၁။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယအုပ်၊
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိအခန်းတွင် ဖော်ပြပါဝါကျတခုပါဝင်၏။
"ယထာ နဠော အသာရော နိဿာရော
သာရာပဂတော။ ယထာ ဧရဏ္ဍော။ ယထာ ဥဒုမ္ဗရော။ ယထာ
သေတဝစ္ဆော။ ယထာ ပါဠိဘဒ္ဒကော။ ယထာ ဖေဏပိဏ္ဍော။ ယထာ ဥဒကပုဗ္ဗုဠံ။ ယထာ မရီစိ။ ယထာ ကဒလိက္ခန္ဓော။ ယထာ မာယာ သာရာ
နိဿာရာ သာရာပဂတာ, ဧဝမေဝ ရူပံ။ ပ။ ဇရာမရဏံ အသာရံ နိဿာရံ သာရာပဂတံ နိစ္စသာရသာရေန ဝါ
။ပ။ အဝိပရိဏာမဓမ္မေန ဝါတိ " ဟူသော ဝါကျပင်ဖြစ်သည်။
အဋ္ဌကထာဆရာ၏ကိုယ်ပိုင်ရေးသားချက်ပါဠိမဟုတ်ဘဲ
စူဠနိဒ္ဒေသပါဠိတော်၊ ပါရာယနဝဂ္ဂနိဒ္ဒေသ၊
မောဃရာဇလုလင်အမေးကို ဖြေဆိုတော်မူသည့်ပါဠိမှ
တစိတ်တဒေသဖြစ်သည်။ ဆိုလိုသည်မှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၏ကိုးကားပါဠိဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
၂။
အထက်ဖော်ပြပါ ဝိသုဒ္ဓိမဂ်ပါဠိကို
ကျိုက်ထိုဆရာတော်၏ မြန်မာဝိသုဒ္ဓမဂ္ဂဋ္ဌကထာ ၃၊၄၄၃။ တွင်ဖော်ပြပါအတိုင်း
မြန်မာပြန်ဆိုထားပေသည်။
"ကျူပင်သည် အနှစ်မရှိ
၊အနှစ်မဲ့သည်၊ အနှစ်မှကင်းသည်ဖြစ်သကဲ့သို့ ၎င်း၊ ကြက်ဆူပင်သည် အနှစ်မှကင်းသကဲ့သို
့၎င်း၊ ရေသဖန်းပင်သည် အနှစ်မှကင်းသကဲ့သို့ ၎င်း၊ ရေခံတက်ဖြူပင် -ဝါ-
ကြောက်မီးကူပင်သည် အနှစ်မှကင်းသကဲ့သို့ ၎င်း၊ ပေါက်ပင်သည်၊ ရေမြုပ်စိုင်သည်၊
ရေပွက်သည်၊ တံလှပ်သည်၊ ငှက်ပျောတုံးသည်၊ မျက်လှည့်သမားပြအပ်သော ဝတ္ထုသည်
အနှစ်မဟုတ်၊ အနှစ်မဲ့သည်၊ အနှစ်မှကင်းသည်ဖြစ်သကဲ့သို့ ၎င်း ၊ ထို့ အတူ
ရုပ်သည် ……(လ) ဇရာမရဏသည် နိစ္စသာရဟူသော အနှစ်ဖြင့်၎င်း၊ ………(လ)
အဝိပရိဏာမအဖြစ်ဖြင့်၎င်း၊ အနှစ်မဟုတ်၊ အနှစ်မရှိ ၊ အနှစ်မှကင်း၏၊ ဤသို
့သိမ်းဆည်းအပ်၏"
၃။
မဟာစည်ဆရာတော်၏ဝိသုဒ္ဓိမဂ်မြန်မာပြန်
၎၊ ၁၃၁။ တွင် ဖော်ပြပါအတိုင်း မြန်မာပြန်ဆိုထား၏။
"ဥပမာအားဖြင့် ကျူသည်
အနှစ်မဟုတ် အနှစ်မရှိ အနှစ်ကင်းသကဲ့သို့ ၎င်း၊ ကြက်ဆူသည်၊ ရေသဖန်းသည်၊
ရေခတက်ဖြူသည်၊ ပေါက်ပင်သည်၊ ရေမြှပ်စိုင်သည်၊ ရေပွက်သည်၊ တံလှပ်သည်၊ ငှက်ပျောတုံးသည်၊
မျက်လှည့်
(ပြအပ်သောအရာ)သည် အနှစ်မဟုတ်
အနှစ်မရှိ အနှစ်ကင်းသကဲ့သို့ ၎င်း ဤအတူပင် ရုပ်သည် ။ပ။အိုခြင်းသေ
ခြင်းသည် မြဲသော
အနှစ်ဟူသောအနှစ်အားဖြင့်၎င်း။ ပ။ မဖောက်ပြန်သော သဘောအားဖြင့်၎င်း အနှစ်မဟုတ်
အနှစ်မရှိ အနှစ်ကင်း၏ဟု သိမ်းဆည်းအပ်၏"
၎။
ဝိသုဒ္ဓိမဂ်မြန်မာပြန်ကျမ်း ၂
စောင်အရ ပါဠိဝါကျပါ "သေတဝစ္ဆော"ဟူသော ဝေါဟာရကို (က) ရေခံတက်ဖြူပင် (ရေခတက်ဖြူပင်-ဟုလည်း
စာလုံးပေါင်းသည်။) (ခ) ကြောက်မီးကူပင်-ဟု ဘာသာပြန်ဆိုကြောင်း တွေ့ ရှိရပါ၏။
စူဠိနိဒ္ဒေသအဋ္ဌကထာက "သေတဝစ္ဆော"ကို
အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းမပြုပါ။ မိုးထိမူ၊ စူဠနိဒ္ဒေသပါဠိတော်နိဿ
ယတွင် "သေတဝစ္ဆော၊
နွယ်ဖြူပင်သည်"သည် အနက်မြန်မာပြန်ထားသည်ကို တွေ့ ရပါသည်။ ထို့ ကြောင့်
သေတဝစ္ဆော-ကို မြန်မာဘာသာအနက် ၃ မျိုးယူဆကြောင်း မှတ်သားရပါသည်။
အင်္ဂလိပ်ဘာသာပြန်ဝိသုဒ္ဓိမဂ်ကျမ်း
၂ စောင်ဆရာများဖြစ်သည့် ဦးဖေမောင်တင်နှင့် ဘိက္ခုဉာဏမောဠိတို့ က
လည်း အက္ခရာဖလှယ်၍ “a setavaccha
tree” ဟုတညီတည်း ဆိုကြ၏။ (The Path of Purity,P 800 & The Path of
Purification, P 764)
၅။
ဦးဟုတ်စိန်၏ ပဒတ္ထမဉ္ဇူသာပါဠိ
မြန်မာအဘိဓာန်တွင်….
သေတ-ဝရဏ (ပ) ခတက်ဖြူ
သေတ-ဝရဏ-ပုပ္ဖ(န)
ခတက်ဖြူပွင့်--ဟု ပြဆိုထားသည်။ ဝိနယသင်္ဂဟဋ္ဌကထာ၊ ကာလိကဝိနိစ္ဆယကထာ နှင့် ပါစိတ်ဋ္ဌကထာ၊
ဝိကာလဘောဇနသိက္ခာပုဒ်အဖွင့်တို့ တွင် ယာဝကာလိကစာရင်းဝင်သစ်ရွက်တို့ ၏အမည်များကို
ပြဆိုထားလေသည်။ ယင်းစာရင်းတွင် "သေတဝရဏ=
ခတက်ဖြူပင်"၏အရွက်လည်း ပါဝင်သည်။ ဆရာကြီးဦးဟုတ်စိန်သည် သေတဝရဏ-ဝေါဟာရကို
ယင်းအဋ္ဌကထာတို့ မှ တွေ့ ရှိဟန်တူသည်။
The Pali- English Dictionary
တွင် Seta (သေတ) ပုဒ်ကို ပုပ္ဖ (Puppha) =White flowered,” Name of a tree (Vitex
Trifolia) ဟုလည်းကောင်း၊ သေတ-ပုဒ်ကို ဝါရိ ၊ဝါရိသ-ပုဒ်များနှင့်တွဲ၍ Names of
plants or trees ဟု ပြဆိုထားလေသည်။
၆။
ဝိသုဒ္ဓိမဂ်မဟာဋီကာ (၂၊၄၅၇။) တွင်
သေတဝစ္ဆ၏ အနက်ကို ဖော်ပြပါအတိုင်း ဖွင့်ဆို၏။
"သေတဝစ္ဆောတိ သေတဝရုဏကော။ "မိနရုက္ခော"တိပိ
ဝဒန္တိ။"
သေတဝစ္ဆောတိ၊ သေတဝစ္ဆဟူသည်ကား။
သေတဝရုဏကော၊ ရေခတက်ဖြူပင်တည်း။ မိနရုက္ခောတိ၊ မိန်ပင်ဟူ၍လည်း။ ဝဒန္တိ၊ ဆိုကုန်၏။
(မဟာစည်ဆရာတော်၊ ဝိသုဒ္ဓိမဂ်မဟာဋီကာနိဿယ၊၄၊)
သေတဝစ္ဆ၊ သေတဝရဏ၊ သေတဝရုဏက-ကို
မြန်မာဘာသာပြန်ဆရာအများစုက "ခတက်ဖြူပင် (သို့ မဟုတ်) ရေခတက်ဖြူပင်"ဟု
ဘာသာပြန်ကြပြီး "နွယ်ဖြူပင်"ဟု ဆရာတပါးကသာ ဘာသာပြန်သည်ကို
တွေ့ ရပါ၏။
မဟာစည်ဆရာတော်က မိနရုက္ခ-ကို
မိန်ပင်ဟု ဘာသာပြန်ရခြင်းနှင့်ပတ်သက်၍ မဟာဋီကာနိဿယအောက်ခြေ
မှတ်ချက်တွင်………"ဤပုဒ်၏အနက်ကိုမြန်မာပြန်ထားသော
ရှေးကျမ်းဟောင်းတို့ ကို မတွေ့ ရသေး။ သို့ ဖြစ်၍ မိနရာသီပုဒ်ကို
မိန်ရာသီဟုပြန်သကဲ့သို့  ဤ၌လည်း မိန-ပုဒ်ကို မိန်ဟု ပါဠိပျက်အားဖြင့်ပြန်ထားသည်"…ဟု
ရှင်းပြလေသည်။ မိနရုက္ခ-ကို မိန်ပင်ဟု ပါဠိပျက်ကြံဆ၍
မြန်မာပြန်ရခြင်းကား မရှိသုံးအနေသဘောထားကာ လုပ်ဆောင်ရသောအရာဖြစ်လေသည်။ သို
့ဖြစ်လေရာ မိနရုက္ခ-နှင့်ကိုက်ညီမည့် မြန်မာဝေါဟာရအပင်ကို ရှာဖွေ
ရပေမည်။
၇။
မိနရုက္ခ-ဝေါဟာရအတွက်
သင့်လျော်မည့်မြန်မာဝေါဟာရကို ကျိုက်ထိုဆရာတော်၏ဝိသုဒ္ဓိမဂ်မြန်မာပြန်တွင်
သဲလွန်စအဖြစ်တွေ့ ခဲ့ရသည်။ ယင်းကား "ရေခံတက်ဖြူပင် -ဝါ-ကြောက်မီးကူပင်"ဟူသော
အဆိုပင်တည်း။
တဖန် မဟာဝိသုဒ္ဓါရာမဆရာတော်၏
ပရမတ္ထသရူပဘေဒနီ၊ ၂၊ ၅၉၂ တွင် "သေတဝစ္ဆော၊ ရေခတက်ဖြူပင်သည်
၎င်း။ ဝါ။ ကြောင်မီးကူပင်သည်၎င်း"
ဟု အနက်ပြန်ဆိုကာ ဝိသုဒ္ဓိမဂ်မဟာဋီကာစကား (၂၊၄၅၇။) ကို သာဓက ထုတ်ဆောင်ထားလေသည်။ အောက်ခြေမှတ်ချက်တွင်လည်း
"ကြောင်မီးကူပင်= ဆေးဖက်ဝင်အပင်တမျိုး။
ကြက်တူရွေးပန်းပင်ကိုလည်း
ခေါ်သေးသည်။"ဟု ဖော်ပြထားပြန်သည်။ မဟာဝိသုဒ္ဓါရုံဆရာတော်၏အလိုတော်
မှာ "မိနရုက္ခ-ဟူသည်
မိန်ပင်မဟုတ်၊ ကြောင်မီးကူပင်"သာဖြစ်လေသည်။
မြန်မာနိုင်ငံ၊ မြန်မာစာအဖွဲ
့ထုတ် မြန်မာအင်္ဂလိပ်အဘိဓာန်တွင် "ကြောင်မြီးတူ= butterfly bush. Buddeleia asiatica" ဟုသာတွေ့ ရသည်။
ကြောက်မီးကူ နှင့် ကြောင်မီးကူကိုကား မတွေ့ ရချေ။
ဦးဟုတ်စိန်၏
ပါဠိမြန်မာအဘိဓာန်တွင် သေဖာလိကာ= ဆိတ်ဖလူးပင်-ဟုပြသည့်နေရာတွင် "ကြောင်မီးကူပင်
(Vitex Negundo)ဟု ကြောင်မီးကူပင်ကို ရုက္ခဗေဒအခေါ်နှင့်တကွပြဆိုထားပါ၏။
ယင်းရုက္ခဗေဒအမည်ဖြင့် အင်တာနက်တွင်ရှာဖွေကြည့်ရာ အင်္ဂလိပ်အခေါ် Five-leaved
chaste tree; Horseshoe vitex; Chinese chaste tree ဟု တွေ့ ရသည်။ http://en.wikipedia.org/wiki/Vitex_negundo
ရုက္ခဗေဒပညာရှင်၊
တိုင်းရင်းဆေးပညာရှင်များ၊ သက်ဆိုင်ရာစာပေပညာရှင်များအကူအညီဖြင့် မိနရုက္ခ-ဟူသည်
ကြောင်မီးကူပင် ဖြစ်နိုင်၊ မဖြစ်နိုင် အဖြေရှာသင့်ပါသည်။ မိနရုက္ခ-မိန်ပင်ဟုသာ မှတ်ပြီး ကျေနပ်မနေသင့်တော့ပါ......။
အမရဒီပ
စက်တင်ဘာ ၈၊ ၂ဝ၁၂
No comments:
Post a Comment