီနတ္ထဒီပနီ ပူးတွဲပါဝင်သည်။
"ဤမဃဒေဝလင်္ကာနှိုက်  မဂဓဘာသာ သက္ကဋဘာသာများကို မဆိုချန်ထား ဇာတ်ဝတ္ထုတို့ နှင့် ပေါရာဏစကား ခွဲထားပင့်ရစ်များ မထင်မရှား ကွယ်ငုပ်သော အဓိပ္ပါယ်အနက်တို့ ကို ထင်ရှားသိလွယ်ရုံ အကျဉ်းမျှ လီနတ္ထဒီပနီ
ကို ရေးလိုက်ဦးအံ့……" ဟု နိဒါန်းချီထားသည်။
၂။
"တကျိပ်ခုနစ် ၊ မဟာရာဇ်တို့ 
အနှစ်ရှည်ကြာ ၊ ဘုန်းရောင်ဖြာ၍"  (ပိုဒ်ရေ-၂၈)
ဂဏန်း ၇ (Seven) ကို ဆိုလိုက နသက်သက်ဖြင့် "ခုနစ်"ဟု ပြောရသည်။ ယခုနှစ်၊ ဒီနှစ် (This year) ကို 
ဆိုလိုက "ခုနှစ်"ဟု နငယ်မှာ ဟထိုးထည့်ပြီး ပြောရကြောင်း ရှင်းပြထား၏။
၃။
"ဝိဒေဟတိုင်း ၊ ရှေးသမိုင်းနှင့်
ကသိုဏ်းပမာ ၊ မြေမျက်နှာတွင်" (ပိုဒ်ရေ-၃ဝ)
ဤအပိုဒ်တွင်ပါဝင်သည့် "သမိုင်း" ဝေါဟာရနှင့်ဆက်နွယ်သည့် အခြားဝေါဟာရတို့ ကို ရှင်းပြထား၏။အောက်
တွင်ရှုပါ…။
သမိုင်းဟူသည်
သမိုင်းဟူသည် အဆိုးအကောင်း အကြောင်းခြင်းရာ အဋ္ဌုပ္ပတ္တိဖြစ်ပျက်ပုံများကို အစဉ်အစီမှတ်သားထားခြင်းဖြစ်
သောနိဒါန်းပင်တည်း။
ကျောက်စာ၊ သံပိုင်း၊
၎င်းသမိုင်းနိဒါန်းစာတန်းကိုပင် အခိုင်အခံ့ကျောက်ပြားသံပြားထက် ရေးထားအပ်သောကြောင့် ကျောက်စာဟူ၍
၎င်း၊ သံပိုင်းဟူ၍၄င်း ခေါ်ဝေါ်ကုန်၏။
မော်ကွန်း၊ ဥဒါန်း၊ လိပ်ကမ္ပည်း
အရှည်အကြာ၊ ထင်ရှားပြန့် နှံ့ အောင် ရေးသားတင်ထားအပ်သောကြောင့် မော်ကွန်းဟူ၍လည်း ခေါ်ဝေါ်ကုန်၏။
အစဉ်ရှည်ကြာပြောပစရာဖြစ်သောကြောင့်လည်း ဥဒါန်းဟူ၍ ခေါ်ဝေါ်ကုန်၏။
အက္ခရာတို့ ဖြင့်ရေးထုအပ်သောကြောင့်လည်း လိပ်ကမ္ပည်းဟူ၍ ခေါ်ဝေါ်ကုန်၏။
အခေါ်သာကွဲ၊ သဘောချင်းတော့တူ
ဤသမိုင်း၊နိဒါန်း၊စာတန်း၊ ကျောက်စာ၊သံပိုင်း၊ မော်ကွန်း၊ ဥဒါန်း၊လိပ်ကမ္ပည်းဟူသည်ကား အဓိပ္ပါယ်သဘောအရ အတူတူတို့ ချည်း၊ မထူးမကွဲလှသည်သာဟူ၍ မှတ်ရာ၏။
ကာလအားဖြင့်ခွဲခြား
ဘုရားသမိုင်းဟူသည် အနာဂတ်၌ ဖြစ်၏။ (အနာဂတဝင်ကျမ်းမျိုး၊ ဗျာဒိတ်ထားချက်မျိုးကို ဆိုလိုပုံရသည်။)
ထိုထိုရာဇဝင်ကျောက်စာသမိုင်းစသည်ကား အတိတ်၊ ပစ္စုပ္ပန်တို့ ၌ဖြစ်၏။ ထိုထိုရာဇဝင်ကျောက်စာသမိုင်း
လင်္ကာမော်ကွန်းဟောင်းစသည်၌ ထင်ရှားကုန်၏။
ဤဖော်ပြခဲ့ပြီးသမျှတို့ ကား မန်လည်ဆရာတော်၏ လီနတ္ထဒီပနီမှ မူရင်းအတိုင်းဖော်ပြချက်ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်။)
အမရဒီပ
စက်တင်ဘာ ၂၈၊၂ဝ၁၂
No comments: